အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) သွေးဓားဂူသို့ တိုးဝင်ခြင်း၊ ရတနာဂိုဒေါင်ကို ကိုယ်စီစွမ်းရည်ဖြင့် ရှာဖွေခြင်း
စစ်တပ်ကြီးသည် တောင်သုံးလုံးကို ပတ်ခွေ၍ ချီတက်ခဲ့ကြ၏။
ရှေ့မှောက်တွင် မြင်တွေ့နေရသော တောင်ကြီးသည်လည်း အမြင့်ပေ သုံးထောင်ခန့် ရှိပေသည်။
တောင်ခြေရင်းမှ လှမ်းကြည့်လျှင် တောင်ခါးပန်းပေါ်ရှိ ကြီးမားလှသော ဂူပေါက်ဝကြီးတစ်ခုကို လှမ်းမြင်ရ၏။ ဂူဝတစ်ခုလုံးကို နီရဲသော ကျောက်တုံးများဖြင့် ဖုံးအုပ်ထားရာ အဝေးမှကြည့်လျှင် ဧရာမ သားရဲကြီးတစ်ကောင်၏ သွေးအိုင် တောက်နေသော ပါးစပ်ပေါက်ကြီးနှင့် တူလှပေသည်။
ဤနေရာကမူ သွေးဓားဂူပင်ဖြစ်တော့၏။
တောင်ခြေမှ တောင်ခါးပန်းပေါ်ရှိ ဂူဝသို့ ရောက်ရှိရန် မတ်စောက်သော ကျောက်လှေကားတစ်စင်းသာ ရှိသည်။ အကယ်၍ စစ်တပ်ကြီး အပေါ်သို့ တက်လှမ်းလိုလျှင် ဤကျောက်လှေကားအတိုင်းသာ တက်လှမ်းရမည်ဖြစ်၏။
စီထူယန့်လုံက သွေးနီရောင် ဂူပေါက်ဝကြီးကို မော်ကြည့်လိုက်သည်။ သူ၏ စူးရှသော မျက်မှန်အောက်တွင် ဂူဝ၌ ဓားပြအချို့ ကျန်ရှိနေသေးသည်ကို သေသေချာချာ မြင်တွေ့လိုက်ရ၏။
သို့သော်လည်း ရွှေခန္ဓာနယ်ပယ်ရှိ ခေါင်းဆောင်များ မရှိကြတော့သဖြင့် ဤအောက်ခြေသားရဲ ဓားပြအုပ်စုကို ကြောက်ရွံ့နေစရာ မလိုချေ။
"တပည့်... ဆရာ အရင်တက်နှင့်မယ်..."
ယခုအခိုက်အတန့်တွင် စီထူယန့်လုံသည် ထပ်မံ မစောင့်ဆိုင်းနိုင်တော့ချေ။ သူက တောင်ပေါ်သို့ ပထမဆုံး တက်လှမ်းကာ ဓားပြအားလုံးကို သတ်ဖြတ်ပြီး ရတနာဂိုဒေါင်အတွင်းရှိ ရတနာများကို လုယူလိုနေခြင်း ဖြစ်သည်။
မဟုတ်ပါက သူ၏ နည်းပြချုပ်ဟူသော ဂုဏ်သတင်းကြီးဖြင့် ရှရွှယ်ချန်တောင်သို့ ဓားပြနှိမ်နင်းရန် လာရောက်ခဲ့ပါလျက်နှင့် မည်သည့်အရာမျှ မရရှိခဲ့လျှင် စီထူယန့်လုံတစ်ယောက် ကျောင်းတော်သို့ ပြန်ရန် မျက်နှာရှိတော့မည် မဟုတ်ချေ။
စကားဆုံးသည်နှင့် စီထူယန့်လုံသည် တောင်ပေါ်သို့ ပျံတက်သွားတော့၏။
"ခင်ဗျားတစ်ယောက်တည်း အကုန်လုံး ဝါးမြိုဖို့တော့ မစဉ်းစားနဲ့..."
စီထူယန့်လုံ၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ယွမ်ကော်ကော်က ချက်ချင်းပင် တစ်ခုခုကို ရိပ်မိသွားသည်။ စီထူယန့်လုံတစ်ယောက်တည်း သွေးဓားဂူ၏ ရတနာများကို လုယူသွားမည့်အရေးကို သူက ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။
ထို့ကြောင့် ယွမ်ကော်ကော်ကလည်း နောက်မှ အမြန်ဆုံး လိုက်ပါသွားတော့သည်။
ကျန်ရှိသော နည်းပြသုံးယောက်သည်လည်း အခြေအနေကို ရိပ်မိသွားကြသဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။
နည်းပြငါးယောက်၏ လှုပ်ရှားမှုများကို မြင်ပြီးနောက် ကျောက်လင်သည် သူတို့ ဘာကြံစည်နေသည်ကို ကောင်းစွာ သဘောပေါက်လိုက်သည်။
*ဟွန်း... ငါတို့ ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့…*
ကျောက်လင်က စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်မိ၏။
ကျောက်လင်သည် ဝံပုလွေတောင်ထွတ်မှ ငွေပြားနှစ်သောင်းကို လုယူကာ တစ်ညတွင်းချင်း သူဌေးဖြစ်သွားခဲ့သော်လည်း ရတနာဆိုသည်မှာ မည်မျှပင်များများ နည်းသည်ဟုသာ သူက ထင်မြင်နေဆဲ ဖြစ်သည်။
သဘာဝကျစွာပင် ကျောက်လင်သည်လည်း သွေးဓားဂူ၏ ရတနာများကို လုယူချင်နေ၏။
"ဟွိုင်တောက်... ဝက်ဝံကြီး... မင်းတို့နှစ်ယောက် တောင်ပေါ် လိုက်ခဲ့ဖို့ မလိုဘူး... ဒီမှာတင် မြင်းရိုင်းတွေကို သေသေချာချာ စောင့်ကြည့်နေကြ..."
"ငါတစ်ယောက်တည်း တောင်ပေါ်တက်မယ်..."
ကျောက်လင်က ချက်ချင်းပင် ညွှန်ကြားချက် ပေးလိုက်ပြီးနောက် မြင်းပေါ်မှ ခုန်ဆင်းကာ ကျောက်လှေကားအတိုင်း အပေါ်သို့ အဟုန်ပြင်းစွာ ပြေးတက်သွားတော့သည်။
ကျောက်ဟယ်ရွှမ်းသည် ကျောက်လင်၏ လှုပ်ရှားမှုကို မြင်သောအခါ သူ၏မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
"ကောင်းပြီလေ... ကျောက်လင်... မင်းကိုယ်တိုင် ဂူထဲကို တက်လာမှတော့ ငါ မင်းကို အဲ့ဒီဂူထဲမှာတင် အစဖျောက် သတ်ပစ်မယ်... ဘာသက်သေမှ ကျန်မှာမဟုတ်သလို ဘယ်သူမှလည်း ငါ့ကို လာပြီး ပြဿနာရှာရဲမှာ မဟုတ်ဘူး..."
ကျောက်ဟယ်ရွှမ်းက ယုတ်မာသော အကြံတစ်ခုကို ချက်ချင်းပင် ကြံစည်လိုက်တော့သည်။
ထို့နောက် ကျောက်ဟယ်ရွှမ်းက သူ၏လက်မောင်းကို မြှောက်ကာ အော်ဟစ်လိုက်၏။
"စစ်သည်တို့... တောင်ပေါ်ကို ချီတက်ပြီး သွေးဓားဂူက ဓားပြတွေကို အမြစ်ပြတ် သတ်ဖြတ်ကြ..."
ယွီရွှေစခန်းမှ စစ်သားများသည်လည်း စွမ်းဆောင်ရည်မှတ်များနှင့် ရိက္ခာပစ္စည်းများကို လုယူလိုကြသဖြင့် ကျောက်လှေကားအတိုင်း သွေးနီရောင် ဂူပေါက်ဝကြီးဆီသို့ အလုအယက် ပြေးတက်သွားကြတော့သည်။
စီထူယန့်လုံသည် ဂူပေါက်ဝသို့ ပထမဆုံး ရောက်ရှိသွားသူ ဖြစ်၏။
"ဘယ်ကလာတဲ့ ရိုင်းစိုင်းတဲ့ကောင်လဲ... ငါတို့ သွေးဓားဂူမှာ လာပြီး မောက်မာရဲတယ်ပေါ့..."
ဂူပေါက်ဝရှိ ဓားပြတစ်စုက ခြိမ်းခြောက်ကာ အော်ဟစ်လိုက်ကြသည်။
"အပိုတွေ..."
စီထူယန့်လုံသည် ဤဓားပြများနှင့် စကားအပိုပြောရန် အချိန်မရှိချေ။ သူက လက်ကို မြှောက်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
ပြင်းထန်လှသော လေပြင်းလှိုင်းတစ်ခုက ဖြတ်သန်းသွားပြီး ဂူပေါက်ဝတစ်ခုလုံးကို လွှမ်းခြုံကာ ဓားပြအားလုံးကို သတ်ဖြတ်ပစ်လိုက်၏။
"ဒုက္ခပါပဲ..."
"တစ်ယောက်ယောက်က ငါတို့ သွေးဓားဂူကို လာတိုက်နေပြီ..."
ဂူအတွင်း၌ ကျန်ရှိနေသော ဓားပြများသည် စီထူယန့်လုံ၏ စွမ်းအားကြောင့် ကြောက်လန့်တုန်လှုပ်ကုန်ကြပြီး အော်ဟစ်သံများက တရစပ် ထွက်ပေါ်လာတော့သည်။
ထို့နောက် ဂူအတွင်း ထွန်းညှိထားဆဲဖြစ်သော မီးတုတ်များအားလုံး တစ်ပြိုင်နက်တည်း ငြိမ်းသတ်သွားကြ၏။
ဂူအတွင်းရှိ ဓားပြများသည် မြေမျက်နှာသွင်ပြင်ကို ကျွမ်းကျင်မှုကို အသုံးချကာ ဂူ၏ အတွင်းပိုင်းဆီသို့ အသည်းအသန် ပြေးဝင်သွားကြတော့သည်။
"မကောင်းတော့ဘူး..."
"ဒီဂူထဲမှာ အခြားထွက်ပေါက်တစ်ခု ရှိနေတာလား..."
ဓားပြများ၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ စီထူယန့်လုံက တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားသည်။
အကယ်၍ ဓားပြတစ်ယောက်ကို ဖမ်းဆီးပြီး ရတနာဂိုဒေါင်ရှိရာနေရာကို အတင်းအကျပ် မမေးမြန်းနိုင်ပါက စီထူယန့်လုံကိုယ်တိုင် ရှာဖွေရန် အတော်လေး အားစိုက်ရပေလိမ့်မည်။
ထို့ကြောင့် စီထူယန့်လုံသည် သူ၏ စိတ်စွမ်းအားကို မျက်လုံးအဖြစ် အသုံးပြုကာ ဓားပြများနောက်သို့ အမြန်ဆုံး လိုက်လံဖမ်းဆီးရန် ဂူအတွင်းသို့ တိုးဝင်သွားတော့၏။
ဂူအတွင်းသို့ ပေသုံးရာခန့် တိုးဝင်သွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်အောင် မှောင်မိုက်သွားခဲ့သည်။ စီထူယန့်လုံသည် စိတ်စွမ်းအား ရှိနေသည့်တိုင်အောင် စည်းမဲ့ကမ်းမဲ့ မပြေးဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ စီထူယန့်လုံ၏ စိတ်စွမ်းအားက ဓားပြများ၏ အငွေ့အသက်ကိုသာ အာရုံခံနိုင်ပြီး မြေမျက်နှာသွင်ပြင်ကိုမူ မမြင်နိုင်ချေ။ သူက ပြေးလွှားရင်း ကျောက်နံရံကို ဝင်တိုက်မိကာ ဖုန်တထောင်းထောင်း ဖြစ်မည့်အရေးကို မလိုလားပေ။
ထို့ပြင် ထိုဓားပြများမှာလည်း ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ဒီဂူထဲမှာ ကျောက်လမ်းမြှောင်တွေ အများကြီး ရှိနေတာပဲ... ဒီဓားပြတွေက လမ်းမြှောင်တွေထဲကို အရင်ကတည်းက ဝင်ပြေးပြီး လွတ်သွားကြတာ ဖြစ်ရမယ်..."
ယခုအခိုက်အတန့်တွင် စီထူယန့်လုံက ခဏမျှ စဉ်းစားလိုက်ပြီးမှ ဤဓားပြများ အဘယ်ကြောင့် ဤမျှ မြန်ဆန်စွာ ထွက်ပြေးနိုင်ရခြင်းကို သဘောပေါက်သွားတော့သည်။
ဓားပြများကို မဖမ်းဆီးနိုင်ခဲ့သဖြင့် ရတနာဂိုဒေါင်ရှိရာ နေရာကိုလည်း အတင်းအကျပ် မမေးမြန်းနိုင်တော့ချေ။
"ငါ့ဘာသာငါပဲ တစ်ခန်းချင်းစီ လိုက်ရှာတော့မယ်..."
စီထူယန့်လုံသည်လည်း အခြေအနေကို လျင်မြန်စွာ လက်ခံလိုက်ပြီး ဘေးနားရှိ ငြိမ်းနေသော မီးတုတ်တစ်ခုကိုယူကာ မီးခတ်ကျောက်ဖြင့် ပြန်လည် ထွန်းညှိလိုက်၏။
ထိုအခိုက်တွင် ယွမ်ကော်ကော်နှင့် ကျန်နည်းပြသုံးယောက်သည်လည်း ဂူအတွင်းသို့ ဝင်ရောက်လာကြသည်။
"နည်းပြစီထူ... ခင်ဗျားက တော်တော်လေး မြန်တာပဲ... ရတနာဂိုဒေါင်ကို ရှာတွေ့သွားပြီလား..."
ယွမ်ကော်ကော်က ပြုံး၍ မေးမြန်းလိုက်၏။
စီထူယန့်လုံသည် ထိုစကားများ၏ နောက်ကွယ်မှ သရော်လှောင်ပြောင်မှုကို အလွယ်တကူပင် နားလည်လိုက်သည်။
"ဟွန်း... ကိုယ့်စွမ်းရည်နဲ့ကိုယ်ပဲ ရှာကြတာပေါ့..."
စီထူယန့်လုံသည် ရတနာဂိုဒေါင်ကို ရှာဖွေရန်သာ အာရုံစိုက်ထားသဖြင့် ယွမ်ကော်ကော်နှင့် စကားများရန် အချိန်မရှိချေ။
"နည်းပြတို့ရေ… ငါတို့ နောက်ထပ်တစ်ကြိမ် ပြိုင်ပွဲလုပ်ကြဦးမလား..."
ယွမ်ကော်ကော်က ကျန်နည်းပြသုံးယောက်ကို စကားလှမ်းပြောလိုက်ပြီးနောက် မီးတူးအိမ်တစ်ခုကို ကိုင်ကာ ဂူ၏ အတွင်းပိုင်းဆီသို့ လှမ်းလျှောက်သွားတော့သည်။
နည်းပြသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် မီးတူးအိမ်တစ်ခုစီကို ရှာဖွေထွန်းညှိကာ ဂူအတွင်းပိုင်းသို့ ဦးတည်သွားကြ၏။
ကျောက်လင်သည် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဂူပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။
'မူလဝိညာဉ်ကျင့်စဉ်' ၏ တတိယအဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးနောက် စိတ်စွမ်းအား၏ အာရုံခံနိုင်စွမ်းက ပေခြောက်ဆယ် အကွာအဝေးသို့ ရောက်ရှိသွားရုံသာမက ကျောက်တုံးအလွှာများကိုပါ ထိုးဖောက်အာရုံခံနိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။
"ဟဲဟဲ... ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ခင်ဗျားတို့လောက် မမြင့်ပေမဲ့ ရတနာရှာတဲ့နေရာမှာတော့ ငါ ကျောက်လင်က ခင်ဗျားတို့ထက် သေချာပေါက် ပိုပြီး တော်တယ်..."
ကျောက်လင်က စိတ်ထဲတွင် ကျေနပ်စွာ ရေရွတ်လိုက်၏။
ထို့ကြောင့် ကျောက်လင်သည် မီးတုတ်တစ်ခုကို ရှာတွေ့ဟန် ဆောင်လိုက်ပြီး ၎င်းကို ကိုင်ကာ ဂူအတွင်းသို့ တိုးဝင်သွားရင်း တစ်ဖက်မှလည်း ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သူ၏ စိတ်စွမ်းအားဖြင့် တိတ်တဆိတ် အာရုံခံလိုက်တော့သည်။
"အော်... ဒီဓားပြတွေ နေထိုင်တဲ့ ကျောက်ဂူအခန်းတွေထဲမှာ မြေအောက်လမ်းမြှောင်တွေဆီ ဦးတည်နေတဲ့ လျှို့ဝှက်တံခါးတွေ ရှိနေတာကိုး..."
မကြာမီမှာပင် ကျောက်လင်သည် သူဖြတ်သန်းသွားသော ကျောက်ဂူအခန်း ဆယ်ခန်းအနက် နှစ်ခန်းတွင် လျှို့ဝှက်တံခါးများ ရှိနေကြောင်း အာရုံရလိုက်၏။
လျှို့ဝှက်တံခါး ရှိနေသည်ဆိုလျှင် သွေးဓားဂူ၏ အဖိုးတန်ဆုံးသော ရတနာဂိုဒေါင်သည် ဤကဲ့သို့ ပွင့်လင်းမြင်သာသော ကျောက်ဂူထဲတွင် ရှိမနေဘဲ လျှို့ဝှက်ကျောက်လမ်းမြှောင်တစ်ခုခု
ထဲတွင်သာ ရှိနေမည်မှာ သေချာလှပေသည်။
တွန့်ဆုတ်မနေတော့ဘဲ ကျောက်လင်သည် လျှို့ဝှက်တံခါးရှိသော ကျောက်ဂူအခန်းအတွင်းသို့ ချက်ချင်း ဝင်ရောက်လိုက်ပြီး လျှို့ဝှက်တံခါးရှိရာ ကျောက်နံရံပေါ်သို့ သူ၏ ဘယ်ဘက်လက်ကို တိုက်ရိုက် တင်လိုက်တော့သည်။
တစ်ကုဗမီတာခန့် ရှိသော ကျောက်တုံးအလွှာကြီးသည် စနစ်နေရာလွတ်ထဲသို့ ပျောက်ကွယ်သွား၏။
လျှို့ဝှက်တံခါး ပွင့်သွားခဲ့ပြီ။
ကျောက်လင်သည် ကျောက်လမ်းမြှောင်အတွင်းသို့ ချက်ချင်း တိုးဝင်လိုက်ပြီးနောက် ခုနကတင် သိမ်းဆည်းလိုက်သော ကျောက်တုံးကြီးကို ပြန်ထုတ်ကာ လျှို့ဝှက်တံခါးကို ပိတ်ဆို့လိုက်တော့သည်။
စိတ်စွမ်းအားနှင့် လင်းယုန်မျက်လုံးတို့၏ အကူအညီဖြင့် ကျောက်လင်သည် ဤမှောင်မိုက်နေသော ကျောက်လမ်းမြှောင်အတွင်း၌ နေ့ခင်းဘက်ကဲ့သို့ပင် အလွယ်တကူ လျှောက်လှမ်းနိုင်၏။
မကြာမီမှာပင် ကျောက်လင်သည် ကျောက်လမ်းမြှောင်၏ အတွင်းပိုင်းတစ်ခုဆီသို့ ပြေးဝင်သွားခဲ့သည်။
ထိုနေရာတွင် ဓားပြဆယ်ယောက် တိတ်တဆိတ် ပုန်းအောင်းနေကြသည်ကို တွေ့လိုက်ရ၏။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"မင်း လျှို့ဝှက်တံခါးကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ..."
"မင်း တကယ်ပဲ ဒီကျောက်လမ်းမြှောင်ကို ရှာတွေ့သွားတာလား..."
မီးတုတ်တစ်လုံးတည်းကို ကိုင်ဆောင်ထားသော ဓားပြဆယ်ယောက်သည် မိမိတို့ရှေ့မှောက်တွင် ကျောက်လင် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ အံ့အားသင့်ကာ ဆွံ့အကုန်ကြတော့သည်။
"ငါ မင်းတို့ကို ရွေးချယ်စရာတစ်ခုပေးမယ်... မင်းတို့ သွေးဓားဂူရဲ့ ရတနာဂိုဒေါင် ဘယ်မှာရှိလဲဆိုတာ ငါ့ကို ပြောပြ..."
"မဟုတ်ရင်... ငါ မင်းတို့အားလုံးကို အခုချက်ချင်း သတ်ပစ်မယ်..."
ကျောက်လင်က အေးစက်လှသော လေသံဖြင့် ပြောလိုက်၏။
"မင်း..."
"မဖြစ်နိုင်တာ..."
ဓားပြနှစ်ယောက်က ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ကျောက်လင်သည် စကားအပိုပြောရန် ပျင်းရိလှသဖြင့် သူ၏ သတ္တုစပ်ဓားကောက်ကို ထုတ်ယူကာ တိုက်ရိုက် ဝှေ့ယမ်းလိုက်တော့သည်။
ခုနကတင် စကားပြောခဲ့သော ဓားပြနှစ်ယောက်သည် ချက်ချင်းပင် အသက်ပျောက်သွားကြရရှာ၏။
"ငါ ပြောပါ့မယ်... ငါ ပြောပါ့မယ်..."
"ငါ ရတနာဂိုဒေါင် ဘယ်မှာရှိလဲဆိုတာ သိတယ်..."
ကျန်ရှိနေသော ဓားပြရှစ်ယောက်မှာ အလွန်အမင်း ကြောက်လန့်တုန်လှုပ်သွားကြပြီး တပြိုင်နက်တည်း အော်ဟစ် ဝန်ခံလိုက်ကြတော့သည်။