← Chapters

ကောင်းကင်ဘုံမဟာအစီအရင်

Vol. 32 Ch. 318

ကောင်းကင်ဘုံမဟာအစီအရင်

Vol. 32 Ch. 318

ဆောင်းဦးရာသီ ကုန်လွန်၍ ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ၊ နှစ်စဉ်ကျမြဲဖြစ်သော မိုးနှင်းထုကြီးက ထိုက်ခွန်းတောင်တန်း တစ်ခွင်၌ ထပ်မံ၍ ဖုံးလွှမ်းသွားခဲ့လေသည်။

လီချင်းချိုးသည် ချင်းရှောင်တောင်၏ ထိပ်ဆုံး၌ ရပ်လျက်၊ ဝေးကွာလှသော နေရာဆီသို့ ငေးစိုက်ကြည့်နေမိ၏။ တောင်တန်းများကြားတွင်မူ၊ ချင်းရှောင်ဂိုဏ်း တပည့်များစွာသ ဓားပျံများကို စီးနင်းလျက် အရပ်ရပ်သို့ ပျံသန်းသွားလာနေကြသဖြင့်၊ အနည်းငယ် ဆူညံလှုပ်ရှားနေသည်။

ယနေ့သည် ဂိုဏ်းစောင့်မဟာအစီအရင်ကို စတင်အသက်သွင်းမည့် နေ့ရက် ဖြစ်သည်။ တပည့်များအားလုံးက ဤသမိုင်းဝင်အခိုက်အတန့်ကို မျက်မြင်တွေ့ရှိလိုကြသဖြင့် စိတ်လှုပ်ရှားနေကြပြီး၊ ထို့ကြောင့်ပင် ဤမျှအထိ ဆူညံနေရခြင်း ဖြစ်သည်။

ဤဂိုဏ်းစောင့်မဟာအစီအရင်ကို ပြင်ဆင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်ကာ၊ နောက်ဆုံးတွင်မူ ဝေထျန်းရှုံး၏ ပံ့ပိုးကူညီမှုများဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။

ထိုစဉ် တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာခဲ့ကြပြီးနောက်၊ လီချင်းချိုး၏ ဘေးတစ်ဖက်တစ်ချက်သို့ လာရောက်ရပ်တန့်လိုက်ကြသည်။ သူ့ ညာဘက်တွင် ကျန်းကျောက်ရှား ရှိနေပြီး၊ ဘယ်ဘက်တွင်မူ ကျန်းယွီချွန်း ရှိနေခဲ့ကာ၊ လီတုန်းယွဲ့၊ ဝူမန်အာ၊ လီစစ်ဖုန်းနှင့် လီစစ်ကျင်တို့က အပြင်ဘက်တွင် တန်းစီလျက် ရပ်နေကြသည်။

သူတို့ ခုနစ်ဦးစလုံးက ဝေးကွာလှသော နေရာမှ နဂါးများအလား ရစ်ခွေတက်လာသော မြူထူများကို ကြည့်ရှုရင်း၊ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများနှင့်အတူ ခံစားချက်ပေါင်းစုံ ပြည့်နှက်နေကြသည်။

“နှစ်ပေါင်း နှစ်ဆယ့်ရှစ်နှစ်တောင် ရှိခဲ့ပြီနော်... ကျွန်မတို့ သတိမထားမိခင်မှာတင်၊ ဆရာ ထွက်ခွာသွားခဲ့တာ ဒီလောက်တောင် ကြာသွားခဲ့ပြီပဲ...” ဟု လီတုန်းယွဲ့က ခံစားချက်ပါပါဖြင့် စကားစလိုက်သည်။

ကျန်းယွီချွန်းကလည်း ….

“ဆရာက မသေမျိုးအဖြစ် တက်လှမ်းခြင်း လမ်းစဉ်ကို လိုက်ရှာဖွေဖို့ ထွက်ခွာသွားခဲ့တာ...တကယ်တမ်းကျတော့ မသေမျိုးဖြစ်ဖို့ အခွင့်အရေးက ဒီချင်းရှောင်တောင်ပေါ်မှာပဲ ရှိနေတာကို သူ မသိခဲ့ရှာဘူး... အကယ်၍ သူသာ လက်ရှိ ချင်းရှောင်ဂိုဏ်းရဲ့ အခြေအနေကို သိရင်၊ ဘာတွေ တွေးမလဲမသိဘူးနော်...” ဟု ရေရွတ်လိုက်သည်။

မိုးနှင်းများ ပိုမို၍ သည်းထန်စွာ ကျဆင်းလာခဲ့ပြီး၊ သူတို့ ခုနစ်ဦး၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည့်အခါ၌ ချက်ချင်း အရည်ပျော်သွားပြီး သူတို့၏ ခန္ဓာကိုယ်ပတ်လည်၌ မြူခိုးစများ ဝေဝါးနေခဲ့သဖြင့်၊ တောင်ထိပ်ပေါ်တွင် ရပ်နေကြသော သူတို့၏ ပုံရိပ်မှာ မသေမျိုးများနှင့် ပိုမို၍ တူနေတော့သည်။

“ဒီလောက်နှစ်တွေအများကြီး ကုန်လွန်သွားခဲ့ပေမယ့် သူ့ဆီက သတင်းတစ်ခုမှ မကြားရသေးဘူးနော်... သူ တစ်စုံတစ်ခု ဖြစ်သွားခဲ့ပြီလားမသိဘူး...” ဟု လီစစ်ကျင်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

လင်းရွှင်းဖုန်း ထွက်ခွာသွားခဲ့စဉ်က သူမ ငယ်ရွယ်လွန်းသဖြင့် ယခုအခါ လင်းရွှင်းဖုန်း၏ ရုပ်သွင်ကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လီစစ်ဖုန်းက… “အကယ်၍ သူ ကွယ်လွန်သွားခဲ့ရင်တောင်မှ အရိုးစုတွေတော့ ကျန်နေဉီးမှာပဲ... တာဝန်ခန်းမမှာလည်း သူ့ကို ရှာဖွေဖို့ တာဝန်ကို အမြဲတမ်း ချန်ထားပေးတာပဲလေ... ဒါပေမဲ့ သတင်းအစအနလေးတောင် မရရှိတာကို ကြည့်ရင်၊ သူ ကိုးပြည်ထောင်နယ်မြေကနေ ထွက်ခွာသွားခဲ့တာ သေချာတယ်...” ဟု ဆိုလေသည်။

လီစစ်ကျင်က သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး၊ ဆရာသခင် ကိုးပြည်ထောင်နယ်မြေ၏ ပြင်ပ၌ ကွယ်လွန်သွားခဲ့ခြင်းများလားဟု မေးမြန်းရန် ပြင်လိုက်သော်လည်း၊ ထိုစကားလုံးများကိုမူ ပါးစပ်မှ ထုတ်ဖော်မပြောရဲခဲ့ချေ။

လီချင်းချိုးက မိုးကုတ်စက်ဝိုင်းဆီသို့ ငေးစိုက်ကြည့်ရင်း….

“လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာတွေ ရှိကြစမြဲပဲ... အကယ်၍ ဒီဘဝမှာ ပြန်လည်ဆုံတွေ့ခွင့် ရဦးမယ်ဆိုရင်တော့၊ သူ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးတွေကို ငါတို့ ဆပ်ရမှာပေါ့... အကယ်၍ ပြန်မဆုံနိုင်တော့ဘူးဆိုရင်လည်း၊ သူ့ကို ငါတို့ရဲ့ နှလုံးသားထဲမှာပဲ အမြဲတမ်း သတိရနေကြရမယ်...”

သူသည် ယခုအခါ အသက် လေးဆယ့်လေးနှစ်အရွယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ လင်းရွှင်းဖုန်း ထွက်ခွာသွားမှုနှင့် ပတ်သက်၍၊ သူ့ ရင်ထဲ၌ မကျေနပ်မှုများ မရှိတော့သည်မှာ ကြာလှပြီဖြစ်ကာ၊ လွမ်းဆွတ်မှုများနှင့် စိုးရိမ်ပူပန်မှုများသာ ကျန်ရှိတော့သည်။

အကယ်၍ လင်းရွှင်းဖုန်းသာ မရှိခဲ့ပါက၊ သူသည် ကာလကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့ပေလိမ့်မည်။ တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကိုလည်း သေချာပေါက် ဖွင့်လှစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူကသာ လင်းရွှင်းဖုန်းအပေါ်၌ အကြွေးတင်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လင်းရွှင်းဖုန်း ပြန်လည်ရောက်ရှိလာခဲ့မည်ဆိုပါက၊ လီချင်းချိုးအနေဖြင့် ဂိုဏ်းချုပ်ရာထူးကို ပြန်လည်အပ်နှံမည်မဟုတ်သော်လည်း၊ ချင်းရှောင်ဘိုးဘေးကို ရိုသေလေးစားသလို လီရွှင်းဖုန်းကိုလည်း သေချာပေါက် ရိုသေလေးစားပေလိမ့်မည်။

ချင်းရှောင်ဘိုးဘေးတွင် အစစ်အမှန်အာဏာ မရှိသော်လည်း၊ သူနှင့် လီချင်းချိုးတို့ကြားမှ ဆက်ဆံရေးကို လူတိုင်း ကောင်းစွာ သိရှိထားကြသည်မဟုတ်ပါလား။ ချင်းရှောင်ဘိုးဘေး၏မြင့်မားလှသော အဆင့်အတန်းကြောင့် ခန်းမသခင်များနှင့် အထက်တန်းလွှာမိသားစုများပင်လျှင် အထင်သေးဝံ့ခြင်း မရှိကြပေ။

သူသည် စည်းကမ်းထိန်းသိမ်းရေးခန်းမ၌ ဒုတိယခန်းမသခင်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး၊ ချိုင်ယွင်ရှန်းကို ပံ့ပိုးကူညီမှုများစွာ ပေးအပ်နေသူ ဖြစ်သည်။

“ငါ ထင်တာကတော့ သူ မသေမျိုးဖြစ်မယ့် လမ်းစဉ်ကို ရှာတွေ့သွားပြီထင်တယ်... ငါတို့တွေလည်း အပြင်းအထန် ကျင့်ကြံကြရမယ်... ဒါမှသာ သူ ပြန်လာတဲ့အခါ၊ ငါတို့ကို ကျင့်ကြံနည်းတွေ ထပ်ပြီး သင်ပေးနေဖို့ မလိုတော့မှာပေါ့...” ဟု ကျန်းကျောက်ရှားက အေးစက်လှသော လေသံဖြင့် ဆိုလိုက်သည်။

ယွမ်လီ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရပြီးကတည်းက၊ ကျန်းကျောက်ရှားသည် ကြီးမားလှသော လှုံ့ဆော်မှုများကို ခံစားခဲ့ရသဖြင့် ကာလကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ သူ့ရဲ့လက်ရှိ ကျင့်ကြံမှုမှာ ရွှီနင်းနှင့် ရင်ပေါင်တန်းလျက် ဝိညာဉ်အသိအာရုံအဆင့် စတုတ္ထအဆင့် သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

သူ့ရဲ့ခွန်အားများ အလျင်အမြန် တိုးတက်လာခဲ့သော်လည်း၊ ယွမ်လီအား ထပ်မံ၍ သွားရောက်မတွေ့ဆုံခဲ့ချေ။ အကြောင်းမူကား ဤမျှနှင့် မလုံလောက်သေးသလို ခံစားနေရသောကြောင့်ပင်။

ဝူမန်အာက တဟားဟား ရယ်မောလိုက်ရင်း… “ဆရာ ဘယ်လောက်ပဲ သန်မာပါစေဦးတော့၊ စီနီယာအစ်ကိုကြီးထက်တော့ ပိုပြီးတော့ သန်မာနိုင်မှာ မဟုတ်ပါဘူး...” ဟု ဆိုလေသည်။

ထိုစကားကို မည်သူမျှ ငြင်းချက်မထုတ်ဝံ့ကြချေ။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းအတွင်း၌ မည်မျှပင် ထူးချွန်လှသော ပါရမီရှင်များ ပေါ်ထွက်လာပါစေ၊ သို့မဟုတ် မည်မျှပင် အစွမ်းထက်လှသော ကျွမ်းကျင်သူများ ရောက်ရှိလာပါစေ၊ မည်သူမျှ လီချင်းချိုး၏ အဆင့်အတန်းကို တုန်လှုပ်စေနိုင်ခြင်း မရှိသောကြောင့်ပင်။

အတိုင်းအဆမရှိလှသော အာဏာစွမ်းရည်ဟူသည်မှာ စစ်မှန်လှသော ခွန်အားအပေါ်၌သာ အခြေခံနေခြင်း ဖြစ်သည်။

ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်ပြီး စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“စီနီယာအစ်ကိုကြီး... အစ်ကို့ရဲ့ ကျင့်ကြံမှုက အခု ဘယ်အဆင့်အထိ ရောက်နေပြီလဲဟင်... ကျွန်တော်တို့ကို ထုတ်ပြောလို့ ရမလား...”

အခြားသူများကလည်း သိချင်စိတ်ကြောင့် လီချင်းချိုးကို လှမ်း၍ ကြည့်လိုက်ကြသည်။

ဂျူနီယာညီငယ်၊ ညီမငယ်များ၏ အကြည့်များကို ရင်ဆိုင်ရင်း၊ လီချင်းချိုး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး….

“နောက်သုံးနှစ်အတွင်းမှာတော့... ငါ ဝိညာဉ်အသိအာရုံအဆင့်ရဲ့ အထက်မှာရှိတဲ့ ပိုမိုကြီးမားလှတဲ့ နယ်ပယ်အဆင့်ဆီကို အဆင့်တက်ဖို့ စတင်ကြိုးစားတော့မှာ...”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ ဂျူနီယာညီငယ်နှင့် ညီမငယ်များအားလုံး မှင်တက်သွားကြလေတော့သည်။

သူတို့ထဲတွင်၊ ကျန်းကျောက်ရှားတစ်ဦးတည်းသာ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိထားခြင်းဖြစ်ပြီး၊ အခြားသူများမှာကတော့ ထိုနယ်ပယ်သို့ ရောက်ရှိရန်အတွက် ရုန်းကန်နေကြရဆဲပင်။သို့သော်လည်း၊ လီချင်းချိုးက ဝိညာဉ်အသိအာရုံအဆင့်ကိုပင် ကျော်လွန်တော့မည် ဟုတ်လား။

သူတို့ ကောင်းစွာ သိရှိထားသည်မှာ လီချင်းချိုး၏ ကျင့်ကြံရေးသက်တမ်းက သူတို့ထက် များစွာ ပိုမိုကြာမြင့်ခြင်းမရှိဟူသောအချက်ပင်။

ကျန်းကျောက်ရှား ရင်ထဲ၌ ကြီးမားလှသော လှုံ့ဆော်မှုများကို ထပ်မံခံစားလိုက်ရသည်။ သူ့ရဲ့ ရှုထောင့်မှ ကြည့်လျှင်မူ၊ လီချင်းချိုး၏ ကြောက်မက်ဖွယ်ကောင်းလှသော စရိုက်ကို တခြားသူများထက် ပိုမို၍ ပြတ်သားစွာ ခံစားမိနေသည်။

ဂိုဏ်းအတွင်း၌ ပါရမီရှင်များစွာ ရှိကြသော်လည်း၊ မည်သူမဆို လီချင်းချိုးနှင့် နှိုင်းယှဉ်ပါက အဝေးကြီး လိုပါသေးသည်။

ကြောက်စရာအကောင်းဆုံးသော ပါရမီရှင်မှာ သူတို့ရဲ့ စီနီယာအစ်ကိုကြီးပင် ဖြစ်ရမည်...

လီစစ်ဖုန်းသည်လည်း လှုံ့ဆော်မှုများကို ခံစားလိုက်ရသည်။ မိမိနှင့် စီနီယာအစ်ကိုကြီးကြားမှ ကွာဟချက်မှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

လီချင်းချိုးက ဘေးဘက်သို့ လှည့်ကြည့်ပြီး…

“မင်းတို့ ဘာဖြစ်လို့ ဒီလိုအမူအရာတွေ ဖြစ်နေရတာလဲ... ငါ ပိုပြီးတော့ သန်မာလေလေ၊ မင်းတို့ ပိုပြီးတော့ ဝမ်းမြောက်ရလေလေ မဟုတ်ဘူးလား... ငါ ပိုမိုမြင့်မားတဲ့ နယ်ပယ်ကို ရောက်ရှိလေလေ၊ မင်းတို့တွေကို ပိုပြီးတော့ ကူညီပေးနိုင်လေလေပဲပေါ့... မင်းတို့တွေလည်း ကျင့်ကြံခြင်းကို လက်မလျှော့ကြနဲ့ဦး... ငါ မင်းတို့တွေကို မသေမျိုးကျင့်ကြံရေးလမ်းစဉ်ပေါ်မှာ ဒီ့ထက်ပို ချီတက်နိုင်အောင် အစွမ်းကုန် တွန်းအားပေးမှာပါ... ငါတို့ ခုနစ်ယောက်ထဲက တစ်ယောက်မှ ကျန်ရစ်ခဲ့လို့ မဖြစ်ဘူးနော်...”

ထိုစကားများက ကျန်းကျောက်ရှားအပါအဝင် အားလုံး၏ စိတ်နှလုံးကို များစွာ လှုပ်ခတ်သွားစေခဲ့သည်။

ဂိုဏ်းအတွင်း၌ လူဦးရေ မည်မျှပင် များပြားလာပါစေဦးတော့၊ သူတို့သည်သာ စီနီယာအစ်ကိုကြီး၏ နှလုံးသားအတွင်း၌ အရေးအကြီးဆုံးသော လူများအဖြစ် တည်ရှိနေဆဲပင်။

လီတုန်းယွဲ့က ….

“စီနီယာအစ်ကိုကြီး စိတ်ချပါ... ကျွန်မတို့တွေ ကျင့်ကြံခြင်းကို ဘယ်တော့မှ လက်လျှော့မှာမဟုတ်ပါဘူး... ကျွန်မတို့တွေ အစ်ကို ကောင်းကင်ဘုံကို တက်လှမ်းခြင်း အောင်မြင်တာကို စောင့်ကြည့်ချင်ပါသေးတယ်...”

လီချင်းချိုးက သူမကို လှည့် ကြည့်ရင်း …“ငါတို့တွေ အတူတူ ကောင်းကင်ဘုံကို တက်လှမ်းကြရမှာပါ...” ဟု ပြန်လည်ပြောကြားလိုက်သည်။

“ဟုတ်ကဲ့ပါ... အတူတူ တက်လှမ်းကြတာပေါ့...”

လီတုန်းယွဲ့၏ အပြုံးမှာ သိမ်မွေ့လှသော်လည်း၊ ထိုသိမ်မွေ့မှုများ၏ အောက်၌မူ ပြတ်သားလှသော ခံယူချက်များ ရှိနေခဲ့သည်။

အခြားသူများကလည်း တစ်ဦးပြီးတစ်ဦး ထောက်ခံကြပြီး၊ သူတို့၏ စကားလုံးများအတွင်း၌ အနာဂတ်အပေါ် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့ကြသည်။

အထူးသဖြင့် လီစစ်ကျင်နှင့် ဝူမန်အာတို့ ဖြစ်ကြပြီး၊ သူတို့က လီချင်းချိုး၏ ပြောစကားများကို အပြည့်အဝ ယုံကြည်ကြသဖြင့် ကျင့်ကြံမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း အလျှင်းမရှိကြချေ။

ဟုန်း……

ကောင်းကင်နှင့်မြေကြီးကြား၌ ကြီးမားလှသော မြည်ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်၊ ချင်းရှောင်တောင်ကြီးပင်လျှင် အနည်းငယ် တုန်ခါသွားခဲ့သည်။

သူတို့ ခုနစ်ဦးစလုံးသ ရှေ့ဆီသို့ တညီတညွတ်တည်း လှမ်း၍ ကြည့်ရှုလိုက်တော့ ထိုက်ခွန်းတောင်တန်း တစ်ခွင်၌ လွှမ်းမိုးထားသော မိုးနှင်းမြူထူကြီးများမှာ ဆူပွက် လှုပ်ခါလာသဖြင့် အလွန်ပင် ခမ်းနားထည်ဝါလှသော မြင်ကွင်းကြီး ဖြစ်နေတော့သည်။

“ဒီကောင်းကင်ဘုံမဟာအစီအရင်က တကယ်ကို သြချရလောက်တယ်... ဒီလောက် ခမ်းနားလှတဲ့ အစီအရင်ကြီးက တဝက်တပျက် အဆင့်ပဲ ရှိသေးတယ် ဟုတ်လား... ဝေထျန်းရှုံးက တကယ်ကို သာမန်လူတစ်ယောက်မဟုတ်ဘူးပဲ...” ဟု ကျန်းယွီချွန်းက အံ့ဩချီးကျူးလိုက်သည်။

လီချင်းချိုးကမူ မည်သည့်စကားမျှ မပြောဘဲ ပြုံး၍သာ နေခဲ့သည်။ ဤ ကောင်းကင်ဘုံမဟာအစီအရင် ပေါ်ထွက်လာခဲ့ပြီးနောက်တွင်မူ၊ ချင်းရှောင်ဂိုဏ်းအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်မည့် စစ်မှန်သော စွမ်းအားများကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ရာ၊ ရန်သူများ၏ နောက်ထပ် လာရောက်တိုက်ခိုက်ခြင်းကို ခံရတော့မည်မဟုတ်ချေ။

သေချာသည်မှာ အဆင်မပြေမှုတစ်ခုတော့ ရှိနေခဲ့သည်။ ၎င်းမှာ တပည့်များသည် မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ ဂိုဏ်းအတွင်း ဝင်ထွက်သွားလာ၍ မရနိုင်တော့ဘဲ၊ သတ်မှတ်ထားသော အစီအရင်တံခါး တစ်ဆယ့်ရှစ်ခုမှသာ သွားလာကြရတော့မည် ဖြစ်၏။ သို့သော်လည်း၊ ထိုအရာက သူတို့ ကျော်လွှားနိုင်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။

ဇီယန်တောင်ထွတ်ရှိ ချောက်ကမ်းပါးတစ်ခုပေါ်မှ ခြံဝင်းငယ်တစ်ခုအတွင်း၌….

အသက် သုံးလေးနှစ်အရွယ် ကောင်လေးတစ်ဦးက ခုံတန်းလျားငယ်တစ်ခုပေါ်တွင် ထိုင်လျက်၊ ကောင်းကင်ယံ၌ ဆူပွက်နေသော တိမ်တိုက်များနှင့် မြူထူများကို စပ်စုလိုစိတ်ဖြင့် ကြည့်ရှုနေ၏။

ထိုစဉ် ဝတ်စုံစိမ်းကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သစ်သားရေဇလုံတစ်ခုကို ကိုင်လျက် အခန်းအတွင်းမှ ထွက်လာပြီး မြေးဖြစ်သူအား ပြုံး၍ ကြည့်ရှုရင်း မေးမြန်းလိုက်သည်။

“လင်အာ... မင်း ဘာတွေကို ကြည့်နေတာလဲ...”

လူငယ်လေး ကျာလင်က လက်ကို မြှောက်၍ ကောင်းကင်ယံဆီသို့ ညွှန်ပြလျက်….“အဘွား... ကောင်းကင်မှာ ဘာတွေ ဖြစ်နေတာလဲဟင်...”ဟု မေးလိုက်သည်။

ဝတ်စုံစိမ်းနှင့် အမျိုးသမီးက မော့ကြည့်လိုက်ပြီး.. “ဒါက ဂိုဏ်းရဲ့ အစီအရင်ကြီးလေ… ဒီအစီအရင်ကြီး ပြီးစီးသွားပြီဆိုရင် ဂိုဏ်းအတွင်းကို မိစ္ဆာတွေနဲ့သားရဲတွေ လာရောက်တိုက်ခိုက်မှာကို ဘယ်တော့မှ စိုးရိမ်နေဖို့ မလိုတော့ဘူးပေါ့...”

ထိုစကားကို ကြားရသောအခါမှသာ၊ ကျာလင်၏ မျက်လုံးများအတွင်း၌ မျှော်လင့်ချက်များ ပြည့်နှက်သွားခဲ့သည်။ သူသည် ဝတ်စုံစိမ်းနှင့် အမျိုးသမီးဘက်သို့ လှည့်ကြည့်လျက် မေးမြန်းလိုက်ပြန်သည်။

“အဘွား... ကျွန်တော်လည်း နောင်ကျရင် ကျင့်ကြံလို့ ရမလားဟင်...”

“ရတာပေါ့... မင်းရဲ့ အဖေရော အမေပါ ချင်းရှောင်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်ကြသလို၊ မင်းရဲ့ အဘိုးကလည်း တပည့်တစ်ဦး ဖြစ်ခဲ့ဖူးတာပဲ... မင်းလည်း နောင်ကျရင် သေချာပေါက် တပည့်တစ်ဦး ဖြစ်လာမှာဖြစ်သလို၊ မင်းရဲ့ သားသမီးတွေလည်း ဖြစ်လာကြဦးမှာပါ... ငါတို့ ကျာမိသားစုက ချင်းရှောင်ဂိုဏ်းရဲ့ နောက်ကို အမြဲတမ်း လိုက်ပါသွားမှာပါ...”

ဝတ်စုံစိမ်းနှင့် အမျိုးသမီးက သိမ်မွေ့လှသောအပြုံးဖြင့် ပြောကြားလိုက်ပြီးနောက်၊ ရေတွင်းဝဆီသို့ သစ်သားရေဇလုံကို ယူဆောင်သွားကာ ရေခပ်ရန် ပြင်လိုက်လေသည်။

“အဘွား... ကျွန်တော့်ရဲ့ အဘိုးက ဘယ်လိုမျိုး လူစားမျိုးလဲဟင်... ဂိုဏ်းချုပ်နဲ့ သိကျွမ်းခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်နော်...”

သူသည် အသက် လေးနှစ်သာ ရှိသေးသော်လည်း၊ စကားပြောဆိုရာတွင် အလွန်ပင် ပြတ်သားသည်။ လောကီလူသားများ၏ ကမ္ဘာတွင်ဆိုပါက သူ့ကို ပါရမီရှင်ကလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရနိုင်သော်လည်း၊ ချင်းရှောင်ဂိုဏ်းအတွင်း၌မူ ၎င်းမှာ ထူးခြားလှသောအရာ မဟုတ်ချေ။

ဂိုဏ်းအတွင်း၌ ကလေးငယ်များကို ပြုစုပျိုးထောင်နေကြသော တပည့်အရေအတွက် မနည်းလှပေ။ ချင်းရှောင်ဂိုဏ်းသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကတည်းက ပညာရေးကဏ္ဍအပေါ်၌သာ အဓိက အာရုံစိုက်ခဲ့ခြင်း ဖြစ်၏။ မှတ်ပုံတင်တပည့် ဖြစ်စေ၊ မဖြစ်စေဦးတော့၊ ထိုက်ခွန်းတောင်တန်းအတွင်း၌ နေထိုင်ကြသရွေ့ ကလေးငယ်များအားလုံး စာသင်ကျောင်းသို့ အခမဲ့ တက်ရောက်နိုင်ကြစမြဲပင်။

အရေးအကြီးဆုံးအချက်က ကျင့်ကြံသူများမှ မွေးဖွားလာခဲ့သော ကလေးငယ်များက သာမန်ကလေးများထက် ဉာဏ်ရည်ဉာဏ်သွေး ပိုမို၍ စောစီးစွာ ရင့်သန်လာကြခြင်းပင်။

“မင်းရဲ့ အဘိုးက... အတိတ်တုန်းကဆိုရင် သူက လူကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး... ကံကောင်းထောက်မစွာနဲ့ ဂိုဏ်းချုပ်နဲ့ ဆုံတွေ့ခဲ့ရပြီးမှသာ အမှားတွေကို ပြင်ဆင်နိုင်ခဲ့တာပေါ့... သူက ငါ့အပေါ်မှာလည်း မကောင်းခဲ့သလို၊ မင်းရဲ့ အဖေတို့အပေါ်မှာလည်း မကောင်းခဲ့ဖူးဘူး... ဒါပေမဲ့ သူက ငါတို့အားလုံးအတွက်နဲ့ ဂိုဏ်းအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့တာ...”

အတိတ်ကို ပြန်လည်အောက်မေ့မိသည့်တိုင်အောင်၊ သူမ၏ ရင်ထဲ၌ ဝမ်းနည်းမှုများ ရှိမနေခဲ့ဘဲ သူမ မျက်နှာထက်၌ အပြုံးနုနုလေးတစ်ခုသာ ရှိနေခဲ့သည်။

သူ့အဘိုးက ဂိုဏ်းကို ကာကွယ်စောင့်ရှောက်သည့် တိုက်ပွဲအတွင်း၌ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သူ ယခင်ကပင် ကြားဖူးထားခဲ့ပြီးဖြစ်ရာ၊ ထို့ကြောင့်ပင် ဂိုဏ်းချုပ်က သူတို့ မိသားစုကို ချင်းရှောင်ဂိုဏ်းအတွင်း၌ မျိုးဆက်အလိုက် နေထိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ရမည်။

သူသည် ကျာမိသားစု၏ အတိတ်သမိုင်းကြောင်းအပေါ် များစွာ စပ်စုလိုစိတ် ဖြစ်ပေါ်နေခဲ့သည်။ ငယ်ရွယ်သေးသော်လည်း၊ ရင်ထဲ၌မူ မိမိ၏ မိသားစုကို ပြန်လည်၍ မြှင့်တင်လိုသည့် ရည်မှန်းချက်များ ရှိနေခဲ့ပြီ ဖြစ်၏။

ဝတ်စုံစိမ်းနှင့် အမျိုးသမီးက သူ၏အဘိုး ကျာယီ၏ အတိတ်အကြောင်းကို ပြောပြပြီးစီးသွားသောအခါ၊ ကျာလင် အနည်းငယ် စိတ်ပျက်သွားခဲ့ရှာသည်။

သူ့အမြင်အရဆိုလျှင်၊ အကယ်၍ ကျာယီသာ ထိုမိစ္ဆာဘေးဒုက္ခအတွင်း၌ သေဆုံးခြင်းမရှိခဲ့ပါက၊ ကျာမိသားစုအနေဖြင့် ဂိုဏ်း၏ စောင့်ရှောက်မှုမျိုးကို ရရှိလိမ့်မည်မဟုတ်ပေ။

“အဘွား... ကျွန်တော် အသက် ခြောက်နှစ်အရွယ် ရောက်ရင် ဂိုဏ်းရဲ့ တပည့်ရွေးချယ်ပွဲမှာ ပါဝင်လို့ ရမလားဟင်...”

“ရတာပေါ့... ဒီနှစ်နှစ်တာ ကာလကို တန်ဖိုးထားလိုက်ပါဦး... မင်း ချင်းရှောင်ဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်လာခဲ့ပြီဆိုရင်တော့၊ ဘဝက အခုလိုမျိုး သက်တောင့်သက်သာ ရှိတော့မှာ မဟုတ်ဘူးနော်...”

ကျာလင် ကောင်းကင်ယံဆီသို့ ပြန်လည်၍ ငေးစိုက်ကြည့်လိုက်မိ၏။ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်စေခဲ့သော ဤခမ်းနားလှသည့် မြင်ကွင်းကြီးက၊ သူ့အား အတိုင်းအဆမရှိလှသော မျှော်လင့်ချက်များကို ပေးစွမ်းနေသည်မဟုတ်ပါလား…

ကောင်းကင်ဘုံမဟာအစီအရင် ပြီးစီးသွားခဲ့ပြီးနောက်၊ ထိုက်ခွန်းတောင်တန်း၏ အစွန်းပတ်လည်၌ ဝေဝါးလှသော အလင်းဖြူတန်းကြီးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။ တပည့်အချို့မှာ ထိုအစီအရင်၏ ခွန်အားအပေါ် စပ်စုလိုကြသဖြင့် သွားရောက်စမ်းသပ်ကြည့်ရှုကြရာ၊ ထိုအလင်းဖြူအတားအဆီးက အလွန်ပင် ခိုင်မာလှကြောင်းနှင့် သူတို့၏ မူလချီစွမ်းအင်များကိုပင် ပြန်လည်၍ တုံ့ပြန်လာနိုင်သဖြင့် သွေးများနှင့်ချီများကို ဆူပွက်သွားစေနိုင်ကြောင်း တွေ့ရှိလိုက်ကြသည်။

ကောင်းကင်ဘုံမဟာအစီအရင်၏ ခွန်အားကို အတည်ပြုနိုင်ခဲ့ကြပြီးနောက်တွင် တပည့်များအားလုံး ဝမ်းသာအားရဖြင့် ကြွေးကြော်ဆူညံသွားကြတော့သည်။

ကျုးတောက်ခန်းမ၏ ရှေ့မှောက်ရှိ ကျောက်ပေလွှာအသစ်တစ်ခုပေါ်၌၊ ဝေထျန်းရှုံး၏ ဂိုဏ်းအပေါ် ပံ့ပိုးကူညီခဲ့မှုများကို မှတ်တမ်းတင် ထုဆစ်ထားခဲ့သည်။

ဤကောင်းကင်ဘုံမဟာအစီအရင်မှာ ကောင်းကင်လက်မှုပညာခန်းမမှ အကြီးအကဲ ဝေထျန်းရှုံး၏ လက်ချက်ဖြင့် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း တပည့်များ ပိုမို၍ သိရှိသွားကြခဲ့ကြသဖြင့်၊ ၎င်းက ဝေထျန်းရှုံး၏ အမည်ကို ဂိုဏ်းအတွင်း၌ လျင်မြန်စွာ ကျော်ကြားလာစေခဲ့တော့သည်။

ဝေထျန်းရှုံးကိုယ်တိုင်လည်း ဤအကြောင်းကို ကြားသိခဲ့ရသည်။ သူသည် အပြင်ပန်းတွင် ဂရုမစိုက်ဟန် ဆောင်ထားသော်လည်း၊ လီချင်းချိုးကတော့ ဝေထျန်းရှုံး၏ ဂိုဏ်းချုပ်အပေါ် သစ္စာစောင့်သိမှု သုံးမှတ်ခန့်အထိ တိုးတက်လာခဲ့ကြောင်း မြင်တွေ့လိုက်ရသည်။

ကောင်းကင်ဘုံမဟာအစီအရင်၏ ခမ်းနားမှုနှင့် ခွန်အားကြီးမားမှုများက၊ မကြာခင် ရောက်ရှိလာတော့မည့် နှစ်သစ်ကူးပွဲတော်ကို ပိုမို၍ စည်ကားသိုက်မြိုက်လာစေခဲ့သည်။

နှစ်ကုန်ပိုင်းအချိန်သို့ ရောက်ရှိလာသောအခါ၊ ထိုက်ခွန်းတောင်တန်း၏ အစီအရင်တံခါး တစ်ဆယ့်ရှစ်ခု၏ ရှေ့မှောက်၌ လူအုပ်ကြီးဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်၏။ သူတို့သည် ဘုရားဖူးလာကြသူများ ဖြစ်စေ၊ မင်းစိုးရာဇာများ ဖြစ်စေ သို့မဟုတ် ချင်းရှောင်ဂိုဏ်း တပည့်များ ဖြစ်ကြစေဦးတော့၊ အားလုံးမှာ တောင်ပေါ်သို့ ဝင်ရောက်နိုင်ရန်အတွက် တန်းစီကြရစမြဲပင်။

တန်းစီရသည့်အတွက်မည်သူမျှ မကျေမနပ် ပြောဆိုခြင်းမရှိကြဘဲ၊ ဤမဟာအစီအရင်ကြီးအပေါ်၌သာ အံ့ဩချီးကျူးနေကြသည်။

အစီအရင်၏ အလင်းမျက်နှာပြင် ရှေ့မှောက်တွင် ရပ်နေကြသည့်အခါ၊ သူတို့ ခံစားလိုက်ရသည်မှာ ကြီးကျယ်ခမ်းနားမှုများသာ ဖြစ်သည်။ ကောင်းကင်ယံနှင့် ဆက်သွယ်ထားသော အလင်းဖြူတန်းကြီးက သူတို့ကို ကြောက်ရွံ့ရိုသေစိတ်များ ဖြစ်ပေါ်စေခဲ့သလို၊ တစ်ချိန်တည်းမှာပင် ဤအစီအရင်ကြီးကို မည်သို့ ဖန်တီးထားသနည်းဟူသော အချက်အပေါ်၌လည်း စပ်စုလိုစိတ်များဖြစ်ပေါ်စေသည်။

လင်းရှောင်ဝင်းအတွင်း၌….

လီချင်းချိုးက ချူကျင်း တင်ပြလာသော ခန်းမအသီးသီး၏ အခြေအနေများကို နားထောင်နေခဲ့သည်။

ချူကျင်း ဦးဆောင်သော နတ်မင်းအစောင့်အရှောက် အင်အားမှာ လူပေါင်း ငါးဆယ်အထိ တိုးတက်လာခဲ့ပြီ ဖြစ်၏။ သူတို့အားလုံးက လီချင်းချိုးအပေါ်၌ အဆုံးစွန်ထိ သစ္စာစောင့်သိကြသူများ ဖြစ်ကြသလို၊ သူတို့၏ ကျင့်ကြံမှုမှာလည်း အနည်းဆုံး မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်၌ ရှိနေကြပြီ ဖြစ်သည်။

နတ်မင်းအစောင့်အရှောက်များသည် အထက်တန်းလွှာမိသားစုများအပါအဝင် ဂိုဏ်းအတွင်းရှိ အဆင့်ဆင့်သော အာဏာပိုင်များ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိကြသူများ ဖြစ်၏။

ဂိုဏ်း၏ အပြင်ပန်းလေထုမှာ သဟဇာတဖြစ်ပုံရသော်လည်း၊ တကယ်တမ်းတွင် အောက်ခြေ၌ ပြဿနာရပ်များစွာ ပုန်းကွယ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် လူဟူသည်မှာ ကိုယ်ကျိုးရှာတတ်သော စရိုက် ရှိကြစမြဲဖြစ်ရာ၊ အတိုင်းအတာတစ်ခုအထိ မိမိတို့အတွက် အကျိုးအမြတ်များကို ရှာဖွေတတ်ကြသည်။

ကံကောင်းထောက်မစွာဖြင့်၊ လက်ရှိတွင် ခန်းမသခင်များထံ၌ မည်သို့သော ပြဿနာရပ်မျှ ရှိမနေခဲ့သဖြင့်၊ လောလောဆယ်တွင် ကြီးမားလှသော ဆူပူမှုများ ဖြစ်ပွားခြင်းမရှိသေးချေ။

ချူကျင်း၏ အစီရင်ခံမှုများ ပြီးစီးသွားခဲ့ပြီးနောက်၊ လီချင်းချိုး ရုတ်တရက် အကြောင်းအရာတစ်ခုကို အမှတ်ရသွားခဲ့သဖြင့် မေးမြန်းလိုက်လေသည်။

“ကျာမင်မှာ ကလေး ဘယ်နှစ်ယောက် ရှိနေပြီလဲ..”

ချူကျင်းသည် ကျာမင်အား ကောင်းစွာ မှတ်မိနေခဲ့သလို၊ ကျာမင်၏ အဖေ ဖြစ်သူ ကျာယီကိုလဲ မှတ်မိနေဆဲပင်။ သို့သော်လည်း သူ နားမလည်နိုင်သည်မှာ ဂိုဏ်းချုပ်က ဘာဖြစ်လို့ ကျာယီ၏ မျိုးဆက်များအပေါ် ဤမျှအထိ အထူးတလည် အာရုံစိုက်နေရသနည်းဟူသောအချက် ဖြစ်ပြီး၊ သူတို့ကို လျှို့ဝှက်စွာဖြင့် အထူးဂရုစိုက်ပေးရန် မှာကြားထားခဲ့ဖူးသောကြောင့် ဖြစ်သည်။

“လက်ရှိမှာ... သူက သားတစ်ယောက်ပဲ မွေးဖွားထားပါသေးတယ်...”ဟု ချူကျင်းက အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်လေသည်။

All Chapters