← Chapters

အခန်း ၂၈၀၄

Vol. 221 Ch. 2804

အခန်း ၂၈၀၄

Vol. 221 Ch. 2804

အခန်း(၂၈၀၄)

ယင်ရွဲ့၏ မျက်နှာအမူအရာ လေးနက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် စွမ်းအားများကို လက်ထဲရှိ ငွေရောင်ဓားရှည် ဆီသို့ စီးဝင်စေခဲ့သည်။

“မင်းရဲ့ ဓားပညာရပ်က တကယ်ကို ဆန်းကြယ်တာပဲ.. င့ါရဲ့ဓားချက် တစ်ချက်ကို ခံယူကြည့်လိုက်ပါဦး”

ယင်ရွဲ့က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ငွေရောင် ဓားအလင်းတန်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အစပိုင်းတွင် ထိုငွေရောင် ဓားအလင်းသည် သုံးပေခန့်သာ ရှည်လျားသော်လည်း လေထုထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ငွေရောင်ဓားအလင်းသည် ကောင်းကင်နှင့်မြေပြင်ကို ဖောက်ထွင်းသွားသည့် ငွေရောင် သက်တန့်ရှည်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပေဟန်အင်မော်တယ်ပြိုင်ပွဲစင်မြင့် အထက်ရှိ ကောင်းကင်ယံကို ဓားချက်တစ်ချက်တည်းဖြင့် နှစ်ခြမ်း ခွဲပစ်လိုက်သည်။

ထိုဓားချက်၏ စွမ်းအားသည် လော့ကျင်းလင် အစွမ်းကုန် ထုတ်ဖော်လိုက်သော ဓားကွက်ထက် အားမနည်းပေ။

သို့ရာတွင် ယင်ယွဲ့ထံမှ အစွမ်းထက် ဓားချက်ကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ မျက်နှာ အမူအရာကမူ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိခဲ့ပေ။

သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ချက်ချင်းဆိုသလို လှုံ့ဆော်လိုက်ပြီး နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်ရာ သူ၏ ကျောဘက်တွင် ပျက်စီးခြင်းဓားပုံရိပ် ထွက်ပေါ်လာခဲ့သည်။

“ဝုန်း..”

ငွေရောင် သက်တန့်ရှည်ကြီးနှင့် ပျက်စီးခြင်း ဓားပုံရိပ်တို့ ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်၏ အထက် ကောင်းကင်ယံ တစ်ခုလုံးတွင် မတူညီသော ဓားချီနှစ်ခုဖြင့် ပြည့်နှက်သွားခဲ့ပြီး ဟင်းလင်းပြင်သည်ပင် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။

ယင်ရွဲ့က ပြိုကွဲနေသော ဟင်းလင်ပြင်ထဲတွင် နောက်သို့ ခြေလှမ်း ဆယ်လှမ်းခန့်မက ဆက်တိုက်ဆိုသလို ဆုတ်ခွာလိုက်ပြီးမှ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော ယင်ရွဲ့၏ အကြည့်က ပို၍ပင် လေးနက်လာခဲ့၏။

သူအစွမ်းကုန် ထုတ်‌ဖော်လိုက်သော ဓားချက်သည် အနည်းငယ်မျှပင် အသာစီးမရခဲ့သည့် အပြင် လုံးဝ အရေးနိမ့်သည့် အနေအထားသို့ပင် ရောက်ရှိနေခဲ့သည်။

သူ့ရှေ့မှ အနက်‌ရောင်ဝတ်စုံဝတ် လူငယ်သည် ကျိကျင်းလုံကို ဓားချက် သုံးချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းမှာ မဆန်းတော့ပေ။

ထိုလူငယ်၏ ခွန်အားသည် အမှန်တကယ်ပင် ထူးခြားလွန်းနေခဲ့၏။

“တလော့အဆင့် နည်းစနစ်.. ကောင်းကင်ယံမှာ ငွေရောင်နေမင်း ထွန်းလင်းခြင်း”

ယင်ရွဲ့က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအားများကို ထပ်မံ မြှင့်တင်လိုက်သည်။

ထို့နောက်တွင် သူ၏ လက်ထဲရှိ ငွေရောင်ဓားရှည်ထံကနေ ပို၍ တောက်ပသော ငွေရောင်ဓားအလင်း ထွက်ပေါ်လာခဲ့သည်။

ထိုတောက်ပသော ငွေရောင်အလင်းသည် ယင်ရွဲ့၏ ရှေ့မှာပင် ငွေရောင်နေမင်းတစ်စင်း အဖြစ် ပုံဖော်သွားခဲ့သည်။

ငွေရောင်နေမင်း ထံမှ တစ်ဟုန်ထိုး တောက်လောင်နေသော မီးလျှံများကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်သည်ပင် ဘာမှ မကျန်ရှိသည် အထိ ပြိုကွဲပျက်စီးသွားခဲ့၏။

“အပြာရောင်ဧကရာဇ်ဓားသိုင်း”

ယင်ရွဲ့၏ အစွမ်းထက် ဓားချက်ကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။

သူက အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်ရာ တောက်ပသော ဓားအလင်းသည် ဟင်းလင်းပြင်ထက်တွင် အလင်းတံခါး တစ်ချပ်ကို ဖွင့်လှစ်လိုက်သည်။

ထို့နောက်တွင်မူ အလင်းတံခါး ထဲကနေ အပြာရောင်ပုံရိပ် တစ်ခု ပေါ်ထွက်လာခဲ့ပြီး ဓားကွက် တစ်ကွက်ကို ထုတ်‌ဖော်လိုက်သည်။

ထိုဓားချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေပြင်သည် အရောင်အဆင်း ကင်းမဲ့သွားခဲ့ပြီး နေနှင့်လတို့ပင် မှေးမှိန်သွားခဲ့သည်။

အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပုံ ရသည့် ကောင်းကင်ယံမှ ငွေရောင်နေမင်းကြီးသည်ပင် ကျန်းချန်၏ ဓားချက်ကြောင့် ထက်ပိုင်းပြတ်သွားခဲ့၏။

ငွေရောင်နေမင်းကို ချေမှုန်းပြီးနောက်တွင် ကျန်းချန်၏ ဓားအလင်းသည် ယင်ရွဲ့ကို အသက်ရှူရန်ပင် အခွင့်အရေး လုံးဝမပေးဘဲ ယင်ရွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ဆိုသလို ကျရောက်သွားခဲ့သည်။

“ဖူး..”

ယင်ရွဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ပေရာချီ အကွာအဝေးသို့ အရှက်တကွဲ လွင့်ထွက်သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူက ဖြူဖျော့သောမျက်နှာဖြင့် ကျန်းချန်ကို ကြည့်လိုက်၏။

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

သူ့ရှေ့မှ အနက်‌ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်အမင်းအစွမ်းထက်ကြောင်း သူသိထားသော်လည်း တိုက်ခိုက်ရေးစွမ်းရည်တွင် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက အစွမ်းကုန် ကြိုးစားခဲ့သည့်တိုင် ထိုလူငယ်နှင့် ယှဥ်ပြိုင်ရန် ခဲယဥ်းနေဆဲပင်။

“ယင်ကျန့်အင်မော်တယ်ဂိုဏ်းက ယင်ရွဲ့လည်း ရှုံးနိမ့်သွားပြီဟ”

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူအုပ်ကြီးသည် သူတို့ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကြရသည်။

ယင်ကျန့်အင်မော်တယ်ဂိုဏ်းမှ ပြိုင်ဘက်ကင်း ပါရမီရှင် ယင်ရွဲ့သည် ကျန်းချန်၏ ဓားချက် နှစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်သို့ တက်လှမ်းလာသော လူငယ်သည် အမှန်တကယ်ပင် မွန်းစတားဆန်သော ပါရမီရှင် တစ်ယောက် ဖြစ်နေခဲ့၏။

ကျန်းချန်က ပြိုင်ပွဲစင်မြင့် အထက်တွင် ဝင့်ကြွားစွာ ရပ်နေရင်း ယင်ရွဲ့ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး.. ဘယ်လိုလဲ ငါနဲ့ထပ်တိုက်ချင်သေးလား”

ကျန်းချန် တတ်မြောက်ထားသည့် အင်‌မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းဖြစ်စေ၊ အပြာရောင်ဧကရာဇ်ဓားသိုင်းဖြစ်စေ၊ မကြာသေးမီက တတ်မြောက်ခဲ့သော ကောင်းကင်ဧကရာဇ်စည်းတံဆိပ်ဖြစ်စေ၊ အရာအားလုံးသည် တလော့အဆင့်ကို ကျော်လွန်နေသည့် ပြိုင်ဘက်ကင်း နည်းစနစ်များ ဖြစ်ကြသည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှ ယင်ရွဲ့ကဲ့သို့ တလော့အဆင့် အင်အားစု၏ ပါရမီရှင်သည် အလွန်ပင် အစွမ်းထက်သော်လည်း အဆင့်တူ အတွင်း သူ့ကို ခြိမ်းခြောက်နိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပင်။

“မင်းက ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားတာပဲ.. ငါအရှုံးပေးပါတယ်”

ယင်ရွဲ့က ခါးသီးစွာ ပြုံးလိုက်ပြီး အဆုံးသတ်တွင် အရှုံးပေးရန် ရွေးချယ်လိုက်သည်။

အစောပိုင်းက ဓားချက်သည် ယင်ရွဲ့၏ အစွမ်းထက်ဆုံး ဓားချက် မဟုတ်သော်လည်း ယနေ့တွင် ယင်ရွဲ့သည် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်တွင် ကျန်းချန်ထံမှ သင်ယူရန်သာ ကြိုးစားနေခြင်း ဖြစ်ပြီး ကျန်းချန်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် အစီအစဥ် မရှိခဲ့ပေ။

ထို့အပြင် ကျန်းချန်နှင့် တိုက်ခိုက်ရာမှ တစ်ဆင့် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အတော်လေး နက်ရှိုင်းသည်ကို သူခံစားမိခဲ့သည်။

သူ့အနေဖြင့် သူအားအကိုးရဆုံး ဓားကွက်ကို ထုတ်သုံးခဲ့လျှင်ပင် ကျန်းချန်ကို အနိုင်ရရန်မှာ မသေချာပေ။

“ညီနောင်ကျန်းချန် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်မှာ သုံးပွဲဆက်တိုက် အနိုင်ရဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး.. နောက်ထပ် မင်းရင်ဆိုင်ရမှာက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ကောင်းကင်အင်‌မော်တယ်စတုတ္ထအဆင့် ပါရမီရှင်ဖြစ်နိုင်တယ်.. သတိထားပါ”

ထိုစကားကို ပြောပြီးနောက်တွင် ယင်ရွဲ့က လှည့်ထွက်သွားခဲ့ပြီး ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်ကနေ ပျံသန်း၍ ဆင်းသွားခဲ့သည်။

ယင်ရွဲ့ အရှုံးပေးသွားခြင်းနှင့် အတူ ကျန်းချန်သည် သံသယဖြစ်ဖွယ်ရာမရှိ နှစ်ပွဲဆက်တိုက် အနိုင်ရလဒ်ကို ရရှိသွားခဲ့၏။

နောက်ထပ်တစ်ပွဲ အနိုင်ရသည်နှင့် သူက ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်တွင် သုံးပွဲဆက်တိုက် အနိုင်ရရှိသူ ဖြစ်လာမည် ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အာရုံစိုက်မှုကို ရရှိမည် ဖြစ်ကာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကို ရရှိမည် ဖြစ်သည်။

သို့သော် ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခြင်းမှာ အလွန်တရာရှားပါးသော ကိစ္စတစ်ခုမှန်း မသိခဲ့ပေ။

ဆိုရလျှင် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်သို့ သူတက်လာစဥ်ကတည်းပင် မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နန်းတော်၏ အာရုံစိုက်မှုကို ရရှိထားခဲ့ပြီ ဖြစ်သည်။

“နောက်ထပ် ဘယ်သူ ငါနဲ့ တိုက်ချင်သေးလဲ”

ယင်ရွဲ့ အရှုံးပေးသွားပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် စိန်ခေါ်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ စိန်ခေါ်သံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပတ်ဝန်းကျင်သည် ချက်ချင်းဆိုသလိုပင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့ပြီး တစ်ခဏအတွင်း မည်သူမျှ ပြန်မဖြေခဲ့ကြပေ။

ဆိုရလျှင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင်များသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် အလွန်တရာ ရှားပါး၏။

ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ နာမည်ကျော် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ပါရမီရှင်နှစ်ဦး ဖြစ်သည့် ကျိကျင်းလုံနှင့် ယင်ရွဲ့ တို့ကို ဆက်တိုက် အနိုင်ယူခဲ့ပြီး အဆင့်တူ အတွင်း ပြိုင်ဘက်ကင်းခွန်အားကို ပြသခဲ့သည်။

ထို့ကြောင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်တွင် ကျန်းချန်နှင့် ယှဥ်ပြိုင်မည် ဆိုလျှင် မည်သူ့အတွက်မဆို ခက်ခဲလိမ့်မည် မဟုတ်ပါလား။

ယခင် လုပ်ရိုးလုပ်စဥ်များအရ ဆိုလျှင် တတိယမြောက်ပွဲသည် မြောက်ပိုင်းအေးစက်သော နန်းတော်မှ ပါရမီရှင်တပည့်တစ်ဦးနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိထားကြသည်။

ယခုတစ်ကြိမ်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်သည် မည်သူ့ကို စေလွှတ်မည်မှန်း မသိပေ။

ဤကဲ့သို့ စောင့်ဆိုင်းနေစဥ် အတွင်း ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပတ်ဝန်းကျင်ကို လူများ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြသည်။

ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်တွင် တစ်စုံတစ်ယောက်သည် ကောင်းကင်အင်‌မော်တယ် စတုတ္ထအဆင့် ပါရမီရှင်နှစ်ဦး ဖြစ်သည့် ကျိကျင်းလုံနှင့် ယင်ရွဲ့ တို့ကို အနိုင်ယူလိုက်သည့် သတင်းအား ကြားသိရပြီးနောက်တွင် သူတို့အားလုံးသည် ကျန်းချန်ကို မြင်တွေ့လိုသောကြောင့် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ထံသို့ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်းပင်။

ကျန်းချန်က သိပ်အကြာကြီး မစောင့်ဆိုင်းလိုက်ရပေ။

အပြာနုရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် အဆုံးသတ်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ဆီကနေ ကောင်းကင်ယံ ထက်သို့ ဖြည်းညင်းစွာ လှမ်းတက်လာခဲ့သည်။

ထိုလူငယ်၏ မျက်နှာက အေးစက်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အလွန်တရာ အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။

လူ မရောက်လာမီမှာပင် ကြောက်မက်ဖွယ်ရာကောင်းသော အေးစက်စက် အရှိန်အဝါကြောင့် ပတ်ဝန်းကျင် လေထု၏ အပူချိန်သည်ပင် ရုတ်တရက် နှစ်ဆခန့် ကျဆင်းသွားခဲ့သည်။

ထိုလူငယ်က ဖြည်းညင်းစွာ လှုပ်ရှားနေပုံ ရသော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် အထက်ရှိ ကောင်းကင်ယံတွင် ပေါ်လာခဲ့ပြီး ကျန်းချန်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။

သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။

ယင်းနောက်တွင် လူငယ်၏ အေးစက်စက် စကားသံသည် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က လန်ရှင်း‌ဟွေး.. မင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ်”

အခန်း(၂၈၀၄)ပြီး၏။

All Chapters