← Chapters

အခန်း ၂၈၀၂

Vol. 221 Ch. 2802

အခန်း ၂၈၀၂

Vol. 221 Ch. 2802

အခန်း(၂၈၀၂)

“ဝိုချင်း.. မင်းရဲ့ခွန်အားက ကောင်းမွန်တယ် ဆိုပေမဲ့ ပေဟန်အင်မော်တယ် တိုက်ပွဲစင်မြင့်မှာ သုံးပွဲဆက်တိုက် အနိုင်ရပြီး မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နန်းတော်ထဲ ဝင်ခွင့်ရဖို့အတွက် ဆိုရင်တော့ နည်းနည်းလောက် လိုနေသေးတယ်လို့ ငါထင်တယ်”

သန်မာထွားကျိုင်းသော လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် အပေါ်ကနေ ပျံဝဲ၍ ဆင်းသွားခဲ့သည်။

ထွက်ခွာသွားသည့် သန်မာထွားကျိုင်းသော လူငယ်၏ ကျောပြင်ကို ကြည့်ရင်း ဝိုချင်း၏ မျက်နှာအမူအရာက အတော်လေး သုန်မှုန်နေခဲ့သည်။

သူတို့နှစ်ယောက်လုံးက ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ပါရမီရှင်သည် သူ့ထက်များစွာ အစွမ်းထက်နေခဲ့သည်။

ယခုပုံအတိုင်းဆိုလျှင် သူ့အနေဖြင့် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်တွင် သုံးပွဲဆက်တိုက် အနိုင်ရရှိပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲ ဝင်ခွင့်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဝိုချင်းက သက်ပြင်းရှည်ချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ကနေ ထွက်ခွာသွားခဲ့သည်။

ဝိုချင်း ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် အခြားသော လူငယ်ပါရမီရှင် တစ်ဦးသည် စိန်ခေါ်ရန်အတွက် ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်သို့‌ ရောက်ရှိနေပြီ ဖြစ်၍ ဝူချင်းထက် များစွာ ပို၍ မြင့်မားသည်။

သို့သော် ထိုလူငယ်ပါရမီရှင်သည် ကောင်းကင်အင်‌မော်တယ် ဒုတိယအဆင့်သို့ ရောက်ရှိနေသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ဝူချင်းလောက်ပင် ကောင်းပုံမရပေ။

ကျန်းချန်က တစ်ချက်မျှ အကဲခတ်လိုက်ပြီးနောက်တွင် ခေါင်းခါရမ်းလိုက်သည်။

“လခွမ်း.. ဒီကောင်ကျန်းမင်က လုံးဝ အမှတ်သည်းခြေမရှိဘူးပဲ.. ပေဟန်အင်မော်တယ် တိုက်ပွဲစင်မြင့် ဆီကို ထပ်တက်သွားပြန်ပြီ”

ထိုအချိန်တွင် ကျန်းချန်၏ နံဘေးရှိ ရိုးသားဖြောင့်မတ်သော အသွင်အပြင် ရှိသည့် လူငယ်တစ်ဦးသည် မချိတင်ကဲ ရေရွတ်လိုက်သည်။

ကျန်းချန်က ရိုးသားဖြောင့်မတ်သော လူငယ်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

“ဒီကညီနောင်.. ပေဟန်အင်မော်တယ်ပြိုင်ပွဲစင်မြင့် အကြောင်းကို ကျွန်တော် မသိလို့ပါ.. ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို ရှင်းပြလို့ရမလား”

“မင်းက စင်မြင့်ပေါ်တက်ပြီး ယှဥ်ပြိုင်ချင်လို့လား”

ရိုးသားဖြောင့်မတ်သော လူငယ်သည် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် ကျန်းချန်ကို အလွန်တက်ကြွစွာဖြင့် ရှင်းပြပေးခဲ့သည်။

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်သည် လူငယ်ပါရမီရှင်များအတွက် အထူးပြုလုပ်ထားသော ပြိုင်ပွဲစင်မြင့် တစ်ခု ဖြစ်ပြီး အသက်ငါးထောင်အောက် လူငယ်ပါရမီရှင်များသာ ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ဆီသို့ တက်ရောက်နိုင်သည်။

သို့သော်လည်း ပြိုင်ပွဲ၏ စည်းမျဥ်းအရ အဆင့်တူ အချင်းချင်းသာ ယှဥ်ပြိုင်ရမည် ဖြစ်သည်။

ယင်းမှာ ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးက ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်သို့ တက်လှမ်းသွားခဲ့လျှင် သူ၏ ပြိုင်ဘက်သည်လည်း ကောင်းကင်အင်‌မော်တယ် ပထမအဆင့်သာ ဖြစ်ရမည်ဟု ဆိုလိုခြင်းပင်။

ဤကဲ့သို့ ပြိုင်ပွဲစည်းမျဥ်းကြောင့်ပင် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်တွင် သုံးပွဲဆက်တိုက် အနိုင်ရရှိရန်မှာ ပို၍ ခက်ခဲလာခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ပေါ်တွင် ယှဥ်ပြိုင်သူများသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ အတွင်းရှိ ထူးချွန်သော ပါရမီရှင်များ ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။

သို့ဖြစ်ရာ အဆင့်တူ အတွင်းမှ လူငယ်ပါရမီရှင် သုံးဦးကိုဆက်တိုက် အနိုင်ယူရန်မှာ မည်မျှ ခက်ခဲမည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။

ရိုးသားဖြောင့်မတ်သော လူငယ်ထံကနေ ပြိုင်ပွဲစည်းမျဥ်းများကို ကြားလိုက်ရပြီးနောက်တွင် ကျန်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိခဲ့ပေ။

ဆိုရလျှင် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်၏ ပြိုင်ပွဲစည်းမျဥ်းများသည် ကျန်းချန် အတွက် အားသာချက်ပင် ရှိနေခဲ့သည်။

သူက သူ့ထက် ကျင့်ကြံခြင်းအဆင့် များစွာ သာလွန်သော ပါရမီရှင် အချို့နှင့် တွေ့ဆုံခဲ့လျှင် ရင်မဆိုင်နိုင်မည်ကို မူလက စိုးရိမ်နေခဲ့၏။

ပြိုင်ပွဲစည်းမျဥ်းအရ အဆင့်တူ အတွင်းသာ တိုက်ခိုက်ရမည်ဆိုလျှင် သူ့အနေဖြင့် ပြိုင်ပွဲစင်မြင့်ထက်တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက် အားလုံးသည် ကောင်းကင်အင်‌‌မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည်။

လော့ကျင်းလင် ကဲ့သို့ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အစွမ်းထက်ပါရမီရှင် ဖြစ်နေပါစေ၊ သူ့အတွက် လုံးဝခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် ပြိုင်ပွဲစင်မြင့် ပေါ်မှ တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။

ကျန်းမင် အမည်ရှိ လူငယ်ပါရမီရှင်သည် တစ်ဖက်မှ ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်လူငယ်၏ တိုက်ခိုက်မှုကြောင့် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ပေါ်ကနေ လွင့်ထွက်သွားခဲ့သည်။

တိုက်ပွဲ ပြီးဆုံးပြီးနောက်တွင် မည်သူကမျှ ပြိုင်ပွဲစင်မြင့်ပေါ်သို့ ဆက်လက် တက်ရောက်ခြင်း မရှိသည်ကို တွေ့လိုက်ရလျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ လျှပ်တစ်ပြက်အတွင်း ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ပေါ်၌ ပေါ်လာခဲ့သည်။

သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရပ်နေရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ စိန်ခေါ်လိုက်သည်။

“ငါက ကျန်းချန်ပါ.. ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ပါ...ဒီနေ့ ပြိုင်ပွဲစင်မြင့်ပေါ် တက်လာတာကတော့ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ပါရမီရှင် အားလုံးကို စိန်ခေါ်ဖို့အတွက်ပဲ.. ငါနဲ့ ရင်ဆိုင်ဖို့ ဆန္ဒရှိတဲ့သူ ရှိပါသလား”

ကျန်းချန်၏ စကားအဆုံးတွင် ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။

လူတိုင်း၏ အကြည့်သည် ထိုအချိန်တွင် ကျန်းချန် ဆီသို့ စုပြုံ၍ ကျရောက်လာခဲ့၏။

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ပေါ်တွင် အသက်ငါးထောင်အောင် လူငယ်ပါရမီရှင်များသာ ယှဥ်ပြိုင်နိုင်ခွင့် ရှိသည်။

အသက်ငါးထောင်အောက်တွင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနိုင်သော လူငယ် ပါရမီရှင်များသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အလွန်တရာ ရှားပါး၏။

သိထားရမည့်အချက်မှာ ပေဟန်အင်မော်တယ် မြို့တော်၏ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ပါရမီရှင် အားလုံးနီးပါးသည် ထင်ရှားကျော်ကြားသော နာမည်ဂုဏ်သတင်း ရှိကြသူများ ဖြစ်ကြသည်။

သူတို့ရှေ့မှ မရင်းနှီးသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားကြပေ။

ကောင်းကင်အင်‌မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင်များ၏ တိုက်ပွဲသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ စိတ်လှုပ်ရှားဖွယ် ကောင်းပေလိမ့်မည်။

“ဟားဟား စိတ်ဝင်စားဖို့ ကောင်းသားပဲ.. ဒီနေ့ ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်မှာ ကောင်းကင်အင်‌မော်တယ်စတုတ္ထအဆင့် လူငယ်ပါရမီရှင်နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ငါ မင်းနဲ့ ရင်ဆိုင်မယ်”

ထိုအချိန်တွင် လူအုပ်ထဲကနေ ကြည်လင်ပြတ်သားသော ရယ်မောသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည့် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး ပေဟန်အင်မော်တယ်ပြိုင်ပွဲစင်မြင့် ပေါ်သို့ ဆင်းသက်လိုက်သည်။

သူက အားလုံးကြားလောက်သော လေသံဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

“ငါက ပေဟန်အင်‌မော်တယ် မြို့တော်ရဲ့ ကျိမိသားစုက ကျိကျင်းလုံပါ.. ငါ မင်းနဲ့ တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်”

ကျိကျင်းလုံက ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တွင် တိုက်ပွဲဝင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေခဲ့၏။

ပေဟန်အင်မော်တယ် မြို့တော်တွင် ပါရမီရှင်များစွာ ရှိသော်လည်း ကောင်းကင်အင်မော်တယ် စတုတ္ထ အဆင့်သို့ ရောက်ရှိနေသည့် လူငယ်ပါရမီရှင် သိပ်မရှိပေ။

ယင်းကြောင့် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်တွင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင်များ၏ တိုက်ပွဲသည် တွေ့ရခဲသော တိုက်ပွဲ ဆိုလည်း မမှားပေ။

ဤကာလအတွင်း ကျိကျင်းလုံသည် ကျင့်ကြံရာတွင် အဆင့်မတက်နိုင်ဘဲ ပိတ်ဆို့နေသည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

ထို့ကြောင့် အဆင့်တက်နိုင်ရန် အတွက် တိုက်ပွဲကို အသုံးချလိုသော်လည်း သူနှင့် သင့်တော်သော ပြိုင်ဘက်ကို ရှာမတွေ့ခဲ့ပေ။

ယခုအခါတွင်မူ ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်တွင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင် တစ်ဦးက စင်ပေါ်သို့ တက်လာကာ စိန်ခေါ်လာခဲ့ချေပြီ။

ထို့ကြောင့် ကျိကျင်းလုံက တုံ့ဆိုင်းမနေဘဲ စင်မြင့်ပေါ်သို့ တက်လာခဲ့ခြင်းပင်။

“ကျိမိသားစုက ကျိကျင်းလုံပါလား.. ဒီလူ စင်မြင့်ပေါ် တက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ငါတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်ထင်တယ်”

စင်မြင့်ပေါ်သို့ ကျိကျင်းလုံ တက်လာသည်ကို မြင်လျှင် အောက်ဘက်ရှိ ပရိသတ်များထံကနေ တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

ပေဟန်အင်မော်တယ်မြို့တော်တွင် အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အပြင် အစွမ်းထက် တလော့အဆင့် အင်အားစု များစွာလည်း ရှိသည်။

ဥပမာအားဖြင့် ပေဟန်အင်မော်တယ် မြို့တော်ရှိ ကျိမိသားစုသည် မြို့တော်၏ ထိပ်တန်းအဆင့် တလော့ အင်အားစုများထဲမှ တစ်ခု ဖြစ်၏။

ထို့အပြင် ကျိမိသားစု၏ မျိုးဆက်သစ် လူငယ်များထဲတွင် နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည့် ကျိကျင်းလုံသည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်တစ်ဦးလည်း ဖြစ်၏။

ကျိကျင်းလုံသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီးပါရမီရှင် ဆယ်ဦးထဲတွင် မပါဝင်သော်လည်း ထိပ်သီးပါရမီရှင် ဆယ်ဦးထက် များစွာ မနိမ့်ကျပေ။

“မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နယ်မြေရဲ့ အဓိကမြို့တော်လို့ မပြောရဘူး.. တကယ်ကို ကျား၊နဂါးတွေ ခိုအောင်းနေတဲ့ နေရာပဲ.. ပါရမီရှင်‌တွေက မိုးသီးမိုးပေါက်တွေလို များပြားလွန်းတယ်”

ကျန်းချန်၏ အကြည့်က ကျိကျင်းလုံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီးနောက်တွင် ကျန်းချန်သည် စိတ်ထဲကနေ ရေရွတ်မိလိုက်သည်။

သူက ကျိကျင်းလုံကို ယဥ်ကျေးစွာ ပြောဆိုလိုက်သည်။

“ညီနောင်ကျိ.. စတိုက်လို့ရပြီ”

“ကောင်းပြီ”

ကျိကျင်းလုံက အားနာမနေတော့ဘဲ သူ၏ လက်သီးကို ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ခရမ်းရောင်စွမ်းအားများသည် သူ၏ လက်သီး တစ်ဝိုက်တွင် စုစည်းသွားခဲ့ပြီး ကျန်းချန်ထံ လက်သီး တစ်လုံး ပစ်သွင်းလိုက်သည်။

ကျန်းချန်က လက်ချောင်းမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်ပြီး ကျိကျင်းလုံ၏ လက်သီးချက်ကို ချေမှုန်းပစ်လိုက်သည်။

“စိတ်ဝင်စားစရာပဲ”

ကျိကျင်းလုံ၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။

သူ၏ တိုက်ပွဲဝင်လိုစိတ်က ယခင်ထက် ပိုမို၍ ဖြစ်ပေါ်လာခဲ့သည်။

အစောပိုင်းက တိုက်ခိုက်မှုသည် အကဲစမ်းသည့် တိုက်ခိုက်မှုမျှသာ ဖြစ်သော်လည်း ကျိကျင်းလုံသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ခံစားမိခဲ့သည်။

ဆိုရလျှင် သူ့ရှေ့မှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင်သည် သူနှင့် ကောင်းစွာ တိုက်ခိုက်နိုင်သည့် အရည်အချင်း အမှန်တကယ် ရှိနေခဲ့၏။

“မင်းက တကယ်ကို ပြိုင်ဘက်ကောင်း တစ်ယောက်ပဲ.. ငါ အားနာမနေတော့ဘူး”

ကျိကျင်းလုံက ကျန်းချန်ကို ကျယ်လောင်စွာ ချီးကျူးလိုက်သည်။

ထို့နောက်တွင် ‌ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ကနေ အစွမ်းကုန် ပေါက်ကွဲ ထွက်လာခဲ့တော့သည်။

အခန်း(၂၈၀၂)ပြီး၏။

All Chapters