← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) တတိယမြောက် ရတနာဂိုဒေါင်ကို ဓားပြတိုက်ခြင်း

သွေးကင်းမြီးကောက်တောင်တန်း၏ တည်နေရာမှာ အနည်းငယ် ထူးဆန်းလှပေသည်။

၎င်းတောင်ထွတ်မှာ မီတာတစ်ရာခန့်သာ မြင့်မားသော်လည်း ပတ်ဝန်းကျင်ရှိ တောအုပ်များထဲတွင်မူ ကိုက်ရုံမျှဖြင့် ငွေရောင်ရိုးတွင်းခြင်ဆီအဆင့် ကျွမ်းကျင်သူတစ်ယောက်ကိုပင် ချက်ချင်း အသက်ပျောက်စေနိုင်သည့် အဆိပ်ပြင်း ကင်းမြီးကောက်များ ကျက်စားနေကြသည်။

သွေးကင်းမြီးကောက်တောင်တန်းရှိ ဓားပြများတွင်မူ ထူးခြားသော ကင်းမြီးကောက်နိုင်ဆေးမှုန့် ရှိကြသဖြင့် ထိုဆေးမှုန့်ကို ခန္ဓာကိုယ်တွင် သုတ်လိမ်းထားပါက အဆိပ်ပြင်းကင်းမြီးကောက်များက အနားသို့ ကပ်ဝံ့ကြသည်မဟုတ်။

ထို့ကြောင့် သွေးကင်းမြီးကောက်တောင်တန်း၏ အခြေစိုက်စခန်းသည် အလွန်တရာ လုံခြုံလှသည်ဟု ဆိုရပေမည်။

ထိုအခိုက်တွင် သွေးကင်းမြီးကောက်တောင်တန်း၏ အစည်းအဝေးခန်းမကြီးထဲ၌ ရွှေခန္ဓာနယ်ပယ်ရှိ ခေါင်းဆောင်ခြောက်ယောက် ထိုင်နေကြ၏။

ချီလင်အကယ်ဒမီမှ နည်းပြငါးယောက်နှင့် တိုက်ခိုက်ပြီးနောက် ဝံပုလွေတောင်ထွတ်၏ ဒုတိယခေါင်းဆောင် ဖန်ဖန်၊ သွေးဓားဂူမှ ဟွမ်ပိုင်ချိုနှင့် တုလျန်၊ သွေးကင်းမြီးကောက်တောင်တန်းမှ လင်းကျိကုန်း၊ မုကျူးနှင့် ရှန်ကွမ်းယန်တို့သည် ရန်သူကို မယှဉ်နိုင်ကြောင်း သိရှိသွားကြသဖြင့် အဖွဲ့သုံးဖွဲ့မှ ဓားပြများကို ဦးဆောင်ကာ သွေးကင်းမြီးကောက်တောင်တန်းဆီသို့ ဆုတ်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

"အစ်ကိုလင်း... ယွီရွှေစခန်းက ဒီတစ်ကြိမ်မှာ တကယ့်ကို အတည်ပေါက် နှိမ်နင်းဖို့ လာတာပဲ..."

"ချီလင်အကယ်ဒမီက နည်းပြတွေကိုတောင် ဖိတ်ခေါ်ထားတာ... ငါတို့ ဓားပြစခန်း တစ်ဆယ်ခုက စည်းလုံးပြီးတော့ ယွီရွှေစခန်းရဲ့ စစ်တပ်ကို ကောင်းကောင်းကြီး သင်ခန်းစာပေးရမယ်..."

ထိုအခိုက်တွင် ဝံပုလွေတောင်ထွတ်မှ ဖန်ဖန်က စိုးရိမ်ပူပန်သော အမူအရာဖြင့် ပြောလိုက်၏။

"အစ်ကိုဖန်ပြောတာ မှန်တယ်..."

"မနက်ဖြန်မနက်ကျရင် ငါတို့အတူတူ ဟေးလုံစခန်းကို သွားပြီး တန်ထိုက်ရှုံ့ရင်ကို ဓားပြစခန်းအားလုံး စုစည်းဖို့ ပြောရမယ်... ပြီးရင်တော့ ယွီရွှေစခန်းရဲ့ စစ်တပ်ကို တစ်ချက်တည်းနဲ့ ဝိုင်းပတ်ချေမှုန်းပစ်မယ်..."

"နန်းတွင်းက ငါတို့ကို အညံ့ခံဖို့ သိမ်းသွင်းချင်တယ်ဆိုရင် အရင်ဆုံး သူတို့ရဲ့ စစ်တပ်ကို သင်ခန်းစာ ပေးရလိမ့်မယ်... အဲ့ဒီအခါကျမှ ငါတို့စိတ်ကြိုက် အညံ့ခံမယ့် စည်းကမ်းချက်တွေကို တောင်းဆိုလို့ရမှာ..."

သွေးကင်းမြီးကောက်တောင်တန်း၏ ခေါင်းဆောင် လင်းကျိကုနကလည်း လေးနက်တည်ကြည်သော အမူအရာဖြင့် ရှိနေသည်။ သူက နန်းတွင်းသည် ရှရွှယ်ချန်တောင်ရှိ ဓားပြစခန်းတစ်ဆယ်ခုကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ထားကြောင်း သိထားပေသည်။

ကွက်တိပင် ထိုစဉ် အစည်းအဝေးခန်းမကြီး၏ အဝင်ဝတွင် အရပ်ရှည်ရှည် လူရိပ်တစ်ရိပ် ပေါ်လာ၏။

"မင်းတို့ကို နန်းတွင်းက အညံ့ခံဖို့ သိမ်းသွင်းဦးမယ်လို့ မျှော်လင့်နေတုန်းပဲလား..."

"တကယ့်ကို ကလေးကလား ဆန်လိုက်တာ..."

စီထူယန့်လုံက သူ၏ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း လွှမ်းမိုးချုပ်ကိုင်နိုင်သော အငွေ့အသက်များနှင့်အတူ အထဲသို့ လှမ်းဝင်လာခဲ့သည်။

"မင်း..."

"မင်းက ဘယ်လိုလုပ်ပြီး ကင်းမြီးကောက်တောအုပ်ကို ဖြတ်ကျော်နိုင်တာလဲ..."

စီထူယန့်လုံ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ခေါင်းဆောင်ခြောက်ယောက်စလုံးမှာ မှင်တက်သွားကြ၏။

"လွယ်လွယ်လေးပဲလေ... ငါ သိပ်မြန်မြန် ပြေးလာသရွေ့ အဲ့ဒီအဆိပ်ပြင်း ကင်းမြီးကောက်တွေက ငါ့ကို တိုက်ခိုက်ဖို့ အချိန်ရမှာ မဟုတ်ဘူး..."

စီထူယန့်လုံက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ထိုခြောက်ယောက်က စကားထပ်မပြောနိုင်ခင်မှာပင် စီထူယန့်လုံက သူ၏ ဓားကြီးကို ဝှေ့ယမ်းလိုက်၏။

ပြင်းထန်လှသော ဓားစွမ်းအင် လှိုင်းလုံးကြီးက ဝုန်းကနဲ ပြေးဝင်သွားသည်။

"သူ့ကို အတူတူ သတ်ကြစို့..."

သွေးဓားဂူ၏ ခေါင်းဆောင် ဟွမ်ပိုင်ချိုက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဓားကို ကိုင်ကာ ရှေ့သို့ ပြေးဝင်သွား၏။

"ကောင်းပြီ..."

ကျန်သည့် ငါးယောက်ကလည်း ပြိုင်တူ တုံ့ပြန်လိုက်ကြပြီး အသီးသီးသော လက်နက်များကို ကိုင်ဆောင်ကာ ရှေ့သို့ အပြေး တိုက်ခိုက်ကြတော့သည်။

ထိုလူခြောက်ယောက်၏ စုပေါင်းအင်အားက ထိုဓားစွမ်းအင် လှိုင်းလုံးကြီးကို ဖြိုခွဲရန် လုံလောက်ပေသည်။

ဤအခိုက်တွင် စီထူယန့်လုံက ထိုခြောက်ယောက်ကို သတ်ရန် ဆုံးဖြတ်ထားသဖြင့် အလွန်တရာ ရက်စက်ပြင်းထန်စွာ တိုက်ခိုက်လေသည်။ သူ၏ ဓားရှည်က နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ၏ တိုက်ကွက်များကလည်း တစ်ခုပြီးတစ်ခု ဆက်တိုက် ကျရောက်လာ၏။

ခေါင်းဆောင်ခြောက်ယောက် အတူတူ ပူးပေါင်းထားလျှင်ပင် မနည်း ရုန်းကန်ကာ ခုခံနေရသည်။

"မင်းက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..."

ဝံပုလွေတောင်ထွတ်၏ ဒုတိယခေါင်းဆောင် ဖန်ဖန်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

မွန်းတည့်ချိန် တိုက်ပွဲတုန်းက ဓားပြစခန်း သုံးခုမှ ခေါင်းဆောင် ခုနစ်ယောက်သည် ချီလင်အကယ်ဒမီမှ နည်းပြငါးယောက်နှင့် အင်အားချင်း မျှနေခဲ့ပြီး စီထူယန့်လုံမှာ သိသိသာသာ ထင်ပေါ်ခြင်းမရှိခဲ့ချေ။

ယခုမူ စီထူယန့်လုံက တစ်ကိုယ်တော် အင်အားဖြင့် လူခြောက်ယောက်စလုံးကို ဖိနှိပ်ထားသည်ကို မြင်လိုက်ရသဖြင့် ခေါင်းဆောင်ခြောက်ယောက်မှာ တုန်လှုပ်ချောက်ချားသွားကြရသည်။

"မင်းတို့လို ဓားပြတွေက ဝိညာဉ်ဆေးပင် ဒါမှမဟုတ် ဆေးလုံးအချို့ကို အားကိုးပြီး ရွှေခန္ဓာနယ်ပယ်ကို ရောက်အောင် ခန္ဓာကိုယ်ကို အတင်းအကျပ် ပုံသွင်းထားကြတာပဲ..."

"မင်းတို့ရဲ့ အခြေခံက အလွန်တရာ အားနည်းလွန်းတယ်... ငါတို့ ချီလင်အကယ်ဒမီကတော့ နန်းတွင်းက သင်ကြားပေးတဲ့ ကျင့်စဉ်တွေဖြစ်လို့ ငါတို့ရဲ့ ကျင့်ကြံခြင်းက စစ်မှန်ပြီး စနစ်တကျ ရှိတယ်... မင်းတို့လို လေလွင့်ကျင့်ကြံသူတွေက ဘယ်လိုလုပ် စိတ်ကူးယဉ်လို့ရမှာလဲ..."

စီထူယန့်လုံက မထီမဲ့မြင် ပြောလိုက်ရင်း သူ၏ ဓားကြီးဖြင့် တိုက်ခိုက်မှုက လျော့ကျမသွားဘဲ ပို၍ပင် ပြင်းထန်လာ၏။

တိုက်ပွဲ ကြာလာသည်နှင့်အမျှ ခေါင်းဆောင်ခြောက်ယောက်မှာ ခုခံရန် ပို၍ ရုန်းကန်လာရပြီး သူတို့၏ လှုပ်ရှားမှုများလည်း ပျာယာခတ်လာကြသည်။

"ပြေးကြစို့..."

ထိုအခိုက်တွင် ဖန်ဖန်က အော်ဟစ်လိုက်၏။

ကျန်သည့် ခေါင်းဆောင်ငါးယောက်ကလည်း မယှဉ်နိုင်မှန်း သိကြသဖြင့် ဆက်၍ လုံးထွေးမနေလိုတော့ဘဲ အစည်းအဝေးခန်းမကြီးထဲမှ ချက်ချင်း ရုန်းထွက်လိုက်ကြသည်။

ထိုလူခြောက်ယောက်က ဝုန်းကနဲ ခုန်ပျံကျော်လွှားကာ ထွက်ပြေးလွတ်မြောက်သွားကြ၏။

"ဟွန့်... ကြက်တွေ ခွေးတွေလို အုပ်စုပဲ... ကျင့်ကြံခြင်းအဆင့်ရှိရုံကလွဲလို့ သူတို့ရဲ့ သိုင်းကွက်တွေက စုတ်ပြတ်သတ်နေတာပဲ..."

"မင်းတို့ ထွက်ပြေးနိုင်ပေမယ့် ရတနာဂိုဒေါင်ကတော့ ပြေးလို့မလွတ်ဘူး... ငါ အရင်ဆုံး ရတနာတွေကို သိမ်းရမယ်..."

စီထူယန့်လုံက နောက်ကလိုက်မဆွဲတော့ပေ။ သူ ဤနေရာသို့ လာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်က ရတနာဂိုဒေါင်ထဲရှိ ရတနာအားလုံးကို သိမ်းပိုက်ရန်သာ ဖြစ်သည်။

မကြာမီမှာပင် စီထူယန့်လုံက သွေးကင်းမြီးကောက်တောင်တန်း၏ လူနေရပ်ကွက်သို့ ရောက်ရှိသွားပြီး ဓားပြ အယောက်နှစ်ဆယ်ကို အတင်းအကျပ် ဖမ်းဆီးလိုက်ကာ ရတနာဂိုဒေါင်အဝင်ဝသို့ လမ်းပြခိုင်းလိုက်၏။

ထိုရတနာဂိုဒေါင်က ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည့် ကြီးမားသော နေရာတစ်ခုဖြစ်သည်။

စီထူယန့်လုံက ရတနာဂိုဒေါင်သို့ ရောက်သောအခါ အဝင်ဝရှိ ကျောက်တုံးတံခါးကြီးကိုကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်ရုံသာ ပြုသည်။

ထို့နောက် ချက်ချင်းပင် စီထူယန့်လုံက သူ၏ ဓားကြီးကို ဝှေ့ယမ်းလိုက်ရာ လေဓားသွားတစ်ခု ထွက်ပေါ်သွားပြီး ကျောက်တုံးတံခါးကြီးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ခွဲလိုက်၏။

"မီးတုတ်တွေ မြှောက်ပြီး ငါ့နောက်က လိုက်ခဲ့ကြ..."

စီထူယန့်လုံက အကျယ်ကြီး အော်ဟစ်လိုက်သည်။

ထို့နောက် ဖမ်းဆီးခံထားရသည့် ဓားပြ အယောက်နှစ်ဆယ်က မီးတုတ်များကို ကိုင်ဆောင်ကာ စီထူယန့်လုံ၏ နောက်မှ ရတနာဂိုဒေါင်ထဲသို့ လိုက်ဝင်သွားကြ၏။

“ဟာ..."

စီထူယန့်လုံက အံ့သြတကြီး ရေရွတ်လိုက်သည်။

သူ့နောက်မှ ဓားပြ အယောက်နှစ်ဆယ်ကလည်း အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်ကြ၏။

ရတနာဂိုဒေါင်ကြီးတစ်ခုလုံးက လုံးဝ ဗလာကျင်းနေချေပြီ။

"ဒီဂိုဒေါင်က ဘယ်တုန်းက အလွတ်ခံလိုက်ရတာလဲ..."

စီထူယန့်လုံက လူစားမတတ်သည့် မျက်လုံးကြီးနှစ်လုံးဖြင့် စူးစိုက်ကြည့်ကာ ဓားပြများကို ဒေါသတကြီး စစ်မေးလိုက်၏။

"မဟုတ်ပါဘူး..."

"ဒီနေ့ ငါတို့တွေက ခေါင်းဆောင်နဲ့အတူ ဝံပုလွေတောင်ထွတ်ကို သွားပြီး ယွီရွှေစခန်းရဲ့ စစ်တပ်နဲ့ တိုက်ခိုက်ခဲ့တာပါ... ပြီးတာနဲ့ သွေးကင်းမြီးကောက်တောင်တန်းကို တန်းပြန်လာတာ... အထဲက ပစ္စည်းတွေကို ရွှေ့ဖို့ အချိန်မှမရှိတာ..."

"ဟုတ်ပါတယ်... ငါတို့အားလုံး သက်သေပြရဲပါတယ်... ခေါင်းဆောင်က ဒီနေ့ ရတနာဂိုဒေါင်တံခါးကို မဖွင့်ခဲ့ပါဘူး... ဒါကြောင့် အထဲက ရိက္ခာတွေနဲ့ ငွေတွေက ရွှေ့ပြောင်းခံရဖို့ မဖြစ်နိုင်ပါဘူး..."

ဓားပြများက ချက်ချင်းပင် ပြိုင်တူ ပြောလိုက်ကြ၏။

စီထူယန့်လုံက သံသယများဖြင့် ပြည့်နှက်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဝံပုလွေတောင်ထွတ်၏ ရတနာဂိုဒေါင်က ပျောက်ကွယ်သွားခဲ့သည်။

သွေးဓားဂူ၏ ရတနာဂိုဒေါင်ကလည်း လုံးဝ ဗလာကျင်းနေခဲ့သည်။

ယခုမူ သွေးကင်းမြီးကောက်တောင်တန်း၏ ရတနာဂိုဒေါင်ကပါ လေထဲတွင် အငွေ့ပျံ ပျောက်ကွယ်သွားပြန်ပြီ။

ဤအဖြစ်အပျက်ကို သုံးကြိမ်တိုင်တိုင် ဆက်တိုက် ကြုံတွေ့ရပြီးနောက် စီထူယန့်လုံက တစ်စုံတစ်ယောက်သည် ယွီရွှေစခန်း၏ နောက်ကွယ်မှ တောက်လျှောက် လိုက်ပါလာပြီး ရတနာဂိုဒေါင်ထဲမှ ရတနာများကို အမြဲတမ်း ကြိုတင်လုယူနေကြောင်း ရိပ်မိသွားချေပြီ။

*အဲ့ဒါ ဘယ်သူ ဖြစ်နိုင်မလဲ…*

စီထူယန့်လုံက တည်ငြိမ်စွာ စဉ်းစားနေ၏။

ထိုအခိုက်တွင် ဓားပြအယောက်နှစ်ဆယ်က စီထူယန့်လုံ အသည်းအသန် စဉ်းစားနေသည်ကို မြင်သောအခါ အခွင့်ကောင်းယူ၍ ထွက်ပြေးရန် တိတ်တဆိတ် နောက်ဆုတ်လိုက်ကြသည်။

"မင်းတို့က ထွက်ပြေးချင်သေးတာလား..."

"ငရဲကိုပဲ သွားကြချေ..."

မူလက ထိုဓားပြအယောက်နှစ်ဆယ်ကို ဖမ်းဆီးထားခြင်းမှာ ရတနာများကို သယ်ယူခိုင်းရန် ဖြစ်သည်။

ယခုမူ ရတနာဂိုဒေါင်က အလွတ်ကြီးဖြစ်နေပြီဖြစ်ရာ ထိုဓားပြများကို အသက်ချန်ထားရန် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

ဓားကြီးကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် စီထူယန့်လုံက ပြင်းထန်သော လေဓားသွားတစ်ခုကို ထုတ်လွှတ်လိုက်ကာ ရန်သူဓားပြများကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်ပြီး အကုန်လုံးကို သတ်ပစ်လိုက်၏။

စီထူယန့်လုံက ဓားပြများကို ရက်ရက်စက်စက် သတ်ဖြတ်နေသည့် အချိန်တွင်ပင် မီတာနှစ်ရာခန့် အကွာအဝေးရှိ ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်၌ ကျောက်လင်က ဝပ်နေခဲ့သည်။

"ပတ်ဝန်းကျင် တောအုပ်ထဲမှာ အဆိပ်ပြင်း ကင်းမြီးကောက်တွေ အများကြီးရှိတာ မှန်ပေမယ့် ငါ့မှာ စိတ်စွမ်းအား ရှိနေတော့ သူတို့ ငါ့ကို တိုက်ခိုက်ဖို့ ကြံစည်တဲ့အခါ ကြိုတင်ပြီး ရှောင်ကွင်းနိုင်ခဲ့တာပေါ့..."

"မွန်းတည့်ချိန်တုန်းက စီထူယန့်လုံက သူ့ရဲ့ အင်အားကို တမင်တကာ ဖုံးကွယ်ထားခဲ့တာပဲ... အခုကျတော့ ခေါင်းဆောင် ခြောက်ယောက်စလုံးကို တိုက်ပွဲတစ်ခုတည်းနဲ့ ဒီလောက် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်အားနဲ့ အနိုင်ယူပြလိုက်တယ်..."

"ဒါပေမဲ့ အဲ့ဒါလည်း ကောင်းတာပါပဲ... မင်းတို့ အသေအလဲ တိုက်ခိုက်နေတဲ့ အချိန်မှာ ငါက အခွင့်ကောင်းယူပြီး ရတနာဂိုဒေါင်ထဲ ဝင်လိုက်လို့ ရိက္ခာအိတ် အလုံး ၂၀ နဲ့ သေတ္တာ ၂၀ ကို ထပ်ပြီး ရရှိသွားပြီ..."

ကျောက်လင်က စနိုက်ပါရိုင်ဖယ်၏ မှန်ပြောင်းမှတစ်ဆင့် စီထူယန့်လုံကို ကြည့်ရင်း ဝမ်းသာအားရ ရေရွတ်လိုက်၏။

"ဒါပေမဲ့ စီထူယန့်လုံက ဓားပြစခန်း သုံးခုရဲ့ ရတနာဂိုဒေါင်တွေ ဗလာကျင်းသွားတာကို သိသွားပြီး လူအချို့အပေါ် သံသယဝင်နေပုံရတယ်..."

"သူ ငါ့ကို သံသယဝင်အောင် ခွင့်ပြုလို့မဖြစ်ဘူး..."

"စီထူယန့်လုံကို သတ်ပစ်လိုက်တာက အကောင်းဆုံးပဲ..."

ခဏမျှ စဉ်းစားပြီးနောက် ကျောက်လင်က ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

စခန်းတွင် ရှိနေစဉ်ကတည်းက ကျောက်လင်သည် စီထူယန့်လုံနှင့် ရန်ငြိုးဖွဲ့ထားပြီးသားဖြစ်ကာ ထိုနှစ်ယောက်မှာ မဟာရန်သူများ ဖြစ်ကြသည်။

ယခုမူ စီထူယန့်လုံက တစ်ယောက်တည်းရှိနေသဖြင့် သူ့ကို သတ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေသည်။

ထို့ကြောင့် ကျောက်လင်က သူ၏ စိတ်အာရုံဖြင့် စနစ်မျက်နှာပြင်ကို ကြည့်လိုက်ပြီး စနစ်ဈေးဆိုင်ထဲတွင် ပြင်းထန်သော လက်နက်တစ်ခုကို ဝယ်ယူရန် ရှာဖွေကြည့်ရှုလိုက်တော့သည်။

All Chapters