အခန်း (၁၉၄၇-၁၉၄၈)
Vol. 195 Ch. 1147-1148
အခန်း (၁၉၄၇) - ထိုသို့ မဟုတ်တန်ရာ
မှောင်မည်းနေသော ဟင်းလင်ပြင် ကောင်းကင်ယံကြီးထဲတွင် အလွန်တရာ ကြီးမားလှသည့် ကြယ်တာရာကြီး တစ်လုံး တည်ရှိနေသည်။
ထိုဧရာမ ကြယ်ကြီးကို လိပ်တက်နေသော အနက်ရောင် မြူခိုးတိမ်တိုက်များက ဝန်းရံထားရာ သေချာစွာ ဂရုမပြုမိပါက ရှာဖွေရေးအဖွဲ့မှ ကျင့်ကြံသူများ ဤနေရာသို့ ဖြတ်သန်းလာလျှင်ပင် ထိုကြယ်ကို ရှာဖွေတွေ့ရှိရန် ခဲယဉ်းလှပေလိမ့်မည်။
အနက်ရောင် မြူခိုးများမှာ လှိုင်းထန်လာပြီး အပေါက်တစ်ခု ပွင့်ထွက်သွားသကဲ့သို့ ဖြစ်သွားကာ ထိုအထဲမှ ကြီးမားသော ခန္ဓာကိုယ်ပိုင်ရှင် တစ်ဦး ထွက်ပေါ်လာသည်။
ထိုပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချောက်ကမ်းပါးကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် အခြားသော ပုံရိပ်တစ်ခုမှာ ကြိုတင်ရောက်ရှိကာ စောင့်ဆိုင်းနေသည်မှာ ကြာပြီ ဖြစ်ဟန်တူသည်။
“ဂူမော့... နင် နင့်ရဲ့ တာဝန်ကို မပြီးမြောက်ခဲ့ဘူးနော်”
ထိုပုံရိပ်သည် ဧရာမ ခန္ဓာကိုယ်ကြီးကို ကျောခိုင်းထားလျက် ဖြည်းဖြည်းချင်း စကားဆိုလာသည်။ ကျောပြင်ကို ကြည့်ရုံမျှဖြင့် ထိုသူမှာ သွယ်လျနွဲ့နှောင်းပြီး ကောက်ကြောင်းအလှ ပေါ်လွင်နေသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိသာလှပြီး သူမ၏ အသံမှာလည်း အလွန် ချိုသာလွန်းလှသည်။
“ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ရဲ့ စွမ်းပကားက ငါ ခန့်မှန်းထားတာထက် ကျော်လွန်နေတယ်၊ တာဝန် ကျရှုံးသွားပြီ”
ဂူမော့က တည်ငြိမ်စွာ ဆိုသည်။
“တာဝန် ကျရှုံးသွားပြီ ဆိုတဲ့ ရိုးရှင်းတဲ့ စကားတစ်ခွန်းတည်းနဲ့ သခင်လေးရဲ့ ဒေါသကို ပြေလျော့စေနိုင်မယ် ထင်နေလို့လား”
ထိုပုံရိပ်က ဆက်လက်၍
“သခင်လေးက ဒီနှစ်တွေအတွင်း နေရာအနှံ့ စစ်ခင်းပြီး ရှန်းဟုန်မျိုးနွယ်ရဲ့ အမွေအနှစ် အမြောက်အမြားကို ဖျက်ဆီးခဲ့ပြီးပြီ။ အခု ဒီနေရာက ရှန်းဟုန်အကြွင်းအကျန်တွေရဲ့ နောက်ဆုံး ပုန်းခိုရာနေရာ ဖြစ်နိုင်တယ်။ သခင်လေး မကြာခင် ရောက်တော့မယ်၊ သူ ဆင်းသက်လာတဲ့ အချိန်မှာ ရှန်းဟုန်အကြွင်းအကျန်တွေကို မဖျက်ဆီးနိုင်သေးဘူးဆိုရင် နင်က ဘာနဲ့ သခင်လေးရဲ့ ဒေါသမီးကို ငြှိမ်းသတ်မှာလဲ”
“နင် ပြောတော့ လွယ်တာပေါ့၊ ငါ အခု အားစိုက်ပြီး မှ ရထားတဲ့ အတွင်းနယ်မြေ က ငါ့ကို အချိန်နဲ့အမျှ ပြန်လည် ဝါးမြိုဖို့ ကြိုးစားနေတာ ။ နင် ငါ့ကို ပေးထားတဲ့ အရာတွေကလည်း ဒီဝါးမြိုမှုကို ဆက်ပြီး ဖိနှိမ်ထားနိုင်စွမ်း မရှိတော့ဘူး။ ငါက သူတော်စင်တစ်ပိုင်း ရဲ့ စွမ်းရည်အစစ်ကို မထုတ်ဖော်နိုင်ဘဲနဲ့ ကန့်သက်ချက်အဆင့်ကျော်လွန်သူ တစ်ထောင်ကျော်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ဘယ်လို ရင်ဆိုင်ရမှာလဲ”
ဂူမော့က အေးစက်စွာ လှောင်ပြုံးလိုက်ပြီး
“ဝူရှင်းလင်... နင်က နတ်ဘုရားနယ်မြေ ရဲ့ အမှောင်ရိပ်မျိုးနွယ် က ဆင်းသက်လာတာဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ ကြားမိသလောက်တော့ လူသားမျိုးနွယ်တွေ စတင် တိမ်းရှောင်ရတုန်းက နင်တို့ အမှောင်ရိပ်မျိုးနွယ်တွေလည်း အထက်က ဆင်းသက်လာတဲ့ အလင်းမျိုးနွယ် ရဲ့ တိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲပြားသွားခဲ့ပြီ မဟုတ်လား။
နင့်ရဲ့ အခြေအနေကလည်း အခု လူသားမျိုးနွယ်တွေနဲ့ သိပ်ထူးမခြားနားပါဘူး။ ငါတို့ နတ်ဘုရားမျိုးနွယ် နဲ့ ယှဉ်ရင် နင်က ဘာသာ သာနေလို့လဲ ငါ့ရှေ့မှာ ဒီလိုမျိုး အထက်စီးကနေ လာပြီး စကားမပြောနဲ့။ ငါ့ရဲ့ မျိုးရိုးက နင့်ထက် အများကြီး သာလွန်တယ်၊ ငါ့ရဲ့ ဘိုးဘေးတွေက သူတော်စင်မျှော်စင်တိုက်ပွဲ မှာ ဂုဏ်ယူစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ရရှိခဲ့ဖူးတယ် ”
ဝူရှင်းလင်က ဖြည်းဖြည်းချင်း လှည့်လာသည်။ အေးစက်လှသော မျက်ဝန်းအစုံက ဂူမော့ထံတွင် ကျရောက်သွားပြီး ခဏအကြာတွင် သူမ၏ မျက်ဝန်း၌ ခပ်ပါးပါး နှိမ်ချသည့် အရိပ်အယောင် ပေါ်လာသည်။
“ငါ့ကို နင့်ဘိုးဘေးတွေအကြောင်း လာမပြောနဲ့၊ နင် မမွေးခင်ကတည်းက ငါက သူတော်စင် ဖြစ်နေပြီ။ ငါ့ရှေ့မှာ နင်က ဘာမှ ရိုသေစရာ မရှိဘူး။ နင့်ရဲ့ တစ်ခုတည်းသော တန်ဖိုးက သခင်လေးအတွက် အသက်ပေးဖို့ပဲ။ အကယ်၍ အဲဒီတုန်းက နင်ကျင့်ကြံထားတဲ့ အတွင်းနယ်မြေက ငါ့ရဲ့ အတွင်းနယ်မြေနဲ့ မတော်တဆ ဆက်နွှယ်မှု မရှိခဲ့ဘူးဆိုရင်... နင်ဟာ အခုဆို နင့်အတွင်းနယ်မြေရဲ့ ဝါးမြိုခြင်းကို ခံရပြီး အရိုးတောင် ကျန်မှာ မဟုတ်တော့ဘူး”
“အပိုစကားတွေ အများကြီး ပြောမနေနဲ့တော့၊ ဒီတစ်ခါ ငါ အားစိုက်ထုတ်လိုက်တာ များသွားလို့ ပြန်လည်ဝါးမြိုမှုက ထိန်းမနိုင်တော့ဘူး။ နင်နဲ့ နင့်သခင်လေးအတွက် ငါ အသက်ဆက်ပေးစေချင်ရင် အဲဒီအရာတွေကို ငါ့ကို နည်းနည်း ထပ်ပေးဦး”
ဂူမော့က သူ၏ လက်ဝါးကို ဖြည်းဖြည်းချင်း ဖြန့်ပေးလိုက်သည်။
ဝူရှင်းလင်က သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး ခဏအကြာတွင်မှ သွယ်လျသော လက်ကလေးကို အသာအယာ မြှောက်လိုက်သည်။ သူမ၏ လက်ဝါးထဲတွင် အနက်ရောင် ပိုးကောင်လေး အချို့မှာ တွန့်လိမ်လှုပ်ရှားနေကြသည်။
ဂူမော့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကာ လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုပိုးကောင်လေးများသည် သူ၏ လက်ဝါးထဲသို့ ပျံဝင်လာပြီး သူက ပါးစပ်ထဲသို့ တစ်ခါတည်း ထည့်ကာ မျိုချပစ်လိုက်သည်။ ထိုအနက်ရောင် ပိုးကောင်များကို စားလိုက်ပြီးနောက် ဂူမော့၏ ခန္ဓာကိုယ် အခြေအနေမှာ အနည်းငယ် တည်ငြိမ်သွားပုံရပြီး မျက်နှာလည်း ပြန်လည် ကောင်းမွန်လာသည်။
“ပြောစမ်းပါဦး... အခု နယ်မြေကိုးခုရဲ့ အခြေအနေက ဘယ်လိုလဲ”
ဝူရှင်းလင်က တည်ငြိမ်စွာ မေးလိုက်သည်။
“နင်တို့ ခေါ်နေတဲ့ ရှန်းဟုန်မျိုးနွယ်တွေက နယ်မြေကိုးခုအတွက် ကောင်းကင်ဘုံလမ်းစဉ်သစ် တစ်ခု ရရှိဖို့ အသည်းအသန် ကြိုးစားနေကြတယ်။ အကယ်၍ ကောင်းကင်ဘုံလမ်းစဉ်သစ် နန်းတက်သွားရင် ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ်အဖွဲ့ ရဲ့ စည်းမျဉ်းအရ... နင့်နောက်ကွယ်က အာဏာကြီးလှတဲ့ သခင်လေးတောင်မှ နယ်မြေကိုးခုကို အမွေးတစ်ပင်တောင် ထိခွင့်ရှိတော့မှာ မဟုတ်ဘူး။
အဲဒီလိုပဲ နယ်မြေကိုးခုက ကျင့်ကြံသူတွေဟာလည်း ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ်အဖွဲ့ထဲကို ဝင်ခွင့်ရပြီး ကျေးကျွန်စစ်သည်တွေ ဖြစ်စရာမလိုဘဲ ကိုယ့်လမ်းကိုယ် လျှောက်ခွင့် ရသွားလိမ့်မယ်”
ဂူမော့က ခပ်ပါးပါး ပြုံးလိုက်ရင်း
“ဒါက နယ်မြေကိုးခုရဲ့ လက်ရှိ အခြေအနေပဲ။ အကယ်၍ နင့်သခင်လေးက ကောင်းကင်ဘုံလမ်းစဉ် နန်းမတက်ခင် ဒီကို ကြိုရောက်လာနိုင်ရင်တော့ ရှန်းဟုန်အမွေအနှစ် အပါအဝင် ဒီက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ဦးမှာပေါ့”
“ဒါပေမဲ့ နင်က အဲဒီ နတ်ဆိုးမျိုးနွယ်ဝင် မိန်းကလေးကို ခေါ်မလာနိုင်ခဲ့ဘူးလေ၊ သူမရဲ့ ကိုယ်ပေါ်မှာမှ ကြယ်တာရာမြေပုံလမ်းကြောင်း ရှိတာ။ လမ်းကြောင်းမရှိရင် သခင်လေးအနေနဲ့ တွက်ချက်ဖို့ အချိန်အများကြီး ပေးရလိမ့်မယ်”
ဝူရှင်းလင်က မျက်မှောင်ကြုတ်ကာ ဆိုသည်။
“တကယ်တော့ နင့်ရဲ့ ကျင့်ကြံမှု အဆင့်အတန်းနဲ့ဆိုရင် နယ်မြေကိုးခုရဲ့ အခင်းအကျင်းကို ပြောင်းလဲပစ်လို့ ရပါတယ်၊ နင် ငါ့ရဲ့ အတွင်းနယ်မြေထဲကနေ ထွက်ကြည့်ဖို့ ဘာလို့ မစမ်းသပ်တာလဲ”
ဂူမော့က ရုတ်တရက် အကြံပြုလိုက်သည်။
ဝူရှင်းလင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“နင့်ရဲ့ အတွင်းနယ်မြေက ကမောက်ကမ ဖြစ်နေတာ၊ တကယ့် အတွင်းနယ်မြေစစ်စစ်တောင် မဟုတ်ဘူး။ ငါတို့ အမှောင်ရိပ်မျိုးနွယ်ရဲ့ အတွင်းနယ်မြေနဲ့ မတော်တဆ တူညီနေလို့သာ ဆက်သွယ်မှု ရှိနေတာ။ အကယ်၍ ငါသာ နင့်အတွင်းနယ်မြေထဲက ထွက်သွားရင်... နင်က နင့်အတွင်းနယ်မြေနဲ့ ငါ့အတွင်းနယ်မြေ ကြားက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ရုံနဲ့ ငါက ဒီနေရာမှာ အထောက်အပံ့မဲ့ ဖြစ်သွားမှာပေါ့။ ငါ့ရဲ့ အတွင်းနယ်မြေက ဒီလောက်ဝေးတဲ့ နေရာကနေ ငါ့နောက်ကို လိုက်လာနိုင်တဲ့ စွမ်းအား မရှိသေးဘူး။
ဒီနှစ်တွေ တစ်လျှောက်လုံး ငါ ဒီမှာပဲ နင်နဲ့ စကားပြောနေတာကို ကြည့်ပြီး နင်က ဒါကို ရိပ်မိသွားတာပဲ၊ ငါ့ကို သတ်ပြီး နင့်ရဲ့ ပြန်လည်ဝါးမြိုမှုကို ဖိနှိပ်ဖို့ အရာတွေကို ငါ့ဆီကနေ ပိုပြီး ရယူချင်နေတာ မဟုတ်လား”
“နင် နားလည်မှု လွဲနေပြီ၊ ငါ့မှာ အဲဒီလို အကြံမျိုး မရှိပါဘူး”
ဂူမော့က ပြန်လည် ရှင်းပြလိုက်သည်။
ဝူရှင်းလင်က ရုတ်တရက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး ခပ်ပါးပါး ပြုံးလိုက်သည်။
“နင့်ရဲ့ ပြဿနာတွေကို အရင် ဖြေရှင်းလိုက်ဦး၊ နောက်တစ်ခါ နင့်ကို ပြန်တွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးနောက် သူမသည် ဖြည်းဖြည်းချင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရာ တစ်ကိုယ်လုံး အမှောင်ရိပ်များအတွင်း နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
လိပ်တက်နေသော အနက်ရောင် မြူခိုးများသည် ကောင်းကင်အပြည့် လွှမ်းခြုံထားသည့် မိုးကြိုးလျှပ်စီးများကြောင့် တိုက်စား ပျောက်ကွယ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအလင်းတန်းများမှာ ကောင်းကင်ယံတွင် တလက်လက် တောက်ပနေသည်။
ထိုမိုးကြိုးများကြားတွင် မိုးကြိုးများဖြင့် ဖွဲ့စည်းထားသည့် ပုံရိပ်တစ်ခုကို ဂူမော့ ရေးရေးမျှ မြင်လိုက်ရသည် ။
“မိုးကြိုးနတ်သားရဲ... နင် တကယ် မသေသေးတာပဲ။ ငါ အားနည်းနေတာကို သိလို့ တကူးတက လာရှာတာပေါ့လေ ”
ဂူမော့က ကောင်းကင်သို့ မော့ကြည့်ကာ အော်ဟစ် ရယ်မောလိုက်သည်။
သူ ပြန်လည်ရရှိလိုက်သော တုံ့ပြန်မှုမှာမူ... ရေတံခွန်ကြီး သွန်းဖြာကျလာသကဲ့သို့ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများပင် ဖြစ်တော့သည်။
အနက်ရောင် မြူခိုးများ လွှမ်းခြုံထားသင့်သည့် ကမ္ဘာကြီးမှာ ယခုအခါ လှိမ့်ဝင်လာသော မိုးကြိုးများဖြင့် ပြည့်နှက်သွားလေပြီ။
...
ရှေးဟောင်းတားမြစ်နယ်မြေ တစ်ခုပြီးတစ်ခုမှာ ယနေ့တွင် အေးချမ်းမှု ကင်းမဲ့နေသည်။
မရေမတွက်နိုင်သော ပုံရိပ်များသည် တားမြစ်နယ်မြေ လမ်းကြောင်းပေါ်သို့ အသံတိတ် လျှောက်လှမ်းနေကြသည်။
သူတို့သည် တားမြစ်နယ်မြေ၏ မည်သည့် သက်ရောက်မှုကိုမျှ မခံရချေ။
ပြင်းထန်သော ကူးစက်ပိုးမွှား အဆိပ်အတောက်များဖြစ်စေ၊ ကျင့်ကြံသူများကိုပင် လန့်ဖျန့်သွားစေသည့် ကြောက်မက်ဖွယ် ပတ်ဝန်းကျင်များဖြစ်စေ ဤပုံရိပ်များကို အမှန်တကယ် ထိခိုက်အောင် မလုပ်နိုင်ကြချေ။
တောက်လောင်နေသော မီးလျှံပတ်ဝန်းကျင်တစ်ခုအတွင်းမှ တောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ခန္ဓာကိုယ်ပိုင်ရှင် တစ်ဦး ထွက်လာသည်။
ကျန်းရန်သူတော်စင်သည် သူ၏ ရှေ့ရှိ ဖန့်ကျန့်ထျန်းကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
“မင်းတို့ နိုင်သွားပြီပဲ၊ ဘာလို့ အမြစ်ပြတ်အောင် လိုက်သတ်နေရသေးတာလဲ”
“မင်းကို ကြည့်ရတာ မျက်စိစပါးမွှေး စူးလို့လေ၊ ရမလား”
ဖန့်ကျန့်ထျန်းက မေးလိုက်သည်။
“မျက်စိစပါးမွှေး စူးလို့”
ကျန်းရန်သူတော်စင် အနည်းငယ် မှင်သက်သွားပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။
“မင်းက ငါ့ကို အမြဲတမ်း မျက်စိစပါးမွှေး စူးနေခဲ့တာပဲ၊ မင်း သူတော်စင် မဖြစ်ခင်ကတည်းက ဒီအတိုင်းပဲ”
သူက ခေတ္တရပ်လိုက်ပြီး
“ဒါပေမဲ့... အခု မင်းရဲ့ ခွန်အားနဲ့ဆိုရင် ငါ့ရဲ့ ပြိုင်ဘက် တကယ် ဖြစ်နိုင်ပါ့မလား ငါက မင်းကို မသတ်နိုင်သလို၊ မင်းလည်း ငါ့ကို မသတ်နိုင်ဘူး။ ငါတို့ကြားက တိုက်ပွဲက ဘာအဓိပ္ပာယ်မှ မရှိဘူး။ အဲဒီအစား မင်း သေချာ စဉ်းစားသင့်တာက... ငါတို့ ရှန်းဟုန်မျိုးနွယ် အကြွင်းအကျန်တွေကို ဟိုဘက်က ရိပ်မိသွားပြီ ဆိုတာပဲ။
မင်းကို အမှန်အတိုင်း ပြောရရင် ဂူမော့က ဟိုဘက်နဲ့ ဆက်သွယ်မှု ရှိနေတယ်၊ ဒါကြောင့်လည်း သူက သူ့ရဲ့ အတွင်းနယ်မြေကို ဖိနှိမ်ထားနိုင်တဲ့ နည်းလမ်း ရှိနေတာ”
“ငါလည်း မင်းကို အမှန်အတိုင်း ပြောရရင် ဂူမော့က ငါတို့ လူသားမျိုးနွယ်ကနေ သံသရာလည်ပြီး ဟိုဘက် ရောက်သွားတာ၊ သူက အမြဲတမ်း ငါတို့ လူပဲ”
ဖန့်ကျန့်ထျန်းက ရယ်မောရင်း ဆိုသည်။
ကျန်းရန်သူတော်စင် မှင်သက်သွားပြီးနောက် လှောင်ပြောင်သည့် အမူအရာဖြင့်
“မင်း ပြောတဲ့ စကားတွေထဲက ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုလဲဆိုတာ ငါ တကယ် မသိတော့ဘူး။ မင်း ဒါတွေကို ငါ့ကို ပြောပြနေတာက ငါတို့ကို အချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်ချင်လို့လား ဘာလို့လဲဆိုတော့ ဒီနေ့ မင်း ငါ့ကို တားဆီးထားနိုင်မှာ မဟုတ်လို့ပဲ”
ဖန့်ကျန့်ထျန်းက ဖြည်းဖြည်းချင်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ပုံရိပ်တစ်ခု လေဟာနယ်အတွင်းမှ ပေါ်ထွက်လာပြီး ကျန်းရန်သူတော်စင်ထံသို့ ဓားတစ်ချက် ခုတ်ပိုင်းလိုက်တော့သည်။
အကယ်၍ ဖန့်ချန်သာ ဤနေရာတွင် ရှိနေပါက ထိုဓားထုတ်သူမှာ... ယခင်က ဓားဂိုဏ်း ရဲ့ ဓားအိုကြီး လီကျန်းနျန် ဖြစ်ကြောင်း ချက်ချင်း မှတ်မိပေလိမ့်မည်။
အခန်း (၁၉၄၈) - ငါ့ရဲ့ ဒီတစ်ဘဝ၊ ဒီဓားတစ်ချက်
“ငါ ပြောခဲ့ပြီးပြီပဲ၊ မင်းတို့ ငါ့ကို မသတ်နိုင်ဘူးဆိုတာ။ နောက်ထပ် ယန်နတ်ဘုရားတစ်ပါးနဲ့ လဲလိုက်ရင်တောင် ရလဒ်က ဒီအတိုင်းပဲ ဖြစ်နေဦးမှာပါ”
ကျန်းရန်သူတော်စင်သည် လီကျန်းနျန်ကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကာ သူ၏ ဝတ်ရုံလက်စွပ်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ တစ်ကိုယ်လုံးကို ထူထပ်လှသော ကန့်သတ်ချက်အဆင့်ကျော်လွန်ခြင်း စွမ်းအားများက ဝန်းရံသွားတော့သည်။ ဤစွမ်းအားလွှာကို ဖောက်ထွက်ပြီး သူ့ကို ဒဏ်ရာရအောင် လုပ်လိုပါက တိုက်ခိုက်သူသည် အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့် ရှိရပေလိမ့်မည်။
လီကျန်းနျန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။ သူသည် ဘာ သက်ရောက်မှုကိုမျှ မခံရဘဲ သူ၏ ဓားကိုသာ ဆက်လက် ထုတ်ဖော်နေဆဲ ဖြစ်သည်။ ဖန့်ကျန့်ထျန်းကလည်း ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ ရုတ်တရက် ခပ်ပါးပါး လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဖလတ်
ကျန်းရန်သူတော်စင်၏ ဦးခေါင်းသည် ကောင်းကင်ယံထက်သို့ မြင့်မားစွာ လွင့်စင်ထွက်သွားတော့သည်။
သူ၏ တစ်ကိုယ်လုံးကို ကာကွယ်ထားသော ကန့်သတ်ချက်အဆင့်ကျော်လွန်ခြင်း စွမ်းအားများမှာ အပေါက်တစ်ခု ပွင့်ထွက်သွားခဲ့လေပြီ။ လီကျန်းနျန်၏ လက်ထဲမှ ဓားသည် ထိုအပေါက်ကို အခွင့်ကောင်းယူကာ ကျန်းရန်သူတော်စင်၏ ဦးခေါင်းကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်လိုက်ခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းလှသော ဓားဆန္ဒ သည် ကျန်းရန်သူတော်စင်၏ ခန္ဓာကိုယ်ပေါ်ရှိ သက်စောင့်အားများကို ချက်ချင်း ပိတ်ဆို့ပစ်လိုက်ပြီး အဆက်မပြတ် ဖိနှိပ်ခြင်းကို စတင်လေတော့သည်။
ကျန်းရန်သူတော်စင်မှာ ခေါင်းပြတ်ကြီးဖြင့် ဟင်းလင်ပြင်ထက်တွင် တန့်နေပြီး သူ၏ ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
“ဒါ... ဒါက ဘယ်လိုလုပ်ပြီး...”
သူ၏ ပါးစပ်မှာ အနည်းငယ် ပွင့်ဟသွားသည်။
“သတ်ဖို့ကတော့ မင်းကို မသတ်နိုင်ပါဘူး၊ ဒါပေမဲ့ မင်းကို အကျဉ်းချပြီး နှိမ်နင်းထားဖို့ကတော့ ဖြစ်နိုင်ပါသေးတယ်”
ဖန့်ကျန့်ထျန်းက ခပ်အေးအေး ပြုံးကာ ဆိုသည်။
“မဖြစ်နိုင်တာ... သူ့ရဲ့ ဓားက...”
ကျန်းရန်သူတော်စင်သည် သူ၏ ခေါင်းကို မော့ကာ လက်ထဲမှ ဘူးသီးခြောက်ထဲရှိ အရက်များကို ပါးစပ်ထဲသို့ အဆက်မပြတ် လောင်းထည့်နေသော လီကျန်းနျန်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
“ဒါက သူ့ရဲ့ ဓားမဟုတ်ဘူး၊ ငါ့ရဲ့ ဓားပဲ”
ဖန့်ကျန့်ထျန်းက တည်ငြိမ်စွာ ဆိုလိုက်သည်
“သူက ငါ နှစ်ပေါင်းများစွာ မွေးမြူထားတဲ့ ‘ဓား’ ပဲ။ ဒီဓားတစ်ချက် ထွက်သွားဖို့အတွက် ငါ နောက်ထပ် နှစ်ပေါင်းများစွာ ထပ်ပြီး မွေးမြူရဦးမယ်၊ ဒါပေမဲ့ ဒါက ထိုက်တန်ပါတယ်”
“လူကို ဓားအဖြစ် သုံးတာလား... ဖန့်လဲ့၊ မင်းက အရူးပဲ”
ကျန်းရန်သူတော်စင်၏ မျက်ဝန်းထဲတွင် တောက်လောင်သော ဒေါသမီးများ ပေါ်လာသည်။
“မင်းတို့ ဓားကျင့်ကြံသူတွေဆိုတာ လူကြမ်းတွေပဲ ဖြစ်သင့်တာ။ အကြောင်းရင်းတွေကို မေးမနေဘဲ လက်ထဲက ဓားကို ကိုင်ပြီး ဟိုခုတ် ဒီခုတ် လုပ်နေရမှာ။ ဒါမှ မင်းတို့ ဓားကျင့်ကြံသူတွေရဲ့ ရင်ထဲက ယုံကြည်ချက် ဖြစ်သင့်တာ။ မင်းက ဘယ်လိုလုပ်ပြီး လူကို ဓားအဖြစ် သုံးနိုင်ရတာလဲ မင်းက ကောက်ကျစ်လွန်းတယ်။ မင်း ဘယ်နေရာကများ ဓားကျင့်ကြံသူနဲ့ တူလို့လဲ ”
“ငါလည်း အရင်က မင်းလိုပဲ တွေးခဲ့ဖူးတာပေါ့၊ ဓားလမ်းစဉ်ဆိုတာ အလွန်တရာ သန့်စင်မှသာ နယ်ပယ်သစ်တစ်ခုကို ဖောက်ထွက်နိုင်မယ်လို့ပေါ့”
ဖန့်ကျန့်ထျန်းက သက်ပြင်းတစ်ချက် အသာချလိုက်သည်။
“ဒါပေမဲ့ လက်တွေ့ဘဝက ငါ့ကို ပါးရိုက်လိုက်တာပဲ။ အခု ငါတို့ လူသားမျိုးနွယ်ရဲ့ အခြေအနေကို ကြည့်ဦး၊ ငါတို့ ရှန်းဟုန်မျိုးနွယ် ခံစားနေရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ကြည့်ဦး။ အရာအားလုံးက ပြောင်းလဲသွားပြီ။ တိမ်းရှောင်ရတဲ့ အချိန်ကစပြီး ငါ ဓားမကိုင်တော့ဘဲ ဓားမွေးမြူတဲ့သူအဖြစ်ပဲ နေဖို့ ဆုံးဖြတ်ခဲ့တာ”
ထိုသို့ ပြောနေစဉ်မှာပင် လီကျန်းနျန်က သူ၏ နှုတ်ခမ်းပေါ်က အရက်စက်များကို သုတ်လိုက်ပြီး ကျန်းရန်သူတော်စင်ကို ပြုံးစစဖြင့် တစ်ချက် ကြည့်လိုက်သည်။
“ငါ့ရဲ့ ဒီတစ်ဘဝ၊ ဒီဓားတစ်ချက်က... မင်းအတွက် သီးသန့် ပြင်ဆင်ထားတာပဲ။ ဒီဓားကို ထုတ်လိုက်ပြီဆိုတော့ ငါလည်း စိတ်အေးလက်အေးနဲ့ သံသရာလည် လို့ ရပြီပေါ့”
“မင်းက ယန်နတ်ဘုရား ဖြစ်နေပြီလေ၊ ဘယ်လိုလုပ်ပြီး သံသရာပြန်လည်နိုင်မှာလဲ ”
ကျန်းရန်သူတော်စင်က လီကျန်းနျန်ကို စိုက်ကြည့်နေမိသည်။ သူသည် ရုတ်တရက် သိလိုက်ရသည်မှာ သူ၏ နယ်မြေကိုးခုအပေါ် သိနားလည်မှုသည် သူ ထင်ထားသည်ထက် ပို၍ အပေါ်ယံဆန်နေကြောင်းပင်။ ဤယန်နတ်ဘုရား အုပ်စုသည် ဤနှစ်များအတွင်း ဘာတွေများ လုပ်ခဲ့ကြသနည်း။
“အချိန်ကို တွက်ကြည့်မယ်ဆိုရင် လောကရဲ့ နယ်မြေ ၂၆ ခုလောက်ကတော့ ပျက်စီးသွားလောက်ပြီပဲ”
ဖန့်ကျန့်ထျန်းက ရယ်မောကာ ဆိုသည်
“ဒီလိုဆိုရင်တော့ မူလကတည်းက ဝိညာဉ်မျိုးနွယ် အဖြစ် မွေးဖွားလာတဲ့ ဝမ်ချင်းသူတော်စင် ဟာလည်း သူမကိုယ်သူမ သန့်စင်ဖို့ အခွင့်အရေး ရသွားလိမ့်မယ်။ ငါ သိထားသလောက်တော့ သူမက ငါတို့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး”
“ဝမ်ချင်းသူတော်စင်က မိမိကိုယ်ကို သန့်စင်မလို့...”
ကျန်းရန်သူတော်စင်၏ မျက်နှာမှာ အဆက်မပြတ် ပြောင်းလဲသွားသည်။ ဤထူးခြားဆန်းပြားလှသော သူတော်စင်နှင့် ပတ်သက်၍ သူကိုယ်တိုင် သူတော်စင်ဖြစ်ခဲ့စဉ်ကပင် သိထားသည်မှာ အလွန်နည်းပါးလှသည်။ ပြင်ပက သတင်းစကား အနည်းငယ်လောက်ကိုသာ သိထားခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ စကားတစ်ခွန်းမျှပင် မပြောဖူးချေ။
သို့သော် ဝမ်ချင်းသူတော်စင်သည် လူသားမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သော်လည်း ဝိညာဉ်မျိုးနွယ်မှ အကြီးကဲ တစ်ဦး၏ မျက်စိကျခြင်းကို ခံခဲ့ရသဖြင့် သေဆုံးပြီးနောက် ဝိညာဉ်မျိုးနွယ် ဖြစ်လာကာ ထိုခန္ဓာဖြင့်ပင် သူတော်စင် ဖြစ်လာခဲ့ကြောင်း သူ သိထားသည်။
သို့သော် နောက်ပိုင်းတွင် လူသားမျိုးနွယ်များ၏ ကံကြမ္မာကြောင့် ထိုဝိညာဉ်မျိုးနွယ် အကြီးကဲ ပင်လျှင် ဝမ်ချင်းသူတော်စင်ကို မကာကွယ်ပေးနိုင်တော့သဖြင့် သူမပါ အတူတူ နှင်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။
“မင်း... မင်းတို့ လောင်းကြေးထပ်နေတာလား”
ကျန်းရန်သူတော်စင်၏ မျက်ဝန်းထဲမှ ဒေါသများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“ဟုတ်တာပေါ့၊ ငါတို့ လောင်းနေတာ။ အခြေအနေတွေက ဘယ်လိုလုပ်ပြီး တစ်သမတ်တည်း ရှိနေမှာလဲ”
ဖန့်ကျန့်ထျန်းက အကျယ်ကြီး ရယ်မောလိုက်ပြီး
“ဒီနောက်ဆုံးအဆင့် တစ်ဆင့်ပဲ ကျန်တော့တာ။ အကယ်၍ ငါတို့ လောင်းတာ မှန်ခဲ့ရင် မျိုးနွယ်စုဝင် တစ်စိတ်တစ်ပိုင်းက မိစ္ဆာမျိုးနွယ် နည်းလမ်းကို သုံးပြီး ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ်အဖွဲ့ဆီကို ပြန်သွားနိုင်လိမ့်မယ်။ နတ်ဘုရားနယ်မြေထဲမှာပဲ ကန့်သတ်မနေတော့ဘူးပေါ့”
“ငါ ဘာလို့ ဒါကို မစဉ်းစားမိခဲ့တာလဲ... အခု လူသားမျိုးနွယ်တွေက နယ်မြေကိုးခုမှာပဲ မွေးဖွားလာကြတာဆိုတော့ သူတို့အပေါ်မှာ ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ်အဖွဲ့ရဲ့ အမှတ်အသား မရှိသလို၊ နတ်ဘုရားနယ်မြေရဲ့ အမှတ်အသားလည်း မရှိဘူး။ သံသရာလည်မယ့် နေရာကလည်း... ကန့်သတ်ချက် မရှိဘူးပဲ။ ဝမ်ချင်းသူတော်စင် မိစ္ဆာမျိုးနွယ်ဆီကို သွားတာက သူမကိုယ်သူမ သန့်စင်ဖို့အတွက် ပြင်ဆင်နေတာဆိုတာကို ငါ ဘာလို့ မစဉ်းစားမိခဲ့တာလဲ... ဘာလို့လဲ ”
ကျန်းရန်သူတော်စင်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်နေသည်။
သူသည် ခေတ္တမျှ ရပ်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ဖန့်ကျန့်ထျန်းကို ကြည့်ကာ အကျယ်ကြီး ရယ်မောလိုက်ပြန်သည်။
“ဖန့်လဲ့... မင်း တစ်ခုတော့ တွက်ချက်ဖို့ လိုသွားပြီ! အကယ်၍ ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ်အဖွဲ့ရဲ့ တန်ခိုးရှင်တွေ လက်ချက်နဲ့ သေတာ မဟုတ်ရင် ဝိညာဉ်မျိုးနွယ်တွေက လာပြီး ခေါ်ဆောင်ချင်ရင်တောင် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ”
“ဒါတွေကို မင်းက စိုးရိမ်ပေးဖို့ လိုလို့လား”
ဖန့်ကျန့်ထျန်းက တည်ငြိမ်စွာ ဆိုသည်
“မင်း အတော်ကြာအောင် ခံနိုင်ရည် ရှိနေဦးမှာပဲ။ ဒါပေမဲ့ မင်း အခု အိပ်ချင်နေပြီ မဟုတ်လား”
“ငါ ပင်ပန်းနေပြီ”
ကျန်းရန်သူတော်စင်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ ထို့နောက် သူ၏ ဦးခေါင်းသည် အလောင်းပေါ်သို့ ပြန်လည် ကျရောက်သွားပြီး သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့သည်။ သူ၏ တစ်ကိုယ်လုံးသည် အရောင်အသွေးများ ကင်းမဲ့သွားကာ အဖြူအမည်း အရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဖန့်ကျန့်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်းရန်သူတော်စင်၏ ရုပ်အလောင်းမှာ သူ၏ ဝတ်ရုံလက်စွပ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
“ဒါဆို ငါကော”
လီကျန်းနျန်က ဖန့်ကျန့်ထျန်းကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
“စောင့်နေဦး”
“ကောင်းပြီ”
လီကျန်းနျန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ ရပ်နေသည့် နေရာတွင် ဓားတစ်လက်သာ ကျန်ရစ်တော့သည်။ ဖန့်ကျန့်ထျန်းက ထိုဓားကို ကောက်ယူကာ ဝတ်ရုံလက်အစွပ်ထဲသို့ ထည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
...
ဖူထူလောက
ဖန့်ချန်နှင့် မော်ထျန်းတီကျန့်တို့သည် ဟင်းလင်ပြင်ထက်တွင် ရပ်နေကြသည်။ ချန်ဖေးဖေးတို့ အုပ်စုမှာမူ အပြင်ဘက်မှနေ၍ ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
ကျန်းရန်သူတော်စင်တို့ မွေးမြူထားသော လူသားအင်အားစုများသည် ယခုအခါ ယင်စစ်သည်များ၏ စောင့်ကြပ်မှုအောက်တွင် တစ်ယောက်ပြီးတစ်ယောက် ဝမ်ချွမ်းမြစ်ထဲသို့ ခုန်ဆင်းနေကြသည်။ ဤလူသားကျင့်ကြံသူ တစ်ဦးချင်းစီတိုင်းသည် နယ်မြေကိုးခုတွင် တစ်နေရာရာကို စိုးမိုးထားသော လူကပ်ကြီးများဖြစ်ကြပြီး ယနေ့အောင်မြင်မှု ရရှိရန် နှစ်ပေါင်း မည်မျှ ကျင့်ကြံခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။
သူတို့သည် ဝမ်ချွမ်းမြစ်ထဲတွင် နစ်မြုပ်မသွားလိုကြသော်လည်း သေရမည်ကို ပို၍ပင် မလိုလားကြချေ။ ဝမ်ချွမ်းမြစ်ထဲတွင် ရှိနေခြင်းဖြင့် တစ်နေ့နေ့တွင် ယင်မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည့် အခွင့်အရေး ရှိကောင်းရှိနိုင်ပေလိမ့်မည်။
“အနည်းဆုံးတော့ ဒီသန်းပေါင်းများစွာသော လူသားကျင့်ကြံသူတွေ ဝမ်ချွမ်းမြစ်ထဲမှာ သွားအိပ်နေကြတာက နောက်ပိုင်း သူတို့ရဲ့ ဂိုဏ်းတွေကို ရှင်းလင်းရတာ ပိုလွယ်သွားစေတာပေါ့”
ချန်ဖေးဖေးက တိုးတိုးလေး ရေရွတ်လိုက်သည်။
“အကုန်လုံးကို အမြစ်ပြတ်အောင် ရှင်းစရာတော့ မလိုပါဘူး။ ပြောရရင် အားလုံးက လူသားမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်တွေပဲလေ၊ တစ်ဖက်ပိတ်ပြီး တစ်ဖက်ဖွင့်ပေးထားရမှာပေါ့”
ဝမ်ချုံစန်းက ဆိုသည်။
ချန်ဖေးဖေးက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
“အခု နင်က တကယ့် ငရဲမင်း ဖြစ်သွားပြီပဲ၊ နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ ”
မော်ထျန်းတီကျန့်က ဖန့်ချန်ကို ကြည့်ကာ မေးလိုက်သည်။
“နင့်ကို ကောင်းကင်ဘုံလမ်းစဉ် ရာထူးပေါ် တက်နိုင်အောင် လုပ်ပေးမယ်။ ကျန်တဲ့ ကိစ္စတွေကတော့ လောလောဆယ် မစဉ်းစားရသေးဘူး။ ငါ လူတစ်ယောက်ကို စောင့်ရဦးမယ်၊ အချိန်မီပါ့မလားတော့ မသိဘူး”
ဖန့်ချန်က ဆိုလိုက်ပြီး ခေတ္တမျှ ရပ်လိုက်ကာ
“အဲဒီနောက်ကျရင်တော့ ငါ ဂူမော့ကို သွားရှာရလိမ့်မယ်”
“သူ့ရဲ့ မွေးစားသမီးအတွက်လား သူမနဲ့ နင်နဲ့ ဆက်ဆံရေး ကောင်းတယ်ဆိုတာ ငါ သိပါတယ်”
မော်ထျန်းတီကျန့်က တည်ငြိမ်စွာ ဆိုသည်
“နင် ငရဲမင်းဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကစပြီး နင့်ရဲ့ နောက်ကြောင်းကို ငါ လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပြီ။ ကျွယ်မင်နန်းတော် ထဲမှာလည်း ငါ့ရဲ့ မော်ထျန်းဌာနက ကျင့်ကြံသူတွေ ရှိနေတာပဲ”
“ဒါက ပုံမှန်ပါပဲ”
“ဒီနေ့ပြီးရင် သူတို့ကို ငါ ပြန်ခေါ်လိုက်မယ်”
“မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် အတူတူပါပဲ”
“ အင်း”
“ကိုးလေး... သူမက အသက်တော်တော်ကြီးနေပြီနော်၊ မင်း အလိမ်မခံရစေနဲ့ဦး”
ချန်အန်းရွှယ်က အနားသို့ ရောက်လာပြီး ဖန့်ချန်ကို အသံလှိုင်းဖြင့် သတိပေးလိုက်သည်။ ထို့နောက် ဝမ်ချွမ်းမြစ်ကို လက်ညှိုးထိုးပြကာ
“အကယ်၍ တစ်စုံတစ်ယောက်က ယင်သက်တမ်းကို သုံးပြီး သူတို့ကို ပြန်ခေါ်သွားရင် အလကား ထောင်ချထားသလို ဖြစ်မသွားဘူးလား ”
“သူတို့က ဒီမှာ ရှိနေတာ မဟုတ်ဘူး”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်
“ဆရာမကြီး... သေချာ ကြည့်ကြည့်ဦး”
ချန်အင်းရွှယ်က သေချာစွာ စိုက်ကြည့်လိုက်ရာ ဝမ်ချွမ်းမြစ်အောက်ခြေတွင် အလွန်တရာ ကြီးမားလှသော ပုံရိပ်တစ်ခု ရှိနေပြီး ထိုပုံရိပ်မှာ လူသန်းပေါင်းများစွာကို တစ်ခါတည်း သယ်ဆောင်သွားနိုင်လောက်သည့် အနေအထား ရှိနေကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရတော့သည်။