အခန်း ၁၂၈
Vol. 13 Ch. 128
အခန်း (၁၂၈) ဒုတိယမြောက် သိပ္ပံနည်းကျ ကြက်မွေးမြူရေး စံပြစီမံကိန်း
ထိုစကားများ၏ အတွင်းသဘောကို မည်သူက နားမလည်ဘဲ နေမည်နည်း။
အစောပိုင်းက မနာလိုဝန်တိုစိတ် ဖြစ်နေကြရုံသာရှိသော မိန်းမများသည် သူမ၏ ဆွပေးမှုကြောင့် ချက်ချင်းပင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြလေသည်။
"အိုး... အစ်မဝမ်... အဲ့လိုပြောမှပဲ တကယ် ဟုတ်သလိုလိုနော်..."
မိန်းမဝတုတ်ကြီးက သူမ၏ ပေါင်ကို တဖြန်းဖြန်း ရိုက်ကာ ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့်
"အဲ့ဒီ လင်းရှို့ရှို့က ပုံမှန်ဆို နူးညံ့ပျော့ပြောင်းပြီး အားနွဲ့တဲ့ပုံစံနဲ့... သူမမှာ ဒီလို မြူဆွယ်တဲ့အကွက်တွေ ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..."
"ဘာ မြူဆွယ်တဲ့အကွက်လဲ... အရှက်မရှိတာလို့ ပြောတာ ပိုမှန်လိမ့်မယ်..."
မေးစေ့ချွန်ချွန်နှင့် မျောက်မျက်နှာလို မိန်းမတစ်ယောက်က ချက်ချင်းပင် ဝင်ထောက်လေသည်။
"အသနားရဆုံးကတော့ မြို့ကလာတဲ့ အကြံပေးချန်ရဲ့ ဇနီးလေးပဲ... ပန်းလေးတစ်ပွင့်လို လှရက်ကယ်နဲ့ လုံးဝကို အူတူတူလေး... အိမ်ထဲကို ဝံပုလွေ သွင်းမိနေတာတောင် အခုထိ မသိသေးရှာဘူး... နောက်မှ ထိုင်ငိုရမယ့် ရက်တွေ ရောက်လာဦးမှာ..."
"ဟုတ်ပပတ်... အမိုးတစ်ခုအောက်မှာ အတူတူ နေနေကြတာလေ... ပြီးတော့ လင်းရှို့ရှို့ကလည်း လှလှပပ မုဆိုးမလေး... အဲ့ဒါက ထင်းခြောက်နဲ့ မီးရဲရဲ တွေ့သလိုပဲ... ဘာတွေဖြစ်ကုန်ကြမလဲ ဘယ်သူ သိနိုင်မှာလဲ..."
"ရွှီချင်းချင်းကလည်း စိတ်အေးလက်အေး နေနိုင်လွန်းတယ်... သူမယောက်ျား မြူဆွယ်ဖျောင်းဖျမယ့် ဘေးကနေ ဝေးရာကို မရှောင်ခိုင်းဘဲ မကြောက်ဘူးလား မသိဘူး..."
ညစ်ညမ်းသော စကားလုံးများက ပို၍ ပို၍ ရိုင်းစိုင်းလာပြီး ထိုမိန်းမများ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် မနာလိုမုန်းတီးမှုတို့ ရောပြွမ်းနေလေသည်။
"နင်တို့ စကားများတဲ့ မိန်းမတစ်စု... ပါးစပ်တွေကို နည်းနည်းလောက် မစောင့်စည်းနိုင်ကြဘူးလား..."
ဒေါသတကြီး အော်ဟစ်လိုက်သံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာ၏။
အဒေါ်လျူသည် မျက်နှာပျက်ပျက်ဖြင့် လက်ထဲတွင် အဝတ်လျှော်တုတ်ကို ကိုင်လျက် အပြေးအလွှား လျှောက်လာပြီး အဒေါ်ဝမ်နှင့် အခြားသူများကို စတင် ဆဲဆိုကြိမ်းမောင်းတော့သည်။
"အကြံပေးချန်နဲ့ ချင်းချင်းတို့က စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတွေဟဲ့... အိမ်ပြိုသွားလို့ နေစရာမရှိတဲ့ မိခင်နဲ့ ကလေးကို ကူညီပြီး ခေါ်ထားပေးတာ... နင်တို့လို ပါးစပ်သရမ်းတဲ့သူတွေရဲ့ ကုန်းတိုက်စကားကြောင့် ဘာလို့ အဲ့လောက်တောင် ညစ်ပတ်စက်ဆုပ်စရာ ကောင်းသွားရတာလဲ..."
အဒေါ်လျူ၏ စကားလုံးများက မြန်ဆန်ပြီး ပြတ်သားလွန်းလှသဖြင့် အဒေါ်ဝမ်နှင့် အခြားသူများမှာ ပြန်လည်ပြောဆိုရန် စကားလုံး ဆွံ့အသွားရရှာသည်။
ရွာသားအချို့ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းတညိတ်ညိတ် လုပ်ကြလေသည်။
"အဒေါ်လျိုပြောတာ မှန်တယ်... အကြံပေးချန်က အဲ့လို လူစားမျိုး မဟုတ်ပါဘူး..."
"ဟုတ်ပါတယ်... သူတို့က ကောင်းမှုကုသိုလ် လုပ်နေကြတာပဲ... အဲ့လောက်အထိ အဆိုးမမြင်ကြပါနဲ့..."
အဒေါ်ဝမ်နှင့် အခြားသူများ၏ မျက်နှာများမှာ ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်သွားရပြီး ပတ်ဝန်းကျင်ရှိ လူများ၏ စက်ဆုပ်ရွံရှာဖွယ် အကြည့်များကြောင့် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာများ ပူထူလာကြတော့သည်။
မိမိတို့ အမှားလုပ်မိမှန်းသိသဖြင့် သူမကို မကျေမနပ် ရန်ငြိုးဖွဲ့သည့် အကြည့်ဖြင့်သာ ကြည့်နိုင်တော့ပြီး မိမိတို့၏ ပစ္စည်းများကိုယ်စီ ဆွဲကိုင်ကာ ကပျာကယာပင် ထွက်ခွာသွားကြလေတော့သည်။
လင်းရှို့ရှို့သည် ရွာထဲတွင် ပျံ့နှံ့နေသော ကောလာဟလများကို ကြားသိခဲ့ရ၏။
သို့သော် သူမသည် ထိုအရာများကို ဂရုမစိုက်နိုင်သလို စိတ်ထဲတွင်လည်း ထည့်မနေခဲ့ပေ။
ဤအိမ်ထဲသို့ ခြေချမိသည့် အချိန်မှစ၍ သူမသည် တိုက်ပွဲဝင်မည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထိုရိုင်းစိုင်းသော စကားလုံးများကို လျစ်လျူရှုပြီး လွှတ်ပစ်လိုက်ရုံသာ ဖြစ်၏။
ယခု သူမ လုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ဤကြီးမားလှသော ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရန်သာ ဖြစ်သည်။
မိုးသောက်အလင်းရောင် ပေါ်စပြုသည်နှင့် သူမသည် ကုတင်ပေါ်မှ တိတ်တဆိတ် ထလိုက်လေသည်။
ရင်ပြင်ကျယ်ထဲတွင် ချန်ရှင်းနှင့် ရွှီချင်းချင်းတို့၏ အဝတ်အစားများကို စင်ကြယ်အောင် လျှော်ဖွတ်ပြီးနောက် အနားစများကို သေသပ်စွာ ဆန့်တန်းလျက် အဝတ်လှန်းကြိုးပေါ်တွင် လှန်းထားလိုက်၏။
မီးဖိုချောင်ရှိ မီးဖိုမှာလည်း လူရိပ်ပေါ်လောက်အောင် ပြောင်စင်နေပြီး ကြမ်းပြင်ကိုမူ အကြိမ်ကြိမ် တံမြက်လှည်း၍ သုတ်သင်ထားသဖြင့် ခြေချရန်ပင် နှမြောစရာ ကောင်းလောက်အောင် သန့်ရှင်းနေလေသည်။
နံနက်စာအဖြစ် နူးညံ့ချိုမြိန်သော ပြောင်းဆန်ပြုတ်နှင့်အတူ သူမ ကိုယ်တိုင် လုပ်ထားသည့် ကြက်သွန်မြိတ် ပန်ကိတ်များနှင့် အသီးအရွက်ချဉ် ပန်းကန်ငယ်လေးတစ်ခုကို ပြင်ဆင်ထား၏။
မွန်းတည့်ချိန်တွင်မူ ချန်ရှင်း ပြန်လာမည့်အချိန်ကို တွက်ချက်ကာ ထမင်းချက်ပြီး ပဲသီးနှင့် ဝက်နံရိုးအိုးတစ်အိုးကို ချက်ပြုတ်ထားလေသည်။
ရွှီချင်းချင်းက အကြိမ်ကြိမ် ဝင်ရောက်ကူညီရန် ကြိုးစားသော်လည်း အကြိမ်တိုင်းတွင် မီးဖိုချောင်အပြင်ဘက်သို့ လျင်မြန်စွာ တွန်းထုတ်ခြင်း ခံရလေသည်။
"ချင်းချင်း... ညီမလေး နားနေပါ... ဒီအလုပ်တွေကို အစ်မ လုပ်နိုင်ပါတယ်..."
သူမသည် အလွန်တာဝန်ကျေပွန်သော အိမ်ထိန်းတစ်ဦးကဲ့သို့ အိမ်တွင်းမှုကိစ္စ အဝဝကို အပြစ်ပြောစရာမရှိအောင် စီမံခန့်ခွဲထားလေသည်။
ရွှီချင်းချင်းသည် သူမ၏ အလုပ်ရှုပ်နေသော ကျောပြင်လေးကိုကြည့်ရင်း စိတ်ထဲတွင် ခခံစားချက်မျိုးစုံ ရောပြွမ်းနေကာ သူမ စိတ်တိုင်းကျသာ ထားလိုက်ရတော့သည်။
တစ်ဖက်တွင်လည်း ချင်းရွှေရွာ၏ ကြက်မွေးမြူရေးခြံ တည်ဆောက်ရေးမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေလေသည်။
ရွာကော်မတီဝန်း၏ ထောင့်တစ်နေရာတွင် ရွာသားအမြောက်အမြားက ထူးဆန်းအံ့ဩဖွယ်ရာ မြင်ကွင်းကို ကြည့်ရှုရန် စုရုံးရောက်ရှိနေကြ၏။
ဤနေရာကိုမူ ချန်ရှင်း၏ အလုပ်ရုံအဖြစ် ယာယီ ပြောင်းလဲထားခြင်း ဖြစ်သည်။
"ဇီး... ဇီး..."
စူးရှတောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်သွားပြီး မီးပွားများ ဘေးပတ်ပတ်လည်သို့ လွင့်စင်သွား၏။
ချန်ရှင်းသည် အပေါ်အင်္ကျီ ဗလာကျင်းထားပြီး သူ၏ ကြေးနီရောင် အသားအရေပေါ်တွင် ချွေးစက်များ စီးကျနေကာ အချိုးအစားကျနလှသော ကြွက်သားများအောက်သို့ ဖြည်းညင်းစွာ လျှောကျနေလေသည်။
သူသည် မျက်လုံးတွင် အမည်းရောင် ကာကွယ်ရေးမျက်မှန်ကို တပ်ဆင်ထားပြီး လက်ထဲတွင် သံညှပ်တစ်ခုကို ကိုင်လျက် ကြီးမားလှသော သတ္တုသေတ္တာကြီးတစ်ခုကို အာရုံစိုက်၍ ပြုပြင်မွမ်းမံနေ၏။
ချွေးများက သူ၏ နဖူးပေါ်ရှိ ဆံစများကို စိုရွှဲစေသော်လည်း သူသည် ဂရုမစိုက်အားဘဲ တည်ကြည်လေးနက်သော အမူအရာဖြင့်သာ အာရုံစိုက်နေလေသည်။
ရွာသားများသည် မီတာအနည်းငယ်အကွာမှ လည်ပင်းကို ဆန့်လျက် သံတုံးသံခဲပုံကြီးကို လက်ညှိုးထိုးပြကာ စူးစမ်းလိုစိတ်၊ ဝေခွဲမရဖြစ်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာများဖြင့် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
"အကြံပေးချန်က... ဘာတွေလုပ်နေတာလဲ မသိဘူး..."
"ဘယ်သူ သိမှာလဲ... လျှပ်စစ်တွေ၊ မီးတွေနဲ့ ဆိုတော့ ကြည့်ရတာတင် ကြောက်စရာကြီး..."
"ဒီသံသေတ္တာကြီးက ဘာလုပ်ဖို့လဲ... ကြည့်ရတာ ခေါင်းတလားကြီးနဲ့ တူလိုက်တာ..."
"ရှူး... လျှောက်မပြောနဲ့... သတိထားဦး... အကြံပေးချန် ကြားသွားလိမ့်မယ်..."
လူအုပ်ကြီးမှာ တစီစီနှင့် ဆွေးနွေးနေကြသော်လည်း ချန်ရှင်း၏ လုပ်ဆောင်ချက်များကို မည်သူမျှ နားမလည်နိုင်ကြပေ။
မလှမ်းမကမ်းရှိ လယ်ကန်သင်းပေါ်တွင်မူ ချန်လောင်ကန်းနှင့် သူ၏ မိတ်ဆွေဟောင်း အနည်းငယ်တို့သည် ဆေးတံများကို ခဲလျက် ဆောင့်ကြောင့်ထိုင်နေကြပြီး ခြံဝင်းထဲတွင် အလုပ်ရှုပ်နေသော ချန်ရှင်းကို စက်ဆုပ်ရွံရှာသော မျက်နှာထားဖြင့် စောင်းငဲ့ကြည့်နေကြ၏။
"ဟင်း...ထွီ"
ချန်လောင်ကန်းက ပါးစပ်ထဲမှ မြက်အမြစ်ကို ထွေးထုတ်လိုက်ပြီး
"အဲ့ဒါက အချိန်ဖြုန်းနေတာပဲ..."
"ဦးလေးလောင်ကန်း... သူ ဘာလုပ်ဖို့ ကြိုးစားနေတာလို့ထင်လဲ..."
"ဒါက တခြား ဘာအတွက် သုံးလို့ရမှာလဲ..."
ချန်လောင်ကန်းက သံသေတ္တာကို တစ်ချက်ကြည့်ကာ လှောင်ပြောင်သော လေသံဖြင့်
"ငါ ကြားတာတော့ ကြက်ပေါက်လေးတွေ သားဖောက်ဖို့တဲ့... ငါ အသက်ခြောက်ဆယ်ကျော်အထိ တစ်သက်လုံး ကြက်မွေးလာတာ... သံတုံးကြီးထဲကနေ ကြက်သားဖောက်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး... ဒါက မကြားစဖူး ထူးဆန်းတဲ့ အလုပ်ပဲ..."
"စောင့်ရုံသာ စောင့်ကြည့်လိုက်... ခရိုင်က ပေးထားတဲ့ ပိုက်ဆံတွေကို သူ ဘယ်လို ပြန်ဆပ်မလဲဆိုတာ ငါ ကြည့်ဦးမှာ... အဲ့ကျရင်တော့ သူ ငိုစရာနေရာတောင်ရှိမှာ မဟုတ်ဘူး..."
"ဟုတ်ပ..."
ဘေးပတ်ပတ်လည်ရှိ မိတ်ဆွေဟောင်း အချို့ကလည်း ချက်ချင်းပင် ထောက်ခံကြလေသည်။
"ကောင်းမွန်တဲ့ ကြက်မတွေကို မသုံးဘဲနဲ့ ဘာလို့ ဒီလို လမ်းမှားတွေ၊ အောက်လမ်းနည်းတွေကို သုံးနေရတာလဲ..."
"လူငယ်တွေကတော့ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အစွမ်းအထက်ဆုံးလို့ ထင်နေကြတာပဲ..."
"အလုပ်တွေ ပျက်စီးသွားတဲ့အခါ ခရိုင်ကို သူ ဘယ်လို ရှင်းပြမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့..."
ထိုလူစုမှာ ချန်ရှင်း၏ အရာအားလုံး ဆုံးရှုံးပြီး သနားစရာကောင်းသော အဆုံးသတ်ကို ကြိုတင်မြင်တွေ့နေရသည့်အလား သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို ဝမ်းသာအားရဖြစ်လျက် ခေါင်းတခါခါ လုပ်နေကြတော့သည်။
ချင်းရွှေရွာမှ ရွာသားများက ချန်ရှင်းအကြောင်း အတင်းအဖျင်း ပြောဆိုနေကြစဉ် ကပ်လျက်ရှိသော လီကျားရွာ၏ အဝင်ဝတွင်မူ လုံးဝ ခြားနားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေလေသည်။
ဖုန်မှုန့်များ လွင့်ပျံနေသည့်ကြားမှ စိမ်းဖန့်ဖန့် ဂျစ်ကားအချို့သည် ဖြည်းညင်းစွာ မောင်းနှင်ဝင်ရောက်လာ၏။
လီကျားရွာ၏ ရွာလူကြီး လီမင်သည် ရွာသူရွာသား အားလုံးနီးပါးကို ဦးဆောင်ကာ ရွာအဝင်ဝတွင် စောစောစီးစီး တန်းစီစောင့်ဆိုင်းနေပြီး မောင်းတီး၊ ဗုံမောင်းတီးကာ ကြိုဆိုကြလေသည်။ ဤမြင်ကွင်းမှာ နှစ်သစ်ကူးပွဲတော်ထက်ပင် ပိုမို စည်ကားသိုက်မြိုက်လှပေသည်။
"လာကြပြီ... လာကြပြီ... ခရိုင်က ကားတွေ ရောက်လာပြီ..."
အော်ဟစ်သံတစ်ခုနှင့်အတူ လူတိုင်းက လည်ပင်းကို ဆန့်လျက် ဖုံးကွယ်မထားနိုင်သော စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော မျက်နှာများဖြင့် ကြည့်ရှုကြလေသည်။
ဂျစ်ကားကြီး ရပ်တန့်သွားပြီးနောက် တံခါး ပွင့်လာ၏။
ကျုံရှန်းဝတ်စုံ ဝတ်ဆင်ထားသော ခရိုင်အရာရှိ အနည်းငယ်သည် ကားပေါ်မှ အရင်ဆုံး ဆင်းလာကြပြီးနောက် နောက်ဖေးတံခါးကို ရိုသေလေးစားစွာ ဖွင့်ပေးကြလေသည်။
အမျိုးသားတစ်ဦးက အရင်ဆုံး ဆင်းသက်လာ၏။
သူသည် အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိပြီး သေသပ်လှပသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ သားရေဖိနပ်မှာလည်း ပြောင်လက်နေပြီး လက်ကောက်ဝတ်တွင် တောက်ပသော နာရီတစ်လုံးကို ပတ်ထားလေသည်။
သူ၏ မြင့်မားသော နှာတံပေါ်တွင် တပ်ဆင်ထားသည့် ရွှေရောင်ကိုင်း မျက်မှန်ကြောင့် သူသည် ပညာတတ်ဆန်ပြီး ခန့်ညားထည်ဝါသောပုံစံ ပေါက်နေ၏။
သို့သော် ကားပေါ်မှ ဆင်းပြီးနောက် သူ၏ အကြည့်က ခြေဖဝါးအောက်ရှိ ရွှံ့ဗွက်ထူထပ်သော မြေသားလမ်းပေါ်သို့ ရောက်ရှိသွားကာ မျက်ခုံးများမှာလည်း စက်ဆုပ်ရွံရှာစွာဖြင့် မသိမသာ တွန့်ကွေးသွားလေသည်။
သူသည် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားပြီး မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာသော စိုက်ပျိုးရေး ပညာရှင်ယန်ကျန့်ဝမ် ဖြစ်သည်။
ထို့နောက်တွင်မူ အမျိုးသမီးငယ်တစ်ဦး ကားပေါ်မှ ဆင်းလာ၏။
သူမသည် ခေတ်မီဆန်းသစ်သော ပန်းပွင့်ပုံစံ ဂါဝန်နှင့် သားရေဖိနပ်အဖြူကို ဝတ်ဆင်ထားသည်။ သူမတွင် ချိုသာလှပသော မျက်နှာလေးရှိပြီး ကြီးမားသော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ရှိ အရာရာကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေရှာသည်။
ပျက်စီးယိုယွင်းနေသော အိမ်များဖြစ်စေ၊ ရွာသားများ ဝတ်ဆင်ထားသည့် ဖာထေးထားသော အဝတ်အစားများဖြစ်စေ အရာအားလုံးသည် သူမအတွက် ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းနေလေသည်။
သူမသည် ယန်ကျန့်ဝမ်၏ ငယ်သူငယ်ချင်းဖြစ်ပြီး မြို့ပေါ်တွင် ကြီးပြင်းလာသည့် ရွှေမင်းသမီးလေး စုဝမ် ဖြစ်သည်။