အခန်း ၂၈၀၉
Vol. 221 Ch. 2809
အခန်း(၂၈၀၉)
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့်အင်အားစု ဖြစ်သည်။
အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ အဆင့်အတန်းသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထက်ပင် အနည်းငယ် ပို၍ မြင့်မား၏။
ဆိုရလျှင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထက်ပင် ပို၍ သက်တမ်းရှည်ကြာသော အင်အားစု ဖြစ်သည်။
အထူးသဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို တည်ထောင်သူ ဖြစ်သည့် အကြွင်းမဲ့ဓားအင်မော်တယ် ဘုရင်သည် အင်မော်တယ်လောက တစ်ခုလုံးတွင်ပင် နာမည်ကျော်ကြားသော အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သည်။
သူ၏ ဓားပညာရပ်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်သည် တစ်ချိန်က ဓားတစ်လက်တည်းဖြင့် အင်မော်တယ်ဘုရင်အဆင့် အင်အားစုတစ်စုကို အစအနပင် မကျန်ရှိအောင် ချေမှုန်း ဖျက်ဆီးခဲ့ပြီး အင်မော်တယ်လောကကို တုန်လှုပ်စေခဲ့ဖူးသည်။
ထိုအကြောင်းကြောင့်ပင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ အင်အားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထက် များစွာ ပို၍ တောင့်တင်းပြီး အနီးအနားရှိ အင်မော်တယ်နယ်မြေ များစွာထဲတွင် အစွမ်းအထက်ဆုံး နတ်ဘုရင်အဆင့် အင်အားစုများထဲမှ တစ်ခုလည်း ဖြစ်၏။
အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်တွင် နတ်ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးထက်မက ရှိသည်ဟုလည်း ဆိုကြသည်။
အကယ်၍ အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်သာ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်တွင် ရှိနေခဲ့လျှင် အင်မော်တယ်လောကတစ်ခုလုံးတွင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ကို တိုက်ခိုက်ဝံ့သူ အလွန်တရာ နည်းပါးသွားမည် ဖြစ်ပြီး အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်သည်လည်း ဘေးဒုက္ခနှင့်ကြုံတွေ့ရမည် မဟုတ်သလို အကူအညီတောင်းစရာလည်း လိုအပ်လိမ့်မည် မဟုတ်ပေ။
ကျန်းချန်တို့လူစုက အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် လအနည်းငယ် ထပ်မံခရီးနှင်ခဲ့ကြသည်။
အဆုံးသတ်တွင်မူ သူတို့လူစုသည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် ဆီသို့ ရောက်ရှိလာခဲ့ကြ၏။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထက် ပို၍ ရှေးကျသော အမွေအနှစ်များနှင့် အင်အား ပိုမိုတောင့်တင်းသော နတ်ဘုရင်အဆင့် အင်အားစု အနေဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် အမည်မဲ့အင်မော်တယ် နန်းတော်ထက် ပိုမို ခန့်ညားထည်ဝါနေခဲ့သည်။
“အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာတာ ဘယ်သူလဲ”
ထိုအချိန်တွင် အေးစက်စက်ကြုံးဝါးသံ တစ်သံသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အတွင်းကနေ ဟိန်းခနဲ ထွက်ပေါ်လာခဲ့သည်။
ထိုအသံနှင့်အတူ ဓားပျံများကို စီးနှင်းလာသည့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တပည့်နှစ်ဦးသည် သူတို့၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။
ပိုင်မင်ချွမ်က လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“ငါက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ပိုင်မင်ချွမ်ပါ.. ချိန်းဆိုထားတဲ့အတိုင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က တပည့်တွေနဲ့အတူ လာခဲ့တာပါ”
“ဒီမှာခဏစောင့်ပေးပါ.. သတင်းပို့လိုက်ဦးမယ်”
အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ တပည့်တစ်ဦးက ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ဓားပျံကို စီးကာ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တလော့အဆင့် အင်မော်တယ် တစ်ပါးသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အတွင်းကနေ အလျင်အမြန် လျှောက်ထွက်လာခဲ့သည်။
“အရှင်ကျွယ်ချန်း မတွေ့ရတာတောင်ကြာပြီ.. နေကောင်းတယ် မဟုတ်လား”
ပိုင်မင်ချွမ်က သူ့ရှေ့တွင် ပေါ်လာသည့် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားကြည့်ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။
သူ၏ရှေ့မှ အရှင်ကျွယ်ချန်းသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ အစွမ်းအထက်ဆုံး တလော့အဆင့်အင်မော်တယ်များထဲမှ တစ်ဦး ဖြစ်ပြီး သူ၏ ခွန်အားသည် ပိုင်မင်ချွမ်ထက် လုံးဝမနိမ့်ကျပေ။
“ညီနောင်ပိုင်မင် ရောက်လာပြီပဲ.. အထဲကို ကြွပါ”
အရှင်ကျွယ်ချန်းက ဖိတ်ခေါ်သည့် အမူအရာကို ပြုလုပ်ကာ ပြုံး၍ ပြောလိုက်သည်။
အရှင်ကျွယ်ချန်း၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်တို့ လူစုသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး အရှင်ကျွယ်ချန်း စီစဥ်ပေးထားသော ခြံဝင်း တစ်ခုထဲ ရောက်ရှိလာကြသည်။
“ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်ဖို့ အချိန်အနည်းငယ် လိုသေးတယ်.. ဒါကြောင့် မင်းတို့တွေ ဒီမှာ ယာယီ တည်းခိုနေနိုင်ပါတယ်.. တကယ်လို့ တစ်ခုခု လိုအပ်ရင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်က တပည့်တွေကို ငါ့ဆီ သတင်းပို့ခိုင်းလို့ရတယ်”
ကျန်းချန်တို့ အဖွဲ့ကို နေရာ ချပေးပြီးနောက်တွင် အရှင်ကျွယ်ချန်းက လျင်မြန်စွာပင် ထွက်ခွာသွားခဲ့သည်။
“ကဲ မင်းတို့အားလုံး ဒီခြံဝန်းထဲက အခန်းတွေမှာ နေထိုင်ပြီး အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ရဲ့ ကမ္ဘာဦးအင်မော်တယ်ရေကန် ဖွင့်လှစ်မဲ့အချိန်ကို စောင့်နေကြပါ.. ကိစ္စအထွေအထူး မရှိဘဲ ဒီခြံဝန်းထဲကနေ အပြင်ကို မထွက်ဖို့ ငါသတိပေးချင်တယ်.. မင်းတို့အနေနဲ့ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ကို လှည့်ပတ်ကြည့်ချင်တယ် ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. ဒါပေမဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်က တပည့်တွေနဲ့တော့ ပြဿနာ မဖြစ်စေနဲ့”
ပိုင်မင်ချွမ်က ကျန်းချန်တို့ ငါးဦးကို သတိပေးလိုက်ပြီးနောက်တွင် ခြံဝန်းအတွင်းရှိ အခန်းတစ်ခန်း ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကျန်းချန်တို့ ငါးဦးကလည်း စကားများစွာ ပြောမနေဘဲ နေထိုင်ရန်အတွက် အခန်းတစ်ခန်းစီကို ရွေးချယ်ခဲ့ကြသည်။
ကျန်းချန်က သူနေရမည့် အခန်းကို ရွေးချယ်ပြီးနောက်တွင် အခန်းထဲတွင် ကြာရှည်မနေခဲ့ဘဲ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို လှည့်ပတ်ကြည့်ရှုရန် တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။
စင်စစ် သူ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ ကမ္ဘာဦးအင်မော်တယ်ရေကန်အတွက် မဟုတ်ဘဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ရင်းနှီးသော မိတ်ဆွေကို ရှာဖွေရန်သာ ဖြစ်သည်။
အကယ်၍ ကျန်းချန်၏ ခန့်မှန်းချက်သာ မမှားလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ရင်းနှီးသောမိတ်ဆွေမှာ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို တည်ထောင်သူ ဖြစ်သည့် အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင်ပင် ဖြစ်နိုင်၏။
သို့သော်လည်း ပိုင်မင်ချွမ်၏ ပြောကြားချက်အရ အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကနေ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခုအခါတွင် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၌ ရှိမနေတော့ပေ။
ထို့ကြောင့် သူ့အနေဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ အဆင့်မြင့် အကြီးအကဲများနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်ပြီး အကြွင်းမဲ့ ဓားအင်မော်တယ်ဘုရင် သို့မဟုတ် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သတင်းကို ရနိုင်မလား စမ်းသပ်ကြည့်ရပေမည်။
“ဒီကောင်လေး အပြင်ကို ထွက်သွားပြီပဲ”
အခန်းထဲတွင် တင်ပျဥ်ခွေထိုင်၍ မျက်လုံးမှိတ်ကာ ကျင့်ကြံနေသော ပိုင်မင်ချွမ်သည် ခြံဝန်းထဲကနေ ကျန်းချန် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို ခံစားမိလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အစကတည်းကပင် ပိုင်မင်ချွမ်သည် ကျန်းချန်က သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်ဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို လာခဲ့မှန်း သိထားပြီးသား ဖြစ်သည်။
ပိုင်မင်ချွမ်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
ကမ္ဘာဦးအင်မော်တယ်ရေကန်၏ မူလပိုင်ရှင်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သာ ဖြစ်သည်။
ယခုအခါတွင် သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်တိုင်းတွင် အခွင့်အရေး တစ်စိတ်တစ်ပိုင်းကို ခွဲဝေရရှိနေခဲ့သည်။
ထိုအကြောင်းကြောင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ ပါရမီရှင် တပည့်များစွာသည် သူတို့ ကဲ့သို့ အပြင်လူများ အပေါ်တွင် ရင်းနှီးဖော်ရွေမှု ရှိကြလိမ့်မည် မဟုတ်ပေ။
ကျန်းချန်တွင် မည်ကဲ့သို့ ရည်ရွယ်ချက် ရှိနေမှန်း သူ မသိသော်လည်း ကျန်းချန်ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ထဲ ခေါ်ဆောင်လာခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်၍ ပြဿနာ ဖြစ်လာခဲ့လျှင် သူ၏ ခေါင်းပေါ်သာ ပုံကျလာမည် ဖြစ်၏။
ထိုသို့ တွေးမိသည်နှင့် ပိုင်မင်ချွမ်၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားခဲ့ပြီး အခန်းထဲကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
-----------------
အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်သည် အလွန်တရာပင် ကျယ်ဝန်း၏။
ကျန်းချန်က ခြံဝန်းထဲမှ ထွက်လာပြီးနောက်တွင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အတွင်းသို့ တစ်ခဏမျှ လှည့်လည် သွားလာခဲ့သော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် တစ်ခုလုံးကို နှံ့စပ်အောင် မလျှောက်နိုင်ခဲ့ကြပေ။
ထို့အပြင် ကျန်းချန်၏ အခြေအနေဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ နေရာအများအပြားသို့ သွားခွင့် မရှိသလို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ထိပ်တန်း ပုဂ္ဂိုလ်များထံသို့ သွားရန်လည်း အခက်အခဲ ရှိနေခဲ့သည်။
သူက အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ထဲတွင် လှည့်လည် သွားလာခဲ့သော်လည်း မည်သည့် အစွမ်းထက်ပုဂ္ဂိုလ်ကိုမှ မတွေ့ခဲ့ရပေ။
“ဒီပုံအတိုင်းဆို ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်မဲ့အချိန်ကိုပဲ စောင့်ရတော့မယ် ထင်တယ်”
ကျန်းချန်က စိတ်နှလုံးထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်သည့် အချိန်တွင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များ ရှိနေနိုင်၍ ထိုအချိန်မှသာ သတင်းစုံစမ်းရန် နည်းလမ်း ရှာရပေလိမ့်မည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ တည်းခိုရာ နေရာသို့ ပြန်ရင် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ဆူပူကြိမ်းမောင်းသံ တစ်သံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
“မေဘေး အမှိုက်ကောင်.. ဒီလို ကိစ္စအသေးအဖွဲလေးကိုတောင် မလုပ်နိုင်ဘူး.. ဆန်ကုန်မြေလေးပဲ”
“ဖြန်း.”
ဆူပူကြိမ်းမောင်းသံနှင့် အတူ ကြာပွတ်ရိုက်သံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ညည်းညူသံ တစ်သံလည်း ထွက်ပေါ်လာခဲ့သည်။
ထိုညည်းညူသံကို ကြားလျှင် ကျန်းချန်သည် တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ခံစားလိုက်ရ၏။
ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့ပြီး အသံလာရာ ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။
သိပ်မကြာခင်မှာပင် ကျန်းချန်သည် သူ့ကို ဒေါသထွက်စေမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ရင်ပြင်တစ်ခု၏ အထက်တွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ရပ်နေသည်ကို မြင်လိုက်ရပြီး ထိုနှစ်ဦးစလုံးသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ တပည့်ဝတ်စုံများကို ဝတ်ဆင်ထားကာ မောက်မာသော မျက်နှာထားများ ရှိနေကြ၏။
ထိုအထဲမှ အမျိုးသားသည် လက်ထဲတွင် ကြာပွတ်ကို ကိုင်ထားပြီး သူ၏ ရှေ့တွင် ဒူးထောက်နေသော ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို ရိုက်နှက်နေခဲ့သည်။
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး သွားများကို အံကြိတ်ကာ တောင့်ခံထားရသည်။
သူ၏ ကျောပြင်တွင် အရိုးများ မြင်နေရသည် အထိ နက်ရှိုင်းသော သွေးစွန်းဒဏ်ရာ များစွာ ရှိနေခဲ့၏။
ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်မှာ အခြားသူ မဟုတ်ဘဲ ထာဝရရှင်သန်ခြင်း နန်းတော်တွင် ကျန်းချန်နှင့် တွေ့ဆုံခဲ့ဖူးသည့် ကျိလင်သားရဲ မျိုးနွယ်စုမှ ပါရမီရှင် ကျိယောင်ပင်ဖြစ်သည်။
အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် ကျိယောင် ရှိနေလိမ့်မည်ဟု ကျန်းချန် လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဤအတိုင်းဆိုလျှင် ရှောင်ချင်းသည် ထာဝရရှင်သန်ခြင်းနန်းတော်ဖြင့် အင်မော်တယ်လောကကို တက်လှမ်းလာပြီးနောက်တွင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ဆီ ရောက်လာခဲ့သည်မှာ သေချာသလောက် ရှိနေခဲ့သည်။
အခန်း(၂၈၀၉)ပြီး၏။