အခန်း ၄၁၈
Vol. 42 Ch. 418
အခန်း(၄၁၈) အတင်းအကျပ် ဝယ်ယူခြင်း
ဖန်ကျင်း မြင့်မြတ်နယ်မြေ အပြင်ဘက်တွင် စိတ်ဝိညာဉ်ချီစွမ်းအင်များသည် ဒေါသတကြီး လှိုင်းထနေသော ပင်လယ်ပြင်ကဲ့သို့ လူးလွန့်နေသည်။
မဟာတက်လှမ်းခြင်းအဆင့် ပုံရိပ်နှစ်ခုက အလွန်မြန်ဆန်သော အရှိန်ဖြင့် ရင်ဆိုင်တိုက်ခိုက်နေကြသည်။
"ဓားကျောင်းတော် ဘိုးဘေးကြီး။ မင်း မဟာတက်လှမ်းခြင်းအဆင့်ကို ဖောက်ထွက်နိုင်ခဲ့မယ်လို့ ငါ ထင်မထားဘူး။"
"ဒါပေမဲ့ အသေးစား ကောင်းကင်ဘုံအတိဒုက္ခ တစ်ခုကိုတောင် မဖြတ်ကျော်ရသေးတဲ့ ကနဦး မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူလေးက ငါ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။"
ဆရာတော် ဖန်ယဲ့က လှောင်ပြောင်လိုက်ပြီး သူ၏ တိုက်ခိုက်မှုများက မုန်တိုင်းတစ်ခုလို ကျဆင်းလာသည်။
သူသည် ယခင်ကဲ့သို့ တည်ငြိမ်သော အမူအရာကို မထိန်းသိမ်းတော့။ ခန္ဓာကိုယ်က ဝက်ဝံကြီးတစ်ကောင်လို ဖောင်းကားလာပြီး အသားအရေက ရွှေရောင်လောင်ကျွမ်းနေသောပုံစံများ ဖုံးလွှမ်းနေသည့် မီးတောက်များကဲ့သို့ နီရဲတောက်ပနေသည်။ သူ၏ကျောပြင်မှ နောက်ထပ် လက်လေးဖက် ထွက်ပေါ်လာပြီး လက်တစ်ဖက်စီတွင် ဝိညာဉ်ရတနာ သို့မဟုတ် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် တစ်ခုစီကို ကိုင်ဆောင်ထားကာ သံလက်သီးများက အရှေ့ရှိ ချန်ဟွိုက်အန်အပေါ်သို့ မနားတမ်း ရွာချနေသည်။
သူ၏ လက်သီးချက်များက ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဝင်လာပြီး ရိုက်ချက်တိုင်းက နေရာလွတ် ကိုယ်တိုင်ကို အက်ကွဲသွားစေကာ လေထဲတွင် ရွှေရောင် လက်ဝါးရာများကို ချန်ရစ်ထားခဲ့သည်။
ဤကဲ့သို့သော ပြင်းထန်သည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရရာ ချန်ဟွိုက်အန်အနေဖြင့် အသည်းအသန် ခုခံကာကွယ်ရုံသာ တတ်နိုင်ခဲ့သည်။
ဤမျှ ကြီးမားလှသော စွမ်းအား ကွာဟချက်အောက်တွင် သူ၏ ပိုမို အစွမ်းထက်သော ဓားသိုင်းကွက်များကို ထုတ်လွှတ်ရန် အခွင့်အရေး တစ်ချက်လေးပင် သူ မရှာတွေ့နိုင်ခဲ့ပေ။
အကွာအဝေးတစ်ခု ဖန်တီးရန် သူ ကြိုးစားလိုက်တိုင်း ဆရာတော် ဖန်ယဲ့က မခွာတမ်း လိုက်ကပ်နေသော အရိပ်တစ်ခုလို သူ့ထံသို့ ကပ်လာသည်။
သူ၏ အသေးစား ဓားသိုင်းကွက်များမှာ ဖြစ်ပေါ်လာသည့် အခိုက်အတန့်မှာပင် ရိုက်ချိုးခံလိုက်ရပြီး မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်စေခဲ့ပေ။
"ဒါပဲ တတ်နိုင်တာလား။" ဆရာတော်ဖန်ယဲ့က လက်သီးတစ်ချက်ဖြင့် ချန်ဟွိုက်အန်ကို လွင့်စင်သွားစေပြီးနောက် နောက်ထပ် ရိုက်ချက်တစ်ခုအတွက် ပြင်ဆင်နေသည့် စပရိန်တစ်ခုလို သူ၏ လက်မောင်းကို ပြန်ရုပ်လိုက်ကာ နောက်ထပ် ဝရဇိန် သံလက်သီး တစ်ချက်အတွက် သူ၏ ကြွက်သားများ ဖောင်းကားလာသည်။ "ဒါက မင်းရဲ့ ကန့်သတ်ချက် ဆိုရင်တော့… ငါက အခုပဲ မင်းကို သတ်ပြီး မင်းရဲ့ ဓားကျောင်းတော်က လူတိုင်းကို အကုန်သတ်ပစ်မယ်။"
၎င်းကို ကြားလိုက်ရသောအခါ ချန်ဟွိုက်အန်၏ မျက်လုံးများတွင် ပြင်းထန်သော အရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ စူးရှသော အော်ဟစ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်အနှံ့သို့ စိတ်ဝိညာဉ်ချီစွမ်းအင်များကို စီးဆင်းစေလိုက်သည်။
ဆရာတော် ဖန်ယဲ့၏ လက်သီး ကျဆင်းလာချိန် ချန်ဟွိုက်အန်က မရှောင်တိမ်းခဲ့ပေ။ သူ၏ ဘယ်ဘက်ပခုံးဖြင့် ထိုရိုက်ချက်ကို တည့်တည့် ခံယူလိုက်ပြီး ညာလက်က ဓားရိုးကို ဆုပ်ကိုင်ကာ စွမ်းအားများ စုစည်းလိုက်သည်။
ဝုန်း…
လက်သီးနှင့် ထိမိသည့် အခိုက်အတန့်တွင် ချန်ဟွိုက်အန်၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး သွေးတစ်ပွက် အန်ချလိုက်သည်။ သို့တိုင် သူ၏ မျက်လုံးထဲရှိ ဒေါသအဟုန်က ဤအချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဓားက လင်းလက်သွားပြီး ကြယ်မြစ်တစ်စင်းကို ဆင့်ခေါ်လိုက်၏။
အဆုံးအစမရှိသော ဓားအလင်းရောင်များက ကြယ်စင်စုဓားအသိ တစ်ခုအဖြစ် ပုံဖော်သွားသည်။
"ပျံသန်းနေတဲ့ ရေတံခွန်က ပေသုံးထောင်လောက် ကျဆင်းလာတယ်။ ကောင်းကင်ယံကနေ နဂါးငွေ့တန်း ကျဆင်းလာသလိုပဲ။"
ဒွါဒသမမြောက်ဓားကွက် - ကြယ်ကြွေမြစ်။
ချွမ်း…
ဆရာတော် ဖန်ယဲ့က ဓားအလင်းရောင်များထဲတွင် ချက်ချင်း လွှမ်းခြုံခံလိုက်ရသည်။
သူက စကြာဝဠာထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရပြီး ကြယ်စင်စုမြစ်ကြီးတစ်ခုက ဒီရေလှိုင်းများကဲ့သို့ သူ့ဆီသို့ ဟိန်းဟောက်ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
"အထင်ကြီးစရာကောင်းတဲ့ ဓားသိုင်းပဲ။"
ရှောင်တိမ်းမည့်အစား ဆရာတော် ဖန်ယဲ့က တောင်ကြီးများကိုပင် ပြိုကွဲစေနိုင်သော လက်သီးချက်ဖြင့် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ ဧရာမ လက်သီးအရိပ်ကြီးက ကြယ်မြစ်ကြီးနှင့် ဝင်တိုက်သွားသည်။
ဝုန်း…
အချိန် တစ်ခဏမျှ အေးခဲသွားသကဲ့သို့ ထင်ရသည်။
နောက်တစ်စက္ကန့်တွင် ကြယ်စင်စုမြစ်ကြီးက လက်သီးချက်ကြောင့် အပိုင်းပိုင်း ကွဲကြေသွားပြီး သုမေရု နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
အနီးအနားရှိ ကမ္ဘာငယ်လေးအချို့မှာ တုန်ခါမှုလှိုင်းများကြောင့် ချက်ချင်းပင် မှုန့်မှုန့်ညက်ညက် ကြေမွ၍ သွားခဲ့သည်။
ကျန်ရှိနေသော အင်အားက အပိုင်းပိုင်း ကွဲကြေသွားသော ဓားစွမ်းအင်များကို ဖြတ်သန်းသွားကာ ချန်ဟွိုက်အန်ကို ဝင်စောင့်လိုက်သည်။
ထိုရိုက်ခတ်မှုကြောင့် သူ မျက်စိသူငယ်အိမ်လည်ားပြီး လည်ချောင်းထဲတွင် ခါးသက်သွားကာ နောက်ထပ် သွေးတစ်ပွက် အန်ချလိုက်ရသည်။ သူက ပေထောင်ပေါင်းများစွာ လွင့်စင်သွားပြီးနောက်မှ အနိုင်နိုင် ရပ်တန့်နိုင်ခဲ့ပြီး ကြေးခွံနက်ဓားကို ဆုပ်ကိုင်ထားသော သူ၏လက်မှာ အနည်းငယ် တုန်ရီနေ၏။
"အဘိုးကြီးကျန်း။ ဒီကတုံးဘုန်းကြီးစုတ်က အရမ်းကြမ်းတယ်။ အကြံတစ်ခုခု ရှိလား။"
ချန်ဟွိုက်အန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ နာကျင်နေသော ရင်ဘတ်ကို ဖိထားလိုက်သည်။ အပြင်ပန်းအားဖြင့် တိတ်ဆိတ်နေသော်လည်း သူက ကျန်းယိပိုင်နှင့် တန်ပြန်တိုက်ခိုက်မည့် အစီအစဉ်များကို ဆွေးနွေးနေပြီ ဖြစ်သည်။
"ညီလေး၊ နောက်ဆုတ်လိုက်တာက ပိုကောင်းမယ်။ မင်းသာ မဟာတက်လှမ်းခြင်း ပထမမြောက်အတိဒုက္ခရဲ့ အထွတ်အထိပ်မှာ ရှိနေရင်တော့ အခွင့်အရေး တစ်ခု ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ မင်းက အခုမှ မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်ခါစပဲ ရှိသေးတာလေ။ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေရင်တောင် မင်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"
ချန်ဟွိုက်အန်က အဝေးရှိ ဧရာမ ဆရာတော်ဖန်ယဲ့ကို လှမ်းကြည့်လိုက်ပြီး ခါးသီးမှုကို ခံစားလိုက်ရသည်။
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ဟုတ်လား။ အဲဒီဘုန်းကြီးမှာ လက်ခြောက်ဖက် ရှိနေနှင့်ပြီးသားပဲလေ။
ပြီးတော့ လက်တစ်ဖက်စီမှာ ဝိညာဉ်လက်နက် တစ်ခုစီကို ကိုင်ဆောင်ထားပြီး၊ သူ့ခန္ဓာကိုယ်မှာ လက်နက် ကိရိယာတွေ အများကြီး ဖုံးလွှမ်းထားသေးတယ်။
အမြင့်ဆုံး ကာကွယ်ရေး၊ အမြင့်ဆုံး တိုက်ခိုက်ရေး၊ လက်နက်က အသာစီး၊ ကျင့်စဉ်အဆင့်ကလည်း အသာစီး။ ဒါကို တိုက်ပွဲလို့တောင် ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ။
ချန်ဟွိုက်အန် ဒဏ်ရာရသွားသည်ကို မြင်သောအခါ ဆရာတော် ဖန်ယဲ့က သိပ်မလောတော့ပေ။ စွမ်းအင် အမြောက်အမြားကို အသုံးပြုခဲ့ရသဖြင့် သူကိုယ်တိုင်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသည်။
ကြက်သတ်ရာတွင် နွားသတ်သည့်ဓားကို မသုံးသင့်ဟူသော ဆိုရိုးစကား ရှိသည်။
သို့သော် ချန်ဟွိုက်အန်က ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်မျှသာ ဖြစ်နေလျှင်ပင် ဆရာတော် ဖန်ယဲ့က အပြည့်အဝ သတိထားပြီး စွမ်းအားအပြည့်ဖြင့် ဆက်လက် ရင်ဆိုင်မည်သာ ဖြစ်သည်။
[ သင့်ဂိုဏ်းမှ ဖန်ကျင်း ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်လိုက်ပါသည်။ ရရှိလာသောအရာ - လမ်းမှန်ကျင့်ကြံသူ အပိုင်းအစများ၂၇၈ခု၊ ဝိညာဉ်ပုံဆောင်ခဲ ၆၇ခု၊ ဆေးလုံးအမျိုးမျိုး ]
[ သင့်ဂိုဏ်းမှ ဖန်ကျင်း နတ်အသွင်ပြောင်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်လိုက်ပါသည်။ ရရှိလာသောအရာ - လမ်းမှန်ကျင့်ကြံသူ အပိုင်းအစ ၁၀၉ခု၊ ဝိညာဉ်ပုံဆောင်ခဲ ၂၃ ခု၊ ဆေးလုံးအမျိုးမျိုး ]
ဂိမ်းမှ အသိပေးချက် အချို့ ရုတ်တရက် ပေါ်လာသည်။
ချန်ဟွိုက်အန် မျက်တောင်ခတ်လိုက်သည်။
ငါကိုယ်တိုင် သတ်ဖြတ်တာ မဟုတ်ရင်တောင် ဖြောင့်မတ်သော ကျင့်ကြံသူ အပိုင်းအစတွေကို ရနိုင်တယ်ပေါ့။
ငါက နယ်မြေသခင် အဆင့်အတန်း ရှိနေလို့များလား။
အပိုင်းအစတွေ ပိုများလာရင်တောင် ဆရာတော် ဖန်ယဲ့ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ချက်ချင်း စွမ်းအား မြှင့်တင်ပေးနိုင်မှာမှ မဟုတ်တာ။
နေဦး...
လမ်းမှန်ကျင့်ကြံသူ အပိုင်းအစများ ဆိုသည့် စကားလုံးက သဘာဝကျကျပင် လမ်းမှန်ကျင့်ကြံသူ စတိုးဆိုင်ကို သတိရသွားစေသည်။
မျက်လုံးမှေးလိုက်ပြီး ခပ်လှမ်းလှမ်းတွင် ပြန်လည်ကောင်းမွန်ရန် တရားထိုင်နေသော ဆရာတော် ဖန်ယဲ့ကို အကဲခတ်လိုက်ကာ ဘုန်းကြီး၏ လက်နက်များအပေါ် အထူးအာရုံစိုက်လိုက်သည်။
အဲဒီဝရဇိန်လက်နက်ကြီးကို ခုနက ရင်းနှီးနေသလို ထင်ခဲ့ရတာ။
အခုတော့ ဘာလို့လဲဆိုတာ သဘောပေါက်သွားပြီ။ အဲဒါက စတိုးဆိုင်ထဲက မဟာနေမင်း မိစ္ဆာနှိမ်နင်းရေး ဝရဇိန်လက်နက်ကြီးပဲ။
လမ်းမှန်ကျင့်ကြံသူ အပိုင်းအစ ၁၅၀၀၀ တန်ဖိုးရှိတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ။
ပြီးတော့ အပိုင်းအစ ၆၀၀၀ တန်ဖိုးရှိသော ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဖြစ်တဲ့ နေမင်းမျိုရွှေသပိတ်က ဘုန်းကြီးရဲ့ လက်တစ်ဖက်ထဲက သပိတ်နဲ့ သွားတူနေတယ်။
အပိုင်းအစ ၁၀၀၀၀ တန်ဖိုးရှိသော အလယ်အလတ်အဆင့် ဝိညာဉ်ရတနာဖြစ်တဲ့ နဂါးကွက်သင်္ကန်းက ဆရာတော် ဖန်ယဲ့ ဝတ်ထားတဲ့ သင်္ကန်းနဲ့ တူနေတယ်။
စတိုးဆိုင်မှာ အဲဒီထက် ပိုကောင်းတဲ့ အရောင်ဆယ့်နှစ်မျိုး ပိုးချည်သင်္ကန်းလည်း ရှိသေးတယ်ဆိုတော့ အဲဒါက ဘုန်းကြီးရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ဖဲချပ်များ ဖြစ်နေမလား။
အတိုချုပ်ပြောရရင် ဆရာတော်ဖန်ယဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်တိုင်းက ငါ့ရဲ့ လမ်းမှန်ကျင့်ကြံသူ စတိုးဆိုင်ထဲမှာ ဝယ်လို့ရနေတာပေါ့။
ချန်ဟွိုက်အန် ၎င်းကို စဉ်းစားနေစဉ်မှာပင် ကျန်းယိပိုင်က စကားပြောလာသည်။
"ညီလေး။ ငါ့မှာ အန္တရာယ်များတဲ့ အစီအစဉ်တစ်ခု ရှိတယ်။ ဒါပေမဲ့ မင်းမှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး။"
ချန်ဟွိုက်အန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ၊ သူ ဆက်ပြောသည်။
"မင်းရဲ့ ပထမဆုံး အသေးစား ကောင်းကင်ဘုံအတိဒုက္ခကို မဖြတ်ကျော်ရသေးဘူး မဟုတ်လား။ အဲဒါကို အခုချက်ချင်း ဆင့်ခေါ်လိုက်ရင် ဘယ်လိုလဲ။
"တကယ်လို့ အတိဒုက္ခကာလအတွင်းမှာ ဖန်ယဲ့က မင်းကို လာတိုက်ရင် သူက ကောင်းကင်ဘုံရဲ့ စမ်းသပ်မှုကို ဝင်စွက်ဖက်ရာရောက်ပြီး သူကိုယ်တိုင် ပစ်မှတ် ဖြစ်သွားလိမ့်မယ်။
"ပြီးတော့ အတိဒုက္ခတစ်ခုက လူနှစ်ယောက်ကို ပစ်မှတ်ထားလိုက်ပြီဆိုရင် သူ့ရဲ့ စွမ်းအားက အဆပေါင်းများစွာ တိုးလာလိမ့်မယ်။
"အဲဒီ အသေးစား အတိဒုက္ခကို သုံးပြီး ငါတို့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မယ်။ ဒါပေမဲ့ မင်းသာ အဲဒါကို မခံနိုင်ဘူးဆိုရင်တော့... မင်းရဲ့ ကံကြမ္မာက ငါ့လို ဖြစ်သွားနိုင်တယ်။"
ချန်ဟွိုက်အန်က ၎င်းကို လေးနက်စွာ စဉ်းစားလိုက်သည်။
သို့သော် သူ့တွင် အရင် ဖြေရှင်းရမည့် ပိုအရေးကြီးသော ကိစ္စများ ရှိနေသည်။
သူက လမ်းမှန်ကျင့်ကြံသူ အပိုင်းအစ လက်ကျန်ကို စစ်ဆေးပြီးနောက် နေမင်းမျိုရွှေသပိတ်ကို ရွေးချယ်ပြီး ဝယ်မည်ကို နှိပ်လိုက်သည်။
[ အထူးအခြေအနေများကြောင့် ဤပစ္စည်းကို ချက်ချင်း ဝယ်ယူ၍မရနိုင်ပါ ]
ထိုအသိပေးချက်ကြောင့် ချန်ဟွိုက်အန်၏ မျက်နှာ မှောင်မိုက်သွား၏။
ဝယ်လို့မရတဲ့ ပစ္စည်းကို ဘာလို့ စာရင်းထဲ ထည့်ထားရတာလဲ။
အဓိပ္ပာယ်မရှိလိုက်တာ။
သို့သော် ထိုအချိန်တွင် နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာသည်။
[ အတင်းအကျပ် ဝယ်ယူရန်အတွက် ထပ်ဆောင်း ယွမ် ၁၀သိန်း ပေးချေလိုပါသလား ]
"အဟက်။ အခုတော့ သဘောပေါက်သွားပြီ။" ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပသွားသည်။ "နေမင်းမျို ရွှေသပိတ်ကို လောလောဆယ် ဆရာတော် ဖန်ယဲ့က ကိုင်ဆောင်ထားလို့ ဝယ်ယူခွင့်ကို ပိတ်ထားတာပဲ။ သူ့ရဲ့ တခြားလက်နက်တွေအတွက်လည်း အတူတူပဲ ဖြစ်ရမယ်။"
လောလောဆယ် ဆရာတော် ဖန်ယဲ့ဆီတွင် မရှိသော လက်နက်များကို ပုံမှန်အတိုင်း ဝယ်နိုင်သည်ဟု သူ ကောက်ချက်ချလိုက်သည်။
လက်ရှိ သုံးနေသော အရာများက ဂိမ်းစနစ်၏ ဝင်ရောက်စွက်ဖက်မှုကို လိုအပ်သည်။ အတင်းအကျပ် ယူရန်အတွက် ပိုက်ဆံပိုပေးရခြင်းပင်။
"အတင်းအကျပ် ဝယ်မယ်။"
၁၀သိန်း ဟုတ်လား။ အေးဆေးပါ။
[ အတင်းအကျပ် ဝယ်ယူခြင်း အောင်မြင်ပါသည်။ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် - နေမင်းမျိုရွှေသပိတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည် ]
[ နေမင်းမျိုရွှေသပိတ်သည် အခြားပိုင်ရှင်နှင့် ချိတ်ဆက်ထားပါသည်။ ပိုင်ဆိုင်မှု အမှတ်အသားကို ဖျက်ပစ်ရန် ယွမ် ၁၀သိန်း သုံးစွဲပါမည်လား ]
[ ဖျက်ပစ်ပြီးနောက် သွေးတစ်စက်ဖြင့် သင်နှင့် ချိတ်ဆက်နိုင်ပါသည် ]
"ဖျက်မယ်။"
ချန်ဟွိုက်အန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အပြုံးက ပိုမို တောက်ပလာ၏။
ပိုဆိုးသည်မှာ... အနည်းငယ် ကောက်ကျစ်စဉ်းလဲသလို အသွင်ဆောင်နေခြင်းပင်။
…