အခန်း ၈၄၁
Vol. 43 Ch. 841
အပိုင်း (၈၄၁) နတ်သစ်ပင်ကျွန်း အတွင်းပိုင်း
လင်းယွမ်၏ အကြံပြုချက်ကို လုတရုံနှင့် လျန်မင်ရှုတို့က အနည်းငယ်မျှပင် တွန့်ဆုတ်မနေရဲကြပေ။
ထို့နောက် သူတို့နှစ်ဦးက နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို ရှာဖွေတွေ့ရှိခဲ့သော မြေအောက်နေရာဆီသို့ သဲလွန်စရှာဖွေရန်အတွက် လင်းယွမ်အား ချက်ချင်း ခေါ်ဆောင်သွားကြသည်။
လုယွီယန်က အလျင်အမြန် ပြောလိုက်သည်။ "သမီးလည်း လိုက်မယ်"
ထိုစကားကြောင့် လုတရုံက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "ယွီယန်... မြေအောက်က သွေးကြောလမ်းကြောင်းတွေက ရှုပ်ထွေးတယ်... သမီး မလိုက်တာပဲ ကောင်းမယ်"
လုယွီယန်က လင်းယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမအနေဖြင့် အစ်ကိုလင်းယွမ်ကို တွေ့ရဖို့ဆိုတာ မလွယ်ကူကြောင်း သိထားသဖြင့် သူနှင့် အချိန်ပိုပြီး အတူဖြတ်သန်းချင်နေမိသည်မှာ သဘာဝပင်။
ခဏလေးပဲ ဖြစ်ဖြစ် အတူနေချင်သေးသဖြင့် သူမက ဆက်လက် တောင်းဆိုလိုက်သည်။ "အစ်ကိုလင်းယွမ်နဲ့ ဖေဖေတို့ ရှိနေတာပဲ... ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး"
"ပြီးတော့... သမီးကလည်း အစွမ်းပိုင်ရှင်ပဲလေ... ကုသရေးအစွမ်းပိုင်ရှင်ဆိုတော့ အရေးကြီးတဲ့အချိန်ကျရင် ဖေဖေတို့ကို ကူညီပေးလို့ ရတာပဲ"
လုတရုံက မျက်နှာကို တင်းထားလိုက်ပြီး ငြင်းဆန်ရန် ပြင်လိုက်သည်။
သို့သော် လျန်မင်ရှုက လုယွီယန်၏ စိတ်ကူးကို ရိပ်မိသွားသည်။ သူမက လုယွီယန်ကို တစ်ချက်ကြည့်ကာ လင်းယွမ်ဘက်သို့ ထပ်ကြည့်လိုက်ပြီးနောက် မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
သူမက လုတရုံ၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး ပြောလိုက်၏။ "ကျွန်းပေါ်က နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေက ရှင်နဲ့ကျွန်မ လက်ထဲမှာ ရှိနေတာပဲ... ပြီးတော့ ဆရာလင်းလည်း ရှိနေမှတော့ ဘာမှ မဖြစ်လောက်ပါဘူး"
"ဒါပေမဲ့..."
"ဒါပေမဲ့တွေ လုပ်မနေပါနဲ့... ရှင်က ယွီယန်အတွက် စိတ်ပူလို့ဆိုတာ ကျွန်မသိပါတယ်... ဒါပေမဲ့ စဉ်းစားကြည့်လေ... သူက အတွေ့အကြုံ မရှိရင် ဘယ်လိုလုပ် ကြီးပြင်းလာနိုင်မှာလဲ... ကျွန်မတို့နဲ့အတူ လိုက်လာတာက သူ့ကိုယ်သူ လေ့ကျင့်ပေးရာလည်း ရောက်တာပေါ့"
"ဒီတစ်ခေါက် အောက်ကိုဆင်းတာ ဆရာလင်းလည်း ပါနေတာဆိုတော့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး"
လုတရုံက အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။
သူ့မျက်လုံးများထဲတွင် သဘောထား တောင်းခံနေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
လင်းယွမ်က ပြုံးလိုက်ပြီး "ဒါဆိုလည်း အတူတူ သွားကြတာပေါ့" ဟု ပြောလိုက်သည်။
လင်းယွမ်က ဝင်ပြောပေးလိုက်သဖြင့် နောက်ဆုံးတွင် လုတရုံလည်း သဘောတူလိုက်လေသည်။
ထို့ကြောင့် သူတို့လေးယောက်သည် လုတရုံ၏ ဦးဆောင်မှုဖြင့် နှလုံးအမြူတေကို ရှာတွေ့ခဲ့သော နေရာဆီသို့ ဦးစွာ ထွက်လာခဲ့ကြသည်။
လုတရုံက ယခင် တွင်းပေါက်တစ်ခုဆီသို့ ရောက်သွားပြီးနောက် ကျန်လူများကို ခေါ်ဆောင်ကာ မြေအောက်နက်ရှိုင်းသော နေရာဆီသို့ ပျံသန်းဝင်ရောက်သွားသည်။
မကြာမီမှာပင် နတ်သစ်ပင်ကျွန်း၏ အတွင်းပိုင်းသို့ ရောက်ရှိသွားကြသည်။
လင်းယွမ်က မေးလိုက်သည်။ "အရင်က ခင်ဗျား နွယ်ပင်တွေကို ဆွဲကိုင်ပြီး နတ်သစ်ပင်ကျွန်းပေါ် တက်လာတဲ့ နေရာကို မှတ်မိသေးလား"
ထိုစကားကြောင့် လုတရုံက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "အဲဒါကိုတော့ ကျွန်တော် တကယ် မမှတ်မိတော့ဘူး" ဟု ပြန်ဖြေသည်။
"အမှန်တိုင်းပြောရရင်... အရင်က ကျွန်တော် အဲဒီနေရာကို ပြန်ရှာပြီး နွယ်ပင်ကနေတစ်ဆင့် ရေလွှမ်းမိုးနေတဲ့ ကမ္ဘာဆီ ပြန်သွားလို့ရမလား စမ်းကြည့်ချင်သေးတယ်... ဒါပေမဲ့ နောက်ပိုင်း ဘယ်လောက်ရှာရှာ လုံးဝကို ပြန်ရှာမတွေ့တော့တာ"
"ကျွန်တော် နှလုံးအမြူတေကို ပေါင်းစပ်ပြီးသွားတဲ့ အချိန်ထိတောင် အဲဒီနေရာကို ရှာမတွေ့တော့ဘူး"
"မြေပြင်အနေအထားတွေ ပြောင်းလဲသွားလို့လား... ဒါမှမဟုတ် တခြားအကြောင်းအရင်း တစ်ခုခုကြောင့်လားဆိုတာ ကျွန်တော်လည်း မသိဘူး"
လင်းယွမ်က ဤကိစ္စတွင် ပြဿနာတစ်ခုခု ရှိနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "ခင်ဗျားက နှလုံးအမြူတေကို ပေါင်းစပ်ပြီးပြီလေ... ပုံမှန်ဆိုရင် တစ်ကျွန်းလုံးမှာ ခင်ဗျား အာရုံခံလို့မရတဲ့ နေရာဆိုတာ မရှိနိုင်တော့ဘူး... ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ခင်ဗျားက သေချာ စုံစမ်းမထားဘူးလား"
လုတရုံက သက်ပြင်းချကာ ပြန်ဖြေသည်။ "နှလုံးအမြူတေက ကျွန်းတစ်ကျွန်းလုံးကို အာရုံခံနိုင်တယ်ဆိုတာကို ကျွန်တော်လည်း မသိခဲ့ဘူးလေ... ဒီနှလုံးအမြူတေ တစ်ခုတည်းကိုပဲ ပေါင်းစပ်ဖူးတာဆိုတော့ အခုလို အာရုံခံလို့မရတာက ပုံမှန်အခြေအနေပဲလို့ ထင်ခဲ့တာ"
လင်းယွမ် ဆွံ့အသွားသည်။ မှန်ပေသည်။ လုတရုံသည် အခြား ရေပေါ်ကျွန်းများ၏ နှလုံးအမြူတေများကို ပေါင်းစပ်ဖူးခြင်း မရှိသဖြင့် နှလုံးအမြူတေ၏ အစွမ်းကို သေချာမသိသည်မှာ သဘာဝပင်။
ထို့ကြောင့် လင်းယွမ်က ထပ်မေးလိုက်သည်။ "ဒါဆို ခင်ဗျား ဒီနှလုံးအမြူတေကို ပေါင်းစပ်ပြီးတဲ့နောက်မှာ နတ်သစ်ပင်ကျွန်းရဲ့ ဧရိယာ ဘယ်လောက်လောက်ကို အာရုံခံနိုင်လဲ... အာရုံခံလို့မရတဲ့ နေရာက ဘယ်လောက်တောင် ရှိနေတာလဲ"
"ရာခိုင်နှုန်း ငါးဆယ်လောက်တော့ ရှိမယ်... အများစုက နတ်သစ်ပင်ကျွန်း အပြင်ဘက်ပိုင်းက အချက်အလက်တွေနဲ့ သွေးကြောလမ်းကြောင်း တချို့လောက်ပဲ... ပိုနက်တဲ့နေရာတွေကိုတော့ အာရုံခံလို့ မရဘူး"
လုတရုံက စကားဆုံးသည်နှင့် မနေနိုင်ဘဲ မေးလိုက်သည်။ "ခင်ဗျားတို့ကျတော့ရော ဒီလိုမျိုး မဟုတ်ဘူးလား"
လင်းယွမ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။ "ဘယ်လိုလုပ်ဟုတ်မှာလဲ... ရေပေါ်ကျွန်းရဲ့ နှလုံးအမြူတေက ရေပေါ်ကျွန်း တစ်ခုလုံးကို ထိန်းချုပ်နိုင်တယ်... အပြင်ဘက် မြေပြင်အနေအထားတင် မကဘူး... သွေးကြောလမ်းကြောင်းတွေကိုတောင် လွယ်လွယ်ကူကူ ပြောင်းလဲနိုင်ပြီး လိုသလို ပိတ်ဆို့ထားလို့ ရတယ်"
"ကျွန်းပေါ်က ဘယ်နေရာကိုမဆို ခင်ဗျား အလွယ်တကူ အာရုံခံနိုင်တယ်... နှလုံးအမြူတေကို သုံးပြီး ကျွန်းတစ်ခုလုံးကိုတောင် ရွှေ့ပြောင်းပစ်လို့ ရသေးတယ်"
"ဘာ"
လင်းယွမ်၏ စကားကြောင့် လုတရုံ အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် လင်းယွမ် ပြောပြသည့် အချက်များနှင့် ယှဉ်ကြည့်လျှင် သူ နှလုံးအမြူတေကို ရရှိပြီးနောက်ပိုင်း ဤမျှများပြားသော စွမ်းဆောင်ရည်မျိုး လုံးဝ မရှိခဲ့သောကြောင့် ဖြစ်သည်။
သူက သူကြုံတွေ့နေရသော အခြေအနေသည် ပုံမှန်ပဲဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
လင်းယွမ်က ရုတ်တရက် အချက်တစ်ချက်ကို သတိရသွားပြီး မေးလိုက်သည်။ "နှလုံးအမြူတေထဲမှာ များသောအားဖြင့် မျိုးရိုးဗီဇ အချက်အလက် တချို့လည်း ပါတတ်တယ်... အတိအကျပြောရရင် ဒီနတ်သစ်ပင်ကျွန်းကြီး မသေခင်က ပုံရိပ် မှတ်ဉာဏ်တချို့ပေါ့"
"ခင်ဗျား ပေါင်းစပ်တုန်းကရော အဲဒါတွေကို အာရုံခံမိသေးလား"
လုတရုံက ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။ "ဟင့်အင်း... ကျွန်တော် ဘာမှကို အာရုံမခံမိဘူး"
လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီးနောက် လျန်မင်ရှုကို လှမ်းကြည့်လိုက်သည်။ "ခင်ဗျားရော... ဦးနှောက်အမြူတေကို ပေါင်းစပ်တုန်းက ဘယ်လိုခံစားရလဲ"
လျန်မင်ရှုသည်လည်း အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး အလျင်အမြန် မေးလိုက်သည်။ "ဦးနှောက်အမြူတေကရော နှလုံးအမြူတေလိုပဲ ထူးဆန်းတာလား"
"ကျွန်မက သွေးကြောလမ်းကြောင်းတွေ ဖြန့်ကျက်ထားတဲ့ နေရာတွေကိုပဲ အာရုံခံလို့ရတယ်... ဒါတောင် သွေးကြောလမ်းကြောင်း အကုန်လုံးကို အာရုံခံလို့ရတာ မဟုတ်ဘူး"
"အရင်တုန်းက ဦးနှောက်အမြူတေကို ရှာတွေ့ခဲ့တဲ့ နေရာတစ်ဝိုက်လောက်ကိုပဲ အာရုံခံနိုင်တာ"
"နောက်ပြီး နတ်သစ်ပင်ကျွန်းရဲ့ မြေပြင်အနေအထားတွေကိုလည်း ကျွန်မ အာရုံခံလို့ မရဘူး"
လင်းယွမ်က ခေါင်းခါယမ်းကာ ပြောလိုက်၏။ "ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေရဲ့ စွမ်းဆောင်ရည်က မတူဘူးလေ"
"ဦးနှောက်အမြူတေက နှလုံးအမြူတေလို မြေပြင်အနေအထားတွေကို ပြောင်းလဲပစ်တာတို့ ကျွန်းရဲ့ အတွင်းပိုင်း အခြေအနေတွေကို အာရုံခံတာတို့ မလုပ်နိုင်ပေမဲ့... ကျွန်းပေါ်က သက်ရှိတွေကို အာရုံခံနိုင်တယ်... ပြီးတော့ ကျွန်းပေါ်က ရာသီဥတုနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို ပြောင်းလဲပစ်နိုင်တယ်"
"ဒီအစွမ်းတွေကိုရော ခင်ဗျား ထိန်းချုပ်နိုင်ပြီလား"
လျန်မင်ရှုက ချက်ချင်းပင် ခေါင်းခါလိုက်သည်။ "ဟင့်အင်း... ကျွန်မ ရောက်နေတဲ့ နေရာပတ်ဝန်းကျင် အတိုင်းအတာ တစ်ခုအတွင်းက သက်ရှိတွေကိုပဲ အာရုံခံနိုင်တယ်... ကျွန်းတစ်ကျွန်းလုံးမှာရှိတဲ့ သက်ရှိတွေကိုတော့ အာရုံခံလို့ မရဘူး"
"ပြီးတော့ ရှင်ပြောတဲ့ ပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ပြောင်းလဲနိုင်တယ်ဆိုတာကိုလည်း ကျွန်မ လုံးဝ မခံစားမိဘူး"
လင်းယွမ် နှုတ်ဆိတ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ လုတရုံနှင့် လျန်မင်ရှုတို့ ပြောပြချက်အရ သူတို့နှစ်ဦးသည် နတ်သစ်ပင်ကျွန်း၏ အာဏာအနည်းငယ်ကိုသာ ထိန်းချုပ်နိုင်သေးပုံရသည်။
ဒီနှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေက အပြည့်အဝ အလုပ်မလုပ်နိုင်တဲ့ အရာတွေများလား။
ဒါမှမဟုတ် အပင်အမျိုးအစား ရေပေါ်ကျွန်းတွေကပဲ မူလကတည်းက ဒီလိုမျိုး ဖြစ်နေတာလား။
လင်းယွမ်က ချက်ချင်း ဆိုလိုက်သည်။ "လောစရာမလိုပါဘူး... ဖြည်းဖြည်းချင်းပဲ ရှာကြတာပေါ့... ဒီနတ်သစ်ပင်ကျွန်းရဲ့ အကျယ်အဝန်းက သိပ်မကြီးပါဘူး... တစ်နေရာချင်းစီ သေချာလိုက်ရှာရင် သဲလွန်စတစ်ခုခုတော့ သေချာပေါက် တွေ့မှာပါ"
ကျန်လူများက ချက်ချင်း ခေါင်းညိတ်လိုက်ကြပြီး သွေးကြောလမ်းကြောင်း တစ်လျှောက် စတင်ရှာဖွေကြလေသည်။
"ဒီနားတစ်ဝိုက်မှာတော့ သေချာပေါက် မရှိနိုင်ဘူး... အရင်က ကျွန်မတို့ မြေအောက်မှာ ပုန်းနေတုန်းက ဒီနေရာတွေမှာ အမြဲတမ်း သွားလာလှုပ်ရှားနေကျဆိုတော့ ဘာထူးခြားမှုမှ မရှိဘူး"
လျန်မင်ရှုက အရှေ့ဘက်တွင် အနည်းငယ် ချိုင့်ဝင်နေသော ဧရာမ ကွင်းပြင်ကြီးကို လက်ညိုးထိုးပြကာ ဦးစွာ စကားစလိုက်သည်။
လင်းယွမ်က တစ်ချက် အာရုံခံကြည့်လိုက်ရာ အမှန်တကယ်ပင် ထူးခြားသည့်အရာ ဘာတစ်ခုမှ မတွေ့ရပေ။
ထို့နောက် သူတို့အဖွဲ့သည် ဤကွင်းပြင်ကြီးကို ဖြတ်သန်းကာ အတွင်းဘက်သို့ ဆက်လက် လျှောက်သွားကြသည်။
အတွင်းဘက်သို့ ရောက်လေလေ လမ်းကြောင်းက ပိုမို ကျဉ်းမြောင်းလာလေလေ ဖြစ်သည်။
လုတရုံက "ကျွန်တော့် နှလုံးအမြူတေရဲ့ အာရုံခံမှုအရဆိုရင် ရှေ့မှာ လမ်းမရှိတော့ဘူး" ဟု ပြောလိုက်သည်။
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး "ရှေ့ဆက်သွားကြည့်ရအောင်" ဟု ဆိုလိုက်၏။
ကျန်လူများက ခေါင်းညိတ်လိုက်ကြပြီး ရှေ့သို့ ဆက်လျှောက်သွားကြသည်။
အရှေ့ဘက်ရှိ လမ်းမှာ တကယ်ပင် ပိုပို ကျဉ်းလာပြီး နောက်ဆုံးတွင် လူတစ်ယောက် ကိုယ်စောင်း၍ ဝင်လျှင်ပင် မဆံ့လောက်အောင် ကျဉ်းမြောင်းသွားသည်။
လင်းယွမ် မျက်လုံးမှိတ်လိုက်ပြီး စိတ်စွမ်းအင်ကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ သွေးကြောလမ်းကြောင်းများကို စတင် စူးစမ်းရှာဖွေလေတော့သည်။
ဤနေရာရှိ သွေးကြောလမ်းကြောင်းများမှာ ထူထဲသော သစ်သားနံရံကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး အရင်က သူကြုံတွေ့ခဲ့ဖူးသော သွေးသားများဖြင့် ဖွဲ့စည်းထားခြင်းမျိုး မဟုတ်ပေ။
ထိုနှစ်ခုကြားတွင် သိသာထင်ရှားသော ကွာခြားမှုကြီး ရှိနေသည်။
လင်းယွမ်က သစ်သားအကြောများ ပေါ်လွင်နေသော နံရံကို စမ်းသပ်ကြည့်ပြီးနောက် အနည်းငယ် တွေးတောကာ ပြောလိုက်၏။ "ခင်ဗျားတို့ နောက်ဆုတ်နေကြ"
လုယွီယန်တို့အဖွဲ့ အလျင်အမြန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။
လင်းယွမ်၏ လက်ဖဝါးထဲတွင် မီးတောက်များ လျင်မြန်စွာ စုစည်းလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြင်းထန်သော မီးလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူက သစ်သားနံရံကြီးပေါ်သို့ အားကုန် ရိုက်ချလိုက်လေသည်။
"ဝုန်း"
ခဏချင်းမှာပင် သစ်သားနံရံ တစ်ခုလုံး ပြင်းထန်စွာ မီးလောင်ကျွမ်းသွားတော့သည်။
မီးခိုးလုံးကြီးများ အများအပြား ထွက်ပေါ်လာသည်။
လင်းယွမ် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လိပ်ခွံစွမ်းအင်အကာအကွယ် ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဖုံးကွယ်ကာ မီးခိုးငွေ့များကို တားဆီးပေးလိုက်သည်။
လုတရုံက နားမလည်နိုင်ဖြစ်ကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ဆရာလင်း... ဒီနံရံကို မီးရှို့ပြီး ဖောက်မလို့လား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ဟုတ်တယ်" ဟု ဖြေလိုက်၏။
"အနောက်မှာ တခြားလမ်းကြောင်း ရှိနေမယ်လို့ ဆရာ ထင်နေတာလား... ဒါပေမဲ့ ကျွန်တော်ကတော့ ဘာမှ အာရုံမခံမိဘူး" လုတရုံက ထပ်မေးလိုက်ပြန်သည်။
လင်းယွမ်က ခေါင်းခါလိုက်ပြီး "အာရုံခံလို့မရတာကမှ ပြဿနာပဲ" ဟု ပြောလိုက်သည်။
"ကျွန်တော်တို့ ဒီကိုလာတာ ပြဿနာကို ရှာဖို့လေ... ခင်ဗျား အာရုံခံလို့ရတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်ရှာနေရင် သေချာပေါက် ဘာမှတွေ့မှာ မဟုတ်ဘူး"
"ဟိုမှာကြည့်... နံရံ အက်ကွဲသွားပြီ"
ရုတ်တရက် လျန်မင်ရှုက မီးလောင်နေသော သစ်သားနံရံကြီး အလျင်အမြန် ကွဲအက်သွားပြီး ပေပေါင်း မည်မျှနက်မှန်း မသိနိုင်သော ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
အက်ကွဲကြောင်း အတွင်းမှ သိပ်သည်းသော ရေခိုးရေငွေ့များ ပန်းထွက်လာပြီး လင်းယွမ် ဖန်တီးထားသော မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားနေပုံရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ် ချက်ချင်းပင် လှောင်ပြုံး ပြုံးလိုက်၏။
"ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရကောင်းမှန်း သိနေတာပဲ... ဒီနေရာမှာ သေချာပေါက် တစ်ခုခု ပုန်းကွယ်နေတာပဲ"
အခြားရေပေါ်ကျွန်းများဆိုလျှင် အသက်ကင်းမဲ့နေသော အလောင်းကောင်သက်သက်သာ ဖြစ်သည်။ ရေပေါ်ကျွန်း၏ နှလုံးသားကို ဖောက်ထုတ်ပစ်လိုက်လျှင်တောင် ကျွန်းတစ်ခုလုံးက ဘာတုံ့ပြန်မှုမှ ပြုလုပ်မည် မဟုတ်ပေ။
သို့သော် ဤနတ်သစ်ပင်ကျွန်းမှာမူ သိသိသာသာ ကွဲပြားခြားနားနေပြီး ပြန်လည်ခုခံရကောင်းမှန်း သိနေသည်။
ဒါက ဘာကိုဆိုလိုသနည်း။ ဤကျွန်းတွင် အသိစိတ် ရှိနေသေးသည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
လင်းယွမ် မျက်နှာတည်သွားပြီး သူ၏ လက်ဖဝါးနှစ်ဖက်လုံးမှ ဧရာမ မီးတောက်များ တစ်ပြိုင်နက်တည်း ပန်းထွက်လာကာ ထိုရေခိုးရေငွေ့များကို အဆက်မပြတ် လောင်ကျွမ်းပစ်လိုက်သည်။
မကြာမီ အက်ကွဲကြောင်းအတွင်းရှိ ရေခိုးရေငွေ့များသည် ပြင်းထန်သော မီးတောက်များ၏ လောင်ကျွမ်းမှုအောက်တွင် ရေနွေးငွေ့များအလား အငွေ့ပျံလာတော့သည်။
ပတ်ဝန်းကျင်ရှိ အက်ကွဲကြောင်းများမှာလည်း ပိုမို ကြီးမားလာသည်။
ရေဓာတ် လျင်မြန်စွာ ခမ်းခြောက်သွားပြီး တွန့်လိပ်နေသော သစ်ခေါက်ဟောင်းကြီး တစ်ခုလို ဖြစ်သွားလေသည်။
မိနစ်အနည်းငယ် အကြာတွင် အရှေ့ဘက်ရှိ ရေခိုးရေငွေ့များ လုံးဝ ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာသည်။
လင်းယွမ်က အနောက်တွင်ရှိနေသော လုတရုံကို လှမ်းကြည့်လိုက်သည်။ "အခု အက်ကွဲကြောင်းထဲက အခြေအနေကို အာရုံခံလို့ ရပြီလား"
"အနောက်မှာ လမ်းကြောင်းတစ်ခု ရှိနေတဲ့ပုံပဲ"
လုတရုံ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားပြီး ချက်ချင်း ဖြေလိုက်သည်။
လင်းယွမ်က အလျင်အမြန် ပြောလိုက်၏။ "သွားမယ်... အထဲဝင်ကြည့်ရအောင်"
လုတရုံက မနေနိုင်ဘဲ ပြောလိုက်သည်။ "ဆရာလင်း... ယွီယန်ကိုပါ တစ်ခါတည်း ခေါ်သွားပေးလို့ ရမလား... အထဲမှာ အန္တရာယ် တစ်ခုခု ရှိနေမှာ စိုးလို့ပါ"
လင်းယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး လုယွီယန်ကို လှမ်းကြည့်လိုက်သည်။
သူက လုယွီယန်၏ ဖြူဖွေးနေသော လက်ကလေးကို လှမ်းကိုင်လိုက်ပြီး "အစ်ကို့ကို ယုံနော်... သွားကြစို့" ဟု ပြောလိုက်သည်။
လုယွီယန် မျက်နှာလေး ရဲသွားသော်လည်း အမှောင်ထုထဲတွင် သူမ၏ မျက်လုံးများကမူ အလွန် တောက်ပနေသည်။
သူမက လင်းယွမ်အနားသို့ တိုးကပ်သွားပြီး အမှောင်ထုထဲတွင် မည်မျှ ကြောက်စရာကောင်းနေသည်ကို အနည်းငယ်မျှပင် မခံစားရတော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဤအမှောင်ထုဖုံးလွှမ်းနေသော အက်ကွဲကြောင်းကြီး ပိုပြီးနက်ရှိုင်းသွားလျှင် ကောင်းမည်ဟုပင် တွေးလိုက်မိသေးသည်။
ထိုသို့ဆိုလျှင် အစ်ကိုလင်းယွမ်က သူမ၏ လက်ကို အချိန်အကြာကြီး ဆက်ကိုင်ထားနိုင်မည် မဟုတ်ပါလော။
လင်းယွမ်ကမူ ထိုမျှလောက်ထိ မတွေးမိပေ။ သူက ဤနတ်သစ်ပင်ကျွန်းတွင် ထူးဆန်းမှု တစ်ခုခု သေချာပေါက် ရှိနေမည်ဟုသာ ခံစားနေရသည်။
ယခုအချိန်တွင် သူတို့လေးယောက်သည် လျင်မြန်စွာ ပျံသန်းလျက် အတွင်းဘက်သို့ အဆက်မပြတ် ဝင်ရောက်သွားကြသည်။
ခဏကြာသောအခါ အရှေ့ဘက်တွင် ရုတ်တရက် မြစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
တဖြည်းဖြည်း နီးကပ်သွားသည်နှင့်အမျှ ထိုအလင်းရောင်မှာ ပိုမို တောက်ပလာလေသည်။
နောက်ဆုံးတွင် သူတို့အဖွဲ့ နက်ရှိုင်းသော အက်ကွဲကြောင်းကြီးကို ဖြတ်ကျော်သွားပြီးနောက် မြင်ကွင်းမှာ ရုတ်တရက် ပွင့်လင်းသွားသည်။
အရှေ့ဘက် နေရာအနှံ့တွင် အစိမ်းရောင် အပင်များ ပြည့်နှက်နေပြီး မြေပြင်နှင့် နံရံများပေါ်တွင် ဧရာမ မှိုကြီးများ ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။
ကျပန်း ပေါက်နေသော မြက်ပင် သို့မဟုတ် သစ်ရွက်တစ်ရွက်ကပင် အဆောက်အအုံ တစ်ခုစာလောက် ကြီးမားနေသည်။
သူတို့လေးယောက် ဤနေရာတွင် ရှိနေပုံမှာ မြက်ခင်းထဲ ရောက်နေသော ပုရွက်ဆိတ်လေးကောင်နှင့်ပင် တူနေလေတော့သည်။
"ဒါက ဘယ်နေရာကြီးလဲ"
လျန်မင်ရှုပင် မနေနိုင်ဘဲ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
လုတရုံ၏ မျက်နှာပေါ်တွင်လည်း အံ့သြမှင်သက်နေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။
သူတို့နှစ်ယောက်သည် နတ်သစ်ပင်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို ထိန်းချုပ်ထားနိုင်ပါလျက် ဤနတ်သစ်ပင်ကျွန်း အတွင်းပိုင်းတွင် ဤမျှ ကြီးမားလှသော မြေအောက်ကမ္ဘာကြီး တစ်ခု ရှိနေမှန်း လုံးဝ မသိခဲ့ကြပေ။
ဤမြေအောက်ကမ္ဘာထဲတွင် အပင်မျိုးစုံ ပေါက်ရောက်နေပြီး ထိုသန္ဓေပြောင်း မှိုကြီးများမှာ အလွန် ကြီးမားလှသည်။ အချို့မှိုများဆိုလျှင် တောက်ပသော အလင်းရောင်များပင် ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ကို လင်းထိန်နေစေသည်။
အချို့မှိုကြီးများမှာ အိမ်တစ်လုံးစာမျှ ကြီးမားပြီး မှိုပွင့်အောက်တွင် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသော အိမ်တစ်လုံးကိုပင် ဆောက်လုပ်နိုင်လောက်သည်။
ဤနေရာရှိ သစ်ပင်ပန်းမန်များမှာလည်း အလွန်တရာ ကြီးမားလှပြီး အရာအားလုံးက အဗာတာရုပ်ရှင် (Avatar) ကမ္ဘာထဲ ရောက်သွားသကဲ့သို့ ခံစားရစေသည်။
အားလုံး၏ ရင်ထဲတွင် အံ့သြမှင်သက်နေကြပြီး လင်းယွမ်က လုတရုံကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
"တစ်ချက် အာရုံခံကြည့်လိုက်ပါဦး... ဒီမှာ သက်ရှိတွေ ရှိနေလား... ပြီးတော့ ဒီနေရာရဲ့ မြေပြင်အနေအထားက ဘယ်လိုလဲ"
လုတရုံက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး နှလုံးအမြူတေကို အသုံးပြုကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။
နောက်တစ်ခဏတွင် သူ၏ မျက်နှာ ချက်ချင်း မှုန်ကုပ်သွားသည်။ "အာရုံခံလို့ မရဘူး... ကျွန်တော် ဘာမှကို အာရုံခံလို့မရဘူး... အင်အားတစ်ခုခုက ဒီနေရာကို ပိတ်ဆို့ထားသလိုမျိုးပဲ"
"ကျွန်မလည်း အတူတူပဲ"
လျန်မင်ရှုက ချက်ချင်း ဝင်ပြောလိုက်သည်။ "ကျွန်မလည်း ဒီမှာရှိတဲ့ သက်ရှိအငွေ့အသက် ဘာတစ်ခုကိုမှ အာရုံခံလို့ မရဘူး... ဒီအပင်တွေက ကိုယ့်မျက်စိရှေ့မှာတင် ရှိနေတာတောင်မှ ဦးနှောက်အမြူတေနဲ့ အာရုံခံကြည့်တာ ဘယ်သက်ရှိကိုမှ မခံစားမိဘူး"
လင်းယွမ်က လှောင်ပြုံး ပြုံးလိုက်ပြီး "တကယ်ပဲ ထူးဆန်းနေတာကိုး" ဟု ပြောလိုက်လေသည်။
ဆက်ရန်...