← Chapters

ကျင်းယွမ်ဝဲဂယက်လမ်းကြောင်း (၂)

Vol. 59 Ch. 1011

ကျင်းယွမ်ဝဲဂယက်လမ်းကြောင်း (၂)

Vol. 59 Ch. 1011

ဗန်နက်ဆာလည်း စူးစမ်းချင်သွားသည်၊၊

“ဘာအောင်မြင်နိုင်ခြေလဲ”

“ပင်လယ်ကျောက်ဆောင်ကျွန်းကနေ လွတ်မြောက်ဖို့ အောင်မြင်နိုင်ခြေလေ”

လင်းရှန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အားလုံးကို ကြည့်ကာ သူ၏ စိတ်ကူးကို ချက်ချင်း မျှဝေလိုက်သည်။

“ငါ ဖီးနစ်ရဲ့ ပင်လယ်ရေပြင်ဟိုလိုဂရမ်မြေပုံကို ကြည့်ရင်းနဲ့ ဖောင်ဒေးရှင်းက ကျွန်းကနေ အရေးပေါ် ရွှေ့ပြောင်းဖို့ သုံးခဲ့ပုံရတဲ့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ငါတို့ အဲ့ဒီလမ်းကြောင်းကို သုံးပြီး ဒီကနေ ထွက်သွားလို့ရမယ် ထင်တယ်”

“လမ်းကြောင်း ဟုတ်လား”

ဂေဒီက ဇဝေဇဝါဖြင့် “ဒါ... ဒါက ပစိဖိတ်သမုဒ္ဒရာကြီးလေ။ နင်ပြောတဲ့ လမ်းကြောင်းဆိုတာ... လမ်းကြီးတစ်ခုလား”

ရိုင်ယန်က ကြားဖြတ်ပြောလိုက်သည်၊၊

“ရေအောက်လမ်းကြောင်း မဟုတ်လား။ ပိုပြီး တိတိကျကျ ပြောရရင် ဖောင်ဒေးရှင်း ရေငုပ်သင်္ဘောရဲ့ ရေအောက်ခရီးစဉ်မဟုတ်လား”

“မှန်တယ်”

ထိုစကားကို ကြားသောအခါ အားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ချန်ဆီရွှမ်က မျက်မှောင်ကြုတ်သွားသည်၊၊

“ငါတို့က ရေအောက်ထဲကို သွားရမှာလား”

ပင်လယ်လင်းယုန်အုပ်စုဘက်မှ အဲရစ်ကာက သံသယဖြင့် ပြောလိုက်သည်၊၊

“အဲဒီရေငုပ်သင်္ဘောကို သုံးပြီးတော့လား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ပတ်ဝန်းကျင်ပင်လယ်ပြင်တစ်ခုလုံး သန္ဓေပြောင်းမွန်းစတားတွေနဲ့ ပြည့်နေတာကို ငါတို့ သွားဖို့ ဘေးကင်းတဲ့ ရေအောက်လမ်းကြောင်း ဘယ်မှာရှိမှာလဲ”

နန်ကျင်းကလည်း တည်ငြိမ်သော အမူယာဖြင့် ပြောလိုက်သည်၊၊

“ဟုတ်တယ်၊၊ ယုတ္တိဗေဒအရဆိုရင် ပင်လယ်ပြင်ကျယ်ကြီး ဒါမှမဟုတ် ကောင်းကင်ထက်စာရင် ရေအောက်က ပိုပြီး အန္တရာယ်များတာ မဟုတ်ဘူးလား”

“အဲဒါတော့ အမြဲတမ်းမမှန်ဘူး”

ကီကီ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် အလျင်အမြန် လှုပ်ရှားသွားပြီး အားလုံး၏ ရှေ့တွင် အပြာရောင်ဟိုလိုဂရမ် ပင်လယ်မြေပုံတစ်ခုကို ချက်ချင်းဖော်ပြလိုက်သည်။ ထိုမြေပုံပေါ်တွင် ပင်လယ်ကျောက်ဆောင်ကျွန်းနှင့် အနီးတစ်ဝိုက်ရှိ ကျွန်းငယ်များ၏ ရေအောက်မြေမျက်နှာသွင်ပြင်နှင့် ရေအောက်လမ်းကြောင်းများကို ရှင်းလင်းစွာ အကွက်ချပြထားသည်။

ထို့နောက် ကီကီက အရှေ့တောင်ဘက်ရှိ သွယ်တန်းနေသော ရေအောက်တောင်တန်းများကို ထောက်ပြလိုက်သည်၊၊

“ဒါက ဗိုင်အိုလာ တွက်ချက်ထားတဲ့ သွေးဆောင်ဖြားယောင်းတော်ပီဒိုတွေရဲ့ ပစ်လွှတ်မှုအနက်နဲ့ ဗဟိုလမ်းကြောင်းပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလမ်းကြောင်းက ဂါလန်မီးတောင်ရဲ့ အဓိကအက်ကွဲကြောင်းဇုန်ပေါ်မှာ တည့်တည့်ကျနေတယ်”

“ဘာ” ထိုစကားကြောင့် ချီလီ၏ မျက်ခုံးများ ပင့်တက်သွားပြီး အသံကျယ်သွားသည်၊၊

“မင်းပြောချင်တာက ဒီရွှေ့ပြောင်းရေးလမ်းကြောင်းက ထူဆန်းတဲ့ ပင်လယ်ရေသတ္တဝါတွေ ဝိုင်းနေတဲ့ ရေအောက်ထဲကို သွားရမယ့်အပြင် ပေါက်ကွဲနေတဲ့ ရေအောက်မီးတောင်ဒေသကိုပါ ဖြတ်သွားရမယ် ဟုတ်လား”

လင်းရှန်က ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်ပြသည်၊၊

“မှန်တယ်”

ဤအချိန်တွင် အားလုံး၏ အမူအရာများမှာ ထူးဆန်းနေပြီး လင်းရှန်က အဘယ်ကြောင့် ဤကဲ့သို့စိတ်ကူးမျိုး ရလာသည်ကိုမသိသဖြင့် အများစုက သူ့ကို စိုက်ကြည့်နေကြသည်။

လင်းရှန်၏ မျက်လုံးများ လှုပ်ရှားသွားပြီး ဗိုင်အိုလာကို တိုက်ရိုက်ခေါ်ယူလိုက်သည်။

“ဗိုင်အိုလာ… ခွဲခြမ်းစိတ်ဖြာမှုအဆင့်ဆင့်ကို ပြပေးပါ”

[ကောင်းပါပြီ]

လင်းရှန်၏ အမိန့်ကို ကြားသောအခါ ဗိုင်အိုလာက လက်နှစ်ဖက်ကို နောက်ပစ်လျက် လျှောက်လာပြီး သူမ၏ ယန္တရားလက်ညှိုးဖြင့် ထောက်ကာ ပင်လယ်ရေပြင်ဟိုလိုဂရမ်မြေပုံပေါ်သို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီး လမ်းကြောင်းအတိုင်း ရှင်းပြလိုက်သည်။

[ဖက်ဒရေးရှင်းရဲ့ ၂၀၃၅ ခုနှစ်ကနေ ၂၀၆၅ ခုနှစ်အထိ ပစိဖိတ်ပင်လယ်ကျောက်ဆောင်နယ်ပယ်ရဲ့ ရေဆင်းဆိုင်ရာအချက်အလက်တွေကို ပေါင်းစပ်ကြည့်တဲ့အခါ ဒီလမ်းကြောင်းက ၂၀၂၉ ခုနှစ်မှာ ဖက်ဒရေးရှင်းယူနက်စကိုသမုဒ္ဒရာအဖွဲ့အစည်းက ရှာဖွေတွေ့ရှိခဲ့တဲ့ ‘ကျင်းယွမ်ဝဲဂယက်ရေစီးကြောင်း’ နဲ့ အတော်လေးတထပ်တည်းကျနေတာကို တွေ့ရပါတယ်။ ကုန်းမြေလျှောအတိုင်းစီးဆင်းတဲ့ ဒီပြင်းထန်တဲ့ ရေနက်စီးကြောင်းဟာ တစ်စက္ကန့်ကို ၃၀ ကနေ ၄၀ စင်တီမီတာအထိ မြန်နိုင်ပြီး သာမန်ရေနက်စီးကြောင်းတွေထက် အများကြီးပိုမြန်ပါတယ်။ ဒီလိုပြင်းထန်တဲ့ ရေနက်စီးကြောင်းဖြစ်ရတဲ့ အကြောင်းရင်းကတော့ ပစိဖိတ်သမုဒ္ဒရာ မာရီယာနာချောက်နက်ကြီးလို ငုပ်လျှိုးဇုန်တွေမှာ ရှိတဲ့ ဧရာမမြေထုအပူချိန်ကမောက်ကမဖြစ်မှုတွေကြောင့်ဖြစ်ပြီး ရေပူစမ်းဝတွေကနေ အလွန်မြင့်မားတဲ့ အပူရှိန်တွေကို ထုတ်လွှတ်နေလို့ပါ။ တစ်ချိန်တည်းမှာပဲ မြောက်ပစိဖိတ် ဆပ်ပိုလာမြစ်ဝှမ်းတွေမှာ မျက်နှာပြင်ရေအေးလာတဲ့ ပုံသဏ္ဌာန်တွေက...]

“အဟမ်း… ဗိုင်အိုလာ… လိုရင်းကိုပဲ တိုက်ရိုက်ပြောပါ၊ ပထဝီဝင်နဲ့ သမုဒ္ဒရာဗေဒအသိပညာတွေ ဖြန့်ဝေနေဖို့ မလိုပါဘူး”

လင်းရှန်က ချောင်းဟန့်ကာ ဗိုင်အိုလာ၏ သိပ္ပံဟောပြောပွဲကို ကြားဖြတ်တားမြစ်လိုက်သည်။

[ကောင်းပါပြီ]

ဗိုင်အိုလာက ဆက်ပြောသည်။

[ဂါလန်မီးတောင်က ပစိဖိတ်အနောက်ဘက်တောင်တန်းရဲ့ အက်ကွဲကြောင်းဇုန်ပေါ်မှာရှိပြီး မတ်စောက်တဲ့ ချောက်ကမ်းပါးတွေဟာ မီတာ ၆၀၀၀ ကနေ ၈၀၀၀ အထိ နက်ပါတယ်။ အနီးဆုံး ချောက်ကမ်းပါး ဧရိယာဟာ ကျွန်းကနေ ရေမိုင် ၉၆ မိုင်ပဲ ကွာဝေးပါတယ်။ ဒီပင်လယ်ပြင်ရဲ့ အောက်ခြေမှာတော့ ပြင်းထန်တဲ့ အပူစီးကြောင်းကွာခြားချက်တွေနဲ့ ရေဖိအားကွာခြားချက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ ဧရာမ ဝဲဂယက်အစီအစဉ်တစ်ခု ရှိနေနိုင်ပါတယ်။ ဒီဝဲဂယက်ရဲ့ အချင်းက ကီလိုမီတာ ဒါဇင်ပေါင်းများစွာအထိ ရှိနိုင်ပြီး သာမန်ဝဲဂယက်မျိုးမဟုတ်ဘဲ ဘူမိအပူစွမ်းအင် အဆက်မပြတ်စီးဝင်မှုနဲ့ အထူးမြေမျက်နှာသွင်ပြင်ကန့်သတ်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ တည်ငြိမ်တဲ့ စူပါဝဲဂယက်ကြီး ဖြစ်ပါတယ်]

[တကယ်လို့ ရေငုပ်သင်္ဘောက ဒီဧရာမ ဝဲဂယက်အစီအစဉ်ထဲကို ဝင်နိုင်မယ်… ပြီးတော့ ရေငုပ်သင်္ဘောရဲ့ ဖိအားဒဏ်ခံကိုယ်ထည်က မြင့်မားတဲ့ ဖိအားကြောင့် ပေါက်ထွက်သွားတာမျိုး မရှိဘူးလို့ ယူဆရင် ကျွန်မတို့ဟာ ဝဲဂယက်လမ်းကြောင်းကတစ်ဆင့် တစ်နာရီကို မိုင် ၅၀ ကနေ ၁၀၀ အထိ အလွန်မြင့်မားတဲ့ အမြန်နှုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအမြန်နှုန်းအတိုင်းဆိုရင် ပင်လယ်ကျောက်ဆောင်ကျွန်းမှာ ရှိတဲ့ သန္ဓေပြောင်းမွန်းစတားတွေရဲ့ အမဲလိုက်ပွဲ အန္တရာယ်ဇုန်ကနေ ရုန်းထွက်ဖို့ နှစ်နာရီကနေ သုံးနာရီပဲ ကြာပါလိမ့်မယ်]

ဗိုင်အိုလာက ရှင်းပြပြီးနောက် စောင့်ကြည့်ရေးခန်းမတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

ရှားရှား၏ မျက်နှာမှာ ပျက်ယွင်းနေသည်။ မည်သူမျှ စကားမပြောသဖြင့် သူမကပဲ အရင်ဆုံးဝင်ပြောလိုက်သည်။

“အစ်ကိုလင်း… ဒီအစီအစဉ်က တကယ်ပဲဖြစ်နိုင်ပါ့မလား။ ပင်လယ်ရေအောက် ချောက်ကမ်းပါးကြီးရယ်၊ စူပါဝဲဂယက်ကြီးရယ်၊ ကျင်းယွမ်ဝဲဂယက်ရေစီးကြောင်းရယ်နဲ့ ကြားရတာတင် ကြောက်စရာကြီး...”

“ကောင်းလိုက်တာ… အခုတော့ ထူးဆန်းတဲ့ ပင်လယ်ရေသတ္တဝါတွေနဲ့ မီးတောင်အပြင် စူပါဝဲဂယက်ကြီးပါ ထပ်တိုးလာပြီပေါ့”

ချီလီက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ မျက်ခုံးများကို နှိပ်ရင်း ပြောလိုက်သည်။

“စောစောက ဗိုင်အိုလာပြောတဲ့ ၁၃.၆၇ ရာခိုင်နှုန်း အောင်မြင်နိုင်ခြေဆိုတာ ဒီအစီအစဉ်ကိုပြောတာ မဟုတ်လား”

လော့ယန်က ထိတ်လန့်တကြားဖြင့် တံတွေးမြိုချရင်း ပြောသည်။

အားလုံး၏ အကြည့်များက လင်းရှန်ထံသို့ ရောက်ရှိသွားကြသည်။

“ဟုတ်တယ်”

လင်းရှန်က တည်ငြိမ်ေနသည်၊၊

“ဒီအောင်မြင်နိုင်ခြေက အများကြီး မြင့်မားတယ်၊၊ ငါ ခန့်မှန်းထားတာထက်တောင် ကျော်လွန်နေသေးတယ်”

ထိုစကားကို ကြားသောအခါ ရိုင်ယန်၏ နောက်တွင်ရပ်နေသော ဗန်နက်ဆာ၊ ဂေဒီနှင့် အခြားသူများမှာ သိသိသာသာထိတ်လန့်သွားကြသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သော ရိုင်ယန်သည် ရူးသွပ်သော အစီအစဉ်များကို မကြာခဏ တွေးတတ်သည်ကို သိထားသော်လည်း သူတို့ရှေ့မှ ဓားကိုင်ဆောင်သူက ပို၍ပင် ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

၁၃.၆၇ ရာခိုင်နှုန်းမျှသာ ရှိသော အောင်မြင်နိုင်ခြေကို “အများကြီး မြင့်မားတယ်” နှင့် “ခန့်မှန်းထားတာထက် ကျော်လွန်နေတယ်” ဟူသော နာမဝိသေသနများနှင့် တွဲဖက်သုံးနှုန်းနိုင်သူ၊ ထိုသို့ပြောနေသည့် လင်းရှန်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို တွေးကြည့်ရန်ပင် ခက်ခဲလှသည်။

“ဟေး… ကယ်တင်ရှင်ကြီး… ၁၃ ရာခိုင်နှုန်းဆိုတာ ၃၀ ရာခိုင်နှုန်းတောင် မဟုတ်ဘူးလေ။ နင်က ဘာလို့ ဒီအောင်မြင်နိုင်ခြေကို မြင့်တယ်လို့ ထင်ရတာလဲ” ဗန်နက်ဆာက မနေနိုင်ဘဲ လှမ်းပြောလိုက်သည်။

“မမြင့်ဘူးလား”

ကီကီက သူမ၏ ထိုင်ခုံမှ လှည့်လာပြီး စိတ်စွမ်းအားဖြင့် လေထဲတွင် ပျံဝဲရင်း လက်ပိုက်ကာ ပြောလိုက်သည်၊၊

“အသက်ရှင်နိုင်ခြေက ဆယ်ပုံတစ်ပုံကျော် ရှိနေတာပဲ။ ဒါက မီလီယံပုံတစ်ပုံထက်စာရင် အများကြီးပိုကောင်းတာ မဟုတ်ဘူးလား”

“…”

ပင်လယ်လင်းယုန်အုပ်စုဝင်များ ဆွံ့အသွားကြသည်။

“ရူးနေတာပဲ...”

အဲရစ်ကာ၏ မျက်လုံးများ ပြူးကျယ်လျက် လင်းရှန်ကို ထူးဆန်းသောသတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေသည်။

ရိုင်ယန်ကမူ အတော်အသင့်တည်ငြိမ်နေပြီး သူ၏ အကြည့်ကို လင်းရှန်နှင့် ရေအောက်ဟိုလိုဂရမ်မြေပုံပေါ်တွင် စူးစိုက်ထားသည်။ ထို့နောက် သူက အနန္တရထားအဖွဲ့မှ လူများကို လှည့်ကြည့်လိုက်ရာ လူနည်းစုမှလွဲ၍ အများစုမှာ... ဘာတုံ့ပြန်မှုမျှ မရှိကြသည်ကို တွေ့လိုက်ရသည်။

ချန်ဆီရွှမ်က တည်ငြိမ်နေဆဲဖြစ်ပြီး၊ တင်းကျန်းရီက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားကာ၊ လုရှင်းချန်က ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေသည်၊၊ တာ့လိုက ငြိမ်သက်စွာ ရပ်နေပြီး၊ မိုနီကာက ပြုံးနေသည်၊ ရှုချင်းနှင့် လုချန်တို့ကတော့ အနည်းငယ်တင်းမာနေပုံရကာ၊ ရူဂျီက မျက်နှာဖုံးကို လှန်မတင်ထားပေ၊ ရှီဇီကတော့ စိုးရိမ်နေပုံရသည်...

All Chapters