← Chapters

စွမ်းအင်ထုတ်လွှတ်ခြင်း (၂)

Vol. 59 Ch. 1006

စွမ်းအင်ထုတ်လွှတ်ခြင်း (၂)

Vol. 59 Ch. 1006

နောက်ဆုံးတစ်ချက်ကတော့ အခုကျွန်မတို့ရောက်နေတဲ့ အခြေအနေမျိုးက သူတို့လည်း ကြုံခဲ့ဖူးမှာပဲ၊၊ ဒါပေမဲ့ သူတို့ ဘေးကင်းကင်းနဲ့ ဆုတ်ခွာသွားနိုင်ခဲ့ကြတယ်။ အဲဒါက ဒီလုပ်ငန်းစဉ်က အတော်သင့်တော့ ဘေးကင်းသေးတယ်၊၊ ဒါမှမဟုတ်ရင် အနည်းဆုံးတော့ ဒီအခြေစိုက်စခန်းထဲမှာ ဘေးကင်းတယ်ဆိုတာကို ပြနေတာ မဟုတ်ဘူးလား”

လင်းရှန်က ခေါင်းခါလိုက်သည်။

“ဂါလန်မီးတောင် အသက်ဝင်လာတာက သူတို့ ထည့်မတွက်ထားမိတဲ့ အချက်ပဲ၊၊ အဲဒါကြောင့်ပဲ သူတို့ ဆုတ်ခွာသွားခဲ့ကြတာ… ဒီနေရာက မလုံခြုံတော့ဘူး မီးတောင်သာ တကယ်ပေါက်ကွဲသွားရင် ငါတို့ တားဆီးနိုင်မှာ မဟုတ်ဘူး...”

လင်းရှန်လည်း သူ့အမြင်ကို တိုက်ရိုက်ပြောလိုက်သော်လည်း စကားမဆုံးမီမှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

“နေဦး” လင်းရှန်က တင်းကျန်းရီကို ကြည့်လိုက်သည်။

“မင်းနောက်ဆုံးပြောလိုက်တဲ့ စကားက ဘာလဲ”

တင်းကျန်းရီက သူမ၏ မျက်မှန်ကို ပင့်တင်လိုက်သည်၊၊ “ကျွန်မပြောတာက အခုကျွန်မတို့ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးက သူတို့လည်း ကြုံတွေ့ခဲ့ရမယ့် အခြေအနေနဲ့ အတူတူပဲလို့ ပြောတာပါ”

ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှန်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်သည်။

“ဉာဏ်ကောင်းတယ် ဒါရိုက်တာတင်း”

ပြောပြီးသည်နှင့် သူသည် ရထားတွဲထဲမှနေ၍ အပြင်သို့ တိုက်ရိုက်ပင် ပြေးထွက်သွားတော့သည်။

လင်းရှန်၏ ကျောပြင်ကို ကြည့်ရင်း တင်းကျန်းရီက အဓိပ္ပာယ်အပြည့်ဖြင့် ညင်သာစွာပြုံးလိုက်ပြီးနောက် သူ့နောက်မှ လိုက်ပါလာခဲ့ကာ လင်းရှန်နှင့်အတူ ရေအောက်အခြေစိုက်စခန်း၏ စောင့်ကြည့်ရေးခန်းမဆီသို့ တောက်လျှောက်ဦးတည်သွားခဲ့ကြသည်။

ဤအချိန်တွင် စောင့်ကြည့်ရေးခန်းမအတွင်း၌ ကီကီနှင့် တခြားသူများသည် စွမ်းအင်ထုတ်လွှတ်မှုအဆို့ရှင်တွင် တပ်ဆင်ထားသော စောင့်ကြည့်ကင်မရာအားလုံးကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ပင်လယ်ရေမှာ မှောင်မည်းပြီး နောက်ကျိနေသော်လည်း ဇီဝရေဒါ စောင့်ကြည့်မျက်နှာပြင်ပေါ်တွင်တော့ အရွယ်အစား အမျိုးမျိုးရှိသော အနီရောင်အစက်အပြောက်များစွာ လှုပ်ရှားသွားလာနေသည်ကို မြင်တွေ့နေရသည်။

“လင်းရှန်”

လင်းရှန် ရောက်လာသည်ကို မြင်သောအခါ ကီကီက သူ့ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

“စွမ်းအင်ထုတ်လွှတ်မှုကို ထိန်းချုပ်တဲ့ အဆို့ရှင်က အခုဆို အချိန်မရွေး စတင်လည်ပတ်လို့ ရနေပြီ”

“Deep-3 ကမ္ဘာ့အူတိုင်အပူစွမ်းအင်စက်ရဲ့ တည်ငြိမ်မှုဝင်ရိုးက လွဲချော်သွားပြီ။ ဒါက မြေအောက်အပူတွင်းထဲက ချော်ရည်တွေက အန္တရာယ်ရှိတဲ့ အဆင့်ကို ကျော်လွန်သွားလို့ ဖြစ်တာပဲ၊၊ အခြေအနေအရ ကြည့်မယ်ဆိုရင် ငါတို့မှာ အချိန် ၁၂ နာရီထက် မနည်းတော့ဘူး”

ထိုအချိန်မှာ ရိုင်ယန်ကလည်း ဗန်နက်ဆာနှင့်အတူ စောင့်ကြည့်ရေးခန်းမထဲတွင် ရောက်ရှိနေခဲ့သည်။ လင်းယုန်အဖွဲ့ရဲ့ တခြားအဓိကအဖွဲ့ဝင်များသည်လည်း အပြင်ဘက်မှာ ရှိနေကြပြီး အဖွဲ့ရဲ့ ရိက္ခာများနှင့် ကျန်ရှိနေတဲ့ လက်နက်ကိရိယာများကို ရွှေ့ပြောင်းတင်ချနေကြသည်။

ရေအောက်အခြေစိုက်စခန်းသည် ရုတ်တရက်ပင် အတော်လေး စည်ကားလှုပ်ရှားလာခဲ့သည်။ လင်းယုန်အဖွဲ့ဝင် ရာဂဏန်းထဲတွင် ကလေးငယ်များနှင့် အမျိုးသမီးများစွာပါဝင်သည့်အပြင် အက်ဇ်လန်နှင့် အဖွဲ့ထဲက စက်မှုအင်ဂျင်နီယာများတည်ဆောက်ထားသည့် ယန္တရားစစ်သည်အဖွဲ့တို့ ပါဝင်နေသည်။ ဘေးအန္တရာယ်ကြောင့် မသန်မစွမ်းဖြစ်ခဲ့ရသူ အများအပြားကိုလည်း လှုပ်ရှားမှု ပိုမိုကောင်းမွန်စေရန် ယန္တရားခြေတုလက်တုများ တပ်ဆင်ပေးထားခဲ့သည်။

“ငါတို့ ထုတ်လွှတ်မှုအဆို့ရှင်ကို မြန်မြန်ဖွင့်ဖို့ လိုတယ်… အဲဒါက ဖိအားကို အနည်းငယ်လျှော့ချပေးနိုင်လိမ့်မယ်”

လင်းရှန် ခေါင်းညိတ်လိုက်သည်။ ချီလီနှင့် ရှုချင်းတို့လည်းရှိနေသည်ကို မြင်သော်လည်း သူက မရပ်တန့်ဘဲ ကီကီကို တိုက်ရိုက်ပင် ပြောလိုက်သည်။

“ကီကီ… အခုပဲ ဖွင့်လိုက်တော့။ ရိုင်ယန်... မင်းတို့ ဒါကို စောင့်ကြည့်ပေးထားဦး၊၊ ငါ အောက်ဆင်းပြီး သွားကြည့်လိုက်ဦးမယ်”

မျှော်လင့်မထားသည်မှာ လင်းရှန်သည် ထုတ်လွှတ်မှုအဆို့ရှင် ဖွင့်သည့်ကိစ္စကို သိပ်ပြီး ဂရုစိုက်မနေပုံရဘဲ ရေအောက်အခြေစိုက်စခန်း၏ အောက်ခြေရှိ ရေနက်ဆိပ်ကမ်းဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားခဲ့သည်။ ကီကီက ကြောင်အမ်းအမ်းဖြစ်သွားပြီး လင်းရှန်ကို လှမ်းတားရန် ပြင်လိုက်သော်လည်း သူ့နောက်ကနေ လိုက်သွားသည့် တင်းကျန်းရီကို မြင်လိုက်ရသဖြင့် ပြန်ထိုင်ပြီး ထိန်းချုပ်မှုစနစ်မှတစ်ဆင့် စွမ်းအင်များကို စတင်ထုတ်လွှတ်ပေးလိုက်သည်။

“လင်း...” ရိုင်ယန်က သူ့ရဲ့ နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း အခုအချိန်မှာ အနည်းငယ် ရှုပ်ထွေးနေပုံရသည်။

“ကျွန်မတို့ တန်းပြီး စတင်လိုက်ကြရအောင်… သူ့မှာ တခြားကိုင်တွယ်စရာကိစ္စရှိလို့ နေမှာပါ”

ကီကီက တွေဝေမနေဘဲ ရေအောက်စွမ်းအင်ထုတ်လွှတ်မှု တံခါးမကြီးကို အဝေးထိန်းစနစ်ဖြင့် စတင်ဖွင့်လှစ်လိုက်သည်။

ဒုန်း။

ကီကီ၏ လက်ချောင်းများက ထိန်းချုပ်ခုံ၏ ဟိုလိုဂရမ်မျက်နှာပြင်ပေါ်တွင် ဖြတ်သန်းသွားသည်နှင့် ကျွန်းရေပြင်ရဲ့ အရှေ့တောင်ဘက်၊ ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ အောက်ခြေအနက်ပိုင်းမှာ ရုတ်တရက် ယန္တရားတုန်ခါသံကြီးတစ်ခု မြည်ဟည်းသွားခဲ့သည်။ ဝဲဂယက်မွန်းစတားကြီး၏ ခန္ဓာကိုယ်နှင့် ပင်လယ်ရေအောက်ကြမ်းပြင်ကြားက မှိန်ဖျော့နေသော စွမ်းအင်ထုတ်လွှတ်မှု တံခါးမကြီးသည် လိမ္မော်နီရောင်အက်ကြောင်းများဖြင့် ပွင့်အာသွားတော့သည်။

ဟိုက်ဒရောလစ်စနစ်၏ စူးရှသော မြည်ဟည်းသံနှင့်အတူ မီတာအနည်းငယ် ကျယ်ဝန်းသော အလွိုင်းတံခါးမကြီး ပေါက်ကွဲပွင့်ထွက်သွားပြီး စုဆောင်းထားသော မြေအောက်အပူဗဟိုချက် စွမ်းအင်များသည် အရည်ပျော်နေသော ရွှေရောင်ရေစီးကြောင်းကြီးများကဲ့သို့ အရှိန်အဟုန်ဖြင့် ပန်းထွက်လာကာ ပတ်ပတ်လည်က ပင်လယ်ရေများကို ချက်ချင်းပင် ရေနွေးငွေ့အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ကျယ်ပြန့်လာသော ရေပူဖောင်းတိမ်တိုက်ကြီးက နျူကလီးယားပေါက်ကွဲမှုတစ်ခုကဲ့သို့ ကမ်းပါးယံတစ်ခုလုံးကို ရိုက်ခတ်သွားပြီး ရေဒီယိုသတ္တိကြွတိုင်းတာချက်ကလည်း ချက်ချင်းပင် ထိုးတက်သွားခဲ့ရာ ဝဲဂယက်မွန်းစတားကြီး၏ ခန္ဓာကိုယ်တစ်ဝက်နှင့် ပတ်ပတ်လည်က သန္ဓေပြောင်းမွန်းစတားအသေကောင် အမြောက်အမြားမှာ လောင်ကျွမ်းပြာကျ အရည်ပျော်သွားခဲ့ပြီး မီးခိုးပြာရောင် ပင်လယ်အောက်ခြေအမှုန့်မုန်တိုင်းကြီးအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

နျူကလီးယားစွမ်းအင်စီးကြောင်းက ပင်လယ်အောက်ခြေကို ရိုက်ခတ်ပြီး စက်ဝိုင်းပုံစံ ဖုန်မှုန့်မုန်တိုင်းတစ်ခုဖြစ်ပေါ်စေခဲ့သည်။ လိမ္မော်နီရောင်အလင်းတန်းက မှောင်မည်းသော ရေနက်ပိုင်းကို ထိုးဖောက်သွားပြီး ဝဲဂယက်ထဲက သောင်းနှင့်ချီသော ပင်လယ်ပိုးကောင်များကို လင်းထိန်သွားစေသည်။ ဤအချိန်တွင် မီတာရာဂဏန်းမြင့်သော ရေနွေးငွေ့တိုင်ကြီးတစ်ခုက ကျွန်းကမ်းခြေတစ်လျှောက် ရုတ်တရက် ထိုးတက်သွားခဲ့ပြီး ဆူပွက်နေသော ပင်လယ်ရေများက သန္ဓေပြောင်းမွန်းစတားများ၏ လောင်ကျွမ်းနေသည့် ခန္ဓာကိုယ်များကို ကျောက်ဆောင်ကျွန်းပေါ်သို့ ဆွဲတင်သွားခဲ့သည်။ ရေအောက်အခြေစိုက်စခန်းအတွင်းရှိ လူများမှာမူ စောင့်ကြည့်မျက်နှာပြင်ပေါ်တွင် စူးရှတောက်ပသော အဖြူရောင်အလင်းတန်းကိုသာ မြင်တွေ့ရပြီး မည်သည့်ရုပ်သံအချက်ပြမှုကိုမျှ မမြင်ရတော့ပေ။

“ဟိုမှာ မြန်မြန်ကြည့်”

ကီကီ၏ နောက်ကွယ်မှ ရှုချင်းက ရေဒါစောင့်ကြည့်မျက်နှာပြင်ကို လက်ညှိုးထိုးပြလိုက်ရာ ယခင်က မျက်နှာပြင်ပေါ်တွင် ပျံ့နှံ့နေသော အနီရောင်အစက်အပြောက်များသည် တစ်ခုခု၏ ဆွဲဆောင်မှုကိုခံလိုက်ရသည့်အလား ရေဒါ၏ ဗဟိုချက်ဆီသို့ လျင်မြန်စွာ စတင်စုရုံးလာကြသည်ကို မြင်လိုက်ရသည်။ ရှာဖွေတွေ့ရှိမှုမျက်နှာပြင်ပေါ်ရှိ အနီရောင်အစက်အပြောက်အရေအတွက်မှာ အဆမတန်တိုးပွားလာခဲ့သဖြင့် စောင့်ကြည့်နေသူများ၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး မိနစ်ဝက်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် ရေဒါမျက်နှာပြင်တစ်ခုလုံး ရေတွက်လို့မရနိုင်သော အနီရောင်အစက်အပြောက်များဖြင့် ပြည့်နှက်သွားတော့သည်။

ရှားရှားလည်း ရေဒါမျက်နှာပြင်ပေါ်က အစက်အပြောက်များကို ကြည့်ပြီးနောက် စောင့်ကြည့်မျက်နှာပြင်ပေါ်က ဖြူဖွေးစူးရှနေသော အလင်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သူမ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် စောင့်ကြည့်မျက်နှာပြင်ပေါ်တွင် ရုတ်တရက် အဆက်ပြတ်မှုဖြစ်ပေါ်သွားပြီး ထူးဆန်းထိတ်လန့်ဖွယ်ကောင်းသော ဧရာမမျက်လုံးကြီးတစ်လုံးပေါ်လာခဲ့ရာ အခန်းထဲရှိ လူအများအပြားကို လန့်ဖျပ်သွားစေခဲ့သည်။

“ဖာ့ခ်... ဒီလောက်ကြီးတဲ့ မျက်လုံးကြီးက… ဒါသေချာပေါက် အထူးအဆင့်သတ္တဝါပဲ ဖြစ်ရမယ်”

လုချန်က ထ၍ကျိန်ဆဲလိုက်သည်။

ရိုင်ယန်နှင့် ဗန်နက်ဆာတို့လည်း တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး လက်ပိုက်ကာ ပြောလိုက်သည်။

“အရင်က စမ်းသပ်မှုအခြေအနေတွေအတိုင်းပဲ စတင်လိုက်တာနဲ့ အဲဒီမိစ္ဆာကောင်က ဆွဲဆောင်ခံရမှာပဲ”

ချီလီက အနားသို့ တိုးလာပြီး မျက်မှောင်ကြုတ်ကာ မမေးပဲမနေနိုင်ဖြစ်သွားသည်။

“မင်းတို့ရဲ့ သွေးဆောင်ဖြားယောင်းဆေးရည်က ဒီအရာကနေ ဆင်းသက်လာတာတော့ မဟုတ်ဘူးမလား”

“တစ်စိတ်တစ်ပိုင်းပေါ့” ဗန်နက်ဆာက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ဒီအရာကို တိုက်ရိုက်သုံးလို့မရဘူး။ တုံးရှီစက်ကိရိယာကို မတီထွင်ခင်တုန်းက သီးခြားပစ္စည်းတွေမပါတဲ့ နျူကလီးယားရေဒီယိုသတ္တိကြွမှုနဲ့ အမှောင်စွမ်းအင်တွေက အခြေခံအားဖြင့်တော့ ပစ်မှတ်မှတ်သားတဲ့ ဗုံးတွေလိုပဲ”

“မထူးဆန်းတော့ပါဘူး”

အခုအချိန်မှာ မျက်နှာပြင်ကို စောင့်ကြည့်နေတဲ့ ကီကီက သူမရဲ့ လက်ချောင်းတွေကို ခေါက်လိုက်ပြီး အနည်းငယ် သက်ပြင်းချနိုင်ကာ ပြောလိုက်သည်။

“သတင်းကောင်းကတော့ ဒါက တကယ်ပဲ အလုပ်ဖြစ်တယ်။ စက်ရဲ့ တည်ငြိမ်မှုက ကျဆင်းသွားပေမဲ့ နည်းနည်းပဲ ကျဆင်းတာ ဒီထုတ်လွှတ်မှုနှုန်းအတိုင်းဆိုရင် ငါတို့ အချိန်အနည်းငယ် ပိုရနိုင်မယ်”

“ဒီညလား” ဗန်နက်ဆာက မေးလိုက်သည်။

ကီကီက ပုခုံးတွန့်ပြလိုက်ရင်း “ဒီညတော့ မီးတောင်ကိစ္စကို စိုးရိမ်စရာမလိုသေးပါဘူး”

သူမ ကီးဘုတ်ကို ရိုက်ပြီး အခြေစိုက်စခန်းပတ်လည်က ရေဒါပုံရိပ်များကို ခေါ်ယူလိုက်သည်။ ဤအချိန်တွင် ကျွန်းပတ်ပတ်လည်၌ သန္ဓေပြောင်းမွန်းစတားများ စုပြုံရောက်ရှိနေသည့် ထိတ်လန့်ဖွယ်မြင်ကွင်းကို အထင်အရှားမြင်တွေ့လိုက်ရသည်။

“ဒါတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အရင်စဉ်းစားကြရအောင်။ အခုက မှောင်တောင်မမှောင်သေးဘူး… ပိုပြီး ကြောက်စရာကောင်းတဲ့ အကောင်တွေတောင် ထွက်မလာသေးဘူး ထင်တယ်”

စောင့်ကြည့်မျက်နှာပြင်ကို ကြည့်နေကြသော လူတိုင်း အသက်ရှူပင် မှားမတတ် ဖြစ်သွားကြသည်။

“ဘုရားရေ... ဒီလောက်တောင် များတာလား၊၊ ဒါက အရုဏ်ဦးမြို့တော်ဝိုင်းရံခံရတုန်းက အခြေအနေနဲ့ အတူတူလောက်ပဲ”

ရှားရှား၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းသွားသည်။

All Chapters