အခန်း ၂၈၀၇
Vol. 221 Ch. 2807
အခန်း(၂၈၀၇)
ပေဟန်အင်မော်တယ်တိုက်ပွဲစင်မြင့်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ပေဟန်အင်မော်တယ် မြို့တော်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ အဖွဲ့နှင့်အတူ အကြွင်းမဲ့ဓားအင်မော်တယ်နယ်မြေ ဆီသို့ သွားရန်အတွက် လဝက်ခန့် စောင့်ဆိုင်းနေခဲ့သည်။
ဤအတောအတွင်း ကျန်းချန်သည် အချိန်မျှော်စင်ထဲသို့ မဝင်ရောက်ခဲ့ဘဲ ကျင့်ကြံရန် အတွက် အမည်မဲ့အင်မော်တယ်နှင်းရည်ကိုသာ သောက်သုံးခဲ့သည်။
ကျန်းချန်သည် အမည်မဲ့အင်မော်တယ် နှင်းရည်ကို သောက်သုံးပြီးနောက်တွင် ဥာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
နောက်ဆုံးအကြိမ်က အမည်မဲ့အင်မော်တယ် နှင်းရည်ကို သောက်သုံးစဥ်တွင် ကျန်းချန်သည် ဥာဏ်အလင်းပွင့်သည် အခြေအနေကနေ နိုးထလာရန် လဝက်ခန့် အချိန်ယူခဲ့ရသည်။
အကယ်၍ သူက အမည်မဲ့အင်မော်တယ်နှင်းရည်ကို သောက်သုံးပြီး အချိန်အတော်ကြာသည် အထိ ဥာဏ်အလင်းပွင့်သည့် အခြေအနေက နိုးထ မလာခဲ့လျှင် မြောက်ပိုင်းအေးစက်သောအင်မော်တယ် နန်းတော်မှ အဖွဲ့နှင့်အတူ လိုက်ပါကာ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ သွားနိုင်တော့မည်မဟုတ်ပေ။
ဤကဲ့သို့ စောင့်ဆိုင်းနေရင်းဖြင့် ရက်အနည်းငယ်က တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့သည်။
ထိုနေ့တွင် ကျန်းချန်က အခန်းထဲတွင် မျက်စိမှိတ်ကာ ကျင့်ကြံနေစဥ် ကျန်းချန် ရှိနေသည့် တည်းခိုခန်း၏ အထက် ကောင်းကင်ယံ ကနေ ရုတ်တရက် ဒေါသတကြီး ကြုံးဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကျန်းချန် မင်းဒီမှာ ရှိနေတာ ငါသိတယ်.. မြန်မြန်ထွက်လာပြီး အသေလာခံစမ်း”
ရုတ်တရက် ထွက်ပေါ်လာသော ကြုံးဝါးသံကြောင့် တည်းခိုခန်း ပတ်ဝန်းကျင်ရှိ လူများသည် ချက်ချင်းဆိုသလိုပင် သတိပြုမိသွားကြပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
ထိုအခါ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ဝတ်စုံကို ဝတ်ဆင်ထားသည့် ခက်ထန်သော မျက်နှာထားနှင့် လူငယ် တစ်ဦးကို မြင်လိုက်ရ၏။
ထိုလူငယ်က တည်းခိုခန်း၏ အထက်ကို မည်သည့်အချိန်ကတည်းကပင် ရောက်နေမှန်း မသိရှိရပေ။
“ဒါက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ရှင်းကျန့်ပဲ.. သူက ဘာလို့ ဒီကို ရောက်လာရတာလဲ”
ခက်ထန်သော မျက်နှာထားနှင့် လူငယ်ကို သိရှိသော လူတချို့သည် သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် မျက်မှောင် အနည်းငယ် ကြုတ်သွားကြသည်။
ရှင်းကျန့်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီး ပါရမီရှင်ဆယ်ဦး ထဲမှ တစ်ဦး ဖြစ်ပြီး ယခုအခါ ထိပ်သီး ပါရမီရှင်စာရင်းတွင် မပါဝင်တော့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ထိပ်သီးပါရမီရှင် ဆယ်ဦးစာရင်းတွင် စတုတ္ထနေရာ၌ ရှိသည့် လန်ရှင်းဟွေးနှင့် နှိုင်းယှဥ်လျှင်ပင် ခွန်အားအရာတွင် ပို၍ သာလွန်နေသူလည်း ဖြစ်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်က ကျန်းချန် ကဲ့သို့ နာမည်မရှိသူ တစ်ဦးကို အဘယ်ကြောင့် လာရောက် ပြဿနာရှာနေရပါသနည်း။
“မင်းတို့ မသိသေးဘူးထင်တယ်.. အဲဒီ ကျန်းချန်ဆိုတဲ့ လူငယ်က အခုတလော ပေဟန်အင်မော်တယ်မြို့တော်မှာ နာမည်ကြီးနေတဲ့ လူငယ်ပဲ.. အဲဒီလူငယ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်မှာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ပါရမီရှင်သုံးယောက်ကို ဆက်တိုက် အနိုင်ယူခဲ့တယ်.. သူက ထိပ်တန်းပါရမီရှင် စာရင်းထဲမှာ စတုတ္ထနေရာရှိတဲ့ လန်ရှင်းဟွေးကိုတောင် အနိုင်တိုက်နိုင်ခဲ့တယ်"
"ကြားရသလောက်တော့ ကျန်းချန်က လန်ရှင်းဟွေးကို အနိုင်ယူပြီးတဲ့နောက်မှာ အကြွင်းမဲ့ဓားအင်မော်တယ်ကို သွားဖို့အတွက် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲ ပိုင်မင်ချွမ် ဆီကနေ နေရာတစ်နေရာ တောင်းဆိုခဲ့တယ်လို့ သိရတယ်.. ငါ့အထင် မမှားရင် အဲဒီနေရာက ရှင်းကျန့်ရဲ့ နေရာပဲ ဖြစ်မယ်.. သူ့ရဲ့နေရာကို ကျန်းချန်က လုယူလိုက်သလို ဖြစ်သွားတဲ့ အတွက် သူက ကျန်းချန်ကို လာပြီး ပြဿနာရှာနေတာပဲ ဖြစ်ရမယ်”
ဖြစ်ပျက်ခဲ့သည်များကို သိရှိခဲ့သူ တစ်ဦးက အလေးအနက် ရှင်းပြလိုက်သည်။
ထိုစကားကိုကြားလျှင် လူတိုင်းသည် အံ့အားသင့်သွားကြ၏။
ယနေ့တွင် လန်ရှင်းဟွေးကို အနိုင်ယူခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ပါရမီရှင်နှင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်မှ လန်ရှင်းဟွေး ထက်ပင် ပို၍ အစွမ်းထက်သည့် ပါရမီရှင်တို့ ထိပ်တိုက် ဆုံတွေ့နေခဲ့ပြီ ဖြစ်ရာ ပွဲကြီးပွဲကောင်း တစ်ပွဲကို ကြည့်ရတော့မည်မှာ သေချာသလောက်ပင်။
ကောင်းကင်ယံမှ ဒေါသတကြီး ကြုံးဝါးသံကို ကြားလျှင် တည်းခိုခန်း အတွင်း၌ တင်ပျဥ်ခွေ၍ ထိုင်နေသော ကျန်းချန်သည် မှိတ်ထားသော သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားခဲ့ပြီး တည်းခိုခန်း၏ အထက် ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ရှင်းကျန့်ကို မြင်လျှင် သူ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“မင်းနဲ့ ငါက တစ်ခါမှလည်း မတွေ့ဖူးဘူး.. ဘာကိစ္စရှိလို့ မင်းက ဒီလောက်တောင် ဆူဆူညံညံနဲ့ ရောက်လာရတာလဲ”
“မင်းက ကျန်းချန်လား”
ရှင်းကျန့်က စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပေဟန်အင်မော်တယ် ပြိုင်ပွဲစင်မြင့်ထက်မှာ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို သွားဖို့အတွက် အကြီးအကဲ ပိုင်မင်ချွမ် ဆီကနေ နေရာတစ်နေရာ တောင်းဆိုခဲ့တာ မင်းပဲ မဟုတ်လား.. အကြီးအကဲက ငါ့ရဲ့ နေရာကိုတောင် မင်းကို ပေးလိုက်တယ် ဆိုတော့ မင်းမှာ ဘယ်လို အရည်အချင်းတွေ ရှိနေသလဲ ဆိုတာ ငါသိချင်တယ်”
ရှင်းကျန့်၏ စကားကို ကြားလျှင် ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကနေ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် ဆီသို့ သွားမည့်သူအရေအတွက်သည် ကန့်သတ်ထားသည်မှာ ထင်ရှားနေခဲ့၏။
ပိုင်မင်ချွမ်က သူ့ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ဆီ ခေါ်သွားပေးရန် ကတိပေးခဲ့ခြင်းက မြောက်ပိုင်းအေးစက်သောအင်မော်တယ် နန်းတော်မှ နေရာ တစ်နေရာကို လျော့နည်းသွားစေခဲ့သည်။
ဆိုလိုသည်မှာ ပိုင်မင်ချွမ် သူ့ကို ပေးလိုက်သော နေရာသည် မူလက ရှင်းကျန့်၏ နေရာ ဖြစ်ပြီး ထို့ကြောင့်လည်း ရှင်းကျန့်က ဒေါသတကြီးဖြင့် သူ့ထံ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“ငါ့ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ဆီ ခေါ်သွားဖို့ ဆိုတာက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲ ပိုင်မင်ချွမ် ကိုယ်တိုင် သဘောတူထားတာပဲ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းမကျေနပ်ဘူး ဆိုရင် ဒီကိုလာပြီး ငါ့ကိုလာရှာမဲ့အစား မင်းရဲ့အကြီးအကဲဆီပဲ သွားသင့်တယ်”
ကျန်းချန်က ရှင်းကျန့်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
သူ၏ အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့၏။
“ကျန်းချန် အပိုစကားတွေ ပြောမနေနဲ့.. ငါ ရှင်းကျန့်ရဲ့ နေရာကို ကလေကချေတွေ လာလုခွင့်မရှိဘူး.. တကယ်လို့ မင်းအနေနဲ့ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို သွားချင်တယ်ဆိုရင် မင်းမှာ အဲဒီစွမ်းရည် ရှိ၊မရှိ ငါ့ကို အရင်ပြသရလိမ့်မယ်”
ရှင်းကျန့်၏ အေးစက်စက် ကြုံးဝါးသံ အဆုံးသတ်သည်နှင့်အမျှ ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့် အရှိန်အဝါသည် ရှင်းကျန့်၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ သွားမည့် ခရီးစဥ်သည် အတွေ့အကြုံ အတွက်သာမက ကြီးမားသော အခွင့်အလမ်း တစ်ခုလည်း ပါဝင်နေခဲ့သည်။
သူက ထိုနေရာကို ခက်ခက်ခဲခဲ ရရှိထားခဲ့ခြင်း ဖြစ်၏။
ယခု သူခက်ခက်ခဲခဲ ရရှိထားသော နေရာကို အပြင်လူ ဖြစ်သည့် ကျန်းချန်က အစားထိုး ဝင်ယူသွားခဲ့ရာ ရှင်းကျန့် အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။
ရှင်းကျန့်က ရုတ်တရက် ကျယ်လောင်စွာ မာန်သွင်း အော်ဟစ်လိုက်ပြီး ပြင်းထန်သော လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုလက်သီးချက်၏ ပတ်ပတ်လည်တွင် အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး အဆုံးမဲ့ သွေးရောင် အလင်းတန်းများ တောက်ပနေခဲ့သည်။
လက်သီးစွမ်းအားကြောင့် မိုင်တစ်ရာ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည်ပင် တစ်ခဏအတွင်း ပြိုလဲသွားခဲ့သည်။
ကြောက်မက်ဖွယ် လက်သီးစွမ်းအားကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူ အများအပြားသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။
“အပြာရောင်ဧကရာဇ်ဓားသိုင်း”
ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေသော မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ပါရမီရှင်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် ပေါ့ပေါ့ဆဆ သဘောမထားဝံ့ပေ။
ထို့ကြောင့် သူက အပြာရောင်ဧကရာဇ် ဓားကွက်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်ပြီး ရှင်းကျန့်၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ မိုင်ပေါင်း ရာချီ ဧရိယာသည် ပေါက်ကွဲသွားခဲ့ကာ ပရမ်းပတာ အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က ထိုပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ကနေ နောက်သို့ ခြေလှမ်းပေါင်း များစွာ ဆက်တိုက်ဆိုသလို ဆုတ်ခွာခဲ့ရပြီး မျက်နှာကလည်း ဖြူဖျော့သွားခဲ့သည်။
“အင်မော်တယ်ဘုရင်အဆင့် အင်အားစုရဲ့ ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့် ပါရမီရှင်လို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်တာပဲ”
သူ၏ ခန္ဓာကိုယ်အတွင်းမှ ဗြောင်းဆန်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက်တွင် ရှင်းကျန့်ကို ကြည့်နေသည့် ကျန်းချန်၏ အကြည့်သည် ပို၍ပင် လေးနက်လာခဲ့သည်။
ဤလူ၏ ပါရမီသည် လန်ရှင်းဟွေးထက် များစွာ နိမ့်ကျခြင်း မရှိဘဲ ကျင့်ကြံခြင်း အဆင့်တွင် လန်ရှင်းဟွေးထက်ပင် တစ်ဆင့် မြင့်ပြီး ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ လက်ရှိ ခွန်အားဖြင့်ပင် ရှင်းကျန့်ကို အနိုင်ယူရန်မှာ မည်သို့မျှ လွယ်ကူလိမ့်မည် မဟုတ်ပေ။
တစ်ဖက်တွင်လည်း ရှင်းကျန့်၏ ပုံရိပ်သည် ကျန်းချန် ကဲ့သို့ပင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။
သူက ကျန်းချန်ကို အံ့ဩသော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကောင်လေး မင်းက ဘယ်ဆိုးလို့လဲ.. ငါတို့ ထပ်တိုက်ကြစို့”
စကားဆုံးသည်နှင့် ရှင်းကျန့်သည် သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ် စွမ်းအားများကို လှုံ့ဆော်လိုက်သည်။
သူက ကျန်းချန်ကို ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် ဟင်းလင်းပြင်ထဲကနေ အေးစက်စက် စကားသံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ရှင်းကျန့်.. သူ့ရဲ့နေရာအတွက် ငါကိုယ်တိုင် အဆုံးအဖြတ်ပေးခဲ့တာပဲ.. ဒီအတွက် မင်းမနစ်နာရအောင် လျော်ကြေးပေးမယ်လို့လည်း ငါပြောပြီးပြီ.. မင်းအနေနဲ့ တစ်စုံတစ်ရာ သဘောထားကွဲလွဲမှု ရှိရင် ငါ့ဆီကို တိုက်ရိုက် မလာဘဲ ဘာလို့ ဒီကိုလာပြီး ကျန်းချန်နဲ့ တိုက်ခိုက်နေရတာလဲ”
အေးစက်စက် စကားသံနှင့်အတူ ပိုင်မင်ချွမ်၏ ပုံရိပ်သည် ရှင်းကျန့်၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ရောက်ရှိလာသူကို မြင်လျှင် ရှင်းကျန့်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။
သူက သွားများကို အံတင်းတင်း ကြိတ်ကာ ပိုင်မင်ချွမ်ကို ပြောလိုက်သည်။
“အကြီးအကဲ.. အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို သွားရမဲ့ခရီးစဥ်က ကျွန်တော်တို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အတွက် အရမ်းကို အရေးကြီးတယ်.. အကြီးအကဲ အနေနဲ့ ကျွန်တော့်ရဲ့ နေရာကို သူ့ကို ပေးချင်တယ် ဆိုရင်လည်း ကျွန်တော့် အတွက် ပြဿနာမရှိပါဘူး.. ဒါပေမဲ့ အနည်းဆုံးတော့ သူ့မှာ အဲလို အရည်အချင်းရှိ မရှိ ကျွန်တော့်ကို ကြည့်ရှုခွင့်ပေးပါ”
အခန်း(၂၈၀၇)ပြီး၏။