အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) အဆိပ်ဖြေခြင်းနှင့် နန်ကုန်းယွမ်၏ အိပ်မက်
ယွင်ဟွားသည် ချက်ချင်းပင် သူမ၏ လက်များကို ကျောဘက်သို့ ပို့လိုက်ပြီး သူမ၏ မျက်နှာမှာ အနည်းငယ် ရှက်သွေးဖြာသွားလေ၏။
“ရှောင်ယိုယို... နင် ဘာတွေ အော်နေတာလဲ... ငါ့ကိုတောင် လန့်သွားစေတယ်..”
ယွင်ဟွားက သတိပြန်ဝင်လာပြီးနောက် သူမ၏ အပြစ်ရှိသလို ဖြစ်နေသော မျက်နှာထားမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
“သူက ငါ့ရဲ့ အနာဂတ်ခင်ပွန်းပဲ... သူ့ကို နှစ်ခါလောက် ထိကြည့်တာ ဘာမှားနေလို့လဲ..”
ဤမျှသာဖြစ်သည်။
သူမသည် သူ့အား နောက်တစ်ကြိမ် ထပ်မံ၍ ထိတွေ့ပြန်ရာ ငရဲလကျောက်အား စိတ်ပျက်စွာဖြင့် အထက်အောက် ခုန်ပေါက်နေစေတော့၏။
*နေပါဦး... တစ်ခုခုတော့ မှားနေပြီ…*
၎င်းသည် သူတို့နှစ်ဦးကို နီးစပ်စေရန် ကြိုးစားနေရုံသာဖြစ်ရာ အဘယ်ကြောင့် ဤမျှ လောဆော်နေရသနည်း။
“စုတ်တံလေး ဘယ်ရောက်နေတာလဲ... ဒီကျောက်တုံးက သူ့ဆီကနေ သလင်းကျောက်လုံးကို ယူဖို့လိုတယ်..”
“ဟီးဟီးဟီး…”
“ပန်းကလေး... နောက်ကျရင် နင် သူ့ကို ထိတဲ့အခါ ထောင့်ပေါင်းစုံကနေ ပြသပေးပါ... ငါက ကောင်းတဲ့ပုံလေးတွေကို ရွေးထုတ်လိုက်မယ်..”
၎င်းသည် ငရဲပြည်သို့ ပြန်ရောက်ပြီးနောက် နေ့စဉ်နေ့တိုင်း ကြည့်ရှုခံစားနိုင်ရန် ဤမြင်ကွင်းကို မှတ်တမ်းတင်ထားချင်နေလေသည်။
ယွင်ဟွား...
သူမ၏ ဂနာမငြိမ်ဖြစ်နေသော နှလုံးသားမှာ ချက်ချင်းပင် ငြိမ်ကျသွားလေတော့၏။
“နင် ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ... ငါက ရှောင်ယွမ်ယွမ်ကို အဆိပ်ဖြေပေးဖို့ ဒီနေရာကို ရောက်နေတာ…”
ယွင်ဟွားက နှာခေါင်းရှုံ့လိုက်ပြီး နန်ကုန်းယွမ်အား ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်စေရန် ကူညီပေးလိုက်လေသည်။
ထို့နောက် သူမသည် ဖိနပ်ကို ချွတ်လိုက်ပြီး နန်ကုန်းယွမ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
ငရဲလကျောက်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ပန်းကလေး၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ကောင်းစွာ သိရှိထားလေသည်။
“ပန်းကလေး... နင့်ရဲ့ မူလစွမ်းအားက လိုအပ်နေသေးတယ်ဆိုတာ ငါ မှတ်မိတယ်... သူ့အတွက် အဆိပ်တွေကို နင် ဘယ်လိုလုပ် စုပ်ယူပေးနိုင်မှာလဲ..”
၎င်း ပြန်လည်သက်သာလာချိန်အထိ စောင့်ဆိုင်းပြီးနောက် ၎င်းကိုယ်တိုင် အဆိပ်ဖြေပေးခြင်းက ပို၍ကောင်းမွန်လိမ့်မည်ဟု ငရဲလကျောက်က ပြောလိုက်လေသည်။
ယွင်ဟွားက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်လေသည်။
သူမ၏ လက်လေးတစ်ချက် လှုပ်ရှားမှုနှင့်အတူ အစွမ်းထက်သော စွမ်းအားတစ်ခုသည် အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ငရဲလကျောက်မှာ လုံးဝ အံ့အားသင့်သွားလေတော့သည်။
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့သည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိသဖြင့် ချက်ချင်းပင် ထွက်ပေါ်လာကြလေသည်။
“ပန်းကလေး... ဒါက... ဖြူမည်း သေမင်းတမန်တွေရဲ့ ကျင့်ကြံခြင်းအဆင့် မဟုတ်ဘူးလား…”
သေခြင်းရှင်ခြင်းစာအုပ်က အံ့သြတကြီးဖြင့် အော်ပြောလိုက်၏။
ယွင်ဟွားက ခေါင်းညိတ်လိုက်ပြီး ကျင့်ကြံခြင်းစွမ်းအင်အလုံးကို ဆွဲဆိတ်ရန် အခြားလက်တစ်ဖက်ကို အသုံးပြုလိုက်လေသည်။
“သူတို့က ဖြူမည်း သေမင်းတမန်တွေဆီကနေ ကျင့်ကြံခြင်းစွမ်းအင် တစ်ဝက်ကို ယူလိုက်တာဟာ မူလက ဘိုးဘေးတွေအတွက် လျော်ကြေးပေးဖို့ ရည်ရွယ်ခဲ့တာ... ဒါပေမယ့် မောင်လေးချွေ့က သဘောကောင်းလွန်းလို့ ဘိုးဘေးတွေကို နှစ်သုံးရာစာ ကျင့်ကြံခြင်းစွမ်းအင်တွေ တိုက်ရိုက် ပေးလိုက်တယ်..”
ယွင်ဟွား၏ လက်ချောင်းထိပ်မှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သေးငယ်သော ကျင့်ကြံခြင်းစွမ်းအင်အစုအဝေးတစ်ခုအဖြစ် ကွဲထွက်သွားလေသည်။
သူမသည် ကျန်ရှိနေသောအရာများကို နေရာလွတ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်၏။
“ဟွားဟွား... ဘာလို့ အဲ့ဟာတွေအားလုံးကို နင့်အတွက် ယူမထားလိုက်တာလဲ... ဒါဆိုရင် နင့်ရဲ့ စွမ်းအားက အဆင့်တော်တော်များများကို သေချာပေါက် ကျော်တက်သွားမှာပဲ…”
တရားသူကြီးစုတ်တံက ပန်းကလေးက ၎င်းတို့အား ပြန်လည်သိမ်းဆည်းသွားသည်ကို ကြည့်ကာ ရင်ကွဲနာကျနေလေသည်။
ယွင်ဟွားသည် သဘောမတူကြောင်း ပြသရန် ခေါင်းခါမ်းလိုက်ပြီး ပြောလိုက်၏။
“မယူဘူး..”
“ကျင့်ကြံခြင်းဆိုတာ သဘာဝအားဖြင့် ခက်ခဲတယ်... အဲ့တုန်းက ငါ သူတို့ကို အရမ်းဒေါသထွက်ခဲ့ပြီး ငါတို့ရဲ့ ဘိုးဘေးတွေကို လျော်ကြေးပေးဖို့ သူတို့ရဲ့ ကျင့်ကြံခြင်းတွေကို ခိုးယူခဲ့တာ..”
“ရှောင်ယွမ်ယွမ်ကို ကူညီဖို့အတွက် ငါက အတွေ့အကြုံတွေ ထပ်လိုသေးတယ်... ငါတို့ရဲ့ ဘိုးဘေးတွေက အခု ၎င်းကို သုံးလို့မရတော့ဘူး... ပြီးတော့ ငါက အရမ်းသေးငယ်တဲ့ အစိတ်အပိုင်းလေးကိုပဲ ငှားရမ်းဖို့ လိုတာပါ... နောက်တစ်ခါ ငါ သူတို့ကို တွေ့တဲ့အခါ ငါ့ရဲ့ ကျန်တဲ့ ကျင့်ကြံခြင်းတွေကို ဖြူမည်း သေမင်းတမန်တွေဆီ ပြန်ပေးလိုက်မယ်..”
တရားသူကြီးစုတ်တံက ၎င်း၏ ပါးစပ်လေးကို စူထော်ထားရာ သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ ခေါင်းကို ဖြတ်ရိုက်လိုက်လေသည်။
“ဘာကို စိတ်ပျက်စရာရှိလို့လဲ... ငါတို့ရဲ့ ပန်းကလေးက အဆင့်ဆင့် ကျင့်ကြံဖို့ လိုတယ်... အနာဂတ်မှာ ပိုပြီး အစွမ်းထက်လာစေဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ရမှာ... နားလည်လား…”
တရားသူကြီးစုတ်တံသည် ၎င်း၏ ခေါင်းလေးကို အုပ်ကိုင်ထားပြီး မကျေမနပ်ဖြင့် ပြန်ဖြေလိုက်၏။
“ငါ သိပါတယ်... ဒါပေမယ့် ရှူးရှူး... ငါ့ခေါင်းကို မရိုက်ဘဲ နေပေးလို့ ရမလား... ငါ့မှာ ငါ့ရဲ့ နောက်ဆုံးကျန်နေတဲ့ ဂုဏ်သိက္ခာလေးကို ထိန်းသိမ်းဖို့ ဒီဆံပင်အမွေးလေး တစ်စုပဲ ကျန်တော့တာပါ..”
ယွင်ဟွားသည် သေးငယ်သော ကလေးသုံးဦးအား လျစ်လျူရှုလိုက်ပြီး ထိုလက်သည်းခွံအရွယ်အစားရှိသော ကျင့်ကြံခြင်းပမာဏကို သူမ၏ ပင်မခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းလိုက်လေသည်။
ချက်ချင်းပင်...
အခန်းတွင်း၌ အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ယွင်ဟွား၏ နဖူးပေါ်ရှိ အမှတ်အသားများမှာ စဉ်ဆက်မပြတ် ပြောင်းလဲသွားကာ အနီရောင် မန်ဂျူဆာကာ ပန်းပုံစံတစ်ခုအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာလေသည်။
သူမသည် လက်သင်္ကေတများကို ဆက်တိုက် ဖန်တီးလိုက်ရာ သူမ၏ မူလခန္ဓာကိုယ်ပုံစံက ရင်ဘတ်ထဲမှနေ၍ တဖြည်းဖြည်း ထွက်ပေါ်လာ၏။
နောက်တစ်စက္ကန့်တွင်…
၎င်းသည် နန်ကုန်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး ယင်စွမ်းအင်များသည် သူ၏ သွေးကြောများနှင့် ဒန်တျန်အတွင်း လှည့်ပတ်သွားလေသည်။
နန်ကုန်းယွမ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ထိန်းချုပ်မှု ကင်းမဲ့နေသလို ခံစားလိုက်ရသည်။ မှုန်ဝါးဝါး ပုံရိပ်များသည် သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွား၏။ ထိုအရာများမှာ မှောင်မိုက်ပြီး မှိုင်းညို့နေသော နန်းတော်တစ်ခုဖြစ်ကာ ထောင်စုနှစ်များစွာကြာအောင် စွန့်ပစ်ခံထားရသည့်အလား လူသူကင်းမဲ့နေလေသည်။
မလှမ်းမကမ်းတွင်...
အနက်ရောင် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ကျောက်စိမ်းသစ်ပင်တစ်ပင်ကဲ့သို့ မတ်တတ်ရပ်နေကာ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များနှင့် ဖော်ပြ၍မရနိုင်သော မွန်မြတ်မှုများက သူ့အား ဝန်းရံထားလေသည်။
သူ၏ မျက်နှာပေါ်ရှိ ရွှေရောင်မျက်နှာဖုံးသည် ကြယ်များကဲ့သို့ တောက်ပနေသော သူ၏ မျက်လုံးများကိုလည်း ဖုံးကွယ်ထားလေသည်။
နန်ကုန်းယွမ်သည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ပိုမိုရှင်းလင်းစွာ မြင်ရရန် ကြိုးစားလိုက်၏။
ချက်ချင်းပင် မြင်ကွင်းမှာ ပြောင်းလဲသွားလေသည်။
မရေမတွက်နိုင်သော ငိုကြွေးသံများသည် သူ၏ နားထဲသို့ ဝင်ရောက်လာပြီး သူ့အား လန့်ဖျပ်သွားစေသည်။
ဤနေရာက...
ငရဲပြည်လား…
နန်ကုန်းယွမ်မှာ လန့်ဖြန့်သွားလေသည်။
ဘာတွေဖြစ်နေသလဲဆိုတာကို သူ နားမလည်နိုင်ခင်မှာပင် ယခင်အမျိုးသားမှာ မလှမ်းမကမ်း၌ ထပ်မံ၍ ပေါ်လာပြန်၏။
ဤတစ်ကြိမ်တွင်…
သူသည် လက်ထဲ၌ အရက်အိုးတစ်အိုးကို ကိုင်ဆောင်ထားပြီး မြစ်ကမ်းနံဘေးရှိ အနီရောင် ပန်းကလေးတစ်ပွင့်အား ရေလောင်းပေးနေလေသည်။
"ရပ်လိုက်စမ်း..."
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် နန်ကုန်းယွမ်သည် ထိုအနီရောင် ပန်းကလေးအား မကြည့်ရက်နိုင်ဖြစ်နေသဖြင့် သူသည် ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ ခြေလှမ်းရန် ပြင်လိုက်ချိန်တွင် စုပ်ယူအားတစ်ခုက သူ့အား နောက်သို့ ဆွဲငင်သွားလေသည်။
တစ်ချိန်တည်းမှာပင် အမျိုးသားက ခေါင်းလှည့်လာပြီး ၎င်းတို့၏ အကြည့်များ ဆုံတွေ့သွားကြ၏။
နန်ကုန်းယွမ်၏ အမြင်အာရုံများမှာ မှောင်မိုက်သွားပြီး သူ ဘာမျှ ထပ်မသိတော့ပေ။
ယွင်ဟွားသည် သူမ၏ မူလခန္ဓာကိုယ်ပုံစံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မွန်းကျပ်နေသော လေတစ်ဝိုက်ကို ရှူထုတ်လိုက်လေသည်။
သူမသည် ရှောင်ယွမ်ယွမ်အား ပြားပြားဝပ်စွာ လှဲသိပ်လိုက်ပြီးနောက် သူ၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်၏။
"ဟူး..."
"အရမ်းကောင်းတာပဲ... ငါ့ရဲ့ ရှောင်ယွမ်ယွမ်ရဲ့ အဆိပ်က ပြေသွားပြီ... ဒီကနေ့ကစပြီး သူ ပုံမှန်လူတစ်ယောက်လို လမ်းလျှောက်နိုင်တော့မယ်..."
ယွင်ဟွားသည် မနေ့ကတည်းက အိပ်မထားရသဖြင့် ယခုအခါ အလွန် အိပ်ချင်နေပြီ ဖြစ်သည်။
သူမသည် သူမ၏ ချစ်လှစွာသော ခင်ပွန်းအား တစ်ချက် ကြည့်လိုက်လေသည်။
“ရွှတ်…”
ယွင်ဟွားသည် သူ၏ ချောမောသော မျက်နှာဆီသို့ ရည်ရွယ်ကာ သူ့အား နှစ်ချက်မျှ နမ်းလိုက်၏။ သူမသည် သူမ၏ နှုတ်ခမ်းများကို လျက်လိုက်လေသည်။
"အရသာကောင်းလိုက်တာ..."
“ပန်းကလေး... ဣန္ဒြေစောင့်ပါဦး... နင် ဣန္ဒြေရှိဖို့ လိုတယ်... ယောကျာ်းတစ်ယောက်ကြောင့် နင့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းတွေကို အလျော့မပေးလိုက်နဲ့... ငါတို့မှာ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်တွေ ရှိတယ်ဆိုတာ မမေ့နဲ့..”
သေခြင်းရှင်ခြင်းစာအုပ်သည် ရှောင်ဟွားဟွား၏ တိုးတက်မှု မရှိခြင်းကြောင့် စိတ်ပျက်စွာဖြင့် သူမ၏ အနာဂတ်အတွက် ဦးနှောက်စားနေရလေသည်။
“ဟုတ်တယ်... ဟုတ်တယ်... ဟွားဟွား... ချောမောတဲ့ ယောကျာ်းတစ်ယောက်အတွက် နင့်ရဲ့ မောင်းမအဆောင်တစ်ခုလုံးကို စွန့်လွှတ်လိုက်လို့ မရဘူး... နင့်ရဲ့ အိမ်ရှေ့စံကြင်ယာတော်ကို တွေးကြည့်ပါဦး... ပြီးတော့ အလှလေးဖြစ်တဲ့ နင့်ရဲ့ ယောင်းမကိုလည်းလေ…”
တရားသူကြီးစုတ်တံက သူမအား အလေးအနက် သတိပေးလိုက်၏။
ယွင်ဟွားသည် သူမ၏ မျက်လုံးများ ပိတ်လုနီးပါးဖြစ်နေလျက် တံတွေးမြိုချလိုက်လေသည်။
“ငါ စွန့်လွှတ်မှာ မဟုတ်ပါဘူး... ငါ လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူး... ရှောင်ယွမ်ယွမ်က ငါ့ရဲ့ မယားကြီးလေ... ဒါပေမယ့် သူတို့ကလည်း ငါ့ရဲ့ အဖိုးတန်လေးတွေပါ…”
ယွင်ဟွားသည် စကားအနည်းငယ်ကို ရေရွတ်လိုက်ပြီးနောက် ခေါင်းကိုစောင်းကာ နန်ကုန်းယွမ်အား မှီလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
နှစ်သစ်၏ ပထမဆုံးနေ့တွင် အိမ်တိုင်း၌ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို ဖလှယ်နေကြလေသည်။
ယွင်ရှောင်ထျန်းသည် တံခါးဝတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ ယွင်မိသားစုထံမှ နှစ်သစ်ကူး မုန့်ဖိုးငွေကို ရယူလိုသော ကလေးများသည် ကြီးမားသော ဖိအားများကြောင့် အံ့အားသင့်သွားကြသည်။ အနီရောင်စာအိတ်များကို လက်ခံရရှိပြီးနောက် ၎င်းတို့သည် ယုန်များထက်ပင် ပိုမိုမြန်ဆန်စွာ ထွက်ပြေးသွားကြလေသည်။
"ရှင် အထဲကို ပြန်ဝင်သွားလို့ရမလား... ရှင် ကြည့်စမ်း... ကလေးတွေကို ဘယ်လောက်တောင် လန့်သွားအောင် လုပ်လိုက်လဲဆိုတာကို..."
ချွေ့ဝမ်ရှင်းသည် သူ့အား စူးရဲစွာ ကြည့်လိုက်ပြီး နှစ်သစ်ကူး မုန့်ဖိုးငွေများ ယူရန် ကလေးများကို သူမထံသို့ ခေါ်လိုက်လေသည်။
"မဖြစ်ဘူး... ငါ့ရဲ့ သမီးငယ်လေးကို ပြန်ခေါ်လာမှဖြစ်မယ်... အချိန်ကို ကြည့်ရသလောက် သူမ မင်းသားစုအိမ်တော်မှာ နေနေတာ အတန်ကြာနေပြီ..."
ယွင်ရှောင်ထျန်းသည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး မင်းသားစုအိမ်တော်ဆီသို့ အပြေးအလွှား ထွက်သွားလေသည်။
ချွေ့ဝမ်ရှင်းမှာ အံ့အားသင့်သွားပြီး ရထားလုံးကို အမြန်ပြင်ဆင်ရန် အစေခံများအား ချက်ချင်း ပြောလိုက်၏။
သူ၏ အငယ်ဆုံးသမီးသည် သူမ၏ အနာဂတ်သမက်လောင်းအား အဆိပ်ဖြေပေးနေကြောင်း မင်းသားအိမ်တော်မှ နံနက်စောစောကပင် သတင်းပို့လာခဲ့သည်။ ဖခင်အိုကြီးမှာ တစ်ခဏမျှပင် စိတ်အေးချမ်းသာစွာ မနေရပေ။ သူသည် စိတ်လေလွင့်နေသလိုမျိုး ဖြစ်နေသည် သို့မဟုတ် သူ၏ တင်ပါးတွင် အနာများ ပေါက်နေသည့်အလား ငြိမ်ငြိမ်မထိုင်နိုင်ဘဲ ဖြစ်နေလေသည်။
ချွေ့ဝမ်ရှင်း ရထားလုံးပေါ်သို့ တက်တော့မည့်အချိန်တွင် တတိယမင်းသား၏ ရထားလုံး ဆိုက်ရောက်လာလေသည်။
ယနေ့တွင် သူ၏ ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်ထားပြီး ခေါက်ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားရာ ဥဒေါင်းတစ်ကောင်နှင့်ပင် တူနေလေသည်။
"မျိုးဆက်သစ် နန်ကုန်းယွီက သခင်မယွင်ကို... အဟွတ် အဟွတ်... သခင်မယွင်ကို နှစ်သစ်ကူး နှုတ်ခွန်းဆက်သပါတယ်..."
ငရုတ်သီးလေးဖြစ်သော ဝေဝေ၏ မိထွေးဖြစ်သောကြောင့် သူ၏ ဇနီးကို အနိုင်ရရန် ကောင်းမွန်သော အထင်အမြင်တစ်ခု ချန်ထားခဲ့နိုင်စေရန် သူ၏ အနေအထားကို အနည်းငယ် နှိမ့်ချထားရသေးသည်။
"တတိယမင်းသား... ရှင် မလုပ်သင့်ပါဘူး... ရှင်က မင်းသားတစ်ပါးလေ... ကျွန်မကို အရိုအသေမပေးသင့်ပါဘူး..."
ချွေ့ဝမ်ရှင်းက လန့်ဖြန့်သွားပြီး သူ့အား အမြန်ထူမပေးလိုက်၏။ သူ့အား ပိုကြည့်လေ သူမ ပို၍ ကျေနပ်မိလေဖြစ်သည်။
အလွန်ကောင်းမွန်လှပေသည်။
အကြီးဆုံးသားသည် ကျန်းမိသားစုမှ မိန်းကလေးတစ်ဦးနှင့် စေ့စပ်ထားပြီး တတိယသမီးသည် တတိယမင်းသား၏ ခေါ်ဆောင်သွားခြင်းကို ခံရကာ အငယ်ဆုံးသမီးက နန်ကုန်းမင်းသား၏ စိတ်ကို အနိုင်ယူထားပြီး အငယ်ဆုံးသားနှင့် ချန်မိသားစု၏ အငယ်ဆုံးသမီးတို့မှာလည်း ငယ်ချစ်သူများ ဖြစ်ကြသည်။
*အင်း...ဒုတိယသမီးရဲ့ အိမ်ထောင်ရေးက ဘယ်တော့များမှ ရောက်လာမှာလဲ... သူမ အလွန် စိုးရိမ်ပူပန်နေမိတယ်*