← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) ဒီမုဆိုးမက တကယ့်ကို အစွမ်းအစရှိလွန်းတယ်

လင်းရှို့ရှို့၏ ငိုရှိုက်သံက ရုတ်ချည်း ရပ်တန့်သွားလေသည်။သူမသည် ရွှီချင်းချင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီးနောက် ဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ချန်ရှင်းထံသို့ မသိမသာ လှည့်ကြည့်မိသွားသည်။ထိုအခိုက်အတန့်တွင် သူမ၏ စိတ်အာရုံတို့က လုံးဝ ဗလာကျင်းသွားတော့သည်။

*နေရမယ်... ဒီနေရာမှာ နေရမယ်တဲ့လား...နန်းတော်နဲ့တူတဲ့ ဒီအိမ်ကြီးမှာ နေရမယ်တဲ့လား…*

ထိုအတွေးက သူမ၏ ဗြောင်းဆန်နေသော စိတ်အာရုံထဲ ဖြတ်ပြေးသွားရာ သူမကိုယ်လုံးလေးမှာ လုံးဝ အေးခဲတောင့်တင်းသွားရလေသည်။သူမ၏ နှုတ်ခမ်းများ တုန်ယင်နေကာ တစ်စုံတစ်ရာ ပြောချင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်ပေါ်လာခြင်း မရှိပေ၊ ကြီးမားလှသော တုန်လှုပ်ချောက်ချားမှုက သူမကို မည်သို့ တွေးတောရမည်ကိုပင် မေ့လျော့သွားစေသည်။သူမ ဘာမှမပြောဘဲ ကြက်သေသေ ရပ်နေသည်ကို မြင်သောအခါ ရွှီချင်းချင်းက သူမ ရှက်နေသည် (သို့မဟုတ်) သူတို့ကို အလုပ်ရှုပ်စေမည်ကို ကြောက်ရွံ့နေသည်ဟု ထင်လိုက်လေသည်။

သူမက ရှေ့သို့တိုးကာ လင်းရှို့ရှို့၏ အေးစက်နေသော လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။

"အစ်မရှို့ရှို့ အဲ့တာဆိုလည်း ဒီလိုပဲ သတ်မှတ်လိုက်ပြီနော်... အများကြီး လျှောက်မတွေးနေနဲ့တော့... မြောင်မြောင်နဲ့ အစ်မ နှစ်ယောက်တည်း အဲ့ဒီအိမ်မှာ ဆက်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး... အစောနဲ့အနှောင်း တစ်ခုခုတော့ ဖြစ်လာမှာပဲ…"

ချန်ရှင်းက ဘာမျှမပြောသော်လည်း လင်းရှို့ရှို့ လှည့်ကြည့်လာချိန်တွင် သူက ခေါင်းညိတ်ပြလိုက်သည်။သူ၏ မျက်ဝန်းထဲမှ တည်ငြိမ်မှုနှင့် သေချာမှုတို့က ငြင်းဆန်၍မရနိုင်သော စွမ်းအားတစ်ရပ်ကို သယ်ဆောင်ထားလေ၏။ လင်းရှို့ရှို့၏ တွေဝေဆိုင်းမောင်းမှုတို့ လုံးဝ ပြိုကွဲသွားတော့သည်။ လွှမ်းမိုးကြီးမားလှသော ပျော်ရွှင်မှုက သူမကို ချက်ချင်းပင် ဖုံးလွှမ်းသွားတော့၏။

“ငါ..."

ကျေးဇူးတင်စကားဆိုရန် ကြိုးစားလိုက်စဉ် သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားသော်လည်း လည်ချောင်းထဲတွင် တစ်ဆို့နေကာ အသံထွက်ပေါ်လာခြင်း မရှိချေ။နောက်တစ်စက္ကန့်တွင်တော့ တန့်သွားသော မျက်ရည်များက ဆည်ကျိုးပေါက်ကျလာသည့်အလား တစ်ဖန် ပြန်လည် ပေါက်ကွဲထွက်ကျလာပြန်သည်။

လင်းရှို့ရှို့ ခြေထောက်များ ခွေယိုင်သွားပြီး သူတို့နှစ်ဦးရှေ့တွင် ဒူးထောက်ချကာ ဤကြီးမားလှသော ကျေးဇူးတရားကို အပကတိအကျဆုံးနည်းလမ်းဖြင့် ဖော်ပြရန် ပြင်လိုက်သည်။ ချန်ရှင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူမ၏ ဒူးများ မြေပြင်နှင့်မထိမီလေးမှာပင် သူ ကပျာကယာ ရှေ့တိုးလာကာ သူမ၏ လက်မောင်းကို ဖမ်းကိုင်လိုက်လေသည်။

သူ၏ ကြီးမားသန်မာသော လက်ကြီးများက သူမ ဒူးထောက်မည့်အရေးကို တင်းကျပ်စွာ တားဆီးထားလိုက်သည်။

"ကိုယ့်မိသားစုမှာ ဒီလိုထုံးစံမရှိဘူး..."

သူ၏ လေသံက တည်ငြိမ်နေသော်လည်း ပြတ်သားမှုအငွေ့အသက် အနည်းငယ် ပါဝင်နေလေသည်။

ရွှီချင်းချင်းလည်း လင်းရှို့ရှို့ကို အမြန်ဆွဲထူလိုက်ပြီး သူမ၏ လက်မောင်းကို ချစ်ခင်စွာ ချိတ်တွယ်လိုက်ကာ

"အစ်မရှို့ရှို့ သူ့စကားကို နားထောင်လိုက်ပါ... လာ... မြောင်မြောင်နဲ့ အစ်မနေရမယ့် အခန်းကို သွားကြည့်ရအောင်…"

သူမက အသိစိတ်လွတ်နေဆဲဖြစ်သော လင်းရှို့ရှို့ကို ဆွဲခေါ်ကာ ဧည့်ခန်းမကြီးကို ဖြတ်သန်းသွားပြီး ခြံဝင်း၏ အနောက်ဘက်အစွန်ရှိ လွတ်နေသော ဧည့်ခန်းတံခါးဝသို့ ရောက်ရှိသွားသည်။

“ကျွီ…”

တံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းက ကျယ်ဝန်းပြီး လင်းထိန်နေကာ သန့်ရှင်းနေသော ပြတင်းပေါက်များမှတစ်ဆင့် နေရောင်ခြည်များ ဖြာကျနေသဖြင့် လင်းလက်ပြီး လေဝင်လေထွက် ကောင်းမွန်နေသည်။ အခန်း၏ အလယ်ဗဟိုတွင် အသစ်စက်စက် သစ်သားကုတင်တစ်လုံးရှိပြီး ထူထဲနူးညံ့သော အိပ်ရာခင်းများ ခင်းကျင်းထားသည်။

နံရံဘေးတွင်တော့ ဆေးအသစ်သုတ်ထားသော သစ်သားဘီဒိုတစ်လုံး ရှိနေသည်။

လင်းရှို့ရှို့ တံခါးဝတွင် ရပ်နေရင်း သူမ၏ ခြေလှမ်းများက ဝါဂွမ်းပေါ် နင်းထားရသကဲ့သို့ နူးညံ့ပျော့ခွေနေကာ ခဏတာမျှ အထဲသို့ ဝင်ရန်ပင် မရဲဖြစ်နေမိသည်။

ရွှီချင်းချင်းက သူမ၏ မလုံမလဲဖြစ်မှုကို သတိထားမိသော်လည်း စကားများများစားစား မဆိုတော့ဘဲ ပြုံးလျက် သူမကို ဆွဲခေါ်ကာ အခြားအခန်းတစ်ခန်းဆီသို့ လှည့်ထွက်သွားလေသည်။

"ဒီအခန်းကို ထပ်ကြည့်ကြည့်ပါဦး..."

သူတို့နှစ်ဦး ရေချိုးခန်းထဲသို့ ဝင်သွားကြသည်။ ရွှီချင်းချင်းက အရောင်တလက်လက် တောက်နေသော ငွေရောင် ရေပန်းခေါင်းဆီသို့ ရင်းနှီးကျွမ်းဝင်စွာ လျှောက်သွားပြီး ခလုတ်ကို ဖွင့်လိုက်သည်။ သာယာနာပျော်ဖွယ် ရေသံနှင့်အတူ အပေါက်ငယ်များ ပါဝင်သော သတ္တုခေါင်းမှ နွေးထွေးသော ရေစီးကြောင်းတစ်ခု ပန်းထွက်လာပြီး အခိုးအငွေ့များက လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

လင်းရှို့ရှို့သည် တစ်ခါမှ မမြင်ဖူးသော ထိုထူးဆန်းသည့်အရာကို ကြက်သေသေ ကြည့်နေရင်း နွေးထွေးစိုစွတ်သော လေများ သူမဆီ တိုးဝင်လာသည်ကို ခံစားလိုက်ရကာ သူမ၏ စိတ်အာရုံတို့ ထပ်မံ၍ ဗလာကျင်းသွားပြန်၏။

*ရေ... ရေတွေက ဘယ်ကနေ လာတာပါလိမ့်.*

သူမ စဉ်းစား၍မရခင်မှာပင် ရွှီချင်းချင်းက နှင်းလိုဖြူဖွေးနေသော ကြွေကုလားထိုင်ဆီသို့ လျှောက်သွားပြီး သူမ၏ လက်ချောင်းလေးဖြင့် ခလုတ်တစ်ခုကို ညင်သာစွာ နှိပ်လိုက်သည်။

ရွှမ်း...ကျယ်လောင်သော အသံကြီးနှင့်အတူ ကုလားထိုင်၏ အလယ်ဗဟိုတွင် လေဟာနယ်မှ ရေဝဲတစ်ခု ဖြစ်ပေါ်လာကာ အရှိန်အဟုန်ဖြင့် လည်ပတ်နေသော ရေများကို စုပ်ယူသွားပြီး ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွားတော့သည်။

"အား..."

လင်းရှို့ရှို့ လန့်ဖြတ်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ သူမ၏ မျက်နှာတွင် အကြောက်တရားနှင့် ရှုပ်ထွေးမှုတို့ ပြည့်နှက်သွားလေသည်။ ကြောက်လန့်နေသော ယုန်သူငယ်လေးလို ဖြစ်နေသည့် သူမ၏ ပုံစံကြောင့် ရွှီချင်းချင်းမှာ အော်ရယ်မိသွားတော့၏။ သူမက လျှောက်သွားပြီး ရေပန်းခေါင်းကို ထပ်ဖွင့်လိုက်ရာ နွေးထွေးသော ရေများ ပန်းထွက်ကျလာသည်။ စီးကျနေသော ရေအောက်တွင် လက်လှမ်းကာ အပူချိန်ကို စမ်းကြည့်လိုက်ပြီးနောက် လင်းရှို့ရှို့၏ လက်ကို ဆွဲယူလိုက်ကာ သူမကိုပါ ထိုနွေးထွေးမှုကို ခံစားစေလိုက်သည်။

ရွှီချင်းချင်း၏ မျက်နှာထက်တွင် စစ်မှန်သော ဝမ်းမြောက်မှုတို့ ပြည့်နှက်နေပြီး သူမ၏ အသံလေးက ကြည်လင်ပြတ်သားကာ သာယာနာပျော်ဖွယ် ကောင်းလှသည်။

"အစ်မရှို့ရှို့ မကြောက်ပါနဲ့... ချန်ရှင်းက ဒါကို ရေပန်းလို့ ခေါ်ပြီး ဟိုဟာကို အိမ်သာလို့ ခေါ်တယ်တဲ့... အိမ်သာတက်ဖို့ သုံးတာလေ... နောက်ဆိုရင် အစ်မနဲ့ မြောင်မြောင် ဒီမှာနေတဲ့အခါ နေ့တိုင်း ရေနွေးနွေးလေးနဲ့ ရေချိုးလို့ရပြီ... ညဘက် ထအိမ်သာတက်ဖို့လည်း အဝေးကြီး သွားစရာ မလိုတော့ဘူးပေါ့..."

လင်းရှို့ရှို့၏ လောကအမြင်ကြီးတစ်ခုလုံး ဤအခိုက်အတန့်တွင် လုံးဝ ပြောင်းလဲသွားတော့သည်။ သူမ လက်ကို တုန်ယင်စွာ ဆန့်ထုတ်လိုက်ပြီး နွေးထွေးသော ရေများကို သူမ၏ လက်ချောင်းဖျားလေးများပေါ်မှ စီးဆင်းသွားစေလိုက်သည်။

ဆောင်းတွင်းဘက်ဆိုလျှင် ရေနွေးအိုးကြီးတစ်လုံး တည်၊ ရေအေးရောပြီး မျက်နှာသုတ်ပုဝါလေးဖြင့်သာ ကိုယ်ကိုပွတ်တိုက် သန့်စင်ရဲခဲ့သည့် အဖြစ်ကို သူမ ပြန်လည်အမှတ်ရသွားသည်။

ဤနေရာတွင်မူ ဘုံဘိုင်ခေါင်းကို ညင်သာစွာ လှည့်လိုက်ရုံဖြင့် သန့်ရှင်းနွေးထွေးသော ရေနွေးများက အဆုံးအစမရှိ စီးဆင်းလာလေသည်။ အစဉ်အမြဲ စီးဆင်းနေသော ရေနွေးများ၊ ဘေးနားတွင် ပြုံးနေသော ရွှီချင်းချင်းနှင့် မှော်ဆန်သလို ထင်ရလောက်အောင် အလွန်တရာ သန့်ရှင်းနေသော အခန်းကို သူမ ကြက်သေသေ ငေးကြည့်နေမိသည်။

*ဒါက နတ်ပြည်က နေ့ရက်တွေလိုပဲ ခံစားရတယ်......*

လင်းရှို့ရှို့တစ်ယောက် ချန်ရှင်း၏ အိမ်သို့ ပြောင်းရွှေ့သွားကြောင်း သတင်းက နံနက်စာစားချိန်လောက်မှာပင် ချင်းရွှေရွာ တစ်ရွာလုံးသို့ ပျံ့နှံ့သွားလေသည်။

ဇာတ်လမ်းအစက ရွာထဲမှ အမျိုးသမီးတစ်ဦး လင်းရှို့ရှို့အား အဝတ်နှစ်ထည် ချုပ်ပေးရန် လာရောက်တောင်းဆိုရာမှ စတင်ခြင်းဖြစ်သည်။ သို့သော် သူမက လင်းရှို့ရှို့အိမ်၏ ဟောင်းနွမ်းဆွေးမြည့်နေသော တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အတွင်း၌ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်တရာ တုန်လှုပ်သွားခဲ့ရသည်။

အမိုးတစ်ဝက်ခန့်က ပြိုကျနေပြီး အိမ်ထဲတွင်လည်း ရှုပ်ပွနေကာ ဇလုံများ၊ အိုးများဖြင့် ခံထားသော မိုးရေများက လျှံကျနေလေသည်။ လူရိပ်လူယောင် တစ်ယောက်မျှ မတွေ့ရချေ။

ထိုအမျိုးသမီးက သားအမိနှစ်ယောက် အထဲမှာ ပိမိနေသည်ဟု ထင်မှတ်သွားပြီး အကူအညီတောင်းရန် အော်ဟစ်ကာ ပြေးထွက်လာခဲ့သည်။

သို့သော် ထိုအချိန်မှာပင် ရွာအရှေ့ဘက်ခြမ်းမှ ပြန်လာခါစ ရွာသားတစ်ဦးက လူတိုင်းကို မှင်သက်သွားစေသည့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။"

ငါ ခုလေးတင် အကြံပေးချန်အိမ်ရှေ့က ဖြတ်လာတာ... လင်းရှို့ရှို့က သူ့ခြံထဲကနေ အဝတ်လှန်းဖို့ ထွက်လာတာကို တွေ့လိုက်တယ်ဟ..."

ဤကိစ္စနှစ်ခုကို ပေါင်းစပ်လိုက်သောအခါ အဖြေက ရှင်းလင်းသွားတော့သည်။ တစ်ရွာလုံးတွင် အဆင်းရဲဆုံးနှင့် အသနားခံရဆုံး မုဆိုးမ လင်းရှို့ရှို့သည် တစ်ရွာလုံးတွင် အခမ်းနားဆုံးအိမ်ဖြစ်သည့် ချန်ရှင်း၏ အိမ်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းပင်။

အားကျမှု၊ မနာလိုမှု၊ တုန်လှုပ်မှု၊ သံသယဝင်မှု... စသည့် ခံစားချက်မျိုးစုံတို့က ရွာသားများ၏ ရင်ထဲတွင် ရောယှက်လွန်ကျူးနေလေသည်။

ရွာထိပ်ရှိ သစ်ပင်ကြီးအောက်တွင် လယ်အလုပ်များပြီးစီး၍ အနားယူနေကြသော အမျိုးသမီးအချို့သည် ထိုကိစ္စအကြောင်းကို ဆွေးနွေးနေကြပြီဖြစ်သည်။"

“ဘုရားရေ... လင်းရှို့ရှို့က ဘယ်လို ကံကောင်းခြင်းတွေများ ရသွားတာလဲ... သူမ ဘိုးဘေးတွေရဲ့ သင်္ချိုင်းကနေ မင်္ဂလာအခိုးအငွေ့တွေများ ထွက်နေလို့လား..."

အသားမည်းမည်းနှင့် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး၏ မျက်နှာထက်တွင် ဖုံးကွယ်မထားနိုင်သော အချဉ်ပေါက်သည့် အမူအရာတို့ ပြည့်နှက်နေသည်။

“အဲ့တာ အကြံပေးချန်ရဲ့ အိမ်လေ... နံရံတွေက နှင်းလိုဖြူဖွေးနေပြီး ကြမ်းပြင်ကလည်း ကိုယ့်အရိပ်တောင် ပြန်မြင်ရတယ်တဲ့... ပြီးတော့ ဘုံဘိုင်ခေါင်းကို ဖွင့်လိုက်တာနဲ့ ရေနွေးတွေ ထွက်လာသတဲ့... နတ်ဘုရားတွေတောင် ဒီထက်ကောင်းတဲ့ ဘဝမျိုး နေရမှာမဟုတ်ဘူး..."

“ဒါပေါ့..."

ဘေးနားရှိ ဝဝဖိုင့်ဖိုင့် အမျိုးသမီးက စုပ်သပ်လိုက်ပြီး သူမ၏ မျက်ဝန်းများတွင် တောင့်တမှုတို့ ပြည့်နှက်နေသည်။

"လင်သေသွားတဲ့ မုဆိုးမတစ်ယောက်က ကလေးတစ်ဖက်နဲ့တောင် ဒီလို ကံကောင်းမှုမျိုး ရနိုင်သေးတာပဲ... ငါတို့ယောက်ျားတွေက အရိုးကြေမတတ် အလုပ်လုပ်နေရပေမယ့် လေတွေတိုက်နေတဲ့ ရွှံ့အုတ်အိမ်ထဲမှာပဲ နေနေရတုန်းပဲ..."

"ဘယ်သူက ငြင်းနိုင်မှာလဲ... လူတွေက တစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်း မတူကြဘူးဆိုတာ အမှန်ပဲလေ…”

အမျိုးသမီးများက သူတို့အချင်းချင်း စကားစမြည် ပြောဆိုနေကြပြီး သူတို့၏ စကားလုံးများတွင် အချဉ်ပေါက်ကာ မနာလိုဖြစ်နေသော သဘောသဘာဝတို့ ပါဝင်နေလေသည်။ ထိုစဉ် အဒေါ်ဝမ်က ခြင်းတောင်းတစ်လုံးကို ကိုင်ဆောင်ကာ လျှောက်လာပြီး သူမ၏ မျက်နှာမှာ မည်းမှောင်နေလေသည်။

သူမက ခြင်းတောင်းကို မြေပြင်ပေါ်ချလိုက်ပြီး ခနဲ့တဲ့တဲ့ စကားတစ်ခွန်း ဆိုလိုက်သည်။

“ကံကောင်းတာ ဟုတ်လား... ငါကတော့ သူမရဲ့ အရည်အချင်းကြောင့်လို့ ထင်တာပဲ..."

သူမ၏ အသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။အဒေါ်ဝမ် မျက်လွှာပင့်ကာ လူတိုင်းကို လှမ်းကြည့်လိုက်ပြီး

"ကလေးတစ်ဖက်နဲ့ မုဆိုးမတစ်ယောက်က ရှင်းလင်းတဲ့ အကြောင်းပြချက် ဘာမှမရှိဘဲ သူများအိမ်ထဲ အတင်းဝင်သွားတာလေ... ကျွတ် ကျွတ်... သူမမှာ အစွမ်းအစ အတော်ရှိတာပဲ

All Chapters