အခန်း ၂၈၀၆
Vol. 221 Ch. 2806
အခန်း(၂၈၀၆)
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. ကောင်းကင်နှင့်မြေပြင် ငြိမ်သက်တိတ်ဆိတ်ခြင်း”
ကျန်းချန်က လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကောင်းကင်နှင့်မြေပြင်ကို ဝါးမျိုနိုင်စွမ်းရှိသော ကြီးမားသော စည်းတံဆိပ်ကြီးသည် ချက်ချင်းဆိုသလိုပင် စုစည်းလာခဲ့ပြီး တစ်လောကလုံးကိုပင် တိတ်ဆိတ်သွားစေနိုင်လောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါများနှင့်အတူ အေးစက်သော ဓားအလင်းများနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော လေလှိုင်းများသည် အရပ်ရှစ်မျက်နှာကို တုန်ခါသွားစေခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးတွင် လေပြင်းနှင့်မိုးကြိုးသံများဖြင့် ပြည့်နှက်သွားခဲ့သည်။
ရေခဲ အစအနများက ကောင်းကင်ယံတွင် ပျံ့နှံ့နေခဲ့ရာ ဟင်းလင်းပြင်သည်ပင် အဆက်မပြတ် ပြိုလဲခြင်းနှင့် ပြန်လည် ဖွဲ့စည်းခြင်းများ ဖြစ်ပေါ်နေခဲ့၏။
ဤအခြေအနေက တစ်ခဏမျှ ဆက်လက်ဖြစ်ပွားပြီးနောက်တွင် လန်ရှင်းဟွေး၏ ဓားချက်သည် အဆုံးသတ်တွင် ကျန်းချန်၏ စည်းတံဆိပ်အောက်၌ ချေမှုန်းခံလိုက်ရသည်။
“ဝုန်း..”
လန်ရှင်းဟွေးက ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ထက်ကနေ ပေပေါင်းသောင်းချီ အကွာအဝေးအထိ လွင့်ထွက်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
အခြားတစ်ဖက်တွင်မူ ကျန်းချန်သည် ပြိုင်ပွဲစင်မြင့်ထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေခဲ့၏။
သူ၏ အနက်ရောင် ဆံပင်ရှည်များသည် လေထဲတွင် လွင့်ပျံနေခဲ့ပြီး ခန္ဓာကိုယ်ကနေ အားကောင်းသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေခဲ့ရာ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးနှယ် ထင်မှတ်ရသည်။
ဤအခိုက်အတန့်တွင် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်၏ ပတ်ဝန်းကျင် တစ်ခုလုံးသည် တစ်စပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက မျက်လုံးများ ပြုူးကျယ်နေခဲ့ပြီး မှင်တက်နေခဲ့ကြကာ သူတို့ မြင်လိုက်ရသည့် အရာကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်း ပါရမီရှင် ဆယ်ဦးစာရင်းတွင် အဆင့်လေးနေရာ၌ ရှိပြီး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည့် လန်ရှင်းဟွေးသည် ကျန်းချန်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်သို့ ရုတ်တရက် ရွှေ့လာသည့် ဤထူးဆန်းသော လူငယ်လေးသည် အမှန်တကယ်ပင် သာမန် မဟုတ်သော မွန်းစတားဆန်သည့် ပါရမီရှင် တစ်ဦး ဖြစ်နေခဲ့သည်။
“မင်း.. မင်းဘယ်သူလဲ”
လန်ရှင်းဟွေးက သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ပြီး ဖြူဖျော့သော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏ မျက်နှာထက်တွင် တုန်လှုပ် ချောက်ချားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ပါရမီရှင် တပည့်တစ်ဦး အနေဖြင့် လန်ရှင်းဟွေးသည် သူ၏ ပါရမီအပေါ်တွင် အလွန်အမင်း ယုံကြည်မှု ရှိခဲ့သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရရှိထားသော သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ပါရမီရှင်မှ လွဲ၍ လန်ရှင်းဟွေးသည် အဆင့်တူအတွင်း မည်သည့်ပြိုင်ဘက်ကိုမျှ မကြောက်ရွံ့ခဲ့ပေ။
သို့သော်လည်း ယခုတစ်ကြိမ် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ပေါ်တွင် ကျန်းချန် ဟူသည့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် လူငယ်ပါရမီရှင်နှင့် ရင်ဆိုင်ရချိန်တွင် သူ့အနေဖြင့် ဤမျှလောက်အထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အကယ်၍ ထိုကောင်လေးသာ သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ အင်မော်တယ်ဘုရင် အမွေအနှစ်ကို ဆက်ခံထားသော ပါရမီရှင်နှင့် အဆင့်တူနေမည် ဆိုလျှင် ထိုပါရမီရှင်ထက်ပင် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
ကျန်းချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ငါ့နာမည်က ကျန်းချန်ပါ.. နာမည်မရှိတဲ့ အညတရ ကျင့်ကြံသူလေး တစ်ယောက်ပါပဲ.. ဒီပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်ကို လာခဲ့တာက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဝင်ရောက်နိုင်ဖို့ အတွက်ပါ.. အခု ငါ့မှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို ဝင်ဖို့ အရည်အချင်းရှိပြီလား ဆိုတာ သိချင်ပါတယ်”
“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဝင်ဖို့လား”
ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။
ထိုလူငယ်၏ ပါရမီက ပြိုင်ဘက်ကင်းပြီး ခွန်အားကလည်း ထူးခြား၍ အနည်းဆုံး ထိပ်တန်းအဆင့် တလော့အင်အားစုများက အစွမ်းကုန် ပြုစုပျိုးထောင်ထားသည့် ပါရမီရှင် ဖြစ်နိုင်လောက်သည်။
သို့ဖြစ်ရာ ထိုလူငယ်သည် အဘယ်ကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲ ဝင်ရောက်ရန် ရုတ်တရက် ရောက်လာခဲ့ပါသနည်း။
“မင်းက ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်မှာ သုံးပွဲဆက်တိုက် အနိုင်ရခဲ့ပြီ ဆိုတော့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဝင်ခွင့်ရဖို့ အရည်အချင်း ပြည့်မီပါတယ်”
လန်ရှင်းဟွေးက တစ်ခဏမျှ မှင်တက်နေပြီးမှ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ မင်းအနေနဲ့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲ ဝင်နိုင် မဝင်နိုင် ဆိုတာက ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး.. နန်းတော်ထဲက အကြီးအကဲတွေဆီ ငါအကြောင်းကြားပေးပါ့မယ်”
“ဝုန်း..”
လန်ရှင်းဟွေး၏ စကားသံ အဆုံးတွင် ကောင်းကင်နှင့်မြေပြင် အကြား၌ ထူးဆန်းသော ဟင်းလင်းပြင်စွမ်းအင်လှိုင်း လှုပ်ခတ်မှု တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် တလော့အဆင့် အရှိန်အဝါတစ်ခုသည် ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်၏ အထက်ဟင်းလင်းပြင်တွင် ဝင့်ကြွားစွာ ရပ်နေသော အပြာရောင်ဝတ်စုံဝတ် ဆံဖြူအဘိုးအို တစ်ဦးကို အားလုံးက မြင်လိုက်ရသည်။
“အကြီးအကဲ”
ရောက်ရှိလာသော အဘိုးအိုကိုမြင်လျှင် လန်ရှင်းဟွေးသည် တရိုတသေဖြင့် ဦးညွှတ် အရိုအသေ ပေးလိုက်သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အရည်အချင်းအရှိဆုံး ပါရမီရှင်များထဲမှ တစ်ဦး အနေဖြင့် လန်ရှင်းဟွေး၏ အဆင့်အတန်းသည် အလွန်တရာ မြင့်မားပြီး သာမန် အကြီးအကဲများထက်ပင် မနိမ့်ကျပေ။
သူ့ရှေ့မှ ပုဂ္ဂိုလ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ထိပ်တန်း အကြီးအကဲသုံးဦး အနက် တစ်ဦးဖြစ်သည့် ပိုင်မင်ချွမ် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တလော့အင်မော်တယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ သူ၏ ခွန်အားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် လက်ချိုးရေတွက်၍ ရသော အဆင့်တွင် ရှိသည်။
ထို့ကြောင့်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ထိပ်တန်းပါရမီရှင် ဖြစ်သော လန်ရှင်းဟွေးသည် ပိုင်မင်ချွမ်နှင့် ရင်ဆိုင်ရချိန်တွင် ရိုသေလေးစားသောအမူအရာ ရှိနေခဲ့ခြင်းပင်။
ပိုင်မင်ချွမ်က လန်ရှင်းဟွေးကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင် သူ၏ အကြည့်သည် ကျန်းချန် ဆီသို့ ကျရောက်သွားခဲ့၏။
“ကောင်လေး.. မင်းဆီမှာ အံ့ဩစရာကောင်းတဲ့ အမွေအနှစ်တွေ ရှိနေတာပဲ.. မင်းရဲ့ဇာစ်မြစ်က သာမန်မဟုတ်တာ သေချာတယ်.. မင်း ဘာကြောင့် ငါတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဝင်ချင်ရတာလဲ”
လန်ရှင်းဟွေးနှင့် ကျန်းချန်တို့၏ တိုက်ပွဲ မစတင်မီကပင် ပိုင်မင်ချွမ်သည် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် အနီးသို့ ရောက်ရှိနေခဲ့ပြီး တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ပိုင်မင်ချွမ်၏ မြင်နိုင်စွမ်းအရ ဆိုလျှင် ကျန်းချန် အစောပိုင်းက ထုတ်ဖော်ခဲ့သော နည်းစနစ်သည် တလော့အဆင့်ကို ကျော်လွန်နေသည့် အင်မော်တယ်ဘုရင်အဆင့် အမွေအနှစ် ဖြစ်မှန်း သိမြင်ရန် မခဲယဥ်းပေ။
ဆိုရလျှင် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသောသူများသည် မည်သည့်နည်းနှင့်မျှ သာမန်လူများ မဟုတ်ကြပေ။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အာဏာရှင်ဖြစ်ပြီး အင်မော်တယ်ဘုရင်အဆင့် အင်အားစုများထဲမှ တစ်ခု ဖြစ်သော်လည်း ကျန်းချန် ကဲ့သို့ လူမျိုး အတွက်မူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် ဆွဲဆောင်မှု သိပ်ရှိလိမ့်မည် မဟုတ်ချေ။
“ကျွန်တော်က အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို သွားပြီး မိတ်ဆွေဟောင်း တစ်ယောက်ကို ရှာဖွေချင်လို့ပါ.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် ဆီကို အဖွဲ့တစ်ဖွဲ့ စေလွှတ်တော့မယ်လို့ ကြားမိတာကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်ကို ဝင်ဖို့ ရောက်လာခဲ့တာပါ”
ကျန်းချန်က ဖုံးကွယ်မထားဘဲ သူ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
ပိုင်မင်ချွမ်က အနည်းငယ် စဥ်းစားပြီးမှ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီလောက်နဲ့တော့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထဲကို ဝင်စရာမလိုပါဘူး.. အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို သွားမဲ့ခရီးစဥ်မှာ မင်းကို ခေါ်သွားပေးလို့ရပါတယ်”
ကျန်းချန်၏ ပါရမီက ထူးခြားပြီး အင်မော်တယ်လောကတွင်ပင် အတော်လေး ရှားပါးသည်။
ဤကဲ့သို့သော ပါရမီရှင်တစ်ဦး မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော် ထဲသို့ ဝင်ရောက်လာခြင်းဖြင့် သိပ်မကြာခင် အချိန်အတွင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် နောက်ထပ် တလော့အင်မော်တယ် တစ်ပါးကို မွေးထုတ်နိုင်မည်မှာ သေချာသလောက်ပင်။
သို့သော်လည်း ဤလူငယ်သည် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ အခြားသော အင်မော်တယ် နယ်မြေများမှ အင်မော်တယ်ဘုရင်အဆင့် အင်အားစုများမှ မဟုတ်ခဲ့လျှင်ပင် ထိုလူငယ်၏ နောက်ကွယ်တွင် အင်မော်တယ်ဘုရင် အဆင့် အားကောင်းသော ကျောထောက်နောက်ခံ ရှိနေဖို့ များသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် အဘယ်ကြောင့် ပေါ်လာမှန်း ပိုင်မင်ချွမ် နားမလည်နိုင်ခဲ့ပေ။
ဆိုရလျှင် ကျန်းချန်၏ နောက်ခံကြောင့် ပိုင်မင်ချွမ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ထဲသို့ အလွယ်တကူ ဝင်ခွင့် မပေးဝံ့ခြင်းလည်း ဖြစ်သည်။
အကယ်၍ ကျန်းချန်၏ နောက်ကွယ်မှ အင်မော်တယ်ဘုရင်ကသာ နားလည်မှု လွဲသွားပြီး သူ၏ တပည့်ကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က လုယူသွားသည်ဟု ထင်မြင်သွားလျှင် သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် ပြဿနာ အကြီးအကျယ် တက်သွားနိုင်သည် မဟုတ်ပါလော။
ဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အနေဖြင့် မကြောက်ရွံ့သော်လည်း အင်မော်တယ်ဘုရင်တစ်ပါးနှင့် အလွယ်တကူ ရန်သူ မဖြစ်လိုခဲ့ပေ။
ထို့အပြင် ကျန်းချန်ကို အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေရှိ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် ဆီသို့ ခေါ်ဆောင်သွားပေးခြင်းသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အတွက် အသေးအဖွဲ ကိစ္စလေးသာ ဖြစ်ပြီး ယင်းမှာ ကျန်းချန်၏ နောက်ကွယ်ရှိ အင်မော်တယ်ဘုရင်ကို မျက်နှာသာပေးလိုက်ခြင်းလည်း ဖြစ်သည်။
အကယ်၍ ကျန်းချန်နှင့် ၎င်း၏ နောက်ကွယ်မှ အင်မော်တယ်ဘုရင် တို့နှင့်သာ မိတ်ဆွေကောင်း ဖြစ်နိုင်မည် ဆိုလျှင် ယင်းသည် သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော် အတွက် ကောင်းမွန်သော အရာတစ်ခု ဖြစ်လိမ့်မည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အလွန်တရာပင် ဝမ်းသာသွားခဲ့ပြီး ပိုင်မင်ချွမ်ကို အလျင်အမြန် ဦးညွှတ်လိုက်သည်။
ဤကိစ္စက အလွယ်တကူ အဆင်ပြေချောမွေ့လိမ့်မည် မဟုတ်ဟု မူလက သူထင်ထားခဲ့သော်လည်း သူ့ရှေ့မှ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အကြီးအကဲသည် သူ့ကို ဤမျှအထိ အလွယ်တကူ သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဒါက ဘာမှ အပန်းကြီးတဲ့ကိစ္စ မဟုတ်ပါဘူး”
ပိုင်မင်ချွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ကို သွားမဲ့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အဖွဲ့က နောက်ထပ်လဝက်နေရင် စတင်ထွက်ခွာမယ်.. လဝက်ကြာပြီးရင် မင်းဒီတံဆိပ်ပြားနဲ့ အတူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာ ငါ့ကို တိုက်ရိုက် လာရှာနိုင်ပါတယ်”
ထိုစကားကို ပြောပြီးသည်နှင့် ပိုင်မင်ချွမ်သည် တံဆိပ်ပြားတစ်ခုကို ကျန်းချန် ဆီသို့ ပစ်ပေးလိုက်သည်။
ယင်းနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် အားလုံး၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့၏။
ကျန်းချန်က တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက်တွင် ပိုင်မင်ချွမ် ပျောက်ကွယ်သွားသော လမ်းကြောင်း ဆီသို့ တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် သူ၏ ပုံရိပ်သည် လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားခဲ့ပြီး ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်အထက်ကနေ အောက်ဘက်သို့ ဆင်းသက်လာခဲ့၏။
ယခု သူ၏ ရည်မှန်းချက်က အောင်မြင်သွားပြီ ဖြစ်ရာ ကျန်းချန်သည် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ပေါ်တွင် စိန်ခေါ်မှုများ ဆက်လက် ပြုလုပ်နေရန် မလိုအပ်တော့ပေ။
ထို့အပြင် ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့် ထက်ရှိ ပြိုင်ပွဲသည် အဆင့်တူများ အတွက်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။
ယခုအခါ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီး ပါရမီရှင်ဆယ်ဦး ထဲတွင် နံပါတ်လေး နေရာ၌ ရှိသော ပါရမီရှင် လန်ရှင်းဟွေး သည်ပင် ကျန်းချန်ကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ရာ မည်သူက ကျန်းချန်ကို စိန်ခေါ်ရန် စင်မြင့်ပေါ်သို့ အလွယ်တကူ တက်ဝံ့ပါတော့မည်နည်း။
အခန်း(၂၈၀၆)ပြီး၏။