← Chapters

အခန်း ၈၆၀

Vol. 43 Ch. 860

အခန်း ၈၆၀

Vol. 43 Ch. 860

အပိုင်း (၈၆၀) ကျင်းရှီရုံ ကြီးစိုးလာရာ လမ်းကြောင်း

လင်းယွမ်က လီထင်းပြောပြသည့် သူမ၏ အတိတ်အကြောင်းကို သေချာစွာ နားထောင်နေသည်။

ကပ်ဘေးမတိုင်မီက လီထင်းသည် မုန်ယာကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ဖူးသည်။

ရေလွှမ်းမိုးမှုကြီး စတင်ချိန်တွင် သူမက လူအများအပြားကို ဦးဆောင်ကာ ချီတောင်ပေါ်သို့ ချက်ချင်း ရွှေ့ပြောင်းနိုင်ခဲ့သည်။

ထို့နောက် ချီတောင်သည် မြေမျက်နှာပြင် မြင့်မားသည့်အတွက် ကုမ္ပဏီဝန်ထမ်းများနှင့်အတူ အခြားသူများကိုပါ ဆက်တိုက် ကယ်တင်နိုင်ခဲ့သည်။

ထိုကာလအတွင်း လူသုံးကုန်ပစ္စည်းများကိုလည်း အများအပြား စုဆောင်းနိုင်ခဲ့သည်။

ထို့ကြောင့်ပင် နောက်ပိုင်း ကြုံတွေ့ရသော ခက်ခဲသည့်ကာလများကို သူတို့ ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရေကြီးမှုက မြို့ကို လုံးဝ ဖုံးလွှမ်းသွားချိန်တွင် လူများသည် ချီတောင်ပေါ်၌ ပိတ်မိသွားပြီး စားနပ်ရိက္ခာများ ပြတ်လပ်လာသောကြောင့် အတွင်းပိုင်းတွင် သဘောထားကွဲလွဲမှုများနှင့် အားပြိုင်မှုများ တဖြည်းဖြည်း စတင်လာခဲ့သည်။

အချို့က စည်းကမ်းမလိုက်နာတော့ဘဲ အမျိုးသမီးများကို အနိုင်ကျင့်ခြင်း၊ အစားအစာများကို လုယက်ခြင်းများ ပြုလုပ်လာကြသည်။

လီထင်းသည် အစပိုင်းကတည်းက လူအများကြားတွင် ဩဇာတိက္ကမ တည်ဆောက်ထားနိုင်ခဲ့သဖြင့် စည်းကမ်းကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူမက မိန်းမသားတစ်ဦး ဖြစ်နေခြင်းပင်။

သန္ဓေပြောင်းအစွမ်း နိုးထမလာမီအချိန်က သူမ မည်မျှပင် အရည်အချင်းရှိစေကာမူ အမျိုးသားများကို ယုံကြည်လာစေရန်မှာ အလွန် ခက်ခဲလှသည်။

အရာအားလုံးက ကမ္ဘာဦးအစ လူ့အဖွဲ့အစည်းဆီသို့ ပြန်လည်ရောက်ရှိသွားသည့် အခြေအနေမျိုးတွင် ကိုယ်ပိုင်ခွန်အားသည်သာ အကြွင်းမဲ့ အာဏာစက် ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။

ထိုအခြေအနေတွင် လူတိုင်း အချင်းချင်း အဆက်မပြတ် တိုက်ခိုက်နေကြပြီး ထိုဖြစ်စဉ်အတွင်း အောက်ခြေလူတန်းစားမှ ကျင်းရှီရုံသည် တဖြည်းဖြည်း ထင်ပေါ်လာခဲ့သည်။

ကျင်းရှီရုံသည် မူလကတည်းက လူကောင်ထွားကျိုင်းပြီး အရပ်ရှည်ကာ ရန်လိုရက်စက်သူ ဖြစ်သည့်အတွက် မကြာမီမှာပင် လူတစ်စုကို စည်းရုံးကာ ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။

"အစပိုင်းမှာတော့ သူက အင်အားစုတစ်ခု ဖွဲ့ပြီး ပစ္စည်းတွေလုယက်ရုံလောက်ပဲ လုပ်ခဲ့တာ... ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ မိုးတွေကလည်း ဆက်တိုက်ရွာနေပြီး အားလုံးက ကယ်ဆယ်ရေးကို ဘယ်လောက်စောင့်စောင့် ရောက်မလာတော့ဘူး"

"အင်တာနက်လိုင်းတွေပါ ပြတ်တောက်သွားပြီး အပြင်လောကနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားတဲ့အခါ ကျင်းရှီရုံရဲ့ ရဲတင်းမှုက ပိုပိုပြီး ကြီးထွားလာတယ်"

"စားစရာ သောက်စရာလောက်နဲ့တင် သူက မရောင့်ရဲနိုင်တော့ဘူး... တဏှာရမ္မက် ကြီးမားလွန်းတဲ့ သူက ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေဆီကိုပါ ခြေလှမ်းစလာတော့တာပဲ"

"ပထမတော့ သူလည်း နည်းနည်း စိုးရိမ်သေးတယ်... အစားအစာကို အသုံးချပြီး အဲဒီအမျိုးသမီးတွေကို သူ့ဆီလာအောင် သွေးဆောင်ရုံလောက်ပဲ"

"ဒီလိုကိစ္စတွေ ခဏခဏ လုပ်လာတဲ့အခါ သူ့အကြံအစည်တွေက ပိုပိုပြီး ရဲတင်းလာတယ်"

"ဘာလို့လဲဆိုတော့ သူက အစားအစာ မပေးဘဲ အမျိုးသမီးတချို့ကို အတင်းအဓမ္မ သိမ်းပိုက်ရင်တောင် ဘယ်သူကမှ သူ့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာကို သူ သတိထားမိသွားလို့ပဲ"

"ဒီလိုနဲ့ပဲ သူက အမျိုးသမီးတွေကို အမဲလိုက်တဲ့ လမ်းကြောင်းပေါ်ကို စပြီး ရောက်ရှိသွားတော့တာပဲ"

"အစတုန်းကတော့ သူက တစ်ကိုယ်တည်းသမား အမျိုးသမီးတွေကိုပဲ ရွေးပြီး အကွက်ဆင်ရဲတာ... နောက်ပိုင်းကျတော့ ဒီကောင်က သူ့တပည့်တွေနဲ့ပေါင်းပြီး လှပတဲ့ အမျိုးသမီးတွေကို အတင်း လုယူလာတယ်... နေ့ခင်းကြောင်တောင်ကြီးကိုပဲ အမျိုးသမီးရဲ့ ခင်ပွန်း ဒါမှမဟုတ် ချစ်သူကို ရိုက်နှက်ပြီး လူကို အခန်းထဲ အတင်းဆွဲသွင်း အဓမ္မကျင့်တော့တာပဲ"

"အမျိုးသမီး တချို့က အဲဒီဒဏ်ကို မခံနိုင်လို့ နောက်နေ့မှာပဲ သတ်သေသွားကြတယ်"

"အဲဒီအချိန်က ပထမဆုံး သတ်သေသွားတဲ့သူက ကျွန်မတို့ ကုမ္ပဏီက ပုံမှန်ဆိုရင် အရမ်းတက်ကြွပြီး အမြဲပြုံးနေတတ်တဲ့ မိန်းကလေးဆိုတာကို ကျွန်မ မှတ်မိနေသေးတယ်"

"ကျွန်မ သူ့ကို ကောင်းကောင်း မှတ်မိတယ်... သူက ကျွန်မတို့ ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးဝန်ထမ်း... ကျောင်းပြီးခါစလေးပဲ ရှိသေးတာ"

"သူ့ချစ်သူကလည်း အဲဒီတုန်းက ကျွန်မတို့ ကုမ္ပဏီမှာပဲ အလုပ်လုပ်နေတာ"

"ကျင်းရှီရုံက ကောင်လေးကို သတိမေ့သွားအောင် ရိုက်နှက်ပြီး သူ့ရှေ့တင် ကောင်မလေးကို လုယူသွားခဲ့တာ"

"ကောင်မလေးက အဲဒီအရှက်ခွဲခံရမှုကို မခံနိုင်တော့ဘဲ နောက်နေ့မှာပဲ ရေထဲခုန်ချပြီး သတ်သေသွားရှာတယ်"

"အဲဒီတုန်းက ကျင်းရှီရုံလည်း လန့်သွားပြီး ရက်အနည်းငယ်လောက် ငြိမ်သွားခဲ့သေးတယ်"

"တစ်ညမှာတော့ ရေထဲခုန်ချသွားတဲ့ ကောင်မလေးရဲ့ ချစ်သူက ကျင်းရှီရုံနေတဲ့ နေရာကို အမှောင်ထဲကနေ ခိုးဝင်ပြီး အသေအကြေ သွားတိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်"

"ဒါပေမဲ့ အဲဒီလို အန္တရာယ်ကြုံရတဲ့ အချိန်မှာပဲ ကျင်းရှီရုံက သန္ဓေပြောင်းအစွမ်း ရုတ်တရက် နိုးထလာပြီး အဲဒီကောင်လေးကို ပွဲချင်းပြီး သတ်ပစ်ခဲ့တယ်"

"အဲဒီအချိန်ကစပြီး ကျင်းရှီရုံက လုံးဝကို စည်းကမ်းမရှိတော့ဘဲ ထင်တိုင်းကြဲလာတော့တာပဲ... သူ မိန်းမလိုချင်ပြီဆိုရင် လူတိုင်းရှေ့မှာတင် အခန်းထဲကို အတင်းဆွဲခေါ်သွားရဲလာတယ်"

"ကျွန်မတို့ အပြင်မှာ ရပ်နေရင်း အခန်းထဲက အမျိုးသမီးတွေရဲ့ စူးစူးဝါးဝါး အော်ဟစ်သံတွေကို အကြိမ်ကြိမ် ကြားခဲ့ရတယ်"

"အဲဒီတုန်းက လူတိုင်း အရမ်း ဒေါသထွက်ခဲ့ကြပေမဲ့ ဘယ်သူကမှ ပြန်ခံမချရဲကြဘူး"

"ကျင်းရှီရုံက သန္ဓေပြောင်းအစွမ်းကို အားကိုးပြီး တောင်ပေါ်က လူအားလုံးကို နီးပါး အုပ်စိုးလုမတတ် ဖြစ်လာတာ"

"သူက ကျွန်မကိုတောင် မျက်စိကျလာတယ်"

"နောက်ဆုံး တစ်နေ့မှာတော့ သူက လူတစ်စုကို ခေါ်လာပြီး ကျွန်မရှိတဲ့ နေရာကို အတင်းဝင်ရောက်လာပြီး အကြမ်းဖက်ဖို့ ကြိုးစားခဲ့တယ်"

"အဲဒီအချိန်က ကျွန်မကို ထောက်ခံတဲ့သူတွေလည်း မနည်းဘူးဆိုတော့ ကျွန်မတို့ နှစ်ဖက်ကြားမှာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်"

"ကျင်းရှီရုံက သန္ဓေပြောင်းအစွမ်း နိုးထလာပြီးနောက်ပိုင်း သန်မာလာတဲ့ ခန္ဓာကိုယ်နဲ့ လူတော်တော်များများကို သေသည်အထိ ရိုက်နှက်ခဲ့တယ်"

"အဲဒီလို အချိန်မှာပဲ ကျွန်မလည်း သန္ဓေပြောင်းအစွမ်း နိုးထလာတာပဲ"

"ကျွန်မရဲ့ အစွမ်းက စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုပဲ"

"စိတ်စွမ်းအင် ကျွန်မလောက် မမြင့်တဲ့သူတွေကိုဆိုရင် အစပိုင်းမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကျွန်မ အနည်းအကျဉ်း ထိန်းချုပ်နိုင်ခဲ့တယ်"

"ဒီအစွမ်းကို အားကိုးပြီး ကျင်းရှီရုံတို့ရဲ့ ဝိုင်းရံပိတ်ဆို့မှုကနေ ကျွန်မ ယာယီ လွတ်မြောက်ခဲ့တယ်"

"ကျင်းရှီရုံတို့က လူတွေကို အရမ်းအနိုင်ကျင့်တော့ ကျွန်မဆီကို ခိုလှုံလာတဲ့သူတွေ ပိုပိုများလာပြီး ဒီလိုအခြေအနေမှာ ကျွန်မဘက်က လူအင်အားက သူတို့ထက်တောင် ပိုများလာတယ်"

"ဒီအခြေအနေက ကျင်းရှီရုံ သူ့ရဲ့ ပုံတူကူးချအစွမ်းကို ဖော်ထုတ်နိုင်ပြီး တခြားအစွမ်းတွေကို စတင် ကူးယူလာနိုင်တဲ့ အချိန်အထိပဲ... အဲဒီနောက်မှာတော့ ကျွန်မတို့ရဲ့ အခြေအနေက ရုတ်တရက် ဆိုးရွားသွားတယ်"

လီထင်းက အတိတ်ကို ဆက်တိုက် ပြန်ပြောင်းပြောပြနေစဉ် လင်းယွမ်သည် မုန်ယာကုမ္ပဏီ ဖြစ်ပေါ်လာပုံနှင့် ကျင်းရှီရုံ မည်သို့ အာဏာရလာခဲ့သည်ဟူသော သမိုင်းကြောင်းကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

မုန်ယာအဖွဲ့အစည်းသည် ချီတောင်ပေါ်ရှိ အစောပိုင်းကာလများတွင် ဖရိုဖရဲ ဖြစ်နေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သန္ဓေပြောင်းအစွမ်း နိုးထလာသူများ ပိုမို များပြားလာခဲ့သည်။

ထိုလူများသည် လီထင်းနှင့် ကျင်းရှီရုံတို့ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့အဖြစ် တဖြည်းဖြည်း ကွဲထွက်သွားကြသည်။

ထိုဖြစ်စဉ်အတွင်း လီထင်းဘက်တွင် လူအင်အား ပိုများပြီး သန္ဓေပြောင်းအစွမ်း နိုးထလာသူ အရေအတွက်လည်း ပိုများသောကြောင့် နောက်ပိုင်းတွင် သူမတို့က တဖြည်းဖြည်း အသာစီး ရလာခဲ့သည်။

ထိုအခြေအနေကို မြင်သောအခါ လေသာရာ ယိမ်းတတ်သူ အများအပြားသည် ကျင်းရှီရုံကို သစ္စာဖောက်ကာ လီထင်းဘက်သို့ အသီးသီး ကူးပြောင်းသွားကြသည်။

ကျင်းရှီရုံသည် သက်တမ်းကုန်ခါနီး နှံကောင်ဖြစ်ပြီး အနှေးနဲ့အမြန် သူမ၏ လက်အောက်သို့ ရောက်လာတော့မည်ဟု လီထင်း ထင်မှတ်ထားချိန်တွင်ပင်။

ကျင်းရှီရုံသည် သူ၏ အစွမ်းကို နောက်တစ်ဆင့်အထိ အဆင့်မြှင့်တင်နိုင်ခဲ့ပြီး တခြားသူများ၏ အစွမ်းကို မည်သို့ ပုံတူကူးချရမည်ကို အံ့သြဖွယ် လေ့လာတွေ့ရှိသွားခဲ့သည်။

ထို့ကြောင့် ကျင်းရှီရုံ၏ စွမ်းအားများသည် တစ်နေ့တခြား အဆမတန် တိုးတက်လာပြီး သူ၏ ကိုယ်ပိုင်ခွန်အားသည် အခြားသူများထက် တဖြည်းဖြည်း သာလွန်လာကာ ချီတောင်ပေါ်တွင် အစွမ်းအထက်ဆုံး အစွမ်းပိုင်ရှင် ပြန်ဖြစ်လာခဲ့သည်။

လီထင်းတို့ဘက်မှ အခြေအနေသည် ချက်ချင်း အန္တရာယ်ကြီးမားလာတော့သည်။

ထိုနောက်ပိုင်း ဖြစ်ပေါ်လာသော အခြေအနေများသည် အခြေခံအားဖြင့် ထိုက်ယန်တောင်မှ မူလ အင်အားစုကြီး လေးခုနှင့် အတူတူပင် ဖြစ်သည်။

နှစ်ဖက်စလုံးသည် အချင်းချင်း စတင် တိုက်ခိုက်သတ်ဖြတ်ကြပြီး နယ်မြေလုခြင်းနှင့် ရိက္ခာလုယက်ခြင်းများကို ပြုလုပ်လာကြသည်။

တဖြည်းဖြည်းဖြင့် အင်အား မျှတသွားပြီး နောက်ဆုံးတွင် ချီတောင်၏ အရှေ့နှင့် တောင်ဘက်တို့၌ ခိုလှုံရေးစခန်း နှစ်ခုကို အသီးသီး တည်ဆောက်ခဲ့ကြသည်။

တစ်ဖက်နှင့်တစ်ဖက် အမြဲလိုလို တိုက်ခိုက်နေကြဆဲ ဖြစ်သော်လည်း အစပိုင်းကကဲ့သို့ ကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးတော့ မရှိတော့ပေ။

ရေကြီးမှု အလွန်အမင်း မြင့်တက်လာပြီး မြို့ကို လုံးဝ ဖုံးလွှမ်းသွားသည့် အချိန်အထိပင်။ ထို့အတူ ဒီရေလှိုင်းများလည်း ဆက်တိုက် ရောက်ရှိလာခဲ့သည်။

ပထမဆုံးအကြိမ် ကြိုတင် ကာကွယ်ထားနိုင်ခြင်း မရှိသည့် အခြေအနေတွင် ပင်လယ်ထဲမှ သန္ဓေပြောင်း သတ္တဝါများသည် ချီတောင်ပေါ်သို့ တက်လာပြီး လူသားအားလုံးကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ကြတော့သည်။

ထိုအချိန်ကျမှသာ ကျင်းရှီရုံဖြစ်စေ၊ လီထင်းဖြစ်စေ နှစ်ယောက်စလုံးက ဤရေလွှမ်းမိုးမှု ကပ်ဘေးကြီးတွင် လူသားများသာ သန္ဓေပြောင်းလဲခြင်း မဟုတ်ဘဲ ရေကြီးမှုထဲမှ သတ္တဝါများပါ သန္ဓေပြောင်းလဲနေကြောင်းကို သတိပြုမိသွားကြသည်။

တောတောင်များထဲမှ သန္ဓေပြောင်း သားရဲများပင် ပေါ်ထွက်လာခဲ့သေးသည်။

နှစ်ဖက်စလုံးသည် အချင်းချင်းကြားရှိ ရန်ငြိုးများကို ချက်ချင်း ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ပိုင် အင်အားစုများကို အလျင်အမြန် တိုးချဲ့တည်ဆောက်ကြတော့သည်။

လီထင်းသည် မုန်ယာ၏ ဒါရိုက်တာဟောင်း တစ်ဦးပီပီ အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်နိုင်စွမ်း ရှိသည်။

လူသားများ အသက်ရှင်သန်နိုင်ရန်အတွက် နည်းပညာကို အားကိုးရမည်ဟု သူမ အမြဲတမ်း ယုံကြည်ထားသည်။

ထို့ကြောင့် သူမသည် ခိုလှုံရေးစခန်းအတွင်းရှိ သုတေသနပြုနိုင်စွမ်းရှိသူများကို အလျင်အမြန် စုစည်းကာ မုန်ယာ သုတေသနအဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန် စတင် စီစဉ်ခဲ့သည်။

သူမသည် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူပီပီ အဖွဲ့ကို စီမံအုပ်ချုပ်ရာတွင် အလွန် လက်ပြောင်မြောက်လှသည်။

မကြာမီမှာပင် သူမဘက်ရှိ ခိုလှုံရေးစခန်းသည် သူမ၏ စီမံခန့်ခွဲမှုအောက်တွင် စနစ်တကျ ဖြစ်လာခဲ့သည်။

သူမတို့သည် သန္ဓေပြောင်း သားရဲများနှင့် သန္ဓေပြောင်းအစွမ်းများကို အဆက်မပြတ် သုတေသနပြုလာသည်နှင့်အမျှ အစွမ်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများစွာကို တဖြည်းဖြည်း နားလည်လာကြသည်။

စွမ်းအင်ကျောက်တုံး ကဲ့သို့သော ထူးဆန်းသည့် အရာများကိုပင် လီထင်း၏ အဖွဲ့က ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်များတွင် အသုံးပြုနိုင်ခဲ့သည်။

တစ်ဖက်မှ ကျင်းရှီရုံကမူ ထိုမျှ ဉာဏ်မပြေးပေ။ သူသည် မိမိ၏ အစွမ်းကိုသာ အာရုံစိုက်ပြီး တစ်စိုက်မတ်မတ် လေ့လာခဲ့သည်။

သူ၏ ပုံတူကူးချအစွမ်းကို အဆက်မပြတ် နက်နက်နဲနဲ လေ့လာလာသည်နှင့်အမျှ ပုံတူကူးချအစွမ်းသည် လူသားများ၏ အစွမ်းကိုသာမက သန္ဓေပြောင်း သားရဲများ၏ စွမ်းရည်များကိုပါ ပုံတူကူးချနိုင်ကြောင်းကို သူ သတိထားမိသွားခဲ့သည်။

ထိုသို့ တွေ့ရှိမှုက သူ၏ စွမ်းအားများကို အလွန်အမင်း မြန်ဆန်စွာ တိုးတက်လာစေခဲ့ပြီး အစွမ်းမျိုးစုံကို အရူးအမူး ပုံတူကူးချလာတော့သည်။

ထိုအချိန်က လူအများစုတွင် အစွမ်းတစ်မျိုးတည်းသာ ရှိသေးချိန်၌ ကျင်းရှီရုံတွင်မူ အစွမ်းပေါင်း ဆယ်ဂဏန်းကျော် ရှိနေပြီဖြစ်ရာ သဘာဝကျကျပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

ထိုသို့သော တိုးတက်မှု အခြေအနေအောက်တွင် လီထင်းတို့ဘက်မှ အဖွဲ့၏ စုပေါင်းအင်အားသည် ပိုပိုပြီး အားကောင်းလာကာ လက်နက်များကလည်း ပိုမို ခေတ်မီလာသည်။

ကျင်းရှီရုံဘက်တွင်မူ ကိုယ်ပိုင်ခွန်အားက ပိုပိုပြီး ကြောက်စရာကောင်းလာကာ အဖွဲ့အတွင်း လူအရေအတွက် နည်းပါးသော်လည်း အားလုံးက အလွန်တရာ ရက်စက်ကြမ်းကြုတ်သော လူဆိုးများသာ ဖြစ်ကြသည်။

ထိုအခြေအနေသည် ကျင်းရှီရုံက "အစိမ်းရောင်မျိုးစေ့" ဟုခေါ်သော အစွမ်းတစ်မျိုးကို ပုံတူကူးချနိုင်ခဲ့ချိန်တွင် အဆုံးသတ်သွားခဲ့သည်။

၎င်းသည် သစ်ဓာတ် အစွမ်းတစ်မျိုး ဖြစ်သည်။

ကျင်းရှီရုံသည် အစိမ်းရောင် မျိုးစေ့များကို ဖန်တီးနိုင်ပြီး တစ်ဖက်လူကို အတင်းအဓမ္မ မျိုချစေနိုင်သည်။

ထိုအချိန်မှစ၍ တစ်ဖက်လူက သူ့ကို သစ္စာဖောက်ရဲသည်နှင့် အစိမ်းရောင်မျိုးစေ့ကို ချက်ချင်း အပင်ပေါက်စေကာ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်နိုင်သည်။

ထိုအစွမ်းသည် လင်းယွမ်၏ ကပ်ပါးမျိုးစေ့ အစွမ်းနှင့် အလွန် ဆင်တူလှသည်။

သို့သော် ကွာခြားချက်မှာလည်း အလွန် သိသာထင်ရှားသည်။ လင်းယွမ်၏ ကပ်ပါးမျိုးစေ့သည် စိတ်ပင်လယ်ထဲတွင် အဓိက ကပ်ပါးပြုခြင်း ဖြစ်သည်။

ကျင်းရှီရုံ၏ "အစိမ်းရောင်မျိုးစေ့" အစွမ်းကမူ သွေးသားခန္ဓာကိုယ်ထဲတွင် အဓိက ကပ်ပါးပြုခြင်း ဖြစ်သည်။

လီထင်းက "သူ အဲဒီအစွမ်းကို ရသွားပြီးတဲ့နောက် သန်းခေါင်ယံအချိန်မှာ ကျွန်မတို့ ခိုလှုံရေးစခန်းထဲကို ခိုးဝင်လာပြီး အစိမ်းရောင်မျိုးစေ့ တွေကို သောက်ရေထဲ တိတ်တဆိတ် ထည့်ခဲ့တာပဲ" ဟု ပြောပြသည်။

"ကျွန်မတို့ လူတွေက မသိလိုက်ဘဲ လူအများစုက ဒီ အစိမ်းရောင်မျိုးစေ့ တွေကို မှားယွင်း သောက်သုံးမိသွားကြတယ်"

လင်းယွမ်သည် သက်ပြင်းတစ်ချက် ချမိ၏။ အများကြီး တွေးနေစရာပင် မလိုဘဲ ရလာဒ်က မည်သို့ ဖြစ်သွားမည်ကို သူ ကောင်းကောင်း သိလိုက်သည်။

ကျင်းရှီရုံ အနိုင်ရသွားသည်မှာ အလွန် သိသာလှသည်။

လီထင်းက "ရှင်လည်း ခန့်မှန်းမိမှာပါ... သေရေးရှင်ရေး ခြိမ်းခြောက်မှုအောက်မှာ လူအများစုက ပြန်လည်ခုခံဖို့ကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့ကြတာပေါ့"

"ကျွန်မလည်း လူတစ်ချို့တစ်ဝက်ကို ခေါ်ပြီး ထွက်ပြေးလာခဲ့ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး"

"အဲဒီနောက်မှာတော့ ကျင်းရှီရုံက မုန်ယာရဲ့ ခေါင်းဆောင် လုံးလုံးလျားလျား ဖြစ်သွားပြီး ကျွန်မရဲ့ စီမံခန့်ခွဲမှု ပုံစံအတိုင်း အလျင်အမြန် စတင် တိုးချဲ့လာတော့တာပဲ"

"သူ့ရဲ့ စွမ်းအားတွေကလည်း အဆက်မပြတ် သန်မာလာခဲ့တယ်... ကျွန်မကို... ဖမ်းမိတဲ့ အချိန်အထိပေါ့"

လီထင်းသည် ဤနေရာအရောက်တွင် စကားကို ခေတ္တ ရပ်တန့်သွားသည်။

လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး "ဒါဆို ခင်ဗျားက ဘယ်လိုလုပ်ပြီး မုန်ယာရဲ့ ဒါရိုက်တာ ဖြစ်လာတာလဲ" ဟု မေးမြန်းသည်။

"သူက ကျွန်မကို အတင်းအဓမ္မ ကြံစည်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျွန်မက သေရင်တောင် အရှုံးမပေးဘူးလို့ ဆုံးဖြတ်ထားခဲ့တာ... အဲဒါနဲ့ သူက မုန်ယာကို ကျွန်မနဲ့ အတူတူ ခွဲဝေအုပ်ချုပ်ဖို့ အဆိုပြုလာခဲ့တယ်"

"ခင်ဗျားက သဘောတူခဲ့တာလား"

"ဟုတ်တယ်... သူက ကျွန်မကို အတင်းအကျပ် မလုပ်ဘူးတဲ့... ဒီခေတ်ကြီးက ဘယ်လိုပုံစံ ဖြစ်နေပြီလဲ ဆိုတာကို ကျွန်မ သိလာစေရမယ်တဲ့... အနှေးနဲ့အမြန် ကျွန်မ ကိုယ်တိုင် သဘောကျပြီး သူ့မိန်းမ ဖြစ်လာစေရမယ်လို့ ပြောခဲ့တယ်"

လင်းယွမ်သည် မနေနိုင်ဘဲ ခေါင်းခါယမ်းမိသည်။ ဤကျင်းရှီရုံ ဆိုသူက တော်တော်လေးကို မာနကြီးလွန်းလှသည်။

လီထင်းက ဆက်ပြောသည်။ "အဲဒီတုန်းက ကျွန်မလည်း မယုံခဲ့ဘူး... ဒါပေမဲ့ သူက တကယ်ကို ဘဝင်မြင့်နေပြီး သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေပုံရတယ်"

"ကျွန်မက ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းဖို့ အဆိုပြုတော့ သူက တစ်ရက်လောက်ပဲ စဉ်းစားပြီး သဘောတူခဲ့တာ"

"ကျွန်မရဲ့ မူလ ရည်ရွယ်ချက်က အမှန်တော့ ဒါရိုက်တာ ရာထူးကနေတစ်ဆင့် အစွမ်းထက်တဲ့သူတွေကို စုစည်းပြီး ကျင်းရှီရုံကို အတူတူ ရင်ဆိုင်ဖို့ ပြင်ဆင်ထားချင်လို့ပါ"

"ဒါပေမဲ့ နောက်ပိုင်းကျမှ ကျွန်မ သိလာရတာက ကျင်းရှီရုံ သဘောတူခဲ့ရတဲ့ အကြောင်းရင်းက... မုန်ယာ ဒါရိုက်တာအဖွဲ့ ရာထူးတွေကို အသုံးချပြီး အစွမ်းထက်တဲ့သူတွေ ပါဝင်လာအောင် ဆွဲဆောင်ချင်လို့ပဲ"

"ဟင်... သူက သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေကို ဘာလုပ်ဖို့ စုဆောင်းနေတာလဲ" လင်းယွမ်က ချက်ချင်း မေးမြန်းသည်။

လီထင်းက ပြန်ဖြေသည်။ "အစတုန်းကတော့ သူ့မှာ ရည်မှန်းချက်ကြီးပြီး အင်အားချဲ့ထွင်ချင်လို့ပဲ ကျွန်မ ထင်ခဲ့တာ"

"ဒါပေမဲ့ ဒါရိုက်တာအဖွဲ့ထဲ ဝင်လာတဲ့သူ တော်တော်များများက အကြောင်းအမျိုးမျိုးကြောင့် အပြင်ဘက်မှာ နောက်ဆုံး သေဆုံးသွားကြတယ် ဆိုတာကို နောက်ပိုင်းမှာ ကျွန်မ သတိထားမိလာတယ်"

"တစ်ခေါက်မှာ ကျင်းရှီရုံက ဒါရိုက်တာအဖွဲ့ထဲက သေဆုံးသွားခဲ့ဖူးသူ တချို့ရဲ့ အစွမ်းတွေကို ထုတ်သုံးပြလာတာကို တွေ့လိုက်ရတဲ့ အချိန်ကျမှပဲ ကျွန်မ သဘောပေါက်သွားတော့တယ်"

"သူက... သူတို့ကို သတ်ပြီး သူတို့ရဲ့ အစွမ်းတွေကို ပုံတူကူးချခဲ့တာပဲ"

ဆက်ရန်...

နောက်တစ်အုပ်မှာတော့... ကျင်းရှီရုံတို့ မုံယာနဲ့ ခိုက်ရီကုမ္ပဏီတို့ပြဿနာဖြစ်ကြမလား၊ ကျင်းရှီရုံနဲ့ဂျိမ်းစ်ကရော တိုက်ပွဲဖြစ်ဦးမလား၊ လင်းယွမ်ကရော မျိုးရိုးဗီဇပြန်ဖွဲ့စည်းတဲ့အဆင့် ၁၀၀ ရာခိုင်နှုန်းရောက်သွားရင် နောက်တစ်ဆင့်ကို တက်နိုင်မှာလား၊ ဘယ်လိုတိုက်ပွဲတွေ ထပ်ကြုံရဦးမလဲ၊ လင်းယွီယန်ကိုရော လင်းယွမ်က ကူညီပေးမှာလား စတာတွေကိုဆက်ပြီး စောင့်မျှော်ဖတ်ရှုကြပါဦးနော်။

All Chapters