အခန်း (၁၉၄၅-၁၉၄၆)
Vol. 195 Ch. 1945-1946
အခန်း (၁၉၄၅) - စစ်မှန်သော မသေမျိုးရာထူးကို စွန့်လွှတ်ခြင်း
“ဒီတစ်ခါတော့ သူ တကယ်ကြီး ထွက်သွားတာပဲ၊ နောက်ဆိုရင်လည်း ပြန်လာတော့မှာ မဟုတ်ဘူး ထင်တယ်”
ယွမ်ဟယ်၏ မျက်နှာတွင် လွမ်းမောဖွယ် အရိပ်အယောင်များ ပေါ်လွင်နေသည်။
ဖန့်ကျန့်ထျန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး
“သူ ဒီနေ့ကို စောင့်နေတာ တော်တော်ကြာပါပြီ၊ အခုတော့ သူ ဖြစ်ချင်တဲ့ ဆန္ဒ ပြည့်သွားတာပေါ့”
“ဒီလို နည်းလမ်းနဲ့ ထွက်သွားရတာ သူ့အတွက်တော့ လွတ်မြောက်မှု တစ်မျိုးပဲ၊ သူ့အတွက် သက်သာခွင့် ပေးလိုက်သလို ဖြစ်သွားတာပေါ့”
ယွမ်ချွဲ၏ မျက်နှာထက်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။
ဤယန်နတ်ဘုရားများ အုပ်စုသည် လျှို့ဝှက်ချက် အမြောက်အမြားကို သိရှိထားကြသူများဖြစ်ကြောင်း လူတိုင်း နားလည်ထားကြသည်။ နယ်မြေကိုးခုအတွင်း မည်မျှပင် နက်နဲသော လျှို့ဝှက်ချက်ဖြစ်ပါစေ ၎င်းတို့ သိရှိနိုင်ခြေ ရှိသဖြင့် ယခု သူတို့ ပြောနေသည့် စကားအချို့ကို နားမလည်ခြင်းမှာ သဘာဝကျပြီး မည်သူမျှလည်း အာရုံမထားကြချေ။
သူတို့ သိထားသည်မှာ ဤ ‘ကောင်းကင်ဘုံလမ်းစဉ် အတု’ သည် နယ်မြေကိုးခုမှ ထွက်ခွာသွားတော့မည် ဆိုသည့် အချက်ပင်။ မည်သည့်နေရာသို့ သွားမည်နည်း ဆိုသည်မှာတော့ အရေးမကြီးတော့ချေ။
“ဆရာ... သူက သံသရာမသေမျိုးဂိုဏ်း ကို အကြွေးတင်နေတယ်လို့ ပြောသွားတယ် မဟုတ်လား”
ဤကိစ္စနှင့် ပတ်သက်၍ ဆရာယွမ်ဟယ် မည်သို့ မြင်သည်ကို ဖန့်ချန် သိလိုသည်။
“ဟုတ်တယ်လေ၊ သူက အရင်တုန်းက နယ်မြေကိုးခုရဲ့ ကောင်းကင်ဘုံလမ်းစဉ် ဖြစ်ခဲ့ပေမဲ့ ကောင်းကင်ဘုံလမ်းစဉ်က လိုက်နာရမယ့် စည်းမျဉ်းတွေကို မတော်တဆ ချိုးဖောက်ခဲ့မိတာ။ အခု အဲဒီအတွက် တန်ဖိုးတူ ပြန်လည် ပေးဆပ်နိုင်မှပဲ သူ ပြည့်စုံသွားပြီး ထွက်ခွာနိုင်မှာပေါ့”
ယွမ်ဟယ်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
ဖန့်ချန်၏ မျက်နှာမှာ မှင်သက်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဆရာ... သူနဲ့ သံသရာမသေမျိုးဂိုဏ်းကြားမှာ ဘာပတ်သက်မှုတွေ ရှိနေလို့လဲ”
“မင်း ဘာတွေ မေးနေတာလဲ”
ဖန့်ကျန့်ထျန်းက မျက်မှောင်ကြုတ်ကာ
“သူနဲ့ နယ်မြေကိုးခုကြားမှာ ဘာပတ်သက်မှု ရှိရမှာလဲ၊ ကောင်းကင်ဘုံလမ်းစဉ်နဲ့ နယ်မြေကိုးခုကြားက ပတ်သက်မှုမျိုးပဲပေါ့။ အသေးစိတ် ပြောရရင် အရင်တုန်းက သူဟာ နယ်မြေကိုးခုရဲ့ စနစ် ပဲ။ သူကိုယ်တိုင် စနစ်ကို ဖျက်ဆီးခဲ့လို့ အခု ပြစ်ဒဏ်ခံနေရတာ”
“ဪ... ဒါကြောင့်ကိုး”
ဖန့်ချန်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သော်လည်း သူ၏ မျက်ဝန်းများမှာမူ အလွန် တည်ကြည် လေးနက်နေသည်။
ယွမ်ဟယ် ဖြစ်စေ၊ ဖန့်ကျန့်ထျန်း ဖြစ်စေ သူတို့အားလုံးသည် သံသရာမသေမျိုးဂိုဏ်း ဆိုသည့် အမည်ကို သိမြင်နိုင်စွမ်း ဆုံးရှုံးသွားပြီး ၎င်းကို နယ်မြေကိုးခု ဆိုသည့် အမည်ဖြင့် အလိုအလျောက် အစားထိုး သိမြင်နေကြသည်ကို သူ သတိပြုမိလိုက်သည်။
ဒါဟာ ရိုးရိုးရှင်းရှင်း ယန်နတ်ဘုရား နောက်ဆက်တွဲ ဝေဒနာ တစ်ခုတည်း မဟုတ်တော့ချေ။
“ဝမ်အိုကြီး... နယ်မြေကိုးခု အပေါ် မင်းရဲ့ အမြင်က ဘယ်လိုလဲ”
ဖန့်ချန်သည် ဝမ်ချုံစန်းထံသို့ ရုတ်တရက် စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။
“မင်းက နယ်မြေကိုးခုအပေါ် ငါ့အမြင်ကို သိချင်တာလား ဒီကိစ္စတွေ ပြီးသွားရင် ငါ ပြန်ပြီး သေချာ စနစ်တကျ ပြုစုပေးမယ်၊ မှတ်တမ်းတစ်ခု လုပ်ပေးထားမယ်၊ မင်းဘာသာမင်း ကြည့်လိုက်ပေါ့။ အခု မင်းရဲ့ ခွန်အားက နယ်မြေကိုးခုကို ပေါင်းစည်းဖို့ လုံလောက်နေပြီ၊ ဝေ့ဝိုက်နေစရာ မလိုတော့ဘူး။ ဘယ်သူ စကားမနားထောင်လဲ၊ တိုက်ရိုက် သွားချပစ်လိုက်ရုံပဲ။ ငါလည်း ငါ့ရဲ့ ကိုယ်ပွားပညာရပ်ကို သေချာ လေ့လာရဦးမယ်။ ငါ အထွက်မှာ ကောင်းကင်ဘုံလမ်းစဉ်သစ် နန်းတက်နေပြီလို့ပဲ မျှော်လင့်တယ်”
ဝမ်ချုံစန်းက စိတ်ချင်းဆက်သွယ်ကာ ပြန်ဖြေလာသည်။
“...”
ဖန့်ချန် အခုတော့ သေချာသွားပြီ။ ယခင်ကဖြစ်စေ၊ ယခုလေးတင်ဖြစ်စေ သို့မဟုတ် လီတောက်ယဲ့ ထွက်သွားပြီးနောက် ဖြစ်စေ၊ တစ်စုံတစ်ရာသော ထူးခြားသည့် စွမ်းအားက ‘သံသရာမသေမျိုးဂိုဏ်း’ နှင့် ပတ်သက်သော လူတိုင်း၏ သိမြင်မှုကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
ဤစွမ်းအားသည် ယခင်က မိစ္ဆာမျိုးနွယ်များ အသုံးပြုခဲ့သည့် တားမြစ်ပညာရပ်နှင့် ဆင်တူနေသည်။ လူသားမျိုးနွယ်၏ လူဝင်စားခြင်း အပေါ် သိမြင်မှုကို အကြီးအကျယ် လွဲချော်သွားအောင် ပြုလုပ်ခဲ့သည့် ပညာရပ်မျိုးပင်။
“အဲဒီတုန်းက ဒီပညာရပ်ကို သုံးဖို့ မိစ္ဆာမျိုးနွယ်တွေ အကြီးအကျယ် ရင်းနှီးခဲ့ရတယ်၊ ဒါတောင် ယန်နတ်ဘုရားတွေနဲ့ လူဝင်စားတွေကို အမှန်တကယ် မလွှမ်းမိုးနိုင်ခဲ့ဘူး။ အခုတော့ အဘိုးတို့အထိတောင် သံသရာမသေမျိုးဂိုဏ်းအပေါ် သိမြင်မှု ပျောက်ဆုံးသွားပြီဆိုတော့ ဒီကိစ္စက...”
ဖန့်ချန်သည် မီးခိုးရောင် သန်းနေသော ဟင်းလင်ပြင်ကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ရှိသည်။
“ငါ့ရဲ့ သံသရာမသေမျိုးဂိုဏ်းက စီနီယာတွေ ဒါမှမဟုတ် ဂျူနီယာတွေရဲ့ လက်ချက် ဖြစ်ဖို့ များတယ်။ ဒါပေမဲ့ အခုထိတော့ ငါက ဂိုဏ်းတူ ညီအစ်ကို နှစ်ယောက်တည်းပဲ တွေ့ဖူးသေးတယ်...”
“ငရဲမင်းဖန့်... ငါတို့ကို ဘယ်လို စီရင်ဖို့ ကြံရွယ်ထားလဲ”
ဖန့်ချန်တို့ အုပ်စုမှာ စကားလက်ဆုံ ကျနေကြပြီး လက်ရှိ အခြေအနေကို မေ့လျော့နေသကဲ့သို့ ရှိနေသဖြင့် ကျန်းရန်သူတော်စင်က မနေနိုင်ဘဲ အသံမြှင့်ကာ မေးလိုက်သည်။
“ငါတို့ကို ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲ ထည့်ထားဖို့တော့ မကြံနဲ့နော်။ ငါတို့ရဲ့ တန်ဖိုးက သာမန် ယင်စစ်သည်တွေထက် အများကြီး သာပါတယ်။ အကယ်၍ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်က နောက်တစ်ခါ ထိန်းချုပ်မှု လွတ်သွားရင် တခြားလူတွေအတွက် အခွင့်ကောင်း ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်”
သူတော်စင် တစ်ဦးက ခပ်နောက်နောက် ပြုံးရင်း ဆိုလိုက်သည်။
သူ၏ စကားမှာ သူတို့ကို ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲ ထည့်ခြင်းသည် ကောင်းသော ရွေးချယ်မှု မဟုတ်ကြောင်း ဖန့်ချန်ကို သတိပေးနေခြင်းသာ ဖြစ်သည်။
“ငရဲမင်းဖန့်... အားလုံးက လူသားမျိုးနွယ် ကျင့်ကြံသူတွေချည်းပါပဲ။ ငါတို့ လျှောက်ခဲ့တဲ့ လမ်းက မဖြောင့်ဖြူးတော့ဘူးဆိုမှတော့ မင်းတို့နောက်ကိုပဲ လိုက်ပြီး မင်းတို့ လမ်းအတိုင်းပဲ လျှောက်ကြရင်ရော ဘယ်လိုလဲ ကောင်းကင်ဘုံလမ်းစဉ်သစ် နန်းတက်လာတဲ့အခါမှာ ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ်အဖွဲ့ ဘက်က ဖိအားတွေကို ရင်ဆိုင်ဖို့ ငါတို့မှာ အချိန်လုံလုံလောက်လောက် ရှိသွားမယ်။ ဒါဟာ တကယ်ပဲ လူမျိုးစုရဲ့ ကံကြမ္မာကို မြှင့်တင်ပေးနိုင်ပြီး အထွတ်ထိပ်အရိုး ကို ပြန်လည် ဖန်တီးပေးနိုင်မှာလည်း ဖြစ်နိုင်တာပဲ”
ကျန်းရန်သူတော်စင်က ပြုံးလျက် ဆိုသည်။
“မင်းတို့ကို မသတ်ရမယ့် အကြောင်းပြချက် တစ်ခုလောက် ပေးပါဦး”
ဖန့်ချန်က ရယ်မောကာ မေးလိုက်သည်။
“ခုနက အကြောင်းပြချက်တွေက မလုံလောက်သေးဘူးလား”
ကျန်းရန်သူတော်စင်က ဆက်ပြောသည်
“မင်း ဝမ်တောက် (ယွမ်ဟယ်) နဲ့ ဖန့်လဲ့ (ဖန့်ကျန့်ထျန်း) ကို မေးကြည့်ပါဦး၊ သူတို့က ငါတို့ကို သတ်ချင်ပါ့မလားလို့”
ဖန့်ချန်သည် လူကြီးနှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“သူ့ကို သတ်ဖို့ဆိုရင် ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို သုံးရမယ်၊ ဒါပေမဲ့ ဂူမော့က ဒီနေရာမှာ ပုန်းအောင်းနေသေးလားဆိုတာ ငါတို့ အာမမခံနိုင်ဘူး။ အကယ်၍ ဒီကောင်တွေကို ချေဖျက်နေတုန်း မျှော်စင်က မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ရင် သူများ ကြားဖြတ်လုတာ ခံရနိုင်တယ်”
ဖန့်ကျန့်ထျန်းက တည်ငြိမ်စွာ ပြုံးလျက်
“ဒါ့အပြင် အခု သူတို့က ဝိညာဉ်ကြွင်း လေးတွေပဲ ရှိတာ။ တကယ့် ဝိညာဉ်ရင်းက ဒီကို လာတာ မဟုတ်ဘူး။ သူတော်စင်အဆင့်တွေပဲလေ၊ ဒီလောက်တော့လည်း မမိုက်မဲပါဘူး”
ဝိညာဉ်ကြွင်း
လူတိုင်း မှင်သက်သွားကြပြီး ကျန်းရန်သူတော်စင်တို့ အုပ်စုကို မယုံကြည်နိုင်သလို ကြည့်လိုက်ကြသည်။
ဒီလူတွေက ဝိညာဉ်ကြွင်းနဲ့ပဲ လာတာလား ဝိညာဉ်ကြွင်းလေးနဲ့တင် ဒီလောက် ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားတာလား။
“မင်းကတော့ မင်းပါပဲကွာ”
ကျန်းရန်သူတော်စင်က သက်ပြင်းချရင်း ဆိုလိုက်သည်။
လော့ရွှယ်သူတော်စင် တို့ အုပ်စုသည်လည်း ခပ်ပါးပါး ပြုံးလိုက်ကြသည်။
အစကတည်းက ကျန်းရန်သူတော်စင်တို့သည် မသေနိုင်သော အနေအထားတွင် ရှိနေခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း အခုမှ နားလည်သွားကြသည်။ လက်ရှိ ဝိညာဉ်ကြွင်းများ သေဆုံးသွားလျှင်ပင် ဝိညာဉ်ရင်းအပေါ် သက်ရောက်မှုမှာ သူတို့ လက်ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိပေလိမ့်မည်။
“အဘိုးရဲ့ သဘောကရော”
ဖန့်ချန်က ပြုံးကာ မေးလိုက်သည်။
“ဝိညာဉ်ကြွင်းပဲ ဖြစ်ဖြစ်၊ သတ်သင့်ရင် သတ်ရမှာပဲ။ သူတို့ကို ဒုက္ခပေးနိုင်မယ့် အခွင့်အရေး ရှိနေတာကိုတော့ သူတို့ကို အေးအေးဆေးဆေး ထွက်သွားခွင့် မပေးနိုင်ဘူး”
ဖန့်ကျန့်ထျန်းက ရယ်မောရင်း ဆိုသည်။
“နားလည်ပါပြီ”
ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ယင်စစ်သည် အုပ်စုကြီးမှာ ကျင်ယန်သူတော်စင်တို့ အုပ်စုကို တိုက်ရိုက် သတ်ဖြတ်ရန် စတင်တော့သည်။
“ဖန့်လဲ့... မင်းတို့ ရဲလှချေလား”
ကျန်းရန်သူတော်စင်သည် ထိတ်လန့် ဒေါသထွက်သွားသော်လည်း စကားပြောရန် အခွင့်အရေး မရတော့ချေ။ ခဏချင်းအတွင်းမှာပင် ယင်စစ်သည် အုပ်စုကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
မသေမျိုးလောကငယ်နှင့် ဝိညာဥ်သုတ်သင်ခြင်းဌာနမှ ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါ ရှီးရှင်းဟိုင်ထံသို့ အလိုအလျောက် လှမ်းကြည့်လိုက်ကြသည်။
ရှီးရှင်းဟိုင်၏ မျက်နှာမှာ ညိုမှောင်နေပြီး သူ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ချေ။
ခဏအကြာတွင် ကျန်းရန်သူတော်စင်တို့၏ ဝိညာဉ်ကြွင်းများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“သူတို့ရဲ့ ဝိညာဉ်ရင်းတွေက ရှေးဟောင်းတားမြစ်နယ်မြေ မှာ ရှိနေဦးမှာပဲ။ ဒီနေရာကနေ ထွက်သွားရင် မင်းလူတွေခေါ်ပြီး သွားရှင်းလင်းလိုက်ဦး”
ဖန့်ကျန့်ထျန်းက ပြောသည်။
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ အကြည့်မှာ ရှီးရှင်းဟိုင်ထံ၌ ကျရောက်သွားသည်။
“စစ်မှန်သော မသေမျိုး ရှီး... မင်း အခု ဆုံးဖြတ်ချက် တစ်ခုခု ချသင့်ပြီ”
“ငါ့မှာ ဘာဆုံးဖြတ်ချက် ရှိမှာလဲ၊ သတ်ချင်ရင် သတ်လိုက်ပေါ့။ နယ်မြေကိုးခုက သေဆုံးသွားပြီဆိုမှတော့ မင်းတို့လည်း မကြာခင် ငါ့နောက်ကို လိုက်လာရမှာပဲ”
ရှီးရှင်းဟိုင်က ခပ်ဖွဖွ ပြုံးရင်း ဆိုသည်။
သူက ခေတ္တရပ်လိုက်ပြီး
“အဲဒီမတိုင်ခင် မင်းတို့ နတ်ဘုရားလောက ဘက်က ကိစ္စတွေကို အရင် စဉ်းစားထားလိုက်ဦး။ နတ်ဘုရားမှန် ကို မင်းတို့ သတ်လိုက်ပြီဆိုတော့ နတ်ဘုရားလောကက ကျဆုံးမသေမျိုး တွေ ယင်လောကကို ဆင်းလာတာကို ဘယ်သူမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး”
“နတ်ဘုရားမှန် ကို ငါတို့ သတ်လိုက်တယ်လို့ ဘယ်သူပြောလဲ”
လန်တောက်ချွန်းက ရယ်မောရင်း ဆိုလိုက်သည်။
ရှီးရှင်းဟိုင်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီးနောက် လန်တောက်ချွန်း၏ လက်ထဲတွင် ရှေးဟောင်း မှန်တစ်ချပ် ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
“ဪ... ဖိနှိမ် ခံထားရတာကိုး”
“နတ်ဘုရားမှန် သေသွားရင် မသေမျိုးလောကငယ်ဘက်က သွေးတံခါး စစ်ဆေးရေးဂိတ်ကို ကျဆုံးနေမသေမျိုး တွေ အလွယ်တကူ ကျော်ဖြတ်နိုင်သွားမှာစိုးလို့ ငါ ပြောနေတာ”
“မင်းက နတ်ဘုရားမှန် ကိုတောင် ဖိနှိမ်နိုင်တာလား...”
ရှီးရှင်းဟိုင် အနည်းငယ် မယုံကြည်နိုင်သလို ဖြစ်နေသည်။
“စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော့်ရဲ့ နည်းလမ်းတွေက ဝိညာဉ်ရတနာအချို့အပေါ်မှာ သဘာဝအတိုင်း ဖိနှိပ်နိုင်စွမ်း ရှိနေလို့ပါ။ နတ်ဘုရားမှန် ပြင်ကို ဖိနှိမ်တာကလည်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သိပ်ပြီး ထူးခြားတဲ့ အရည်အချင်း မဟုတ်ပါဘူး”
လန်တောက်ချွန်းက ရယ်လျက် ဆိုသည်။
ရှီးရှင်းဟိုင်၏ မျက်နှာမှာ အုံ့မှိုင်းသွားပြီး လန်တောက်ချွန်းကို စိုက်ကြည့်နေသည်။
အစကတည်းက သူတို့အုပ်စုမှာ တစ်ဖက်လူ၏ လက်ခုပ်ထဲက ရေ ဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း အခုမှ သူ သေချာသွားတော့သည်။
“အစကတည်းက ငါတို့မှာ အနိုင်ရနိုင်ခြေ တစ်စက်ကလေးမှ မရှိခဲ့ပါလား... ဒါပေမဲ့ မင်းတို့... နောင်တရလိမ့်မယ်”
ရှီးရှင်းဟိုင်သည် သက်ပြင်းအသာချလိုက်ပြီးနောက် သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာ ရုတ်တရက် ကြမ်းတမ်းလာသည်။ စက္ကန့်အနည်းငယ် အကြာတွင် ထိုအရှိန်အဝါများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ ပုံရိပ်မှာလည်း ဖြည်းဖြည်းချင်း မှေးမှိန်သွားတော့သည်။
“သူက စစ်မှန်သော မသေမျိုး ရာထူးကို စွန့်လွှတ်လိုက်ပြီ”
ချန်ဖေးဖေးက မျက်မှောင်ကြုတ်ကာ တီးတိုး ဆိုလိုက်လေသည်။
အခန်း (၁၉၄၆) - သခင်အဖြစ် အသိအမှတ်ပြုခြင်း
ရှီးရှင်းဟိုင်သည် လူအများ၏ စိုက်ကြည့်နေမှုအောက်မှာပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
မသေမျိုးလောကငယ်နှင့် ဝိညာဥ်သုတ်သင်ခြင်းဌာနမှ ကျင့်ကြံသူများသည် မချိတင်ကဲဖြစ်သော မျက်နှာထားများဖြင့် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူတို့သည် ခါးကိုအသာညွှတ်ကာ ရှီးရှင်းဟိုင်အား နောက်ဆုံးခရီး လိုက်လံပို့ဆောင်သည့်နှယ် အရိုအသေပေးလိုက်ကြသည်။
“အဆင့် ၉ စစ်မှန်သော မသေမျိုးတစ်ယောက်အနေနဲ့ နယ်မြေကိုးခုကနေ ထွက်ခွာဖို့ပဲ စိတ်အားထက်သန်နေခဲ့တာဆိုတော့... သူ့မှာ နောက်ကွယ်က ဝှက်ဖဲ တစ်ခုတလေမှ မရှိဘူးဆိုတာ ငါတော့ သိပ်မယုံချင်ဘူး”
ချန်ဖေးဖေးက ရုတ်တရက် စကားစလာပြီး လူတိုင်းကို လှည့်ကြည့်ကာ
“ခင်ဗျားတို့ကော ဘယ်လိုထင်လဲ”
“ဝှက်ဖဲ ရှိရှိ၊ မရှိရှိ... သူက အဆင့် ၉ စစ်မှန်သော မသေမျိုးရာထူးကို စွန့်လွှတ်သွားခဲ့ပြီပဲ။ လောကကြီးမှာ အဆင့် ၉ နေရာ တစ်နေရာ ထပ်တိုးလာတာပေါ့”
အဆင့် ၉ ကျင့်ကြံသူတစ်ဦးက တည်ငြိမ်စွာ ဆိုသည်။
ထိုသို့ပြောပြီးမှသာ သူတို့သည် လက်ရှိ နယ်မြေကိုးခုတွင် အဆင့် ၉ အဆင့် တိုက်ပွဲဝင်ခွန်အားမှာ မလုံလောက်တော့ကြောင်း သတိရသွားကြပြီး စိတ်ထဲမှ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
“နောက်ပိုင်းကျရင်တော့ နယ်မြေကိုးခုကို သန့်စင်ဖို့ပဲ ကျန်တော့တာပေါ့”
တစ်စုံတစ်ယောက်က လွမ်းမောဖွယ် အသံဖြင့် ဆိုလိုက်သည်။
သို့သော်လည်း ရုတ်တရက် လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရပြီး အလိုအလျောက် ဖန့်ချန်ထံသို့ လှည့်ကြည့်လိုက်ကြသည်။ ဖန့်ချန်၏ လက်ထဲရှိ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်သည် အနက်ရောင် အလင်းတန်းတစ်ခုကို စူးရှစွာ ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရ၏။
ထိုအနက်ရောင်သည် ဖန့်ချန်ကို တစ်ကိုယ်လုံး ဝါးမြိုပစ်တော့မည့်အလား ထင်မှတ်ရသည်။
“ဒါ ဘာဖြစ်တာလဲ”
လူတိုင်း သံသယများဖြင့် ထိတ်လန့်နေကြသည်။
မော်ထျန်းတီကျန့်သည် တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် အံ့အားသင့်စွာ ဆိုလိုက်သည်။
“ဆယ့်ရှစ်ထပ် ငရဲမျှော်စင်က သခင်အဖြစ် အသိအမှတ်ပြု နေတာပဲ”
သူမ၏ စကားပင် မဆုံးသေးမီမှာပင် ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းမှ ပြစ်ဒဏ်သင့်တုတ် ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများ စတင်ဖြာထွက်လာတော့သည်။
“ဒါက... ယင်လောကရဲ့ ထိပ်တန်းရတနာ ဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ ပြစ်ဒဏ်သင့်တုတ်လား”
လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။
သူတို့သည် ယင်လောက၏ ထိပ်တန်းရတနာ ဆယ်ပါးအကြောင်းကို ကောင်းကောင်းသိကြသည်။ အကြောင်းမှာ သူတို့ အသီးသီး ထိန်းချုပ်ထားသော ယင်လောကအတုများတွင် အဆိုပါ ရတနာအချို့၏ အပိုင်းအစများ ရှိနေသောကြောင့် ဖြစ်သည်။ ထိုရတနာ အပိုင်းအစများကို အခြေခံ၍သာ လူဝင်စားနိုင်သော ‘ယင်လောကငယ်လေးများ’ ကို တည်ဆောက်နိုင်ခဲ့ကြခြင်းဖြစ်ပြီး ဝိညာဉ်နတ်ဘုရားလမ်းစဉ်ထက် များစွာနိမ့်ကျသော ယင်မသေမျိုးလမ်းစဉ် ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
“ယင်လောကရတနာတွေ ပေါင်းစည်းသွားရင် ယင်လောကငယ်ရဲ့ နယ်နိမိတ်က ပိုကျယ်လာလိမ့်မယ်။ ဖူထူလောက ရဲ့ အစိတ်အပိုင်းအချို့ကိုလည်း ယင်လောကငယ်ထဲ သိမ်းသွင်းနိုင်လိမ့်မယ်။ ငရဲမင်းရဲ့ အခွင့်အာဏာကလည်း ပိုပြီး မြင့်မားလာတော့မှာပေါ့”
ယွမ်ဟယ်က ပြုံးလျက် ဖန့်ကျန့်ထျန်းကို တစ်ချက်ကြည့်ကာ
“ဖန့်ချန် ဒီလမ်းကို ရွေးချယ်တာက ဓားတစ်လက်ကိုင်ပြီး လျှောက်သတ်နေတာထက် ပိုပြီး အကျိုးရှိပါတယ်”
“အခုမှ အစပဲ ရှိသေးတာ၊ ပြောလို့မရသေးဘူး”
ဖန့်ကျန့်ထျန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
“နှစ်ယောက်လုံး... ငါတို့ ကျန်းရန်သူတော်စင်တို့ဆီ သွားသင့်ပြီ မဟုတ်လား”
ယွမ်ချွဲက အေးစက်စွာ နှာခေါင်းရှုံ့ရင်း
“အကယ်၍ သူတို့ ကြိုတင်ထွက်ပြေးသွားပြီး ဆက်ပုန်းနေမယ်ဆိုရင် နောက်တစ်ခါ ဘာပြဿနာ ထပ်ရှာဦးမလဲ မသိနိုင်ဘူး။ နာမကျန်းဖြစ်တုန်း အသက်နှုတ်တာကမှ အမှန်ကန်ဆုံးပဲ”
“သဘောတူတယ်”
“ငါလည်း သဘောတူတယ်”
ယန်နတ်ဘုရားများက တစ်ယောက်ပြီးတစ်ယောက် ဆိုလိုက်ကြသည်။
အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် ဤယန်နတ်ဘုရားများကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့ မြင်ယောင်နိုင်သည်မှာ... ဤနာမည်မရှိသော ယန်နတ်ဘုရားများသည်ပင် ရှေးဟောင်းခေတ်ကာလက နယ်မြေတစ်ခုကို စိုးမိုးခဲ့သော အကြီးအကဲများ ဖြစ်နိုင်ကြောင်းပင်။ ခေတ်ကာလက အလွန်ဝေးကွာလှသဖြင့် ထိုအကြီးအကဲများ၏ ဘဝရာဇဝင်များကို သူတို့ မသိနိုင်ကြတော့ချေ။
“နှစ်ယောက်လုံး... ဒီနေရာက ကိစ္စတွေ လုံးဝအေးဆေးသွားအောင် စောင့်ပြီးမှ ကျန်းရန်သူတော်စင်တို့ကို အတူတူ သွားရှင်းကြရင် မကောင်းဘူးလား”
နဂါးသူတော်စင် က ရုတ်တရက် မေးလိုက်သည်။
“ဟုတ်တယ်... ငါတို့ရဲ့ နောက်ထပ် လှုပ်ရှားမှုတွေကို မခွဲဘဲ တညီတညွတ်တည်း လုပ်တာက ပိုကောင်းမယ်။ ဒါမှ ရန်သူက အားနည်းချက် ရှာမရမှာ”
လန်တောက်ချွန်းက ထောက်ခံလိုက်သည်။
“ဂူမော့က အသက်ရှင်နေသေးတယ်”
ရှောက်မုန့်ယွမ်က သတိပေးလိုက်သည်။
“ဂူမော့ကတော့ ခဏတဖြုတ် လှုပ်ရှားနိုင်မှာ မဟုတ်တော့ဘူး”
ယွမ်ဟယ်က ပြုံးလိုက်ပြီး
“ကျန်းရန်သူတော်စင်တို့ကတော့ တိုက်ခိုက်နိုင်စွမ်း ရှိနေသေးတယ်၊ သူတို့ ပုန်းမသွားခင် သူတို့ကို အကြာကြီး အနားယူ သွားအောင် အရင်လုပ်ရမယ်”
ထိုသို့ပြောပြီးနောက် ယွမ်ဟယ်နှင့် ဖန့်ကျန့်ထျန်း ဦးဆောင်သော ယန်နတ်ဘုရားများသည် လှည့်ထွက်သွားကြရာ စက္ကန့်အနည်းငယ်အတွင်း လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
“ဒါဆို ငါတို့ကရော”
အဆင့် ၉ ကျင့်ကြံသူတစ်ဦးက နဂါးသူတော်စင်ကို ကြည့်ကာ မေးလိုက်သည်။
“ဒီကိစ္စတွေ အရင်ပြီးအောင် စောင့်ရမှာပေါ့။ ဒီလူသားကျင့်ကြံသူတွေကို ဘယ်လိုစီရင်မလဲဆိုတာ ငရဲမင်းဖန့်ကို အရင်မေးရမယ်”
နဂါးသူတော်စင်က ထိုသန်းပေါင်းများစွာသော လူသားကျင့်ကြံသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
လူတိုင်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြပြီး ဖန့်ချန်၏ ဘေးရှိ အလွန်တောင့်တင်းသော ယင်စစ်သည် အုပ်စုကို ကြည့်ကာ နောက်ထပ် အပြောင်းအလဲများကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
“မင်းတို့ အရင် လူ့လောကကို မပြန်ကြသေးဘူးလား ဒီမှာ ငါတို့ရှိနေတာပဲ ဘာပြဿနာမှ မရှိနိုင်ပါဘူး”
ချန်ဖေးဖေးက ဝမ်ချုံစန်းကို ခေါ်ကာ ကျွယ်မင်အမာခံအဖွဲ့ရှိရာသို့ လျှောက်လာပြီး ပြုံးလျက် ဆိုလိုက်သည်။
ရှဲ့အာမန်က ရယ်မောလိုက်ပြီး
“ဂိုဏ်းချုပ်... ကျွန်မတို့ မလောပါဘူး”
လူတိုင်းသည် ဝမ်ချုံစန်းကို ထူးဆန်းသလို ကြည့်လိုက်ကြသည်။ ကျွယ်မင်နန်းတော်၏ ဂိုဏ်းချုပ်က ဘာကြောင့်များ ကျွယ်မင်ယင်လောကရဲ့ သံသရာဌာန စီရင်ရေးမှူးကို အထူးတလည် ခေါ်ဆောင်လာရသနည်းဟု စဉ်းစားမရဖြစ်နေကြသည်။ အကြောင်းမှာ ဤသူ၏ အဆင့်အတန်းမှာ ကျွယ်မင်နန်းတော်တွင် သာမန် အကြီးအကဲ တစ်ဦးမျှသာ ဖြစ်သောကြောင့်ပင်။
“ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့။ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်နဲ့ ပြစ်ဒဏ်သင့်တုတ်... နောက်ဆိုရင် ဒီယင်လောကကတော့ ဒီငရဲမင်း ပြောသမျှ ဖြစ်တော့မှာပဲ။ သူက ငါတို့ ကျွယ်မင်ယင်လောကထဲက ရတနာအပိုင်းအစတွေကိုပါ ပြန်ပေးဖို့ တောင်းဆိုမလား မသိဘူး”
ချန်ဖေးဖေးက တီးတိုး ရေရွတ်လိုက်သည်။
“မင်းတို့က အဲဒီ အပိုင်းအစတွေကို အခုကတည်းက ပေးဖို့ ပြင်ထားသင့်တာ”
မော်ထျန်းတီကျန့်က ချန်ဖေးဖေးတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး
“အရင်တုန်းက ယင်လောကမှာ ငရဲမင်း မရှိလို့ ထားလိုက်ပါတော့၊ အခုတော့ အခြေအနေတွေ ပြောင်းသွားပြီ။ အာဏာစက် အားလုံးက ငရဲမင်းရဲ့ လက်ထဲကိုပဲ ပြန်ရောက်ရမယ်”
အင်အားစုအသီးသီးမှ အဆင့် ၉ ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာထား ပျက်သွားကြသည်။ ၎င်းမှာ နောင်တွင် ကျင့်ကြံသူများ လူဝင်စားလိုပါက ဤငရဲမင်းဖန့်၏ ခွင့်ပြုချက် ရမှသာ ဖြစ်နိုင်တော့မည် ဆိုသည့် အဓိပ္ပာယ်ပင်။
“အားလုံးပဲ... ဒါက ဘာမှ မဟုတ်ပါဘူး။ ယင်လောကကိစ္စတွေက ငရဲမင်း ပိုင်တာပဲလေ။ ငါတို့က လူ့လောကကိစ္စတွေကိုပဲ အာရုံစိုက်ရမှာဆိုတော့ စိတ်အေးရတာပေါ့”
လန်တောက်ချွန်းက ပြုံးလျက် ဆိုသည်။
မော်ထျန်းတီကျန့်နှင့် လန်တောက်ချွန်းတို့က စကားစလာသလို၊ နဂါးသူတော်စင်ကလည်း ဘာမှ ကန့်ကွက်ခြင်း မရှိသဖြင့် မကြာမီတွင် ယင်လောကအားလုံးကို ဤငရဲမင်းစစ်စစ်က လွှဲပြောင်းရယူတော့မည်ဖြစ်ကြောင်း လူတိုင်း ရိပ်မိလိုက်ကြသည်။ ထိုအခါတွင် ဘာတွေ ပြောင်းလဲလာမည်ကို သူတို့ မခန့်မှန်းနိုင်ကြချေ။ အကြောင်းမှာ ယင်လောကတွင် သူတို့အမြင်အရ စိတ်အလိုလိုက်တတ်ပြီး ရက်စက်ကြမ်းကြုတ်သော ငရဲမိဖုရား တစ်ပါး ရှိနေသောကြောင့်ပင်။
...
ယင်လောကငယ်
မရေမတွက်နိုင်သော ဝိညာဉ်များသည် ကောင်းကင်ယံ၌ ထူးခြားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ယင်စွမ်းအား များမှာ အဆက်မပြတ် လိပ်တက်နေပြီး တိမ်တိုက်များသည်လည်း ပိုမို ထူထပ်လာသည်။
“မြန်မြန်ကြည့်ဦး၊ ဝမ်ချွမ်းမြစ် က ဆူပွက်နေပြီ”
“ဟိုဘက်က မြူဖြူတွေ ပျောက်ကွယ်သွားပြီ”
“ငါ မြို့သစ်ကြီး တစ်မြို့ကို မြင်နေရသလိုပဲ”
ယင်လောကငယ်၏ နေရာအနှံ့အပြားတွင် အလားတူ မြင်ကွင်းများ ပေါ်ပေါက်လာသည်။
ဖူထူလောကသည်လည်း ဤထူးခြားသော စွမ်းအား၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။
နယ်မြေတစ်ခုပြီးတစ်ခုသည် ယင်လောကငယ်အတွင်းသို့ အဆက်မပြတ် ပေါင်းစည်းဝင်ရောက်လာသည်။
အသိစိတ် ရှိနေသေးသော ယင်မိစ္ဆာ များစွာသည် ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြောင်းလဲသွားသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
အချို့နေရာတွင် တောင်တန်းကြီးများ ပေါ်လာသည်။
အချို့နေရာတွင် ဝမ်ချွမ်းမြစ်သစ်တစ်ခု ပေါ်ပေါက်လာသည်။
“လောကကြီး ပြောင်းလဲသွားပြီ၊ ဒါဟာ ဘေးဒုက္ခကြီးတစ်ခု ဆိုက်ရောက်တော့မှာလား”
ယင်မိစ္ဆာတစ်ကောင်က တီးတိုး ရေရွတ်လိုက်သည်။
...
ဖန့်ချန်သည် မျက်လုံးများကို အသာမှိတ်ထားသည်။ အေးမြသော်လည်း နွေးထွေးသော အရှိန်အဝါတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖြည်းဖြည်းချင်း လည်ပတ်နေသည်။
သူသည် ပြစ်ဒဏ်သင့်တုတ်၊ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်တို့နှင့် ထူးခြားသော ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်နေသည်ကို ခံစားနေရသည်။
သို့သော် ဤဆက်နွှယ်မှုမှာ သူကိုယ်တိုင်ထံမှ မြစ်ဖျားခံခြင်း မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲမင်းအမိန့်တော် ထံမှ ဖြစ်သည်။
သူ မစမ်းသပ်ရသေးသော်လည်း နောက်ပိုင်းတွင် ပြစ်ဒဏ်သင့်တုတ်ကို အသုံးပြုပါက ယင်သက်တမ်း ဆုံးရှုံးရန် မလိုတော့ကြောင်း သူ သေချာပေါက် သိနေသည်။
“ဒါဟာ သခင်အဖြစ် အသိအမှတ်ပြုမှု တစ်မျိုးပဲ။ ပြစ်ဒဏ်သင့်တုတ်နဲ့ ဆယ့်ရှစ်ထပ် ငရဲမျှော်စင် နှစ်ခုလုံးက ငရဲမင်းအမိန့်တော်ကို လုံးဝ လက်ညှိုးညွှန်ရာ ရေဖြစ်သွားပြီ။ နောက်တစ်ခါ အရင်လို အခြေအနေမျိုး ဖြစ်လာခဲ့ရင်တောင် ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို သူများ လုသွားမှာ စိုးရိမ်စရာ မလိုတော့ဘူး”
ဤသို့တွေးလိုက်ပြီးနောက် ဖန့်ချန် စိတ်အေးသွားကာ သခင်အဖြစ် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
တစ်လခန့် ကြာပြီးနောက်...
ယင်လောကရတနာ နှစ်ပါးစလုံးသည် ရေလှိုင်းများအသွင် ပြောင်းလဲသွားကာ ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းဖြည်းချင်း စီးဝင် ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် ဖူထူလောကနှင့် ယင်လောကငယ်တို့တွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။
နဂိုက သေးငယ်လှသော ယင်လောကငယ်သည် ယခုအခါ နယ်မြေအကျယ်အဝန်းအရ ဖူထူလောကကို အမီလိုက်နိုင်တော့မည့် အနေအထားသို့ ရောက်ရှိလာသည်။
တစ်ခုတိုးလျှင် တစ်ခုဆုတ်သည်ဟူသော သဘောအတိုင်း ဖူထူလောက၏ နယ်နိမိတ်မှာလည်း သိသိသာသာ ကျုံ့ဝင် သေးငယ်သွားခဲ့လေပြီ။