ဝိညာဉ်ပင်လယ်ပါရမီရှင်
Vol. 32 Ch. 314
ဝေထျန်းရှုံး အလျင်အမြန်ပင် ရောက်ရှိလာပြီး လင်းရှောင်ခြံဝင်းအတွင်းသို့ ဝင်ရောက်ကာ အခြေအနေများကို နားလည်သဘောပေါက်သွားပြီးနောက်၊ မကျေမနပ်ဖြင့် မြည်တွန်တောက်တီးလိုက်လေသည်။
“ဂိုဏ်းချုပ်... မင်း ငါ့ကို နေရာတိုင်းသွားခိုင်းနေတာလား..ငါ့မှာ အစီအရင်တွေကိုလည်း လေ့လာရသေးတယ်၊ တပည့်တွေကိုလည်း သင်ကြားပေးရသေးတယ်၊ အဖွဲ့ကို ဦးဆောင်ပြီးတော့လည်း စူးစမ်းမှုတွေ လုပ်ရသေးတာကို... အခုကျတော့ တစ္ဆေမြို့တော်တစ်ခုဆီကို သွားခိုင်းပြန်ပြီ...”
ကျန်းယွီချွန်းနှင့် ချူကျင်းတို့မှာ အနည်းငယ် အရှက်ရသွားကြသဖြင့်၊ နှစ်ဦးစလုံး ဘေးသို့ မျက်နှာလွှဲလိုက်ကြရသည်။
ဝေထျန်းရှုံး၏ ပြောစကားများက သူတို့အား သိမ်ငယ်စိတ် ဖြစ်ပေါ်စေခဲ့သည်။ သူတို့၏ အုပ်ချုပ်ရေးကဏ္ဍ တာဝန်များနှင့်မတူဘဲ၊ ဝေထျန်းရှုံးမှာ ဂိုဏ်းအတွက် အကျိုးအမြတ်များကို အမှန်တကယ် ဖန်တီးပေးနေပြီး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေသူ ဖြစ်၏။ သူ ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း၊ သူတို့သည် သူ့အား ရင်ထဲမှနေ၍ လေးစားကြည်ညိုနေကြပြီ ဖြစ်သည်။
လီချင်းချိုးက ဝေထျန်းရှုံးအား စိုက်ကြည့်၍….
“ဒီတစ္ဆေမြို့တော်က ဝမ့်ယင်းဂိုဏ်းနဲ့ ပတ်သက်နေနိုင်တယ်... ပြီးတော့ ယွမ်လီလည်း အဲဒီမြို့ထဲမှာ ရှိနေတယ်...”
“ယွမ်လီလည်း အဲဒီမှာ ရှိနေတာ ဟုတ်လား... ဒါဆိုရင်တော့ သေချာပေါက် သွားရမှာပေါ့... မင်း ဘာဖြစ်လို့ သူ့ကို ဒီလို အသေးအဖွဲကိစ္စမျိုး သွားလုပ်ခိုင်းရတာလဲ... သူက တံခါးပိတ်ပြီး သေသေချာချာ ကျင့်ကြံနေရမှာလေ... တစ္ဆေမြို့တော် ဟုတ်လား... ဘယ်သူက ငါ့ကို လမ်းပြမှာလဲ...”
ဝေထျန်းရှုံးက မျက်လုံးများ ပြူးကျယ်လျက် အော်ဟစ်လိုက်လေသည်။
ချူကျင်းက….
“စီနီယာ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ...”
ဝေထျန်းရှုံးသည် ယွမ်လီအကြောင်းကို တမြည့်မြည့် ရေရွတ်ရင်း၊ ချူကျင်းကို ချက်ချင်း ထွက်ခွာရန် အလောတကြီး တိုက်တွန်းလေတော့သည်။
ထိုသူနှစ်ဦး ထွက်ခွာသွားပြီးနောက်၊ ကျန်းယွီချွန်းက လီချင်းချိုးဘက်သို့ လှည့်ကြည့်ကာ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
“ကျွန်တော် မေးချင်နေတာ ကြာပါပြီ... သူ ဘာဖြစ်လို့ ယွမ်လီအပေါ်မှာ ဒီလောက်အထိအလေးထားနေရတာလဲဟင်... ပါရမီကြောင့်သက်သက်ပဲလား... ဘာဖြစ်လို့ ယွင်ချိုင်၊ ကျောက်ကျိန်းနဲ့ အထီးကျန်ဓားတို့ရော သူ့မျက်စိထဲ မဝင်ရတာလဲ...”
ယွင်ချိုင်မှလွဲ၍၊ အခြားသူများ၏ ပါရမီမှာ ယွမ်လီနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် တူညီသော အဆင့်အတန်း၌ မရှိကြပေ။
ကံကြမ္မာများစွာကို ပိုင်ဆိုင်ထားသော လီချင်းချိုးအနေဖြင့် ဤကိစ္စအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်နိုင်သော်လည်း၊ ၎င်းကို အတိအကျ ထုတ်ဖော်ပြောဆို၍ မရနိုင်ပေ။
“အကြောင်းကတော့ သူက ကလဲ့စားချေချင်နေတာ... ပြီးတော့ ယွမ်လီက သူ့ကို မျှော်လင့်ချက် ပေးနိုင်ခဲ့လို့ပဲ...”
ကျန်းယွီချွန်း တိတ်ဆိတ်သွားခဲ့ရသည်။ လီချင်းချိုးက ဝေထျန်းရှုံး၏ ဇာစ်မြစ်ကို ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း၊ ဂိုဏ်း၏ အဆင့်မြင့်အရာရှိများအနေဖြင့် သာမန်မဟုတ်ကြောင်း ခန့်မှန်းနိုင်ကြသည်ဖြစ်ရာ၊ သူ့တွင် သွေးကြွေးရန်ငြိုးများ ရှိနေခြင်းမှာ သဘာဝကျလှပေသည်။
ဝေထျန်းရှုံး၏ ကျင့်ကြံမှုအစွမ်းကို ကြည့်ခြင်းအားဖြင့်၊ ရန်သူများသည်လည်း သေချာပေါက် သာမန်လူများ ဖြစ်ကြလိမ့်မည်မဟုတ်ပေ။
“ကောင်းပြီလေ... မင်းလည်း အောက်ကိုဆင်းပြီး အလုပ်တွေ သွားလုပ်တော့...”
လီချင်းချိုးက မတ်တတ်ရပ်၍ ပြောကြားလိုက်ပြီးနောက်၊ နောက်တောင်ဆီသို့ လျှောက်လှမ်းသွားခဲ့လေသည်။
ကျန်းယွီချွန်းက လီချင်းချိုး၏ နောက်ကျောပုံရိပ်ကို ကြည့်ရင်း၊ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် အထီးကျန်မှုကို ခံစားလိုက်ရသည်။
သူသည် ချင်းရှောင်ဂိုဏ်းအတွင်း၌ ရှိနေဆဲ ဖြစ်သော်လည်း၊ မိမိနှင့် လီချင်းချိုးကြားမှ အကွာအဝေးမှာ ပိုမို၍ ဝေးကွာလာနေသလို ခံစားနေရခြင်း ဖြစ်သည်။
ပါရမီဟူသော ကိစ္စရပ်မှာ လူငယ်တပည့်များသာ ဂရုစိုက်ကြသောအရာ မဟုတ်ဘဲ၊ သူတို့လို ဝါရင့် ကျင့်ကြံသူများလည်း ဂရုစိုက်ကြစမြဲပင်။
ကျန်းယွီချွန်းသည် မိမိ၏ ကျင့်ကြံရေးပါရမီမှာ သာမန်မျှသာ ရှိကြောင်း ကောင်းစွာ သိရှိထားသည်။ လီချင်းချိုးနှင့် နှိုင်းယှဉ်ရန် နေနေသာသာ၊ အခြားသော ဂျူနီယာညီငယ်၊ ညီမငယ်များထက်ပင် နိမ့်ကျနေခဲ့သည် မဟုတ်ပါလား။
‘ဖြစ်နိုင်တာက ငါတို့ထဲမှာ ငါက အစောဆုံး သေဆုံးမယ့်သူ ဖြစ်လိမ့်မယ်... ဒါကလည်း ကောင်းပါတယ်လေ... အနည်းဆုံးတော့ ငါက စိတ်အချမ်းသာဆုံးသူ ဖြစ်နေတာပဲ...’
ကျန်းယွီချွန်း တိတ်ဆိတ်စွာ တွေးတောရင်း၊ မတ်တတ်ရပ်လျက် လင်းရှောင်ခြံဝင်း၏ မုခ်ဦးတံခါးဆီသို့ လျှောက်လှမ်းသွားခဲ့တော့သည်။
နေရောင်ခြည်မှာ တောက်ပလှပြီး၊ ချင်းရှောင်တောင်ပေါ်ရှိ အရာအားလုံးမှာလည်း သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပုံ ရပေသည်။ ပြည်သူများမှာလည်း စိတ်အားထက်သန်နေကြဆဲပင်။
မိစ္ဆာနှိမ်နင်းရေးစေတီ၏ အောက်ဆုံးအလွှာ၌….
မှောင်မိုက်လှသော အကျဉ်းခန်းတစ်ခုအတွင်း၌၊ ယန်ချင်း မြေပြင်ပေါ်တွင် လဲလျောင်းလျက် ပိုးကောင်တစ်ကောင်အလား တွားသွားနေခဲ့ရသည်။ သူ့ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး သွေးစများဖြင့် ကပ်ညှိနေခဲ့သလို၊ ဝတ်ရုံများမှာလည်း ညစ်ပတ်ပေရေလျက် အနံ့အသက်ဆိုးများ ထွက်ပေါ်နေခဲ့သည်။
“ကျင့်ကြံသူလေး... မင်း မခံနိုင်တော့ဘူးလား...”
အနီးအနားမှ နှိမ်ချကဲ့ရဲ့လှသော လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဘေးဘက်ရှိ အကျဉ်းခန်းတစ်ခုအတွင်းမှ အကျဉ်းသားမှာ အခြားသူမဟုတ်ဘဲ မိစ္ဆာမျောက်မည်းပင် ဖြစ်သည်။
ယန်ချင်းနှင့် မတူဘဲ၊ မိစ္ဆာမျောက်မည်းမှာမူ လေထဲတွင် ချိတ်ဆွဲခြင်း ခံထားရဆဲဖြစ်ပြီး မလှုပ်ရှားနိုင်ချေ။ သူက ခေါင်းကို စောင်းလျက်၊ အမှောင်ထုအတွင်းမှ ယန်ချင်းအား ငုံ့ကြည့်နေခြင်း ဖြစ်သည်။
ယန်ချင်း ရောက်ရှိလာခဲ့ပြီးကတည်းက၊ မိစ္ဆာမျောက်မှာ များစွာ စိတ်သက်သာရာရခဲ့ရ၏။ သူသည် နာကျင်မှုကို မကြောက်သော်လည်း၊ ပျင်းရိရသည်ကိုမူ ကြောက်ရွံ့လှပေသည်။ ယန်ချင်း ဝေဒနာခံစားနေရသည်ကို ကြည့်ရှုရခြင်းမှာ သူ့အတွက် ပွဲကောင်းတစ်ပွဲကို ကြည့်ရှုနေရသလို ရှိနေတော့သည်။
“ငါက ကျင့်ကြံသူလေး မဟုတ်ဘူး...”
ယန်ချင်း အံတင်းတင်းကြိတ်လျက်၊ ရင်ထဲ၌ ဒေါသမီးများ တောက်လောင်နေသည်။
ဤသို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ရခြင်းက တစ်ကြောင်း၊ မိမိ၏ ဘေး၌ မျောက်မိစ္ဆာတစ်ကောင်က တစ်နေ့ခင်းလုံး လာရောက်လှောင်ပြောင်နေခြင်းက တစ်ကြောင်း ဖြစ်၏။
အတိတ်ကာလကဆိုလျှင်၊ သူသည် ဤသို့သော မိစ္ဆာမျိုးကို လက်တစ်ဖက် ဝှေ့ယမ်းရုံမျှဖြင့် အသေသတ်နိုင်ခဲ့သည် မဟုတ်ပါလား။ သူသည် ဤသို့သော အရှက်ခွဲမှုမျိုးကို မည်သို့ သည်းခံနိုင်ပါမည်နည်း။
သူ ယန်ချင်းသည် မူလက ဝိညာဉ်ပင်လယ်၌ ကျော်ကြားလှသော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။ စီနီယာအစ်ကိုနှင့် ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့်၊ ဝိညာဉ်ပင်လယ်မှ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ပင်လယ်ပြင်တစ်ခွင်၌ အားမာန်အပြည့်ဖြင့် လှည့်လည်သွားလာနေခဲ့သည်။ နောက်ပိုင်းတွင်၊ အဆင့်မြင့် ဓမ္မသင်္ဘောတစ်စင်းကို မြင်တွေ့ခဲ့ရပြီး ၎င်းမှာ ကောင်းကင်နေမင်းနယ်ပယ်မှ ကျွမ်းကျင်သူကိုပင် တိုက်ခိုက်နိုင်သည်ဟု ထင်မှတ်သဖြင့် လုယက်သိမ်းပိုက်လိုခဲ့ခြင်း ဖြစ်၏။ ရလဒ်အနေဖြင့်မူ၊ လူတစ်ယောက်က သင်္ဘောပေါ်မှ ခုန်ဆင်းလာခဲ့ပြီး သူ့အား လက်သီးတစ်ချက်တည်းဖြင့် သတိလစ်သွားအောင် ရိုက်နှက်ခဲ့လေသည်။
ထိုလက်သီးချက်ကို ယခု ပြန်လည်တွေးတောမိသောအခါ၊ နှလုံးခုန်သံပင် ရပ်တန့်မတတ် ဖြစ်သွားရဆဲပင်။
သူ မိစ္ဆာနှိမ်နင်းရေးစေတီအတွင်း၌ ကြုံတွေ့ခဲ့ရသော နှိပ်စက်မှုများက ထိုလက်သီးချက်လောက် ကြောက်မက်ဖွယ် မကောင်းလှချေ။ ထိုစဉ်က၊ မိမိ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ပြင်ပသို့ ရိုက်ထုတ်ခံလိုက်ရသလို ခံစားခဲ့ရခြင်း ဖြစ်သည်။
လက်သီးတစ်ချက်တည်းဖြင့် သတိလစ်သွားအောင် ရိုက်နှက်ခံခဲ့ရခြင်းကြောင့်ပင်၊ ဤမျှအထိ အထင်သေးခြင်းကို ခံနေရခြင်း ဖြစ်၏။ သူသည် ထိုအခြေအနေကို အလိုက်သင့်လက်ခံလျက်၊ မိမိကိုယ်မိမိ ဝိညာဉ်ပင်လယ်မှ ပါရမီရှင်တစ်ဦး မဟုတ်သလို ဟန်ဆောင်ကာ၊ ထွက်ပြေးရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သည်းခံနေခြင်း ဖြစ်သော်လည်း၊ မိမိ အမြဲတမ်း အထင်သေးခဲ့သော တောင်ပေါ်မိစ္ဆာသတ္တဝါတစ်ကောင်၏ လှောင်ပြောင်မှုကို နားထောင်နေရခြင်းမှာ အမှန်တကယ်ပင် ခံရခက်လှပေသည်။
“မင်းက မဟုတ်ဘူးဆိုရင်၊ ဘာလို့ အဲဒီမှာ လဲနေရတာလဲ... ငါသာ မင်းနေရာမှာဆိုရင် ဘာမှလှုပ်မှာမဟုတ်ဘူး... ခဏနေရင် ဟယ်ကျင်းရှုလို့ခေါ်တဲ့ အဲဒီအမှိုက်က ငါတို့ကို လာပြီး နှိပ်စက်ဦးမှာ...”
မိစ္ဆာမျောက်မည်းက ဟယ်ကျင်းရှုအကြောင်း ပြောမိသောအခါတိုင်း အလွန်အမင်း ဒေါသထွက်ရစမြဲပင်။
သူ့အသွေး အသားများက ကိုယ်တိုင်ပြန်လည်ကုသနိုင်စွမ်း ရှိသော်လည်း၊ ဟယ်ကျင်းရှုကမူ အသားနှင့်သွေးများကို လာရောက်ယူငင်ရန် ဘယ်သောအခါမှ မပျင်းရိခဲ့ချေ။ ထင်ရှားသည်မှာ ထိုသူက တစ်စုံတစ်ခုကို ကြံစည်နေခြင်း ဖြစ်ရမည်။ ဤသို့သော အမည်မသိလှသည့် ပူးပေါင်းကြံစည်မှုများကို ရင်ဆိုင်ရသည့်အခါ သူသည်လည်း စိုးရိမ်ထိတ်လန့်မှုကို ခံစားရသည်သာ။
ယန်ချင်းက ပြန်လည်ပြောဆိုခြင်း မပြုဘဲ၊ ခေါင်းကို ငုံ့လျက် လှုပ်ရှားခြင်း မရှိတော့ချေ။
သူသည် စိတ်ကို တည်ငြိမ်အောင် ထားရှိပြီး၊ ထွက်ပြေးရန် နည်းလမ်းကို သေသေချာချာ တွေးတောနေသည်။
ဤအကျဉ်းထောင်မှာ သာမန်မဟုတ်ဘဲ၊ ရှုပ်ထွေးလှသော ကန့်သတ်ချက်များစွာ ပါဝင်နေသည်။ မိစ္ဆာမျောက်မည်းကပင် ချင်းရှောင်ဂိုဏ်းမှာ ဂိုဏ်းငယ်လေးတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း၊ ဤနေရာမှာ ဂိုဏ်းကြီးများ၌သာ ရှိတတ်သော ကန့်သတ်ချက်များ၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထိုတောင်ပေါ်မျောက်မှာ မိုက်မဲလှသဖြင့်၊ လူတိုင်းအား ‘ကျင့်ကြံသူလေး’ ဟုသာ အော်ဟစ်နေခြင်း ဖြစ်၏။
သူ မည်သို့ပင် တွေးတောပါစေ၊ ထွက်ပြေးရန် နည်းလမ်းကို ရှာဖွေနိုင်ခြင်း မရှိခဲ့ချေ။
တဖြည်းဖြည်းနှင့်၊ သူ့ ရင်ထဲ၌ နောင်တများဖြင့် ပြည့်နှက်လာခဲ့ရသည်။
အကယ်၍ သူသာ စီနီယာအစ်ကိုနှင့် ပဋိပက္ခမဖြစ်ခဲ့ပါက၊ ဝိညာဉ်ပင်လယ်၏ ပါရမီရှင်တစ်ဦးအဖြစ် တည်ရှိနေဆဲဖြစ်ကာ၊ ပါရမီရှင်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လျက် တိုက်ပွဲတစ်ခုတည်းဖြင့်ပင် လောက၌ ကျော်ကြားလာနိုင်ပေသည်။
ဆရာသခင်ကပင် သူ့အား ဝိညာဉ်ပင်လယ်၌ အနှစ်တစ်ရာအတွင်း တွေ့ရခဲသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။ဝိညာဉ်အသိအာရုံအဆင့် ငါးဆင့် ကျင့်ကြံမှုဖြင့်၊ သူသည် ဝိညာဉ်အသိအာရုံအဆင့် အဋ္ဌမအဆင့်ရှိသော စီနီယာများကိုပင် အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလား။
မိုက်မဲလိုက်တာ…..
တကယ်ကို မိုက်မဲခဲ့တာပဲ….
ယန်ချင်း နောင်တမျက်ရည်များ ကျဆင်းနေသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် အမှောင်ထုအတွင်း၌ ရှိနေခဲ့ခြင်း ဖြစ်သဖြင့် ထိုမျက်ရည်များကို ဘယ်သူမှမမြင်နိုင်ပေ။
“ဓမ္မညီလာခံက မကြာခင်မှာ ထပ်ပြီး စတော့မယ်... မင်း ထင်တာတော့ ဘယ်သူ နံပါတ်တစ် ရမလဲဟင်...”
“သေချာပေါက် ဟူယန်ပေါ့... သူက အသက် နှစ်ဆယ့်လေးနှစ်ပဲ ရှိသေးတာကို မူလအားဖြည့်နယ်ပယ် နဝမအဆင့်ကို ရောက်နေပြီလေ... သူ့ရဲ့ ကျင့်ကြံမှုအရှိန်က တကယ်ကို ကြောက်စရာကောင်းတယ်...”
“အကယ်၍ သူသာ ဝိညာဉ်အသိအာရုံအဆင့်ကို စောစော အဆင့်တက်နိုင်ခဲ့ရင်ရော...”
“ဒါက မလိုအပ်ပါဘူး... သူ နည်းနည်းလောက် ထပ်ပြီး စောင့်ဆိုင်းလို့ ရတာပဲ... မင်းသာ သူ့နေရာမှာဆို ဓမ္မညီလာခံမှာ ပါဝင်ပြီး အစွမ်းပြချင်မှာ မဟုတ်ဘူးလား...”
အချုပ်ခန်းတံခါး၏ ပြင်ပမှ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာနေ၏။
အသက် နှစ်ဆယ့်လေးနှစ်အရွယ်နှင့် မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေသူတစ်ဦးက နံပါတ်တစ် ပါရမီရှင်ဟု အခေါ်ခံနိုင်တာလား…
သူ အသက် နှစ်ဆယ့်သုံးနှစ်အရွယ်တုန်းကဆိုလျှင်၊ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိရန် အတိဒုက္ခကိုပင် ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။
ယန်ချင်း စိတ်ထဲမှ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်မိသည်။သူ ဝိညာဉ်ပင်လယ်သို့ ပြန်လည်ရောက်ရှိသွားသည့်နေ့ကျရင် ကူညီမည့်သူများကို သေချာပေါက် ခေါ်ဆောင်လာခဲ့ပြီး မိမိ တစ်ခါမှ မကြားဖူးခဲ့သော ဤဂိုဏ်းကို နင်းခြေပစ်မည်။
ထိုစဉ်မှာပင်၊ သူ့ ရှေ့မှောက်ရှိ အချုပ်ခန်းတံခါး ပွင့်သွားခဲ့သည်။
သူ မော့ကြည့်လိုက်သောအခါ၊ သူ အကြောက်ရွံ့ဆုံးသော ထိုတပည့် ထပ်မံရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
၎င်းမှာ ဟယ်ကျင်းရှုပင် ဖြစ်၏။
ဟယ်ကျင်းရှုသည် နာမည်နှင့်အညီ၊ စာပေတတ်ကျွမ်းသူတစ်ဦး၏ အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။ သူသည် သိမ်မွေ့နူးညံ့ပုံရပြီး မျက်နှာထက်၌လည်း အမြဲတမ်း အပြုံးများ ရှိနေတတ်သော်လည်း၊ ယန်ချင်း၏ မျက်စိထဲတွင်မူ သူသည် ရက်စက်လှသော နည်းလမ်းများကို အသုံးပြုတတ်သည့် စစ်မှန်သော နတ်ဆိုးတစ်ကောင် ဖြစ်နေတော့သည်။
“မင်းရဲ့ အသွေးအသားတွေက သာမန်လူတွေထက် ဝိညာဉ်ချီတွေကို ပိုပြီးတော့ အလွယ်တကူ စုပ်ယူနိုင်တာကို ငါ တွေ့ခဲ့တယ်... ဖြစ်နိုင်တာက လူတွေကြားထဲမှာ ပါရမီ ကွာဟချက်က ဘာကြောင့် ဖြစ်ပေါ်ရတာလဲ၊ ပြီးတော့ အဲဒီကွာဟချက်က ဘယ်နေရာမှာ ရှိနေတာလဲဆိုတာကို မင်းဆီကနေ ငါ လေ့လာနိုင်လိမ့်မယ်...”
ဟယ်ကျင်းရှုက ယန်ချင်း၏ အနားသို့ လာရောက်ကာ၊ သူ့အား ငုံ့ကြည့်လျက် ပြောဆိုလိုက်လေသည်။
ဤစကားများက ယန်ချင်းအား ကြက်သီးတဖြန်းဖြန်း ထသွားစေခဲ့သော်လည်း၊ ယခင်ကပင် အသက်ချမ်းသာပေးရန် တောင်းပန်စကားများ ပြောကြားခဲ့ဖူးပြီး ဖြစ်၏။ ယခုအခါတွင်မူ သူသည် ဝေဒနာပေါင်းစုံကိုသာ အသည်းအသန် သည်းခံနေရတော့သည်။
မည်သို့ပင်ဆိုစေ ဆက်လက်၍ ကြိုးစားသည်းခံရမည်သာ။
မဟုတ်ပါက ယခင်က ခံစားခဲ့ရသော ဝေဒနာများ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ယန်ချင်း မျက်လုံးများကို ပိတ်လိုက်ပြီး၊ ဟယ်ကျင်းရှု ပြုမူလိုသမျှကို ခံယူရန် အသင့်ပြင်လိုက်လေတော့သည်။
ဓမ္မညီလာခံကျင်းပရန်အတွက် တစ်နှစ်ခွဲမျှ အချိန်လိုသေးသော်လည်း၊ ၎င်းနှင့် ပတ်သက်သော သတင်းများမှာ ကိုးပြည်ထောင်နယ်မြေနှင့် မြောက်ဘက်နယ်စပ်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ မြောက်ဘက်နယ်စပ်မှ ဧကရာဇ်သည်လည်း သတင်းပို့လာခဲ့ပြီး၊ သားသမီးများကို ချင်းရှောင်ဂိုဏ်း၏ ဓမ္မညီလာခံ လာရောက်ကြည့်ရှုခွင့်ပေးရန် တောင်းဆိုခဲ့ရာ၊ လီချင်းချိုးကလည်း သဘောတူခဲ့သည်။
ကိုးပြည်ထောင်နယ်မြေနှင့် မြောက်ဘက်နယ်စပ်ကြားမှ ရန်ငြိုးရန်စများမှာ နက်ရှိုင်းလှသော်လည်း၊ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း မငြိမ်မသက်လှသော ဘဝများကို ကြုံတွေ့ခဲ့ရပြီးနောက်တွင်မူ၊ ယနေ့လောကရှိ ပြည်သူများသည် ငြိမ်းချမ်းရေးကိုသာ ပိုမို၍ တောင့်တနေကြပြီ ဖြစ်သည်။
ထိုဒေသနှစ်ခုကြားမှ ချစ်ကြည်ရင်းနှီးမှုများက သာမန်ပြည်သူများအား ဝမ်းမြောက်စေခဲ့သော်လည်း၊ အထက်တန်းလွှာ မင်းစိုးရာဇာများမှာမူ ထိုသို့ ခံစားရချင်မှ ခံစားရပေလိမ့်မည်။
ရွှမ်မင်းဆက်နှင့် မြောက်ဘက်နယ်စပ်တို့က အရာရှိများကို လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်နေကြကြောင်း မကြာခဏ ကြားသိရစမြဲပင်။ နန်းတွင်း၌ ဖြေရှင်း၍မရနိုင်သော ရန်ငြိုးရန်စများကို သိုင်းလောကအတွင်းသို့ ရွှေ့ပြောင်းကိုင်တွယ်နေကြခြင်း ဖြစ်၏။
ဤကိစ္စနှင့် ပတ်သက်၍မူ၊ လီချင်းချိုးအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။
သူသည် လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်စွမ်း မရှိချေ။ မင်းဆက်နှစ်ခုစလုံးက ချင်းရှောင်ဂိုဏ်းအား ရိုသေလေးစားလျက် နာခံမှုရှိနေသရွေ့၊ သူတို့တွေ ချင်းရှောင်ဂိုဏ်းက ချမှတ်ထားသော စည်းမျဉ်းများအောက်တွင် အကြိတ်အနယ် ပြိုင်ဆိုင်နိုင်ကြမည်။
ယခုအခါ ဩဂုတ်လသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ဇီယန်ကျွန်းသို့ ပြန်လည်၍ အစီရင်ခံရန် သွားရောက်ခဲ့သော စွန်းမော့ရှင်း နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ ထွက်ခွာသွားခဲ့သည်မှာ နှစ်အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လီချင်းချိုးအနေဖြင့် သူ့ရဲ့ သစ္စာစောင့်သိမှုမှာ လျော့ကျမသွားဘဲ မြင့်တက်လာနေသည်ကို မြင်တွေ့ရခြင်းမရှိပါက၊ စွန်းမော့ရှင်း ဂိုဏ်းကို စွန့်ခွာသွားခဲ့ပြီဟု သေချာပေါက် သံသယဝင်မိပေလိမ့်မည်။
ပိုမိုတိကျစွာ ပြောရလျှင်၊ အကြိမ်ကြိမ် သစ္စာဖောက်ဖျက်ခြင်း ဖြစ်ပေလိမ့်မည်။
ချင်းရှောင်ဂိုဏ်းသို့ ထပ်မံ၍ ပြန်လည်ရောက်ရှိလာခဲ့သည့်အတွက်၊ စွန်းမော့ရှင်းသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ပြီး၊ လီချင်းချိုးက သူ့အား ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံအားပေးခဲ့သည့်အတွက် ပိုမို၍ ဝမ်းမြောက်ဂုဏ်ယူနေခဲ့သည်။
“ကျွန်တော် ပြန်သွားပြီး တာဝန်တွေကို အစီရင်ခံခဲ့ပါတယ်... သူတို့က အသေးစိတ် မမေးမြန်းကြဘဲ ဒီအတိုင်းပဲ လွှတ်ထားလိုက်ကြတယ်... ဇီယန်ကျွန်းအတွက်ကတော့၊ မိစ္ဆာနယ်မြေက အလွန်ပဲ ဝေးကွာလှသလို ခြိမ်းခြောက်နိုင်စွမ်းမရှိပါဘူး... သူတို့က ကြိုတင်ကာကွယ်တဲ့အနေနဲ့ပဲ အခါအားလျော်စွာ တပည့်အချို့ကို မြောက်ဘက်ကို စေလွှတ်လေ့ရှိတာပါ... နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာတော့၊ သူတို့တွေ မြောက်ဘက်ကို တပည့်တွေ ထပ်ပြီး စေလွှတ်မှာ မဟုတ်တော့ပါဘူး...”
ထိုစကားကို ကြားရသောအခါမှသာ၊ လီချင်းချိုး စိတ်အေးသွားခဲ့ရတော့သည်။
ကျင့်ကြံရေးဂိုဏ်းများနှင့် ရန်သူများ ဖြစ်လာရန် မလိုလားအပ်သော်လည်း၊ စွန့်စားရဲခြင်း မရှိပေ။လုံလောက်စွာ သန်မာမှုမရှိသေးမီအချိန်အထိ၊ သူသည် ချင်းရှောင်ဂိုဏ်းအား အခြားသော ကျင့်ကြံရေးဂိုဏ်းကြီးများ၏ မျက်စိထဲသို့ ရောက်ရှိမသွားရန်သာ မျှော်လင့်နေမိသည်။
မကြာသေးမီက၊ ဤကိစ္စမှာ ပိုမို၍ ခက်ခဲလာနေကြောင်း ခံစားနေရသည်။ အကြောင်းမူကား ဂိုဏ်းက ပိုမိုကြီးထွားလာပြီး နယ်မြေချဲ့ထွင်လာခဲ့သည်နှင့်အမျှ၊ ချင်းရှောင်ဂိုဏ်းအနေဖြင့်လည်း အရင်းအမြစ်များကို ရှာဖွေရန်အတွက် ပိုမိုဝေးကွာသော နေရာများသို့ သွားရောက်ရန် လိုအပ်လာသောကြောင့် ဖြစ်သည်။ ကိုးပြည်ထောင်နယ်မြေကို ဆိတ်သုဉ်းလှသော နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြခြင်း၌လည်း အကြောင်းရင်း ရှိပေသည်။
စွန်းမော့ရှင်းက တရားဝင်ကိစ္စရပ်များကို အစီရင်ခံပြီးနောက်၊ ခေတ္တမျှ တွန့်ဆုတ်နေသည်။
“ဘာဖြစ်လို့လဲ... မင်း စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ...”
စွန်းမော့ရှင်းက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက်…
“ဂိုဏ်းချုပ်... ချင်းရှောင်ဂိုဏ်းကိုယ်စား ကျွန်တော့်ကို လူတွေ သွားရောက်သိမ်းသွင်းခိုင်းဖို့ လိုအပ်ပါသလားဟင်... ကျွန်တော် ဇီယန်ကျွန်းက တပည့်အုပ်စုတစ်စုကို ချင်းရှောင်ဂိုဏ်းထဲ ဝင်လာအောင် ခေါ်ဆောင်လာခဲ့လို့ ရပါတယ်...”
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ လီချင်းချိုး မျက်မှောင်ကြုံ့သွားသည်။
ဝေထျန်းရှုံး၏ တည်ရှိမှုက ရင့်ကျက်လှသော ကျင့်ကြံသူများ ယူဆောင်လာပေးနိုင်သည့် အကျိုးကျေးဇူးများကို သက်သေပြခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း လူတိုင်းမှာ ရှန်ယွမ်ဂိုဏ်း၏ အကြီးအကဲလို အစွမ်းထက်ကြသည် မဟုတ်ပါလား။
“ဘာဖြစ်လို့လဲ...”
“ကျွန်တော့်ရဲ့ ဝိညာဉ်အမြစ်ပါရမီက သာမန်လောက်ပဲ ရှိတာပါ... ကျွန်တော့်မှာ ပါရမီချင်း တူညီကြတဲ့၊ ဒါမှမဟုတ် ဒီထက်ပိုပြီးတော့ နိမ့်ကျကြတဲ့ မိတ်ဆွေတချို့ ရှိကြပါတယ်... သူတို့တွေ ဇီယန်ကျွန်းမှာ အဆင်မပြေကြသလို မသေမျိုးအဖြစ် တက်လှမ်းခြင်း အတွက်လည်း မျှော်လင့်ချက် မရှိကြပါဘူး... သူတို့တွေ ဒီအတိုင်းပဲ အချိန်ကုန်လွန်ခဲ့ကြတာပါ... သူတို့တွေက ဇီယန်ကျွန်းအပေါ်မှာလည်း သံယောဇဉ် ကြီးကြီးမားမား မရှိကြပါဘူး... ကျွန်တော် ထင်တာကတော့ သူတို့ကို စည်းရုံးလို့ ရနိုင်ပါတယ်... သူတို့ရဲ့ ဝိညာဉ်အမြစ်ပါရမီက မကောင်းလှဘူးဆိုပေမဲ့၊ ဇီယန်ကျွန်းမှာ နှစ်ပေါင်းများစွာ ရှိခဲ့ကြသူတွေ ဖြစ်တာကြောင့်... သူတို့ လေ့လာသိရှိခဲ့ရတဲ့အရာတွေအားလုံးက ချင်းရှောင်ဂိုဏ်းအတွက် အကျိုးရှိလာနိုင်ပါတယ်...”
ဇီယန်ကျွန်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီးနောက်၊ ထိုခံစားချက်မှာ ပိုမို၍ ပြင်းထန်လာခဲ့ခြင်း ဖြစ်ရမည်။ ၎င်းမှာ ဇီယန်ကျွန်းသည် ပြည်သူများ၏ ကြည်ညိုမှုကို ရရှိထားခြင်း မရှိဟူသောအချက်ကို ပေါ်လွင်စေသည်။
ဇီယန်ကျွန်းအတွင်း၌ မသေမျိုးများနှင့် သာမန်လူသားများကြားမှ ခွဲခြားမှုများမှာ အလွန်ပင် နက်ရှိုင်းလှပေသည်။ပါရမီနှင့် ခွန်အားကသာ အရာရာကို ဆုံးဖြတ်နေခြင်း ဖြစ်၏။
သို့သော် ချင်းရှောင်ဂိုဏ်းမှာမူ ခြားနားလှပေသည်။ဤသို့ဖြစ်ရခြင်းမှာ ဟွမ်ယွမ်ကျမ်းစာ ကြောင့်ပင် ဖြစ်ရမည်။
စွန်းမော့ရှင်းက ဟွမ်ယွမ်ကျမ်းစာအား နတ်ဘုရားအတတ်ပညာ တစ်ခုအလား ကြည်ညိုလေးစားနေပြီး ဤကျမ်းစာသာ ကောင်းကင်ငရဲပင်လယ်အတွင်းသို့ ပြန့်နှံ့သွားခဲ့မည်ဆိုပါက သေချာပေါက် သွေးချောင်းစီးမှုများ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
ထို့ကြောင့်ပင် ဟွမ်ယွမ်ကျမ်းစာအကြောင်းကို အပြင်သို့ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ဘဲ လီချင်းချိုးကိုယ်တိုင်ကလည်း သူ့အားမှာကြားထားခဲ့ဖူးသည်။
သူသည် ထိုမိတ်ဆွေများကို ချင်းရှောင်ဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ပြီးသည်နှင့်၊ ဟွမ်ယွမ်ကျမ်းစာက သူတို့၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။
ထိုကားများကြောင့် လီချင်းချိုး တွေးတောရခက်သွားခဲ့ရသည်။
သူတို့ကို လက်ခံရမည်လော၊ သို့မဟုတ် ငြင်းပယ်ရမည်လောဟူသည့် အချက်၌ အကောင်းနှင့် အဆိုး ဒွန်တွဲနေခဲ့ပြီ မဟုတ်ပါလား…