အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) ဘဏ္ဍာတိုက်ကြီးက ဗလာကျင်းနေပါလား…
ဝံပုလွေတောင်ထွတ်မှ ဓားပြများသည် မိမိတို့၏ စခန်းဆီသို့ ထိတ်လန့်တကြား ထွက်ပြေးတိမ်းရှောင်သွားကြ၏။
မျက်စိတစ်ဖက်လပ်လူသည် ဂိုဏ်းခေါင်းဆောင် ဟူပုယွင်၏ အခန်းဆီသို့ ချက်ချင်းပင် သွားရောက်ခဲ့သည်။
"ဂိုဏ်းခေါင်းဆောင်... ယွီရွှေတပ်စခန်းက ချီလင်ကျောင်းတော်ကို ဖိတ်ခေါ်ထားတာဗျ... ငါတို့ ဝံပုလွေတောင်ထွတ်အနေနဲ့ သူတို့ကို ယှဉ်နိုင်စွမ်းမရှိဘူး..."
"ငါတို့ နောက်ထပ် ဘယ်ကို ထွက်ပြေးကြမလဲ..."
သူသည် အခန်းထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် မျက်စိတစ်ဖက်လပ်နဂါးက ပျာပျာသလဲ အော်ဟစ်လိုက်ခြင်း ဖြစ်၏။
ဟူပုယွင်၏ မျက်လုံးများသည် အလင်းဗုံးကြောင့် ကန်းသွားခဲ့ရပြီး ယခုတိုင် သူ၏ မျက်လုံးများမှာ စူးရှစွာ နာကျင်နေဆဲ ဖြစ်သည်။
သို့သော်လည်း မျက်စိတစ်ဖက်လပ်နဂါး၏ စကားကို ကြားလိုက်ရသောအခါ ဟူပုယွင်သည် ဝံပုလွေတောင်ထွတ်ကို ဆက်လက်မကာကွယ်နိုင်တော့ကြောင်းနှင့် သူသည် ထွက်ပြေးရတော့မည်ဖြစ်ကြောင်း သိရှိသွား၏။
"ငါ ဒုတိယခေါင်းဆောင်ကို သွေးဓားဂူနဲ့ သွေးကင်းမြီးကောက်တောင်တန်းဆီ စေလွှတ်ထားပြီးသားပဲ... သူတို့က ဝံပုလွေတောင်ထွတ်နဲ့ သိပ်မဝေးလှဘူး... ငါ့အထင်တော့ ဒုတိယခေါင်းဆောင်က သူတို့နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပြီးလောက်ပြီ..."
"ငါတို့ အရင်ဆုံး ရေကန်စိမ်းဆီ ထွက်ပြေးကြစို့... ပြီးရင် သွေးဓားဂူနဲ့ သွေးကင်းမြီးကောက်တောင်တန်းကလူတွေ ရောက်လာတာကို စောင့်မယ်... အဲ့ဒီနောက် ငါတို့ သုံးဖွဲ့အင်အားစု ပေါင်းစပ်ပြီး ဝံပုလွေတောင်ထွတ်ဆီ ပြန်လည်တိုက်စစ်ဆင်ကာ ယွီရွှေတပ်စခန်းရဲ့ စစ်တပ်ကို အပြတ်ခြေမှုန်းပစ်မယ်..."
ဂိုဏ်းခေါင်းဆောင် ဟူပုယွင်သည် စိတ်တည်ငြိမ်သွားသည်နှင့် ချက်ချင်းပင် ဖြေရှင်းရမည့် နည်းလမ်းကို အကြံပြုလိုက်၏။
"ကောင်းပါပြီ... ဂိုဏ်းခေါင်းဆောင်..."
မျက်စိတစ်ဖက်လပ်နဂါးက ပြန်လည်ထူးလိုက်ပြီးနောက် ဟူပုယွင်ကို အခန်းထဲမှ ဆွဲထုတ်ကာ ခေါ်ဆောင်သွားတော့သည်။
ယွီရွှေတပ်စခန်း၏ စစ်တပ်ကြီး ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ဝံပုလွေတောင်ထွတ်မှ ဓားပြအမျိုးမျိုးတို့သည် မိမိတို့၏ အခန်းများဆီသို့ ကမန်းကတန်း ပြေးဝင်ကြပြီး သူတို့၏ အရေးကြီးဆုံးသော ပစ္စည်းများကို သိမ်းကျုံးယူဆောင်လျက် ဟူပုယွင်၏ အခန်းရှေ့၌ စုရုံးလာကြ၏။
"ညီအစ်ကိုတို့... ငါတို့ အခုချက်ချင်း တောင်အောက်ကို ဆင်းပြီး ရေကန်စိမ်းဆီ အတူတူ ထွက်ပြေးကြစို့..."
မျက်စိတစ်ဖက်လပ်လူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့ကြောင့် ဝံပုလွေတောင်ထွတ်မှ ဓားပြများသည် ယွီရွှေတပ်စခန်း၏ စစ်တပ်ကို ခုခံတိုက်ခိုက်ရန်ပင် မစဉ်းစားတော့ဘဲ အခြားတောင်ဆင်းလမ်းတစ်ခုမှနေ၍ လွယ်ကူစွာပင် ထွက်ပြေးလွတ်မြောက်သွားကြတော့၏။
ယွီရွှေတပ်စခန်း၏ စစ်တပ်ကြီး စခန်းအတွင်းသို့ ပြေးဝင်လာချိန်တွင် လူတိုင်းသည် ကျောက်တုံးအိမ်တိုင်းထဲသို့ တိုးဝှေ့ဝင်ရောက်ကာ မွှေနှောက်ရှာဖွေခဲ့ကြသော်လည်း ကြေးပြားတစ်ပြားမျှပင် ရှာမတွေ့ခဲ့ကြချေ။
"သူတို့က ဘာလို့ ဒီလောက်တောင် ဆင်းရဲနေရတာလဲ..."
"ငါ ပြားဝက်တစ်စိတောင် ရှာမတွေ့ဘူး..."
"ဝံပုလွေတောင်ထွတ်က ဓားပြတွေက ငွေတွေအကုန်လုံး ယူသွားကြတာလား..."
စစ်သည်တော်များသည် ကျောက်တုံးအိမ်များထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြရင်း သူတို့၏ မကျေနပ်ချက်များကို ရင်ဖွင့်ညည်းတွားနေကြ၏။
ကျောက်ဟယ်ရွှမ်းသည် စစ်တပ်နှင့်အတူ စခန်းထဲသို့ လိုက်ပါလာခဲ့ရာ စစ်သည်များ၏ ညည်းတွားသံများကို ကြားသောအခါ ဝံပုလွေတောင်ထွတ်မှ ဓားပြအားလုံးသည် သူတို့၏ တိုက်ပွဲသိမ်းပစ္စည်းများနှင့်အတူ ထွက်ပြေးသွားကြပြီဖြစ်ကြောင်း သဘာဝကျကျပင် နားလည်လိုက်သည်။
ကျောက်လင်၊ ယောင်းဟွိုင်တောက်၊ ရှုံ့တကျွမ်းနှင့် အခြားလူခြောက်ယောက်တို့သည် မြင်းရိုင်းများကို စီးနင်းလျက် နောက်ဆုံးအသုတ်အနေဖြင့် စခန်းသို့ ရောက်ရှိလာကြ၏။
ကျောက်လင်ကမူ အေးဆေးတည်ငြိမ်စွာပင် ရှိနေသည်... အဘယ်ကြောင့်ဆိုသော် သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို သဘာဝကျကျ ကြိုတင်မျှော်လင့်ထားခဲ့သောကြောင့်ဖြစ်၏။
ဝံပုလွေတောင်ထွတ်ရှိ တန်ဖိုးကြီးပစ္စည်း အများစုမှာ ဘဏ္ဍာတိုက်ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်ပြီး ၎င်းတို့အားလုံးမှာ ကျောက်လင်၏ စနစ်နေရာလွတ်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဝံပုလွေတောင်ထွတ်မှ ဓားပြများသည် သူတို့၏ လစဉ်ကြေးကို ရရှိပြီးနောက် လောင်းကစားခြင်း သို့မဟုတ် ယွီရွှေခရိုင်ရှိ ပြည့်တန်ဆာအိမ်များသို့ သွားရောက်ကာ ပျော်ပါးလေ့ရှိကြသဖြင့် သူတို့၌ ငွေကြေးအနည်းငယ်သာ ကျန်ရှိပေလိမ့်မည်။ သူတို့ ထွက်ပြေးသွားချိန်တွင်လည်း ထိုငွေများကို သေချာပေါက် ယူဆောင်သွားကြပေလိမ့်မည်။
ထို့ကြောင့် ဤစစ်သည်များ ငွေပြားတစ်ပြားမျှ ရှာမတွေ့ခြင်းမှာ မဆန်းပေ။
"ဟွိုင်တောက်... တကျွမ်း... အဲ့ဒီဓားပြတွေရဲ့ အဝတ်အစားတွေ အကုန်ကျန်ခဲ့တာပဲ... မင်းတို့ ဘာစောင့်နေတာလဲ... သွားပြီး အဝတ်အစားတွေ အကုန်လုံး လုယူကြလေ..."
ကျောက်လင်က ရုတ်တရက် သတိပေးလိုက်၏။
ယောင်းဟွိုင်တောက်နှင့် အခြားလူခြောက်ယောက်တို့သည် ထိုအကြောင်းကို စဉ်းစားမိပြီးနောက် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။
မှန်ပေသည်... သူတို့ခြောက်ယောက်သည် ဒုက္ခသည်များထံမှ အဝတ်အစားအချို့ကို ဝယ်ယူထားခဲ့ပြီးသား ဖြစ်သော်လည်း ဤဒုက္ခသည်များအားလုံးမှာ အဝတ်အစား တစ်စုံတည်းကိုသာ အမြဲတမ်း ဝတ်ဆင်ထား၍မရနိုင်ချေ။
အဝတ်အစားအသစ်များ ဝယ်ယူခြင်း သို့မဟုတ် အထည်စများဝယ်ယူကာ ကိုယ်တိုင်ချုပ်လုပ်ခြင်း နှစ်ခုစလုံးမှာ ကုန်ကျစရိတ် ရှိပေသည်။
တကယ်လို့ အဝတ်အစားတစ်ထည်စာအတွက် ငွေကြေးကို သက်သာအောင် လုပ်နိုင်မယ်ဆိုရင် ၎င်းမှာ အမြတ်ထွက်ခြင်းပင် မဟုတ်ပါလော။
ထိုလူခြောက်ယောက်သည် ကျောက်တုံးအိမ်တိုင်းထဲသို့ ချက်ချင်းပင် ပြေးဝင်သွားကြပြီး အခြားစစ်သည်များ၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် အခန်းတိုင်းရှိ ဓားပြများ ချန်ထားခဲ့သော အဝတ်အစားအားလုံးကို လိုက်လံသိမ်းဆည်းကြတော့၏။
စုစုပေါင်း အဝတ်အစား အထည်သုံးဆယ်ကျော် ရှာဖွေတွေ့ရှိခဲ့သည်။
"ဟားဟား..."
"မဆိုးဘူးပဲ... ဒီအဝတ်အစားတွေက ငွေပြားအနည်းငယ်လောက်တော့ တန်တယ်..."
"အခုဆိုရင် ငါတို့ရဲ့ ဒုက္ခသည်တွေအားလုံး လဲလှယ်ဝတ်ဖို့ အဝတ်အစားတစ်စုံ ဒါမှမဟုတ် နှစ်စုံလောက် ရှိသွားပြီပေါ့..."
ထိုလူခြောက်ယောက်သည် ကျောက်လင်ထံသို့ ပြန်လည်ရောက်ရှိလာကြပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြ၏။
မကြာမီ စစ်တပ်ထဲရှိ အခြားနယ်ခြားစောင့်တပ်သားများသည် မိမိတို့အနေဖြင့် အခွင့်အရေးကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
*ငါ ဘာလို့ အဲ့ဒါကို မစဉ်းစားမိရတာလဲ…*
အခြားနယ်ခြားစောင့်တပ်သားများ၏ ရင်ထဲတွင် မကျေနပ်ချက်များဖြင့် ပြည့်နှက်သွားတော့၏။
ကျောက်ဟယ်ရွှမ်းသည် ကျောက်လင်နှင့် အခြားလူခြောက်ယောက်တို့ကို မထေမဲ့မြင်ပြုသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
*အဝတ်အစား အနည်းငယ်လောက် လုယူရုံနဲ့ မင်းတို့က ဒီလောက်တောင် ပျော်နေနိုင်ကြတာလား…*
သူသည် တကယ့်ကို လယ်သမားတစ်ယောက်ပဲ။
သေချာပေါက်ပင် ချီလင်ကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့သူများအတွက်မူ သူတို့သည် ကျင့်ကြံခြင်းလမ်းစဉ်သို့ တက်လှမ်းထားကြသူများဖြစ်ရာ မိမိတို့၏ စွမ်းအားဖြင့် ငွေပြားများကို မကြာမီ ရှာဖွေနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ဤကဲ့သို့သော စုတ်ပြတ်သတ်နေသည့် အဝတ်အစားများကို သဘာဝကျကျ ဂရုမစိုက်ကြချေ။
သို့သော်လည်း အခြေခံအောက်ခြေအဆင့်တွင် ရှိနေသော နယ်ခြားစောင့်တပ်သားများအတွက်မူ ပြားဝက်တစ်စိတိုင်းကို သေသေချာချာ တွက်ချက်နေရသဖြင့် ဤဟောင်းနွမ်းသောအဝတ်အစားများသည်လည်း စည်းစိမ်ချမ်းသာတစ်ခုပင် ဖြစ်ပေသည်။
"ဆရာ... ဝံပုလွေတောင်ထွတ်ရဲ့ ဘဏ္ဍာတိုက်ကို ရှာတွေ့ပြီလား..."
ထိုအခိုက်တွင် ကျောက်ဟယ်ရွှမ်းသည် စစ်ထူယန်လုံ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် မေးမြန်းလိုက်၏။
ချီလင်ကျောင်းတော်မှ နည်းပြများနှင့် ကျောင်းသားများသည် စခန်းသို့ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် ဘဏ္ဍာတိုက်ကို သွားရောက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
သေချာပေါက်ပင် ဤကျင့်ကြံသူများသည် ငွေပြားများကို သိပ်ပြီး ဂရုမစိုက်ကြသော်လည်း သူတို့၏ စွမ်းအားကို မြှင့်တင်ရန်အတွက် မရှိမဖြစ်လိုအပ်သော ဝိညာဉ်အရည်၊ ကျင့်စဉ်ဆေးရည်များနှင့် ဆေးလုံးများကဲ့သို့သော ရတနာများကိုမူ အလွန်အမင်း စိတ်ဝင်စားကြပေသည်။
"ရှာတော့ ရှာတွေ့ပါတယ်... ဒါပေမဲ့ ဘဏ္ဍာတိုက်ကြီးတစ်ခုလုံးက လုံးဝ ဗလာကျင်းနေတယ်..."
စစ်ထူယန်လုံက ဒေါသတကြီး ပြောဆိုလိုက်၏။
ကျောက်လင်သည် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ အဓိပ္ပာယ်ပါပါဖြင့် ကွေးညွတ်တက်သွားတော့သည်။
ထိုအခိုက်တွင် ကျောက်လင်၏ စိတ်ထဲ၌ မြင်ကွင်းတစ်ခု ပေါ်လာခဲ့ပြီးသားဖြစ်သည်။ ၎င်းမှာ ချီလင်ကျောင်းတော်မှ နည်းပြများနှင့် ကျောင်းသားများသည် ကျောက်တံခါးကို ရိုက်ခွဲဖွင့်ကာ ဘဏ္ဍာတိုက်ထဲသို့ အတင်းတိုးဝင်သွားကြပြီးနောက် ထိုနေရာ၌ ဘာမှမရှိဘဲ ဗလာကျင်းနေသည်ကို မြင်လိုက်ရသည့် မြင်ကွင်းပင်။
သူတို့ သေချာပေါက် အလွန်အမင်း ဒေါသထွက်နေကြပေလိမ့်မည်။
ဤနည်းပြများနှင့် ကျောင်းသားများသည် ဝံပုလွေတောင်ထွတ် ဘဏ္ဍာတိုက်ရှိ ရတနာအားလုံးကို ကျောက်လင်က သိမ်းကျုံးယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မည်သို့မျှ သိရှိနိုင်ကြမည် မဟုတ်ချေ။
"ဆရာ... ဝံပုလွေတောင်ထွတ်က လူတွေက တောင်အောက်ကို ထွက်ပြေးသွားကြပြီ... ငါတို့ သူတို့ကို လိုက်လံဖမ်းဆီးရမလား..."
"ငါ့ရဲ့ ခန့်မှန်းချက်အရတော့... ဝံပုလွေတောင်ထွတ်က ဓားပြတွေ အဝေးကြီးကို မပြေးနိုင်သေးဘူး... တကယ်လို့ ငါတို့ အခုချက်ချင်း လိုက်မယ်ဆိုရင်... သူတို့ကို သေချာပေါက် အမှီလိုက်နိုင်လိမ့်မယ်..."
ကျောက်ဟယ်ရွှမ်းက မေးခွန်းတစ်ခု မေးမြန်းလိုက်သည်။
စစ်ထူယန်လုံသည် ကျောက်လင်နှင့် အခြားလူခုနစ်ယောက်ကို မသိမသာ လှမ်းကြည့်လိုက်မိ၏။
"ငါတို့ သူတို့ကို သေချာပေါက် လိုက်ဖမ်းရမယ်..."
"စစ်တပ်က ဝံပုလွေတောင်ထွတ်က ဓားပြတွေနဲ့ တိုက်ခိုက်နေတဲ့ အချိန်ကျမှသာ... သူတို့က ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခွင့်ကောင်းယူပြီး ကျောက်လင်ကို ချုံခိုတိုက်ခိုက်နိုင်မှာ..."
စစ်ထူယန်လုံက တိုးညှင်းသော အသံဖြင့် ဆိုလိုက်၏။
အကြောင်းရင်းတစ်ခုမှာ ဝံပုလွေတောင်ထွတ်မှ ဓားပြများကို လိုက်လံဖမ်းဆီးကာ ဘဏ္ဍာတိုက်ထဲရှိ ရတနာများ မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်းကို အဓမ္မ မေးမြန်းရန် ဖြစ်ပေသည်။
ဒုတိယအချက်မှာ ကျောက်လင်ကို သတ်ဖြတ်ရန် ဖြစ်၏။
"ကောင်းပါပြီ... ကျွန်တော် ဆရာ့ရဲ့ စကားအတိုင်း နားထောင်ပါ့မယ်..."
စစ်ထူယန်လုံ၏ အတည်ပြုချက်ကို ရရှိပြီးနောက် ကျောက်ဟယ်ရွှမ်းက နောက်ထပ် မစောင့်ဆိုင်းတော့ရန် ဆုံးဖြတ်လိုက်သည်။
"ယွီရွှေတပ်စခန်းက စစ်သည်တော်တွေ အားလုံး နားထောင်ကြစို့... ဝံပုလွေတောင်ထွတ်က ဓားပြတွေကို ဆက်လက် လိုက်လံ ချေမှုန်းကြ..."
"ဒီနေ့မှာ... ငါတို့ ဝံပုလွေတောင်ထွတ်က ဓားပြတွေကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်..."
ကျောက်ဟယ်ရွှမ်းသည် စစ်သည်အားလုံးကို ချက်ချင်းပင် စုရုံးစေခဲ့ပြီး နောက်ထပ် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်ပြန်သည်။
ထို့ကြောင့် စစ်သည်တော်အားလုံးသည် တောင်အောက်သို့ ဆင်းသည့် အခြားလမ်းကြောင်းတစ်ခုအတိုင်း လိုက်လံဖမ်းဆီးရန်အတွက် ထပ်မံ၍ အပြေးအလွှား လှုပ်ရှားကြပြန်၏။
ဝံပုလွေတောင်ထွတ်မှ ဓားပြများ ထွက်ပြေးတိမ်းရှောင်သွားကြစဉ် သူတို့သည် အလွန်ထင်ရှားသော ခြေရာလက်ရာများကို ချန်ထားခဲ့သဖြင့် ယွီရွှေတပ်စခန်း၏ စစ်သည်များအတွက် အလွယ်တကူပင် အမှီလိုက်နိုင်ရန် အကြောင်းဖန်လာခဲ့သည်။
ဤတောင်ဆင်းလမ်းအတိုင်း ဆင်းသွားပါက ကြီးမားလှသော သစ်တောကြီးတစ်ခုကို ဖြတ်သန်းသွားရမည်ဖြစ်ပြီး ထိုနေရာ၌ သဘာဝတောင်ကျစမ်းချောင်းလေးတစ်ခုမှာ ဖြည်းညင်းစွာ စီးဆင်းနေ၏။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်ခန့်အကြာတွင် ယွီရွှေတပ်စခန်း၏ စစ်သည်တော်များသည် မျက်နှာပြင်ပေါ်၌ ရေညှိစိမ်းများ မျောပါနေသော ရေကန်ကြီးတစ်ခုအနီးသို့ အမှီလိုက်နိုင်ခဲ့ကြသည်။
ထိုနေရာ၌ ဝံပုလွေတောင်ထွတ်၊ သွေးဓားဂူနှင့် သွေးကင်းမြီးကောက်တောင်တန်း ဟူသော ဓားပြစခန်းသုံးခုလုံးမှ လူများမှာ စုရုံးရောက်ရှိနေကြပြီ ဖြစ်၏။
ဓားပြအားလုံး၏ စုစုပေါင်း အရေအတွက်မှာ ငါးရာကျော်ခန့် ရှိပေသည်။
ဓားပြစခန်းသုံးခုတွင် စုစုပေါင်း ခေါင်းဆောင်ခုနစ်ဦးရှိပြီး သူတို့အားလုံးမှာ ရွှေခန္ဓာနယ်ပယ်အဆင့်သို့ ရောက်ရှိထားသူများ ဖြစ်ကြ၏။
ဤနှင်းဖုံးတောင်တန်းတွင် အခြေစိုက်ထားသော ဓားပြစခန်းများသည် ဆယ်စုနှစ်များစွာအတွင်း လုယက်တိုက်ခိုက်မှုများမှတစ်ဆင့် အဖိုးတန်သော အရင်းအမြစ်များစွာကို စုဆောင်းရရှိထားခဲ့ကြောင်း ထင်ရှားပေသည်။ ၎င်းက သူတို့၏ ခေါင်းဆောင်များကို စွမ်းအားမြှင့်တင်ရန်နှင့် ရွှေခန္ဓာနယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်နိုင်ရန် အထောက်အပံ့ ဖြစ်စေခဲ့ခြင်း ဖြစ်၏။
ဤတစ်ကြိမ်တွင် ချီလင်ကျောင်းတော်မှ နည်းပြငါးဦးသာ လိုက်ပါလာခဲ့သည်။
ဆိုလိုသည်မှာ ယွီရွှေတပ်စခန်းဘက်တွင် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ ငါးဦးသာ ရှိပေသည်။
ထိပ်တန်းအဆင့် စွမ်းအားများ၏ အရေအတွက်အရဆိုပါက ယွီရွှေတပ်စခန်းမှာ အမှန်တကယ်ပင် အခြေအနေမလှဘဲ အားနည်းချက် ရှိနေချေပြီ။
"မင်းတို့ ယွီရွှေတပ်စခန်းက ကောင်တွေ... ငါတို့နောက်ကို တကယ့်ကို လိုက်ရဲတာပဲနော်..."
"ဒီနေ့မှာတော့... ငါတို့ သုံးဖွဲ့ပေါင်းပြီး မင်းတို့ရဲ့ ယွီရွှေတပ်စခန်းကို အပြတ်ခြေမှုန်းပစ်မယ်..."
ထိုအခိုက်တွင် သွေးဓားဂူ၏ ခေါင်းဆောင်ဖြစ်သူ ဟွမ်ပိုင်ချိုက ရက်စက်ကြမ်းကြုတ်သော အသံဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်တော့သည်။