အခန်း ၈၄၇
Vol. 43 Ch. 847
အပိုင်း (၈၄၇) လုယွီယန်၏ အန္တရာယ်
ဤဘက်တွင် လင်းယွမ်က လုယွီယန်ကို ခေါ်ဆောင်ကာ စခန်းထဲမှ တစ်လျှောက်လုံး ထွက်လာခဲ့သည်။
လုယွီယန်က "အစ်ကိုလင်း... အစ်ကို ဘယ်တော့လောက် ပြန်လာမှာလဲ" ဟု မေးလိုက်သည်။
သူမက ခေါင်းမော့ထားပြီး သူမ၏ မျက်ဝန်းများထဲတွင် မျှော်လင့်တကြီး အရိပ်အယောင်များ တောက်ပနေ၏။
လင်းယွမ်က ချက်ချင်း ရယ်မောလိုက်ပြီး "အစ်ကို့မှာ အပန်းဖြေဖို့ အချိန်မှ မရှိတာ... နေ့တိုင်း စခန်းအတော်များများကို သွားနေရတာ... အစ်ကို ဖြေရှင်းရမယ့် ကိစ္စတွေက အများကြီးပဲ"
လုယွီယန်၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားပြီး "အော်..." ဟု အသံထွက်လာသည်။
လင်းယွမ်က သူမ၏ ဤပုံစံကိုမြင်သော် မနေနိုင်ဘဲ သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ "ညီမလေးက နောက်ဆို နတ်သစ်ပင်ကျွန်းမှာပဲ အမြဲ နေတော့မှာလား" ဟု ပြုံးလျက် မေးလိုက်သည်။
"အဖေက ကျွန်မကို ဒီမှာပဲ နေစေချင်နေတာ" လုယွီယန်က သက်ပြင်းချကာ ပြောလိုက်သည်။
လင်းယွမ်က နားမလည်နိုင်စွာဖြင့် "ညီမလေးက မနေချင်လို့လား"
လုယွီယန်က ခေါင်းခါယမ်းလိုက်ပြီး "ကျွန်မက ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ကိုပဲ ပြန်သွားချင်တာ... ကျွန်မနဲ့ ယိုယိုက အဖွဲ့တစ်ခုလေ... စာသင်ကျောင်းမှာလည်း ကျွန်မက ဆရာမ အလုပ် လုပ်ရဦးမယ်"
"အဖေ့ဆီမှာဆို ကျွန်မ ဘာမှ လုပ်လို့မရဘူး... တကယ်ကို ပျင်းစရာကောင်းတယ်"
လင်းယွမ်က မနေနိုင်ဘဲ ရယ်မောလိုက်ပြီး "ဒါဆိုလည်း အဖေ့ကို ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်လေ... ညီမလေးလည်း ဆယ့်ရှစ်နှစ် ပြည့်ပြီပဲ... လူကြီးဖြစ်နေပြီ... ကိုယ်လုပ်ချင်တာကို ကိုယ်တိုင် ဆုံးဖြတ်သင့်နေပြီ"
"ညီမလေးကို ကလေးတစ်ယောက်လို သဘောမထားဖို့ သူ့ကို ပြောလိုက်"
"အင်း... အင်း"
"ကဲ... အစ်ကို အရင် သွားတော့မယ်"
လင်းယွမ်က ပြုံးလျက် လက်ဝှေ့ယမ်းပြကာ ကောင်မလေးကို နှုတ်ဆက်လိုက်သည်။
လုယွီယန်ကလည်း ချိုမြိန်သော အပြုံးလေးဖြင့် ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသော လင်းယွမ်ကို လှမ်းကြည့်နေပြီးမှ စခန်းဆီသို့ ပျော်ရွှင်စွာ လျှောက်သွားလေသည်။
"ကောင်မလေး... ခုနက တစ်ယောက်က လင်းယွမ်လား"
ရုတ်တရက် လုယွီယန်၏ အနောက်ဘက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
သူမ လှည့်ကြည့်လိုက်သောအခါ မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူမကို ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လုယွီယန် ချက်ချင်း လန့်ဖျပ်သွားပြီး "ဦးလေးက ဘယ်သူလဲ" ဟု သံသယဖြင့် မေးလိုက်သည်။
လူလတ်ပိုင်း အမျိုးသားက လုယွီယန်ကို အထက်အောက် တစ်ပတ် အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရမ္မက်ပြင်းသော အရိပ်အယောင်များ တောက်ပသွား၏။
သူ၏ အကြည့်များက နောက်ဆုံးတွင် လုယွီယန်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး "တကယ့်ကို အကောင်းစားလေးပဲ" ဟု ဟားတိုက် ရယ်မောလိုက်သည်။
လုယွီယန်က စော်ကားခံရသည်ဟု ချက်ချင်း ခံစားလိုက်ရပြီး မျက်နှာ အနည်းငယ် ပျက်သွားကာ ရင်ဘတ်ကို ဖုံးကွယ်၍ နောက်သို့ ဆုတ်လိုက်ရင်း "အဖေ" ဟု အလိုအလျောက် အော်ဟစ်လိုက်သည်။
သူမ၏ အသံမှာ မတိုးလှသဖြင့် စခန်းဘက်ရှိ လုတရုံက အော်သံကို ချက်ချင်း ကြားလိုက်ရသည်။
"ဘာဖြစ်တာလဲ"
လုတရုံက အလျင်စလို ပျံသန်းထွက်လာပြီး လျန်မင်ရှုကလည်း သူ၏နောက်မှ ကပ်လျက် လိုက်ပါလာသည်။
သူတို့နှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဖြင့် စခန်းဝင်ပေါက်သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာကြသည်။
ထို့နောက် ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ဦးက သမီးဖြစ်သူ လုယွီယန်၏ လက်မောင်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ထားကာ မျက်နှာပေါ်တွင် အားရပါးရ ရယ်မောနေသည်ကို မြင်လိုက်ရသည်။
"ဟားဟားဟား... ဒီလောက် ငယ်ရွယ်တဲ့ ကောင်မလေးက ဒီလောက် ကြီးမားတဲ့ ရင်သားတွေ ရှိနေတာပဲ... တကယ့်ကို အကောင်းစား အလှလေးပဲ... ဟားဟားဟား... ငါ့ရဲ့ မိန်းမဆောင်ထဲမှာ မင်းလိုပုံစံလေး လိုနေတာနဲ့ အတော်ပဲ"
"လွှတ်... ကျွန်မကို လွှတ်... အဖေ... အဖေ"
လုယွီယန်က ကြောက်လန့်တကြား အော်ဟစ်နေသည်။ ဤကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်ရာ အလွန် ထိတ်လန့်သွားသဖြင့် မိမိ၏ အစွမ်းကို သုံးရန်ပင် မေ့လျော့နေတော့သည်။
"တိရစ္ဆာန်... ငါ့သမီးကို လွှတ်စမ်း"
လုတရုံ ချက်ချင်း ဒေါသထွက်သွားပြီး လူမရောက်လာသေးခင်မှာပင် သူ၏ လက်ဝါးဖြင့် မြေပြင်ကို အားကုန် ရိုက်ချလိုက်သည်။
"ဝုန်း"
မြေကြီး တုန်ခါသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေပြင်က ပြင်းထန်စွာ ကွဲအက်သွားကာ ဧရာမ သစ်သားဆူးချွန်ကြီး တစ်ခုက ဓားချွန်ကြီးအလား မြေကြီးကို ဖောက်ထွက်လာပြီး ထိုလူဝကြီးကို ထိုးစိုက်သွားလေသည်။
သို့သော် ထိုလူဝကြီးက လှည့်ပင်မကြည့်ဘဲ အနောက်ဘက်သို့ လက်ဖြင့် အသာအယာ ဖိချလိုက်သည်ကို တွေ့လိုက်ရ၏။
"ဝုန်း"
အနောက်ဘက်ရှိ သစ်သားဆူးချွန်ကြီးမှာ ပြင်းထန်သော မီးတောက်တစ်ခုကြောင့် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး မီးလျှံများအဖြစ် လောင်ကျွမ်းသွားတော့သည်။
လူဝကြီးက လုတရုံကို ပြုံးလျက် ကြည့်ကာ "အော်... မင်းက ဒီအလှလေးရဲ့ အဖေလား... ဟဲဟဲ... မင်းထက် အသက်နည်းနည်းပိုကြီးတဲ့ သမက်တစ်ယောက် ထပ်တိုးလာတာကို သဘောထားမသေးဘူးမလား... ငါ့ရဲ့ ယောက္ခမကြီး"
"ခွေးကောင်... ငါ့သမီးကို လွှတ်စမ်း"
လုတရုံ၏ မျက်ဝန်းများ ချက်ချင်း နီရဲသွားပြီး ပါးစပ်မှ ဒေါသတကြီး အော်ဟစ်လိုက်ကာ လက်နှစ်ဖက်ကို အားကုန် ခါရမ်းလိုက်သည်။
ထိုအခါ သူ၏ လက်မောင်းနှစ်ဖက်စလုံးက ဧရာမ လွှသွားပုံစံ သစ်သားဓားကြီး နှစ်လက်အဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
"ဝှစ်"
သူက ဓားနှစ်လက်ကို ကိုင်ဆောင်ကာ ချက်ချင်း ခုတ်ပိုင်း တိုက်ခိုက်လိုက်သည်။
သို့သော် သူ ထိုလူဝကြီးအနီးသို့ မရောက်မီမှာပင်။
လူဝကြီးက စုတ်သပ်ကာ ခေါင်းခါယမ်းလိုက်ပြီး မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်ကို တွေ့လိုက်ရ၏။
"ဒိုင်း"
လေထဲမှ မျက်မြင်မရသော ဆွဲငင်အားတစ်ခုက လုတရုံ၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။
"ဝုန်း" ခနဲ အသံနှင့်အတူ လုတရုံ တစ်ကိုယ်လုံးမှာ သဲအိတ်တစ်လုံးအလား ထိုမျက်မြင်မရသော ဆွဲငင်အားကြောင့် မြေပြင်ပေါ်သို့ ချက်ချင်း ဖိချခံလိုက်ရသည်။
မြေကြီးပင် ချိုင့်ခွက်သွားပြီး လုတရုံ တစ်ယောက်လုံး ချက်ချင်း သွေးများ ပန်းထွက်သွားလေသည်။
သူ၏ တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရပြီး ဒေါသတကြီး ရုန်းကန်ချင်သော်လည်း ထိုမျက်မြင်မရသော ဆွဲငင်အားက တောင်တန်းကြီးတစ်ခုအလား သူ့ကို အသေအလဲ ဖိနှိပ်ထားလေသည်။
ထိုလူဝကြီးက အေးစက်စက် ပြုံးလျက် "ငါ့ရဲ့ ယောက္ခမကြီး... ငါ့အတွက် ဒီလောက်ကောင်းတဲ့ မိန်းမလှလေးကို မွေးပေးထားတာဆိုတော့ မင်းကို ဒီတိုင်း သတ်ပစ်လိုက်ဖို့ အားနာနေမိတယ်"
သူက လုယွီယန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး အဆီတွေဖုံးနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ "ငါ့ကို တစ်ချက်လောက် နမ်းပြ... ဒါဆို ငါ သူ့ကို အရင် မသတ်သေးဘူး"
လုယွီယန်၏ မျက်နှာ ဖြူရော်သွားပြီး ကြောက်လန့်တကြားဖြင့် "ရှင်... ရှင် အိပ်မက်မက်နေလိုက်"
လူဝကြီးက ချက်ချင်း ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး "အိပ်မက်မက်တာလား... ဟဲဟဲ... ငါဆိုတဲ့လူက အိပ်မက်တွေကို တကယ်ဖြစ်လာအောင် လုပ်ရတာ အကြိုက်ဆုံးပဲ"
သူက မြေပြင်ပေါ်ရှိ လုတရုံကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် လက်ဝါးကို မြှောက်ကာ တစ်ခုခု လုပ်ဆောင်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ပတ်ဝန်းကျင်တွင် ရုတ်တရက် ရေခိုးရေငွေ့များ လှည့်ပတ်လာပြီး ရေနဂါးတစ်ကောင်က ချက်ချင်း ဝင်ရောက် တိုက်ခိုက်လာသည်။
"ဟဲဟဲ... ရေဒြပ်စင်ပြောင်းလဲခြင်းလား"
လူဝကြီးမှာ လုံးဝ အံ့သြသွားပုံမရဘဲ လျင်မြန်စွာ ဝင်ရောက်လာသော ရေနဂါးကို ကြည့်ကာ လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
"ရွှပ်"
ပတ်ဝန်းကျင် လေထုထဲတွင် ချက်ချင်း ရေခဲများ ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အပူချိန်အေးခဲမှုက ထိုနေရာတစ်ဝိုက်ကို လွှမ်းခြုံသွားသည်ကို တွေ့လိုက်ရ၏။
ပျံသန်းလာသော ထိုရေနဂါးမှာ မျက်တောင်တစ်ခတ်အတွင်း ရေခဲနဂါးတစ်ကောင်အဖြစ် အေးခဲသွားတော့သည်။
ထိုအေးခဲသော အငွေ့အသက်များ ဆက်လက် ပျံ့နှံ့နေဆဲဖြစ်ရာ ရေခဲနဂါး၏ အနောက်ဘက်ရှိ လျန်မင်ရှု၏ မျက်နှာမှာ ပြင်းထန်စွာ ပျက်ယွင်းသွားလေသည်။
သူမသည် ယခုအချိန်တွင် ရေဒြပ်စင်ပြောင်းလဲခြင်း အခြေအနေ၌ ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအင်များ ဝင်ရောက်လာသည်ကို ကြည့်ကာ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
သို့သော် သူမ ခြေလှမ်းအနည်းငယ်ပင် နောက်မဆုတ်ရသေးခင် ရုတ်တရက် အနောက်ဘက်မှ "ဒိုင်း" ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ခုက သူမ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်သွားသည်။
၎င်းနောက်တွင် အခြား မျက်မြင်မရသော ဆွဲငင်အားတစ်ခုက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်လာပြန်သည်။
"ဒိုင်း"
ဤဆွဲငင်အားက အလွန် ကြီးမားလွန်းသဖြင့် သူမ၏ ရေဒြပ်စင်ပြောင်းလဲထားသော ခန္ဓာကိုယ်မှာ "ဒိုင်း" ခနဲ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး မြေပြင်ပေါ်တွင် ရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားလေသည်။
သို့သော် သူမ ပြန်လည် မစုစည်းနိုင်မီမှာပင် ပတ်ဝန်းကျင်ရှိ ဆွဲငင်အားစက်ကွင်းက ဝန်းရံလာပြီး မြေပြင်အနှံ့ရှိ ရေစီးကြောင်းများကို လျင်မြန်စွာ လေထဲသို့ မြှောက်တက်စေကာ နောက်ဆုံးတွင် ရေဘောလုံးတစ်ခုအဖြစ် စုစည်းသွားစေသည်။
ရေဘောလုံးထဲတွင် လျန်မင်ရှု၏ ပုံရိပ်တစ်ခုက လိမ်ကောက် ရုန်းကန်နေသော်လည်း ပတ်ဝန်းကျင်ရှိ ဆွဲငင်အားစက်ကွင်း၏ ထိန်းချုပ်မှုအောက်တွင် သူမသည် မိမိကိုယ်တိုင် ပြောင်းလဲထားသော ရေဘောလုံးထဲမှပင် မဖောက်ထွက်နိုင်တော့ချေ။
ဤဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း အမျိုးသားက ရေဘောလုံးထဲရှိ လျန်မင်ရှုကို ကြည့်ကာ မနေနိုင်ဘဲ အံ့သြသွားသော အရိပ်အယောင်များ ပေါ်လာသည်။
"မထင်ထားဘူး... တောင့်တင်းတဲ့ အိမ်ထောင်ရှင်အမျိုးသမီး တစ်ယောက်ပါလား"
"ဟားဟားဟား... ကြည့်ရတာ ဒီခရီးက တကယ်ကို အချည်းနှီး မဖြစ်ဘူးပဲ"
"အငယ်မလေးကို ရသလို ဆွဲဆောင်မှုရှိတဲ့ တစ်ယောက်ပါ ထပ်ရပြီ... စိတ်ဝင်စားစရာပဲ... ဟားဟားဟား"
သူ စကားပြောနေစဉ်မှာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်း သူ၏ လက်ပေါ်ရှိ လက်ကောက်မှ အစိမ်းရောင် အလင်းတန်းများ လင်းလက်လာပြီး ဟင်းလင်းပြင် အနည်းငယ် လိမ်ကောက်သွားကာ ဤရေဘောလုံးမှာ သူ၏ လက်ကောက်ထဲသို့ တိုက်ရိုက် သိမ်းဆည်းခံလိုက်ရလေသည်။
လျန်မင်ရှုလည်း သဘာဝကျစွာပင် လက်ကောက်အတွင်းသို့ အတူတကွ စုပ်ယူခံလိုက်ရသည်။
လုတရုံက ဤမြင်ကွင်းကို ကြည့်ရင်း မြေပြင်ပေါ်တွင် မှောက်လျက်သားဖြင့် မျက်လုံးများ ပြူးကျယ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါ့သမီးကို လွှတ်... မင်ရှုကို လွှတ်... လူယုတ်မာ... တိရစ္ဆာန်... ခွေးမသား"
သူက အသည်းအသန် ရုန်းကန်ရင်း မိမိ၏ အစွမ်းကို လှုံ့ဆော်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
မြေကြီးပေါ်မှ အပင်နွယ်များ အမြောက်အမြား အရူးအမူး ထွက်ပေါ်လာပြီး ဝှေ့ယမ်းကာ ထိုဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း အမျိုးသားဆီသို့ ရူးသွပ်စွာ တိုးဝင်သွားကြသည်။
ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း အမျိုးသားက ဤမြင်ကွင်းကို မြင်သောအခါ ခပ်ဟဟ ရယ်မော၍ ခေါင်းခါယမ်းလိုက်သည်။ "အလကားပဲ"
သူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ အနက်ရောင် စွမ်းအင်လှိုင်းတစ်ခုက ချက်ချင်း ရိုက်ခတ်ထွက်ပေါ်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း သူ၏ အနီးသို့ ကပ်လာသော အပင်နွယ်များအားလုံးမှာ ချက်ချင်း ဆွေးမြေ့ ညှိုးနွမ်းသွားပြီး အသက်ဓာတ်များ ဆုံးရှုံးသွားကြလေသည်။
သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ လေဟာနယ်ထဲတွင် သတ္တုဒြပ်စင်ဖြင့် ဖွဲ့စည်းထားသော ဓားသွားတစ်လက် စုစည်းဖြစ်ပေါ်လာသည်။
လုတရုံ၏ လက်မောင်းဆီသို့ ချိန်ရွယ်လိုက်သည်။
သူက ဤဓားသွားကို ချက်ချင်း မခုတ်ချသေးဘဲ ဘေးနားရှိ လုယွီယန်ကို လှည့်ကြည့်ကာ ပြုံးဖြီးဖြီးဖြင့် "အလှလေး... လာပြီး ဦးလေးကို တစ်ချက်လောက် နမ်းပါဦး... မနမ်းဘူးဆိုရင်တော့ မင်းအဖေရဲ့ လက်တစ်ဖက်ကို ဦးလေး ခုတ်ချပစ်လိုက်ရလိမ့်မယ်နော်" ဟု ပြောလိုက်သည်။
လုယွီယန်၏ မျက်ဝန်းများထဲတွင် ကြောက်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေပြီး မျက်ရည်များမှာ တားမနိုင်ဆီးမရ စီးကျလာသည်။
"ဟင့်အင်း... မလုပ်ပါနဲ့... တောင်းပန်ပါတယ်... ကျွန်မ အဖေကို လွှတ်ပေးပါ... တောင်းပန်ပါတယ်ရှင်"
"ဟဲဟဲဟဲ... ကောင်းပြီလေ... မင်း ငါ့ကို တစ်ချက်လောက် နမ်းလိုက်... ဒါဆို ငါ မင်းအဖေကို လွှတ်ပေးမယ်... ဘယ်လိုလဲ"
ဝဝဖိုင့်ဖိုင့် အမျိုးသားက ခပ်ဟဟ ရယ်မောလိုက်ပြီး ကလေးငယ်တစ်ယောက်ကို ချော့မြူနေသကဲ့သို့ လုယွီယန်ကို စနောက်နေသည်။
သူ၏ လက်ဝါးက လုယွီယန်၏ ကြီးမားလှသော ရင်သားဆီသို့ပင် ဆန့်တန်းသွားလေသည်။
လုယွီယန် ချက်ချင်း ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "ဟင့်အင်း... မလုပ်ပါနဲ့"
ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း အမျိုးသားသည် နားထဲတွင် ကောင်မလေး၏ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားနေရပြီး သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပြည့်နှက်နေ၏။
ထိုနူးညံ့သော အရာကို ထိမိတော့မည့် ဆဲဆဲတွင်ပင်။
ရုတ်တရက် လုယွီယန် တစ်ကိုယ်လုံးတွင် အံ့မခန်း အစိမ်းရောင် အလင်းတန်းများ လင်းလက်လာသည်။
"ဟင်"
ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း အမျိုးသား တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ "ရွှပ်" ခနဲ လုယွီယန်၏ ခန္ဓာကိုယ်မှာ အစိမ်းရောင် စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မြေအောက်သို့ ချက်ချင်း တိုးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ အသေအလဲ ဖိနှိပ်ခံထားရသော လုတရုံမှာလည်း နွယ်ပင်တစ်ပင်၏ ရစ်ပတ်ခြင်းကို ချက်ချင်း ခံလိုက်ရပြီး မြေအောက်သို့ အားကုန် ဆွဲချသွားခြင်း ခံလိုက်ရသည်။
ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း အမျိုးသား၏ မျက်နှာမှာ ရုတ်တရက် တင်းမာသွားပြီး မြေပြင်ကို ကြည့်ကာ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ "ထွက်လာခဲ့စမ်း"
သူက လက်တစ်ဖက်ဖြင့် မြေပြင်ဆီသို့ အားကုန် လှမ်းဆွဲလိုက်သည်။
သူ၏ လက်ဝါးပေါ်တွင် မြေဝါရောင် အလင်းကွင်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။
မျက်တောင်တစ်ခတ်အတွင်း မြေပြင်တစ်ခုလုံးမှာ ဧရာမ အက်ကွဲကြောင်းကြီး ချက်ချင်း ဖြစ်ပေါ်လာတော့သည်။
ထိုအက်ကွဲကြောင်းထဲတွင် ဧရာမ အစိမ်းရောင် နွယ်ပင်ကြီးတစ်ခုက မြေအောက်၌ အလွန် လျင်မြန်စွာ ရွေ့လျားသွားလာနေသည်ကို တွေ့လိုက်ရသည်။
ထိုအရာက နဂါးသွေးနွယ်ပင်၏ နွယ်ပင်ပင် ဖြစ်သည်။
အမှန်တော့ ယခုလေးတင် လုတရုံ မျှော်လင့်ချက်မဲ့နေချိန်တွင် နဂါးသွေးနွယ်ပင်ကို ရုတ်တရက် သတိရသွားခြင်း ဖြစ်သည်။
နဂါးသွေးနွယ်ပင်ကို စခန်းစောင့်ရှောက်ရန် ကူညီခိုင်းထားကြောင်း လင်းယွမ် ပြောခဲ့သည်ကို သူ သတိရသွားသည်။
ဤမျှ မြန်မြန်ဆန်ဆန်ပင် တစ်ဖက်လူ၏ အကူအညီကို တောင်းခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့ကြောင့် သူက တိုးတိုးလေး ဆုတောင်း ရွတ်ဆိုလိုက်ရာ မြေအောက်နက်နက်တွင် ပုန်းအောင်းနေသော နဂါးသွေးနွယ်ပင်က တကယ်ပင် တုံ့ပြန်လာခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လုယွီယန်နှင့် လုတရုံတို့ နှစ်ယောက်စလုံးကို အတူတကွ ကယ်တင်သွားခဲ့သည်။
မြေပြင် အက်ကွဲသွားပြီးနောက် နဂါးသွေးနွယ်ပင်၏ နွယ်ပင်များကို ဤဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း အမျိုးသားက ချက်ချင်း ပစ်မှတ်ထားလိုက်သည်။
သူ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်ကို တွေ့လိုက်ရ၏။ "တကယ့် ခွေးကောင်... ငါ့မိန်းမကိုတောင် ရဲရဲတင်းတင်း လုရဲတယ်ပေါ့"
"ရပ်နေစမ်း"
"ဖောင်း... ဖောင်း... ဖောင်း"
သူ၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ လက်ငါးချောင်းက မြေအက်ကွဲကြောင်းထဲရှိ နွယ်ပင်များဆီသို့ အားကုန် ညွှန်ပြလိုက်သည်။
ခဏချင်းမှာပင် မြေအက်ကွဲကြောင်းထဲရှိ ဘေးတစ်ဖက်တစ်ချက်စီမှ ရွှံ့စေးများက မြေဝါရောင် အလင်းကွင်းများဖြင့် ရုတ်တရက် လင်းလက်လာသည်။
မြေလွှာတစ်ခုလုံးမှာ ကွန်ကရစ် နံရံကြီးအလား ချက်ချင်း ခဲသွားလေသည်။
"ဒုန်း... ဒုန်း... ဒုန်း"
နဂါးသွေးနွယ်ပင်၏ နွယ်ပင်များက ဤမြေကြီးများပေါ်သို့ ဝင်တိုက်မိသော်လည်း မြေကျင်းကို မဖောက်ထွက်နိုင်ဘဲ မူလနေရာတွင်ပင် ပိတ်ဆို့ခံလိုက်ရသည်။
သို့သော် နောက်တစ်ခဏတွင် နဂါးသွေးနွယ်ပင်၏ နွယ်ပင်များပေါ်၌ အစိမ်းရောင် သစ်ဓာတ်စွမ်းအင် အမြောက်အမြား ရုတ်တရက် လင်းလက်လာသည်။
"ဝုန်း"
ဤအစိမ်းရောင် စွမ်းအင်များ၏ အားဖြည့်မှုအောက်တွင် မြေဝါရောင် အလင်းများ လွှမ်းခြုံထားသော မြေခဲများအားလုံးမှာ ချက်ချင်း မွှေနှောက်ခံရကာ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ရွှံ့စေးများအဖြစ် လည်ပတ်သွားကြသည်။
၎င်း၏ နွယ်ပင်များက အလွန် လျင်မြန်သော နည်းလမ်းဖြင့် ရွှံ့စေးများထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အနည်းငယ် ယိုင်ထွက်သွားပြီး သူ၏ မြေဝါရောင် လက်ဝါးမှာလည်း ချက်ချင်း အနည်းငယ် မှေးမှိန်သွားသည်။
ဤမြင်ကွင်းကြောင့် သူပင် အနည်းငယ် ကြောင်အမ်းသွားပြီး ချက်ချင်းဆိုသလို အနည်းငယ် အံ့သြသွားသည်။
"ဒီမြေအောက်က သန္ဓေပြောင်း သတ္တဝါက ငါ့ရဲ့ မြေဒြပ်စင်နံရံကိုတောင် ဝင်တိုက်ဖောက်ထွက်နိုင်တယ်ပေါ့"
သူက အနည်းငယ် မယုံနိုင်စရာဟု ခံစားလိုက်ရသည်။
သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းမှာ ၈၅ ရာခိုင်နှုန်းကို ကျော်လွန်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း တစ်ဖက်လူက မိမိ၏ အစွမ်း ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်နေသေးသည်။
ဒါက ဘာကို ဖော်ပြနေတာလဲ။
မြေကြီးအောက်ရှိ ဤသန္ဓေပြောင်း သားရဲ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းမှာ မိမိထက်ပင် ပို၍ မြင့်မားနေနိုင်သည်ကို ဖော်ပြနေခြင်းလော။
"စိတ်ဝင်စားစရာပဲ"
ဆက်ရန်...