← Chapters

ဝမ့်ယင်းဂိုဏ်း

Vol. 32 Ch. 313

ဝမ့်ယင်းဂိုဏ်း

Vol. 32 Ch. 313

မိုးပြာနဂါးနယ်မြေ၊ ထျန်းချင်းမသေမျိုးဂိုဏ်း…..

တောင်ထွတ်များကြားရှိ တောင်လမ်းတစ်ခုပေါ်တွင် လင်းရွှင်းဖုန်းတယောက် မသေမျိုးတစ်ဦး၏ အငွေ့အသက်များဖြင့် ခန့်ညားစွာ လျှောက်လှမ်းနေပြီး၊ သူ့အနောက်တွင်မူ ခရီးဆောင်အိတ်ကို လွယ်ပိုးထားသော လင်းလင်ကျိုး လိုက်ပါလာသည်။

သူတို့နှစ်ဦးစလုံး၏ မျက်နှာထက်တွင် လေးနက်တည်ငြိမ်သော အမူအရာများ ရှိနေကြသည်။

လင်းလင်ကျိုးက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာကာ ဆရာသခင်ဘက်သို့ လှည့်လျက် ရယ်မောကာ ပြောဆိုလိုက်သည်။

“ဆရာ.. ကျွန်တော့်ကို ဒီနေရာအထိပဲ လိုက်ပို့ပါတော့... စီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မတွေဆီကို မှာချင်တဲ့ စကားများ ရှိသေးလား...”

ယနေ့တွင် သူသည် ထျန်းချင်းမသေမျိုးဂိုဏ်းမှ ထွက်ခွာ၍ အရှေ့ဘက်ရှိ ကိုးပြည်ထောင်နယ်မြေ သို့ ဦးတည်သွားရောက်တော့မည် ဖြစ်သည်။

သူ ကိုးပြည်ထောင်နယ်မြေသို့ သွားရခြင်းအကြောင်းမှာမူ သူ့အတွက်ခြေချရာ နေရပ်မရှိတော့သောကြောင့် ဖြစ်၏။ ထျန်းချင်းမသေမျိုးဂိုဏ်း၌ သူ့အတွက် နေရာမရှိတော့သဖြင့်၊ သူ စဉ်းစားမိသော တစ်ခုတည်းသော နေရာမှာ ကိုးပြည်ထောင်နယ်မြေသာ ရှိတော့သည်။

လင်းရွှင်းဖုန်းက တပည့်ဖြစ်သူ၏ အပြုံးကို ကြည့်ရင်း ရင်ထဲ၌ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေ၏။

ဤအခိုက်အတန့်တွင်၊ သူသည် အတိတ်က ချင်းရှောင်တောင်ပေါ်မှ ပထမဆုံးအကြိမ် တောင်အောက်ဆင်းခဲ့စဉ်က လီချင်းချိုး သူ့အား အနောက်မှနေ၍ လှမ်းခေါ်ခဲ့သည့် မြင်ကွင်းကို ပြန်လည်အောက်မေ့စေသည်။

သူသည် အမှန်တကယ်ပင် အရည်အချင်းမရှိသော ဆရာတစ်ဦးဖြစ်ပြီး၊ မိမိ၏ တပည့်များအပေါ် အမြဲတမ်း စိတ်ပျက်အားငယ်စေခဲ့သူပင်။

လင်းရွှင်းဖုန်း ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာဘဲ တွန့်ဆုတ်နေပြီးနောက်၊ နောက်ဆုံးတွင်မူ စကားလုံးလေးနှစ်လုံးကိုသာ ခက်ခဲစွာ ပြောကြားလိုက်နိုင်တော့သည်။

“စိတ်မကောင်းပါဘူး...”

လင်းလင်ကျိုးက ဆရာသခင်အား ကြည့်ကာ ခေါင်းကို ကုတ်ရင်း ရယ်မောလိုက်ပြီး.. “ဆရာ.. ကျွန်တော့်ကို ဘာဖြစ်လို့ စိတ်မကောင်းပါဘူးလို့ ပြောရတာလဲ.. ဆရာက ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ခဲ့တာပဲ... အကယ်၍ အပြစ်တင်ရမယ်ဆိုရင်လည်း ကျွန်တော့်မှာ ဝိညာဉ်အမြစ် မပါလာကိုပဲအပြစ်တင်ရမယ်... ဒီနှစ်တွေမှာ သခင် ဂရုစိုက်ပေးခဲ့လို့သာပေါ့... မဟုတ်ရင် ကျွန်တော် ထျန်းချင်းမသေမျိုးဂိုဏ်းကနေ နှင်ထုတ်ခံရတာ ကြာလှပါပြီ.. ဆရာ စိတ်မကောင်းမဖြစ်ပါနဲ့... ဒီလို ထွက်ခွာသွားရတာက ကျွန်တော့်အတွက် ပိုပြီးတော့ ကောင်းမွန်တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တာပဲလေ...”

သူ ဤသို့ ပြုမူလေလေ၊ လင်းရွှင်းဖုန်း၏ ရင်ထဲ၌ ပိုမို၍ ခံစားရခက်လေလေပင်….

လင်းရွှင်းဖုန်း ခံစားနေရသော စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ဖောက်ထွင်းမြင်သည့်အလား၊ လင်းလင်ကျိုးက လက်သီးကို တင်းတင်းဆုပ်လျက် အော်ဟစ်လိုက်လေသည်။

“ဆရာ... ဆရာကတော့ မသေမျိုးအဖြစ် တက်လှမ်းခြင်းကို သေချာပေါက် အောင်မြင်အောင် လုပ်ရမယ်နော်...”

မိမိတပည့်၏ အမြဲတမ်း တက်ကြွရွှင်လန်းတတ်သော စရိုက်ကို မြင်တွေ့ရသောအခါမှသာ၊ လင်းရွှင်းဖုန်းသည်လည်း စိတ်အားတက်ကြွမှုကို ခံစားလိုက်ရသည်။

“မှတ်ထားပါ... ဒီတစ်ခေါက် ကိုးပြည်ထောင်နယ်မြေကို သွားတဲ့ခရီးမှာ မြူထူတွေကို ရှောင်ပါ... ညဉ့်နက်တဲ့အချိန် တောနက်ထဲက ထွက်ပေါ်လာတဲ့ အသံတွေကြားရင်လဲ အနားမကပ်ပါနဲ့... လူတွေရဲ့ နှလုံးသားက မိစ္ဆာတွေနဲ့ ဘီလူးသတ္တဝါတွေထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းတယ်...” ဟု လင်းရွှင်းဖုန်းက လေးနက်စွာ မှာကြားလိုက်လေသည်။

လင်းလင်ကျိုးက ခေါင်းညိတ်ပြလျက် ဆက်လက်၍ မေးမြန်းလိုက်သည်။

“ဆရာ... စီနီယာအစ်ကိုတို့ဆီကို မှာချင်တဲ့စကား တကယ်ပဲ မရှိတော့ဘူးလား...”

လီချင်းချိုးနှင့် အခြားသော တပည့် ခုနစ်ဦး၏ မျက်နှာများမှာ လင်းရွှင်းဖုန်း၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သူတို့နှင့် မတွေ့ရသည်မှာ အနှစ်သုံးဆယ်နီးပါး ရှိခဲ့ပြီဖြစ်ရာ၊ မှတ်ဉာဏ်များမှာလည်း အနည်းငယ် ဝေဝါးနေခဲ့ပြီ ဖြစ်၏။ထိုလူငယ်လေးများ မိမိအပေါ် ရန်ငြိုးရန်စများ ရှိနေကြဆဲ ဖြစ်မလားဆိုသည်ကို သူ မသိနိုင်ပေ။

“သူတို့တွေအားလုံး အဆင်ပြေကြပါစေလို့ မျှော်လင့်ပါတယ်...”

လင်းရွှင်းဖုန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်၊ ရှေ့သို့ လှမ်းကာ လင်းလင်ကျိုး၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပေးလိုက်သည်။

ယခုအခါ အရွယ်ရောက် ကြီးပြင်းလာခဲ့ပြီဖြစ်သော လင်းလင်ကျိုးကို ကြည့်ရင်း၊ လင်းရွှင်းဖုန်း၏ ရင်ထဲ၌ ဝမ်းနည်းမှုများ ခံစားလိုက်ရပြီး၊ နောက်နောင်တွင် ဤကဲ့သို့သော ကိစ္စရပ်မျိုး ဘယ်သောအခါမှ ထပ်မံ၍ အဖြစ်မခံတော့ဟု စိတ်ထဲမှ တိတ်တဆိတ် ကြုံးဝါးလိုက်မိသည်။

လင်းလင်ကျိုးသည်လည်း ရင်ထဲ၌ မတင်မကျ ခံစားနေရသော်လည်း၊ အားတင်းပြုံးပြပြီး…

“ကျွန်တော် သွားတော့မယ်... ဆရာ ပြန်ပါတော့...”

ပြောပြီးသည်နှင့် လှည့်ထွက်လျက် အပြေးအလွှား ထွက်ခွာသွားလေတော့သည်။

လင်းရွှင်းဖုန်း ထိုနေရာ၌ပင် ရပ်ကျန်ရစ်ခဲ့ပြီး၊ လင်းလင်ကျိုး၏ ပုံရိပ်လေး ဝေးကွာလှသော တောအုပ်အတွင်း၌ ပျောက်ကွယ်သွားသည်အထိ လိုက်လံကြည့်ရှုနေမိသည်။ သူ ထိုသို့ စိုက်ကြည့်နေခဲ့သည်မှာ တစ်နေ့ခင်းလုံးနီးပါးပင် ကြာမြင့်ခဲ့သည်။

ညနေစောင်း အချိန်သို့ ရောက်ရှိလာသောအခါ….

လင်းရွှင်းဖုန် လှည့်ပြန်ခဲ့ပြီဖြစ်ကာ၊ သူ့ အမူအရာမှာလည်း အလွန်ပင် ပြတ်သားခိုင်မာလာခဲ့ပြီ ဖြစ်၏။

သူသည် လူများနှင့် အရာဝတ္ထုများစွာကို စွန့်လွှတ်ခဲ့ရပြီးပြီ ဖြစ်ရာ၊ ကျင့်ကြံခြင်းလမ်းစဉ် ကို အဆုံးစွန်ထိ ရောက်အောင် လျှောက်လှမ်းရမည် ဖြစ်သည်။

အသက်ရှည်ခြင်းကို ရရှိကာ ကောင်းကင်မသေမျိုးတစ်ပါး ဖြစ်လာနိုင်မှသာ၊ သူ ရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် ဒုက္ခပေါင်းစုံအတွက် ထိုက်တန်ပေလိမ့်မည်။

………ယ

ပူပြင်းလှသော နွေရာသီ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ၊ ရှန်ယွဲ့ တောင်အောက်သို့ ဆင်းသွားခဲ့သည်မှာ သုံးလကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ထိုက်ခွန်းတောင်တန်း အတွင်းရှိ ဝိညာဉ်တစ်ထောင်ကောင်းချီးမြေ၌…

နေရောင်ခြည်များက ဝိညာဉ်တစ်ထောင်သစ်ပင်၏ သစ်ရွက်များကြားမှ ဖြာကျနေ၏

လီချင်းချိုးက တောင်တစ်တောင်မျှ ကြီးမားလှသော ရှောင်ပါး ကို မော့ကြည့်ရင်း၊ ကျေနပ်လှသော အပြုံးဖြင့် ပြုံးလိုက်မိသည်။

ရှောင်ပါးသည် ထိုနေရာ၌ ရပ်နေရုံမျှဖြင့်ပင် ပေတစ်ရာနီးပါးမြင့်မားလှရာ၊ အတောင်ပံများကို ဖြန့်လိုက်မည်ဆိုပါက မည်မျှအထိ ကြီးမားလိမ့်မည်ကို စဉ်းစားကြည့်ရန်ပင် မလိုတော့ပေ။

လွန်ခဲ့သော နှစ်များအတွင်း၊ ရှောင်ပါး၏ ခန္ဓာကိုယ် အရွယ်အစား အနည်းငယ် ပြန်လည်၍ သေးငယ်သွားခဲ့ပြီး ယခုအခါ ဝိညာဉ်အသိအာရုံအဆင့် သို့ တက်လှမ်းရန် နီးကပ်နေပြီဖြစ်ရာ၊ လီချင်းချိုးအနေဖြင့် များစွာ မျှော်လင့်မိနေသည်။

သူ့သခင်၏ အကြည့်ကို ရင်ဆိုင်ရင်း၊ ရှောင်ပါးက ခေါင်းကို မြင့်မားစွာ မော့လျက် ရင်ဘတ်ကို ကော့ထားကာ၊ အလွန်ပင် မောက်မာဝင့်ကြွားနေပုံ ရသည်။

“သခင်... ရွှေသူငယ် ဘာလို့ အခုထိ ပြန်မလာသေးတာလဲဟင်...”

ဘေးဘက်မှ နုပျိုလှသော အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသဖြင့် လီချင်းချိုး လှည့်ကြည့်လိုက်သောအခါ အနီးအနားရှိ တောအုပ်အတွင်းမှ တွားသွားလျက် ထွက်ပေါ်လာသော ဧရာမ မြွေမိစ္ဆာကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ ပိုင်ကျိ ( တရုတ်နံနံ)ပင်ဖြစ်၏...

ပိုင်ကျိ၏ မြွေခန္ဓာကိုယ်မှာလည်း ပေတစ်ရာကျော် ရှည်လျားလှသော်လည်း၊ ရှောင်ပါး၏ ရှေ့မှောက်တွင်မူ သေးငယ်လှသည်ဟု ထင်ရသည်။

သူမ ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ပြီးနောက်၊ ထိန်းချုပ်ရေးခန်းမမှာ သေးငယ်လွန်းလှသည်ဟု ခံစားခဲ့ရသဖြင့်၊ လီချင်းချိုးက သူမအား ဝိညာဉ်တစ်ထောင်ကောင်းချီးမြေသို့ ပြောင်းရွှေ့နေထိုင်စေခဲ့ခြင်းဖြစ်သည်။

ဤနေရာ၌ သူမအတွက် ရှောင်ပါး၊ ရှောင်ကျို နှင့် အခြားသော မိစ္ဆာများ အဖော်ရှိနေကြသဖြင့်၊ ဤနေရာကို များစွာ သဘောကျလာခဲ့သည်။

“ငါလည်း လောလောဆယ်တော့ အသေအချာ မသိသေးဘူး... သူ ထမ်းဆောင်နေရတဲ့ တာဝန်က ရေရှည်လျှို့ဝှက်တာဝန် ဖြစ်ပြီး၊ ချင်းရှောင်ဂိုဏ်းရဲ့ အနာဂတ်အတွက် အဓိက သော့ချက်ပဲ... စိတ်ချပါ... အကယ်၍ သူ့မှာ အန္တရာယ်တစ်ခုခု ရှိလာမယ်ဆိုရင် ငါ ချက်ချင်း အာရုံခံမိမှာပါ...”

လွန်ခဲ့သော နှစ်များအတွင်း၊ ရွှေသူငယ်သည် အခါအားလျော်စွာ သတင်းအချက်အလက်များကို ပေးပို့ခဲ့သည်။ သူသည် မြေခွေးမိစ္ဆာတစ်ကောင်၏ နောက်သို့ လိုက်ပါလျက် မိစ္ဆာနယ်မြေ ဆီသို့ ဦးတည်သွားနေခြင်း ဖြစ်၏။

မိစ္ဆာကြီးများ အုပ်စုကို သုတ်သင်ပြီးကတည်းက၊ ကိုးပြည်ထောင်နယ်မြေအတွင်းရှိ မိစ္ဆာများက ပုန်းကွယ်သွားကြခြင်း သို့မဟုတ် ထွက်ပြေးသွားကြခြင်းများ ရှိခဲ့ကြသည်။သို့သော်လည်း လီချင်းချိုးကမူ မြောက်ဘက်အရပ်အပေါ် အာရုံစိုက်ထားခြင်းကို ဘယ်သောအခါမှ လက်လွှတ်ခြင်း မရှိခဲ့ပေ။ ကျုံးထျန်းမသေမျိုးမြို့တော် ကဲ့သို့သော ဆုံးရှုံးမှုမျိုး ထပ်မံ၍ မဖြစ်ပွားစေရန်အတွက် သတိပေါ့လျော့နေလို့မရပေ။

“ဒီတာဝန်နဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခုမှ သိခွင့်မရှိဘူးလားဟင်...” ပိုင်ကျိက လက်မလျှော့လိုဘဲ ထပ်မံမေးမြန်းလိုက်ပြန်သည်။

“မင်း ကံတရားအကြောင်းကို သိလား...”

“ကျွန်မ မသိပါဘူး...”

“ အဓိပ္ပာယ်ကတော့... အချို့သော စကားလုံးတွေကို ပြောဆိုလိုက်တာနဲ့၊ တစ်ဖက်လူက အာရုံခံမိသွားတာမျိုး ဒါမှမဟုတ် နတ်ဘုရားတွက်ချက်ခြင်းတွေကနေတစ်ဆင့် သိရှိသွားနိုင်တာကို ဆိုလိုတာပဲ... ဒါဟာ ကျင့်ကြံခြင်းလမ်းစဉ်ပဲလေ... လောကမှာရှိတဲ့ မန္တန်တွေဆိုတာ အလွန်ပဲ များပြားဆန်းကြယ်လှတယ်...”

လီချင်းချိုးက နက်နဲဆန်းကြယ်လှသော လေသံဖြင့် ပြောကြားလိုက်ရာ၊ ပိုင်ကျိမှာ ထိတ်လန့်သွားခဲ့ရသဖြင့် သူမ၏ မြွေခန္ဓာကိုယ်ကို ကျုံ့လိုက်မိပြီး ထပ်မံ၍ မမေးရဲတော့ချေ။

ရှောင်ပါးက အခွင့်အရေးကို အရယူလိုက်ပြီး…

“သခင်... ကျွန်တော် ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ရတဲ့အခါ၊ သခင် ကျွန်တော့်ကို ကူညီပေးနိုင်မလားဟင်...”

သူ့ အသံမှာ အသက် ဆယ့်နှစ်၊ ဆယ့်သုံးနှစ်အရွယ် လူငယ်လေးတစ်ဦး၏ အသံနှင့် တူနေသည်။

“အကယ်၍ ငါသာ မင်းရဲ့ အတိဒုက္ခအတွင်းကို ဝင်ရောက်စွက်ဖက်လိုက်မယ်ဆိုရင်၊ ပိုပြီးတော့ ကြောက်စရာကောင်းလာလိမ့်မယ်... ကိုယ့်ရဲ့ ခွန်အားအပေါ်မှာပဲ ယုံကြည်မှု ရှိစမ်းပါ... ဒါ့အပြင် ဂိုဏ်းမှာလည်း ပြည့်စုံလှတဲ့ အတိဒုက္ခကျော်ဖြတ်ရေးအစီအရင် ရှိနေတာပဲမို့၊ မင်း စိုးရိမ်နေဖို့ မလိုပါဘူး...”

“ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်...”

ရှောင်ပါးက သနားစဖွယ် အသံလေးဖြင့် ပြောဆိုလိုက်ရာ၊ ဤမျှ ခန့်ညားထည်ဝါလှသော နတ်လင်းယုန်ငှက်ကြီးတစ်ကောင်က ဤကဲ့သို့သော အသံမျိုး ပြုလုပ်လိမ့်မည်ဟု စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်။

လီချင်းချိုးသည်လည်း ရှောင်ပါး၏ အတ်ဒုက္ခကို များစွာ မျှော်လင့်နေမိသည်။

မိစ္ဆာများ၏ အသွင်ပြောင်းလဲခြင်း အဆင့်အတန်းမှာ အသေအချာ သတ်မှတ်ထားခြင်း မရှိသော်လည်း၊ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိပါက ခန္ဓာကိုယ်၏ အစိတ်အပိုင်းအချို့ကို အသွင်ပြောင်းလဲနိုင်ပြီ ဖြစ်သည်။ သေချာသည်မှာ မိစ္ဆာအများစုသည် လူသားအသွင်ပြောင်းလဲရသည်ကို မနှစ်သက်ကြဘဲ၊ မိမိတို့၏ မူလခန္ဓာကိုယ်ကသာ အလှပဆုံးဟု ခံစားရလေ့ရှိကြသည်။သို့သော် ရှောင်ပါးကမူ ချင်းရှောင်ဂိုဏ်းအတွင်းသို့ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရန်အတွက် လူသားအသွင်သို့ ပြောင်းလဲလိုသည်။

ထို့နောက်တွင်၊ လီချင်းချိုးက ဝိညာဉ်တစ်ထောင်သစ်ပင်ကို ကြည့်လိုက်သည်။

ဝိညာဉ်တစ်ထောင်သစ်ပင်သည် အမှန်တကယ်မူ သစ်ပင်မိစ္ဆာတစ်ကောင် ဖြစ်သော်လည်း၊ အကျင့်စရိုက် အေးစက်လှပြီး စကားပြောရသည်ကို မနှစ်သက်ချေ။

လီချင်းချိုးကလည်း သူ မည်မျှအထိ သန်မာသည်ဆိုသည့်အချက်ကို အမြဲတမ်း စပ်စုချင်နေသည်။

ဤမျှကြီးမားလှသော မိစ္ဆာခန္ဓာကိုယ်အတွင်း၌ သာမန်လူတို့ စဉ်းစား၍မရနိုင်လောက်သော ခွန်အားများ သေချာပေါက် ကိန်းအောင်းနေပေလိမ့်မည်။

လီချင်းချိုးက ဝိညာဉ်တစ်ထောင်သစ်ပင်နှင့်အတူ တစ်ဦးတည်း နေထိုင်မည့် အခွင့်အရေးကို ရှာဖွေကာ၊ နှလုံးသားချင်း တိုက်ဆိုင်စွာ စကားပြောဆိုလျက် သူတို့ကြားမှ သံယောဇဉ်ကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။

သူသည် ရှောင်ပါးနှင့် ပိုင်ကျိတို့ကို စကားအနည်းငယ် ထပ်မံမှာကြားပြီးနောက်၊ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။

သူ့ထံ၌ ကိုင်တွယ်ရမည့် ကိစ္စရပ်များစွာ ရှိနေသေးရာ၊ ရှောင်ပါးထံသို့ လာရောက်ကြည့်ရှုရန် အချိန်ပေးနိုင်ခဲ့ခြင်းမှာပင် အလွန်တန်ဖိုးရှိလှပေပြီ။

ခန္ဓာကိုယ်ကို လှုပ်ရှားလျက် ခုန်ထွက်လိုက်ရာ၊ ရှောင်ပါးနှင့် ပိုင်ကျိတို့၏ မြင်ကွင်းအတွင်းမှ တစ်ခဏချင်းပင် ပျောက်ကွယ်သွားခဲ့လေတော့သည်။

နေရောင်ခြည်အောက်၌၊ သစ်တောတစ်ခုလုံးထက် မြင့်မားလျက် တောင်တန်းများနှင့် ရင်ပေါင်တန်းနေသော ဝိညာဉ်တစ်ထောင်သစ်ပင်ကြီး အနည်းငယ် လှုပ်ခါသွားခဲ့ရာ၊ စိမ်းလန်းလှသော လှိုင်းလုံးကြီးများ ဆူပွက်လာသလို မြင်တွေ့ရပေမည်။

……..

လီချင်းချိုး မကြာမီမှာပင် လင်းရှောင်ခြံဝင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ၊ ကျန်းယွီချွန်း ထိုနေရာ၌ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။

တပည့်အရေအတွက် ပိုမိုများပြားလာခဲ့သည်နှင့်အမျှ၊ ထိန်းချုပ်ရေးခန်းမ အပေါ်၌ ကျရောက်လာသော ဖိအားများမှာလည်း ပိုမိုကြီးမားလာခဲ့သည်။ကျန်းယွီချွန်းသည် ယခုအခါ စွမ်းအားအားလုံးကို ထိန်းချုပ်ရေးခန်းမအတွင်း၌သာ ပုံအောထားခဲ့လျှင်ပင်၊ မကြာခဏဆိုသလိုပင် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရဆဲပင်။

သို့သော်လည်း၊ သူ့အဆင့်အတန်းနှင့် လီချင်းချိုး၏ အထူးမျက်နှာသာပေးမှုများကြောင့်၊ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သော်လည်း၊ သူသည် လက်ရှိ ညီနောင် ခုနစ်ဦးထဲတွင် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးသူ ဖြစ်နေဆဲပင်။

လီချင်းချိုး ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကျန်းယွီချွန်းက အခြေအနေများကို စတင်အစီရင်ခံလေတော့သည်။

“ဒီနေ့မှာ ဂိုဏ်းရဲ့ မှတ်ပုံတင်တပည့် အရေအတွက် ငါးသောင်းကျော်သွားခဲ့ပြီ….နယ်ပယ်အဆင့်တစ်ခုချင်းစီမှာ ရှိနေတဲ့ တပည့်အရေအတွက်ကိုလည်း အစီရင်ခံပါ့မယ်...”

“လက်ရှိမှာတော့ အတွင်းတပည့် အရေအတွက် ကိုးထောင်ခုနစ်ရာခြောက်ဆယ့်လေးဦး ရှိတယ်... ကျွန်တော်တို့ အဓိက အာရုံစိုက်ထားကြတဲ့ မူလအားဖြည့်နယ်ပယ်ရဲ့ သတ္တမအဆင့်၊ အဋ္ဌမအဆင့်နဲ့ နဝမအဆင့်မှာ ရှိနေကြတဲ့သူတွေကတော့... သုံးရာလေးဆယ့်နှစ်ဦး၊ ရှစ်ဆယ့်ခုနစ်ဦးနဲ့ သုံးဆယ့်လေးဦး အသီးသီး ရှိကြတယ်... ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ တပည့်အရေအတွက်ကတော့ တစ်ဆယ့်ကိုးဦးအထိ ရှိလာပြီ..”

သူသည် လီချင်းချိုးအား လှမ်းကြည့်လိုက်ရာ၊ လီချင်းချိုး၏ မျက်နှာထက်၌ မည်သို့သော အမူအရာမျှ ပြောင်းလဲခြင်းမရှိသည်ကို မြင်တွေ့ရသဖြင့်၊ နယ်ပယ်တစ်ခုချင်းစီ၏ အသေးစိတ်အရေအတွက်များကို ဆက်လက်၍ အစီရင်ခံလေသည်။

လီချင်းချိုး ဂရုမစိုက်ဘဲ နေခြင်းမဟုတ်ပေ။အမှန်တကယ်မူ ရင်ထဲ၌ ခံစားချက်များစွာ ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းသည် နှစ်စဉ်နှင့်အမျှ ကြီးမားလှသော ခြေလှမ်းများဖြင့် တိုးတက်နေခဲ့ခြင်းဖြစ်ပြီး၊ အရှိန်အဟုန်မှာလည်း အလွန်ပင် လျင်မြန်လှသည်။ ဝေထျန်းရှုံး၏ ပြောစကားအရဆိုလျှင်၊ ချင်းရှောင်ဂိုဏ်းအား ကောင်းကင်ငရဲပင်လယ်အတွင်းသို့ ထည့်သွင်းလိုက်မည်ဆိုပါက ရှင်သန်နိုင်စွမ်း ရှိနေပြီ ဖြစ်သော်လည်း၊ ဇီယန်ကျွန်းလို ဂိုဏ်းကြီးများနှင့်မူ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။

ထိန်းချုပ်ရေးခန်းမက တပည့်များ၏ မှတ်တမ်းများနှင့် လူဦးရေစီမံခန့်ခွဲမှုများကို အဓိက တာဝန်ယူရခြင်း ဖြစ်သဖြင့်၊ ကျန်းယွီချွန်းက ချင်းရှောင်ဂိုဏ်းတပည့်များ၏ အရေအတွက်နှင့် ကျင့်ကြံမှုအဆင့်များကိုသာ ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။ထိုသို့ဆိုလျှင်ပင်၊ ချင်းရှောင်ဂိုဏ်း၏ အစွမ်းထက်လှသော ခွန်အားကို အထင်အရှား ခံစားနိုင်ပေသည်။

ထို့နောက်တွင်မူ၊ တတိယအကြိမ်မြောက် ဓမ္မညီလာခံအကြောင်းကို ဆက်လက်ပြောဆိုလေသည်။

ပြိုင်ပွဲတိုင်းတွင် အချို့သော တပည့်များ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ကန့်သတ်ထားမည် ဖြစ်သော်လည်း၊ အရေအတွက်မှာမူ ယခင်အကြိမ်ထက် များစွာ ပိုမိုများပြားလာဦးမည် ဖြစ်၏။တတိယအကြိမ်မြောက် ဓမ္မညီလာခံကျင်းပရန်အတွက် နှစ်နှစ်မျှ အချိန်လိုသေးသော်လည်း၊ ကျန်းယွီချွန်းအနေဖြင့် ဆူပူလှုပ်ရှားမှုများ မဖြစ်ပွားစေရန်အတွက် ကြိုတင်၍ ပြင်ဆင်ရပေမည်။

ဓမ္မညီလာခံအတွက် ပြင်ဆင်ရာတွင် ကျင့်ကြံရေးကွင်းများ၊ ဝိညာဉ်ကျောက်တုံးများ၊ ရန်ပုံငွေများနှင့် လုံခြုံရေးဝန်ထမ်းများ လိုအပ်လှသဖြင့်၊ ၎င်းမှာ အခြားသော ခန်းမများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ခန်းမတစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်ကိစ္စရပ်များ ရှိနေကြသဖြင့်၊ ကျန်းယွီချွန်းအနေဖြင့် လီချင်းချိုးထံသို့ လာရောက်ကာ ညှိနှိုင်းပေးရန် တောင်းဆိုရခြင်း ဖြစ်သည်။

သူတို့နှစ်ဦး နာရီဝက်ခန့်အထိ အကျယ်တဝင့် ဆွေးနွေးပြီးမှသာ၊ ဓမ္မညီလာခံအတွက် ကိစ္စရပ်အားလုံးကို အတည်ပြုနိုင်ခဲ့ကြတော့သည်။

ကျန်းယွီချွန်းက စနောက်သည့်သဘောဖြင့်…

“ဒီတစ်ခေါက် ဓမ္မညီလာခံရဲ့နံပါတ်တစ် ရာထူးကလည်း အစ်ကိုကြီးရဲ့ တပည့်ပဲ ထပ်ပြီး ဖြစ်ဦးမှာလား...”

ပထမအကြိမ်မြောက် ဓမ္မညီလာခံ၏ အနိုင်ရရှိသူမှာ ရွှီနင်း ဖြစ်ပြီး၊ ဒုတိယအကြိမ်တွင်မူ ယွင်ချိုင် ဖြစ်ခဲ့ရာ၊ သူတို့နှစ်ဦးစလုံးမှာ လီချင်းချိုးကိုယ်တိုင် ပျိုးထောင်ခဲ့သော ပါရမီရှင်များ ဖြစ်ကြသည်။

တတိယအကြိမ်မြောက် ဓမ္မညီလာခံကို စတင်ခြင်းပင် မရှိသေးသော်လည်း၊ ဟူယန်သည် နံပါတ်တစ်ရာထူး ရရှိရန်အတွက် အလားအလာအကောင်းဆုံးသူအဖြစ် သတ်မှတ်ခြင်း ခံထားရပြီ ဖြစ်၏။ဟူယန်သည် သိုင်းပညာစင်မြင့် ပေါ်သို့ တက်ရောက်လေ့မရှိသလို မိမိ၏ အစစ်အမှန်ခွန်အားကိုလည်း ထုတ်ဖော်ပြသခဲ့ခြင်း မရှိသေးသော်လည်း ထင်ကြေးပေးခံရနှင့်နေပြီ။

“ဘယ်သူသိမှာလဲ...”

လီချင်းချိုးက ထိုသို့သာ ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေကြားလိုက်သည်။သူသည် ဓမ္မညီလာခံ၌ မည်သူ နံပါတ်တစ်ရမည်ဟူသော အချက်အပေါ် အလွန်အမင်း အာရုံစိုက်ခြင်း မရှိတော့ပေ။

သူသည် ဝိညာဉ်အသိအာရုံအဆင့်အောက်ရှိ တပည့်များသာ မှော်ပညာရပ် အားပြိုင်မှုတွင် ပါဝင်ရန် ကန့်သတ်ထားခဲ့ပြီးဖြစ်ရာ၊ ၎င်းမှာ အဆင့်နိမ့်တပည့်များအတွက် ခမ်းနားလှသော ပွဲတော်ကြီးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။ မိမိ၏ တပည့်များအား နံပါတ်တစ်ရရန်အတွက် ဖိအားပေးမည်မဟုတ်သလို၊ သွားရောက်ယှဉ်ပြိုင်ခြင်းကိုလည်း တားမြစ်မည်မဟုတ်ပေ။ လူတိုင်းတွင် မိမိတို့ ကြိုးစားလိုသော မာန်မာနများနှင့် ရည်မှန်းချက်များ ရှိကြစမြဲဖြစ်ရာ၊ သူ့အနေနှင့် ဘေးမှသာ စောင့်ကြည့်ရန် လိုအပ်ပေသည်။

ထိုအခိုက်အတန့်မှာပင်...

ချူကျင်း ခြံဝင်းအတွင်းသို့ အပြေးအလွှား လျှောက်လှမ်းဝင်လာခဲ့ပြီး၊ စားပွဲရှည်ကြီး၏ ရှေ့မှောက်သို့ အလျင်အမြန် လာရောက်လျက် ဦးညွှတ်ကာ သတင်းတခုတင်ပြခဲ့သည်။

“ဂိုဏ်းချုပ်... တစ္ဆေမြို့တော် တာဝန်ဆီကနေ သတင်းတွေ ရောက်လာပါပြီ... တပည့်တွေ တစ္ဆေမြို့တော်ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပါပြီ...”

ထိုသတင်းကို ကြားလိုက်ရသောအခါမှသာ၊ လီချင်းချိုး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကျန်းယွီချွန်းက ခံစားချက်ပါပါဖြင့် မှတ်ချက်ချလိုက်သည်။

“ရွှီနင်း၊ ယွမ်လီနဲ့ အထီးကျန်ဓားတို့ အဖွဲ့ကို ဦးဆောင်သွားတာဆိုတော့၊ တကယ်ကို ခြားနားလှတာပဲ...”

ဤတာဝန်အတွက် ဂိုဏ်းမှ တပည့်စုစုပေါင်း နှစ်ဆယ်ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ပြီး၊ သူတို့အားလုံးမှာ ဂိုဏ်း၏ ထိပ်သီးလူရည်ချွန်များ ဖြစ်ကြသည်။

၎င်းမှာ တစ္ဆေမြို့တော်တစ်ခု ဖြစ်သောကြောင့်၊ လီချင်းချိုးက ရွှီနင်းနှင့် ယွမ်လီတို့ကို အထူးတလည် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး၊ သူတို့နှင့်အတူ ‘ကံကောင်းသူ’ ဖြစ်သော ပိုင်နင်းအာလည်း ပါဝင်သွားခဲ့ပြီဖြစ်ရာ၊ သူတို့ မသိမ်းပိုက်နိုင်စရာ အကြောင်းမရှိဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်၊ လီချင်းချိုး ဤသတင်းအတွက် အံ့အားသင့်ခြင်း မရှိခဲ့ပေ။

ချူကျင်းက….

“သူတို့တွေ အဲဒီတစ္ဆေမြို့တော်ထဲမှာ သတင်းအချက်အလက်အချို့ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်..တစ္တေမြို့တော်က. ‘ဝမ့်ယင်းဂိုဏ်း’လို့ခေါ်တဲ့ ကျင့်ကြံရေးဂိုဏ်းတစ်ခုက ချန်ထားရစ်ခဲ့တဲ့ နေရာဖြစ်ကြောင်း သိရတယ်... အတိအကျ သက်တမ်းကိုတော့ မသိရသေးပါဘူး... ရွှီနင်းကတော့ ဝေထျန်းရှုံးကို အဲဒီနေရာဆီ တစ်ခေါက်လောက် လာစေချင်နေပါတယ်...”

ထိုနေရာက အခြားသော ကျင့်ကြံရေးဂိုဏ်းတစ်ခုနှင့် ပတ်သက်နေကြောင်း ကြားသိလိုက်ရသောအခါ၊ လီချင်းချိုးက ခြံဝင်းပြင်ပ၌ တရားထိုင်ကျင့်ကြံနေသော ရှောင်ဝူချင်းထံသို့ ချက်ချင်းပင် အသံလှိုင်းဖြင့် သတင်းပို့လိုက်ပြီး၊ ဝေထျန်းရှုံးအား သွားရောက်ခေါ်ဆောင်ရန် မှာကြားလိုက်လေသည်.။

ကျန်းယွီချွန်းက အံ့အားသင့်စွာဖြင့်…

“အနောက်ဘက် အန္တရာယ်နယ်မြေရဲ့ အပြင်ဘက်မှာ တကယ်ပဲ ကျယ်ပြောလှတဲ့ မြေပြင်ကြီး ရှိနေတာလား...”

ယင်ကျင်းရှင်းအား သွားရောက်ရှာဖွေစဉ်က မိမိ မြင်တွေ့ခဲ့ရသော လမ်းကြောင်းများကို ပြန်လည်အောက်မေ့မိလိုက်သည်။သူသည် အမှန်တကယ်ပင် မင်းဆက်မြို့ကြီးပြကြီးများစွာကို မြင်တွေ့ခဲ့ရပြီး၊ အလွန်ပင် စည်ကားသိုက်မြိုက်လှပေသည်။

“သေချာပေါက် ရှိတာပေါ့... ဒါပေမဲ့ အနောက်ဘက် အန္တရာယ်နယ်မြေက သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အကာအကွယ်အတားအဆီးတစ်ခုပဲလေ... အဲဒီတစ္ဆေမြို့တော်ထဲမှာတော့ အသက်ရှင်နေတဲ့လူတွေရဲ့ ခြေရာလက်ရာမရှိဘူးလို့ ဆိုရမယ်... ရွှီနင်း စိုးရိမ်နေတာကတော့ ကန့်သတ်ချက်တွေကို သွားရောက်နှောင့်ယှက်လိုက်မိတဲ့အတွက်၊ ဝေးကွာလှတဲ့ နေရာမှာရှိနေတဲ့ ဝမ့်ယင်းဂိုဏ်းကို သတိပြုမိသွားစေမလားဆိုတာကိုပဲ .” ဟု ချူကျင်းက ထပ်မံ၍ ရှင်းပြလေသည်။

ဤအကြောင်းအရာကို ပြောဆိုသည့်အခါ၊ သူ့ လေသံမှာလည်း လေးနက်တည်ငြိမ်နေခဲ့သည်။

ချင်းရှောင်ဂိုဏ်းသည် မိစ္ဆာများနှင့် သားရဲသတ္တဝါများ၏ တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ဖူးသော်လည်း၊ အခြားသော ကျင့်ကြံရေးဂိုဏ်းများနှင့်မူ အစစ်အမှန် ထိပ်တိုက်တွေ့ဆုံခြင်းမျိုး မရှိခဲ့ဖူးသေးပေ။

သူ့ စိတ်ထဲ၌မူ၊ အခြားသော ကျင့်ကြံရေးဂိုဏ်းတစ်ခုနှင့် ကြုံတွေ့ရမည့်အခြေအနေအပေါ် မျှော်လင့်တောင့်တမိသလို တစ်ဖက်မှလည်း စိုးရိမ်ထိတ်လန့်နေသည်။

အကယ်၍ သူတို့နှင့် ကြုံတွေ့ရမည်ဆိုပါက၊ အခြားသော ကျင့်ကြံရေးဂိုဏ်းတစ်ခုကို ဝါးမြိုသိမ်းပိုက်လိုက်ခြင်းက ဂိုဏ်းကို ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေမည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။ သေချာသည်မှာ၊ မိမိတို့ကိုယ်တိုင်ကလည်း အခြားသော ဂိုဏ်းကြီးတစ်ခုခု၏ ဝါးမြိုခြင်းကို ခံရနိုင်ချေ ရှိနေသည် မဟုတ်ပါလား။

All Chapters