ရေနက်ပိုင်းငုတ်လျှိုးခြင်း (၂)
Vol. 59 Ch. 1013
“မင်း တကယ်ပဲ ရထားကြီးကို ပင်လယ်နက်ထဲအထိ မောင်းသွားတော့မလို့လား” ရိုင်ယန်က မေးလိုက်သည်။
“ကျွန်မတို့ ရထားက စိတ်ချရပါတယ်”
ကီကီက ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေလိုက်သည်၊၊
“ဒါကို လျှော့မတွက်နဲ့ဦး၊၊ ဒီရထားက ပင်လယ်ထဲ ငုပ်လျှိုးနိုင်ရုံတင်မကဘူး… ကောင်းကင်အထိပါ ပျံသန်းနိုင်ပြီး S-class ကိုတောင် ယှဉ်ပြိုင်နိုင်သေးတယ်၊၊ ဒါကြောင့် ဘာမှစိတ်ပူစရာမရှိဘူး”
“မှန်တာပေါ့”
ထိုစဉ် လုရှင်းချန်က လေလုံးထွားရန် မတ်တတ်ထရပ်လိုက်သည်၊၊
“မျှော်လင့်ချက်မဲ့တဲ့အခြေအနေကနေ ပြန်လည်ရှင်သန်ဖို့ဆိုရင် သေခြင်းတရားကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ်။ ငါတို့မှာ ထူးခြားဆန်းကြယ်တဲ့ နတ်ဘုရားစွမ်းအားတွေ ရှိနေတာပဲ၊၊ ကောင်းကင်ပျံဖို့နဲ့ ပင်လယ်ငုပ်ဖို့လောက်ကို ဘာကြောက်နေစရာလိုမှာလဲ”
လို့ရှားရှားသည် အစောပိုင်းက ငိုက်မြည်းနေပြီးမှ အခုမှ ထလာ၍ လေကြီးမိုးကြီးပြောနေသော ထိုလူကို ကြည့်ကာ အနားသို့ အမြန်တိုး၍ တိုးတိုးတိတ်တိတ် သတိပေးလိုက်ရသည်၊၊
“အစ်ကိုလင်းရဲ့ အစီအစဉ်က ရှင် အနန္တရထားပေါ်မှာ ထိုင်နေရင်း မီတာတစ်ထောင်အနက်ရှိတဲ့ ပင်လယ်နက်ထဲ နစ်မြုပ်သွားမှာ… ပြီးရင် ရေအောက်မီးတောင်နဲ့ သမုဒ္ဒရာနတ်ဘုရားကြီးရဲ့ နယ်မြေထဲက စူပါရေအောက်ဝဲဂယက်ကြီးထဲ တိုးဝင်ပြီးမှ လွတ်မြောက်မှာနော်...”
ထိုစကားကို ကြားလိုက်ရသောအခါ လုရှင်းချန် ခြေလက်များပင် မခိုင်ချင်တော့ပေ၊၊ သို့သော် ဘေးမှ ရှောင်ချင်း၏ အကြည့်ကို မြင်လိုက်ရသဖြင့် ကိုယ့်ကိုယ်ကိုယ် အမြန်ပြန်ထိန်းကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်၊၊
“ပြဿနာ... ပြဿနာမရှိပါဘူး၊၊ ရေအောက်ဝဲဂယက်လေးတစ်ခုပဲဟာကို”
“ကောင်းပြီ”
လင်းရှန်တို့ လူစု၏ တည်ငြိမ်နေသော အမူအရာကို ကြည့်ပြီး ရိုင်ယန်က အံ့သြတကြီးရေရွတ်လိုက်ရင်း လင်းရှန်ကို မေးလိုက်သည်၊၊
“လင်း၊၊ ငါတို့ ဘယ်အချိန် စလှုပ်ရှားကြမလဲ”
“အခုချက်ချင်းပဲ”
လင်းရှန်က ဆုံးဖြတ်ခိုင်မာစွာ ချလိုက်ပြီး ပြောသည်၊၊
“ရိုင်ယန်၊၊ မင်းလူတွေကို ရေငုပ်သင်္ဘောပေါ် ချက်ချင်းတက်ခိုင်းလိုက်တော့…. သယ်လို့ရတဲ့ ရိက္ခာမှန်သမျှလည်း အကုန်ရွှေ့ထား၊ ညမမှောင်ခင် ငါတို့ စထွက်ရမယ်”
“ကောင်းပြီ”
ဝုန်း
စကားပင် မဆုံးသေးမီ ပြင်းထန်သော ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားပြန်သည်၊၊ သို့သော် ယခုတစ်ကြိမ်မှာ မီးတောင်ပေါက်ကွဲသည့် ခံစားချက်မျိုးမဟုတ်ဘဲ ဧရာမ သားရဲကြီးတစ်ကောင်က ကျွန်း၏ ကျောက်ဆောင်စွန်းပေါ်သို့ တက်နင်းလိုက်သည့်နှယ် ပြင်းထန်သော တုန်ခါမှုများနှင့်အတူ ဟိန်းဟောက်သံများပါ ထွက်ပေါ်လာခြင်း ဖြစ်သည်၊၊
“သတ္တဝါကြီး ပင်လယ်ထဲကနေ တက်လာပြီ”
နန်ကျင်းက အလောတကြီး ပြောလိုက်သည်၊၊
“ကျွန်မတို့ မြန်မြန်လုပ်မှ ဖြစ်မယ်”
“နေဦး၊၊ နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်”
ဂေဒီက လင်းရှန်နှင့် ရိုင်ယန်ကို စိုးရိမ်တကြီး ကြည့်ကာ “အဲဒီစူပါဝဲဂယက်ကြီးဆီရောက်ဖို့က တော်တော်ဝေးဝေးကို ငုပ်လျှိုးသွားရမှာလေ၊၊ တကယ်လို့ သန္ဓေပြောင်းမွန်းစတားတွေရဲ့ စုပြုံတိုက်ခိုက်တာကို ခံရရင် လွတ်ဖို့ ခက်လိမ့်မယ်၊၊ ငါတို့ တကယ်ပဲ ဒီအတိုင်းဇွတ်တိုးဝင်ကြတော့မှာလား”
“မင်းပြောတာမှန်တယ်၊၊ ဒါကြောင့် ငါက သွေးဆောင်ဖြားယောင်းဆေးရည်ကို သုံးဖို့ စီစဉ်ထားတယ်” လင်းရှန်က ချက်ချင်းပင် ပြောလိုက်လေသည်။
“သွေးဆောင်ဖြားယောင်းဆေးရည် ဟုတ်လား”
ဂေဒီက သံသယရှိဟန်ဖြင့် မေးလိုက်သည်၊ယ
“သွေးဆောင်ဖြားယောင်းဆေးရည်က ဒီလောက်ကျယ်ပြန့်တဲ့ နယ်ပယ်အထိ ဘယ်လိုလုပ်သက်ရောက်မှုရှိနိုင်မှာလဲ”
“ငါပြောတာက သာမန်သွေးဆောင်ဖြားယောင်းဆေးရည်မဟုတ်ဘူး”
လင်းရှန်၏ မျက်လုံးများ တောက်ပသွားကာ ကီကီ၏ လက်ကိုင်ကွန်ပျူတာကို နှိပ်လိုက်ရာ ဟိုလိုဂရမ်မျက်နှာပြင်သည် ချက်ချင်းပြောင်းလဲသွားပြီး ဧရာမ ယန္တရားပစ္စည်းကြီးတစ်ခုဖြစ်သည့် ရေအောက်အခြေစိုက်စခန်း၏ မီးတောင်တွင်းရှိ ကမ္ဘာ့အူတိုင်အပူစီးဆင်းမှုစနစ်၏ 3D ပုံရိပ် ပေါ်လာသည်၊၊
“ငါတို့ ပြေးရမှာဆိုတော့ ကူညီပေးမယ့် မီးရှူးမီးပန်းအကြီးစားတစ်ခုလောက် ဖောက်ပေးခဲ့သင့်တယ်မဟုတ်လား”
ပြောပြီးနောက် သူက ဗိုင်အိုလာဘက်သို့ လှည့်ကာ “ဗိုင်အိုလာ… ငါသာ Deep-3 ကမ္ဘာ့အူတိုင်အပူစီးဆင်းမှုစနစ်ကို တိုက်ရိုက်ဖောက်ခွဲလိုက်ရင် မီးတောင်တွင်းထဲက အပူစွမ်းအင်နျူကလီးယားတွေ ပေါက်ကွဲထွက်လာမယ်ဆို ငါတို့ရဲ့ အောင်မြင်မှုနှုန်းဘယ်လောက်အထိရှိလာနိုင်လဲ”
“ဘာ”
လင်းရှန်၏ စကားကို ကြားသောအခါ အားလုံး ဆွံ့အသွားကြသည်၊၊ သူက မီးတောင်ကို တိုက်ရိုက်ဖောက်ခွဲပစ်ရန် ပြင်ဆင်နေတာလား…၊၊
[အမှောင်အမှတ်အသား ပေါ်မလာခင် ဒီစနစ်ကို လုပ်ဆောင်မယ်ဆိုရင် အစီအစဉ်ရဲ့ အောင်မြင်မှုနှုန်းက ၂၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်၊၊ ဒါပေမဲ့ ပိုပြီးကြီးမားတဲ့ စွန့်စားရမှုတွေ ရှိလာနိုင်ပါတယ်၊၊ အဲဒါတွေကတော့ (၁) ပိုမိုများပြားတဲ့ သန္ဓေပြောင်းမွန်းစတားတွေ သို့မဟုတ် ယူနီဂါ-၁ ပါ ကျွန်းအနီး ပင်လယ်ပြင်ဆီ ချဉ်းကပ်လာနိုင်တာ၊ (၂) မီးတောင်ရဲ့ ဆက်တိုက်ပေါက်ကွဲမှုဖြစ်စဉ်ကို လှုံ့ဆော်မိပြီး မီးတောင်ပေါက်ကွဲသွားနိုင်တာ၊ (၃) ...]
“ရပြီ” လင်းရှန်က စကားကို ဖြတ်လိုက်ကာ ချက်ချင်းပင် အားလုံးကို ပြောလိုက်သည်၊၊
“၂၃ ဒသမ ၄ ရာခိုင်နှုန်းဆိုတာ ရာခိုင်နှုန်းအပြည့်နီးပါးပဲ၊၊ အသက်ရှင်ဖို့အတွက် အားလုံးမြန်မြန်လှုပ်ရှားကြစို့”
ရိုင်ယန်နှင့် အခြားလူများ “...”
ထိုစဉ် လင်းရှန်၏ စကားကို ကြားရသော ပင်လယ်လင်းယုန်အဖွဲ့ဝင် အားလုံးများ မျက်ခုံးများပင် လှုပ်ခတ်သွားသလို ထူးဆန်းသော ခံစားချက်မျိုး ခံစားလိုက်ရသည်၊၊ ၂၃ ရာခိုင်နှုန်းကို ရာခိုင်နှုန်းအပြည့်ဟု တွက်ချက်လိုက်ခြင်းက တကယ့်ကို အံ့ဩစရာပင်၊၊
သို့သော်လည်း ထိုအသေးစိတ်အချက်အလက်များကို အာရုံစိုက်နေရန် အချိန်မရှိတော့ပေ၊၊ ရိုင်ယန်၏ စီစဉ်မှုအောက်တွင် ပင်လယ်လင်းယုန်အဖွဲ့သည် ရေငုပ်သင်္ဘောပေါ်သို့ အလောတကြီးစတင်တက်ရောက်ကြပြီး ရိက္ခာများကို သယ်ယူနေကြသည်၊၊ နေရာအခက်အခဲကြောင့် ရိုင်ယန်သည် လင်းရှန်၏ သဘောထားကို တောင်းခံကာ ဗန်နက်ဆာကို လူအများအပြားနှင့်အတူ ငုပ်လျှိုးရန် အသင့်ဖြစ်နေသည့် လင်းရှန်၏ ရထားပေါ်သို့ လိုက်ပါစီးနင်းစေခဲ့သည်၊၊
တစ်ချိန်တည်းမှာပင် လင်းရှန်သည် အရာနှစ်ခုကို စတင်ပြင်ဆင်လိုက်သည်၊၊ တစ်ခုမှာ Deep-3 ကမ္ဘာ့အူတိုင်အပူစီးဆင်းမှုစနစ်ကို ဖောက်ခွဲရန် ပြင်ဆင်ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ အနန္တ ရထား၏ ရေငုပ်စနစ်ကို ဖွင့်လှစ်ကာ ကီကီနှင့် ရူဂျီတို့ကို ရထားအား ကုန်းပတ်ပေါ်မှ ရေနက်ဆိပ်ကမ်းသို့ ရွှေ့ပြောင်းစေခြင်း ဖြစ်သည်၊၊
၁၆ နာရီ ၃၅ မိနစ်၊၊
ဆက်တိုက်လှုပ်ခတ်နေသော ငလျင်ကြောင့် ကျောက်ဆောင်ကျွန်းသည် ပြင်းထန်စွာ တုန်ခါနေပြီး စောင့်ကြည့်ရေးခန်းမအပေါ်ရှိ မီးဆိုင်းများမှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်၊၊
ကျွန်း၏ အရှေ့တောင်ဘက်ပင်လယ်ပြင်တွင် ဂါလန်မီးတောင်မှ ထွက်ပေါ်လာသော ထူထပ်လှသည့် မီးခိုးလုံးကြီးများသည် ကောင်းကင်ယံတစ်ခုလုံးကို သံချေးအရောင်အဖြစ် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်၊၊ အဝေးတစ်နေရာ ပင်လယ်ပြင်ကြီးထဲတွင်မူ ရေလှိုင်းများကြား၌ ပုံသဏ္ဌာန်မထင်ရှားသော ဧရာမ အရိပ်မည်းကြီးများ လှုပ်ရှားနေပြီး ရံဖန်ရံခါ ထူးဆန်းသောအလင်းတန်းများ လက်ခနဲ လက်ခနဲ ပေါ်လာတတ်သည်၊၊
ရေနက်ဆိပ်ကမ်းတွင် ရိုင်ယန်သည် အဖွဲ့သားများကို အော်ဟစ်အမိန့်ပေးနေပြီး ပင်လယ်လင်းယုန်အဖွဲ့ဝင်များသည် ရေငုပ်သင်္ဘောပေါ်သို့ အလျင်စလိုတက်ရောက်နေကြသည်၊၊ လူအများစုမှာ ယခုကဲ့သို့သော ရေယာဉ်မျိုးပေါ်သို့ ပထမဆုံးအကြိမ်တက်ဖူးခြင်းဖြစ်သဖြင့် လေထုတစ်ခုလုံး တင်းမာမှုများဖြင့် ပြည့်နှက်နေ၏၊၊
“ယန္တရားအဖွဲ့၊ ဖိအားခံအဆို့ရှင်ကို စစ်ဆေး၊၊ စွမ်းအင်အဖွဲ့၊ သုံးမိနစ်အတွင်း အင်ဂျင်နှိုးတော့”
ယန္တရားအဖွဲ့ခေါင်းဆောင် အက်ဇ်လန်၏ အော်ဟစ်သံသည် သံမဏိစင်္ကြံတစ်လျှောက် ပဲ့တင်ထပ်သွားသည်၊၊ ရေငုပ်သင်္ဘော၏ တံခါးဝတွင် အဲရစ်ကာနှင့် ဂေဒီတို့သည် ပင်လယ်လင်းယုန်အဖွဲ့မှ သာမန်အသက်ရှင်ကျန်ရစ်သူများကို အတွင်းဘက်ရှိ အသက်ကယ်ခန်းထဲသို့ ဝင်ရောက်ရန် လမ်းညွှန်ပေးနေကြသည်၊၊ ဆက်တိုက်လှုပ်ခတ်နေသော ငလျင်ကြောင့် ရေနက်ဆိပ်ကမ်း၏ ရေမျက်နှာပြင်ပေါ်တွင် ဆူပွက်နေသော ရေပူဖောင်းများ ထွက်ပေါ်လာပြီး ကန့်နံ့များ ရောနှောနေသည့် ပင်လယ်ရေရနံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာသည်၊၊
ထိုအခြင်းအရာကြောင့် ရိုင်ယန် မျက်မှောင်ကြုတ်သွားကာ အချိန်ကို စစ်ဆေးပြီး ဆက်သွယ်ရေးကိရိယာထဲသို့ အမြန်ပြောလိုက်သည်၊၊
“မီးတောင်က ဆက်တိုက်ပေါက်ကွဲနေတယ်၊၊ ဘယ်အချိန်မှာ အကြီးအကျယ်ပေါက်ကွဲမလဲဆိုတာပဲ မသိရတာ… အဲဒီအချိန်ကျရင် မိုင်ရာချီတဲ့ ပင်လယ်ပြင်ကြီးက ငရဲကျသွားလိမ့်မယ်”
“ဒီကမ္ဘာကြီးက ဘာလိုပဲဖြစ်ဖြစ် ငရဲပြည်ဖြစ်နေတာ ကြာပါပြီ”
အပေါ်ဘက် ရိက္ခာတင်ဆောင်သည့် ပလက်ဖောင်းပေါ်တွင် လင်းရှန်သည် ဗိုင်အိုလာက တိတ်ဆိတ်မြို့တော်မှ အနန္တရထားအတွက် ကြိုတင်ထုတ်လုပ်ပေးထားသော ရေငုပ်မော်ဂျူးကို တပ်ဆင်ရန် စက်ရုပ်များကို ညွှန်ကြားနေသည်ကို ကြည့်နေသည်၊၊
“ရထားအောက်ခြေက အရည်မျှခြေထိန်းညှိမှု မော်ဂျူးကို နောက်တစ်ကြိမ်ပြန်စစ်တာ အကောင်းဆုံးပဲ”
လော့ယန်က လက်ကိုင်ကွန်ပျူတာကို ကိုင်လျက် စိုးရိမ်တကြီး ချဉ်းကပ်လာသည်၊၊
“ကျွန်တော်တို့ ပင်လယ်ကျောက်ဆောင်မြို့မှာ တိုက်ပွဲအချို့ဖြစ်ခဲ့တာကြောင် ထိခိုက်ပျက်စီးတာမျိုး ရှိ၊မရှိ ထည့်သွင်းစဉ်းစားရမယ်”
“အင်း… ဒါက အမြော်အမြင်ရှိရာကျတယ်”
လင်းရှန်က ခေါင်းညိတ်လိုက်ပြီး ဗိုင်အိုလာကို ထပ်၍ စစ်ဆေးခိုင်းလိုက်သည်၊၊
ယန္တရားစက်ရုပ်လက်တံများ၏ တဝီဝီမြည်သံများနှင့်အတူ ရထား၏ အောက်ခြေတွင် ဆူးတောင်ပုံသဏ္ဌာန် လမ်းကြောင်းပြား ၃လွှာ ပေါ်ထွက်လာပြီး လော့ယန်၏ ဒရုန်းမှ ထုတ်လွှင့်သော ပုံရိပ်သည် သံမဏိသံလမ်းများပေါ်တွင် လင်းလက်နေသည်၊၊
“ရေငုပ်ဖိအားခံရထားကိုယ်ထည် အသက်သွင်းခြင်း ၈၇ ရာခိုင်နှုန်း... ၉၂ ရာခိုင်နှုန်း”
ရထားပေါ်တွင် ချန်ဆီရွှမ်သည် ဖိအားဒဏ်ခံပြတင်းပေါက်ကို လက်ဖြင့် ထောက်ထားစဉ် နောက်ထပ် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပွားပြန်ရာ ကုန်းပတ်အပေါ်မှ ဘိလပ်မြေမှုန်များသည် ရထားအမိုးပေါ်သို့ ကြွေကျလာပြီး ပဲစိများပေါက်ကွဲသကဲ့သို့ တဖောက်ဖောက်မြည်သံများ ထွက်ပေါ်လာသည်၊၊