← Chapters

အခန်း ၄၁၉

Vol. 42 Ch. 419

အခန်း ၄၁၉

Vol. 42 Ch. 419

အခန်း(၄၁၉) ကောင်းကင်ဘုံအတိဒုက္ခကို ဆင့်ခေါ်ခြင်း

စစ်မှန်သော အနှစ်သာရများကို ပြန်လည်ဖြည့်တင်းရန် တရားထိုင်နေစဉ် ဆရာတော် ဖန်ယဲ့က ရုတ်တရက် သူ၏ လက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။

"ဒီဘုန်းကြီးရဲ့ နေမင်းမျိုရွှေသပိတ် ဘယ်ရောက်သွားတာလဲ။"

သူက လက်ဝါးကို အကြိမ်ကြိမ် လှန်လှောကြည့်သော်လည်း ဘာမှ မတွေ့ရပေ။

နေမင်းမျိုရွှေသပိတ်၏ အဓိက လုပ်ဆောင်ချက်မှာ သန့်စင်ခြင်း ဖြစ်သည်။ မိစ္ဆာဖြစ်ဖြစ် လူဖြစ်ဖြစ် အထဲသို့ ပစ်ထည့်လိုက်သမျှ အရာအားလုံးကို စင်ကြယ်သောဗုဒ္ဓစွမ်းအားအဖြစ် သန့်စင်ပေးမည်ဖြစ်သည်။ ထိုစွမ်းအားက ဒဏ်ရာများကို ကုသပေးနိုင်သည်။ စစ်မှန်သောအနှစ်သာရကို ပြန်လည်၍ ဖြည့်တင်းပေးနိုင်သည်။ သို့မဟုတ် တိုက်ခိုက်မှုနှင့် ကာကွယ်မှုများကို ဖန်တီးပေးနိုင်သည်။ အခြေခံအားဖြင့် အရန်စွမ်းအင်အဖြစ် အသုံးဝင်၏။ သူက အခုလေးတင် ၎င်းကို ပြန်လည်ဖြည့်တင်းရန် အသုံးပြုနေခြင်း ဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ရတနာ ပျောက်ကွယ်သွားခဲ့သည်။

"အဓိပ္ပာယ်မရှိလိုက်တာ။ ဒီဘုန်းကြီးရဲ့ ဝိညာဉ်လက်နက်က မျက်စိရှေ့မှောက်မှာတင် ဘယ်လိုလုပ် ပျောက်ကွယ် သွားနိုင်မှာလဲ။"

ဆရာတော် ဖန်ယဲ့က သပိတ်ကို ပြန်လည်ဆင့်ခေါ်ရန် ချက်ချင်း ကြိုးစားလိုက်သည်။ နေမင်းမျိုရွှေသပိတ်တွင် လက်နက်ဝိညာဉ် တစ်ခုရှိပြီး ၎င်းမှာ ချိတ်ဆက်ထားသော ရတနာတစ်ခု ဖြစ်သည်။

အာရုံခံနိုင်သော အကွာအဝေးအတွင်း ရှိနေသရွေ့၊ ချက်ချင်း ပြန်လည်ရောက်ရှိလာသင့်သည်။

သို့သော် အာရုံကို စူးစိုက်လိုက်သောအခါ၊ သပိတ်နှင့် သူ၏ အချိတ်အဆက်မှာ လုံးဝ ပြတ်တောက်သွားကြောင်း တွေ့ရှိလိုက်ရသည်။

၎င်းမှာ သူ၏ ဘဏ္ဍာတိုက်မှ ဗုဒ္ဓ၏ လက်ညှိုးအရိုးနှင့် ပိုးချည်သင်္ကန်းတို့ အခိုးခံရစဉ်က အခြေအနေနှင့် လုံးဝ တူညီနေသည်။

တစ်ယောက်ယောက်က ဒီဝိညာဉ်လက်နက်တွေပေါ်က ငါ့ရဲ့ ဝိညာဉ်အမှတ်အသားတွေကို ဖျက်ပစ်လိုက်တာပဲ။

ဆိုလိုသည်မှာ သူ၏ ဘဏ္ဍာတိုက်ကို လုယက်ခဲ့သော သူခိုးသည်လည်း သုမေရုနယ်မြေအတွင်း ရှိနေသည် ဟူသော အဓိပ္ပာယ်ပင်။

အနီးအနားမှာ ရှိနေပြီတော့ ငါ သတိမထားမိဘဲ ငါ့လက်ထဲကနေတောင် ဝိညာဉ်လက်နက်တွေကို ခိုးယူနိုင်စွမ်း ရှိနေတာ။

"ဘယ်သူလဲ။ ဘယ်သူက အတင့်ရဲတာလဲ။" ဆရာတော် ဖန်ယဲ့၏ ဒေါသများ ပွက်ပွက်ဆူလာပြီး သူ၏ အံကြိတ်သံကို အထင်အရှား ကြားနေရသည်။ "သောက်ကျိုးနည်း။ ဒီလောက် ကြောက်စရာကောင်းတဲ့ ခိုးဝှက်မှု စွမ်းရည်မျိုးနဲ့ဆိုရင် မင်းက သေချာပေါက် သာမညလူတော့ မဟုတ်လောက်ဘူး။ ဘာလို့ ဒီလိုမျိုး အရိပ်ထဲမှာ ပုန်းနေရတာလဲ။"

ဘုန်းကြီး၏ အမူအရာကို မြင်သောအခါ ချန်ဟွိုက်အန်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

သူ၏ ကောက်ချက်ချမှုများသာ မှန်ကန်ပါက ဤသည်မှာ ဖန်ယဲ့ အခိုးခံရခြင်း ပထမဆုံးအကြိမ် မဟုတ်ပေ။

သုံးနေခြင်း မရှိသော ပစ္စည်းများကို တိုက်ရိုက် ဝယ်ယူနိုင်သည်။

ဆရာတော် ဖန်ယဲ့ ပိုင်ဆိုင်ထားသော ရှားပါး ပစ္စည်းအမျိုးမျိုးက စတိုးဆိုင်ထဲသို့ ရောက်သွားသည့် အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့ပုံရသည်။ ထိုထိပ်တန်းအဆင့် ဝိညာဉ်ရတနာ ပိုးချည်သင်္ကန်းကို အသုံးမပြုချင်၍ မဟုတ်ဘဲ ၎င်းကို စတိုးဆိုင်က စုပ်ယူသွားပြီး ဖြစ်သောကြောင့် ဖြစ်လောက်သည်။

ဖန်ယဲ့ ဒေါသထွက်နေစဉ် ချန်ဟွိုက်အန်က နေမင်းမျိုရွှေသပိတ်ကို အသုံးပြု၍ တိတ်တဆိတ် ကုသရန် အခွင့်အရေး ယူလိုက်သည်။

ယခုအချိန်တွင် သပိတ်ကို ထုတ်ပြလိုက်ပါက ဘုန်းကြီးကို သေချာပေါက် ဒေါသထွက်စေမည် ဖြစ်သော်လည်း ၎င်းက သူ၏ ရက်စက်သော လက်စားချေ တိုက်ခိုက်မှုကိုလည်း ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။

အခြားလူ တစ်ဦး၏ အရိပ်အယောင်မျှ မတွေ့ရသောအခါ၊ ဖန်ယဲ့၏ သံသယဝင်နေသော အကြည့်များက သဘာဝကျကျပင် ချန်ဟွိုက်အန်အပေါ်သို့ ကျရောက်သွားသည်။ "ဓားကျောင်းတော် ဘိုးဘေးကြီး၊ ဒီဘုန်းကြီးရဲ့ နေမင်းမျိုရွှေသပိတ်ကို မင်း ခိုးသွားတာလား။"

ချန်ဟွိုက်အန် ရယ်လိုက်မိသည်။

သူ၏ နှုတ်ခမ်းမှ သွေးများကိုပင် မသုတ်တော့ဘဲ လှောင်ပြောင်လိုက်သည်။ "ဘုန်းကြီးအို ဖန်ယဲ့။ ဗုဒ္ဓဘာသာ တရားကျင့်တာက မင်းရဲ့ ဦးနှောက်ကို ပုပ်ဟောင်းသွားစေတာလား။ ဒီအရှင်က ဓားကျင့်ကြံသူလေ။ ငါတို့က ဓားတွေကို သုံးတယ်။ မင်းရဲ့ သပိတ်စုတ်ကြီးကို ငါက ဘာလုပ်ရမှာလဲ။ ဒီအရှင်က အဲဒါကို တစ်ချက်တောင် စောင်းကြည့်မှာ မဟုတ်ဘူး။"

"ဘာလုပ်ရမှာလဲ ဟုတ်လား။" ဖန်ယဲ့၏ မျက်လုံးများ ဒေါသကြောင့် အနောက်သို့ပင် လန်မတတ် ဖြစ်သွားသည်။ "ဒီဘုန်းကြီးရဲ့ နေမင်းမျိုရွှေသပိတ်က အသုံးဝင်တဲ့နေရာ အဆုံးအစမဲ့တဲ့ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ကွ။ ဝိညာဉ်ရတနာအဆင့်နဲ့ ခြေတစ်လှမ်းပဲ ကွာတော့တာ။"

သူက အပြစ်တင်သည့်အနေဖြင့် လက်ညှိုးထိုးလိုက်သည်။

"ဝိညာဉ်ရတနာ တစ်ခုတည်း ပိုင်ဆိုင်တဲ့ ကပ်စေးနှဲ ဓားကျင့်ကြံသူက ဘာသိမှာမို့လို့လဲ။"

စိတ်ဝင်စားကြောင်း ဝန်ခံလိုက်ပါက ဘုန်းကြီး၏ စိတ်အခြေအနေကို ပိုမိုဆိုးရွားသွားစေမည်ဟု စိတ်ထဲမှ တွေးကာ ချန်ဟွိုက်အန်က သူ့ကို လျစ်လျူရှုထားလိုက်သည်။

သူက ကုသခြင်းအပေါ်တွင် အာရုံစိုက်လိုက်ပြီး ကျန်းယိပိုင်၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်လိုက်သည်။

သူ ဟာကွက်တစ်ခုကို တွေ့ရှိသွားခြင်း ဖြစ်နိုင်သည်။

"သောက်ကျိုးနည်း။ ကောင်လေး၊ မင်း ဘယ်လိုလုပ်ပြီးတော့ ဒီလောက်မြန်မြန် ပြန်ကောင်းလာတာလဲ။" ကြေးခွံနက်ဓားထဲမှ ကျန်းယိပိုင်က ချန်ဟွိုက်အန်၏ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသော စွမ်းအင်များကို အာရုံခံမိပြီး မှင်သက်သွားသည်။ မူလတာအို ခန္ဓာကိုယ်က ဉာဏ်အလင်းပွင့်ခြင်းအတွက် လူသိများသော်လည်း၊ ကုသနိုင်စွမ်းများကိုတော့ တစ်ခါမှ မကြားဖူးပေ။

"ကျွန်တော့်မှာ နေမင်းမျိုရွှေသပိတ် ရှိတယ်။" ချန်က တိတ်တဆိတ် သတင်းပို့လိုက်သည်။

"ဘာပြောတယ်။" ကျန်းယိပိုင် အံ့ဩမှင်သက်သွား၏။ "မင်း အခုလေးတင် အဲဒါကို ခိုးလိုက်တာလား။"

"အစ်ကိုကြီးရယ်၊ အဲဒီလို ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးပါနဲ့၊" ချန်ဟွိုက်အန်က အနေခက်စွာ ရယ်လိုက်သည်။

"ကံတရား၊ အခွင့်အရေးနဲ့ ကံကြမ္မာကို ဖလှယ်နေတာကို ခိုးတယ်လို့ ခေါ်လို့ရမလား။ သပိတ်က သူ့သဘောနဲ့သူ ကျွန်တော့်ဆီကို ရောက်လာတာလေ။ အဲဒီတော့မှ ကျွန်တော်က သူ့ရဲ့အမှတ်အသားကို ဖျက်ပစ်ပြီး သွေးနဲ့ ချိတ်ဆက်လိုက်တာ။ အဲဒါကို ခိုးတယ်လို့ သတ်မှတ်လို့ရလား။"

ကျန်းယိပိုင် : "..."

အဲဒါက ခိုးတာပဲလေ။

၎င်းက မေးခွန်းတစ်ခု ထွက်ပေါ်လာစေသည်။

မဟာတက်လှမ်းခြင်း ကနဦးအဆင့်မှာသာ ရှိသေးတဲ့ ချန်ဟွိုက်အန်က ဒုတိယမြောက်အတိဒုက္ခ ကျင့်ကြံသူ တစ်ယောက်ရဲ့ ဝိညာဉ်အမှတ်အသားကို ဘယ်လိုလုပ်ပြီးတော့ ဖျက်ပစ်နိုင်တာလဲ။

ဒါက ယုတ္တိဗေဒ အားလုံးကို ဆန့်ကျင်နေတာပဲ။

လူငယ်လေးတွင် အမည်မသိ စွမ်းရည်များ ရှိနေသည်မှာ ရှင်းလင်းလှသည်။

ဓားတာအိုအပြင် ဒီကောင်လေးက ခိုးဝှက်တဲ့ နေရာမှာလည်း ပါဝင်ပတ်သက်နေတဲ့ပုံပဲ။

ထပ်မံ မမေးမြန်းနိုင်ခင်တွင် ဖန်ယဲ့က မဆင်မခြင် ထပ်မံ တိုက်ခိုက်လာသည်။

ချန်ဟွိုက်အန်က ထိုင်နေမြဲ ထိုင်နေပြီး ချဉ်းကပ်လာသော ဘုန်းကြီးကို လျစ်လျူရှုကာ အာရုံစိုက်နေခဲ့သည်။

ရုတ်တရက် သူ၏ အငွေ့အသက်က ချောက်ကမ်းပါးနက်နက်ထဲသို့ ကျဆင်းသွားသကဲ့သို့ ဖြစ်သွားပြီးနောက် အပြင်ဘက်သို့ ပေါက်ကွဲထွက်လာသည်။

ဝုန်း…

သူ၏ စစ်မှန်သော အနှစ်သာရက ပြောင်းပြန်စီးဆင်းနေသော ကောင်းကင်မြစ်တစ်ခုကဲ့သို့ လှိုင်းထလာပြီး ကောင်းကင်ယံသို့ ထိုးဖောက်သွားကာ သုမေရုနယ်မြေကို တုန်လှုပ်စေပြီး နေရာလွတ်ကို ဖောက်ထွက်သွားသည်။

စွမ်းအင်များက ယင်နှင့်ယန်ကို ချိတ်ဆက်ပေးသော ကျောက်စိမ်းတိုင်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး စကြာဝဠာ၏ စွမ်းအားများကို ဆွဲယူလာသည်။

ဤကမ္ဘာမြေကို တုန်လှုပ်စေသော မြင်ကွင်းကို ဆရာတော် ဖန်ယဲ့ မြင်တွေ့လိုက်ရပြီး ထိတ်လန့်တကြားဖြင့် လဲကျမတတ် ဖြစ်သွားသည်။

သူ၏မျက်လုံးများက မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုများကြောင့် ပြူးကျယ်သွားသည်။

မြင့်တက်လာသော စွမ်းအင်များက ကောင်းကင်ဘုံ ဥပဒေသများကို နှောင့်ယှက်နေသည်ကို သူ ရှင်းလင်းစွာ အာရုံခံမိသည်။

ခဏအကြာ အဝေးမှ မိုးကုတ်စက်ဝိုင်းတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်လာသည်။

"ဓားကျောင်းတော် ဘိုးဘေးကြီး။ မင်း…မင်းက ကောင်းကင်ဘုံအတိဒုက္ခကို ဆင့်ခေါ်ဖို့ ကြိုးစားနေတာလား။" ဖန်ယဲ့ တုန်ရီသွားပြီး မျက်နှာက စက္ကူလို ဖြူရော်သွားသည်။ "မဟာတက်လှမ်းခြင်း ကနဦးအဆင့် ကျင့်ကြံသူ တစ်ယောက် အတိဒုက္ခကို အတင်းအကျပ် ဆင့်ခေါ်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ။ မင်းရဲ့ လက်ရှိအဆင့်က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။"

ကောင်းကင်ယံ နက်နက်တွင် ခရမ်းရောင်နှင့် အနက်ရောင် ရောနှောနေသော ကပ်ဘေးတိမ်တိုက်များ စုရုံးလာပြီး ၎င်းတို့အတွင်း၌ မိုးကြိုးများ တလက်လက် လင်းလက်နေသည်။

ကောင်းကင်တာအိုက သတိပြုမိသွားပြီ ဖြစ်သည်။

"ဒီရူးသွပ်မှုတွေကို ရပ်လိုက်စမ်း။"

ဖန်ယဲ့ ဝင်ရောက်စွက်ဖက်ချင်သော်လည်း မဝံ့ရဲပေ။

အသေးစား အတိဒုက္ခနှစ်ခုကို ရှင်သန်ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ သူက ကောင်းကင်ဘုံ၏စွမ်းအားကို လေးစားပြီး၊ သူ၏ လုပ်ရပ်တိုင်းက ကောင်းကင်ဘုံ၏ အမျက်ဒေါသကို ဖိတ်ခေါ်မိမည်ကို ကြောက်ရွံ့နေသည်။

ပုံမှန်အားဖြင့် မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများသည် ကောင်းကင်ဘုံက သူတို့ကို သဘာဝအလျောက် အာရုံခံမိပြီး အတိဒုက္ခကို ဖိတ်ခေါ်စရာမလိုဘဲ ယူဆောင်လာမည့် အချိန်အထိ စောင့်ဆိုင်းကြသည်။

ဘယ်သူက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို သူ့သဘောနဲ့သူ သွားရှာမှာလဲ။ ဒါက ပေါ်ပေါ်ထင်ထင် စိန်ခေါ်တာပဲ။

"ဟားဟားဟား။ ဆရာတော် ဖန်ယဲ့။" ကောင်းကင်ဘုံ၏ ဖိအားအောက်တွင် မျက်နှာပေါက် ခုနစ်ပေါက်မှ သွေးများ ယိုစီးနေသော်လည်း ချန်ဟွိုက်အန်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ "ငါ မင်းကို မနိုင်ရင်တောင် မင်းကို ငါနဲ့အတူတူ ငရဲကို ဆွဲခေါ်သွားမယ်။"

"ငါ့ရဲ့ တပည့်တွေကို မင်း ဒုက္ခပေးလို့ မရဘူး။ မင်းရဲ့ မြင့်မြတ်နယ်မြေ၊ အဲဒါကိုလည်း မင်း ကာကွယ်နိုင်မှာ မဟုတ်ဘူး။"

"အတူတူ သေကြတာပေါ့။ ဟီးဟီးဟီး။"

"ဓားကျောင်းတော် ဘိုးဘေးကြီး။ ညှိနှိုင်းကြရအောင်။ တော်လိုက်ပါတော့။" ဖန်ယဲ့က အရှေ့လည်းမတိုး အနောက်လည်းမဆုတ်ဘဲ အေးခဲနေသည်။ သူက ညင်သာစွာ တောင်းပန်ရင်း သူ၏ လက်နက်များ အားလုံးကို အလျင်အမြန် ထုတ်ယူလိုက်သည်။

"မင်းမှာ သူငယ်ချင်းတွေ၊ တပည့်တွေ ရှိသေးတယ်လေ။ ဒီမှာ သေရတာက မတန်ပါဘူး။ ဒါကို ရပ်လိုက်ပါ။ ဒီဘုန်းကြီးက ဒီနေ့ ပြစ်မှားမှုတွေကို ခွင့်လွှတ်ပေးပါ့မယ်။"

ချန်ဟွိုက်အန် - "မင်း အမေကိုသာ ခွင့်လွှတ်လိုက်။ ငါ အခု ရပ်လို့ မရတော့ဘူး။"

ဖန်ယဲ့ - "အော်မီတော်ဖော်၊ ကြိုးစားရင် ရနိုင်ပါတယ်... လိမ္မာပါတယ်၊ အကြောင်းပြချက်ကို နားထောင်ပါ။"

ချန်ဟွိုက်အန် - "နားမထောင်ဘူး။ မင်းက အဓိပ္ပာယ်မရှိတာတွေ ရွတ်နေတာ။"

ဖန်ယဲ့ - "..."

...

ဝုန်း…

ရွှေဗုဒ္ဓပင်လယ် အထက်တွင် မိုးကြိုးတိမ်တိုက်များ စုရုံးလာသည်။

မိုးကြိုးများက ရွှေရောင် မိုးကြိုးလုံးကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး မြေကြီးကို စိုက်ကြည့်နေသော ကောင်းကင် မျက်လုံးကြီး တစ်လုံးနှင့် တူနေသည်။

သက်ရှိအားလုံးက ၎င်းအတွင်း ပါဝင်နေသော ကောင်းကင်ဘုံ၏ အမျက်ဒေါသကို အာရုံခံမိကြသည်။

ယောင်ချီ မြင့်မြတ်နယ်မြေတွင် ယွိယောင်က သူ၏ သတ်ဖြတ်နေမှုကို ခေတ္တရပ်လိုက်ပြီး ရွှေဗုဒ္ဓပင်လယ်ဆီသို့ အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေရင်း ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။

"ဘယ်သူကများ ဒီလိုမျိုး ကောင်းကင်ဘုံရဲ့ ဒေါသကို ဖိတ်ခေါ်လိုက်တာလဲ။ အဲဒီဘုန်းကြီးအို ဖန်ယဲ့များ ဖြစ်နေမလား။"

သူက နှမြောတသစွာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။

ဖန်ယဲ့ရဲ့ စစ်မှန်တဲ့အနှစ်သာရက တကယ်ကောင်းမွန်တဲ့ အာဟာရ ဖြစ်လာမှာပဲ၊ သူသာ အငွေ့ပျံသွားခဲ့ရင် တကယ့်ကို နှမြောစရာပဲ။

မိုးကြိုးက သူ့ကို သေတစ်ဝက် ရှင်တစ်ဝက် ချန်ထားခဲ့ပြီးတော့ ငါ ရိတ်သိမ်းခွင့် ရဖို့ပဲ မျှော်လင့်ရတာပေါ့။

ယွိယောင်က အသက်ရှူမှန်အောင် ထိန်းလိုက်ပြီး အနီးအနားရှိ ကျင့်ကြံသူများအား စုပ်ယူနေခြင်းကို နှေးကွေးလိုက်သည်။

ကောင်းကင်ဘုံ၏ အမျက်ဒေါသက သူ့ကို ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း သတိထားခြင်းက ပညာရှိရာကျသည်။

ကောင်းကင်ဘုံ၏အလိုဆန္ဒ ရုပ်လုံးပေါ်လာသောအခါ ဆွေမျိုးဟူ၍ မသိတော့ပေ။

မိစ္ဆာကြီး တစ်ကောင်ဟု အထင်လွဲခံရလျှင် သူ ပြင်ဆင်ထားသည့် အရာအားလုံး ပျက်စီးသွာပေးလိမ့်မည်။

...

ရွှေဗုဒ္ဓပင်လယ် အထက်တွင်….

ဖိနှိပ်နေသော အနက်ရောင် တိမ်တိုက်ကြီးများက သမုဒ္ဒရာရေပြင်နှင့် ထိလုနီးပါး ဖြစ်နေသည်။

မုန်တိုင်းဆင်နေသော နတ်ဘုရား စွမ်းအားကြီးက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

ရွှေရောင် မိုးကြိုးမျက်လုံးကြီးက တဖြည်းဖြည်း နီရဲလာပြီး ဒေါသများ ပြည့်လျှံနေသကဲ့သို့ ဖြစ်လာကာ ကောင်းကင်ဘုံကို ဆန့်ကျင်သော ပြစ်မှုကျူးလွန်သူအား ပြာကျသွားစေရန် ခိုင်မာစွာ ဆုံးဖြတ်ထားပုံရသည်။

…

All Chapters