ဂျူနီယာညီငယ်
Vol. 32 Ch. 316
ဝတ်စုံနီနှင့် အမျိုးသမီးကို သုတ်သင်ပြီးနောက် ရှန်ယွဲ့က ခြေလှမ်းများကို ရပ်တန့်ခြင်း မပြုခဲ့ပေ။ သူ့အနောက်ရှိ အမျိုးသမီးမှာ လက်ဖဝါးခန့်ကြီးမားသော ပင့်ကူနီကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်တိုင်အောင် နောက်သို့ လှည့်ကြည့်ခြင်း အလျှင်းမရှိခဲ့ချေ။
တောအုပ်နက်အတွင်းမှ ထူးဆန်းလှသော အော်ဟစ်သံများ ပိုမို၍ များပြားလာခဲ့ပြီဖြစ်ရာ၊ မိစ္ဆာသားရဲအုပ်ကြီး ရှန်ယွဲ့ထံသို့ ဝိုင်းအုံလာနေကြသလို ရှိနေတော့သည်။
“စိတ်ရှုပ်စရာကောင်းလိုက်တာ...”
ရှန်ယွဲ့က ညင်သာစွာ သက်ပြင်းချလိုက်ရင်း၊ ညာလက်ဖြင့် ခါးမှ ဓားအိမ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
“အရှေ့ဘက်က လာတဲ့ ကျင့်ကြံသူတစ်ယောက်ပေါ့... တကယ်ကို တွေ့ရခဲတာပဲ...”
အေးစက်လှသော အမျိုးသားတစ်ဦး၏ အသံသည် တောအုပ်အတွင်း၌ ဟိန်းထွက်လာခဲ့သော်လည်း၊ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို အာရုံခံ၍ မရနိုင်ပေ။
ရှန်ယွဲ့ ခြေလှမ်းများကို ရပ်တန့်ခြင်း မပြုခဲ့ပေ။ တစ်ဖက်လူက မိမိအား ပစ်မှတ်ထားပြီးဖြစ်ရာ၊ သူသည် စကားလုံးများဖြင့် အချိန်ကုန်ခံရန် စိတ်ကူးမရှိချေ။
ထိုစဉ်မှာပင် ရှေ့မှောက်၌ တဝီဝီအသံများ ထွက်ပေါ်လာသဖြင့် ရှန်ယွဲ့ မော့ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော အဆိပ်ရှိသော ပိုးမွှားများက ထူထပ်လှသော မြူထူများကို ထိုးခွဲလျက် မိမိထံသို့ တစ်ဟုန်ထိုး တိုးဝင်လာနေကြကြောင်း မြင်တွေ့လိုက်ရသည်။
ဓားအလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက် ရှန်ယွဲ့က ဓားကို တိုက်ရိုက်ပင် ဆွဲထုတ်လိုက်လေသည်။ ဓားချီစွမ်းအင်များ မြေပြင်မှ ဟုန်းခနဲ ထွက်ပေါ်လာခဲ့ပြီးနောက်၊ မရေမတွက်နိုင်သော အဆိပ်ရှိသော ပိုးမွှားများကို ပိတ်ဆို့ထားသည့် လေထုအတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဆန်းကြယ်လှတဲ့ ဓားချီစွမ်းအင်မျိုးလား... ငါ မင့်အပေါ်ကို ပိုပြီးတော့ စိတ်ဝင်စားလာပြီ... မင်းလို ဓားကျင့်ကြံသူတစ်ဦးက ငါ့ရဲ့ ဝင်စားသူ ဖြစ်လာဖို့အတွက် ထိုက်တန်ပါတယ်...”
ထိုအေးစက်လှသော အမျိုးသားအသံ ထပ်မံထွက်ပေါ်လာခဲ့ပြန်ရာ၊ ၎င်းက တောအုပ်အတွင်းသို့ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှသော အငွေ့အသက်များကို ဆောင်ကြဉ်းလာခဲ့သည်။
စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက်၊ ရှန်ယွဲ့၏ နောက်ကျောဘက်၌ မဟူရာပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး တစ္ဆေသရဲတစ်ကောင်အလား လျင်မြန်လှသော အရှိန်အဟုန်ဖြင့် သူ့ထံသို့ ချဉ်းကပ်လာခဲ့လေတော့သည်။
………
နွေရာသီ ကုန်လွန်၍ ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ဆောင်းဦးရာသီ၏ အလှတရားများက ထိုက်ခွန်းတောင်တန်း တစ်ခွင်၌ လွှမ်းမိုးထားခဲ့သည့် အချိန်တွင်၊ လီချင်းချိုးက တောင်ထွတ်တစ်ခု၏ အပေါ်၌ သူ၏တပည့်များနှင့်အတူ စုဝေးနေခဲ့ကြသည်။
ထိုတောင်ထွတ်ပေါ်တွင် အသစ်တည်ဆောက်ထားသော ကျောက်သားမဏ္ဍပ်တစ်ခု ရှိနေခဲ့ပြီး၊ ၎င်း၏ အတွင်းရှိ ကျောက်စားပွဲဝိုင်းတွင် ရွှီနင်း၊ ယွမ်လီ၊ ကျောက်ကျိန်း၊ ကျိယာ နှင့် ဟူယန်တို့ ထိုင်နေခဲ့ကြသည်။လီချင်းချိုး၏ တပည့်များထဲတွင် ချင်ယဲ့မှလွဲ၍ ကျန်ရှိသောသူများအားလုံး ဤနေရာ၌ စုံစုံလင်လင် ရှိနေခဲ့ကြခြင်း ဖြစ်သည်။
သူတို့အားလုံး ဤကဲ့သို့ စုံစုံလင်လင် တွေ့ဆုံနိုင်မည့် အခွင့်အရေးမျိုးမှာ ကြုံရခဲလှသဖြင့်၊ ရွှီနင်းအပါအဝင် တပည့်တိုင်း၏ မျက်နှာထက်၌ စိတ်လက်ပေါ့ပါး ရွှင်လန်းနေကြပုံရသည်။
သူတို့၏ ဆွေးနွေးပြောဆိုမှုများမှာ ဟူယန်အကြောင်းကိုသာ ဗဟိုပြုနေခဲ့ကြ၏။ အကြောင်းမူကား သူသည် အငယ်ဆုံးဖြစ်သည့်အပြင်၊ ဓမ္မညီလာခံကျင်းပရန်လည်း နီးကပ်လာခဲ့ပြီ ဖြစ်ရာ၊ သူနှင့် ပတ်သက်သော ခေါင်းစဉ်များမှာ လူပြောအများဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။
သူတို့ ပျော်ရွှင်စွာ စကားဖောင်ဖွဲ့နေကြသည်ကို ကြည့်ရှုရင်း၊ လီချင်းချိုးစိတ်ထဲ၌ သူတို့ကြားမှ သံယောဇဉ်များကို ပိုမိုခိုင်မြဲလာစေရန်အတွက် နောင်အနာဂတ်တွင် တပည့်များကို ယခုထက် ပိုမို၍ မကြာခဏ တွေ့ဆုံစေရမည်ဟု ဆုံးဖြတ်လိုက်သည်။
“နံပါတ်တစ်ရာထူးနဲ့ ပတ်သက်ပြီးတော့... ကျွန်တော့်မှာ တကယ်ပဲ ယုံကြည်မှု သိပ်မရှိပါဘူး... ဂိုဏ်းထဲမှာ ပါရမီရှင်တွေက အလွန် များပြားပါတယ်... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်လို့ပဲ ပြောနိုင်ပါတယ်...” ဟု ဟူယန်က သက်ပြင်းချလျက် နားမလည်နိုင်စွာဖြင့် ဆိုလိုက်သည်။
မကြာသေးမီက၊ သူသည် ဝိညာဉ်ချီစုပ်ယူခြင်းကို ရပ်တန့်ထားခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည်များ မြင့်မားလာစေရန်အတွက် မန္တန်များကိုသာ အပြင်းအထန် လေ့ကျင့်နေခဲ့သည်။
ကျောက်ကျိန်းနှင့် ကျိယာတို့သည် သူ နံပါတ်တစ်ရာထူး ရရှိနိုင်မည့် အခွင့်အရေးအပေါ် များစွာ အလေးထားနေကြပြီး၊ သူ့အား လမ်းညွှန်ပြသပေးနေခဲ့ကြသည်။
ပြီးခဲ့သော ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် ဓမ္မညီလာခံတွင် အနိုင်ရရှိသူများမှာ လီချင်းချိုးကိုယ်တိုင် ပျိုးထောင်ခဲ့သော ပါရမီရှင်များ ဖြစ်ကြသည်။ လီချင်းချိုးအနေဖြင့် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သော်လည်း၊ သူ့တပည့်များ အနိုင်ရရှိခြင်းကို ဂိုဏ်းချုပ်မျိုးဆက်၏ မာန်မာနဂုဏ်ပုဒ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြခြင်း ဖြစ်၏။
ရွှီနင်းက ဟူယန်ကိုကြည့်ပြီး….
“မင်းမှာ ယုံကြည်မှုတွေ အပြည့်ရှိနေရမယ်... အကယ်၍ တကယ်ပဲ ရှုံးနိမ့်သွားခဲ့ရင်တောင်မှ ဘာမှမဖြစ်ပါဘူး... ဒါပေမဲ့ အရှိန်အဝါ ဆိုတာကတော့ အရေးအကြီးဆုံးပဲလေ... မင်းကိုယ်တိုင်ကတောင် မင်းကိုယ်မင်း မယုံကြည်ဘူးဆိုရင်၊ တိုက်ပွဲမစခင်ကတည်းက တစ်ဝက်လောက် ရှုံးနေခဲ့ပြီ...”
သူမ၏ အကြည့်ကို ရင်ဆိုင်ရသည့်အခါတွင်မူ၊ ဟူယန်သည် အကြီးမားဆုံးသော ဖိအားများကို ခံစားလိုက်ရသည်။
ဤစီနီယာအစ်မ၏ ဖိနှိပ်လှသော အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှသဖြင့်၊ ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသလို ခံစားရစေသည်။
ဟူယန်က အသက်ပြင်းပြင်းရှူလိုက်ပြီး…
“စီနီယာအစ်မ... အစ်မပြောတာ မှန်ပါတယ်... ကျွန်တော် ကျွန်တော့်ရဲ့ စိတ်နေသဘောထားကို ပြန်ပြီး ပြင်ဆင်ပါ့မယ်... ကျွန်တော်က အခြားတပည့်တွေထက် များစွာ သာလွန်တဲ့ ဆက်ဆံမှုတွေကို ရရှိထားခဲ့ပြီးပြီ ဖြစ်တာကြောင့်... ကျွန်တော့်မှာ ယုံကြည်မှု မရှိဘူးဆိုရင် ဆရာနဲ့ ဂိုဏ်းရဲ့ ပြုစုပျိုးထောင်ပေးမှုတွေနဲ့ ထိုက်တန်မှာ မဟုတ်တော့ပါဘူး...”
ထိုစကားကို ကြားရသောအခါမှသာ၊ ရွှီနင်းက ကျေနပ်လှသော အပြုံးတစ်ခုကို ပြသလိုက်တော့သည်။
ကျောက်ကျိန်းက …“ဟားး ဟား ဟုတ်တာပေါ့... မင်းအနေနဲ့ အနည်းဆုံးတော့ ဂိုဏ်းချုပ်ရဲ့ တပည့်တစ်ဦးမှာ ရှိသင့်တဲ့ အရှိန်အဝါမျိုးကို ပြသရမယ်...”
ပုံမှန်အားဖြင့်၊ သူသည် ယခုလို ရယ်မောလေ့မရှိချေ။ ရင်းနှီးလှသော လူများ၏ ရှေ့မှောက်၌သာ အစစ်အမှန် စရိုက်ကို ပြသလေ့ရှိသည်။
ကျိယာကလည်း အားပေးစကား ဆိုလေသည်။
“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက သာမန်မဟုတ်ဘူး... ဒါကို အားကိုးရုံနဲ့တင် ဘယ်သူမှ မင်းရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး...”
ယွမ်လီကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဆံပင်များ ဖြူသွားခဲ့သည့် အချိန်မှစ၍၊ သူသည် အလွန်ပင် ရင့်ကျက်တည်ငြိမ်နေပုံ ရသဖြင့် လူအများက သူ့ကို ဆရာတစ်ဦးဟုပင် ထင်မှတ်မှားနိုင်ကြသည်။
ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ် နိုးထလာခဲ့ပြီးနောက်တွင် အာရုံခံစားနိုင်စွမ်းမှာလည်း အလွန်ပင် စူးရှထက်မြက်လာခဲ့ပြီ ဖြစ်၏။ သူသည် ဟူယန်၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီမှာ အမှန်တကယ်ပင် သာမန်မဟုတ်ကြောင်း အာရုံခံနေသည်။
အသိစိတ်က ဟူယန်၏ အလားအလာမှာ အခြားသူများထက် များစွာ သာလွန်နိုင်ကြောင်း ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း၊ ရွှီနင်းကို လှမ်းကြည့်လိုက်သည့် အခါ သူမ၏ ခန္ဓာကိုယ်ထက်၌ ကောင်းကင်ဘုံ၏ စွမ်းအားများ ပြည့်နှက်နေသည်ကို အာရုံခံမိလိုက်သဖြင့် ရင်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားမိသည်။ ကျိယာကလာ နက်နဲလှသော အဆုံးမရှိသည့် ချောက်နက်ကြီးတစ်ခုအလား ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။
ကျောက်ကျိန်းအား ထပ်မံ၍ ကြည့်ရှုလိုက်သည့် အခါတွင်လည်း၊ နားမလည်နိုင်လောက်သော ဆန်းကြယ်လှသည့် အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်ထက်၌ ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။
စီနီယာအစ်ကိုများနှင့် ဂျူနီယာညီငယ်တစ်ဦးချင်းစီတိုင်းက အတိုင်းအဆမရှိလှသော အလားအလာများကို ပိုင်ဆိုင်ထားကြကြောင်း ခံစားရစေသည်။
အရေးအကြီးဆုံးမှာမူ၊ သူတို့သည် သူတို့၏ ဆရာသခင်ထံမှ ရရှိထားခဲ့သော ထူးခြားလှသည့် စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားကြခြင်းပင် ဖြစ်၏။
စီနီယာအစ်ကိုများ၏ အားပေးမှုများကို ရင်ဆိုင်ရသည့်အခါတွင်၊ ဟူယန်သည် သဘာဝအတိုင်းပင် လက်ခံခဲ့ပြီး၊ စကားပြောဆိုလေလေ စိတ်ထဲ၌ ယုံကြည်မှုများ ပိုမို၍ ပြည့်နှက်လာလေလေ ဖြစ်ရသည်။
အတန်ကြာအောင် စကားဖောင်ဖွဲ့ပြီးနောက်၊ ဟူယန် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့ရ၏။ သူက လီချင်းချိုးကို လှမ်းကြည့်ပြီး….
“ဒါနဲ့... ... ဂျူနီယာညီငယ်က ဘယ်တော့လောက်မှ ချင်းရှောင်ဂိုဏ်းကို ရောက်လာနိုင်မှာလဲဟင်...”
သူ ဂျူနီယာညီငယ်အကြောင်းကို ထည့်သွင်းမေးမြန်းလိုက်သည်ကို ကြားရသောအခါ၊ အခြားသူများကလည်း စိတ်ဝင်စားသွားကြပြီး သူတို့၏ အကြည့်များကို လီချင်းချိုးထံသို့ ပို့လိုက်ကြ၏။
“ငါလည်း အသေအချာတော့ မသိသေးဘူး... သူက ချင်းရှောင်ဂိုဏ်းနဲ့ အလွန်ဝေးကွာတဲ့ နေရာမှာ ရှိနေတာ... သူကိုယ်တိုင်လည်း ဒီနေရာကို ရှာတွေ့နိုင်မလားဆိုတာကတော့ အခုထိ မသိရသေးတဲ့ အချက်ပဲလေ...”
ယွမ်လီကလည်း စပ်စုလိုစိတ်ဖြင့် …
“ဆရာ…ဆရာ တကယ်ပဲ မသေမျိုးတစ်ပါးရဲ့ အိပ်မက်ပေးခြင်းကို ခံခဲ့ရတာလားဟင်... သူ့အကြောင်းကို အိပ်မက်မက်ခဲ့တာလား...”
လီချင်းချိုး အိပ်မက်အတွင်း၌ မသေမျိုးတစ်ပါး၏ လမ်းညွှန်မှုကို ခံခဲ့ရသည်ဟူသော ဒဏ္ဍာရီတပုဒ် ဂိုဏ်းအတွင်း၌ ပျံ့နှံ့နေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သူတို့သည် ယခင်က ထိုဒဏ္ဍာရီကို ယုံကြည်ခဲ့ကြသော်လည်း၊ ကျင့်ကြံမှုအဆင့် မြင့်မားလာခဲ့သည့် အခါတွင်မူ၊ ရင်ထဲ၌ သံသယများ ရှိလာခဲ့ကြသည်။
“အိပ်မက်ဆိုတာကတော့ အလွန် ဆန်းကြယ်တဲ့ အရာတစ်ခုပဲလေ... သူနဲ့ ငါ့ကြားမှာ ရေစက်ရှိနေတယ်လို့ တကယ်ပဲ အိပ်မက်မက်ခဲ့တာပါ...”
လီချင်းချိုးက နက်နဲဆန်းကြယ်လှသော လေသံဖြင့် ဟန်ဆောင်၍ ဖြေကြားလိုက်သည်။
ရွှီနင်းက … “ဆရာ့ အိပ်မက်ထဲမှာ ဒီဂျူနီယာမောင်လေးက ဘယ်လိုမျိုး ပါရမီကို ပိုင်ဆိုင်ထားတာလဲ...”
ထိုအခါ လီချင်းချိုး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး..
“သူ့ရဲ့ ပါရမီက ချင်းရှောင်ဂိုဏ်းက လူတိုင်းရဲ့ သိမြင်နားလည်မှုတွေကို လုံးဝ မှောက်လှန်ပစ်နိုင်လိမ့်မယ်...”
ထိုစကားပြောနေစဉ်တွင်၊ သူ့ အကြည့်က ယွမ်လီ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သဖြင့် ယွမ်လီ၏ ရင်ထဲ၌ တုန်လှုပ်သွားခဲ့ရသည်။
သူ့ရဲ့ ကျင့်ကြံမှုမှာ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်၌သာ ရှိသေးသော်လည်း၊ ယွမ်လီသည် မိမိကိုယ်မိမိ အလွန်ပင် သန်မာကြောင်း ကောင်းစွာ သိရှိထားသည်။ ဂိုဏ်းအတွင်း၌မူ၊ ဆရာသခင်တစ်ဦးတည်းသာ သူ့အား ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ ဤသို့သော ယုံကြည်မှုများကြောင့်၊ စိတ်နေသဘောထား ပြောင်းလဲလာခဲ့သော်လည်း အပြင်သို့ ထုတ်ဖော်ပြသခြင်း မပြုခဲ့ပေ။
အကယ်၍ အခြားသူတစ်ဦးဦးက ဤစကားများကို ပြောဆိုခဲ့မည်ဆိုပါက၊ ယွမ်လီအနေဖြင့် သံသယဝင်မိပေလိမ့်မည်။ သို့သော် ဤစကားများက ဆရာသခင်၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့ခြင်းသဖြင့် အပြည့်အဝ ယုံကြည်ခဲ့လေသည်။
ဂျူနီယာညီငယ်၏ ပါရမီက မိမိထက်ပင် ပိုမို၍ သာလွန်သည်တဲ့…..
ယွမ်လီသည် ဖိအားများနှင့်အတူ တိုက်ခိုက်ရေးစိတ်ဆန္ဒများကိုပါ ခံစားလိုက်ရသည်။ သူသည် အခြားသူတစ်ဦးဦး ကျော်တက်သွားမည်ကို မလိုလားဘဲ အမြဲတမ်း အခြားသူများ လေးစားအားကျရမည့် တောက်ပသူတစ်ဦးအဖြစ်သာ တည်ရှိလိုသည်။
အခြားသူများသည်လည်း ထိုစကားကို ကြားရသောအခါ မှင်တက်သွားကြသည်။ ဆရာသခင်ကိုယ်တိုင်က ဤမျှအထိ ချီးကျူးစကားများကို ပြောဆိုခဲ့သည်ဆိုလျှင်၊ ဤဂျူနီယာညီငယ်၏ ပါရမီမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလှမည်နည်း။
ရွှီနင်းက… “ဆရာ... စိတ်မပူပါနဲ့... အကြီးအကဲရှန်ရဲ့ စွမ်းဆောင်မှုက ယုံကြည်ရပါတယ်... သူ ဂျူနီယာမောင်လေးကို သေချာပေါက် ခေါ်ဆောင်လာခဲ့မှာပါ...”
အခြားသော တပည့်များကလည်း ထောက်ခံကြပြီး၊ လီချင်းချိုးက ဂျူနီယာညီငယ်ကို ရှာမတွေ့မည်ကို စိုးရိမ်နေသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။
အစစ်အမှန်မူ၊ လီချင်းချိုးသည် ယင်ကျင်းရှင်းအတွက်သာ စိုးရိမ်နေခြင်းမဟုတ်ဘဲ၊ ရှန်ယွဲ့အတွက်ပါ စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
ရှန်ယွဲ့ ထွက်ခွာသွားခဲ့သည်မှာ ခြောက်လကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မကြာသေးမီက၊ ဤကိစ္စကို ပြန်လည်တွေးတောမိတိုင်း ရင်ထဲ၌ နောင်တအချို့ ရှိနေခဲ့ရပြီး၊ ရှန်ယွဲ့ကို တစ်ကိုယ်တည်း ထွက်ခွာသွားခွင့်ပြုခဲ့ခြင်းမှာ အလွန်ပင် ဇွတ်တရုတ်လုပ်မိသွားခဲ့ပြီဟု ခံစားနေရသည်။
ထိုနေရာမှာ အနောက်ဘက် အန္တရာယ်နယ်မြေ ဖြစ်ပြီး၊ တစ္ဆေသရဲများနှင့် မိစ္ဆာများစွာ ပုန်းကွယ်နေကြသလို၊ အခြားသော ကျင့်ကြံသူများနှင့်လည်း ကြုံတွေ့ရနိုင်ချေ ရှိပေသည်။
ရှန်ယွဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာနိုင်ပါမည်လား။
ရှန်ယွဲ့တွင် ဝေထျန်းရှုံးလို နက်နဲလှသည့် မသေမျိုးကျင့်ကြံရေး အခြေခံအုတ်မြစ်များ မရှိသလို၊ ခွန်အားပိုင်း၌လည်း ထိပ်တန်းအဆင့်၌ မရှိသေးလျှင်ပင်၊ လီချင်းချိုးသည် သူ့အား မိမိ၏ ယုံကြည်ရဆုံးသော လက်ရုံးတစ်ဦးအဖြစ် ကာလကြာမြင့်စွာကတည်းက သတ်မှတ်ထားခဲ့သည်။
လီချင်းချိုးသည် ရှန်ယွဲ့၏ အသုံးဝင်မှုမှာ ကျန်းကျောက်ရှား သို့မဟုတ် ရွှီနင်းတို့ထက်ပင် ပိုမို၍ သာလွန်နိုင်ကြောင်း ခံစားမိသည်။ ဤသို့သော လူတစ်ဦးကို ဆုံးရှုံးလိုက်ရမည်ဆိုပါက ဂိုဏ်းအတွက် ကြီးမားလှသော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း၊ စိတ်ထဲ၌မူ၊ ရှန်ယွဲ့က မိမိအတွက် ထူးခြားလှသော အံ့အားသင့်မှုများကို ယူဆောင်လာပေးနိုင်လိမ့်မည်ဟူသော ခံစားချက်မျိုးလည်း ရှိနေခဲ့ပြန်သည်။
“ဟုတ်တယ်... အကြီးအကဲရှန်က တကယ်ကို ယုံကြည်ရပါတယ်... အရင်က သူ တစ်ယောက်တည်း မိစ္ဆာသားရဲတွေကို စုံစမ်းစစ်ဆေးနေခဲ့စဉ်တုန်းက၊ မိစ္ဆာသားရဲအုပ်ကြီး ဝိုင်းရံပိတ်ဆို့တာကို ခံခဲ့ရဖူးတယ်... သူက ကူညီမတောင်းဘဲ ကိုယ်ပိုင် ခွန်အားနဲ့ လွတ်မြောက်အောင်ကြိုးစားခဲ့တာကြောင့် မိစ္ဆာသားရဲတွေ ချင်းရှောင်ဂိုဏ်းအပေါ် ပူးပေါင်းကြံစည်တာတွေကိုလည်း ဖြိုခွင်းနိုင်ခဲ့တာပါ...” ဟု ကျောက်ကျိန်းက ထောက်ပြလိုက်သည်။
သူ ပြောဆိုနေခြင်းမှာ ယွမ်လီ နိုးထလာစဉ်က ဖြစ်ပွားခဲ့သော ဘေးဒုက္ခကြီးအကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ ယွမ်လီသည် ထိုဘေးဒုက္ခအတွင်း၌ အတောက်ပဆုံးသော ကြယ်တစ်ပွင့် ဖြစ်ခဲ့သော်လည်း၊ အစစ်အမှန်မူ အခြားသောသူများစွာ၏ ပံ့ပိုးမှုများလည်း ပါဝင်နေခဲ့သည်။ ရှန်ယွဲ့၊ ကျောက်ကျိန်း၊ ရွှီနင်းနှင့်ကျိယာ တို့အားလုံး ထိုအထဲ၌ ပါဝင်နေခဲ့ကြသည် မဟုတ်ပါလား။
လီချင်းချိုးက ပြုံးလိုက်ပြီး…
“သူက တကယ်ကို ယုံကြည်ရပါတယ်... မင်းတို့အားလုံးလည်း သူ့ဆီကနေ လေ့လာသင်ယူကြရမယ်... မင်းတို့က ငါ့ရဲ့ တပည့်တွေ ဖြစ်ကြတာကြောင့်... နောင်အနာဂတ်မှာ ပိုမိုကြီးမားလှတဲ့ တာဝန်တွေကို သေချာပေါက် ထမ်းဆောင်ကြရလိမ့်မယ်... ဂိုဏ်းမှာ ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ၊ မင်းတို့တွေပဲ ရှေ့ဆုံးကနေ တိုက်ပွဲဝင်ကြရမယ်...”
တပည့်အားလုံးက သဘောတူသည့်အနေဖြင့်ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ဖိအားများကို ခံစားရခြင်းမရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ဂိုဏ်း၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေထမ်းဆောင်နိုင်မည့် အခြေအနေကိုသာ မျှော်လင့်တောင့်တနေကြခြင်း ဖြစ်၏။
ထို့နောက်တွင်မူ၊ လီချင်းချိုးက သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်အတွင်း ကြုံတွေ့နေရသော အခက်အခဲများကို တစ်ဦးချင်းစီ သေသေချာချာ မေးမြန်းကိုင်တွယ်ပေးခဲ့ရာ၊ တပည့်များသည်လည်း မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ကြသည်။
ယွမ်လီသည် လီချင်းချိုးက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ခွန်အားများနှင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ထိန်းချုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် လမ်းညွှန်ပြသပေးနိုင်သည်ကို သိရှိလိုက်ရသဖြင့် များစွာ အံ့အားသင့်သွားခဲ့ရသည်။
သူသည် ဆရာသခင်၏ အရှိန်အဝါ ခွန်အားများကိုပင် အသေအချာ ဖောက်ထွင်းမြင်နိုင်ခြင်း မရှိတော့ကြောင်း သဘောပေါက်သွားခဲ့လေပြီ။
ထို့ကြောင့် ဆရာသခင်၏ အစစ်အမှန်ခွန်အားအပေါ် များစွာ စပ်စုလိုစိတ် ဖြစ်ပေါ်လာခဲ့ရပြီး၊ လက်ရည်စမ်း တိုက်ခိုက်ကြည့်ချင်သည့် စိတ်ဆန္ဒများပင် ရှိလာခဲ့သည်။
ကျင့်ကြံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြီးနောက်၊ လီချင်းချိုးက သူတို့အား ဇီယန်ကျွန်းနှင့် ဝိညာဉ်ပင်လယ်တို့၏ အကြောင်းအရာများကို ပြောပြလိုက်သဖြင့် တပည့်များကို ချင်းရှောင်ဂိုဏ်း ရင်ဆိုင်နေရသော ကျင့်ကြံရေးပတ်ဝန်းကျင် အခြေအနေကို ပိုမို၍ နားလည်သဘောပေါက်သွားစေခဲ့သည်။
………………….
မှောင်မိုက်လှသော အချုပ်တစ်ခုအတွင်း၌…
ယန်ချင်း ယခုဆ်ု ခွန်အားအချို့ ပြန်လည်ပြည့်တင်းလာခဲ့ပြီ ဖြစ်သည်။ သူသည် ခက်ခဲစွာဖြင့် မတ်တတ်ရပ်လိုက်ပြီးနောက်၊ နံရံကို မှီလျက် ထိုင်နေခဲ့သည်။
သူ့ အကြည့်များအတိုင်း လိုက်လံကြည့်ရှုလိုက်ပါက၊ အချုပ်ခန်းတံခါး၏ ပြင်ပ၌ မှောင်မိုက်လှသော စင်္ကြံလမ်းရှည်ကြီးတစ်ခု ရှိနေကြောင်း မြင်တွေ့ရလိမ့်မည်။ ထိုစင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အချုပ်ခန်းများစွာ ရှိနေကြပြီး၊ ၎င်းမှာ အောက်ငရဲဘုံသို့ ဦးတည်နေသော လမ်းတစ်ခုအလား ရှိနေခဲ့ကာ၊ လမ်းခရီးတစ်လျှောက်တွင်လည်း မိစ္ဆာများနှင့် သားရဲသတ္တဝါများစွာ ပုန်းကွယ်နေကြသည်မဟုတ်ပါလား။
“သုံးနှစ်နီးပါး ရှိခဲ့ပြီ... ငါ ဘယ်လောက်အထိ ထပ်ပြီးတော့ သည်းခံရဦးမှာလဲ...”
ယန်ချင်း၏ မျက်လုံးများအတွင်း၌ အရောင်များ ဝေဝါးနေခဲ့ပြီး၊ ရင်ထဲမှ တိတ်တဆိတ် စိတ်ပျက်အားငယ်စွာဖြင့် တွေးတောနေမိသည်။
သူသည် သေဆုံးရန်အတွက်ပင် စဉ်းစားခဲ့ဖူးသော်လည်း၊ ချင်းရှောင်ဂိုဏ်းက သူ့အား သေဆုံးခွင့်ပြုလိမ့်မည်မဟုတ်ပေ။ အကယ်၍ သူ့ခန္ဓာကိုယ်အတွင်း၌ မူလချီများ ရှိနေဦးမည်ဆိုပါက၊ ကိုယ်တိုင်ဖောက်ခွဲ၍ သေဆုံးသွားနိုင်ပေသည်။ ကံမကောင်းစွာဖြင့် ယခုအခါ သူသည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိတော့ချေ။ လျှာကို ကိုက်ဖြတ်၍ သေကြောင်းကြံစည်မည်ဆိုလျှင်ပင်၊ ဟယ်ကျင်းရှု၌ သူ့အား ပြန်လည်ကုသပေးနိုင်မည့် နည်းလမ်းများ ရှိနေသည်မဟုတ်ပါလား။
ဤသို့သော အဆုံးမရှိလှသည့် ဝေဒနာခံစားရမှုများက စိတ်ပိုင်းဆိုင်ရာ ပြိုလဲပျက်စီးလုနီးပါး ဖြစ်ပေါ်စေခဲ့သည်။
သူ့အနေဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်သင့်သလားဟူသော အချက်ကိုပင် စဉ်းစားမိလာသည်။
“တောင်ပေါ်မျောက်...”
ယန်ချင်းက စကားပြောဆိုလိုက်တော သူ့အသံမှာ ဓားဖြင့် အမွှန်းခံထားရသလို ခြောက်ကပ်ပြီး အက်ကွဲနေခဲ့သည်။
သို့သော်လည်း၊ ပုံမှန်အားဖြင့် ဆူညံလှသော မိစ္ဆာမျောက်မည်းက ယခုတစ်ကြိမ်တွင် မည်သို့သော တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ တစ်ဖက်လူ မကြားလိုက်ဘူးထင်သဖြင့်၊ ထပ်မံ၍ လှမ်းခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်သံမျှ ထွက်ပေါ်မလာခဲ့ပြန်ပေ။
ယန်ချင်း မော့ကြည့်လိုက်သည့် အခါတွင် သူ့ မျက်လုံးများအတွင်းရှိ အရောင်များ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ ဘေးဘက်ရှိ အချုပ်ခန်းအတွင်း၌ မိစ္ဆာမျောက်မည်း၏ ပုံရိပ် လုံးဝ ရှိမနေခဲ့ပေ။
သူ့ ရင်ထဲ၌ ထိတ်လန့်သွားခဲ့သဖြင့်၊ မတ်တတ်ရပ်ရန် ကြိုးစားလိုက်မိသော်လည်း၊ ခန္ဓာကိုယ်တစ်ခုလုံးမှ စုတ်ပြဲမတတ် နာကျင်မှုများကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ရရှာသည်။
ထိုအခိုက်အတန့်၌၊ စင်္ကြံလမ်း၏ အဆုံးရှိ အမှောင်ခုအတွင်းမှ ပုံရိပ်တစ်ခု တဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်ပေါ်လာသည်။ ခြေသံများ စင်္ကြံလမ်းတစ်လျှောက်၌ ဟိန်းထွက်နေခဲ့ရာ၊ ၎င်းမှာ တစ္ဆေသရဲ သို့မဟုတ် နတ်ဘုရားတစ်ပါး၏ ခြေလှမ်းများအလား ရှိနေခဲ့သဖြင့် ယန်ချင်းအား အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
“စိုးရိမ်ထိတ်လန့်နေဖို့ မလိုပါဘူး... ဒါက ငါ့ရဲ့ မန္တန်ပဲလေ... မင်းနဲ့ ငါက အခု ပုံရိပ်ယောင်တစ်ခုအတွင်းမှာ ရှိနေကြတာပါ.. ဒါပေမဲ့ ဒီပုံရိပ်ယောင်က အစစ်အမှန်နဲ့တူလွန်းတယ်...”
ယန်ချင်း ဤအသံကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့ဖူးသဖြင့် ဤသူ မိမိ၏ ရှေ့မှောက်သို့ ယခင်က တစ်ခါမျှ ရောက်ရှိလာခဲ့ခြင်း မရှိကြောင်း သက်သေပြနေခြင်းပင်။
သူ စူးစိုက်ကြည့်ရှုလိုက်သောအခါ၊ ထိုသူသည် ချင်းရှောင်ဂိုဏ်းတပည့်များ ဝတ်ဆင်သည့် ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း၊ မျက်နှာကိုမူ ဆန်းကြယ်လှသော မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထားပြီး လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေကြောင်း မြင်တွေ့လိုက်ရသည်။
“မင်း ဘယ်သူလဲ... ဘာ လိုချင်နေတာလဲ...”
“ငါက ဘယ်သူလဲဆိုတာကိုတော့ လောလောဆယ် ပြောပြလို့ မရသေးဘူး... မဟုတ်ရင် မင်း ဒီနေရာကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး...”
“မင်းက ငါ့ကို ကယ်တင်ချင်တာ ဟုတ်လား...”
“ပိုပြီးတော့ တိကျအောင် ပြောရရင်တော့၊ ဝိညာဉ်ပင်လယ်နဲ့ မိတ်ဆွေဖွဲ့ချင်တာပါ... ငါက ပိုပြီးတော့ ကြီးမားလှတဲ့ ဂိုဏ်းကြီးတစ်ခုဆီကို သွားဖို့ လိုအပ်လို့ပဲ...”
တစ်ဖက်လူ၏ ပြန်လည်ဖြေကြားချက်က ယန်ချင်း၏ ရင်ထဲမှ သတိထားမှုများကို အနည်းငယ် လျော့ပါးသွားစေခဲ့သည်။ အကယ်၍ တစ်ဖက်လူက သူ့အား ကယ်တင်လို၍သာ လာရောက်ခြင်းဖြစ်ကြောင်း တိုက်ရိုက်ပြောဆိုခဲ့မည်ဆိုပါက၊ သေချာပေါက် သံသယဝင်မိလိမ့်မည်။
“ဘာလဲ... ချင်းရှောင်ဂိုဏ်းက မင်းအပေါ် မကောင်းလို့လား...”
“မဟုတ်ပါဘူး... သူတို့က ငါ့အပေါ်ကို အလွန်ပဲ ကောင်းမွန်ကြပါတယ်၊ ငါ့ကို အိမ်တစ်အိမ်တောင် ပေးခဲ့ကြသေးတယ်... ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းက မကြီးမားဘူး၊ ငါ့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် မလုံလောက်ဘူးလေ... ဒါပေမဲ့ ငါက မင်းကို ချင်းရှောင်ဂိုဏ်းကို အန္တရာယ်ပြုဖို့အတွက် ကူညီမှာမဟုတ်ဘူးနော်... ငါက မင်းကို ကယ်တင်ဖို့အတွက်ပဲ တာဝန်ယူမှာ…ပြီးရင် မင်း ငါ့ကို ဝိညာဉ်ပင်လယ်ထဲ ဝင်ခွင့်ရအောင် ခေါ်ဆောင်သွားပေးရမယ်...”
ထို မျက်နှာဖုံးစွပ်တပည့်၏ လေသံမှာ အလွန်ပင် တည်ငြိမ်အေးစက်လှသဖြင့်၊ မည်သည့်ခံစားချက်မျှ ပါဝင်နေခြင်းမရှိသလိုပင်ထင်ရသည်။
“ငါတို့တွေ ဝိညာဉ်ပင်လယ်ထဲကို ရောက်သွားတဲ့အခါ၊ ငါ မင်းကို သတ်ပစ်မှာကို မကြောက်ဘူးလား...”
“ မင်း ငါ့ကို မသတ်နိုင်အောင် ဝိညာဉ်ပင်လယ် တားမြစ်ပိတ်ပင်လာအောင် လုပ်နိုင်မယ့် နည်းလမ်း ငါ့မှာ ရှိပါတယ်...”
ထို မျက်နှာဖုံးစွပ်တပည့်၏ ပြန်လည်ဖြေကြားချက်က ယန်ချင်းကို မျက်မှောင်ကြုံ့သွားစေခဲ့လေသည်။