← Chapters

ယန်ဓာတ်လွန်ကဲသောခန္ဓာကိုယ်၊ ကျော်ကြားမှုက ချင်းရှောင်ကို လှုပ်ခတ်စေခြင်

Vol. 32 Ch. 312

ယန်ဓာတ်လွန်ကဲသောခန္ဓာကိုယ်၊ ကျော်ကြားမှုက ချင်းရှောင်ကို လှုပ်ခတ်စေခြင်

Vol. 32 Ch. 312

ဟင်...

ရှာတွေ့သွားတာလား...

လီချင်းချိုး မှင်တက်သွားပြီး၊ မိမိ၏ မျက်လုံးများ ဝေဝါး၍ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလောဟု မသိစိတ်အတွင်းမှ သံသယဝင်မိလိုက်သည်။ သူသည် မျက်တောင်ခတ်၍ ပြန်လည်ကြည့်ရှုသော်လည်း၊ ရှေ့မှောက်ရှိ သတိပေးချက်စာတန်းမှာမူ ပြောင်းလဲခြင်း အလျှင်းမရှိပေ။ထိုစာသားက သူ့ရဲ့ အသက်ရှူနှုန်းကို မြန်ဆန်လာစေတော့သည်။

သူသည် ကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံပိုင်ရှင်ကို ရှာဖွေရန် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ကြိုတင်၍ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ဤမျှအထိ ချက်ချင်း ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထိုသူသည် ယခုမှ မွေးဖွားလာခြင်းလော၊ သို့မဟုတ် တာအိုမျိုးဆက်၏ အာရုံခံစစ်ဆေးမှု နယ်ပယ်အတွင်းသို့ ရောက်ရှိလာခြင်းလော…

လီချင်းချိုး အသက်ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်မိသည်။ ဤအခိုက်အတန့်တွင် သူသည် အတိတ်ဘဝက မိုဘိုင်းလ်ဂိမ်းတစ်ခု၌ ကံစမ်းမဲနှ်ိုက်ရသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။

ငါ့ကိုတော့ စိတ်ပျက်အောင် မလုပ်ပါနဲ့ဦး…..

လမ်းညွှန်မှုကို လက်ခံမယ်...

[လမ်းညွှန်မှုကို စတင်နေပါသည်...]

သတိပေးချက် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ လီချင်းချိုး၏ အသိအာရုံမှာ ဆန်းကြယ်လှသော ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ရုတ်တရက် ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။

သူသည် လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအားတစ်ခုက မိမိအား ကောင်းကင်နှင့်မြေကြီး၏ ပြင်ပသို့ ဆွဲခေါ်သွားသလို ခံစားလိုက်ရ၏။ သူသည် နေ၊ လနှင့် ကြယ်စင်များအပြင် အဆုံးမရှိလှသော ကြယ်စင်ကောင်းကင်ပြင်ကြီးကို မြင်တွေ့လိုက်ရပြီးနောက်၊ အောက်ဘက်သို့ စတင်၍ ပြုတ်ကျသွားခဲ့သည်။

တိမ်ပင်လယ်အလွှာလွှာကို ဖြင့်သန်းလျက်၊ ကမ္ဘာမြေဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းနေခဲ့သည်။

ကမ္ဘာကြီး၏ မြင်ကွင်း ဝေဝါးသွားခဲ့ပြီးနောက်၊ အိမ်တော်ကြီးတစ်ခုက လီချင်းချိုး၏ မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ၎င်းမှာ အလွန်ပင် စည်ကားသိုက်မြိုက်ပြီး ချမ်းသာကြွယ်ဝလှသော မြို့တစ်မြို့ ဖြစ်၏။ ထိုအိမ်တော်ကြီး၏ အနေအထားကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ဩဇာကြီးမားလှသော အထက်တန်းလွှာမိသားစုကြီးတစ်ခု ပိုင်ဆိုင်သည့် နေရာဖြစ်ကြောင်း သိရှိနိုင်သည်။

မြင်ကွင်းဗဟိုချက်ရှိ ခြံဝင်းအတွင်း၌ လူတစ်စုက အခန်းတစ်ခု၏ ပြင်ပတွင် ရပ်နေကြပြီး သူတို့ထဲတွင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက စိုးရိမ်ပူပန်မှုများဖြင့် ဟိုဟိုဒီဒီ လျှောက်လှမ်းနေသည်။

မကြာမီမှာပင်၊ အခန်းအတွင်းမှ ကလေးငယ်တစ်ဦး၏ ကျယ်လောင်လှသော ငိုရှိုက်သံကို ကြားလိုက်ရ၏။ တံခါးပြင်ပရှိ လူတိုင်းမှာလည်း ဝမ်းသာအားရဖြင့် ကြွေးကြော်ဆူညံသွားကြတော့သည်။

ထို့နောက် လီချင်းချိုး၏ မြင်ကွင်းမှာ အနောက်ဘက်သို့ ပြန်လည်၍ ဆုတ်ခွာသွားခဲ့ပြီး၊ တစ်စုံတစ်ယောက်က မိမိအား အနောက်မှနေ၍ ဆွဲခေါ်သွားသလို ရှိနေသည်။ သူသည် မြို့ကြီးပြကြီးများ၊ တောင်တန်းများနှင့် သစ်တောများကို ဖြတ်သန်း၍ ပျံသန်းသွားခဲ့ရပြီး၊ လမ်းခရီးတစ်လျှောက်မှ မြင်ကွင်းများအားလုံးမှာ သူ့စိတ်ထဲ၌ စွဲထင်ကျန်ရစ်ခဲ့သည်။

မရေမတွက်နိုင်သော တောင်တန်းများ၊ မြစ်ချောင်းများနှင့် သိုင်းလောက နယ်ပယ်များစွာကို ဖြတ်သန်းခဲ့ရသဖြင့်၊ လီချင်းချိုး၏ မျက်လုံးများပင် ဝေဝါးသွားခဲ့ရသည်။

နောက်ဆုံးတွင်မူ ချင်းရှောင်တောင် သို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူသည် လမ်းခရီးတစ်လျှောက်မှ မြင်ကွင်းများကို ပြန်လည်အောက်မေ့ဆင်ခြင်လိုက်သောအခါ၊ ဤကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ရှင်သည် ကိုးပြည်ထောင်နယ်မြေနှင့် အလွန်အမင်း ဝေးကွာလှသော နေရာ၌ ရှိနေကြောင်း သိရှိလိုက်ရသည်။

ထိုသူ့ထံသို့ သွားရောက်ရန်အတွက် အနောက်ဘက် အန္တရာယ်နယ်မြေကိုပင် ဖြတ်သန်းသွားရမည် ဖြစ်၏။

ဤမျှ ဝေးကွာလှသော နေရာမှ လူတစ်ဦးကို သွားရောက်ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။ သူကိုယ်တိုင်လည်း သွားရောက်ရန် မဖြစ်နိုင်ပေ။ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် သွားမည်ဆိုလျှင်ပင် အချိန်အတော်ကြာမြင့်မည်ဖြစ်ရာ၊ ချင်းရှောင်ဂိုဏ်းကို ပစ်ထားခဲ့ရန် စိတ်မအေးနိုင်ပေ။

ထိုစဉ်မှာပင် သူ့ ရှေ့မှောက်၌ စနစ်မျက်နှာပြင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

[အမည် - ယင်ကျင်းရှင်း]

[လိင် - ကျား]

[အသက် - ၀ နှစ်]

[သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၀၀/၀၀ (အများဆုံး ၁၀၀)]

[ကျင့်ကြံရေးပါရမီ - အလွန်နိမ့်ကျ]

[နားလည်နိုင်စွမ်း - အလွန်နိမ့်ကျ]

[ကံကြမ္မာ - ယန်ဓာတ်လွန်ကဲသောခန္ဓာကိုယ်၊ ပြီးပြည့်စုံသောအသွင်ကူးပြောင်းမှု၊ ကောင်းကင်မှပေးအပ်သောမဟာတာဝန်]

[ယန်ဓာတ်လွန်ကဲသောခန္ဓာကိုယ် - လူသားကမ္ဘာ၏ သန့်စင်သောခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားလှသော ကံတရားကို ပိုင်ဆိုင်ထားသည်။ နိုးထပြီးနောက်တွင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် တောက်ပလှသော နေမင်းကြီးနဲ့ တူညီသွားမည်ဖြစ်ကာ ်ဓာတ်သဘာဝရှိသော တာအိုမန္တန်များနှင့် နတ်ဘုရားစွမ်းရည်များအပေါ် ထူးကဲလှသော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ နိုးထရန် သတ်မှတ်ချက်မှာ - တောက်လောင်နေသော မီးတောက်များဖြင့် ပြာအဖြစ်သို့ အဆမတန် လောင်ကျွမ်းခံရမည်ဖြစ်ပြီး၊ ထိုမီးတောက်များအတွင်း၌ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပြန်လည်တည်ဆောက်ရမည် ဖြစ်သည်။]

[ပြီးပြည့်စုံသောအသွင်ကူးပြောင်းမှု - သူသည် အသက်အန္တရာယ်ရှိသော အခြေအနေများနှင့် သေလုမြောပါး ဒဏ်ရာများကို ကြုံတွေ့ရတိုင်း၊ ကိုယ်ပိုင် ခွန်အားနဲ့ တိုက်ခိုက်ရေးလမ်းစဉ် တာအိုအပေါ် နားလည်နိုင်စွမ်းများမှာ ပိုမိုမြင့်မားတိုးတက်လာမည် ဖြစ်သည်။]

[ကောင်းကင်မှပေးအပ်သောမဟာတာဝန် - အလွန်အမင်း တာဝန်သိစိတ်ရှိသူ ဖြစ်၏။ သူ ထမ်းဆောင်ရသော တာဝန်နဲ့ ဖိအားများ ပိုမိုကြီးမားလေလေ၊ ပိုမိုပြင်းထန်လှသော တိုက်ခိုက်ရေးစိတ်ဆန္ဒကို ပိုမိုလှုံ့ဆော်ပေးနိုင်လေလေ ဖြစ်သည်။]

...

ထူးခြားတဲ့ ကံကြမ္မာသုံးခုတောင်…..

လီချင်းချိုး၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။ ယန်ဓာတ်လွန်ကဲသောခန္ဓာကိုယ် ဟူသော လူသားသန့်စင်သောခန္ဓာကိုယ်တစ်ခုတည်းနှင့်တင် သူ့အား များစွာ ဆွဲဆောင်နိုင်နေပြီ ဖြစ်၏။ ၎င်းအပြင် ထိုသူ့ထံ၌ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသော ကံကြမ္မာနှစ်ခု - ‘ပြီးပြည့်စုံသောအသွင်ကူးပြောင်းမှု’ နဲ့ ‘ကောင်းကင်မှပေးအပ်သောမဟာတာဝန်’ တို့လည်း ရှိနေသေးသည်။

‘ပြီးပြည့်စုံသောအသွင်ကူးပြောင်းမှု’ မှာမူ စဉ်ဆက်မပြတ် ကြီးထွားလာနိုင်သော ကံကြမ္မာတစ်ခု ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ၎င်း၏ အကန့်အသတ်မှာ မည်သည့်နေရာ၌ ရှိသည်ကို သူ မသိနိုင်ပေ။ ထို့အပြင် ‘ကောင်းကင်မှပေးအပ်သောမဟာတာဝန်’ ကလည်း ဤကလေးငယ်သည် ဖိအားများကို ကောင်းစွာ တောင့်ခံနိုင်သူဖြစ်ကြောင်း သက်သေပြနေသည်။ ဖိအားများ ပိုမိုကြုံတွေ့ရလေလေ ပိုမိုသန်မာလာလေလေဖြစ်ရာ၊ ဂိုဏ်းကို ကာကွယ်စောင့်ရှောက်ရန်အတွက် အလွန်ပင် သင့်လျော်လှပေသည်။

လီချင်းချိုး တစ်ချက်မျှ ကြည့်ရုံဖြင့်ပင် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။

သိမ်းသွင်းရမယ်……သူ့ကို သေချာပေါက် ဂိုဏ်းထဲ ဆွဲသွင်းရမယ်...

မည်မျှပင် ဝေးကွာပါစေ၊ သူ့ကို သွားရောက်ရှာဖွေရန် လူလွှတ်ရမည် ဖြစ်၏။ ထိုမျှမက၊ ယင်ကျင်းရှင်းထံမှ ကံကြမ္မာများကိုလည်း ကူးယူလိုသေးသည်။ ယန်ဓာတ်လွန်ကဲသောခန္ဓာကိုယ်သည် ‘ဖျက်ဆီး၍မရနိုင်သော ကြီးစိုးသူခန္ဓာကိုယ်’ ထက်စာလျှင် နိုးထရန် ပိုမိုလွယ်ကူလှပေသည်။ အနည်းဆုံးတော့ လီချင်းချိုးအနေဖြင့် ၎င်း၏ နိုးထရန် သတ်မှတ်ချက်ကို ကြိုတင်သိရှိထားပြီး ဖြစ်သည်။

သို့သော်လည်း ယင်ကျင်းရှင်းအား ယုံကြည်လာအောင် စည်းရုံးရန်မှာမူ လွယ်ကူလှမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က လီချင်းချိုးအား ‘မင်း မီးလောင်ခံရပြီး သေသွားရင် ပြီးပြည့်စုံတဲ့ အသွင်ကူးပြောင်းမှုကို ရလိမ့်မယ်’ ဟု လာရောက်ပြောဆိုပါက၊ ယုံကြည်နိုင်မည်မဟုတ်ပေ။

လီချင်းချိုး မသေမျိုးဂူဆီသို့ ချက်ချင်းပင် ပြန်လာခဲ့လိုက်သည်။ သူသည် သူ့တပည့်များ ယင်ကျင်းရှင်းအား အလွယ်တကူ ရှာဖွေနိုင်စေရန်အတွက်၊ ဤလမ်းကြောင်းကို ကျောက်စိမ်းပေလွှာတစ်ခုအတွင်းသို့ ထည့်သွင်းရန် စီစဉ်လေသည်။ အသိအာရုံဖြင့် ပုံရိပ်ယောင်မြေပုံတစ်ခုကို ထုဆစ်ခြင်းမှာ အဆင့်မြင့် မန္တန်တစ်ခု ဖြစ်၏။ ၎င်းကို ကျင့်ကြံရန်အတွက် မခက်ခဲသော်လည်း၊ လိုအပ်သော ပစ္စည်းများရရှိရန် ခက်ခဲလှသည်။

ကံကောင်းထောက်မစွာဖြင့် ချင်းရှောင်ဂိုဏ်းသို့ ဝေထျန်းရှုံးဝင်ရောက်လာခဲ့ပြီးနောက်၊ ဤသို့သော အဆင့်မြင့်မန္တန်များကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

………

လီချင်းချိုးသည် ထိုလမ်းကြောင်းကို ထုဆစ်ရန်အတွက် တစ်ရက်တာ ကာလပတ်လုံး အချိန်ယူခဲ့ရသဖြင့်၊ စိတ်စွမ်းအားများစွာ ကုန်ခမ်းခဲ့ရသည်။ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့်ပင် အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရ၏။ အကြောင်းမူကား ထိုခရီးလမ်းမှာ အလွန်အမင်း ဝေးကွာလွန်းလှသဖြင့်၊ လမ်းခရီးတစ်လျှောက်မှ မြေမျက်နှာသွင်ပြင်များကိုပါ သေသေချာချာ ထုဆစ်ရသောကြောင့် ဖြစ်သည်။

ပုံမှန်အားဖြင့် ဤသို့သော မြေပုံကျောက်စိမ်းပေလွှာတစ်ခုကို အောင်မြင်စွာ ဖန်တီးရန်အတွက် အနည်းဆုံး တစ်လခန့် အချိန်ယူရစမြဲပင်။ သို့သော် ဤမျှအထိ အလောတကြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ လီချင်းချိုးက သူ့တပည့်များ ထိုနေရာသို့ ရောက်ရှိသွားသည့်အချိန်တွင်၊ ယင်ကျင်းရှင်းမှာ ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်မည်ကိုလည်း စိုးရိမ်နေမိသည်။

ယင်ကျင်းရှင်းအား သွားရောက်ရှာဖွေရန် မည်သူ့ကို စေလွှတ်ရမည်နည်းဟူသော အချက်က သူ့အား တွေးတောရခက်စေခဲ့၏။ ထိုသူ၏ ကျင့်ကြံမှုအဆင့်မှာ အလွန်နိမ့်ကျ၍ မဖြစ်နိုင်ပေ။ အကြောင်းမူကား အနောက်ဘက် အန္တရာယ်နယ်မြေကို ဖြတ်သန်းရမည်ဖြစ်ပြီး ခရီးလမ်းမှာလည်း ရှည်လျားလှသောကြောင့် ဖြစ်သည်။ ထို့အပြင် မျှော်လင့်မထားသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ကျရှုံးမှုမရှိစေရန်အတွက် သိုင်းလောက အတွေ့အကြုံလည်း ကြွယ်ဝနေရမည် ဖြစ်၏။

သေသေချာချာ စဉ်းစားဆင်ခြင်ပြီးနောက်၊ ထိုသူမှာ တစ်ယောက်တည်းသာ ရှိတော့သည်။

လီချင်းချိုး လင်းရှောင်ခြံဝင်း သို့ သွားရောက်ကာ၊ ထိုသူအား ဖိတ်ခေါ်ရန်အတွက် ရှောင်ဝူချင်းကို စေလွှတ်လိုက်လေသည်။ ထိုသူ မရောက်ရှိလာမီမှာပင်၊ လီတုန်းယွဲ့နဲ့ လီစစ်ကျင်တို့ ခြံဝင်းအတွင်းသို့ တိုက်ဆိုင်စွာ ဝင်ရောက်လာခဲ့ကြသည်။

ထိုအမျိုးသမီးနှစ်ဦးက သူတို့၏ ခန်းမနှစ်ခုကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။ သူတို့သည် ခြံဝင်းအတွင်း၌ လီချင်းချိုးကို မြင်တွေ့လိုက်ရသောအခါ၊ ချက်ချင်းပင် အနားသို့ လာရောက်၍ နှုတ်ဆက်ကြလေသည်။

“စီနီယာအစ်ကို... အစ်ကို ဒီနေ့ ဘာလို့ ဒီမှာ ရှိနေတာလဲဟင်...”ဟု လီစစ်ကျင်က စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

လီတုန်းယွဲ့ကလည်း စိုးရိမ်တကြီးဖြင့်….

“စီနီယာအစ်ကို... အစ်ကို့ရဲ့ မျက်နှာက သိပ်ပြီးတော့ မကောင်းလှဘူးနော်... ကျင့်ကြံတဲ့နေရာမှာ အခက်အခဲတစ်ခုနဲ့ ကြုံနေရလို့လားဟင်...” ဟု မေးလိုက်သည်။

ထိုအခါ လီချင်းချိုးက ….

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မသေမျိုးတစ်ပါးက ငါ့ကို အိပ်မက်တစ်ခု ထပ်ပြီး ပေးခဲ့တယ်... ငါ့ရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်ကို သွားရောက်ရှာဖွေဖို့ လမ်းညွှန်ခဲ့တာပါ... ဒါကြောင့် ငါက လမ်းကြောင်းမြေပုံကို ထုဆစ်နေခဲ့ရလို့ စိတ်စွမ်းအားတွေ နည်းနည်း ကုန်ခမ်းသွားတာပါ...”

အကယ်၍ သူသည် ထိုကဲ့သို့ ဝေးကွာလှသော နေရာသို့ လူလွှတ်၍ ယင်ကျင်းရှင်းအား သွားရောက်ခေါ်ဆောင်ခိုင်းပြီး အောင်မြင်ခဲ့မည်ဆိုပါက၊ ဤကိစ္စကို ဖုံးကွယ်ထားရန် မဖြစ်နိုင်သည်မှာ သေချာလှပေသည်။ ထို့ကြောင့် အစကတည်းကပင် ပွင့်ပွင့်လင်းလင်း ပြောဆိုထားလိုက်ခြင်း ဖြစ်သည်။

သူနောက်ထပ် တပည့်တစ်ယောက် ထပ်မံလက်ခံတော့မည်ဟူသော စကားကို ကြားလိုက်ရသောအခါ၊ အမျိုးသမီးနှစ်ဦးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကြပြီး သူ့ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်လိုက်ကြသည်။

“တပည့်တစ်ယောက် ထပ်မံလက်ခံမလို့လား... အဲဒီတပည့်ရဲ့ ပါရမီက ဘယ်လိုရှိလဲဟင်...”ဟု လီစစ်ကျင်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

လီချင်းချိုး တပည့်လက်ခံမည့် ကိစ္စမှာ ဂိုဏ်းအတွက် အလွန်ပင် ကြီးမားလှသော ကိစ္စရပ် ဖြစ်သည်။ ဟူယန်ကိုလက်ခံပြီးနောက် မည်သည့်တပည့်ကိုမျှ ထပ်မံလက်ခံခြင်း မရှိခဲ့တော့ပေ။ ယခုအခါ အသက် နှစ်ဆယ့်လေးနှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော ဟူယန်သည် မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိရန်လည်း မဝေးတော့ပေ။ လက်ရှိတွင် ဟူယန်သည် ဝိညာဉ်ပစ္စည်းခန်းမ၌ တတာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။ သူ ရှိနေသည့်အတွက်ကြောင့် လီတုန်းယွဲ့နဲ့ ဝိညာဉ်ပစ္စည်းခန်းမရှိ တပည့်များညပိုမို၍ မျက်နှာပွင့်လန်းနေကြရ၏။ ၎င်းမှာ ဝိညာဉ်ပစ္စည်းခန်းမကို ပံ့ပိုးကူညီပေးရန်အတွက် ဂိုဏ်းချုပ်ကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ စီစဉ်ပေးထားခြင်း ဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိရှိထားကြသည်။

“သူ့ရဲ့ ပါရမီကတော့ သဘာဝအတိုင်း ထူးခြားလှပါတယ်... ဒါပေမဲ့ အရေးကြီးဆုံးကတော့ ငါတို့ကြားမှာ ရေစက်ရှိနေတာပဲ... သူ့ကို ရှာတွေ့နိုင်မလား၊ မရှာတွေ့နိုင်ဘူးလားဆိုတာကတော့ အခုထိ မသေချာသေးပါဘူး...”

ရှာတွေ့ရန် မသေချာဘူး ဟုတ်လား…..

ဤအချက်က အမျိုးသမီးနှစ်ဦးအား ပိုမို၍ စပ်စုလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။ ကိုးပြည်ထောင်နယ်မြေအတွင်း၌ သူတို့ရဲ့ အစ်ကိုကြီး မရှာဖွေနိုင်သော လူဟူ၍ ရှိနေနိုင်ပါဦးမည်လော။

သူတို့သည် ဤအကြောင်းအရာကို အခြေခံ၍၊ ဂိုဏ်းအတွင်း၌ ကျော်ကြားလှသော ပါရမီရှင်တပည့်များအကြောင်းကို ဆက်လက်၍ စကားဖောင်ဖွဲ့ဆွေးနွေးကြလေသည်။ နောက်ထပ် ဓမ္မညီလာခံကျင်းပရန်အတွက် နှစ်နှစ်မျှ အချိန်လိုသေး၏။ ပါရမီရှင်တပည့်များစွာမှာလည်း အစွမ်းပြရန်အတွက် လက်ရုံးတန်းနေကြပြီဖြစ်ကာ၊ အခါအားလျော်စွာ သူတို့ တစ်ခါမှ မကြားဖူးခဲ့သော ပါရမီရှင်များ၏ အမည်များလည်း ထွက်ပေါ်လာတတ်သည်။

မကြားဖူးသောနာမည်များရှိနေရခြင်းမှာ လက်ရှိတွင် ချင်းရှောင်ဂိုဏ်း၌ မှတ်ပုံတင်တပည့် အရေအတွက်မှာ ငါးသောင်းနီးပါးအထိ ရှိနေပြီ ဖြစ်သောကြောင့်ပင်။ ၎င်းအပြင် အခြေခံလုပ်သားတပည့် အရေအတွက်မှာလည်း နှစ်သိန်းကျော်ရှိနေပြီဖြစ်ရာ၊ ထိုသူများထဲမှလည်း ပါရမီရှင်များ သေချာပေါက် ထွက်ပေါ်လာနိုင်ပေသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်ကြာမြင့်ပြီးနောက်တွင်၊ ရှောင်ဝူချင်းက ရှန်ယွဲ့အား ခြံဝင်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ရှန်ယွဲ့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါ၊ လီတုန်းယွဲ့နဲ့ လီစစ်ကျင်တို့က စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ကြပြီး သူ့အား နားမလည်နိုင်စွာဖြင့် ကြည့်ရှုလိုက်ကြသည်။

သူတို့ရဲ့ အစ်ကိုကြီးက တစ်ခါမှ မမြင်ဖူးသေးသော တပည့်အား သွားရောက်ရှာဖွေရန်အတွက် ရှန်ယွဲ့ကို စေလွှတ်လိုက်ခြင်း ဖြစ်ရာ၊ ဤကိစ္စကို အလွန်အမင်း အလေးထားနေခြင်း မဟုတ်ပါလား။

ရှန်ယွဲ့သည် ချင်းရှောင်ဂိုဏ်း၏ ထိပ်တန်း တိုက်ခိုက်ရေးအင်အားစုအဖြစ် အမြဲတမ်း တည်ရှိခဲ့သူ ဖြစ်၏။ ဝိညာဉ်အသိအာရုံအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက်တွင်လည်း ပျင်းရိခြင်းမရှိဘဲ ကြိုးစားခဲ့သဖြင့်၊ ယခုအခါ ဝိညာဉ်အသိအာရုံအဆင့် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှန်ယွဲ့၊ ရွှီနင်းနှင့် ကျန်းကျောက်ရှား တို့သည် အချိန်အများစုကို တံခါးပိတ်ကျင့်ကြံရင်းသာ ကုန်လွန်စေခဲ့ကြသဖြင့်၊ ဂိုဏ်းအတွင်းရှိ တပည့်များမှာ သူတို့အကြောင်းကို ပြောဆိုလေ့မရှိကြပေ။ သို့သော်လည်း သူတို့၏ ကျော်ကြားမှုများကို ယွမ်လီ၊ ယွင်ချိုင်နဲ့ လီရန်တို့ လွှမ်းမိုးသွားခဲ့လျှင်ပင်၊ ဂိုဏ်း၏ အဆင့်မြင့်အရာရှိများ၏ စိတ်နှလုံးအတွင်း၌မူ သူတို့သည် အယုံကြည်ရဆုံးသော လူများအဖြစ် တည်ရှိနေဆဲပင်။

ရှန်ယွဲ့က စားပွဲရှည်ကြီး၏ ရှေ့မှောက်သို့ လျှောက်လှမ်းလာခဲ့ပြီး၊ လီချင်းချိုးအား အရိုအသေပေးလိုက်ကာ မည်သည့်ကိစ္စရှိပါသနည်းဟု မေးမြန်းလိုက်သည်။ သူသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။ လွန်ခဲ့သော နှစ်နှစ်အတွင်း လီချင်းချိုးက ဝိညာဉ်အသိအာရုံအဆင့်ရှိသော တပည့်များစွာအား တာဝန်များ ပေးအပ်စေခိုင်းခဲ့သော်လည်း၊ မိမိတစ်ဦးတည်းသာ မည်သည့်တာဝန်မျှ မရရှိခဲ့ချေ။ ၎င်းက သူ့အား မိမိကို အသုံးမပြုတော့ခြင်းများလားဟု သံသယဝင်စေခဲ့သော်လည်း၊ မာန်မာနကြောင့် စိတ်ထဲမှ ခံစားချက်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

လီချင်းချိုးက ဂျူနီယာညီမနှစ်ဦးအား ရှင်းပြခဲ့သည့်အတိုင်းပင် ထပ်မံ၍ ပြောပြလိုက်တော့ ထိုစကားကို ကြားလိုက်ရသောအခါ ရှန်ယွဲ့ ချက်ချင်းပင် မျက်မှောင်ကြုံ့သွားခဲ့သည်။

“တပည့်တစ်ယောက်ကို သွားရှာဖို့ ဟုတ်လား...”

“ဒီလောက်ပဲလား...”

သူသည် မိမိအား အနောက်ဘက်နယ်စပ်ရှိ တစ္ဆေမြို့တော်သို့ သွားရောက်စူးစမ်းရန်အတွက် အဖွဲ့ကို ဦးဆောင်ခိုင်းလိမ့်မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက အနောက်ယွီ မသေမျိုးမြို့တော်မှ သတင်းများ ထွက်ပေါ်လာခဲ့ရာ၊ တောင်နက်ကြီးများနှင့် ရှေးဟောင်းသစ်တောများအတွင်း၌ တစ္ဆေမြို့တော်တစ်ခုကို တွေ့ရှိထားကြောင်း သိရသည်။ ဂိုဏ်းမှ တပည့်နှစ်ဦးမှာလည်း ထိုအနီးအနား၌ ပျောက်ဆုံးသွားခဲ့သဖြင့်၊ ဂိုဏ်းသို့ သတင်းပို့ကာ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြရခြင်း ဖြစ်၏။

ရှန်ယွဲ့ ဓားဂိုဏ်းသို့ သွားရောက်ခဲ့စဉ်က ဤအကြောင်းကို ကြားသိခဲ့ရသဖြင့်၊ ထိုတစ္ဆေမြို့တော်အပေါ် များစွာ စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စကို အထင်မသေးပါနဲ့... အဲဒီကလေးက အဝေးကြီးမှာ ရှိနေတာ... အနောက်ဘက် အန္တရာယ်နယ်မြေကို ဖြတ်သန်းသွားရမှာဖြစ်လို့၊ ပြန်ရောက်ဖို့အတွက် နှစ်အနည်းငယ် ကြာမြင့်နိုင်တယ်... ဒီကိစ္စအတွက် ကျင့်ကြံမှုအဆင့် မြင့်မားပြီး သိုင်းလောက အတွေ့အကြုံ ကြွယ်ဝတဲ့သူတစ်ဦး လိုအပ်တယ်.. သေသေချာချာ စဉ်းစားပြီးတဲ့အခါ ခင်ဗျားတစ်ယောက်ပဲ ဒီတာဝန်ကို ထမ်းဆောင်နိုင်မယ်လို့ ခံစားမိတယ်... ခင်ဗျားက ကျုပ် အယုံကြည်ရဆုံးသော လူပဲလေ...”

ဤစကားများက ရှန်ယွဲ့အားများစွာ စိတ်ကျေနပ်သွားစေခဲ့ပြီး၊ လီတုန်းယွဲ့နဲ့ လီစစ်ကျင်တို့သည်လည်း သူ့ မျက်နှာထက်၌ အပြုံးတစ်ခု ဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ကြရသည်။

ရှန်ယွဲ့ကအရှက်ပြေ ချောင်းဟန့်လိုက်ပြီးနောက် …

“ဂိုဏ်းချုပ်ရဲ့ ပြောစကားအရဆိုရင် အဲဒီကလေးက အခုမှ မွေးခါစပဲ ရှိသေးတာပေါ့... သူ့ရဲ့ ပါရမီက မိုင်ပေါင်းသောင်းချီ ဝေးတဲ့ ခရီးကို သွားပြီး ရှာဖွေရလောက်အောင် တန်ဖိုးရှိတယ်လို့ သေချာလို့လား...”

“သေချာတာပေါ့...”

“သူက ယွမ်လီနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိလဲ...”

“ဒီထက်တောင် ပိုပြီးတော့ သာလွန်ပါသေးတယ်...”

ထိုအဖြေကို ကြားလိုက်ရသောအခါ ရှန်ယွဲ့၏ အမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားခဲ့ပြီး၊ ဤကိစ္စ၏ အရေးကြီးပုံကို သူ ကောင်းစွာ သဘောပေါက်သွားခဲ့လေပြီ။ ဂိုဏ်းအတွင်း၌ ပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့ပြီးနောက်တွင်မူ၊ ရှန်ယွဲ့သည် လီချင်းချိုး၏ ဆုံးဖြတ်ချက်အပေါ် သံသယဝင်ခြင်း မရှိတော့ဘဲ မျှော်လင့်ချက်များသာ ပြည့်နှက်နေခဲ့သည်။

“ဒါဆိုရင် ဒီနေ့ပဲ ချက်ချင်း ထွက်ခွာပါ့မယ်...”

လီချင်းချိုးက သိုလှောင်အိတ်အတွင်းမှ လမ်းကြောင်းမြေပုံကျောက်စိမ်းပေလွှာကို ထုတ်ယူကာ ရှန်ယွဲ့ထံသို့ ပေးအပ်လိုက်လေသည်။ ရှန်ယွဲ့ လှည့်ထွက်၍ ထွက်ခွာသွားခဲ့ပြီဖြစ်ကာ၊ ရှောင်ဝူချင်းက သူ့အား လင်းရှောင်ခြံဝင်း၏ တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။

ဂိုဏ်းချုပ် တပည့်တစ်ယောက် ထပ်မံလက်ခံတော့မည်ဟူသော သတင်းမှာ ထိုနေ့တွင်ပင် ဂိုဏ်းအတွင်း၌ ပြန့်နှံ့သွားခဲ့လေသည်။ ဂိုဏ်းချုပ်၏ သတ္တမမြောက်တပည့်အား ဓားနတ်ဘုရား ရှန်ယွဲ့ကိုယ်တိုင် သွားရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်းနှင့်ထိုသူ၏ ပါရမီမှာလည်း အလွန်အမင်း ထူးခြားဆန်းကြယ်လှကြောင်း သတင်းများထွက်ပေါ်ခဲ့လေသည်။

ရှောင်ဝူချင်းသည် လမ်း၌ ရှောင်ဝူတိနဲ့ ရှောင်ဝူမင်တို့၏ တားဆီးခြင်းကို ခံလိုက်ရပြီး ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းခြင်း ခံလိုက်ရသည်။ သတင်းများ ဤမျှအထိ ပြန့်နှံ့သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့သော်လည်း၊ ပျံ့နှံ့သွားခဲ့ပြီဖြစ်ရာ သူသည်လည်း ဖုံးကွယ်ထားခြင်း မပြုတော့ပေ။

“ဒါက အမှန်ပဲ... အဲဒီလူက အခုမှ မွေးခါစပဲ ရှိသေးတာ... ဂိုဏ်းချုပ်က အကြီးအကဲရှန်ယွဲ့ တစ်ယောက်ပဲ သူ့ကို ပြန်ခေါ်လာနိုင်မယ်လို့ မိန့်ကြားခဲ့တာပါ...” ဟု ရှောင်ဝူချင်းက ပြန်လည်ပြောပြလိုက်တော့ ရှောင်ဝူတိနဲ့ ရှောင်ဝူမင်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများကို မြင်တွေ့နေရသည်။

သူတို့ သုံးယောက်စလုံးလီချင်းချိုး၏ တပည့်အဖြစ် ရွေးချယ်ခြင်း မခံခဲ့ရဖူးပေ။ သူတို့ ထုတ်ဖော်မပြောခဲ့ကြသော်လည်း၊ စိတ်ထဲ၌မူ များစွာ စိတ်ပျက်ခဲ့ကြရသည်။ မိမိတို့အနေဖြင့် ဂိုဏ်းချုပ်၏ တပည့်များထက် မနိမ့်ကျကြောင်း သက်သေပြနိုင်ရန်အတွက်သာ အပြင်းအထန် ကျင့်ကြံနေခဲ့ကြခြင်း ဖြစ်၏။

သို့သော်လည်း၊ ချင်ယဲ့မှလွဲ၍ ဂိုဏ်းချုပ်၏ တပည့်များအားလုံးမှာ သူတို့ ကျော်တက်နိုင်သော အဆင့်တွင် မရှိကြပေ။ အထူးသဖြင့် ယွမ်လီ၏ နိုးထလာမှုက သူတို့အား ကြီးမားလှသော တုန်လှုပ်မှုကို ပေးစွမ်းခဲ့ပြီး၊ မိမိတို့ကိုယ်မိမိ ပါရမီရှင်များ မဟုတ်ကြတော့သလို ခံစားရစေသည်။ ဟူယန်သည်လည်း ကျော်ကြားမှုများကို ရရှိထားခဲ့ပြီဖြစ်ကာ၊ ယခုအခါ ပိုမို၍ ထူးချွန်လှသော ပါရမီရှင်တပည့်သစ်တစ်ဦး ထပ်မံရောက်ရှိလာတော့မည် ဖြစ်သဖြင့်သူတို့အနေဖြင့် မည်သို့ကြောင့် ဖိအားများကို မခံစားရဘဲ ရှိပါမည်နည်း။

ယင်ကျင်းရှင်း ဂိုဏ်းသို့ မရောက်ရှိလာသေးမီမှာပင်၊ ခန်းမသခင်များ လီချင်းချိုးထံသို့ တစ်ယောက်ပြီးတစ်ယောက် လာရောက်ကြပြီး၊ အနာဂတ်တွင် ထိုတပည့်အား မိမိတို့၏ ခန်းမ၌ တာဝန်ထမ်းဆောင်ခွင့်ပေးရန်အတွက် ကြိုတင်၍ တောင်းဆိုနေကြပြီ ဖြစ်သည်။ လီချင်းချိုးကမူ ထိုသူအား မျက်မြင်ပင် မတွေ့ရသေးသဖြင့်၊ သဘောတူညီခြင်း မပြုခဲ့ပေ။

ဤနည်းအားဖြင့်၊ ယင်ကျင်းရှင်းသည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခြင်းမပြုရသေးမီမှာပင်၊ တပည့်များစွာက သူ့အား ပိုမို၍ မျှော်လင့်စပြုလာကြပြီဖြစ်သည်။

All Chapters