← Chapters

အခန်း ၂၈၁၀

Vol. 221 Ch. 2810

အခန်း ၂၈၁၀

Vol. 221 Ch. 2810

အခန်း(၂၈၁၀)

သူ့ရှေ့မှ ကျိယောင်ကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ကျိယောင်နှင့် ကျိလင်သားရဲမျိုးနွယ်စု တစ်ခုလုံးသည် လုရှောင်ချင်းနှင့်အတူ အင်မော်တယ်လောကသို့ ပြန်လာခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ ကျိယောင်က အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် ပေါ်လာသည်ဖြစ်ရာ လုရှောင်ချင်းသည်လည်း ဤနေရာတွင် ရှိနေမည်မှာ သေချာပြီး ကျိယောင်သည် လုရှောင်ချင်း၏ သတင်းကို သိရှိထားလောက်၏။

မူလက ကျန်းချန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ရင်းနှီးသော မိတ်ဆွေဖြစ်သူ အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်က အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် မရှိတော့သဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ထံကနေ လုရှောင်ချင်း၏ သတင်းကို ရရှိရန်အလွန်တရာ ခက်ခဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ သူရောက်ရှိပြီး မကြာမီမှာပင် ကျိလင်သားရဲ မျိုးနွယ်စုမှ ကျိယောင်နှင့် မမျှော်လင့်ဘဲ ဆုံတွေ့ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

ယင်းမှာ သံဖိနပ်ပေါက်ပြဲသည် အထိ ရှာပုံတော် ဖွင့်၍ မတွေ့ဘဲ ရည်ရွယ်ချက် မရှိဘဲ လျှောက်သွားသည့် အခါမျိုးမှ အလွယ်တကူ တွေ့လိုက်ရသည် ဟူသော ဆိုရိုးအတိုင်းပင်။

“စီနီယာအစ်ကိုဝူ.. ဒီကိစ္စက ကျွန်တော်နဲ့ဘာမှ မသက်ဆိုင်ပါဘူး”

ယင်းအချိန်တွင် မြေပြင်ပေါ်၌ ဒူးထောက်နေသော ကျိယောင်သည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေခဲ့ပြီး သွားများကို အံကြိတ်၍ ပြန်လည် ဖြေကြားလိုက်သည်။

“မင်းကများ ငါ့ကို ဆင်ခြေပေးရဲတယ်”

စီနီယာအစ်ကိုဝူက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ထဲရှိ ကြာပွတ်ဖြင့် ကျိယောင်ကို ထပ်မံ ရိုက်နှက်ရန် ပြင်လိုက်သည်။

“ရပ်လိုက်စမ်း”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်က ဒေါသတကြီးဖြင့် အော်ဟစ် တားဆီးလိုက်၏။

ရုတ်တရက် ထွက်ပေါ်လာသော‌ အော်ဟစ်သံကို ကြားလျှင် ရင်ပြင်အတွင်းရှိ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တပည့်အားလုံးသည် တစ်ခဏမျှ မှင်တက်သွားကြ၏။

သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

ထိုလူငယ်၏ မျက်ဝန်းက နှစ်ပေါင်း သောင်းချီကြာအောင် အေးခဲနေသော ရေခဲပြင်ကြီး ကဲ့သို့ အေးစက်နေခဲ့ပြီး ပတ်ဝန်းကျင် အပူချိန်ကိုပင် ချက်ချင်းဆိုသလို ဒီဂရီများစွာ ကျဆင်းသွားစေခဲ့သည်။

“ငါက အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ရဲ့ ထိပ်တန်းတပည့်ရင်း ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ ဝူရန်ပဲ.. မင်းက ဘယ်သူလဲ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ထဲကို ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ”

ဝူရန်က ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။

အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ တပည့်များကို အပြင်စည်းတပည့်၊ အတွင်းစည်းတပည့်နှင့် တပည့်ရင်း ဟူ၍ သုံးမျိုး ခွဲခြားထားသည်။

တပည့်ရင်း အဆင့်တွင် ရှိသူများသည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ထိပ်တန်း တပည့်ရင်း ဆယ်ယောက်သည် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ အထူးချွန်ဆုံး လူငယ်ပါရမီရှင် ဆယ်ဦး ဆိုလည်းမမှားပေ။

သူ့ရှေ့မှ ဝူရန်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ထိပ်သီးတပည့်ရင်း ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်၏။

ဝူရန်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ထိပ်တန်းပါရမီရှင် ဆယ်ဦးထဲတွင် နဝမနေရာ၌ ရှိသည့် လော့ကျင်းလင်ထက်ပင် မနိမ့်ကျပေ။

“ကျန်း.. သခင်လေးကျန်းချန်လား”

ရင်းနှီးသော စကားသံကို ကြားလျှင် ကျိယောင်သည် ခန္ဓာကိုယ် မသိမသာ တုန်ယင်သွားခဲ့ပြီး ခေါင်းမော့၍ ကြည့်လိုက်သည်။

ထိုအခါ ကျန်းချန်ကို မြင်လိုက်ရလျှင် ကျိယောင်သည် မယုံကြည်နိုင်လောက်အောင် အံ့ဩမှင်တက်သွားခဲ့၏။

ကျန်းချန်က အင်မော်တယ်လောကသို့ အမှန်တကယ်ရောက်လာခဲ့ပြီး အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

“ငါ ဘယ်သူလဲဆိုတာ မင်းသိစရာ မလိုဘူး”

ကျန်းချန်၏ မျက်ဝန်းများက အေးစက်နေခဲ့ပြီး ပြင်းထန်သော လူသတ်ငွေ့များသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာခဲ့သည်။

ထိုလူသတ်ငွေ့များသည် တောင်တစ်လုံးကဲ့သို့ လေးလံနေခဲ့ပြီး ပတ်ဝန်းကျင်ကိုပင် သက်ရောက်သွားခဲ့သည်။

ကြောက်မက်ဖွယ် လူသတ်ငွေ့နှင့် ရင်ဆိုင်လိုက်ရလျှင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တပည့်များစွာသည် ခံနိုင်ရည် မရှိတော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြသည်။

ဝူရန်ပင်လျှင် အသက်ရှူရ ခက်ခဲလာသလို ခံစားလိုက်ရ၏။

“ငါဒီလူကို ခေါ်သွားချင်တယ်.. မင်း ဘယ်လိုသဘောရလဲ”

ကျန်းချန်က ဝူရန်ကို အထက်စီးဆန်စွာ ကြည့်လိုက်ပြီး ကျိယောင်ကို လက်ညှိုးထိုးပြကာ အေးစက်စက် ပြောလိုက်သည်။

“ကျိယောင်က ငါတို့ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကပဲ.. အခု သူအမှားလုပ်ထားတဲ့ အတွက် ငါက အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် ကိုယ်စား ဆုံးမနေတာပဲ.. ကျိယောင်ကို ဘယ်သူကိုမှ ခေါ်သွားခွင့်မပြုနိုင်ဘူး”

ဝူရန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း တည်ငြိမ်စွာပင် ပြောလိုက်သည်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ တပည့်ရင်း တစ်ဦးအနေဖြင့် ဝူရန်သည် သူ့ရှေ့မှ လူ၏ အထောက်အထားကို ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ရပြီးနောက်တွင် မြောက်ပိုင်းအေးစက်သောအင်မော်တယ် နယ်မြေနှင့် နှင်းမြူအင်မော်တယ်နယ်မြေ တို့ရှိ အင်မော်တယ်ဘုရင်အဆင့် အင်အားစုများထံကနေ အကူအညီ တောင်းခံခဲ့ရသဖြင့် ကမ္ဘာဦးရေကန် ဖွင့်လှစ်သည့်အချိန်တိုင်းတွင် ထိုအင်မော်တယ်ဘုရင်အဆင့် အင်အားစုများသည် ပါရမီရှင်များကို စေလွှတ်ကာ ကမ္ဘာဦးအင်မော်တယ် ရေကန်သို့ ဝင်ရောက်ခွင့် နေရာအတွက် ယှဥ်ပြိုင်စေလေ့ရှိသည်။

သူ့ရှေ့မှ လူသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ မဟုတ်သော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်တွင် ပေါ်လာနိုင်ပုံ ထောက်လျှင် အင်မော်တယ်ဘုရင်အဆင့်အင်အားစုနှစ်စု ထဲမှ ကျင့်ကြံသူ တစ်ဦးဦး ဖြစ်ရန် ဆယ်ပုံ ကိုးပုံခန့် သေချာနေခဲ့၏။

သို့ရာတွင် ဝူရန် နားမလည်နိုင်သည်မှာ ထိုအင်မော်တယ်ဘုရင်အဆင့် အင်အားစုမှ လူသည် ကျိယောင်နှင့် မည်သို့မျှ ပတ်သက်စရာ အကြောင်းမရှိဘဲ ကျိယောင်ဘက်ကနေ အဘယ်ကြောင့် ရပ်တည်ရသနည်း ဆိုသောအချက်ပင်။

“ကျိယောင်ကို ငါ ဒီနေ့ မဖြစ်မနေ ခေါ်သွားမှာပဲ.. ဘယ်သူမှ ငါ့ကို တားဖို့မစဥ်းစားနဲ့.. ငါ့ရှေ့က ဖယ်စမ်း”

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ဓားစွမ်းအင်တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

“ဝုန်း..”

ဝူရန်က မည်သည့် ခုခံမှုကိုမျှ မပြုလုပ်နိုင်ခဲ့ဘဲ ထိုဓားစွမ်းအင်ကြောင့် မီတာရာချီ အကွာအဝေးအထိ လွင့်ထွက်သွားခဲ့သည်။

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ထိပ်သီး တပည့်ရင်းဆယ်ယောက်ထဲမှ တစ်ဦး အနေဖြင့် ဝူရန်၏ ပါရမီနှင့်ခွန်အားသည် အားမနည်းပေ။

‌မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင် ဆယ်ဦးထဲတွင် နဝမနေရာ၌ ရှိသည့် လော့ကျင်းလင်နှင့် အဆင့်အတန်း တူညီလုနီးပါး ဖြစ်၏။

သို့သော်လည်း ကျန်းချန်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အစောပိုင်းတွင် ရှိနေစဥ်ကပင် အဆင့်တူ ဖြစ်သည့် လော့ကျင်းလင်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

ယခု ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အလယ်အလတ်သို့ ရောက်ရှိနေပြီဖြစ်ရာ လော့ကျင်းလင်နှင့် အဆင့်တူဖြစ်သည့် ဝူရန်ကို အနိုင်ယူရန်မှာ လွယ်ကူသော ကိစ္စပင် မဟုတ်ပါလား။

“သခင်လေးကျန်းချန်.. အင်မော်တယ်လောကဆီ သခင်လေး ရောက်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး..သခင်လေးက အင်မော်တယ်လောကဆီ ရောက်လာတဲ့ အပြင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကိုတောင် ဒီလောက်ထိ မြန်မြန် ရောက်လာခဲ့တာပဲ”

သူ့ဆီသို့ လျှောက်လှမ်းလာသည့် ကျန်းချန်ကို ကြည့်ရင်း ကျိယောင်၏ ဖြူဖျော့နေသော မျက်နှာထက်တွင် အဆုံးသတ်၌ ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ကျိယောင် ငါ မင်းကို ဒီနေရာကနေ အရင်ဆုံး ခေါ်ထုတ်သွားမယ်”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ကျိယောင်ကို ခေါ်သွားရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ကောင်းကင်ယံထက်ကနေ စူးရှတောက်ပသော အဖြူရောင်ဓားအလင်းတန်း တစ်ခုသည် ရုတ်တရက် ကျဆင်းလာခဲ့ပြီး အဖြူရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦး၏ ပုံရိပ်က ပေါ်လာခဲ့သည်။

ထိုအဘိုးအို၏ မျက်နှာအမူအရာက ခက်ထန် မာကျောနေခဲ့ပြီး လေသံကလည်း အတော်လေး အေးစက်နေခဲ့၏။

“ငါတို့ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှာ ဘယ်သူ သောင်းကျန်းနေတာလဲ”

“အရှင်ကျွယ်စစ်ကို ဂါဝရပြုပါတယ်”

အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်မှ တပည့်များစွာက အလျင်အမြန်ပင် တရိုတသေ ဂါဝရပြုလိုက်သည်။

အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ တလော့အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ပြီး ခွန်အား အလွန်အမင်း ကြီးမားသည်။

ယခု အကြီးအကဲ ကျွယ်စစ် ရောက်ရှိလာပြီ ဖြစ်ရာ ထိုကောင်လေးသည် မာနထောင်လွှားနိုင်တော့မည် မဟုတ်ပေ။

“ဆရာ.. အဲဒီကောင်က အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ထဲမှာ ကျွန်တော့်ကို တိုက်ခိုက်ခဲ့တဲ့ အပြင် ကျွန်တော်တို့ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်က လူကိုလည်း ခေါ်သွားချင်နေတယ်.. အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် ဆရာ့အနေနဲ့ သူ့ကို အမြန်ဆုံး ဖမ်းဆီးပေးဖို့ တောင်းဆိုပါတယ်”

ဝူရန်က အကြီးအကဲ ကျွယ်စစ်ကို အလျင်အမြန်ပင် ပြောလိုက်သည်။

အကြီးအကဲကျွယ်စစ်က ကျန်းချန်ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်၏။

“မင်းက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကလား”

ပုံမှန်အခြေအနေတွင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၌ အပြင်လူများ ပေါ်လာရန် မဖြစ်နိုင်ပေ။

ယခုအခါတွင် ကမ္ဘာဦးအင်မော်တယ် ရေကန် ဖွင့်လှစ်တော့မည် ဖြစ်ရာ အင်မော်တယ်ဘုရင်အဆင့် အင်အားစု နှစ်စုသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ ရောက်လာပြီး ကမ္ဘာဦးအင်မော်တယ်ရေကန်၏ နေရာအတွက် လာရောက် ယှဥ်ပြိုင်ကြလိမ့်မည် ဖြစ်သည်။

ဆိုရလျှင် နှင်းမြူအင်မော်တယ်နန်းတော်မှ လူများသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ ရောက်မလာသေးသဖြင့် သူ့ရှေ့မှ လူသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ လူသာ ဖြစ်ရပေမည်။

“ဟုတ်ပါတယ်.. ကျွန်တော်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကပါ”

ဟင်းလင်းပြင်ထက်တွင် ဝင့်ကြွားစွာ ရပ်နေသော အရှင်ကျွယ်စစ်ကို ကြည့်ကာ ကျန်းချန်၏ မျက်ခုံးများက မသိမသာ တွန့်ကွေးသွားခဲ့သည်။

“သခင်လေးကျန်းချန်.. ဒါက အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ပဲ..စိတ်လက်မာန်ပါ မလုပ်မိစေနဲ့.. အရှင်ကျွယ်စစ်ဆီမှာ အမြန် အမှားဝန်ခံပြီး ဒီနေရာကနေ ထွက်သွားလိုက်ပါ.. ကျွန်တော့်ကို ဒီအတိုင်းပဲ ထားခဲ့လိုက်တော့”

အရှင်ကျွယ်စစ် ရောက်လာသည်ကို မြင်လျှင် ကျိယောင်က ကျန်းချန်ကို စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်သို့ အင်မော်တယ်ဘုရင်အဆင့် ပုဂ္ဂိုလ်များပင် အတင်းအကျပ် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ကျန်းချန်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ ဝင်ရောက်လာနိုင်ခဲ့ပုံထောက်လျှင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ ဧည့်သည် တစ်ဦးသာ ဖြစ်ရပေမည်။

ထို့ကြောင့် လွန်လွန်ကျူးကျူး မလုပ်‌‌ဆောင်သရွေ့ အရှင်ကျွယ်စစ်သည် ကျန်းချန်ကို အရေးယူလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း အကယ်၍ ကျန်းချန်က အရှင်ကျွယ်စစ်ကို ဒေါသထွက်အောင် လုပ်မိလျှင် အကျိုးဆက်သည် စိတ်ကူးကြည့်၍ပင် ရနိုင်မည်မဟုတ်ပေ။

ကျန်းချန်၏ ပါရမီက အနှိုင်းမဲ့ဖြစ်ပြီး အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ ထိပ်တန်းပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ကျမှန်း ကျိယောင် သိသော်လည်း ကျန်းချန် အနေဖြင့် မည်မျှပင် ထူးချွန်နေပါစေ၊ တလော့အဆင့် အင်မော်တယ် တစ်ပါးနှင့် ယှဥ်ပြိုင်ရန်မှာမူ လုံးဝ မဖြစ်နိုင်သလောက်ပင်။

“ကျိယောင် စိတ်အေးအေးထားစမ်းပါ.. ဒီကိစ္စကို ငါနဲ့ပဲလွှဲထားလိုက်”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်ပြီး အရှင်ကျွယ်စစ်ကို ချက်ချင်းဆိုသလို ဂါဝရပြုကာ ပြောလိုက်သည်။

“စီနီယာ.. ကျိယောင်က ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပါ.. ကျွန်တော် သူ့ကို ခေါ်သွားချင်ပါတယ်.. စီနီယာအနေနဲ့ ခွင့်ပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

အခန်း(၂၈၁၀)ပြီး၏။

All Chapters