← Chapters

အခန်း ၂၈၀၃

Vol. 221 Ch. 2803

အခန်း ၂၈၀၃

Vol. 221 Ch. 2803

အခန်း(၂၈၀၃)

ကျိကျင်းလုံက သူ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး ကျန်းချန်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

လက်သီးချက်နှင့်အတူ အင်မော်တယ်စွမ်းအင်များသည် အနှိုင်းမဲ့ သားရဲကြီးတစ်ကောင် ဟိန်းဟောက်ကာ ပြေးဝင်လာသကဲ့သို့ ကျန်းချန်ထံ တစ်ဟုန်ထိုး ဦးတည်လာခဲ့သည်။

ကျန်းချန်က ထျန်းယွမ်အင်‌မော်တယ်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ တောက်ပသော ရွှေရောင်ဓားအလင်းသည် ကျိကျင်းလုံ၏ လက်သီးစွမ်းအားနှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။

အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိပုံရသော ရွှေရောင် ဓားအလင်းသည် ကျိကျင်းလုံ၏ လက်သီးစွမ်းအားကို ချက်ချင်းဆိုသလိုပင် ချေမှုန်းပစ်လိုက်သည်။

ယင်းနောက်တွင် ရွှေရောင်ဓားအလင်းသည် အရှိန်မလျော့သေးဘဲ ကျိကျင်းလုံ ထံသို့ ဆက်လက် တိုးဝင်သွားခဲ့၏။

သူ၏ လက်သီးချက်က ကျန်းချန်၏ ဓားချက်ဖြင့် ချေမှုန်းခံလိုက်ရသည်ကိုမြင်လျှင် ကျိကျင်းလုံသည် နောက်သို့ ဆုတ်မသွားဘဲ ကျန်းချန် ထံသို့ တိုက်ရိုက်ဆိုသလို တိုးဝင်လာခဲ့သည်။

“ဝုန်း..”

ထိုအခါ ကျိကျင်းလုံ၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း တိုးဝင်လာသည့် ရွှေရောင်ဓားအလင်းနှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့၏။

ကျိကျင်းလုံက သူ၏ လက်မောင်း ထုံကျင်သွားသည်ကို ရုတ်တရက် ခံစားမိလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကလည်း နောက်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားခဲ့ကာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများပင် ဗြောင်းဆန်သွားခဲ့သည်။

“ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ”

ကျိကျင်းလုံက စိတ်နှလုံးထဲတွင် အတော်လေး ထိတ်လန့်နေခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် ကျိကျင်းလုံသည် အတွေးများနေရန် အချိန်မရှိပေ။

ကျန်းချန်က ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ကိန်းအောင်းနေသည့် ဓားအလင်းတန်းသည် ကျိကျင်းလုံထံသို့ ဦးတည်လာခဲ့သည်။

“ချေမှုန်းစမ်း”

ကျိကျင်းလုံက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

လက်သီးအလင်းသည် ခရမ်းရောင်နဂါးရိပ် တစ်ခု အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး နဂါးဟိန်းဟောက်သံများနှင့် အတူ သူ့ထံသို့ ဦးတည်လာသည့် သတ်ဖြတ်ခြင်းစွမ်းအားများ ကိန်းအောင်းနေသော ဓားအလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

“ဝုန်း...”

ကျိကျင်းလုံက လက်သီးချက်ဖြင့် ကျန်းချန်၏ ဓားအလင်းကို ချေမှုန်းနိုင်ခဲ့သည်။

သို့သော်လည်း ကျိကျင်းလုံက ကျန်းချန်၏ ဓားချက်ကို ချေမှုန်းပြီး အသက်ပင် ကောင်းစွာ မရှူရသေးမီမှာပင် ပိုမို ကြောက်မက်ဖွယ်ရာကောင်းသော နောက်ထပ် ဓားချက်တစ်ချက်သည် ကျိကျင်းလုံ ထံသို့ သက်ရောက်လာခဲ့သည်။

“တလော့အဆင့်နည်းစနစ်.. ခရမ်းရောင်နဂါးသတ် လက်သီးသိုင်း”

ကျိကျင်းလုံက မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်ကာ ကျိမိသားစု၏ တလော့အဆင့်နည်းစနစ် ဖြစ်သည့် ခရမ်းရောင်နဂါးသတ် လက်သီးသိုင်းကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ပေတစ်ရာခန့် အရှည်ရှိသည့် ကြောက်မက်ဖွယ် ခရမ်းရောင်နဂါးကြီးသည် ကျန်းချန်၏ ဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

ခရမ်းရောင်နဂါးနှင့် ဓားအလင်းက လေထုထဲတွင် တစ်ခဏမျှ ရောယှက်နေပြီးနောက်တွင် အဆုံးသတ်၌ ပေါက်ကွဲသွားခဲ့သည်။

ကျိကျင်းလုံ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး တစ်ကိုယ်လုံးသည်လည်း ပေတစ်ရာခန့် အကွာအဝေးသို့ လွင့်ထွက်သွားခဲ့ကာ မျက်နှာထက်တွင်လည်း ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် ပေဟန်အင်မော်တယ်ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် နောက်ထပ်ဓားအလင်းတစ်ခုက ကျန်းချန် ထံကနေ ပေါ်ထွက်လာခဲ့သည်။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း”

ကျန်းချန်က အင်‌မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ တတိယဓားကွက်ဖြစ်သည့် အင်မော်တယ်များကို သတ်ဖြတ်ခြင်း ဓားကွက်ကို ထုတ်ဖော်ကာ ကျိကျင်းလုံကို ခုတ်ပိုင်းလိုက်သည်။

ကျိကျင်းလုံက သွားများကို အံကြိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အင်‌မော်တယ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အကာအကွယ်အလွှာ အဖြစ် ဖန်တီး၍ သူ့ထံသို့ သက်ရောက်လာသည့် ဓားအလင်းကို ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် အထက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျိကျင်းလုံ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ်‌ ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်၏ ပြင်ပသို့ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

ကျိကျင်းလုံက ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်၏ အောက်ဘက်သို့ အရှက်တကွဲ ကျဆင်းသွားခဲ့ချေပြီ။

ဤအခိုက်အတန့်တွင် ကျိကျင်းလုံသည် ပြိုင်ပွဲစင်မြင့် ပေါ်ရှိ ကျန်းချန်ကို ကြည့်ကာ အတော်လေး ထိတ်လန့် တုန်လှုပ်နေခဲ့၏။

ယနေ့တွင် သူက ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်တွင် ကောင်းကင်အင်‌မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင် တစ်ဦးနှင့် ရှားရှားပါးပါး ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။

သူက ထိုတိုက်ပွဲမှ တစ်ဆင့် အဆင့် ထိုးဖောက်နိုင်မည့်အခွင့်အလမ်းအား ရှာဖွေမည်ဟု မူလက ထင်မှတ်ထားခဲ့၏။

သို့ရာတွင် မမျှော်လင့်ဘဲ ပြိုင်ဘက်က သူ့ကို ဓားကွက် သုံးကွက်တည်းဖြင့်ပင် အနိုင်ယူသွားခဲ့သည်။

ရုတ်တရက် ပေါ်ထွက်လာသော ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင်သည် ပါရမီနှင့်နောက်ခံ ကဲ့သို့ ကဏ္ဍပေါင်းစုံတွင် သူ့ထက် တစ်ဆင့်မက မြင့်မားနေခဲ့၏။

သူတို့‌ရှေ့မှ မြင်ကွင်းကြောင့် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက မှင်တက်နေခဲ့ကြပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ပေဟန်အင်မော်တယ် မြို့တော်ရှိ ကျိမိသားစုမှ ပြိုင်ဘက်ကင်းပါရမီရှင် ကျိကျင်းလုံသည် ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲတွင် အရေးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ပေ။

ကျိကျင်းလုံသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီး ဆယ်ယောက် စာရင်းတွင် မပါဝင်သော်လည်း ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်းတွင် ပါဝင်ရန်မှာမူ သေချာပေါက် လုံလောက်၏။

သို့ရာတွင် ကျိကျင်းလုံ၏ ခွန်အားဖြင့်ပင် ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားချက် သုံးချက်တည်းဖြင့် အမှန်တကယ် အရေးနိမ့်သွားခဲ့သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ပေဟန်အင်မော်တယ် မြို့တော်တွင် ဤကဲ့သို့ မွန်းစတားဆန်သော ပါရမီရှင် တစ်ဦး မည်သည့် အချိန်က ပေါ်လာခဲ့ပါသနည်း။

“ကျိကျင်းလုံက ဒီလိုမျိုး အရေးနိမ့်သွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”

“ဒီလူရဲ့ ခွန်အားက တကယ်ကို သာမန်ထက် ထူးခြားပြီး ကြောက်စရာပဲ.. မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နယ်မြေရဲ့ ထိပ်သီးပါရမီရှင် ဆယ်ဦးနဲ့ နှိုင်းယှဥ်ရင်တောင် မနိမ့်ကျလောက်ဘူး.. ဒီနေ့ ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ပေါ်မှာ ပွဲကြီးပွဲ‌ကောင်းတွေ ထပ်ကြည့်ရတော့မယ် ထင်တယ်”

“...........”

လူတိုင်းက ကျန်းချန်ကို အံ့အားသင့်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြပြီး တိုက်ပွဲအကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။

ကျန်းချန်က ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်တွင် ကျိကျင်းလုံကို အနိုင်ယူပြီးနောက်တွင် ပတ်ဝန်းကျင်ကို အသာအယာ ဝေ့ကြည့်လိုက်သည်။

ထို့နောက် သူ၏ အေးစက် တည်ငြိမ်သော စကားသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။

“ငါနဲ့ တိုက်ခိုက်ဖို့ ဆန္ဒရှိတဲ့သူ ရှိသေးလား”

“ရှိတယ်”

ကျန်းချန်က စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူရိပ်တစ်ခုသည် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်သို့ ပျံသန်းလာခဲ့သည်။

ရောက်ရှိလာသူမှာ စူးရှသော မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး အဖြူရောင်တိမ်တိုက် သဏ္ဌာန် ချည်ထိုးဝတ်ရုံကို ဝတ်ဆင်ထားကာ ကျောပေါ်တွင် ငွေရောင်ဓားရှည် တစ်လက်ကို လွယ်ပိုးထား၏။

“ယင်ကျန့် အင်မော်တယ်ဂိုဏ်းက ယင်ရွဲ့ပါလား”

စင်ပေါ်တက်လာသော လူငယ်ကိုမြင်လျှင် လူတိုင်းသည် တအံ့တဩ ရေရွတ်လိုက်ကြသည်။

ယင်ကျန့်အင်‌မော်တယ်ဂိုဏ်းသည် ပေဟန်ပြည်နယ်ရှိ ထိပ်တန်း တလော့အဆင့် အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်း ဖြစ်ပြီး ဓားပညာရပ်ဖြင့် ကျော်ကြားသောဂိုဏ်းလည်း ဖြစ်သည်။

ယင်ရွဲ့သည် ယင်ကျန့် အင်မော်တယ်ဂိုဏ်း၏ နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီးစာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

​သူက ထိပ်သီးဆယ်ဦး စာရင်းတွင် မပါဝင်ခဲ့သော်လည်း တစ်ချိန်က ထိပ်သီး ပါရမီရှင် စာရင်း၌ အဆင့် တစ်ဆယ့်ငါး ရှိခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ လူငယ်ပါရမီရှင် စာရင်းသည် အသက်တစ်ထောင်အောက် ကျင့်ကြံသူများကိုသာ စာရင်းသွင်းသောကြောင့် လက်ရှိ ထိပ်သီးပါရမီရှင် စာရင်းတွင် ယင်ရွဲ့၏ အမည်မပါရှိခြင်း ဖြစ်သည်။

သို့ရာတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အဆင့် တစ်ဆယ့်ငါး နေရာ၌ ရှိခဲ့ဖူးသော ဓားလမ်းစဥ် အင်မော်တယတစ်ပါး ဖြစ်၍ ယင်ရွဲ့၏ ခွန်အားသည် ပြိုင်ဘက်ကင်းဟုပင် ဆို၍ရသည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပါရမီရှင်စာရင်းတွင် ပါဝင်ခဲ့စဥ်က ယင်ရွဲ့သည် ကောင်းကင်အင်မော်တယ် တတိယအဆင့်မျှသာ ရှိသေးသည်။

ယခု ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ရာ ယင်ရွဲ့၏ ခွန်အားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီးဆယ်ဦး စာရင်းတွင် ပါဝင်ရန် သေချာပေါက် လုံလောက်နေပြီ ဖြစ်၏။

“ငါက ယင်ကျန့်အင်မော်တယ်ဂိုဏ်းက ယင်ရွဲ့ပါ.. မင်းရဲ့ဓားပညာရပ်က ထူးခြားတဲ့အတွက် တိုက်ခိုက်ဖို့ တက်လာခဲ့တာပဲ”

ယင်ရွဲ့၏ စကားသံ အဆုံးသတ်သည်နှင့် သူ၏ ကျောပေါ်မှ ငွေရောင်ဓားရှည် ထံကနေ ကြည်လင်သော ဓားမြည်သံ တစ်သံ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ယင်ရွဲ့၏ လက်ဖဝါးထဲသို့ ရောက်ရှိသွားခဲ့သည်။

ကျန်းချန်က ယင်ရွဲ့ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“စတိုက်လို့ရပြီ”

ယင်ရွဲ့က ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်၍ ငွေရောင်ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်ရာ ဓားအလင်းသည် ကြီးမားသော ငွေရောင်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်က ထျန်းယွမ်အင်မော်တယ်ဓားဖြင့် လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။

ဓားအလင်းက ငွေရောင်ဓားကြီး ပေါ်သို့ ကျရောက်သွားခဲ့ပြီး ငွေရောင်ဓားကြီးကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။

“တကယ်ကို နက်ရှိုင်းတဲ့ ဓားပညာရပ်ပါလား”

သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ယင်ရွဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဓားလမ်းစဥ်တွင် ထူးချွန်သော လူငယ်ပါရမီရှင် တစ်ဦး ဖြစ်၍ ယင်ရွဲ့သည် ဓားပညာရပ်နှင့် ပတ်သက်၍ အလွန်အမင်း အာရုံခံစားနိုင်စွမ်း ရှိသည်။

ကျန်းချန် ယခုလေးတင် ထုတ်ဖော်လိုက်သော ဓားချက်သည် အတော်လေး ရိုးရှင်းပုံ ရသော်လည်း ခန့်မှန်းရခက်ခဲသည့် အလွန်တရာ နက်ရှိုင်းသော စွမ်းအားတစ်ခု ပါဝင်နေခဲ့သည်။

ဤကဲ့သို့သော စွမ်အားမျိုးသည် တလော့အဆင့်ကို သေချာပေါက် ကျော်လွန်နေပြီး အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမျိုး ဖြစ်နိုင်သည်ဟု သူထင်မြင်မိ၏။

အခန်း(၂၈၀၃)ပြီး၏။

All Chapters