အဟန့်အတားများကို ဖယ်ရှားပစ်ခြင်း
Vol. 32 Ch. 311
လူငယ်လေး လီရှို့မင်က ရည်မှန်းချက်များကို လီချင်းချိုးထံ ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟပြောကြားလာခဲ့လေသည်။ သူသည် အတန်ကြာအောင် အကျယ်တဝင့် ပြောဆိုနေခဲ့ခြင်း ဖြစ်ရာ၊ ၎င်းမှာ စိတ်ကူးပေါက်၍ ရုတ်တရက် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ကြာမြင့်စွာကတည်းက သေသေချာချာ ကြံစည်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
သူသည် စိမ်းသက်လှသော တိုင်းတစ်ပါးမြေ၌ လူထု၏ ကြည်ညိုမှုကို မည်သို့ သိမ်းပိုက်ရမည်ဟူသော အချက်ကိုပင် ကြိုတင် စဉ်းစားထားခဲ့ပြီး ဖြစ်၏။ သူသည် မိသားစု၏ ငွေကြေးဓနများကို အသုံးချမည်ဖြစ်သလို သူ့လက်အောက်တွင်လည်း စာပေနှင့် သိုင်းပညာ တတ်ကျွမ်းသော အကြံပေးအဖွဲ့တစ်ခုကို ကြိုတင် စည်းရုံးထားခဲ့ပြီး ဖြစ်သည်။ ထိုအဖွဲ့အတွင်းရှိ လူများမှာလည်း သူနှင့် တူညီစွာပင် ငယ်ရွယ်နုပျိုကြသေးသည်။
လီချင်းချိုးအနေဖြင့် သူ့စိတ်ကူးကို ကန့်ကွက်ခြင်း မရှိခဲ့ပေ။
ကိုးပြည်ထောင်နယ်မြေသည် သေးငယ်လှသည်မဟုတ်ဘဲ၊ အမှန်တကယ်မူ အလွန်ပင် ကျယ်ဝန်းလှသဖြင့် ရွှမ်မင်းဆက် အနေဖြင့်ပင် အပြည့်အဝ အုပ်ချုပ်ရန် ခက်ခဲနေခြင်း ဖြစ်သည်။
အကယ်၍ လီရှို့မင်နှင့် လီရှို့ကျန်းတို့သာ အနောက်ဘက်အရပ်၌ ကိုယ်ပိုင်မင်းဆက်တစ်ခု တည်ထောင်နိုင်ခဲ့မည်ဆိုပါက၊ ၎င်းမှာ မိုးပြာနဂါးနယ်မြေဆီသို့ ခရီးဆန့် စူးစမ်းလေ့လာရာ ရောက်သလို ဂိုဏ်းအတွက်လည်း အကာအကွယ် နယ်မြေတစ်ခု ဖြစ်လာနိုင်ပေသည်။
ဤကိစ္စမှာ ချင်းရှောင်ဂိုဏ်းအတွက်လည်း အကျိုးရှိလှပေသည်။
လီချင်းချိုး၏ စိတ်ကူးအတွင်း၌မူ ကျင့်ကြံရေးမင်းဆက်တစ်ခု တည်ရှိနေခြင်းမှာ ဖြစ်နိုင်ချေ ရှိသော်လည်း၊ လက်ရှိတွင် ချင်းရှောင်ဂိုဏ်းကိုယ်တိုင်ပင် အပြည့်အဝ မဖွံ့ဖြိုးသေးရာ ကျင့်ကြံရေးမင်းဆက်တစ်ခုကို ပံ့ပိုးကူညီနိုင်ဖို့ မဖြစ်နိုင်သေးပေ။
ထို့အပြင် ကျင့်ကြံရေးမင်းဆက်တစ်ခု တည်ရှိလာပါက ချင်းရှောင်ဂိုဏ်း၏ ကျင့်ကြံရေးအရင်းအမြစ်များကို မလွှဲမရှောင်သာ ဖိစီးညှစ်ယူလာနိုင်ပေသည်။
“မင်းဆက်တစ်ခု တည်ထောင်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ကူလှဘူး... ပြီးတော့ မင်း အနောက်ဘက်ကို သွားရင် မင်းရဲ့ အုပ်ချုပ်မှုကို ခံယူမယ့် ပြည်သူတွေ ဒီလောက်အများကြီး ရှိချင်မှ ရှိမှာပါ”
“အနောက်ဘက် အန္တရာယ်နယ်မြေရဲ့ အပြင်ဘက်မှာ လူတွေ အများကြီး ရှိနေမှာ သေချာပါတယ်... မင်းဆက်တွေလည်း အများကြီး ရှိနေနိုင်တာပဲ... ဘာပဲဖြစ်ဖြစ် ကိုးပြည်ထောင်နယ်မြေက မိစ္ဆာနယ်မြေ ရဲ့ ခြိမ်းခြောက်မှုကို အမြဲခံနေရတာလေ... စီနီယာဝေရဲ့ ပြောစကားအရဆိုရင် ကျွန်တော်တို့နေရာက နောက်ကျကျန်ရစ်ပြီး ဆိတ်သုဉ်းတဲ့ နေရာတစ်ခုပဲ... တခြားနေရာတွေက ကျွန်တော်တို့ထက် ပိုပြီးတော့ ကောင်းမွန်နေမှာ သေချာပါတယ်”
ဝေထျန်းရှုံးသည်လည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည် ဟုတ်လား။
လီချင်းချိုးက ခေါင်းယမ်းလိုက်ပြီး….
“မင်း ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာဖို့ ငါ မျှော်လင့်ပါတယ်... ဒါပေမဲ့ အဲဒီမတိုင်ခင် မင်းရဲ့ ကျင့်ကြံမှုကို အရင်မြှင့်တင်ရမယ်”
”စိတ်ချပါ... ကျွန်တော် တောင်အောက်မဆင်းခင် ဓမ္မညီလာခံရဲ့ နံပါတ်တစ် ရာထူးကိုလည်း အပြတ်အသတ် လုယူပြပါ့မယ်...”
လီရှို့မင်က ခါးထောက်လျက် အောင်နိုင်သူအပြုံးဖြင့် ပြုံးကာ အားမာန်အပြည့် ရှိနေပုံပေါ်သည်။
လီချင်းချိုးသည် အချိန်များ ဤမျှအထိ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။ နောက်ထပ် ဓမ္မညီလာခံကျင်းပရန် လေးနှစ်မျှသာ လိုတော့သည်။ ထိုအချိန်ကျပါက လီရှို့ကျန်းနှင့် လီရှို့မင်တို့လည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြပြီ ဖြစ်ရာ၊ သူတို့နှစ်ဦးစလုံး နံပါတ်တစ်ရာထူးအတွက် အပြင်းထန်ဆုံး ပြိုင်ဘက်များ ဖြစ်လာကြပေလိမ့်မည်။
သူသည် ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိသွားသော တပည့်များအား ဓမ္မညီလာခံတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ကန့်သတ်ထားမည် ဖြစ်ရာ၊ လေးနှစ်အကြာတွင် လီရှို့ကျန်းနှင့် လီရှို့မင်တို့မှာ မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ သေချာပေါက် ရောက်ရှိနေကြလိမ့်မည်။
ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်မှ ကြည့်လျှင် အချိန်သည် ဖြည်းညင်းစွာ ရွေ့လျားနေသည်ဟု ထင်ရသော်လည်း၊ လူသားတစ်ဦးချင်းစီ၏ ရှုထောင့်မှ ကြည့်လျှင်မူ အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခြင်းပင် ဖြစ်၏။
မသေမျိုးများနှင့် သာမန်လူသားများကြားမှ ကွာဟချက်ကို လီချင်းချိုး ထပ်မံ ခံစားလိုက်ရပြန်သည်။
လီရှို့ကျန်းအား ပွေ့ချီကာ စနောက်ခဲ့သည့် မြင်ကွင်းမှာ မနေ့ကကဲ့သို့ပင် ရှိနေသေး၏။
သူတို့နှစ်ဦး အတန်ကြာအောင် ဆက်လက်စကားပြောဆိုခဲ့ကြပြီးနောက်၊ လီရှို့မင်က သူ လိုလားသောအဖြေကို ရရှိသွားခဲ့သဖြင့် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ထွက်ခွာသွားခဲ့လေသည်။
လီချင်းချိုးက ပြုံးလိုက်ပြီးနောက် ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်နေတော့သည်။
...
ကြီးမားသော ဘေးဒုက္ခကြီး ပြီးဆုံးသွားပြီးနောက် လီချင်းချိုး၏ နေ့ရက်များက စိတ်လက်ပေါ့ပါး စည်းစိမ်ရှိလှပေသည်။ တစ်စုံတစ်ရာသော ကိစ္စရပ်များ ရှိလာလျှင်ပင် လူလွှတ်၍သာ စေခိုင်းလိုက်ရုံမျှဖြင့် ပြီးစီးသဖြင့်၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရန် မလိုအပ်တော့ပေ။
သူသည် နေ့စဉ်နှင့်အမျှ ကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ရှင်များအား ရှာဖွေနိုင်သည့် အခွင့်အရေးကို အသုံးပြုလျက်၊ ယွမ်လီလို ပါရမီရှင်တစ်ဦးအား တတ်နိုင်သမျှ အမြန်ဆုံး ထပ်မံရှာဖွေလိုနေမိသည်။
သို့သော်လည်း ကံကြမ္မာမှာ သူ ဖြစ်ချင်သည့်အတိုင်း ဖြစ်မလာခဲ့ဘဲ မည်သူ့ကိုမျှ ရှာမတွေ့ခဲ့ချေ။
ဇူလိုင်လသို့ ရောက်ရှိရန် နီးကပ်လာခဲ့ပြီ….
ဝေထျန်းရှုံးနှင့် အခြားသူများ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် မိမိတို့၏ တာဝန်ကို ပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်ခဲ့ကြသဖြင့်၊ ဝေထျန်းရှုံးက လီချင်းချိုးအား တစ်ဦးတည်း တွေ့ဆုံလျက် အခြေအနေများကို တင်ပြလေသည်။
“အဲဒီ တစ္ဆေသင်္ဘောကတော့ တကယ်ကို သာမန်မဟုတ်ဘူး.. ဂိုဏ်းကြီးတစ်ခုခုရဲ့ အဆင့်မြင့် ဓမ္မသင်္ဘော ဖြစ်ရမယ်... အတွင်းပိုင်းမှာ နေရာလွတ်ကန့်သတ်ချက် တွေ ပါဝင်နေလို့ လူပေါင်း တစ်ထောင်ကျော်ကို တစ်ပြိုင်နက်တည်း သယ်ဆောင်ဖို့အတွက် ဘာပြဿနာမှ မရှိဘူး... ဒါ့အပြင် သင်္ဘောပေါ်မှာ ကန့်သတ်ချက်တွေ အများကြီး ပါဝင်နေသေးလို့ ကျွန်းတစ်ကျွန်းကို တိုက်ခိုက်ဖို့အတွက်ဆိုရင်လည်း အဆင်ပြေတယ်... ဒီသင်္ဘောကို ရှာဖွေနေရင်းနဲ့ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်က အမွေအနှစ်တွေ ရှိနေတဲ့ မသေမျိုးဂူ တစ်ခုကိုလည်း တွေ့ခဲ့သေးတယ်... ယွမ်လီ၊ ယွင်ချိုင်နဲ့ ရှောင်ဝူတိတို့ အားလုံး သူတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို ရရှိခဲ့ကြတယ်...”
ဝေထျန်းရှုံးက လျင်မြန်စွာ ပြောကြားလိုက်ရာ၊ ရလဒ်မှာ လီချင်းချိုးကိုပင် အံ့အားသင့်သွားစေခဲ့သည်။
ဤမျှအထိ ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့သည်လော…
၎င်းမှာ ဖျက်ဆီး၍မရနိုင်သော ကြီးစိုးသူခန္ဓာကိုယ်၏ ကြီးမားလှသော ကံတရားကြောင့်များလား….
မဟုတ်သေး... ဒီတစ္ဆေသင်္ဘောက ယခင်ကတည်းက ပေါ်ထွက်ခဲ့ဖူးတယ်….
“အဖြစ်အပျက် အစအဆုံးကို ပြောပြစမ်းပါဦး...”
“လူသားတွေရဲ့ သန့်စင်တဲ့ခန္ဓာကိုယ် ကတော့ တကယ်ကို အစွမ်းထက်လှတယ်... ယွမ်လီ ရှိနေတဲ့အတွက် ငါတို့ရဲ့ စူးစမ်းမှုက နှင်းထုကို အလွယ်တကူ ဖြိုခွင်းလိုက်သလိုပါပဲ... လမ်းခရီးတစ်လျှောက်က မိစ္ဆာသားရဲ တွေ သူ့ရဲ့ လက်ချက်နဲ့ အစိမ်းလိုက် ဆုတ်ဖြဲခံခဲ့ကြရသလို၊ အဆိပ်မြူခိုးတွေ ကိုလည်း သူက လက်သီးနဲ့ပဲ ထိုးခွဲပစ်ခဲ့တာမို့ အရာရာက အရမ်းကို အဆင်ပြေချောမွေ့ခဲ့ပါတယ်... ထူးထူးခြားခြား ပြောစရာတောင် မရှိပါဘူး...”
“တကယ်လို့ တစ်စုံတစ်ရာ ထူးခြားတာကို ပြောရမယ်ဆိုရင်တော့... ဟုတ်သားပဲ... ယွင်ချိုင်ကို ခင်ဗျားကိုယ်တိုင် ပျိုးထောင်ခဲ့တာဆိုတော့ သူ့ရဲ့ မျက်လုံးတွေအကြောင်း ခင်ဗျား တစ်စုံတစ်ရာ သိထားတာ ရှိလား...”
ထိုစကားကို ကြားသောအခါ လီချင်းချိုးက ပြန်မဖြေဘဲ လက်ဖက်ရည်တစ်ခွက်ကိုသာ အသာအယာ ငှဲ့နေခဲ့သည်။
ဤအမူအရာကို မြင်တွေ့လိုက်ရသောအခါ ဝေထျန်းရှုံး စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားမိသည်။
ချင်းရှောင်ဂိုဏ်းအတွင်း၌ ဤမျှအထိ ပါရမီရှင်များစွာ ရှိနေခြင်းမှာ အမှန်တကယ်ပင် လီချင်းချိုး၏ စွမ်းဆောင်မှုကြောင့်များလား။
ဂိုဏ်းအတွင်း၌ ပါရမီရှင်များ မည်သို့ကြောင့် ဤမျှအထိ များပြားနေရသနည်းဟူသော အချက်ကို သူ ယခင်ကပင် သံသယဝင်ခဲ့ဖူးသည်။ ၎င်းမှာ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကြောင့်များလား။
ယခု ပြန်လည်စဉ်းစားကြည့်ပါက၊ လီချင်းချိုးကိုယ်တိုင်က ဤပါရမီရှင်များကို ကြိုတင်ရှာဖွေ စုဆောင်းထားခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့်ပင် ချင်းရှောင်ဂိုဏ်းသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံထားရသလို ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်နေခြင်း ဖြစ်ပေလိမ့်မည်။
လီချင်းချိုးကိုယ်တိုင်ကလည်း ပါရမီရှင်တစ်ဦး ဖြစ်ပြီး၊ ဝိညာဉ်အသိအာရုံအဆင့်ကျင့်ကြံမှုဖြင့် သူ့အား ဖိနှိပ်ထားနိုင်စွမ်း ရှိနေသေးသည် မဟုတ်ပါလား။
ထိုသို့ တွေးမိသောအခါ ဝေထျန်းရှုံး လီချင်းချိုးကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားခဲ့လေပြီ။
“ယွင်ချိုင်ရဲ့ မျက်လုံးတွေနဲ့ ပတ်သက်ပြီးတော့... မင်းအနေနဲ့ ဘာထူးခြားမှုကိုမှ သတိမပြုမိခဲ့သလိုပဲ ဟန်ဆောင်ထားလိုက်ပါ... ငါ့ရဲ့ မျက်စိထဲမှာ သူ့ရဲ့ အရေးပါမှုက ယွမ်လီထက် မနိမ့်ပါဘူး”
ဝေထျန်းရှုံးက အသက်ပြင်းပြင်းရှူလိုက်ပြီး….
“ဟုတ်သားပဲ... ငါတို့ လမ်းခရီးမှာ ကျင့်ကြံသူတစ်ဦးနဲ့ ဆုံခဲ့တယ်... အဲဒီလူက အတော်လေး ဒေါသကြီးပြီး ဇွတ်တရုတ်လုပ်တတ်လို့ ယွမ်လီက သူ့ကို ဖမ်းဆီးလိုက်တယ်... ငါကတော့ အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့အတွက် သူ့ကို မိစ္ဆာနှိမ်နင်းရေးစေတီထဲကို ထည့်ပြီး နှိပ်စက်ထားပါတယ်”
“ဒါက ချင်းရှောင်ဂိုဏ်း ရဲ့ တည်ရှိမှုကို အပြင်ကို ပေါက်ကြားသွားစေနိုင်မလား...”
“စိတ်ချပါ... ပြီးခဲ့တဲ့ မိစ္ဆာတွေ သောင်းကျန်းမှု ဖြစ်ပွားပြီးကတည်းက၊ မိစ္ဆာနှိမ်နင်းရေးစေတီ အတွက် ကန့်သတ်ချက်အသစ်တွေကို ငါ ကိုယ်တိုင် ထုဆစ်ထားတာမို့ သူ ဘယ်လိုမှ သတင်းပို့နိုင်မှာ မဟုတ်ပါဘူး... ဟိုမိစ္ဆာမျောက်မည်း တောင် အခုဆို ငြိမ်ကုပ်နေတာ မဟုတ်လား”
မိစ္ဆာမျောက်မည်းအကြောင်း ပြောမိသောအခါ၊ ဝေထျန်းရှုံးက စပ်စုလိုစိတ်ဖြင့် ….
“ဒါနဲ့... မင်း ဘာဖြစ်လို့ ဒီမိစ္ဆာကို ချန်ထားရတာလဲ... သူ့ရဲ့ မိစ္ဆာခန္ဓာကိုယ်က ယွမ်လီနဲ့ ယှဉ်ရင် အဝေးကြီး လိုပါသေးတယ်... ငါ့မှာ သူ့ကို သတ်နိုင်တဲ့ နည်းလမ်းရှိသလို၊ မင်းလည်း သတ်နိုင်တာပဲ မဟုတ်လား”
“တစ်စုံတစ်ယောက်က သူ့ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို လေ့လာချင်နေလို့ပါ... ဒါဟာ တကယ့် အခွင့်အရေးကောင်းပဲ မဟုတ်လား... ဒီလိုမိစ္ဆာမျိုးကို ကိုင်တွယ်တဲ့နေရာမှာ လူသားချင်းစာနာထောက်ထားမှုတွေ ပြောနေဖို့ မလိုပါဘူး”
“ဟယ်ကျင်းရှုလို့ခေါ်တဲ့ ဟိုအရူးကောင်လား...”
“ဟုတ်တယ်... သူက အရူးတစ်ယောက်လို့ အခေါ်ခံရပေမဲ့၊ ဂိုဏ်းအတွက်တော့ ပံ့ပိုးမှုတွေ အများကြီး လုပ်ဆောင်ပေးခဲ့တာပဲ...”
သူသည် ငှက်နီသွေးကျောက်စိမ်း၏အကျိုးသက်ရောက်မှုကို ဘယ်သောအခါမှ မေ့ဖျောက်၍ မရနိုင်ပေ။ ပါရမီကို ပြောင်းလဲပေးနိုင်သော ထိုသို့သော ရတနာမျိုးမှာ အလွန်ပင် အရေးပါလှပေသည်။
ဝေထျန်းရှုံးကိုယ်တိုင်ပင်လျှင် ကောင်းကင်ငရဲပင်လယ်၌ပင် ထိုကဲ့သို့သော ငှက်နီသွေးရတနာမျိုး ရှိကြောင်း တစ်ခါမှ မကြားဖူးခဲ့ဟု ဆိုခဲ့ဖူးသည် မဟုတ်ပါလား။
“အရူးတစ်ယောက်ဆိုတာ ပါရမီရှင်တစ်ဦးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား...” ဟု ဝေထျန်းရှုံးက အဓိပ္ပာယ်ပါပါ ဆိုလေသည်။
လီချင်းချိုးကမူ မှတ်ချက်မပေးခဲ့ပေ။ သူတို့နှစ်ဦး အတန်ကြာအောင် ဆက်လက်စကားပြောဆိုခဲ့ကြပြီးနောက်မှသာ ဝေထျန်းရှုံး ထွက်ခွာသွားခဲ့တော့သည်။
သူ ထွက်သွားပြီးနောက် လီချင်းချိုးက ယွမ်လီနှင့် အခြားလေးဦးတို့အား မည်သို့သော ဆုလာဘ်များ ပေးအပ်ရမည်ကို တွေးတောနေခဲ့သည်။
စစ်မှန်သော သခင်ဆယ်ပါး ခန့်အပ်မည့် အချိန်မှာ ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။ ယွင်ချိုင်နှင့် ယွမ်လီတို့သည် နေရာနှစ်နေရာကို ရရှိနိုင်သော်လည်း၊ အခြားသူများကိုမူ သူ ဆက်လက်စဉ်းစားရဦးမည် ဖြစ်သည်။
...
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နှစ်တာ ကာလမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့လေပြီ။
အသက် လေးဆယ့်လေးနှစ်အရွယ်သို့ ရောက်ရှိလာသော လီချင်းချိုးသည် ဝိညာဉ်အသိအာရုံအဆင့် အဋ္ဌမအဆင့် သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ၊ ဤနှစ်နှစ်အတွင်း ဂိုဏ်း၌ ဝိညာဉ်အသိအာရုံအဆင့်သို့ တက်လှမ်းနိုင်သူပေါင်း ဆယ့်ခြောက်ဦးကျော် ထပ်မံထွက်ပေါ်လာခဲ့သည်။
အခြားသော နယ်ပယ်အဆင့်များ၌လည်း လူဦးရေ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်က ဖြစ်ပွားခဲ့သော မိစ္ဆာဘေးဒုက္ခသည် ပြည်သူများအား ချင်းရှောင်ဂိုဏ်းအပေါ် ယုံကြည်မှု ပျက်ပြားမသွားစေခဲ့ဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ချင်းရှောင်ဂိုဏ်းအား ပိုမိုကြည်ညိုလေးစားလာစေခဲ့သည်။ မြောက်ဘက်နယ်စပ်၌ပင်လျှင် ပြည်သူများက မိုင်ထောင်ချီ ဝေးကွာသော ခရီးကို နှင်လျက် ဂိုဏ်းသို့ လာရောက်ကာ တပည့်ခံရန် ကြိုးစားနေကြသည်။
ချင်းရှောင်ဂိုဏ်း၌ ကြီးမားသော ပြဿနာရပ်များ မရှိသော်လည်း၊ ဂိုဏ်းအတွင်းရှိ ပြိုင်ဆိုင်မှုများမှာမူ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ တာဝန်ခန်းမက အစည်ကားဆုံးသော ဌာနတစ်ခု ဖြစ်လာခဲ့ပြီး၊ တပည့်များက မည်သည့်တာဝန်ကိုမဆို အပြိုင်အဆိုင် လက်ခံရန် ကြိုးစားကြလေသည်။
လာမည့်နှစ်တွင်မူ ဂိုဏ်းချုပ်က စစ်မှန်သော သခင်ဆယ်ပါး၏ ရာထူးနေရာများကို အတည်ပြု ဆုံးဖြတ်တော့မည် ဖြစ်၏။
စစ်မှန်သောသခင်တစ်ပါးတွင် မည်သို့သော အာဏာစွမ်းရည် ရှိသည်ကို အသေအချာ မသိကြသေးသော်လည်း၊ ထိုဂုဏ်ပုဒ်တစ်ခုတည်းနှင့်တင် ပါရမီရှင်များအားလုံးကို အစွမ်းကုန် ကြိုးစားအားထုတ်ရန်အတွက် လုံလောက်လှပေသည်။
ထိုနေ့ မွန်းတည့်ချိန်ကျော်လွန်စ အချိန်တွင်…..
တာဝန်ခန်းမ၏ ကြီးမားလှသော ခြံဝင်းအတွင်း၌ ကျန်းဖိန်နှင့် ပိုင်နင်းအာ တို့ ဘေးချင်းယှဉ်လျက် ရပ်နေကြ၏။ သူတို့သည် သူတို့၏ရှေ့မှောက်ရှိ အလင်းမျက်နှာပြင်ကို ကြည့်ရင်း မျက်မှောင်ကြုံ့ထားကြသည်။
ဤအလင်းမျက်နှာပြင်မှာ မန္တန်ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး၊ တာဝန်ခန်းမအတွင်းရှိ လက်ရှိတာဝန်များကို ပြသပေးနေခြင်း ဖြစ်သည်။ ၎င်းသည် ထွက်သက်ဝင်သက် ဆယ်ကြိမ်တိုင်းတွင် စာမျက်နှာတစ်ခုစီ အလိုအလျောက်ပြောင်းလဲလျက် အဆက်မပြတ် ဖော်ပြပေးနေသည်။
“ဒီတာဝန်တွေက သာမန်ပါပဲ... မင်းအနေနဲ့ လက်လျှော့လိုက်တာ ပိုကောင်းမယ်... သခင်ဆယ်ပါး ရာထူးနေရာကို မင်း ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး... အဲဒီအစား အားစိုက်ပြီး ဝိညာဉ်အသိအာရုံအဆင့်ကို အရင်ဆုံး တက်လှမ်းနိုင်အောင် ကြိုးစားပါလား...”ဟု ကျန်းဖိန်က ဆိုလိုက်သည်။
မူလအားဖြည့်နယ်ပယ် နဝမအဆင့်၌သာ တစ်ဆို့နေခဲ့သော ပိုင်နင်းအာနှင့် မတူဘဲ၊ ထူးချွန်လှသော ပါရမီကို ပိုင်ဆိုင်ထားသည့် ကျန်းဖိန်မှာမူ ယခုအခါ ဝိညာဉ်အသိအာရုံအဆင့် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် ဂိုဏ်းအတွင်း၌ အတိုင်းအတာတစ်ခုအထိ ကျော်ကြားသူများ ဖြစ်ကြသဖြင့်၊ ပတ်ဝန်းကျင်ရှိ တပည့်များမှာ သူတို့အနားသို့ တိုးဝှေ့လာရန် မဝံ့မရဲ ဖြစ်နေကြရှာသည်။
ထိုအခါ ပိုင်နင်းအာက နှာခေါင်းရှုံ့လိုက်ပြီး…
“ငါ ဂရုစိုက်တာက သခင်ရာထူးမဟုတ်ဘူး... ငါက စိတ်ဝင်စားစရာကောင်းတဲ့ တာဝန်တွေကိုပဲ မျှော်လင့်နေတာ...” ဟု ဆိုလေသည်။
ကျန်းဖိန်က ပြုံးလိုက်ပြီး ပြန်လည်ပြောဆိုခြင်း မပြုခဲ့ပေ။
သူသည် အသက်ကြီးလာသည်နှင့်အမျှ၊ မုရုံရှီးနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့သလို၊ မုရုံအိမ်တော် နှင့်လည်း ပတ်သက်မှုများ ရှိလာခဲ့ပြီဖြစ်ရာ၊ လူမှုဆက်ဆံရေးများနှင့် ပတ်သက်၍ ယခင်ကလို ကြောက်ရွံ့ခြင်း မရှိတော့ပေ။
သေချာသည်မှာ သူသည် အမြဲတမ်း နှိမ့်ချစွာ နေထိုင်သူ ဖြစ်၏လူအများက ဝိညာဉ်အသိအာရုံအဆင့်ရှိသော တပည့်များအကြောင်း ပြောဆိုကြသည့်အခါ သူ့ကို ထည့်သွင်းစဉ်းစားမိခြင်း မရှိလောက်အောင်ပင် တိတ်ဆိတ်စွာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း သူသည် တာဝန်ထမ်းဆောင်ရန် အပြင်သို့ ထွက်ခွာခြင်း မရှိခဲ့ပေ။ ၎င်းအစား ဂိုဏ်းအတွင်းရှိ မျိုးဆက်သစ်တပည့်ငယ်များကို လမ်းညွှန်သင်ကြားပေးခြင်းဖြင့်သာ ဂိုဏ်းအတွက် ပံ့ပိုးပေးခဲ့သဖြင့်၊ သူ့ရဲ့ ကျော်ကြားမှုမှာ ကျင့်ကြံမှုကြောင့်မဟုတ်ဘဲ သူ လမ်းညွှန်ခဲ့သော တပည့်များစွာကြောင့်သာ ဖြစ်ပေသည်။
ထိုစဉ်မှာပင် သူတို့ရှေ့ရှိ အလင်းမျက်နှာပြင်ထက်၌ အနီရောင်စာသားတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ဒီတာဝန်ကို ငါ ယူမယ်...”
“ငါလည်း ဒီတာဝန်ကို ယူချင်တယ်...”
“မင်းတို့ သေသေချာချာ မြင်လို့လား... လျှောက်ပြီး အော်မနေကြနဲ့...”
“တစ္ဆေမြို့တော်တဲ့လား... ငါ မကြောက်ပါဘူး...”
ခြံဝင်းအတွင်းရှိ တပည့်များအားလုံး အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွသွားကြသဖြင့်၊ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။
ကျန်းဖိန် သေသေချာချာ ကြည့်လိုက်သောအခါ၊ ၎င်းမှာ အနောက်ဘက် အန္တရာယ်နယ်မြေအတွင်း တည်ရှိသော တစ္ဆေမြို့တော်တစ်ခုအား စူးစမ်းလေ့လာရမည့် တာဝန် ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ကြည့်ရုံမျှဖြင့်ပင် ဤတာဝန်က အလွန်အန္တရာယ်ကြီးမားကြောင်း သူ ခံစားမိလိုက်သည်။
ပိုင်နင်းအာ၏ မျက်လုံးများမှာမူ တောက်ပသွားခဲ့ပြီး၊ ဘေးဘက်ရှိ ခန်းမဆောင်ကြီးဆီသို့ လှည့်၍ လျှောက်လှမ်းသွားတော့သည်။
“တိတ်တိတ်နေကြစမ်း... ငြိမ်ငြိမ်နေကြစမ်း...”
ခန်းမဆောင်ကြီးအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ အရှေ့တွင် ရှိနေသော တပည့်များမှာ ဒီရေလှိုင်းအလား နောက်သို့ ချက်ချင်း ဆုတ်ခွာသွားကြရ၏။
တာဝန်ခန်းမမှ တပည့်တစ်ဦးက အပြင်သို့ လျှောက်လာခဲ့ပြီး ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
“တစ္ဆေမြို့တော် တာဝန်ကိုတော့ မူလအားဖြည့်နယ်ပယ် နဝမအဆင့် ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ တပည့်တွေပဲ လက်ခံနိုင်ပါမယ်...”
မူလအားဖြည့်နယ်ပယ် နဝမအဆင့်တဲ့လား….
ဤစံနှုန်းသတ်မှတ်ချက်မှာ တပည့်အများစု၏ ဦးခေါင်းပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သလို ရှိနေတော့သည်။
ကျန်းဖိန်က ပိုင်နင်းအာအား လှမ်းကြည့်လိုက်ရာ၊ သူ့ အမူအရာကို ကြည့်ရုံမျှဖြင့်ပင် ထိုတာဝန်ကို သူ သေချာပေါက် သွားရောက်ထမ်းဆောင်တော့မည် ဖြစ်ကြောင်း သိလိုက်သည်။
တစ္ဆေမြို့တော်တာဝန်မှာ အန္တရာယ်ကြီးမားသည်ဟု သူ ခံစားရသော်လည်း၊ ပိုင်နင်းအာသည် ခိုင်မာလှသော ကံကြမ္မာကို ပိုင်ဆိုင်ထားသူဖြစ်သဖြင့် စိုးရိမ်ခြင်းမရှိပေ။
ဒီကောင်ရဲ့ ကံကောင်းမှုက တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများထက်ပင် ပိုမိုဆန်းကြယ်လှသည် မဟုတ်ပါလား။
ထင်သည့်အတိုင်းပင်၊ ပိုင်နင်းအာက လူအုပ်ကြီးကြားမှ ခေါင်းကို မြင့်မားစွာ မော့လျက် ရှေ့သို့ တိုးဝှေ့ဝင်ရောက်သွားခဲ့ပြီး ခန်းမဆောင်ကြီးအတွင်းသို့ လျှောက်လှမ်းသွားလေသည်။ သူသည် မိမိကိုယ်မိမိ မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အခြားသူများအား သိစေလိုဟန် ရှိ၏။
ကျန်းဖိန်က ထိုအဖြစ်ကို ကြည့်ရှုရင်း ခေါင်းယမ်းလျက် ပြုံးလိုက်မိသည်။
သူလှည့်ထွက်၍ ပြန်ရန် ပြင်လိုက်စဉ်မှာပင်၊ မျက်နှာချင်းဆိုင်မှ လျှောက်လှမ်းလာသော အေးစက်လှသည့် တပည့်တစ်ဦးနှင့် ထိပ်တိုက် တိုးမိလေတော့သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ဓားဂိုဏ်း ၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သော အထီးကျန်ဓားပင် ဖြစ်သည်။
အထီးကျန်ဓားသည် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ခါး၌ ဓားတစ်လက်ကို ချိတ်ဆွဲထားကာ၊ အမူအရာမှာ အလွန်ပင် တည်ငြိမ်အေးစက်လှသည်။ သူသည် ကျန်းဖိန်၏ ဘေးမှ ဖြတ်သန်းသွားခဲ့ပြီး၊ သူ သွားလေရာရာ၌ တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် ဘေးသို့ လျှောက်လှမ်းကာ လမ်းဖယ်ပေးကြရသည်။
ကျန်းဖိန် နောက်သို့ လှည့်ကြည့်လိုက်တော့ အထီးကျန်ဓား၏ နောက်ကျောပုံရိပ်မှာ သူ့အား အားကျစိတ် ဖြစ်ပေါ်စေသည်။
အထီးကျန်ဓားသည်လည်း ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အစောဆုံးအသုတ်၌ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိခဲ့ကြသော တပည့်များအနေဖြင့် သူတို့သည် သီးသန့် အသိုင်းအဝိုင်းငယ်တစ်ခုကို ဖွဲ့စည်းထားခဲ့ကြပြီ ဖြစ်သည်။
ကျန်းဖိန်သည် ပွဲတော်တစ်ခု၌ အထီးကျန်ဓားကို တစ်ကြိမ် မြင်တွေ့ခဲ့ဖူးသော်လည်း၊ သူတို့နှစ်ဦးမှာ စကားတစ်ခွန်းမျှ မပြောဖူးကြချေ။
တောက်ပလှသော အထီးကျန်ဓားနှင့် မတူဘဲ၊ ကျန်းဖိန်မှာမူ အမှန်တကယ်ပင် အလွန်တိတ်ဆိတ်စွာ နေထိုင်သူ ဖြစ်ပေသည်။
ကျန်းဖိန် အားကျမိသည်မှာ အထီးကျန်ဓား၏ ကျော်ကြားမှုမဟုတ်ဘဲ၊ မိမိ ပြုမူလိုသည့်အတိုင်း ရဲရင့်ပြတ်သားစွာ လုပ်ဆောင်တတ်သော စိတ်နေသဘောထားကိုသာ ဖြစ်၏။
သေချာသည်မှာ သူသည် အားကျရုံမျှသာ ဖြစ်သည်။
ခေါင်းကို ပြန်လှည့်လိုက်ပြီး၊ အထီးကျန်ဓား သွားရာ လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ ဆက်လက်ထွက်ခွာသွားခဲ့တော့သည်။
အခြားတစ်ဖက်တွင်မူ….
လင်းရှောင်ခြံဝင်း၏ အနောက်ဘက်ရှိ သစ်တောအတွင်း၌ လီချင်းချိုးက ချောက်ကမ်းပါးအစွန်းတွင် ရပ်လျက် ကိုယ်လက်အကြောဆန့်နေသည်။ သူသည် အလေ့အကျင့်အတိုင်း ကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ရှင်များအား ရှာဖွေနိုင်သည့် အခွင့်အရေးကို အသုံးပြုလိုက်လေသည်။
[ကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ရှင်များအား စတင်ရှာဖွေနေပါသည်]
အကယ်၍ ကျရှုံးခဲ့လျှင်ပင် ဘာမှမဖြစ်ပေ။
လီချင်းချိုးက အခြားလုပ်ဆောင်စရာ မရှိသဖြင့်သာ ဤအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်၏။
[ကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ရှင်အား အောင်မြင်စွာ ရှာဖွေတွေ့ရှိပါသည်... လမ်းညွှန်မှုကို လက်ခံမလား...]