ရေနက်ပိုင်းငုတ်လျှိုးခြင်း (၃)
Vol. 59 Ch. 1014
[ရထားအနက်ပိုင်းငုတ်လျှိုးလေလုံစနစ် စစ်ဆေးမှု အောင်မြင်သည်]
[ရထားရေလုံခန်း ဖိအားစစ်ဆေးမှု]
ထိုစဉ် လင်းရှန်က အနန္တ ရထား၏ ထိန်းချုပ်ခန်းသို့ ရောက်ရှိလာကာ ယန္တရားနှလုံးသားသည် ရထားတွဲအားလုံးကို လျင်မြန်စွာ စစ်ဆေးနေသည်၊၊
သူသည် ချန်ဆီရွှမ်၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်နေသည်ကို သတိပြုမိသဖြင့် အသံတိုးတိုးဖြင့် မေးလိုက်သည်၊၊
“စိတ်လှုပ်ရှားနေတာလား”
“စိတ်မလှုပ်ရှားဘဲ နေနိုင်မလား”
ချန်ဆီရွှမ်က သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှေ့ကို ကြည့်ကာ “ရှင်နဲ့ တိတ်ဆိတ်မြို့တော်ရဲ့ နည်းပညာကို ယုံကြည်ပေမဲ့လည်း...”
“ဒီရထားကြီးကို ပင်လယ်ထဲ မောင်းသွင်းရမယ်ဆိုတာကို မယုံနိုင်သေးတာလား” လင်းရှန်က မေးလိုက်၏၊၊
ချန်ဆီရွှမ်က ခေါင်းညိတ်ပြရင်း “ကောင်းကင်ပျံနိုင်ပြီး ပင်လယ်ငုပ်နိုင်တယ်ဆိုတာ တကယ်ကို မလွယ်ကူတဲ့ အရာပဲ”
သူမလင်းရှန်ကို လှည့်ကြည့်လိုက်ရာ သူမ၏ အမူအရာမှာ အနည်းငယ်တင်းမာနေပုံရလေသည်၊၊
“အနန္တရထားကို ရေချဖို့ ပြင်ဆင်ကြ”
ထိုအချိန်တွင် အနန္တ ရထားအဖွဲ့သားအားလုံးသည် ရေအောက်အခြေစိုက်စခန်း၏ ရိက္ခာတင်ပလက်ဖောင်းပေါ်တွင် ရပ်နေကြပြီး လုံးဝအသွင်ပြောင်းလဲသွားသော သံချပ်ကာရထားကြီးကို မတူညီသော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်၊၊ ရထားတစ်စီးလုံးကို စွမ်းအင်မြင့်သတ္တုတည်ဆောက်ပုံဖြင့် ပြုလုပ်ထားသည့် ဖိအားဒဏ်ခံ ရထားကိုယ်ထည်ကြီးဖြင့် တစ်ဆက်တည်းဖြစ်အောင် ဖုံးအုပ်ထားသဖြင့် ကြည့်ရသည်မှာ အပိုင်းပိုင်းဆက်ထားသော သွယ်လျသည့် ရေငုပ်သင်္ဘောကြီးတစ်စင်းနှင့် တူနေတော့သည်၊၊ ရထားပြတင်းပေါက်များ၏ ဘေးဘက်တွင်မူ ဖိအား ၃၀၀ အထိ ခံနိုင်ရည်ရှိသော ‘ကြယ်မှုန်သလင်းမှန်’ ဟုခေါ်သည့် အထူးဒီဇိုင်းထုတ်ထားသော အလွှာစုံ ဖိအားဒဏ်ခံ ပြတင်းပေါက်များကို တပ်ဆင်ထားသည်၊၊
လင်းရှန်နှင့် ရှင်းဂျီတို့က ထိုကဲ့သို့သော ပြတင်းပေါက်မျိုးကို ဒီဇိုင်းထုတ်ခဲ့ခြင်းမှာ ပတ်ဝန်းကျင်အလှအပကြည့်ရှုရန် စိတ်ကူးပေါက်၍မဟုတ်ဘဲ ပင်လယ်နက်ပိုင်းအခြေအနေအောက်တွင် စွမ်းအားရှင်များ၏ စွမ်းရည်များကို အပြင်သို့ထုတ်လွှတ်အသုံးပြုနိုင်ရန်အတွက် အမှန်တကယ်ရည်ရွယ်ခြင်းဖြစ်သည်၊၊
ဝူး ဝူး ဝူး
ရေနက်ဆိပ်ကမ်း ကုန်းပတ်ပေါ်ရှိ ရေငုပ်သင်္ဘောဆီသို့ ရိက္ခာများ သယ်ယူနေကြသော ပင်လယ်လင်းယုန်အဖွဲ့ဝင်များသည် ရုတ်တရက် လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်ပြီး ထိုအံ့ဖွယ်မြင်ကွင်းဆီသို့ လှည့်ကြည့်လိုက်ကြသည်၊၊ ထိုစဉ် အလွန်ထူးခြားသည့် ဧရာမ ရထားကြီးတစ်စီးသည် လေထုထဲတွင် ပေါလောမျောပါလျက် ရေနက်ဆိပ်ကမ်း၏ အပေါ်ဘက်သို့ ဖြည်းညှင်းစွာ ဆိုက်ရောက်လာ၏၊၊
နောက်စက္ကန့်ပိုင်းအတွင်း ကီကီနှင့် ရူဂျီတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အနန္တ ရထားခေါင်း၏ ရှာဖွေရေးမီးမောင်းကြီးများသည် အမှောင်ထုဖုံးလွှမ်းနေသည့် ပင်လယ်ရေနက်ပိုင်းကို ထိုးခွဲလိုက်ပြီး ဆူပွက်နေသော အမှောင်တွင်းနက်ကြီးထဲသို့ သံမဏိသားရဲကြီးတစ်ကောင်နှယ် တိုးဝင်သွားတော့သည်၊၊
“အဆင်ပြေသွားပြီ”
“လင်းရှန်”
ချန်ဆီရွှမ်သည် ရထားပေါ်တက်ရန် ဆိပ်ကမ်းအစွန်းတွင် အသင့်ပြင်ထားရင်း လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်၊၊
“ကမ္ဘာ့အူတိုင်ဘူမိအပူတွင်းကို ဖောက်ခွဲလိုက်တာနဲ့ ဒီကျွန်းကြီး နစ်မြုပ်သွားနိုင်တယ်၊၊ ကျွန်မတို့ သတ်မှတ်ထားတဲ့ အကွာအဝေးတစ်ခုအထိ အမြန်ဆုံးထွက်ခွာသွားရမယ်”
“ငါသိပါတယ်”
လင်းရှန်က အချိန်ကို ကြည့်လိုက်ပြီး လူတိုင်းကို ဝေ့ကြည့်လိုက်သည်၊၊
“အားလုံး ရထားပေါ် အရင်တက်နှင့်ကြတော့… ငါ ဗိုင်အိုလာကိုခေါ်ပြီး အစီအစဉ်အချို့ သွားလုပ်လိုက်ဦးမယ်၊၊ ညမမှောင်ခင်အထိ ငါတို့မှာ တစ်နာရီထက်မနည်းတော့တဲ့ အချိန်ပဲရှိတော့တယ်၊၊ ငါတို့အတွက် အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်”
“ကျွန်မလည်း လိုက်ခဲ့မယ်”
လင်းရှန်၏ စကားကို ကြားသောအခါ ကီကီက အနားသို့ ချက်ချင်း ပျံသန်းလာသည်၊၊
“ကျွန်မက ရှင့်ရဲ့ အချိန်တွေကို အများကြီးသက်သာစေနိုင်တယ်”
“ကောင်းပြီ”
“လင်း”
ထိုစဉ် ရိုင်ယန်သည် တွင်းနက်အဆင့် နျူကလီးယားရေငုပ်သင်္ဘော၏ ဝင်ပေါက်တွင် ရပ်လျက် လင်းရှန်ကို လှမ်းအော်ပြောလိုက်သည်၊၊
“ငါ့အထင်တော့ ကြိုတင်ပြင်ဆင်ထားတဲ့ သွေးဆောင်ဖြားယောင်းတော်ပီဒိုတွေကို သုံးဖို့ မလိုတော့ဘူးထင်တယ်၊၊ လမ်းကြောင်းအတိုင်းပစ်လွှတ်မယ့်အစား အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေလုပ်ဖို့ ငါအကြံပြုချင်တယ်၊၊ မင်းဘယ်လိုထင်လဲ”
“ရတယ်လေ”
လင်းရှန် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်၊၊
“အဲဒီအရာတွေက အသုံးဝင်ဦးမယ်ဆိုရင်ပေါ့”
ဂါလန်မီးတောင် ပေါက်ကွဲလာခြင်းနှင့် ထူးဆန်းသောပင်လယ်ရေသတ္တဝါများ စုဝေးရောက်ရှိလာခြင်းတို့ကြောင့် သွေးဆောင်ဖြားယောင်းတော်ပီဒိုများကို ခပ်ကျဲကျဲပစ်ခတ်ခြင်းက ထိရောက်မှုရှိချင်မှ ရှိလိမ့်မည်၊၊ ထို့ကြောင့်လည်း လင်းရှန်က ရေအောက်အခြေစိုက်စခန်း၏ ကမ္ဘာ့အူတိုင်အပူစွမ်းအင်စနစ်ကို ဖောက်ခွဲရန် လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်၊၊ သို့သော် ရိုင်ယန်၏ အကြံပြုချက်ကလည်း လက်ခံနိုင်စရာရှိပေသည်၊၊ အနည်းဆုံးတော့ ထိုအရာများကို လက်ထဲတွင် ထိန်းသိမ်းထားခြင်းဖြင့် ပင်လယ်ပြင်မှ အောင်မြင်စွာ လွတ်မြောက်သွားသည့်အခါ အထူးသဖြင့် ညဘက်တွင် အသုံးဝင်လာနိုင်သည်၊၊
ထို့နောက် အနန္တရထားအဖွဲ့ဝင်အားလုံးသည် ရေငုပ်စနစ်ပြောင်းထားသော အနန္တ ရထားပေါ်သို့ တက်ရောက်ခဲ့ကြသည်၊၊ ရထားတွဲတစ်ခုချင်းစီသည် ယခုအခါ ရေလုံခန်းများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏၊၊ အတွင်းပိုင်းတွင်မူ ထူးထူးခြားခြားပြောင်းလဲမှုမရှိဘဲ အဓိကအားဖြင့် အပြင်ဘက်ရှိ အထူးဖိအားဒဏ်ခံ ရထားကိုယ်ထည်၊ ရေငုပ်တွန်းအားပေးကိရိယာများနှင့် ရထားတွဲအတွင်းရှိ အောက်ဆီဂျင်နှင့် ဖိအားပေးစနစ်မော်ဂျူးများသာဖြစ်သည်၊၊
တစ်ချိန်တည်းမှာပင် လင်းရှန်သည် ဗိုင်အိုလာနှင့် ကီကီတို့ကို ခေါ်ဆောင်ကာ အပေါ်ဘက်ရှိ ကမ္ဘာ့အူတိုင်ဘူမိအပူတွင်းရှိရာဘက်သို့ ဦးတည်ထွက်ခွာသွားသည်၊၊
ခရက်ရှ်
မာရှောင်ထန်းသည် ရထားတွဲ ၅ ၏ ပြတင်းပေါက်နားတွင် ရပ်လျက် ရထား၏ ပြတင်းပေါက်နှစ်ထပ်နှင့် ဖိအားဒဏ်ခံပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်နေသည်၊၊ ထိုအချိန်တွင် ရထားတွဲသည် ပင်လယ်ရေထဲသို့ တစ်ဝက်ခန့် နစ်မြုပ်နေပြီဖြစ်ရာ ပြင်းထန်သော လှိုင်းလုံးကြီးများက ပြတင်းပေါက်များကို ဆက်တိုက်ရိုက်ခတ်နေ၏၊၊ အပြင်ရှိ ပင်လယ်နက်ထဲ တစ်ပိုင်းဝင်နေသည့် မြင်ကွင်းကို ကြည့်ပြီး မာရှောင်ထန်း၏ မျက်နှာဖြူလျော်သွားကာ လုရှင်းချန်ဘက်သို့ လှည့်၍ မေးလိုက်သည်၊၊
“ဆရာ... ကျွန်တော်တို့ တကယ်ပဲ ရေငုပ်တော့မှာလား”
“မင်း ကြောက်နေတာလား”
လုရှင်းချန်က လက်ဖက်ရည်ပွဲရှေ့တွင် တင်ပျဉ်ခွေထိုင်ရင်း လက်ဖက်ရည်ကြမ်းတစ်အိုးကို စိတ်အေးလက်အေးဖြင့် ဖျော်စပ်နေသည်၊၊ သူက အပန်းဖြေရန်စောင့်ဆိုင်းနေသည့် အမူအရာဖြင့် မျက်လုံးများကို အနည်းငယ် မှိတ်လျက် မာရှောင်ထန်းကို ဆုံးမလိုက်သည်၊၊
“ကြောက်ချီးပန်းမနေနဲ့… ဆူပွက်နေတဲ့ တွင်းနက်ထဲ ဆင်းရတာပဲဖြစ်ဖြစ်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ မီးဖိုကြီးလို နေရာမျိုးပဲဖြစ်ဖြစ်… ငါတို့က ဒီလို ကပ်ဘေးမီးတောက်တွေထဲမှာပဲ စိတ်ဓာတ်ကို အရောင်တင်ရမယ်”
သူတို့ကြားတွင် စီးဆင်းနေသော မီးတောက်တစ်ခုက လူးလွန့်နေသည်၊၊
“ရှောင်ထန်း သေချာမှတ်ထား… သာမန်လူသားတွေရဲ့ ခန္ဓာကိုယ်ပဲ ရေနစ်မှာကို ကြောက်တာ…. မင်းလက်ထဲမှာ ရှိနေတာက ထာဝရအမှောင်ထုကို ခွဲထွက်မယ့် လျှပ်စီးတန်းကွ”
တာလို့သည် လုရှင်းချန်တစ်ယောက် လက်ဖက်ရည်ခွက်ကို ပါးစပ်နားသို့ ကပ်သွားစဉ် လက်များတုန်ရင်နေပြီးမှ ဘာမှမဖြစ်သလို အမူအရာဖြင့် တစ်ငုံသောက်ကာ လက်ဖက်ရည်ခွက်ကို တုန်တုန်ရင်ရင်ဖြင့် ပြန်ချလိုက်သည့် မြင်ကွင်းကို စိုက်ကြည့်ရင်း အံ့ဩမှင်တက်နေမိသည်၊၊
“မင်း နားလည်လား”
“နားလည်ပါပြီ နားလည်ပါပြီ”
မလှမ်းမကမ်းတွင် တာလို့သည် ရထားအတွင်းရှိ ရေငုပ်မော်ဂျူးကိရိယာများ၏ ပြောင်းလဲမှုများကို စူးစမ်းလေ့လာနေရင်း လုရှင်းချန်၏ စကားကို ကြားသောအခါ ပြတင်းပေါက်ကို လက်ညှိုးထိုးပြရင်း မပြောဘဲ မနေနိုင်တော့ပေ၊၊
“မီးတောက်… ဒီပင်လယ်ရေကို ကြည့်စမ်း… မင်အိုးလို နက်မှောင်နေတာပဲ၊၊ ရေအောက်ထဲမှာ ထူးဆန်းတဲ့သတ္တဝါတွေ အများကြီးရှိနေမှာ သေချာတယ်”
ထိုစကားကို ကြားသောအခါ လုရှင်းချန်က ခေါင်းပင်မလှည့်ဘဲ လက်ကို ဝေ့ယမ်းလိုက်ကာ “ကိစ္စမရှိဘူး၊ ရေအောက်က ထူးဆန်းတဲ့ သတ္တဝါတွေကို ငါကိုယ်တိုင် ရှင်းလင်းပစ်မယ်၊၊ ဒီရေက ကြည့်ရကျိုးမနပ်တာကြောင့် ငါ ကြည့်မှာ မဟုတ်ဘူး”
လုရှင်းချန်တစ်ယောက် ပြတင်းပေါက် အပြင်ဘက်သို့ပင် မကြည့်ရဲသည်ကို မြင်သောအခါ တာလို့က မာရှောင်ထန်းကို ကြည့်ကာ ပြုံးစိစိလုပ်လိုက်သဖြင့် တင်းမာနေသော လေထုမှာ အတော်လေး လျော့ပါးသွားတော့သည်၊၊ ထောင့်တစ်နေရာတွင်မူ ရူဂျီက လက်ပိုက်လျက် ဘာကိုမှ ဂရုမစိုက်သည့် အမူအရာဖြင့် တိတ်ဆိတ်စွာ ထိုင်နေ၏၊၊
လုရှင်းချန်သည် ပိတ်ဆို့နေသော တွင်းနက်ပတ်ဝန်းကျင်မျိုးကို အကြောက်ဆုံးဖြစ်မှန်း လူတိုင်းသိထားကြသည်၊၊ ယခုအချိန်တွင် သူသည် အပြင်ပန်း၌ တည်ငြိမ်နေပုံရသော်လည်း ကျောပြင်တစ်ခုလုံးတွင်မူ ချွေးစေးများဖြင့် ရွှဲနစ်နေလောက်ပြီ ဖြစ်သည်၊၊
ရထားတွဲ ၃ တွင်မူ ချန်ဆီရွှမ်၊ ရှုချင်း၊ လုချန်၊ လော့ယန်၊ ရှောင်ယွမ်၊ ချီလီ၊ နန်ကျင်းနှင့် အခြားလူများ စုဝေးနေကြသည်၊၊ ရိုင်ယန်တို့အဖွဲ့ထံမှ ရရှိလာသော သွေးပဲစေ့များကို ယခုအခါ သိုလှောင်ကန်တစ်ခုထဲတွင် စုစည်းထားရှိသည်၊၊ တင်းကျန်းရီသည် စမ်းသပ်စားပွဲရှေ့တွင် ရပ်နေပြီး သူမ၏ ဦးခေါင်းအထက်ရှိ ပန်းပွင့်လေးမှာ အပြည့်အဝပွင့်လန်းနေကာ တစ်ကိုယ်လုံးမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသည်၊၊
သူမက လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ စိမ်းမှောင်နေသော နွယ်ပင်ပေါင်းများစွာသည် သက်ရှိသတ္တဝါများကဲ့သို့ အပြင်ဘက်သို့ ဖြာထွက်သွားပြီး သိုလှောင်ကန်ထဲရှိ သွေးပဲစေ့များဆီသို့ တွားသွားကာ ရစ်ပတ်လိုက်ကြသည်၊၊ အဆင့် ၁၊ အဆင့် ၂ သွေးပဲစေ့ သို့မဟုတ် အဆင့် ၃ နှင့် ၄ သွေးပဲစေ့… တစ်ခုချင်းစီကို ရစ်ပတ်လိုက်ပြီးနောက် ထိုသွေးပဲစေ့များအတွင်းရှိ စုစည်းနေသော အမှောင်စွမ်းအင်များကို စုပ်ယူလိုက်သကဲ့သို့ နွယ်ပင်များတစ်လျှောက် ဗဟိုချက်ဆီသို့ လျင်မြန်စွာ စုစည်းသွားတော့သည်၊၊
ထိုဗဟိုချက်တည့်တည့်တွင်မူ ထူးခြားသော ကပ်ဘေးအပင်တစ်ပင်သည် အံ့ဩစရာကောင်းလောက်အောင် ကြီးထွားလာနေ၏၊၊
၎င်းမှာ ငွေနဂါးဆယ်ဆပန်းဖြစ်သည်၊၊