အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁) လျှို့ဝှက်လက်နက်
တောင်နောက်ဘက်ရှိ ဆင်ခြေလျှောလေးပေါ်တွင် မြေမှုန့်များ တထောင်းထောင်း ထနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး အလုပ်လုပ်ကိုင်နေသူများနှင့် စည်ကားသိုက်မြိုက်နေသည်။
အမျိုးသားများက အင်္ကျီချွတ်ထားကြပြီး သူတို့၏ မည်းနက်နေသော ကျောပြင်များက နံနက်ခင်းနေရောင်အောက်တွင် တလက်လက် တောက်ပြောင်နေ၏။ ကြွက်သားမြောင်းများကြားမှ ချွေးပေါက်ပေါက်ကျနေလျက် ပေါက်ပြားများနှင့် ဂေါ်ပြားများကို အရှိန်အဟုန်ပြင်းစွာ ကိုင်တွယ်လှုပ်ရှားနေကြလေသည်။
အမျိုးသမီးများကလည်း အားမနေကြပေ။ ရေပုံးများ သယ်ယူခြင်း၊ အုတ်ခဲများ ရွှေ့ပြောင်းခြင်းတို့ကို ပြုလုပ်နေကြကာ သူတို့၏ သွက်လက်သော လှုပ်ရှားမှုများက အမျိုးသားများထက် အလျှင်းမလျော့ချေ။
သူတို့က ကြက်မွေးမြူရေးခြံကို တစ်ရက်တည်းနှင့် အပြီးတည်ဆောက်လိုက်ချင်နေကြပုံရ၏။
သို့သော်လည်း ရွာထဲတွင် ဆန့်ကျင်ဘက် အသံအချို့က အမြဲတမ်း ရှိနေတတ်စမြဲပင်။
ကြက်မွေးမြူရေးခြံ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်များဖြင့် စည်ကားနေချိန်တွင် အခြားတစ်ဖက်ဖြစ်သော ရွာအရှေ့ဘက်ခြမ်းရှိ လယ်ကန်သင်းရိုးပေါ်၌မူ ချန်လောင်ကန်းက အဘိုးအိုအချို့ကို ဦးဆောင်ကာ ဆောင့်ကြောင့်ထိုင်လျက် ဆေးတံဖွာနေကြလေသည်။
သူတို့က အဝေးရှိ ဆူညံနေသော တောင်နောက်ဘက်မှ လုပ်ငန်းခွင်ကို မျက်လုံးမှေးကြည့်နေကြပြီး သူတို့၏ အကြည့်များထဲတွင် မထီမဲ့မြင်ပြုမှုများနှင့် အထင်အမြင်သေးမှုများ ပြည့်နှက်နေ၏။
ချန်လောင်ကန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိရာဘက်သို့ လှည့်၍ မြေပြင်ပေါ်သို့ တံတွေးကို အားပါးတရ ထွေးချလိုက်သည်။
"ထွီ….အချိန်ဖြုန်းနေကြတာပဲ..."
သူ၏ အရေတွန့်နေသော မျက်နှာအိုကြီးက ရှုံ့မဲ့သွားပြီး အသံကလည်း အက်ကွဲကာ ခါးသီးနေသည်။
"ကြက်ခြံက လူနေတဲ့အိမ်တွေထက်တောင် ပိုကောင်းနေသေးတယ်... ဘိလပ်မြေတွေ သံမဏိတွေနဲ့ချည်းပဲ ကံဆိုးတာတွေ ကြုံရမှာကို မကြောက်ကြဘူးလား မသိဘူး... စောင့်သာကြည့်နေကြ ခရိုင်ကပေးတဲ့ ပိုက်ဆံတွေ အကုန်ဖြုန်းပစ်ကြတော့မှာပဲ..."
အနီးရှိ လျူမျိုးရိုးနှင့် အဘိုးအိုတစ်ဦးကလည်း ချက်ချင်းပင် ရယ်ချင်ဟန်ဆောင်ကာ ဝင်ပြောလေသည်။
"ဟုတ်တယ်... ဦးလေးလောင်ကန်းပြောတာ မှန်တယ်... ကြက်မွေးတယ်ဆိုတာ အဲ့ဒီလောက် ရှုပ်ထွေးတဲ့ကိစ္စမှ မဟုတ်တာ... ကောက်နှံလေး နည်းနည်းကြဲပေးလိုက်ရင် သူတို့ဘာသာ အစာရှာစားတတ်သွားတာပဲလေ... ဒီလို အဆင်အယင်တွေက ပိုက်ဆံတွေကို မီးရှို့ပစ်နေတာ မဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ... သူ ခရိုင်ကို ဘယ်လိုရှင်းပြမလဲဆိုတာ ငါတော့ ကြည့်ချင်သေးတယ်..."
"ဒါပေါ့... ကြက်က နှစ်ကောင် သုံးကောင်တောင် သေချာမမွေးရသေးဘဲ ပိုက်ဆံတွေ ကုန်သွားရင် ဘယ်လိုလုပ်မလဲ... ချန်ရှင်း အဲ့ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့..."
ထိုလူစုက ချန်ရှင်း၏ စိတ်ပျက်ဖွယ် အနာဂတ်ကို ကြိုတင်မြင်တွေ့နေရသည့်အလား အချင်းချင်း စကားတွေပြောရင်း ခနဲ့တဲ့တဲ့ မှတ်ချက်များ ပေးနေကြလေသည်။
ပါးစပ်က ထိုသို့ ပြောနေကြသော်လည်း သူတို့၏ မျက်လုံးများက ဆောက်လုပ်ရေးလုပ်ငန်းခွင်ဘက်သို့ အလိုအလျောက် ရောက်သွားတတ်သည်။
သူတို့ကိုယ်တိုင်ပင် ဝန်မခံချင်သော ခါးသီးမှု၊ မနာလိုမှုနှင့် နောင်တရမှု အငွေ့အသက်လေးများက ရောထွေးခံစားနေရ၏။
ချန်ရှင်းတစ်ယောက် ခရိုင်ထံမှ ငွေများစွာ တကယ်ရနိုင်မည်မှန်းသိခဲ့လျှင် ထိုအချိန်ကတည်းက သူတို့လည်း စာရင်းပေးခဲ့သင့်သည်။ သို့ဆိုလျှင် ယခုအချိန်၌ လုပ်ငန်းခွင်တွင် အလုပ်အမှတ်များ ရှာဖွေနိုင်နေပြီ ဖြစ်ပေမည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အခြားတစ်ဖက်တွင်မူ ချန်ရှင်းမှာ ထိုအတင်းအဖျင်းများကို ဂရုစိုက်နေရန် အချိန်မရှိချေ။
အရာအားလုံး အဆင်ပြေချောမွေ့နေပြီး ရွာသူရွာသားများ၏ စိတ်အားထက်သန်မှုကလည်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်ကို မြင်သောအခါ ချန်ရှင်းက လုပ်ငန်းခွင်တွင် တာဝန်များ ခွဲဝေပေးပြီးနောက် ချန်ကွမ်လင်ကို ဘေးသို့ဆွဲခေါ်ကာ တစ်စုံတစ်ရာကို တိုးတိုးလေး ပြောလိုက်သည်။
"ရွာလူကြီး... ကြက်ခြံရှိရုံနဲ့တင် မလုံလောက်သေးဘူး..."
အလုပ်များလွန်း၍ ချွေးတပြိုက်ပြိုက် ကျနေသော ချန်ကွမ်လင်က ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး
"မလုံလောက်ဘူး ဟုတ်လား... ဒီလောက် အကျယ်အဝန်းဆိုရင် ကြက်အကောင်တစ်ထောင်လောက်ကို မွေးဖို့ လုံလောက်တာထက်ကို ပိုနေပြီလေ အဲ့ဒါတောင် မလုံလောက်သေးဘူးလား..."
ချန်ရှင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး
"ကြက်ခြံကတော့ လုံလောက်ပါပြီ ဒါပေမဲ့ ကျွန်တော်တို့မှာ လျှို့ဝှက်လက်နက်တချို့ လိုအပ်နေသေးတယ်..."
ထိုသို့ပြောရင်း သူက နေရာတစ်နေရာမှ စက္ကူနှင့် ခဲတံကို ထုတ်ယူကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြန့်ပြူးသော ကျောက်တုံးတစ်တုံးကို စားပွဲအဖြစ် အသုံးပြုကာ သူ၏ လက်ထဲမှ ခဲတံကို အလျင်အမြန် ရွေ့လျားလိုက်သည်။
များမကြာမီမှာပင် ထူးဆန်းသော ပုံကြမ်းအချို့က စက္ကူပေါ်တွင် ပေါ်လာသည်။ အတွင်း၌ စင်တန်းများပါဝင်သော လေးထောင့်သေတ္တာတစ်လုံး၊ ရေပိုက်များနှင့် ချိတ်ဆက်ထားသော ထူးဆန်းသည့် ကျင်းတစ်ခုနှင့် မီးအိမ်စွပ်နှင့်တူသော အရာတစ်ခုတို့ ဖြစ်သည်။
ချန်ကွမ်လင်က အနီးသို့သွား၍ ကြည့်လိုက်သော်လည်း လုံးဝ နားမလည်နိုင်ဖြစ်နေ၏။ ဤပုံက လောကကြီးတွင် ဘာကို ဆိုလိုသနည်း။
လေးထောင့်သေတ္တာကို လက်ညှိုးထိုးပြကာ ချန်ရှင်းက စတင်ရှင်းပြလေသည်။
"ဒီဟာကို အလိုအလျောက် သားဖောက်စက်လို့ ခေါ်တယ်... အဲ့ဒါရှိရင် ကြက်မကြီး ဝပ်ဖို့ကို စောင့်နေစရာ မလိုတော့ဘူး... မျိုးအောင်တဲ့ ဥတွေရှိနေသရွေ့ အထဲကို ထည့်လိုက်ရုံနဲ့ ကြက်ပေါက်လေးတွေ သူ့ဘာသာသူ အကောင်ပေါက်လာလိမ့်မယ်... တစ်နှစ်ပတ်လုံး ဘယ်အချိန်ဖြစ်ဖြစ် သားဖောက်လို့ ရတယ်..."
"ဘာ..."
ချန်ကွမ်လင်၏ မျက်လုံးများက ပြူးထွက်လုမတတ် ဖြစ်သွားပြီး အဓိပ္ပာယ်မရှိသော စကားများကို နားထောင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
"ကြက်... ကြက်မကြီး ဝပ်စရာမလိုဘူး ဟုတ်လား... ဒီ... ဒီသေတ္တာက ဥ ဥနိုင်လို့လား..."
သူ၏ တုန်လှုပ်မှုကို လျစ်လျူရှုကာ ချန်ရှင်းက ရေကျင်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ဒါကတော့ အလိုအလျောက် ရေသောက်ခွက်လို့ ခေါ်တယ်... ရေပိုက်ကို ဆက်လိုက်တာနဲ့ ရေသောက်ခွက်ထဲမှာ သန့်ရှင်းတဲ့ရေ အမြဲတမ်းရှိနေတာကို သေချာစေလိမ့်မယ်... အဲ့ဒါကို သောက်ရင် ကြက်တွေ အလွယ်တကူ ဖျားနာမှာ မဟုတ်သလို နေ့တိုင်း ရေလဲပေးရတဲ့ အလုပ်ကိုလည်း သက်သာစေတယ်..."
နောက်တစ်ခုမှာ မီးအိမ်စွပ်ဖြစ်သည်။
"ဒါကတော့ အပူပေးမီးအိမ်ပဲ အကောင်ပေါက်ကာစ ကြက်ပေါက်လေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတာ... အဲ့ဒါရှိရင် ဆောင်းရာသီလို အေးခဲနေတဲ့အချိန်မှာတောင် ကြက်ပေါက်လေး တစ်ကောင်မှ အအေးမိပြီး သေမှာ မဟုတ်ဘူး..."
တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသော ဝေါဟာရများ၊ တစ်ခုပြီးတစ်ခု တော်လှန်ပြောင်းလဲနိုင်သော လုပ်ဆောင်ချက်များက ချန်ကွမ်လင်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထိမှန်သွားလေသည်။
သူ လုံးဝ အံ့အားသင့်သွားပြီး ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားကာ သူ၏ နှလုံးသားက ရူးသွပ်စွာ ခုန်ပေါက်နေပြီး ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်နေသည်ကိုသာ ခံစားနေရ၏။
ကြက်မကြီး မပါဘဲ ကြက်ပေါက်လေးတွေက အကောင်ပေါက်နိုင်သည်... ရေက အလိုအလျောက် စီးဆင်းလာမည်... ပြီးတော့ ကြက်ပေါက်လေးတွေက ဆောင်းတွင်းမှာ အေးခဲပြီး သေမည်မဟုတ်ပေ။
ဤသည်မှာ ကြက်မွေးတာ သက်သက်မဟုတ်တော့ဘဲ နတ်ဘုရားများ ဖန်ဆင်းထားသည်နှင့်ပင် တူနေလေပြီ။
သူက ချန်ရှင်းကို ငေးမောကြည့်နေပြီး ပါးစပ်ကြီးဟကာ အချိန်အတော်ကြာမှသာ ဗလုံးဗထွေးဖြင့် ထွက်ပေါ်လာသည်။
"ချန်... အကြံပေးချန်... မင်းရဲ့ဦးနှောက်က ဘာဖြစ်သွားတာလဲ..."
ချန်ရှင်းက ပြုံးလိုက်ပြီး ပုံကြမ်းများကို သိမ်းဆည်းလိုက်သည်။
"ဒီအရာတွေက နားထောင်ကြည့်ရင်တော့ ဆန်းကြယ်နေပေမဲ့ အခြေခံသဘောတရားက တကယ်တော့ အရမ်းရိုးရှင်းပါတယ်... အစိတ်အပိုင်းတချို့ လိုအပ်ရုံလေးပါ အဲ့ဒါတွေက ကျွန်တော်တို့ ရွာမှာတော့ မရှိဘူးလေ..."
"အစိတ်အပိုင်းတွေ... ဘာအစိတ်အပိုင်းတွေလဲ... ခရိုင် ကုန်စည်ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမအသင်းမှာ ရောင်းသလား... ဘယ်လောက်ကျလဲ... ငါ အခုချက်ချင်း သွားလျှောက်လိုက်မယ်..."
ချန်ကွမ်လင်က စိုးရိမ်တကြီး ပြောလိုက်သည်။
"သမဝါယမအသင်းမှာ ဒီဟာတွေမရှိဘူး..."
ချန်ရှင်းက ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ ခရိုင်ရဲ့ သံတိုသံစဟောင်း စုဆောင်းရေးစခန်း ဒါမှမဟုတ် ပိတ်ထားတဲ့ စက်ရုံအသေးလေးတွေမှာ သွားရှာကြည့်လို့ ရတယ်..."
"ဥပမာအနေနဲ့ ပြောရရင် မော်တာအဟောင်းတွေ အသုံးမလိုတော့တဲ့ သတ္တုသေတ္တာတွေ ကျိုးနေတဲ့ ရေပိုက်တွေ ဝိုင်ယာကြိုးအဟောင်းတွေ... တခြားသူတွေ အမြင်မှာ အမှိုက်လို့ ထင်ရပေမဲ့ ကျွန်တော့်လက်ထဲမှာတော့ ရတနာတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်..."
ချန်ကွမ်လင်က တစ်ခဏမျှ မှင်သက်သွားပြီးနောက် ရုတ်တရက် သူ၏ ပေါင်ကို ရိုက်ချလိုက်ကာ သူ၏ မျက်လုံးများက ရူးသွပ်မတတ် ဝမ်းသာပျော်ရွှင်မှုများဖြင့် တောက်ပသွားတော့သည်။
“ဟ... ဒါက အရမ်းကောင်းတဲ့ အကြံပဲ... တကယ့်ကို ထက်မြက်လွန်းတယ်... အမှိုက်ကို ရတနာအဖြစ် ပြောင်းလဲတယ်ဆိုတာ ဒါ... ဒါက တကယ့်ကို..."
သူက အရမ်းစိတ်လှုပ်ရှားနေသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ဘဲ ချန်ရှင်း၏ လက်မောင်းကို ဆွဲကိုင်လိုက်ရာ မျက်နှာတစ်ခုလုံး နီရဲသွားလေသည်။
"အကြံပေးချန်... မင်းက ငါတို့ရွာရဲ့ ကံကောင်းခြင်း လက်ဆောင်လေးပဲ... ဒီကိစ္စအတွက် စိတ်မပူနဲ့ ငါ့ကိုသာ လွှဲထားလိုက်... ငါ အခုချက်ချင်း လူတချို့ ခေါ်ပြီး ခရိုင်ကို သွားလိုက်မယ်... ဒီသံတိုသံစဟောင်းပုံကြီးကို အထက်အောက် ဇောက်ထိုးဖြစ်အောင် မွှေနှောက်ရှာဖွေပစ်မယ်..."
ချန်ရှင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ တာဝန်များကို အကောင်အထည်ဖော်ရာတွင် ချန်ကွမ်လင်၏ စွမ်းဆောင်ရည်ကို သူ ယုံကြည်ပေသည်။
ထို့နောက် ချက်ချင်းပင် ချန်ရှင်းက မလှမ်းမကမ်းတွင်ရှိနေသော ချန်အယ်တန့်ကို လှမ်းခေါ်လိုက်သည်။
"အယ်တန့်... ဒီကိုလာခဲ့ဦး..."
"ဟေး... အစ်ကိုရှင်း... ဘာကိစ္စရှိလို့လဲ..."
ချန်အယ်တန့်က စိတ်လှုပ်ရှားစွာ ပြေးလာသည်။ သူ၏ မျက်နှာပေါ်တွင် ရွှံ့များ ပေကျံနေဆဲဖြစ်သော်လည်း မျက်လုံးများကတော့ ကြယ်လေးများလို တောက်ပနေ၏။
ချန်ရှင်းက သူ့အား အစိတ်အပိုင်းအမျိုးမျိုး၏ ပုံကြမ်းများပါသော နောက်ထပ် စက္ကူတစ်ရွက်ကို ကမ်းပေးလိုက်သည်။ ထိုပုံကြမ်းထဲတွင် ဂီယာများ၊ ဝင်ရိုးခံပြားများ၊ မော်တာအသေးလေးများနှင့် အခြားအရာများကို မီးသွေးဖြင့် ရှင်းလင်းစွာ ရေးဆွဲထားပြီး ၎င်းတို့၏ ခန့်မှန်းခြေ အရွယ်အစားများကိုလည်း ရိုးရှင်းသော သင်္ကေတများဖြင့် ညွှန်ပြထားသည်။
"အယ်တန့်... မင်း ရွာလူကြီးနဲ့အတူ ခရိုင်ကို လိုက်သွားပါ... ဒီပုံကြမ်းကို သေချာသိမ်းထားပြီး ဒီထဲမှာ မှတ်သားထားတဲ့ အရာအားလုံးကို သေချာရှာခဲ့... ခရိုင် စိုက်ပျိုးရေးစက်ပစ္စည်းဌာနက သံတိုသံစဟောင်းပုံနဲ့ မြို့အရှေ့ဘက်က ပိတ်ထားတဲ့ စည်သွပ်ဗူးစက်ရုံကို အထူးဂရုစိုက်ပြီး ရှာကြည့်... အဲ့ဒီနေရာနှစ်ခုကို အဓိကထားရှာ..."
ချန်ရှင်းက ထပ်မံမှာကြားလိုက်သည်။
"မှတ်ထားနော်... မျက်စိရှင်ရှင်ထားပြီး ခြေမြန်လက်မြန်လှုပ်ရှား... ဘယ်လောက်ပဲ ဟောင်းနွမ်းနေပါစေ ဒီပုံကြမ်းထဲကဟာတွေနဲ့ တူနေသရွေ့ အကုန်ပြန်သယ်လာခဲ့..."
ချန်အယ်တန့်က ပုံကြမ်းကို ယူလိုက်ပြီး မရှိသော ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်ကာ သေချာခေါက်၍ အိတ်ကပ်ထဲသို့ ထည့်ပြီးနောက် အသာအယာ ပုတ်လိုက်လေသည်။
"စိတ်မပူပါနဲ့ အစ်ကိုရှင်း... ကျွန်တော် ဒီကိစ္စကို အပြစ်အနာအဆာမရှိအောင် သေချာလုပ်ပေးပါ့မယ်... တစ်ခရိုင်လုံးကို အထက်အောက် ပြောင်းပြန်လှန်ပစ်ရမယ်ဆိုရင်တောင် အစ်ကို့အတွက် ဒီရတနာတွေ အကုန်လုံးကို ရှာပေးပါ့မယ်..."