မီးတောင် (၂)
Vol. 59 Ch. 1008
လင်းရှန်သည် တော်ပီဒိုတစ်ခုချင်းစီ၏ ကြိုတင်သတ်မှတ်ချက် အချက်အလက်များကို ထုတ်ယူရန် ကူညီပေးဖို့ PX05 စက်ရုပ်တစ်ဖွဲ့ကို ဆင့်ခေါ်လိုက်ရင်း တင်းကျန်းရီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒီလိုနေရာမျိုးမှာ ထွက်ပြေးဖို့ လမ်းကြောင်းတစ်ခုရှိနေတာကပဲ ဖြစ်နိုင်ခြေမရှိတဲ့အရာတစ်ခုဖြစ်နေပြီ။ ရေနက်ပိုင်း အခြေအနေတွေက ထူးခြားပြီး ခွဲခြားရခက်ခဲလွန်းတယ်။ ဒီဖောင်ဒေးရှင်းနဲ့ မြမြို့တော်ဟာ ပုံသေလမ်းကြောင်းကို အသုံးပြုဖို့ တစ်ခုခုထူးခြားတာ ရှိရမယ်။ ငါတို့ ဒါကို ရှာဖွေပြီး အနီးပတ်ဝန်းကျင်ပင်လယ်ပြင်ရဲ့ ပုံမှန်ရေနက်ပိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ တစ်ခုခုတော့ ရလာနိုင်တာပဲ။ ဒါမှမဟုတ်ရင်လည်း ဖောင်ဒေးရှင်းရဲ့ လုံခြုံရေးကြီးကြပ်မှူးဟောင်းတစ်ယောက် ဒီမှာရှိနေသေးတာပဲ”
“ဒါ့အပြင်” လင်းရှန်က လှည့်လိုက်ပြီး တင်းကျန်းရီကို တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်၊၊
“ငါတို့ ရေအောက်ကို မသွားနိုင်ဘူးလို့ ဘယ်သူပြောလဲ”
ထိုစကားကို ကြားသောအခါ တင်းကျန်းရီ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် စိတ်အားထက်သန်မှုတို့ ရောပြွမ်းသွားသည်။ သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်၊၊
“စိတ်လှုပ်ရှားစရာပဲ”
“ရေနက်ပိုင်းလား”
“မင်း”
လင်းရှန် စိတ်မသက်မသာဖြစ်သွားရသည်။
“ကျွန်မ ကူညီနိုင်တယ်”တင်းကျန်းရီက အခိုင်အမာပြောလိုက်သည်၊၊
တင်းကျန်းရီ၏ အမူအရာကို ကြည့်ပြီး လင်းရှန်က သူ၏ လည်ချောင်းကို ရှင်းလိုက်ရင်း “ဘယ်လိုနည်းနဲ့လဲ”
“ငွေနဂါးဆယ်ဆပန်း”
တင်းကျန်းရီ၏ မျက်မှန်သည် တော်ပီဒိုခန်း၏ မီးရောင်အောက်တွင် တောက်ပနေသည်၊၊
“ကျွန်မကို အချိန်နည်းနည်းပေးပါ… ကျွန်မ ဒါကိုအသက်သွင်းနိုင်ရမယ်”
ထိုစကားကြောင့် လင်းရှန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်၊၊
“ကောင်းပြီ၊ ဒါဆိုရင်...”
ဝုန်း။
လင်းရှန်၏ စကားပင် မဆုံးသေးမီ ပြင်းထန်သော တုန်ခါမှုတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မြေအောက်ရေနက်ဆိပ်ကမ်းရှိ ရေနက်ပိုင်းများသည် ပြင်းထန်စွာ လှုပ်ရှားသွားသည်။ ကမ်းခြေတွင် ဆိုက်ကပ်ထားသော နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကြီးသည် မမျှော်လင့်ပဲ တိမ်းစောင်းသွားကာ ၎င်း၏ အတွင်းပိုင်းလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
တော်ပီဒိုခန်းအတွင်း၌ လင်းရှန်သည် ဟန်ချက်ပျက်သွားသော တင်းကျန်းရီကို ဖမ်းထိန်းလိုက်ပြီးနောက် သူ၏ ကျောပြင်မှ ပင့်ကူခြေထောက်သဏ္ဌာန် တည်ငြိမ်ထိန်းညှိစက်လေးခုကို ဆန့်ထုတ်ကာ စင်္ကြံလမ်းတွင် မိမိကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်လိုက်သည်။ အပြင်မှ ပိုပြင်းထန်လာသော တုန်ခါမှုကို ခံစားလိုက်ရသဖြင့် သူ မျက်နှာပျက်သွားကာ ချက်ချင်းပင် ပြောလိုက်သည်။
“ဒီလောက်တောင် စောတာလား”
လင်းရှန်၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ညအမှောင်မကျမီ နာရီပေါင်းများစွာလိုသေးသော်လည်း အခြေအနေမှာ ထိန်းချုပ်မရသော အဆင့်သို့ ရောက်ရှိသွားပုံရသည်။ သူသည် အစပိုင်းတွင် ထွက်ပေါက်ရှိ အပြောင်းအလဲများကို စောင့်ကြည့်ရန်နှင့် ထို့နောက် ဘူမိအပူစွမ်းအင်သုံးစက်ပစ္စည်းကို တည်ငြိမ်အောင် ပြုလုပ်ရန် သူ၏ ယန္တရားစွမ်းအားကို အသုံးပြုရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး ရောက်ရှိလာတော့မည့် ညဉ့်နက်ပိုင်းကိုပါ ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
သို့သော် လက်ရှိ တုန်ခါမှုက လင်းရှန်ကို မကောင်းသောခံစားချက်ကို ချက်ချင်း ပေးစွမ်းလိုက်ပြီး ရေအောက်မီးတောင်သည် တစ်စုံတစ်ခုသော အရေးကြီးသည့် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။
၁၉:၃၂:၄၅၊၊
မျက်စိရှေ့ရှိ အချိန်ရေတွက်မှုကို ကြည့်ရင်း လင်းရှန်၏ စိတ်ထဲတွင် အတွေးမျာ ရှုပ်ထွေးသွားသည်။ ဤအရာသည် ဘာကို ကိုယ်စားပြုသနည်း။ လက်ရှိ ဘေးအန္တရာယ်သည် ဤအချိန်ရေတွက်မှုနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိတာရောဖြစ်နိုင်မလား။
“တကယ်လို့ ပေါက်ကွဲမှုဖြစ်ရင် ကမ္ဘာပေါ်ယံလွှာလှုပ်ရှားမှုက ထွက်ပေါက်အားလုံးက စွမ်းအင်တွေကို ထုတ်လွှတ်လိမ့်မယ်” တင်းကျန်းရီက လင်းရှန်ကို အလျင်အမြန်ပြောလိုက်သည်။
“ငါတို့ ရှိနေတဲ့ ဘူမိအပူစွမ်းအင်သုံးလေဝင်ပေါက်လည်းအပါအဝင်ပဲ”
ဝုန်း။
မွန်းလွဲ ၃ နာရီ ၀၆ မိနစ်တွင် ပင်လယ်ကျောက်ဆောင်ကျွန်းအနီးရှိ တိုက်ကြီးများ၏ ကမ်းလွန်ရေတိမ်ပိုင်း အရှေ့တောင်ဘက်ရှိ သမုဒ္ဒရာရေအောက် တောင်ကြောအောက်ခြေ၌ ချော်ရည်များသည် တောင်ကြောအက်ကွဲကြောင်းများအတိုင်း ပန်းထွက်လာပြီး ပင်လယ်ကြမ်းပြင်ကို အနီရင့်ရောင် အက်ကွဲကြောင်းကွန်ရက်တစ်ခုအဖြစ် ဆွဲဖြဲပစ်လိုက်သည်။ ကန့်ဓာတ်ကြွယ်ဝသော ဆူပွက်နေသည့် ရေထုအမြောက်အမြားသည် ချော်ရည်များနှင့် တိုက်မိပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ဝါညစ်ညစ်မီးခိုးတိုင်ကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာသည်။ ထို့အတူ ဆူပွက်နေသော ဖန်ရည်ကြည်များကဲ့သို့ ပူဖောင်းများသည် အပေါ်သို့ လိမ့်တက်လာပြီး ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းကြောင်းရှိ ရေတွက်၍မရသော သန္ဓေပြောင်းမွန်းစတားများ၊ ပင်လယ်ရေသတ္တဝါဆန်းများနှင့် ပင်လယ်ပိုးကောင်များကို ချက်ချင်းပင် မည်းနက်သော မြူခိုးများအဖြစ်သို့ ပြာချပစ်လိုက်လေသည်။
ပင်လယ်ကျောက်ဆောင်ကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းတစ်ခုလုံးသည် နတ်ဘုရားအိုးကြီးတစ်လုံးအတွင်း၌ ဆူပွက်နေသကဲ့သို့ ဖြစ်နေသည်။ မီတာရာချီ အချင်းရှိသော ဧရာမ ရေနွေးငွေ့လုံးကြီးများသည် လှိုင်းလုံးများကို ဖြတ်သန်းကာ ပန်းထွက်လာကြသည်။ ပူပြင်းလှသော ရေနွေးငွေ့များနှင့် အေးစက်သော လေထုတို့ ရိုက်ခတ်မိရာမှ မုန်တိုင်းထန်သော မိုးတိမ်တံတိုင်းကြီးတစ်ခုဖြစ်ပေါ်လာ၏။ ကောင်းကင်ယံ၌ ခရမ်းရွှေရောင်လျှပ်စီးကြောင်းများသည် မှုံမှိုင်းနေသော တိမ်တိုက်များကို ဖြတ်သန်းကာ မြွေလိမ်မြွေကောက် ပေါက်ကွဲနေကြပြီး မီးတောင်ပြာများ ပြည့်နှက်နေသော မုန်တိုင်းက ကောင်းကင်တစ်ခုလုံးကို စတင်ဖုံးလွှမ်းလာသည်။
သမုဒ္ဒရာကြီးသည် ကမ္ဘာပျက်ကပ်နေ့ရောက်လာသကဲ့သို့ ဗြောင်းဆန်နေသည်၊၊ ဧရာမ လှိုင်းလုံးကြီးများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ရေအောက်အရိပ်မည်းကြီးများ ရံဖန်ရံခါပေါ်လာတတ်၏။ ပင်လယ်ပြင်အထက်ရှိ လေထုထဲတွင် ဆားငန်ရေနံ့နှင့် ငါးညှီနံ့များပြည့်နှက်နေသည်။ ရေငုပ်သင်္ဘောစခန်းအတွင်းရှိ အရာအားလုံးသည်လည်း ပြင်းထန်စွာ တုန်ခါလှုပ်ခတ်နေ၏။ မီးလုံးများသည် အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး အအေးပေးပိုက်လိုင်းများသည် တုန်ခါမှုဒဏ်ကြောင့် ပေါက်ထွက်ကာ ဆားငန်ရေများနှင့် သံချေးအမှုန်အမွှားများ ရောနှောနေသော ရေစီးကြောင်းများ စင်္ကြံလမ်းများထဲသို့ လျှံတက်လာခဲ့သည်။
ခန်းမအတွင်း စုဝေးနေကြသော အနန္တရထားအဖွဲ့ဝင်များနှင့် လင်းယုန်အဖွဲ့မှ လူအားလုံးသည် အဆိုးရွားဆုံးရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ မျက်နှာပျက်ကုန်ကြသည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဂါလန်မီးတောင်က စပြီး ပေါက်ကွဲနေပြီလား”
“၁၀ နာရီကျော်လောက် ကျန်သေးတာ မဟုတ်ဘူးလား”
“ဘာတွေလျှောက်ပြောနေတာလဲ။ အဲ့ဒါက ဒီစက်ပစ္စည်းရဲ့ တည်ငြိမ်မှုကန့်သတ်ချက်သက်သက်ပဲ။ မီးတောင်ပေါက်ကွဲတာနဲ့ ဘာမှမဆိုင်ဘူး”
“မြန်မြန်လုပ်”
ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ချန်ဆီရွှမ်သည် ရထားတွဲပေါ်မှ အခြားလူများကို ခေါ်ဆောင်ကာ ခန်းမထဲသို့ ဦးဆောင်ဝင်ရောက်လာရင်း လင်းယုန်အဖွဲ့ကို လှမ်းအော်လိုက်သည်။
“ကျွန်မတို့ အပေါ်ထပ်လမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့ရမယ်။ လျှံထွက်နေတဲ့ လမ်းကြောင်းတွေကနေ မွန်းစတားတွေ ဖောက်ဝင်မလာအောင် တားဆီးရမယ်”
“အကုန်ပိတ်လိုက်ရင် ငါတို့ ဘယ်လိုထွက်မလဲ”
ထိုစကားကြောင့် လင်းယုန်အုပ်စုမှ အက်ဇ်လန်သည် ဝေခွဲမရဖြစ်သွားပြီး ပြောလိုက်သည်။
“ငါတို့ရဲ့ ယာဥ်တွေက အပြင်ဘက်ဆိပ်ကမ်းမှာ အကုန်ရှိနေတာလေ”
“အက်ဇ်လန်”
ရိုင်ယန်က သူ့စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။
“အမိန့်ကိုနာခံ။ အခုအချိန်မှာ ငါတို့အားလုံးက အနန္တရထားနဲ့ တစ်လှေတည်းစီးနေကြတာပဲ။ ဒီည ရှင်သန်ဖို့က ပထမဦးစားပေးပဲ… အခြားအရာတွေက အရေးမကြီးဘူး”
အက်ဇ်လန် ပါးစပ်ဟလိုက်ပြီးမှ အံကြိတ်ကာ ချန်ဆီရွှမ်နှင့်အတူ အပေါ်ထပ်ဆီသို့ ဦးတည်ကာ ချက်ချင်း လှည့်ထွက်သွားသည်။
“ငါတို့လည်း သွားကူရအောင်”
အပေါ်ထပ်ရှိ မီးလုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်ကို မြင်လျှင် ချီလီ၏ မျက်နှာပျက်သွားကာ ရှုချင်း၊ လုချန်နှင့် လော့ယန်တို့ကို လှမ်းခေါ်၍ လိုက်ပါသွားခဲ့သည်။
“မဖြစ်နိုင်တာ”
အမိုးမျက်နှာကြက်မှ အပျက်အစီးများနှင့် ဖုန်မှုန့်များ အောက်သို့ ကြွေကျနေသည်။ ထိန်းချုပ်ခန်းအတွင်းရှိ အနီရောင် သတိပေးမီးများသည် အဆက်မပြတ် လင်းနေ၏။ ကီကီသည် မျက်နှာပြင်ပေါ်ရှိ ကိန်းဂဏန်းများကို ကြည့်ရင်း သူမ၏ မျက်နှာ တုန်လှုပ်သွားသည်။
“ဘူမိအပူစွမ်းအင်တွင်းက လုံခြုံရေးစည်းကို ကျော်လွန်သွားပြီ။ ကျွန်မတို့ ဒါကို တားဆီးဖို့ နည်းလမ်းရှာရမယ်”
“လင်းရှန် ဘယ်မှာလဲ” မိုနီကာက မေးလိုက်သည်။
“ကျွန်မတို့ အရင်သွားရအောင်”
ကီကီက ပြတ်သားစွာ မတ်တတ်ရပ်လိုက်သည်၊၊
“ရူဂျီ.. ငါတို့ အတူတူသွားရအောင်”
ယခုအချိန်တွင် ပိုကောင်းသော နည်းလမ်းမရှိသဖြင့် ကီကီသည် အပေါ်ထပ်ရှိ စက်ပစ္စည်းများ ချော်ရည်များကြောင့် ပျက်စီးမသွားစေရန် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများဖြင့် တားဆီးဖို့ ရူဂျီကိုသာ ခေါ်သွားနိုင်တော့သည်။
ဂျိန်း။
ထိုစဉ် မြေပြင်မှ ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကီကီ မော့ကြည့်ပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
“ပြဿနာပဲ… ဗိုင်အိုလာ တိုက်ခိုက်ခံရတာဖြစ်မယ်”
အဝေးရှိ ဘူမိအပူစွမ်းအင်တွင်း၏ လမ်းကြောင်းမှ ပူပြင်းလှသော ရေနွေးငွေ့လှိုင်းများ ဝုန်းခနဲ ပန်းထွက်လာသည်။ တစ်ခဏချင်းအတွင်း ခန်းမထဲရှိ လူတိုင်းသည် မိမိတို့၏ စွမ်းအားဝတ်စုံများမှ ကာကွယ်ရေးစနစ်များကို အသက်သွင်းလိုက်ကြသည်။
“သတိထား”
“လမ်းဖယ်ကြ”
ကီကီက ရှေ့သို့ တက်ကာ လက်တစ်ဖက်ကို မြှောက်၍ စိတ်စွမ်းအင်အတားအဆီးတစ်ခုကို ဖန်တီးကာ ထိန်းချုပ်ခန်းတစ်ခုလုံးကို ကာကွယ်ပေးလိုက်သည်။ ဖြူဖွေးသော ရေနွေးငွေ့များသည် ထိုနေရာသို့ လျင်မြန်စွာ ပြည့်နှက်သွားပြီး လူတိုင်း၏ မြင်ကွင်းကို ဖုံးလွှမ်းသွားသည်။
တီ တီ တီ တီ။
ထိုအချိန်တွင် လူအများအပြား၏ စွမ်းအားဝတ်စုံများမှ အပူချိန်မြင့်မားမှုသတိပေးသံများ စတင်မြည်ဟည်းလာသည်။ လျှံတက်လာသော အပူရှိန်ကြောင့် ကြမ်းပြင်နှင့် နံရံများပေါ်တွင် ဆူပွက်နေသော ရေမှုန်လွှာများ ဖုံးလွှမ်းသွား၏။ မြေအောက်မှ ကြီးမားလှသော ငလျင်လှိုင်းတစ်ခုက ထိုးတက်လာပြီး ရေငုပ်သင်္ဘောစခန်းတစ်ခုလုံးကို ဆွဲဖြဲပစ်တော့မတတ်ပင်၊၊ စင်္ကြံလမ်းများ စတင်ပြိုကျပျက်စီးလာပြီး သတ္တုနံရံများက တဂျစ်ဂျစ်နှင့် အသံဆိုးများထွက်ပေါ်လာကာ မီးလုံးများသည်လည်း တစ်ဆင့်ပြီးတစ်ဆင့်ကွဲကြေကုန်သည်။
အောက်ထပ်စခန်းတွင် စုပြုံနေကြသော လင်းယုန်အဖွဲ့မှ အဖွဲ့ဝင်များ ထိတ်လန့်တကြားဖြစ်နေစဉ် တုန်ခါမှုက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သို့သော် စခန်းတစ်ခုလုံးမှာမူ ပြိုကျပျက်စီးနေသော အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။