အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) မည်သူက ပညာရှင်အစစ်အမှန်နည်း
လီမင်သည် မျက်နှာတစ်ခုလုံး အပြုံးပန်းများ ဝေဆာနေလျက် ကျေးရွာလူကြီးအချို့ကို ဦးဆောင်ကာ ချက်ချင်းပင် ခါးညွတ်ပျာယာခတ်၍ ကြိုဆိုလေတော့သည်။
"ပညာရှင်ယန်... ရဲဘော်စု၊ ကြိုဆိုပါတယ်ဗျာ... ခရီးပန်းလာကြပြီ..."
ခရီးစဉ်တွင် လိုက်ပါလာသည့် ခရီးစဉ်ကြီးကြပ်ရေးမှူး ခရိုင်အရာရှိတစ်ဦးက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးနောက် သံဖြူအသံချဲ့စက်ကို ကိုင်ကာ ယာယီဆောက်လုပ်ထားသော မြေပုံစင်မြင့်ပေါ်သို့ တက်ရပ်လိုက်သည်။ ထို့နောက် အောက်ခြေတွင် တိုးဝှေ့ပိတ်ဆို့နေသည့် လူအုပ်ကြီးထံသို့ ကျယ်လောင်စွာ အော်ဟစ်ကြေညာလိုက်လေသည်။
"ရွာသူရွာသားတို့ရေ... ခဏလောက် တိတ်တိတ်နေပေးကြပါ… ငါ မိတ်ဆက်ပေးပါရစေ...ဒီပုဂ္ဂိုလ်ကတော့ ပြည်နယ်ကနေ အထူးဖိတ်ကြားထားရတဲ့ နိုင်ငံရပ်ခြားပြန် စိုက်ပျိုးရေးပညာရှင် ရဲဘော်ယန်ကျန့်ဝမ်ပဲဖြစ်ပါတယ်..."
သူက ဂုဏ်ယူဝင့်ကြွားမှု အပြည့်ရှိသော လေသံဖြင့် ယန်ကျန့်ဝမ်ကို လက်ညှိုးညွှန်ပြလိုက်ရင်း...
"ခရိုင်ပြည်သူ့အစိုးရက သေချာဆွေးနွေးတိုင်ပင်ပြီးတဲ့နောက် ကျွန်တော်တို့ လီကျားရွာမှာ ဒုတိယမြောက် သိပ္ပံနည်းကျ ကြက်မွေးမြူရေး စံပြစီမံကိန်းကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်။ ပညာရှင်ယန်ကိုယ်တိုင် ဒီလုပ်ငန်းကို လာရောက်ကြီးကြပ် လမ်းညွှန်ပေးမှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဘေးနားက ချင်းရွှေရွာနဲ့ ဘယ်သူ့နည်းလမ်းက ပိုပြီး သိပ္ပံနည်းကျလဲ... ဘယ်သူက ပိုပြီး အထွက်နှုန်းကောင်းလဲဆိုတာကို ကျန်းမာသန့်ရှင်းစွာ ပြိုင်ဆိုင်သွားဖို့ပဲ ဖြစ်ပါတယ်..."
"အားလုံးပဲ ပညာရှင်ယန်ရဲ့ လုပ်ငန်းခွင်အပေါ် အပြည့်အဝ ပူးပေါင်းပါဝင်ပေးကြပြီး အမြန်ဆုံး ချမ်းသာကြွယ်ဝလာအောင် ကြိုးစားကြပါစို့..."
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ရွာလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
"ဘုရားရေ... မြို့တော်က လာတဲ့ ပညာရှင်ကြီးတဲ့ဟ..."
"သူက နိုင်ငံရပ်ခြားမှာတောင် ပညာသင်ခဲ့တာဆိုတော့ ချင်းရွှေရွာက လယ်သမားအကြံပေးထက် အဆပေါင်းများစွာ ပိုပြီး တော်မှာ သေချာတယ်..."
"ငါတို့ရွာတော့ ချမ်းသာတော့မှာဟေ့..."
ခဏတာ မှင်တက်သွားပြီးနောက် လီကျားရွာသားများမှာ ဝမ်းသာအားရဖြစ်လွန်းသဖြင့် အော်ဟစ်သံများ ကောင်းကင်ယံအထိ ဖုံးလွှမ်းသွားတော့သည်။
သူတို့သည် စင်မြင့်ထက်တွင် ကျုံရှန်းဝတ်စုံကို ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားပြီး ထူးခြားသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည့် ယန်ကျန့်ဝမ်ကိုကြည့်ကာ မျက်ဝန်းထဲ၌ ကြည်ညိုလေးစားမှုနှင့် လောဘစိတ်တို့ အပြည့်အလျှံ ရှိနေကြသည်။
သူ့ကို မြင်ရသည်မှာ ဒုက္ခပင်လယ်မှ ကယ်တင်မည့် သက်ရှိဗောဓိသတ္တတစ်ပါးနှင့် တောက်ပသော အနာဂတ်ကြီးကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
လီမင်၏ မျက်နှာတစ်ခုလုံးလည်း စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး အပြုံးများ ဝေဆာနေ၏။ သူသည် လက်နှစ်ဖက်ကို အဆက်မပြတ် ပွတ်သပ်နေရင်း လီကျားရွာကြီး တစ်ခေတ်ဆန်းတော့မည်ဟု တွေးကာ ဝမ်းမြောက်နေတော့သည်။
ခရိုင်အစိုးရက ယခုကဲ့သို့ အရေးကြီးသော စံပြစီမံကိန်းကို သူတို့ရွာတွင် ချမှတ်ပေးရုံသာမက ပြည်နယ်မှ ပညာရှင်ကိုပါ စေလွှတ်ပေးခဲ့ခြင်းမှာ မကြုံစဖူးသော ဂုဏ်ဒြပ်တစ်ခုပင် မဟုတ်ပါလော။
သူ့မျက်စိထဲတွင် ပညာရှင်ယန်၏ လမ်းညွှန်မှုအောက်၌ လီကျားရွာကြီးတစ်ခုလုံး ကြက်ဘဲ တိရစ္ဆာန်များဖြင့် ပြည့်နှက်နေပြီး အိမ်တိုင်းက အိမ်အသစ်ကြီးများ ဆောက်လုပ်ကာ သာယာဝပြောသော ဘဝကို ပိုင်ဆိုင်နေရသည့် ပုံရိပ်ကို ဖျတ်ခနဲ မြင်ယောင်နေမိသည်။
ယန်ကျန့်ဝမ်သည် လူအများ၏ အာရုံစိုက်မှုကို ခံရသည်ကို အလွန်သဘောကျပုံရသည်။
သူသည် ထောင်လွှားသော အပြုံးတစ်ခုကို ဆင်မြန်းလျက် လူအုပ်ကြီး ခြံရံထားမှုနှင့်အတူ ယာယီမြေပုံစင်မြင့်ထက်သို့ ဖြည်းညင်းစွာ တက်လှမ်းလာခဲ့သည်။ ထို့နောက် လည်ချောင်းကို တစ်ချက်ရှင်းကာ ကျယ်လောင်သော လေသံဖြင့် မိန့်ခွန်းစပြောလေတော့သည်။
"ချစ်ခင်ရပါတဲ့ ရွာသူရွာသားများနှင့် လူကြီးမင်းတို့ခင်ဗျာ... မင်္ဂလာပါ။ ဒီနေ့ ကျွန်တော် လီကျားရွာကို လာရခြင်းကတော့ သိပ္ပံနည်းကျ တိရစ္ဆာန်မွေးမြူရေးကတစ်ဆင့် အားလုံးကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်လမ်းဆီသို့ ဦးဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်..."
သူက ရွှေရောင်ကိုင်းမျက်မှန်ကို အသာပင့်တင်လိုက်ရင်း ရွာသားများ တစ်ခါမျှ မကြားဖူးသည့် စကားလုံးများကို ဆက်တိုက်ဆိုလေသည်။
"ကျွန်တော်တို့ ဆက်လုပ်ရမယ့်အရာကတော့ စစ်မှန်တဲ့ သိပ္ပံနည်းကျ စီမံခန့်ခွဲမှုပဲ ဖြစ်ပါတယ်..”
"ကြက်တစ်ကောင်ချင်းစီရဲ့ ကြီးထွားမှုသံသရာ၊ အစာအချိုးအစားနဲ့ ဥဥနှုန်းတွေကို တိတိကျကျ ထိန်းချုပ်နိုင်ဖို့အတွက် ဒေတာပုံစံတစ်ခုကို တည်ဆောက်ရပါမယ်..."
"ဒါ့အပြင် ကြက်ချေးတွေကို တန်ဖိုးရှိတဲ့ အရင်းအမြစ်တစ်ခုအဖြစ် ပြောင်းလဲပြီး အကျိုးအမြတ် အများဆုံးရရှိစေမယ့် ဂေဟစနစ် သံသရာလည်ပတ်မှုကိုလည်း ဖန်တီးရမှာ ဖြစ်ပါတယ်..."
ရွာသားများမှာမူ လုံးဝ ဝေခွဲမရဘဲ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။ စကားလုံးတစ်လုံးချင်းစီကို နားလည်သော်လည်း စုစည်းလိုက်သည့်အခါတွင်မူ ဘာကိုဆိုလိုမှန်း လုံးဝ သဘောမပေါက်တော့ပေ။
သို့သော်လည်း ထိုအရာက သိပ္ပံနည်းကျသည်ဟု ထပ်ကာတလဲလဲ ပြောနေသဖြင့် ရွာထဲက ရှေးရိုးနည်းလမ်းများထက် အဆပေါင်းများစွာ ပိုမိုအဆင့်မြင့်မည်ဟုသာ ယူဆလိုက်ကြသည်။
ချက်ချင်းပင် စင်အောက်မှ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော လက်ခုပ်သံများ ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာတွင် အနာဂတ်အတွက် မျှော်လင့်ချက်များ အပြည့် ရှိနေကြတော့သည်။
စုဝမ်သည် စင်အောက်တွင် ရပ်နေရင်း အားမာန်အပြည့်ရှိနေသည့် ယန်ကျန့်ဝမ်ကို ကြည့်ကာ နှုတ်ခမ်းဖျားတွင် ချီးကျူးဂုဏ်ပြုသော အပြုံးတစ်ခု ပေါ်ထွက်နေ၏။
သူမသည် ယန်ကျန့်ဝမ်ကို အတော်လေး တတ်မြောက်သည်ဟု တွေးမိသည်။ ခက်ခဲနက်နဲသော အရာများကို စနစ်တကျနှင့် ကျိုးကြောင်းဆီလျော်စွာ ရှင်းပြနိုင်စွမ်းရှိပြီး ရွာသားများ နားမလည်ကြသော်လည်း အားလုံးက လုံးဝ ယုံကြည်သွားကြသည် မဟုတ်ပါလော။
ရွာသားများ၏ ကြည်ညိုသော အကြည့်များနှင့် စုဝမ်၏ ချီးမွမ်းသော အမူအရာကို ခံစားမိလိုက်ရသောအခါ ယန်ကျန့်ဝမ်၏ မာနစိတ်မှာ အထိုင်းအမှိုင်း ပြည့်လျှံသွားကာ ပိုမိုဝင့်ကြွားလာတော့သည်။
ကွက်တိပင်... ထိုစဉ် လူအုပ်ထဲမှ ကြမ်းတမ်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
"ပညာရှင်ယန်... ဘေးနားက ချင်းရွှေရွာက အကြံပေးချန်ကလည်း အတော်လေး တော်တယ်လို့ ကြားမိလို့ပါ။ သူ့ရဲ့ ကြက်မွေးမြူရေး နည်းလမ်းက အတော်လေး ထူးခြားတယ်လို့ ပြောကြတယ်ဗျ။ ဆရာ့ရဲ့ နည်းလမ်းက သူ့ထက်သာနိုင်ပါ့မလား..."
ထိုစကားလုံးများကြောင့် စောစောက သက်ဝင်လှုပ်ရှားနေသော အခြေအနေကြီးက ချက်ချင်းပင် ရေခဲပြင်ကဲ့သို့ အေးစက်တိတ်ဆိတ်သွားတော့သည်။
ယန်ကျန့်ဝမ်၏ မျက်နှာပေါ်မှ အပြုံးများကလည်း နှုတ်ခမ်းဖျားတွင်တင် တောင့်တင်းသွားရ၏။
အကြံပေးချန်... ဟုတ်လား။
သူ မလာခင်ကတည်းက ဘယ်ကမှန်းမသိသော ကျေးလက်တောရွာက လူတစ်ယောက်သည် တောတွင်းဆေးမြီးတို အချို့ကို အသုံးပြုပြီး အသိပညာမရှိသော လယ်သမားများကို ကောင်းကင်အထိ မြှောက်ပင့်ပြောဆိုအောင် လုပ်ထားသည်ဟု ကြားသိခဲ့ရသည်။
သူ့နှုတ်ခမ်းဖျားမှ အပြုံးက အလွန်တရာ နှိမ့်ချစက်ဆုပ်သော အမူအရာအဖြစ် ပြောင်းလဲသွားတော့သည်။
ယန်ကျန့်ဝမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း မထီမဲ့မြင် ပြုလိုက်၏။
"ကျေးလက်က အကြမ်းထည် နည်းလမ်းကို သိပ္ပံပညာလို့ ခေါ်တာလား...အဲ့ဒါက တကယ့်ကို ရယ်စရာကောင်းလွန်းပါတယ်..”
"စစ်မှန်တဲ့ သိပ္ပံပညာဆိုတာ တင်းကျပ်တဲ့ စမ်းသပ်မှု ပေါင်းများစွာနဲ့ သက်သေပြရတာမျိုးပါ။ ကံစမ်းတာ ဒါမှမဟုတ် ဆေးမြီးတို နည်းလမ်းတွေအပေါ် အခြေခံတာ မဟုတ်ဘူး..."
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လေသံတွင် ငြင်းပယ်ရန်မလိုသော အာဏာစက်များ ပါဝင်နေသည်။
"ကျွန်တော် ယန်ကျန့်ဝမ်ဟာ နိုင်ငံရပ်ခြားကနေ ပညာသင်ယူပြီး အဆင့်အမြင့်ဆုံး သီအိုရီတွေနဲ့ နည်းပညာတွေကို ယူဆောင်လာခဲ့တာပါ။ အဲဒီ ဆေးမြီးတိုတွေဆိုတာ ကံကောင်းလို့ ကြောင်ကန်းတောတိုးမိတဲ့ သဘောပါပဲ။ တစ်ကြိမ်နှစ်ကြိမ် အောင်မြင်တာကို ခင်ဗျားတို့က ကောင်းကင် ရောက်မတတ် ချီးမွမ်းနေကြတာ။ ဒီလို အသက်မွေးဝမ်းကျောင်း မဟုတ်တဲ့ လုပ်ရပ်မျိုးက မကြာခင် ပြဿနာတက်လာမှာ သေချာတယ်..."
"တစ်ယောက်ယောက်က စိန်ခေါ်စကား ပြောလာမှတော့ ကျွန်တော်လည်း စကားအချို့ ထပ်ပြောရတာပေါ့..."
ယန်ကျန့်ဝမ်၏ အကြည့်များက စူးရှသွားပြီး လေသံက ပြတ်သားခိုင်မာလာသည်။
"စစ်မှန်တဲ့ နည်းပညာနဲ့ သိပ္ပံနည်းကျ မွေးမြူရေးဆိုတာ ဘာလဲဆိုတာ အားလုံး ကိုယ်တိုင်မြင်တွေ့နိုင်ဖို့... ကျွန်တော် အခုပဲ ချင်းရွှေရွာကို သွားပြီးတော့ အယူအဆတွေ ဖလှယ်ပြီး လမ်းညွှန်ပြသပေးဖို့ ဆုံးဖြတ်လိုက်တယ်..."
"ပညာရှင်အစစ်အမှန်ဆိုတာ ဘာလဲဆိုတာ သူတို့ကို သိစေရမယ်..."
သူက ယုံကြည်မှုအပြည့်ဖြင့် လက်ကို ဝေ့ယမ်းကာ ပြောဆိုလိုက်သည်။
စုဝမ်၏ မျက်ဝန်းများက ရုတ်တရက် တောက်ပသွားတော့သည်။
သူမသည် ခရိုင်ထဲတွင်ရှိစဉ်က ချင်းရွှေရွာက အကြံပေးချန်အကြောင်းကို ကြားဖူးထားသည်။ ထိုလူက အံ့ဖွယ်မြေဩဇာကို ဖန်တီးနိုင်ရုံသာမက ကြက်တုပ်ကွေး ရောဂါကိုပင် ကုသပေးနိုင်သည်ဟူသော အံ့ဩဖွယ်ရာ ပုံပြင်များကို သတိရမိသွား၏။
သူမသည် ယန်ကျန့်ဝမ်၏ ပညာရပ်ပိုင်းဆိုင်ရာ အသိပညာကို အသိအမှတ်ပြုသော်လည်း ထိုအကြံပေးချန်ဆိုသူကိုလည်း အတော်လေး စိတ်ဝင်စားမိသည်။
ယခု ကိုယ်တိုင်မြင်တွေ့ရမည့် အခွင့်အရေး ရလာသဖြင့် သူမ၏ စုစမ်းလိုစိတ်က ချက်ချင်းပင် နိုးကြားလာတော့သည်။
"အစ်ကိုယန်... ကျွန်မလည်း လိုက်ချင်တယ်..."
စုဝမ်က ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး ယန်ကျန့်ဝမ်၏ လက်မောင်းကို ဆွဲကိုင်ကာ မူနွဲ့သော လေသံဖြင့် ပြောလိုက်သည်။
"ချင်းရွှေရွာက အခြားစံပြစီမံကိန်းက ဘယ်လိုပုံစံလဲဆိုတာကိုလည်း ကျွန်မ မြင်ဖူးချင်သေးတယ်..."
စုဝမ်က စိတ်ဝင်စားနေသည်ကို မြင်သောအခါ ယန်ကျန့်ဝမ်က ချက်ချင်းပင် သဘောတူလိုက်တော့သည်။
သူ့စိတ်ထဲတွင်မူ စုဝမ်၏ ရှေ့မှောက်၌ ထိုလယ်သမား အကြံပေးကို အပြတ်အသတ် နှိမ်နင်းပြပြီး မည်သူက ပါရမီရှင်အစစ် ဖြစ်သည်ကို ပြသရန် အကောင်းဆုံး အခွင့်အရေးဟု တွေးတောနေမိသည်။
"ကောင်းပြီလေ... ရဲဘော်စုက စိတ်ဝင်စားမှတော့ အတူတူ သွားကြတာပေါ့..."
ယန်ကျန့်ဝမ်က ကျယ်လောင်စွာ ပြောလိုက်သည်။
ထို့နောက် လီမင်နှင့် ကျေးရွာလူကြီးအချို့ ခြံရံလျက် ယန်ကျန့်ဝမ်နှင့် အဖွဲ့သားများသည် ချင်းရွှေရွာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြတော့သည်။
မကြာမီပင် ထိုလူစုသည် ချန်ရှင်း၏ ယာယီအလုပ်ရုံ တံခါးဝသို့ ရောက်ရှိလာခဲ့ကြ၏။
"ရွာလူကြီးလီ... ခင်ဗျားပြောတဲ့ နည်းပညာအကြံပေးက ဒီနေရာမှာပဲ ရှိတာလား..."
ယန်ကျန့်ဝမ်သည် ရှေ့တွင်ရှိသော ဟောင်းနွမ်းပျက်စီးနေသည့် သံတံခါးကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် သံသယဖြစ်ဖွယ် လေသံဖြင့် မေးလိုက်သည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော် စုံစမ်းပြီးပါပြီ၊ ဒီနေရာပဲ ဖြစ်ပါတယ်..."
လီမင်က မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ကပျာကယာ ခေါင်းညိတ်ပြလိုက်၏။
သူက စကားပြောရင်း သံတံခါးကြီးကို ဂရုတစိုက် တွန်းဖွင့်လိုက်သည်။
ခြံဝင်းတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် အတွင်းဘက်မှ မြင်ကွင်းက ထိုလူသုံးဦး၏ မျက်စိရှေ့မှောက်သို့ ချက်ချင်းပင် ပေါ်ထွက်လာတော့သည်။
ခြံဝင်း၏ အလယ်ဗဟိုတွင် စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကြွက်သားများ ဖောင်းကြွနေသည့် လူငယ်တစ်ဦးက ကျယ်လောင်သော အသံများနှင့် မီးပွားများကို ထုတ်လွှတ်နေသည့် ဆန်းကြယ်သော စက်ပစ္စည်းတစ်ခုကို အာရုံစိုက်၍ မောင်းနှင်နေလေသည်။
သူ့တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များနှင့် သံမှုန့်များ ပေကျံနေပြီး ထောင့်ချွန်ကျသော မျက်နှာထက်မှ ချွေးစက်များက နေရောင်အောက်တွင် တလက်လက် တောက်ပလျက် စီးကျနေ၏။
မြေပြင်ပေါ်တွင်လည်း ထူးဆန်းသော သံတုံးသံခဲများနှင့် အစိတ်အပိုင်းများစွာ စုပုံနေပြီး ကြည့်ရသည်မှာ သံတိုသံစဟောင်း ဆိုင်ကြီးတစ်ခုကဲ့သို့ပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယန်ကျန့်ဝမ်သည် ချက်ချင်းပင် ဟားဟားဟားနှင့် လှောင်ပြုံး ရယ်မောလိုက်လေတော့သည်။