ရေအောက်ထဲမှာ
Vol. 59 Ch. 1015
“ငါတို့ရဲ့ သိပ္ပံပညာရှင်က စွမ်းရည်ကို အသုံးပြုတာ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ၊၊ ကြည့်ရတာ တကယ့်ကို အစွမ်းထက်တဲ့ စွမ်းရည်တစ်ခုပဲ” ချီလီက မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်၊၊
နန်ကျင်းကမူ ငွေနဂါးဆယ်ဆပန်းကို တည်ကြည်သော မျက်နှာအမူယာဖြင့် စိုက်ကြည့်နေမိသည်၊၊ သူတို့အား တွင်းနက် အမှတ် ၅ မှ အောင်မြင်စွာ လွတ်မြောက်စေခဲ့သည်မှာ ဤကပ်ဘေးအပင်ကြောင့်ဖြစ်မှန်း သူမ သိရှိထားသည်၊၊ အာကာသပူဖောင်းကို ဖန်တီးပေးနိုင်သော ဤအပင်သည် တကယ့်ကို အံ့ဩချီးကျူးဖွယ်ကောင်းလှပေသည်၊၊
ထိုစဉ် ရှုချင်းက ချန်ဆီရွှမ်ကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလာသည်၊
“ကျွန်မတို့ အခုဘာလုပ်စရာရှိလဲ”
ချန်ဆီရွှမ် မျက်မှောင်ကြုတ်သွားသည်၊၊
“ငါလည်း မသိဘူး၊ ရေငုပ်တာနဲ့ ပတ်သက်ရင်... ငါ့မှာ အတွေ့အကြုံမရှိဘူး”
“ငါတို့ထဲက ဘယ်သူ့မှာမှ အတွေ့အကြုံမရှိကြပါဘူး”
ချီလီက လေထုထဲတွင် လှုပ်ရှားနေသည့် ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်အမျိုးမျိုးကို လက်ညှိုးထိုးပြရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏၊၊
“ငါတို့က ဒီစက်ရုပ်တွေနဲ့ ဗိုင်အိုလာကိုပဲ လုံးလုံးအားကိုးရမှာပဲ၊၊ ပင်လယ်ထဲရောက်သွားရင် ပြေးလို့လည်း မရ၊ ပျံလို့လည်း မရတော့ဘူး၊၊ အနက်မီတာ ၃၀၀၀ ကျော်သွားရင် ငါတို့ရဲ့ စွမ်းအားဝတ်စုံတွေတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
“ကီကီနဲ့ ရူဂျီတို့ရဲ့ စိတ်စွမ်းအင်ဒိုင်းကာနဲ့ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်၊၊ ဒါပေမဲ့ ငါတို့ အနည်းဆုံး စိုးရိမ်ရမှာက ဒီကိစ္စပဲလို့ ငါယုံကြည်တယ်”
ထိုစဉ် လော့ယန်က ဝင်ပြောသည်၊၊
“အစ်ကိုလင်းရဲ့ ယန္တရားစွမ်းအားနဲ့ တိတ်ဆိတ်မြို့တော်ရဲ့ နည်းပညာတွေကြောင့် အနန္တ ရထားအပေါ် ကျွန်တော် လုံးဝယုံကြည်မှုရှိတယ်”
ရှောင်ယွမ်ကလည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်၊၊
“ကျွန်မလည်း တူတူပဲ”
“ကျွန်မအထင်တော့ ကျွန်မတို့မှာ အရေးပေါ်အစီအစဉ်တစ်ခုလည်း လိုအပ်လိမ့်မယ်”
နန်ကျင်း စကားပြောလာသည်၊၊
“ကျွန်မတို့ရထားက ကုန်းပေါ်မှာတော့ အဆင်ပြေပေမဲ့ ရေအောက်မှာကျတော့ အလျားက အရမ်းရှည်ပြီး ရထားတွဲတွေက လူစုကွဲနေတယ်”
သူမက ချန်ဆီရွှမ်ကို ကြည့်ကာ အကြံပြုလိုက်သည်၊၊
“အခု ပင်လယ်လင်းယုန်အဖွဲ့က လူတွေလည်းရှိနေတာဆိုတော့ မတော်တဆဖြစ်ရပ်မျိုးအတွက် ရေအောက်ကနေ လွတ်မြောက်ဖို့ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးနိုင်ဖို့ အဖွဲ့တွေ ခွဲထားတာ အကောင်းဆုံးပဲ”
“ကောင်းပြီလေ” ချန်ဆီရွှမ်က ပြန်ဖြေလိုက်၏၊၊
နောက်ဆုံးရထားတွဲတွင်မူ ရှားရှားသည် မိုးပျံမက်မွန်သီးကို စင်ပေါ်တွင် သေချာစွာ သော့ခတ်ထားကြောင်း စစ်ဆေးနေသည်၊၊ ဟိုက်ဒရောလစ်သော့ခတ်စနစ်ထံမှ လေးလံသော ‘ကလစ်’ ဟူသည့်အသံထွက်ပေါ်လာမှ သူမသက်ပြင်းချလိုက်သည်၊၊
“အိုကေ… နင့်ကို ရေအောက်မှာ သုံးလို့မရသေးပေမဲ့ တစ်နေ့ကျရင် ငါ နင့်ကို ကြယ်တာရာလှေတစ်စင်းအဖြစ် အသွင်ပြောင်းပေးမယ်၊၊ ဒါမှမဟုတ် အစ်ကိုလင်းရဲ့ စက်ရုပ်ကြီးနဲ့ ပေါင်းစပ်လိုက်ရင် နင် ပိုပြီးတော့ လန်းသွားမှာသေချာတယ်”
လို့ရှားရှားသည် စိတ်ကျေနပ်စွာဖြင့် သူမ၏ ရဲဖော်ရဲဖက်ကို ကြည့်ပြီးနောက် ရှေ့ဆုံးရထားတွဲသို့ ပြန်ရန် ပြင်ဆင်လိုက်သည်၊၊ သူမ၏ လက်ချောင်းများက အေးစက်နေသော သတ္တုစင်ပေါ်မှ ခွာလိုက်ပြီး လှည့်အထွက်တွင်ပင် ထူထဲလှသော ရထားကိုယ်ထည်နှင့် ပြတင်းပေါက်၏ ကြယ်မှုန်ပလင်းမှန်ကို ဖြတ်သန်းကာ အောက်ခြေရှိ အတိုင်းအဆမရှိသော အမှောင်ထုထဲမှ စိုးရိမ်စရာကောင်းသည့် ခပ်သဲ့သဲ့အသံတစ်ခု တိုးဝင်လာသည်၊၊
ဂလောက် ဂျစ်... ဂျစ်...
၎င်းမှာ ရထားကိုယ်ထည်ကို ရိုက်ခတ်နေသည့် ပင်လယ်ရေလှိုင်းသံမဟုတ်သလို ရေအောက်မောင်းနှင်ဒလက်လည်ပတ်နေသည့် တဝူးဝူးသံလည်း မဟုတ်ပေ၊၊ ၎င်းမှာ တစ်ခုခုနှင့် ပွတ်တိုက်မိသည့် အသံမျိုးဖြစ်ပြီး ရထား၏ အောက်ခြေကို ထောက်ကူထားသည့် စွမ်းအင်မြင့်သတ္တုတည်ဆောက်ပုံ ဖိအားခံအကာကွယ်ပေါ်တွင် မရေတွက်နိုင်သော မာကျောသည့် အရာဝတ္ထုအသေးစားလေးများ ရွေ့လျားနေသကဲ့သို့ ခံစားရသည်၊၊
ထိုအသံမှာ အလွန်တိုးပြီး ရေငုပ်စနစ်၏ ယန္တရားမြည်သံ၊ လှိုင်းထန်နေသော ပင်လယ်ရေသံများနှင့် ရောနှောနေသဖြင့် ခွဲခြားရန် ခက်ခဲလှသည်၊၊ သို့သော် ရှားရှား၏ အာရုံကြောများမှာ ချက်ချင်းတင်းမာသွားပြီး ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးစက်သွားလေသည်၊၊ သူမ အလိုလျောက်ငုံ့လိုက်ပြီး အေးစက်နေသော သတ္တုစပ်ကြမ်းပြင်၌ နားကို ကပ်လိုက်မိသည်၊၊ ယခုအခါ သူတို့က ရေထဲတွင် ရောက်နေခြင်းဖြစ်ရာ ရေအောက်ကမ္ဘာသည် ဆန်းကြယ်ပြီး ခန့်မှန်းရခက်မှန်း လူတိုင်းသိကြသည်၊၊ ယခုကဲ့သို့ အချိန်မျိုးတွင် ထူးဆန်းသောအသံကြားလိုက်ရသဖြင့် သူမကို အလိုလျောက် သတိကြီးစွာထားမိစေသည်၊၊
“မင်းလည်း ကြားတယ်မလား”
လို့ရှားရှားတစ်ယောက် အာရုံအပြည့် စိုက်နေစဉ် ရထားတွဲအတွင်းရှိ တိတ်ဆိတ်မှုကို အသံတစ်ခုက ရုတ်တရက် ဖြတ်တောက်လိုက်သဖြင့် သူမ တစ်ကိုယ်လုံးတုန်ခါသွားရသည်၊၊ သူမ မော့ကြည့်လိုက်သောအခါ မိုနီကာသည် ရထားတွဲ၏ ဝင်ပေါက်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏၊၊
သူမသည် လေးလံသော စွမ်းအားဝတ်စုံကို ဝတ်ဆင်မထားဘဲ အတွင်းခံဝတ်စုံကိုသာ ဝတ်ထားသည်၊ သို့သော် ယခုအချိန်တွင် မိုနီကာ၏ မျက်လုံးများမှ ခပ်ဖျော့ဖျော့အလင်းတန်းများထွက်ပေါ်နေပြီး သူမ၏ အသံလှိုင်းစွမ်းအားကို သိသာစွာအသုံးပြုထားခြင်းဖြစ်သည်၊၊
“အတိအကျပြောရရင် အောက်တည့်တည့်မှာပဲ”
မိုနီကာ၏ အသံမှာ အလွန်တိုးပြီး ပုံမှန်ရှိတတ်သည့် ပျင်းရိခြင်း သို့မဟုတ် နောက်ပြောင်ခြင်းမျိုး လုံးဝမရှိတော့ပေ၊၊ သူမ၏ အကြည့်မှာ ဓားတစ်စင်းကဲ့သို့ ထက်မြက်နေပြီး ပြတင်းပေါက်မှတစ်ဆင့် အရာအားလုံးကို ဝါးမျိုမည့် မင်အိုးလို မည်းမှောင်နေသော တွင်းနက်ကြီးဆီသို့ ထိုးဖောက်ကြည့်ရှုနေသည်၊၊
“ဒါက ငါတို့ကို ရှာမတွေ့သေးတာဖြစ်လိမ့်မယ်၊၊ အသံရဲ့ ပမာဏကို ကြည့်ရသလောက်ဆိုရင် ဒါက ငါတို့ရထားကို တစ်လုပ်တည်းနဲ့ ဝါးမျိုပစ်နိုင်တယ်”
“ဟူး”
မိုနီကာ၏ စကားကို ကြားလိုက်ရသောအခါ လို့ရှားရှားလည်း ချက်ချင်းပင် အသက်ရှူရပ်မတတ်ဖြစ်သွားပြီး ခြေဖျားမှတစ်ဆင့် အအေးဓာတ်တစ်ခုတက်လာတော့သည်၊၊
“သေစမ်း... အစ်ကိုလင်းကလည်း ပြန်မလာသေးဘူး”
အမှတ် ၈ နေထိုင်တွဲတွင်မူ မြောင်လု၊ စွန်းယုကျန်းနှင့် အခြားလူများသည် ပင်လယ်လင်းယုန်အဖွဲ့မှ လူများကို ယာယီခိုလှုံနိုင်ရန် ကူညီပေးနေကြသည်၊၊ ထိုလူများကို အမှတ် ၈ နှင့် ၉ ရထားတွဲများတွင် နေရာချပေးထားပြီး ဗန်နက်ဆာမှာမူ ယခုအချိန်အထိ ဘာလုပ်ရမှန်းမသိဖြစ်နေဆဲပင်၊၊ အဆုံးမှာတော့ စင်တီမီတာအနည်းငယ်မျှသာ နက်သော ရေထဲတွင် ပေါလောမျောနေသည့် ရထားတစ်စီးပေါ်တွင် ရပ်နေရခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်၊၊ အကယ်၍ အနန္တရထားအဖွဲ့သားများ၏ စွမ်းဆောင်ရည်များကို စောင့်မကြည့်ခဲ့ရလျှင် သူမသည် အိမ်မက်မက်နေသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်၊၊
ရထားတွဲအတွင်း လူစုလူဝေးကြီးဖြစ်နေပြီး နွေးထွေးသော အဝါရောင်အရေးပေါ်မီးရောင်အောက်တွင် ရှီဇီသည် သူမ၏ စွမ်းရည်ကို အသုံးပြု၍ အားဖေးအား စိတ်လှုပ်ရှားမှုလျော့ပါးစေရန် ကူညီပေးနေသည်၊၊
မလှမ်းမကမ်းမှ ရှောင်ချင်းက အနားသို့ ချဉ်းကပ်လာပြီး “ငကြောက်ကောင်… စိတ်ကို တင်းထားစမ်း၊၊၊ ငါတို့အားလုံး ပင်လယ်ထဲမှာ နင့်ရဲ့ အာရုံခံစွမ်းရည်ကို လိုအပ်တယ်၊ ကပ္ပတိန်လင်းကို စိတ်ပျက်အောင်မလုပ်နဲ့”
“ကောင်း... ကောင်းပါပြီ”
အားဖေးက ကမန်းကတန်းခေါင်းညိတ်ပြသည်၊၊ သူ၏ လေသံအရ ပင်လယ်ထဲသို့သွားရမည်ကို အလွန်အမင်းထိတ်လန့်နေဆဲဖြစ်မှန်း သိသာလှသည်၊၊ သို့သော် လင်းရှန်နှင့်အတူ ကြီးမားသောဖြစ်ရပ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသဖြင့် သူသည် လုံးဝပျာယာခတ်သွားသည့် အခြေအနေမျိုးတော့ မဟုတ်ပေ၊၊
“ကြောက်တာက သဘာဝကျပါတယ်၊၊ နင် အရာအများကြီးမြင်ဖူးလေလေ… ပိုပြီးတော့ သတိထားတတ်လေလေ ဖြစ်လာတာပါ”
ရှီဇီက သူ့ကို နှစ်သိမ့်ပေးလိုက်သည်၊၊ အာရုံခံစွမ်းရည်ရှိသူတစ်ဦးအနေဖြင့် သူမသည် အားဖေး၏ တုံ့ပြန်မှုကို နက်ရှိုင်းစွာနားလည်ပေးနိုင်သည်၊၊
မထင်မှတ်ဘဲ သူမ၏ စကားအဆုံးတွင် အားဖေးက ရေခွက်ကိုမလိုက်စဉ် သူ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်သွားကာ ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်သည်၊၊ ရှီဇီကလည်း တစ်ချိန်တည်းမှာပင် ခေါင်းကို မော့လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံသွားကြလေသည်၊၊
“...တစ်ခုခုတော့ မှားနေပြီ”
အားဖေး၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ်ကျုံ့သွားပြီး လက်ချောင်းများဖြင့် ရေခွက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များပင် ဖြူလျော်နေသည်၊၊
“ဘာဖြစ်လို့လဲ”
သူတို့၏ အမူအရာကို မြင်သောအခါ ရှောင်ချင်းသည် အန္တရာယ်၏ အငွေ့အသက်ကို ချက်ချင်းခံစားမိလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာ ချက်ချင်းတင်းမာသွားကာ စွမ်းအားလှိုင်းများ စတင်စီးဆင်းလာတော့သည်၊၊
“တစ်ခုခု ရှိနေတယ်...”
“ရထားရဲ့ အောက်တည့်တည့်မှာ”
ထိုစဉ် အားဖေးနှင့် ရှီီဇီတို့က ပြိုင်တူပြောလိုက်ကြသည်၊၊ သူတို့၏ အကြည့်များသည် ရထားနံရံများကို ဖောက်ထွက်ပြီး ပင်လယ်ရေနက်ပိုင်းထဲသို့ တိုက်ရိုက်ရောက်ရှိသွားသကဲ့သို့ပင်၊၊
“ဒါက တော်တော်ကြီးတယ်… ရေအောက်ရေငုပ်သင်္ဘောလမ်းကြောင်းကနေ ဖြတ်သန်းသွားနေတယ်”
ရှီဇီ၏ မျက်နှာမှာ သိသိသာသာတင်းမာသွားတော့သည်၊၊
ရှောင်ချင်း၏ အကြည့်က ထက်မြက်သွားပြီး စကားပြောရန် ပြင်လိုက်စဉ်၊၊
“အားလုံးပဲ”
မိုနီကာ၏ အသံသည် ဆက်သွယ်ရေးကိရိယာထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်၊၊
“သတိထားကြ... ရေအောက်မှာ အမည်မသိသတ္တဝါတစ်ကောင်ကို တွေ့ရှိထားတယ်၊၊ အဲဒီသတ္တဝါတွေက ရေအောက်ဆိပ်ကမ်းထဲကို ဝင်ရောက်နေပြီ ထင်တယ်”
ရထားတွဲ ၃သည် အလွန်တိတ်ဆိတ်သွားရာ တင်းကျန်းရီတစ်ယောက် သွေးပဲစေ့များထဲမှ အမှောင်စွမ်းအင်များကို စုပ်ယူရန် နွယ်ပင်များကို ထိန်းချုပ်နေခြင်းပင် ခေတ္တမျှ ရပ်တန့်သွားလေသည်၊၊ သူမက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး သူ့ရှေ့ရှိ ငွေနဂါးဆယ်ဆပန်းကို ကြည့်ကာ သူမ၏ လှုပ်ရှားမှုများကြောင့် ထိုသတ္တဝါများကို ဆွဲဆောင်မိသွားခြင်းလားဟု တွေးမိသွားသည်၊၊