အခန်း (၃၁၇)
Vol. 32 Ch. 317
မှောင်မိုက်လှသော အခန်းတစ်ခုအတွင်း၌ လီချင်းချိုးတယောက်တည်း ကုလားထိုင်တွင် ထိုင်လျက် စားပွဲပေါ်ရှိ လေထဲ၌ လွင့်ပျံနေသော အလင်းလုံးလေးကို စိုက်ကြည့်နေမိသည်။ ထိုအလင်းလုံးလေး၏ အတွင်း၌ မျက်နှာဖုံးစွပ်တပည့်နှင့် ယန်ချင်းတို့ စကားပြောဆိုနေသည့် မြင်ကွင်းများ ထင်ဟပ်နေခဲ့ပြီး၊ သူ့ဘေးတွင် ချူကျင်း၊ ဝေထျန်းရှုံးနှင့် အမျိုးသမီးတပည့်တစ်ဦးတို့က ဘေးချင်းယှဉ်လျက် အတူတကွ စောင့်ကြည့်နေကြသည်။
ဤအမျိုးသမီးတပည့်မှာ အခြားသူမဟုတ်ဘဲ စည်းကမ်းထိန်းမိန့်ခန်းမသခင် ချိုင်ယွင်ရှန်း၏ အကြီးဆုံးတပည့် ယုလန်ပင် ဖြစ်သည်။ သူမသည် လက်ရှိတွင် မိစ္ဆာနှိမ်နင်းရေးစေတီတော်ကို တာဝန်ခံအုပ်ချုပ်နေရသူ ဖြစ်သည်။
ဝေထျန်းရှုံးက အံ့ဩချီးကျူးသော လေသံဖြင့် တောက်ခေါက်လိုက်ရင်း…
“ဒီတပည့်က မဆိုးဘူး... အစစ်အတိုင်းဖြစ်အောင် ပြုမူနေတာပဲ... ဂိုဏ်းချုပ်ရဲ့ လက်အောက်မှာ ကျုးတောက်ခန်းမရှိတယ်လို့ ကြားဖူးတယ်... ဒီတပည့်က အဲဒီခန်းမကလား...”
လီချင်းချိုးက ငြင်းပယ်ခြင်းမပြုဘဲ ဆန့်ကျင်ဘက်အနေဖြင့်….
“ခင်ဗျားရဲ့ပုံရိပ်ယောင်မန္တန်ထဲမှာ စိတ်ဝိညာဉ်ကို လှည့်စားဖျက်ဆီးနိုင်တဲ့ အကျိုးသက်ရောက်မှုမျိုး ထည့်သွင်းလို့ ရမလား...”
ယနေ့ သူတို့အားလုံး ဤနေရာ၌ စုဝေးနေကြခြင်းမှာ ယန်ချင်းအတွက် မဟုတ်ဘဲ၊ ချူကျင်း ဖန်တီးထားသော မန္တန်အသစ်ကို စစ်ဆေးရန်အတွက်သာ ဖြစ်သည်။
ချူကျင်းသည် မကွယ်လွန်မီအချိန်ကပင် ထူးချွန်လှသော ပါရမီနှစ်မျိုးကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်သည်။သူသည် တစ္ဆေကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီးနောက်တွင်လည်း ကျင့်ကြံခြင်းကို လက်လွှတ်ခဲ့ခြင်းမရှိပေ။ ယခုအခါ ဝိညာဉ်အသိအာရုံအဆင့် ဒုတိယအဆင့် သို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ ပုံမှန်ဘဝတွင် အစစ်အမှန်ခွန်အားကို ထုတ်ဖော်ပြသလေ့မရှိချေ။ ဂိုဏ်းအတွင်းရှိ တပည့်များက သူ့ရဲ့ အဆင့်အတန်းနှင့် ရက်စက်လှသော နည်းလမ်းများကြောင့် သူ့ကို အမြဲတမ်း ကြောက်ရွံ့နေကြရခြင်း ဖြစ်သည်။
ဝေထျန်းရှုံးအား ဤနေရာသို့ လာရောက်ကြည့်ရှုရန် ဖိတ်ကြားခဲ့ခြင်းမှာလည်း၊ သူ့ထံမှ ပြင်ဆင်ချက်များကို ရရှိနိုင်ရန် မျှော်လင့်သောကြောင့်ပင်။
လီချင်းချိုး၏ မေးခွန်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ချူကျင်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက်…
“ကျွန်တော် နောက်မှ စမ်းသပ်ကြည့်ပါ့မယ်...”
ဝေထျန်းရှုံးကတော့ ပွင့်ပွင့်လင်းလင်းပင် ဝေဖန်လိုက်သည်။
“ခင်ဗျားရဲ့မန္တန်မှာ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်... အကယ်၍ ဒီလူသာ အချုပ်ခန်းထဲက လှုပ်ရှားသွားတာမျိုး ဒါမှမဟုတ် ထွက်ခွာသွားတာမျိုး ရှိခဲ့ရင်၊ သူ အခြားသော အသက်ရှင်နေတဲ့ သူတစ်ဦးဦးနဲ့ ဆုံတာနဲ့တစ်ပြိုင်နက် ပုံရိပ်ယောင်က ချက်ချင်း ပျက်စီးသွားလိမ့်မယ်... လောလောဆယ်တော့ ဒီမန္တာန်ကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာပဲ သုံးလို့ရဦးမယ်.. တိုက်ပွဲဝင်ဖို့အတွက်တော့ မသင့်တော်သေးဘူး...”
သူ ပြောဆိုနေခြင်းမှာ အမှန်တရားပင်ဖြစ်သည်။ ထို့ကြောင့် ယန်ချင်းက မျက်နှာဖုံးစွပ်တပည့်ကိုသာ မြင်တွေ့နေရပြီး အခြားသော ပုံရိပ်များကို မမြင်နိုင်ပေ။
တကယ်တမ်းတွင် မိစ္ဆာမျောက်မည်းက ယန်ချင်းကို အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းနေပြီး၊ ယန်ချင်းကမူ နံရံကို မှီလျက် အိပ်ပျော်နေသလို ဖြစ်နေသည်။
ယုလန် စကားဖြတ်၍ မပြောခဲ့ပေ။ သူမသည်လည်း ဤမန္တန်၏ စွမ်းပကားမှာ အလွန်ပင် ဆန်းကြယ်လှသည်ဟု ခံစားနေရပြီဖြစ်ကာ မည်သည့်အားနည်းချက်ကိုမှ ရှာဖွေနိုင်ခြင်းမရှိချေ။ သို့သော် သူမ ပိုမို၍ စပ်စုလိုနေမိသည်မှာ - ချူကျင်းက ယန်ချင်း ပိတ်မိနေသော ပုံရိပ်ယောင်မြင်ကွင်းကို ဤဝိညာဉ်ကျောက်တုံးအတွင်းသို့ မည်သို့ကြောင့် ထင်ဟပ်လာအောင် လုပ်ဆောင်နိုင်ခဲ့သနည်းဟူသော အချက်ပင် ဖြစ်၏။
ချူကျင်းက ဝေထျန်းရှုံးကိုကြည့်ပြီး…
“နောင်အနာဂတ်မှာ စီနီယာဝေဆီကနေ လမ်းညွှန်မှုတွေကို တောင်းခံရပါဦးမယ်...”
“ငါ အချိန်ရမလားဆိုတာ ကြည့်ရသေးတာပေါ့...”
ဝေထျန်းရှုံးက ဝတ်ကျေတမ်းကျေပင် ပြန်လည်ဖြေကြားလိုက်၏။ သူသည် လီချင်းချိုးနှင့် ယွမ်လီတို့မှလွဲ၍ အခြားသူများအပေါ်တွင် ဤသို့သော မောက်မာသည့် လေသံမျိုးဖြင့်သာ ဆက်ဆံလေ့ရှိသည်။ဘာပဲဖြစ်ဖြစ် သူသည် ယခင်က ရှန်ယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်ခဲ့ဖူးသည်မဟုတ်ပါလား။
လီချင်းချိုးက ဆက်လက်၍ စောင့်ကြည့်နေခဲ့ပြီး၊ ပုံရိပ်ယောင်အတွင်းမှ စကားပြောဆိုမှုများအပေါ် များစွာ စိတ်ဝင်စားနေခဲ့သည်။
သူသည် ပုံရိပ်ယောင်အတွင်းမှ မျက်နှာဖုံးစွပ်တပည့်အား ကြည့်ရှုလိုက်ရင်း ချီးကျူးစိတ်များ ပြည့်နှက်နေခဲ့သည်။
ဤတပည့်မှာ ထူးချွန်လှသော ပါရမီနှစ်မျိုးကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်တပည့်တစ်ဦး ဖြစ်သည်။ သူ ကျုးတောက်ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်မှာ ငါးနှစ်မျှသာ ရှိသေးသော်လည်း၊ ကိုယ်ပိုင်ထူးခြားလှသော စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
ကျုးတောက်ခန်းမအတွင်း၌၊ ဤလုလင်ငယ်တစ်ဦးတည်းသာ ချူကျင်း၏ မန္တန်အသစ်ကို ပိုမိုလျင်မြန်စွာ တတ်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
လီချင်းချိုးအနေဖြင့် ထူးချွန်သော ပါရမီရှိသည့် တပည့်များကို အထူးတလည် မြှင့်တင်ပေးခြင်းမပြုတော့သော်လည်း၊ အမြဲတမ်း သတိထားစောင့်ကြည့်လေ့ရှိစမြဲပင်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများ လမ်းခရီး၌ သေဆုံးသွားခြင်းမရှိသရွေ့၊ နောင်အနာဂတ်တွင် ဂိုဏ်း၏ အဓိက ကျောရိုးအင်အားစုများ ဖြစ်လာကြမည် ဖြစ်သောကြောင့်ပင်။
ထိုသို့ တွေးတောမိသောအခါ၊ လီချင်းချိုးက တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ထိုတပည့်၏ ပုံရိပ်ကို ရှာဖွေကာ နှိပ်၍ ကြည့်ရှုလိုက်လေသည်။
[အမည် - ရှဲ့ရှု]
[လိင် - ကျား]
[အသက် - ၃၄ နှစ်]
[သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၉၉/၉၆ (အများဆုံး ၁၀၀)]
[ကျင့်ကြံရေးပါရမီ - ထူးချွန်]
[နားလည်နိုင်စွမ်း - ထူးချွန်]
[ကံကြမ္မာ - ပုံရိပ်ယောင်ပါရမီရှင်၊ ကျေးဇူးဆပ်ခြင်း]
[ပုံရိပ်ယောင်ပါရမီရှင် - ပုံရိပ်ယောင်လမ်းစဉ် တာအိုအပေါ်၌ ထူးကဲလှသော နားလည်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။]
[ကျေးဇူးဆပ်ခြင်း - မိမိအပေါ် ကောင်းမွန်ခဲ့ဖူးသောသူများအား ကျေးဇူးဆပ်ရန်အတွက် တတ်နိုင်သမျှ အရာရာကို လုပ်ဆောင်လိမ့်မည်။]
ရှဲ့ရှု ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည့် အချိန်တွင် အရွယ်ရောက်နေခဲ့ပြီဖြစ်သော်လည်း တပည့်ရွေးချယ်ပွဲတွင် ထူးခြားစွာ ပေါ်ထွက်လာခြင်းမရှိခဲ့ချေ။ ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီးမှသာ တဖြည်းဖြည်းနှင့် တောက်ပလာခဲ့ခြင်း ဖြစ်သည်။
သူ့ရဲ့ နောက်ကြောင်း ဇာစ်မြစ်မှာလည်း အလွန်ပင် ရိုးရှင်းလှသည်။ သူသည်လည်း ချင်းရှောင်ဂိုဏ်း၏ ကယ်တင်ခြင်းကို ခံခဲ့ရဖူးသော ပြည်သူတစ်ဦး ဖြစ်၏။မိသားစုဝင်အားလုံးမှာ ကျောက်ကျိ အုပ်ချုပ်ခဲ့သော အမှောင်ခေတ်ကာလအတွင်း၌ သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။ သူသည် ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိနိုင်ရန်အတွက် မိုင်ထောင်ချီ ဝေးကွာစွာ ခရီးနှင်ခဲ့ရပြီး၊ နောက်ဆုံးတွင် သူ ဖြစ်ချင်သော ဆန္ဒကို ရရှိသွားခဲ့လေသည်။
‘ပုံရိပ်ယောင်ပါရမီရှင်’ ဟူသော ကံကြမ္မာကြောင့်ပင်၊ လီချင်းချိုးက သူ့အား ချူကျင်း၏ မန္တန်အသစ်ကို လေ့ကျင့်စေခဲ့ခြင်း ဖြစ်သည်။
ရှဲ့ရှုသည် တိတ်ဆိတ်စွာ နေထိုင်တတ်သော စရိုက်ရှိပြီး မောက်မာဝင့်ကြွားရသည်ကို မနှစ်သက်ချေ။ သူသည် ဓမ္မညီလာခံများ၌ပင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသဖြင့် မည်သည့်ကျော်ကြားမှုမျှ မရှိခဲ့ဖူးချေ။ လီချင်းချိုးက သူ့အား ကျုးတောက်ခန်းမအတွင်းသို့ စေလွှတ်လိုက်ပြီးနောက်တွင် သစ္စာစောင့်သိမှု ပိုမို၍ မြင့်မားလာခဲ့ရာ၊ ၎င်းက လီချင်းချိုးအား လူသားချင်း တူညီကြသော်လည်း စိတ်နေသဘောထားများ ကွဲပြားလှကြောင်း နားလည်စေခဲ့သည်။
သူတို့ လေးဦး၏ စောင့်ကြည့်မှုအောက်တွင်၊ ယန်ချင်းက ရှဲ့ရှု၏ စကားများကြောင့် အမှန်တကယ် စိတ်လှုပ်ရှားသွားခဲ့ရပြီး အခြေအနေများကို စတင်၍ ညှိနှိုင်းနေခဲ့တော့သည်။
“ကျွန်တော် ထင်တာကတော့... ဒီကိစ္စကို အခြေအနေအတိုင်းပဲ လွှတ်ထားလိုက်ရင် ပိုကောင်းမယ် ထင်တယ်...” ဟု ချူကျင်းက ရုတ်တရက် ဆိုလိုက်သည်။
သူသည် ရှဲ့ရှုမှာ သာမန်မဟုတ်ကြောင်း မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ဂိုဏ်းချုပ်ကဤမန္တန်ကို အသုံးပြု၍ ဤနေရာ၌ စမ်းသပ်ခိုင်းခြင်းမှာလည်း အကြောင်းမဲ့မဟုတ်သည်မှာ ထင်ရှားလှပေသည်။
ချူကျင်းသည် မိမိအနေဖြင့် ဂိုဏ်းအတွင်းရှိ တပည့်များအကြောင်းကို အပြည့်အဝ မသိရှိသေးကြောင်း သဘောပေါက်သွားခဲ့ရသည်။ အံ့အားသင့်စေမည့် ပါရမီရှင်တပည့်များမှာ အမြဲတမ်း ပေါ်ထွက်လာတတ်သည်မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင်၊ လီချင်းချိုးအပေါ်၌လည်း အဆုံးစွန်ထိ လေးစားကြည်ညိုစိတ်များ ပိုမိုကြီးမားလာခဲ့ရသည်။ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့်၊ လီချင်းချိုး၏ လူရွေးချယ်မှုအမြင်မှာ သူ စဉ်းစား၍မရနိုင်လောက်အောင်ပင် ဆန်းကြယ်လှပေသည်။
လီချင်းချိုးအတွက် တာဝန်ထမ်းဆောင်ရသည့်အခါ လီချင်းချိုးက တပည့်အချို့ကို လျှို့ဝှက်စွာ မြှင့်တင်ပေးလေ့ရှိကြောင်း သူ သိရှိထားပြီးဖြစ်ကာ၊ ထိုတပည့်များသည်လည်း နောက်ပိုင်းတွင် ကိုယ်ပိုင်ခွန်အားများကို အမှန်တကယ် သက်သေပြနိုင်ကြသဖြင့် ဂိုဏ်းချုပ်၏ လျှို့ဝှက်ဂရုစိုက်မှုများအပေါ် စိတ်ပျက်အောင် လုပ်ဆောင်ခဲ့ခြင်း အလျှင်းမရှိကြပေ။
“ဟင်... ပုံရိပ်ယောင် ပြောင်းလဲသွားပြီ... ဒီကောင်လေးက တကယ်ကို သာမန်မဟုတ်ဘူးပဲ...”
ဝေထျန်းရှုံးက ရုတ်တရက် အံ့ဩလှသော လေသံဖြင့် ဆိုလိုက်၏။ ထိုစကားကို ကြားလိုက်ရသောအခါ ချူကျင်း၏ အမူအရာ ပြောင်းလဲသွားခဲ့ရပြီး၊ ပုံရိပ်ယောင်အတွင်းမှ ရှဲ့ရှုထံသို့ စိုက်ကြည့်လိုက်မိသည်။
ယုလန်ကမူ မည်သည့်အရာကိုမျှ နားလည်နိုင်ခြင်းမရှိချေ။ ဘာပဲဖြစ်ဖြစ် သူမအနေဖြင့် ပုံရိပ်ယောင်အတွင်း၌ မည်သည့်ပြောင်းလဲမှုကိုမှ မြင်တွေ့ရခြင်းမရှိသောကြောင့် ဖြစ်၏။
လီချင်းချိုးလည်း အရိပ်အယောင်အချို့ကို မြင်တွေ့လိုက်ရသည်။ ရှဲ့ရှု၏ ပုံရိပ်ယောင်က သူ အစောက ပြောကြားခဲ့သည့်အတိုင်း တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကို စတင်၍ လှည့်စားနေခဲ့ပြီ ဖြစ်သည်။ ယန်ချင်း၏ စိတ်ခံစားချက်များ ထင်ရှားစွာပင် ဝေဝါးသွားခဲ့ရပြီး အနည်းငယ် စိတ်လှုပ်ရှားတက်ကြွလာနေပြီ။
“မူလအားဖြည့်နယ်ပယ် နဝမအဆင့် ကျင့်ကြံမှုနဲ့ ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦးရဲ့ စိတ်ဝိညာဉ်ကို လှည့်စားနိုင်တယ် ဟုတ်လား... သူသာ ဝိညာဉ်အသိအာရုံကို ရောက်သွားရင် သူဖန်တီးတဲ့ ပုံရိပ်ယောင်တွေ ပိုပြီးတော့တောင် သန်မာလာဦးမှာပဲ...” ဟု ဝေထျန်းရှုံးက ချီးကျူးလိုက်သည်။
ဂိုဏ်းတိုင်း၌ပုံရိပ်ယောင်မန္တန်များ ရှိကြသော်လည်း၊ လေ့ကျင့်သူ အရေအတွက် မများလှပေ။ အဓိကမှာ ၎င်းတို့ကို ဖြိုခွင်းနိုင်မည့် နည်းလမ်းများစွာ ရှိနေသောကြောင့်ဖြစ်သလို တိုက်ခိုက်ရေးစွမ်းရည်ပိုင်းတွင်လည်း လိုအပ်ချက်များ ရှိနေသောကြောင့် ဖြစ်၏။ ဝေထျန်းရှုံးကိုယ်တိုင်ပင်လျှင် အနည်းငယ်သာ လေ့လာခဲ့ဖူးပြီး ကျွမ်းကျင်ခြင်းမရှိချေ။
ဤချင်းရှောင်ဂိုဏ်းကမူ တကယ်ကို ဆန်းကြယ်လှသည်။ နေရာတိုင်း၌ ဆန်းပြားလှသော ပါရမီရှင်များစွာ ရှိနေကြသည်မဟုတ်ပါလား။
လီချင်းချိုးက မည်သည့်စကားမျှ မပြောဘဲ ဆက်လက်၍ စောင့်ကြည့်နေခဲ့၏။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်ကြာမြင့်ပြီးနောက်တွင်မှ၊ ရှဲ့ရှု ထွက်ခွာသွားခဲ့သည်။ သူ့ရဲ့ ပုံရိပ် အမှောင်ထုအတွင်း၌ ပျောက်ကွယ်သွားခဲ့ပြီးနောက်တွင်မှ၊ ပုံရိပ်ယောင်ပြသမှုလည်း ပြီးဆုံးသွားခဲ့တော့သည်။
ယန်ချင်းလည်း ဝေဝါးလှသောအိပ်မက်တစ်ခုကို မက်ခဲ့ရသလို ခံစားလိုက်ရသည်။ သူ မျက်လုံးများကို ဖွင့်လိုက်ပြီး ဘေးဘက်မှ မိစ္ဆာမျောက်မည်း၏ စိတ်ပျက်စဖွယ်ကောင်းလှသော ဆဲဆိုသံများကို ကြားလိုက်ရသည့်အခါ သူ့ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုစဉ် ချင်းရှောင်ဂိုဏ်းတပည့်တစ်ဦး လျှောက်လှမ်းလာခဲ့ပြီး၊ ဓားအိမ်ဖြင့် မိစ္ဆာမျောက်မည်း၏ အချုပ်ခန်းတံခါးကို ပုတ်လျက် ကြိမ်းမောင်းလိုက်၏။
“ငြိမ်ငြိမ်နေစမ်း...”
“ဟွန့်...”
မိစ္ဆာမျောက်မည်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ ဆက်လက်၍ ဆဲဆိုခြင်းမပြုတော့ချေ။
ထိုတပည့်ရော၊ မိစ္ဆာမျောက်မည်းပါ မိမိ အစောက ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့ခြင်းကို သတိပြုမိခြင်းမရှိသည်ကို မြင်တွေ့ရသောအခါ၊ ယန်ချင်း ရှဲ့ရှုအပေါ်၌ များစွာ မျှော်လင့်ချက်များ ရှိလာခဲ့ချေပြီ။
ဤသို့သော နည်းလမ်းမျိုးနှင့်ဆိုပါက၊ ထိုသူသည် မိမိအား ဤနေရာမှ ထွက်ပြေးနိုင်အောင် အမှန်တကယ်ပင် ကူညီပေးနိုင်လိမ့်မည် မဟုတ်ပါလား။
တောင်လမ်းပေါ်၌ လီချင်းချိုးနှင့် ရှဲ့ရှုတို့ တောင်ပေါ်သို့ တစ်ဦးနောက်တစ်ဦး လိုက်ပါလျက် လျှောက်လှမ်းနေခဲ့ကြသည်။ ရှဲ့ရှုက မျက်နှာဖုံးကို ဖြုတ်ချထားခဲ့ပြီဖြစ်ရာ၊ သန့်ရှင်းစင်ကြယ်လှသော နုပျိုသည့် မျက်နှာတစ်ခု ပေါ်ထွက်နေခဲ့၏။
ရှဲ့ရှုသည် အလွန်အမင်း ခန့်ညားလှပသူတစ်ဦး မဟုတ်သော်လည်း၊ လူအများ၏ ကြည်ညိုမှုကို အလွယ်တကူ ရရှိစေနိုင်သည်။ သူသည် သိမ်မွေ့ပုံရပြီး အနည်းငယ်ပင် စကားနည်းသူ ဖြစ်၏။
လမ်းခရီးတစ်လျှောက်၌ လီချင်းချိုးက အခါအားလျော်စွာ ခေါင်းညိတ်ပြလျက် တပည့်များ၏ နှုတ်ဆက်မှုများကို ပြန်လည်တုံ့ပြန်နေသည်ကို ကြည့်ရှုရင်း၊ ရှဲ့ရှု၏ စိတ်ထဲ၌ လေးနက်လှသော ကြည်ညိုစိတ်များ ပြည့်နှက်နေခဲ့သည်။
သူသည် လီချင်းချိုးကို အလွန်အမင်း ကြည်ညိုလေးစားသဖြင့် အရာရာအားလုံးကို ပုံအော၍ ပံ့ပိုးပေးချင်နေသည်။
သူသည် ငယ်စဉ်က မိသားစုဝင်အားလုံး ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရဖူးသည်ကို ဘယ်သောအခါမှ မေ့ဖျောက်၍ မရနိုင်ချေ။ သူ အဆုံးစွန်ထိ စိတ်ပျက်အားငယ်နေခဲ့ရသည့် ထိုအခိုက်အတန့်၌၊ လီချင်းချိုး ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ဓားပြများအားလုံးကို သုတ်သင်ပစ်ခဲ့သလို၊ သူ့အား တောင်ဘက်ရှိ ချင်းရှောင်တောင်သို့ သွားရောက်ကာ နေရပ်အသစ်ကို ရှာဖွေရန် မှာကြားခဲ့ဖူးသည်။
ထိုစဉ်က လီချင်းချိုး အလွန်ပင် အလျင်လိုနေခဲ့ပုံရပြီး အခြားသော ကိစ္စရပ်များ ရှိနေခဲ့ပုံ ရသည်။ နောက်ပိုင်းတွင်မှ၊ လီချင်းချိုးက လောကအတွင်းရှိ မကောင်းမှုများကို သုတ်သင်ရန်အတွက် သွားရောက်နေခြင်းဖြစ်ကြောင်း သူ သိရှိခဲ့ရခြင်း ဖြစ်၏။
လီချင်းချိုးက ရန်သူများ၏ ရှေ့မှောက်၌ အစွမ်းထက်ပြီး အေးစက်လှသော်လည်း၊ တပည့်များ၏ ရှေ့မှောက်တွင် သိမ်မွေ့ပြီး ရက်ရောလှသည်။ ဤသို့သော လူတစ်ဦးသည် ရှဲ့ရှု၏ မျက်စိထဲ၌ အလွန်ပင် ဆွဲဆောင်မှုရှိလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေတော့သည်။
ရှဲ့ရှုက ကိုယ်ပိုင်စရိုက်ကို ကောင်းစွာ သိရှိထားသည်။ သူသည် ဘယ်သောအခါမှ ဂိုဏ်းချုပ်လို ကြီးမြတ်သူတစ်ဦး ဖြစ်လာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပ ဂိုဏ်းချုပ်အတွက် အရာရာကို လုပ်ဆောင်ပေးရန်သာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
သို့မှသာ ဂိုဏ်းချုပ်ကပိုမို၍ အသက်ရှည်ရှည် နေထိုင်နိုင်မည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ချင်းရှောင်ဂိုဏ်းသည်လည်း လောက၌ ထာဝရ တည်တံ့နေမည်ဖြစ်ကာ လောကရှိ ပြည်သူများသည်လည်း ကောင်းကျိုးများကို ခံစားကြရပေလိမ့်မည်။
“ရှဲ့ရှု... မင်း ယန်ချင်းလို့ခေါ်တဲ့ ကျင့်ကြံသူကို ဘယ်လိုမြင်သလဲဟင်...”
လူသူမရှိသော နေရာတစ်ခုသို့ ရောက်ရှိလာသောအခါ၊ လီချင်းချိုးက ရုတ်တရက် လှမ်း၍ မေးမြန်းလိုက်သည်။
ထိုအခါမှသာ ရှဲ့ရှု သတိပြန်လည်လာခဲ့ပြီးနောက် ခေတ္တမျှ စဉ်းစားဆင်ခြင်လိုက်ကာ ….
“သူ့ ရင်ထဲမှာ အခုဆို ကြောက်ရွံ့မှုတွေ ရှိနေခဲ့ပြီဖြစ်လို့ ချင်းရှောင်ဂိုဏ်းကို အညံ့ခံချင်နေပြီ... သူ အဆုံးစွန်ထိ ပြိုလဲလုနီးပါး ဖြစ်နေပြီလို့ ကျွန်တော် ခံစားရတယ်... အကယ်၍ ကျွန်တော် သူ့ကို ပေးခဲ့တဲ့ မျှော်လင့်ချက်သာ ပျက်စီးသွားမယ်ဆိုရင်တော့၊ စိတ်ပိုင်းဆိုင်ရာ လုံးဝ ပြိုလဲသွားနိုင်တယ်...”
ယန်ချင်းက သူ့ရှေ့တွင် ဝိညာဉ်ပင်လယ်မှ တပည့်တစ်ဦးအဖြစ် မာန်မာနများကို ပြသနေခဲ့သော်လည်း၊ ရှဲ့ရှုကတော့ သူ့ ရင်ထဲမှ ကြောက်ရွံ့မှုများနှင့် စိုးရိမ်ထိတ်လန့်မှုများကို ကောင်းစွာ ဖောက်ထွင်းမြင်နေခဲ့သည်။
“သူ ကျွန်တော့်ကို တကယ် မယုံကြည်ပါဘူး၊ ဒါပေမဲ့ သူက အတင်းအကျပ် ယုံကြည်အောင် ကြိုးစားနေရုံသက်သက်ပါပဲ...”
ရှဲ့ရှုက ထပ်မံ၍ ဖြည့်စွက်ပြောကြားလိုက်သေးသည်။ သူသည် ယန်ချင်းအပေါ်၌ မည်သို့သော သနားညှာတာမှုမျှ မရှိချေ။ ယန်ချင်း၏ အတိတ်ကို မသိရှိသော်လည်း၊ သူ့ အမြင်အရဆိုလျှင် ဤလူသည် သေချာပေါက် ကြီးမားလှသော အပြစ်များကို လုပ်ဆောင်ခဲ့ဖူးသူ သို့မဟုတ် ဂိုဏ်း၏ တည်ရှိမှုကို ခြိမ်းခြောက်ခဲ့ဖူးသူ ဖြစ်ရမည်။ထို့ကြောင့် မိစ္ဆာနှိမ်နင်းရေးစေတီတော်၏ အောက်ဆုံးအလွှာ၌ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရခြင်း ဖြစ်ပေလိမ့်မည်။
သူသည် ကျုးတောက်ခန်းမအတွင်းသို့ မဝင်ရောက်မီအချိန်ကတည်းက၊ လူတို့၏ စိတ်နှလုံးအတွင်းမှ မကောင်းမှုများကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ သူသည် သိမ်မွေ့သော လမ်းစဉ်ကို လိုက်နာသူဖြစ်သော်လည်း၊ ကရုဏာတရားကိုသာ အရာရာထက် ကြီးမြတ်သည်ဟု ယူဆထားသူ မဟုတ်ပေ။
သူ့အနေနှင့် ချင်းရှောင်ဂိုဏ်း၌ အမှောင်ဘက်ခြမ်း ရှိနေခြင်းကို လက်ခံနိုင်သလို၊ ဂိုဏ်းချုပ်၏ ကျေးဇူးကို ဆပ်နိုင်သရွေ့ ဂိုဏ်း၏ အမှောင်ရိပ်တစ်ခု ဖြစ်လာရန်အတွက်လည်း လိုလားနေသူ ဖြစ်သည်။
“လောလောဆယ်တော့ သူ့ကို သတ်ပစ်ဖို့ မလွယ်ကူသေးဘူး... သူ့ရဲ့ ဝိညာဉ်ကို ထူးခြားတဲ့ ကန့်သတ်ချက်တစ်ခုနဲ့ ကာကွယ်ထားတာမို့၊ သူ သေဆုံးသွားတာနဲ့တစ်ပြိုင်နက် ဝိညာဉ်ပင်လယ်က သေချာပေါက် သတိပြုမိသွားလိမ့်မယ်...” ဟု လီချင်းချိုးက ပွင့်ပွင့်လင်းလင်းပင် ပြောကြားလိုက်သည်။
ထိုစကားကို ကြားရသောအခါ ရှဲ့ရှု တိတ်ဆိတ်သွားခဲ့ရသည်။
ဂိုဏ်းချုပ် ပြောဆိုနေသော ကန့်သတ်ချက်အကြောင်းကို နားလည်ခြင်းမရှိသော်လည်း၊ ချင်းရှောင်ဂိုဏ်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အချိန်လိုအပ်နေသေးကြောင်းကိုတော့ သူ ကောင်းစွာ သိရှိထားသည်။
ထိုစဉ်မှာပင်၊ ရှေ့မှောက်မှ လျှောက်လှမ်းလာသော လူတစ်ဦးကို မြင်တွေ့လိုက်ရသည်။
ရှဲ့ရှု မော့ကြည့်လိုက်သော်လည်း ထိုသူအား မှတ်မိခြင်း မရှိခဲ့ချေ။
“ဂိုဏ်းချုပ်...”
ပိုင်နင်းအာက လီချင်းချိုး၏ ရှေ့မှောက်သို့ အလျင်အမြန် လျှောက်လှမ်းလာခဲ့ပြီး အရိုအသေပေးလိုက်သည်။ မျက်နှာထက်၌ စိတ်လှုပ်ရှားနေသော အမူအရာများ ရှိနေခဲ့၏။
သူသည် မိမိကိုယ်မိမိ ဂိုဏ်းချုပ်မျိုးဆက်၏ လူတစ်ဦးအဖြစ် သတ်မှတ်ထားသော်လည်း၊ ပုံမှန်ဘဝတွင်မူ လီချင်းချိုးအား မြင်တွေ့ရခဲလှပေသည်။ ယနေ့ တောင်အောက်သို့ ဆင်းသည့် လမ်း၌ တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ရခြင်းဖြစ်ရာ၊ သူ မည်သို့ကြောင့် စိတ်မလှုပ်ရှားဘဲ ရှိပါမည်နည်း။
“မင်း ဘာသွားလုပ်မလို့လဲ...”
သူသည် ပိုင်နင်းအာနှင့်အတူ အချိန်အများကြီး ကုန်လွန်စေခဲ့ခြင်းမရှိသော်လည်း၊ ပိုင်နင်းအာက သူ့စိတ်ထဲ၌ ကြီးမားလှသော နေရာတစ်ခုကို ရရှိထားသူ ဖြစ်သည်။ သူ ဤကောင်လေးအား များစွာ သဘောကျသည်။
ပိုင်နင်းအာသည် ဂိုဏ်းအတွင်း၌ ကောင်းမှုကုသိုလ်များစွာကို မကြာခဏ လုပ်ဆောင်လေ့ရှိသော်လည်း ဘယ်သောအခါမှ ဂုဏ်ပုဒ်များကို လုယူခြင်းမရှိသည့် တွေ့ရခဲလှသော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ သူသည် မိမိထံသို့ လာရောက်ကာ အကူအညီတောင်းခံခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးသလို၊ အခြားသူများထံမှလည်း သူ့တောင်းဆိုမှုများအကြောင်း ပြောဆိုသံကို တစ်ခါမျှ မကြားဖူးခဲ့ဖူးချေ။
“ကျွန်တော် ငါးရောင်ခြယ်သမင်ကို သွားရှာမလို့ပါ... သူ့ကို မမြင်ရတာ အတော်လေး ကြာပြီမလို့..” ဟု ပိုင်နင်းအာက ပြန်လည်ဖြေကြားလိုက်သည်။
ငါးရောင်ခြယ်သမင်မှာ ပိုင်နင်းအာကိုယ်တိုင် ပြန်လည်ခေါ်ဆောင်လာခဲ့ဖူးသော ကောင်းမြတ်သော နိမိတ်လက္ခဏာ သားရဲ တစ်ကောင်ဖြစ်ပြီး၊ ချင်းရှောင်တောင်ပေါ်၌ ကာလကြာမြင့်စွာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းရည်များ မရှိသော်လည်း၊ သစ်ပင်ပန်းမာန်များကို လျင်မြန်စွာ ကြီးထွားလာစေနိုင်သလို အတိုင်းအတာတစ်ခုအထိလည်း ဝိညာဉ်ချီများကို မြင့်မားလာစေနိုင်စွမ်း ရှိသည်။ ထို့ကြောင့်၊ ချင်းရှောင်ဂိုဏ်းအတွင်း၌ ၎င်း၏ အဆင့်အတန်းမှာ မနိမ့်ကျလှဘဲ၊ ၎င်း တောင်ပေါ်တောင်အောက် သွားလာသည့်အခါ၌လည်း စောင့်ရှောက်ပေးရန်အတွက် သီးသန့်တာဝန်ယူရသော တပည့်များ ရှိကြစမြဲပင်။
လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး…
“နောက်နှစ်အနည်းငယ်ကြာရင်၊ ငါနဲ့အတူ တာဝန်တစ်ခု ထမ်းဆောင်ရမယ်... စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားလိုက်ပါ...”
သူ ဤသို့ ပြောကြားလိုက်ခြင်းမှာ၊ ပိုင်နင်းအာက ဓမ္မညီလာခံများ၌ ဆက်လက်၍ ပါဝင်ယှဉ်ပြိုင်လိုနေသဖြင့် ကျင့်ကြံရေးအရှိန်အဟုန်ကို တမင်တကာ နှောင့်နှေးအောင် ပြုလုပ်နေသောကြောင့် ဖြစ်ပြီး၊ ၎င်းမှာ သူ့ အမြင်အရဆိုလျှင် အချိန်ကုန်ခံရုံသက်သက်သာ ဖြစ်ပေသည်။
ပိုင်နင်းအာသာ ကျင့်ကြံမှုကို မူလအားဖြည့်နယ်ပယ် နဝမအဆင့်၌သာ ထိန်းသိမ်းထားဦးမည်ဆိုလျှင်ပင်၊ ဓမ္မညီလာခံ၌ ကောင်းမွန်သော အောင်မြင်မှုများကို ရရှိရန်မှာ မဖြစ်နိုင်တော့ချေ။
ထိုစကားကို ကြားလိုက်ရသောအခါ၊ ပိုင်နင်းအာ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားပြီး အလျင်အမြန်ပင် ကတိပေးလိုက်သည်။
“ဂိုဏ်းချုပ် စိတ်ချပါ... ကျွန်တော် သေချာပေါက် စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး...”
လီချင်းချိုးက သူ့ပုခုံးကို ပုတ်ပေးလိုက်ပြီးနောက်၊ ဆက်လက်၍ တောင်ပေါ်သို့ လျှောက်လှမ်းသွားခဲ့တော့သည်။
ရှဲ့ရှုနှင့် ပိုင်နင်းအာတို့ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး နှစ်ဦးစလုံးက မည်သည့်စကားမျှ မပြောဘဲ ခေါင်းညိတ်ပြလိုက်ကြသည်။
သူတို့ ဘေးချင်းယှဉ်လျက် ဖြတ်သန်းသွားကြသည့် ထိုအခိုက်အတန့်၌၊ သူတို့နှစ်ဦးစလုံး စိတ်ထဲမှ အကြောင်းအရာတစ်ခုကို စပ်စုချင်နေကြသည်။
‘သူက ဘယ်သူလဲ...’
‘သူက ဂိုဏ်းချုပ်နဲ့ နီးစပ်ပုံရတယ်...’
သူတို့သည် နောင်အနာဂတ်တွင် ပြန်လည်ဆုံတွေ့ရသည့်အခါ လူမှားခြင်းမရှိစေရန်အတွက်၊ တစ်ဦးနှင့်တစ်ဦး၏ မျက်နှာများကို စိတ်ထဲ၌ တိတ်တဆိတ် မှတ်သားထားလိုက်ကြလေသည်။
ထို့နောက်တွင်မူ၊ လီချင်းချိုးက ရှဲ့ရှုနှင့်အတူ ပေါ့ပေါ့ပါးပါးပင် စကားဖောင်ဖွဲ့ဆွေးနွေးခဲ့သည်။ သူသည် မည်သည့် သီးသန့်တာဝန်ကိုမှ ပေးအပ်ခြင်းမပြုခဲ့ဘဲ၊ ရှဲ့ရှုအား ကျုးတောက်ခန်းမ၏ ဂူတံခါးဝအထိ လိုက်လံပို့ဆောင်ပေးပြီးမှသာ ထွက်ခွာခဲ့တော့သည်။
ရှဲ့ရှု ထိုနေရာ၌ပင် ရပ်ကျန်ရစ်ခဲ့ပြီး၊လီချင်းချိုး၏ နောက်ကျောပုံရိပ် ပျောက်ကွယ်သွားသည့်တိုင်အောင် လှည့်ပြန်ခြင်း အလျှင်းမရှိဘဲ ငေးစိုက်ကြည့်နေခဲ့သည်။