အခန်း (၈၈၄-၈၈၆)
Vol. 64 Ch. 884-886
အခန်း (၈၈၄) - အပြန်ခရီး
ဒုတိယမြောက်နေ့တွင်၊ လီဖုန်းယီနှင့် ကျန်သူများ အနောက်ဘက်မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ လီလော့နှင့် ပြန်လည်ဆုံတွေ့ပြီးနောက် နဂါးစွယ်တောင်တန်းဆီသို့ ချက်ချင်း ထွက်ခွာခဲ့ကြသည်။
သို့သော်လည်း၊ သူတို့၏ အပြန်ခရီးတွင် နောက်ထပ် လူနှစ်ယောက် ထပ်တိုးလာခဲ့သည်။
၎င်းတို့မှာ အခြားသူများမဟုတ်ဘဲ လီလင်းကျင်းနှင့် လီဖုန်းတို့ပင် ဖြစ်သည်။
လီလင်းကျင်း ဝိညာဉ်ကို ပြန်လည်ရရှိသွားကြောင်း မြင်သောအခါ လီဖုန်းယီတို့တွေ အတော်လေး အံ့အားသင့်သွားကြသည်။ သူမ၏ ပါရမီကိုပါ ပြန်လည်ရရှိသွားကြောင်း သိလိုက်ရသောအခါ ပို၍ပင် အံ့ဩသွားကြသည်။
မည်သို့ပင်ဆိုစေ၊ လီလင်းကျင်းသည် ယခင်မျိုးဆက် တံခွန်နှစ်ဆယ်၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦးဖြစ်သည်။ ထိုအချိန်က သူမသည် တကယ်ကို နာမည်ကြီးခဲ့ပြီး၊ အနောက်ဘက်ဒေသ လီမိသားစု၏ အထူးချွန်ဆုံးသော ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု လူတိုင်းက မျှော်လင့်ထားခဲ့ကြသည်။
ကံမကောင်းစွာဖြင့်၊ တံခွန်နှစ်ဆယ် ရွေးချယ်ပွဲ မကျင်းပမီလေးတွင် အစစ်အမှန်နတ်ဆိုး ကမ္ဘာခြားသက်ရှိ တစ်ကောင်နှင့် သူမ ပြဿနာကြုံတွေ့ခဲ့ရလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း၊ ဤအရာက သူမကို လုံးဝ ပျက်စီးသွားစေခဲ့ကြောင်း သိလိုက်ရသောအခါ လူတိုင်း စိတ်ပျက်စွာဖြင့် သက်ပြင်းချခဲ့ကြသည်။
လူအများစုက သူမသာ တံခွန်နှစ်ဆယ်ထဲသို့ ရွေးချယ်ခံရပါက၊ နဂါးခေါင်းဆောင်နေရာအတွက် အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။
ကျောက်ကောင်းကင်ဧကရာဇ် လီကလန်မှ အခြားသော ပါရမီရှင်များ ပေါ်ထွက်လာချိန်တွင် သူမ မေ့ပျောက်ခံလိုက်ရခြင်းမှာ တကယ်ကို ကံဆိုးလှသည်။
နဂါးသင်္ဘော၏ ဦးခေါင်းပိုင်းတွင်…..
လီလော့တယောက် တင်ပျဉ်ခွေထိုင်ကာ သူ၏ မွှေးပျံ့သော လက်ဖက်ရည်ကို သောက်သုံးနေသည်။ ၎င်းမှာ အောက်ဘက်ရှိ ကျယ်ပြောလှသော မြေပြင်ကို ဖြတ်ကျော်ကာ တိမ်တိုက်များကြားတွင် ရွက်လွှင့်နေသော သင်္ဘောကြီးကို ကြည့်ရှုရင်း အပန်းဖြေနေသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
သူသည် အနောက်ဘက်မြို့တော် အမှောင်နယ်မြေတွင် တစ်လနီးပါး အချိန်ကုန်ဆုံးခဲ့သည်။ သို့သော်လည်း သူ့အတွက် တကယ်ကို အကျိုးအမြတ်များသော ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။ သူသည် သန္ဓေသား သစ်သီးတစ်လုံးကို ရရှိခဲ့ရုံသာမက၊ သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့်သို့ပါ ရောက်ရှိနိုင်ခဲ့သည်။
သူသည် နတ်ဆိုးခန္ဓာအဆင့်တွင် ရှိနေသေးသော်လည်း၊ သုံးရောင်ခြယ် ဖန်သားနတ်ဆိုးတစ်ယောက်ဖြစ်ခြင်းနှင့်အတူ ပါလာသော အကာအကွယ် စက်ကွင်းသည် မည်သည့် နှောင်းပိုင်း နတ်ဆိုးခန္ဓာအဆင့်ကိုမဆို ခေါင်းကိုက်သွားစေရန် လုံလောက်ပေသည်။
"နောက်ဆုံးတော့ ငါ အမီလိုက်နိုင်ခဲ့ပြီ"
လွန်ခဲ့သော နှစ်ဝက်ခန့်က သူ တံခွန်နှစ်ဆယ်သို့ ရောက်ရှိလာစဉ်က သူသည် နတ်ဆိုးနန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ လီချင်းဖုန်းနှင့် လုချင်းမိန်တို့လို အခြားထိပ်တန်း တံခွန်ကိုင်များနှင့် သူ့ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသည်။ ဤအရာကို သူကိုယ်တိုင်ပင် ငြင်းဆို၍ မရနိုင်ပေ။
အမှန်တကယ်တော့၊ ၎င်းမှာ သူတို့ မည်မျှ ပါရမီပါသည်ဆိုသည့်ကိစ္စ မဟုတ်ပေ။အဆင့်ကွာခြားရခြင်းမှာ ပြင်ပနတ်ဘုရားတိုက်ကြီးနှင့် နှိုင်းယှဉ်ပါက အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးတွင်တွင် ရရှိနိုင်သော အရင်းအမြစ်များ ကွာခြားမှုကြောင့်သာ ဖြစ်သည်။ နတ်ဆိုးနန်းတော်အဆင့်နှင့်နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်ကြားတွင် အဆင့်ခွဲပေါင်းများစွာ ရှိနေသည်။
လီလော့တွင် ပိုမိုသန်မာသော ပြိုင်ဘက်များကို အနိုင်ယူရန် ကူညီပေးနိုင်သည့် လှည့်ကွက်အချို့ ရှိနေသော်လည်း၊ လီချင်းဖုန်းတို့လို ပါရမီရှင်များမှာလည်း သာမန်လူများ မဟုတ်ကြပေ။ သူတို့တွင်လည်း ကိုယ်ပိုင် ဝှက်ဖဲများ ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့် လီလော့က သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေများကို တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားခဲ့သည်။
ကံကောင်းစွာဖြင့်၊ ကွာဟချက်ကို ပေါင်းကူးပေးရန် ပေါင်းစည်းစွမ်းအင်ရှိနေခဲ့သည်။ ပေါင်းစည်းစွမ်းအင် ရှိနေသည့်တိုင်အောင် ကွာဟချက်တစ်ခု ရှိနေသေးသော်လည်း၊ အခြားလှည့်ကွက်များဖြင့် ထိုကွာဟချက်ကို ဖြည့်ဆည်းရန်ကြိုးစားခဲ့ရသည်။ ဤအရာက လီလော့ကို တံခွန်နှစ်ဆယ်အတွင်းတွင် အရေးပါသော အင်အားစုတစ်ခု ဖြစ်လာစေခဲ့သည်။
နှစ်ဝက်ကြာ ကြိုးစားအားထုတ်ပြီးနောက်၊ နောက်ဆုံးတွင် ဖန်သားနတ်ဆိုးအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ သုံးရောင်ခြယ် ဖန်သားစက်ကွင်းနှင့် ပေါင်းစပ်လိုက်သောအခါ၊ တံခွန်နှစ်ဆယ်မှ ထိပ်တန်း ပါရမီရှင်များကို ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ရိုက်ရင်ဆိုင်ရန် ယုံကြည်မှု ရှိလာခဲ့ပြီဖြစ်သည်။
မကြာမီ ကျင်းပမည့် တံခွန်နှစ်ဆယ် နဂါးခေါင်းဆောင် ရွေးချယ်ပွဲအတွက်လည်း ပိုမို စိတ်ချနိုင်လေပြီ။
အခြားသော ထိပ်တန်းပါရမီရှင်များက သူ အထင်သေး၍ရမည့် လူများ မဟုတ်ကြောင်း သူ နားလည်ထားသည်။ သူ အမီလိုက်နေချိန်တွင်၊ သူတို့လည်း သေချာပေါက် တိုးတက်နေမည်ဖြစ်သည်။
ဤအရာအားလုံးကို တွေးတောနေစဉ် အိတ်ဆောင်စက်လုံးစက်လုံးထဲမှ နဂါးစွယ် ငါးချောင်းကို ထုတ်ယူလိုက်သည်။
"ဒီနဂါးစွယ်တွေထဲကနေ နဂါးစွယ်အဆီအနှစ်တစ်စက်လောက်များ ရနိုင်မလား မသိဘူး" ဟု တွေးလိုက်ရင်း အဆိုပါပစ္စည်းများကို မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထုတ်ယူမှု လုပ်ငန်းစဉ်ကို စတင်ပြီး အံ့အားသင့်စရာ ရလဒ်များ ရှိမရှိ ကြည့်ရှုရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေသည်။
နဂါးစွယ်အဆီအနှစ်ကို ရရှိမှသာ အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ လေ့ကျင့်မှုကို သူ ရှေ့ဆက်နိုင်မည်ဖြစ်သည်။ ၎င်းမှာ အချိန်အတော်ကြာကတည်းက သူ လေ့လာသင်ယူချင်နေခဲ့သော ထိပ်တန်းမြို့စားအဆင့် ကျင့်စဉ် တစ်ခုဖြစ်သည်။
"မင်း နဂါးစွယ်အဆီအနှစ်ကို ရချင်တယ်ဆိုရင်၊ မင်းကိုယ်တိုင် မလုပ်ဖို့ ငါ အကြံပေးမယ်…"
လီလော့ စဉ်းစားနေစဉ် အသံတစ်ခု ထွက်ပေါ်လာသဖြင့် ခေါင်းမော့ကြည့်လိုက်တော့ လီလင်းကျင်း လှေကားပေါ်မှ တက်လာသည်ကို မြင်လိုက်ရသည်။ လက်ရှိတွင် အစိမ်းရောင် ဖဲကြိုးများပါရှိသော အဝါနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဖြူဝင်းသော မျက်နှာလေးပေါ်တွင် ကြည်လင်မြင့်မြတ်သောအလင်းတော်တစ်ခုနှင့်အတူ တကယ်ကို ဆွဲဆောင်မှုရှိနေသည်။
အစိမ်းရောင် ဖဲကြိုးနှစ်ချောင်းက သူမ၏ ပခုံးများပေါ်မှ တွဲလောင်းကျနေပြီး၊ သူမ၏ ပြည့်ဖြိုးသော ရင်သားများပေါ်သို့ ကျဆင်းကာ လှပသော ကောက်ကြောင်းများကို ပေါ်လွင်စေသည်။
သူမ၏ သွယ်လျသော ခါးလေးကို ကျက်သရေရှိပြီး တင်းကျပ်သော ပိုးသားခါးစည်းကြိုးဖြင့် စည်းနှောင်ထားသည်။ လေတိုက်ခတ်လာသောအခါ၊ သူမ၏ ဝတ်ရုံက ခန္ဓာကိုယ်နှင့် ကပ်သွားပြီး သွယ်လျပြီး ကောက်ကြောင်းလှသော ကိုယ်လုံးလေးကို ပေါ်လွင်သွားစေသည်။
ဤအချိန်တွင် ကုန်းပတ်ပေါ်၌ အစိမ်းရောင်နယ်သာတံခွန်မှ အမျိုးသား အဖွဲ့ဝင် အများအပြား ရှိနေသည်။ လီလင်းကျင်း ပေါ်လာသောအခါ၊ သူတို့က သူမကို ခိုးကြည့်ကာ အချင်းချင်း တိုးတိုးလေး ပြောဆိုနေကြသည်။
လီလင်းကျင်း လျှောက်လာစဉ် လီလော့ကလည်း သူမကို အကြိမ်အနည်းငယ် ကြည့်လိုက်မိသည်။
"ဝမ်းကွဲအစ်မ လင်းကျင်း၊ အစ်မက တကယ်ကို လှတာပဲ…အရင်မျိုးဆက် တံခွန်နှစ်ဆယ်က လူတွေ အစ်မနဲ့ မတွေ့လိုက်ရတာ တကယ်ကို နစ်နာတာပဲ…”
လီလင်းကျင်း၏ အသွင်အပြင်မှာ တကယ်ကို ဆွဲဆောင်မှုရှိသည်။ သူမ၏ ဝိညာဉ်ကို ပြန်လည်ရရှိသွားသည်နှင့်အမျှ၊ကိုယ်ပိုင်ယုံကြည်မှု ပြန်လည်ရရှိသွားပုံရပြီး သူမကို ပို၍ပင် တောက်ပသွားစေသည်။
သူမက လက်ဖက်ရည်စားပွဲဘေးရှိ အခင်းပေါ်တွင် ဒူးထောက်ထိုင်လိုက်ပြီး သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ် ကွေးညွှတ်ကာ ….
"ဝမ်းကွဲမောင်လေး လီလော့၊ မင်းရဲ့ စကားတွေက အရမ်းချိုသာလွန်းနေပြီ…"
"ကျွန်တော့်မှာ ရိုးသားတယ်ဆိုတဲ့ အချက်ကလွဲရင် တခြား ထူးချွန်တဲ့ အရည်အသွေး ဘာမှမရှိပါဘူး"
"တကယ်ကောင်းတဲ့ အရည်အသွေးပဲ….မင်းရဲ့ ချောမောတဲ့ မျက်နှာလေးနဲ့ပါ ပေါင်းလိုက်ရင် မိန်းကလေးတွေနဲ့ ပတ်သက်ပြီး မင်းရဲ့ကံက တကယ်ကို နှိုင်းယှဉ်လို့ရမှာ မဟုတ်ဘူး
"ကျွန်တော့်မှာရှိတဲ့ ရုပ်ရည်က မိဘတွေဆီက ရလာတာ သက်သက်ပါ…. ကျွန်တော့်ရဲ့ အတွင်းစိတ် အလှတရားကိုပဲ တခြားသူတွေ အာရုံစိုက်တာကို ကျွန်တော် ပိုသဘောကျပါတယ်"
ထိုစကားကို ကြားသောအခါ လီလင်းကျင်းက သူမ၏ ပါးစပ်ကိုအုပ်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။
"ဝမ်းကွဲမောင်လေး လီလော့…မင်း ဒီလိုမျိုး ဆက်ပြီး ရယ်စရာကောင်းနေမယ်ဆိုရင်၊ ငါ မင်းရဲ့ အစေခံ တကယ်လုပ်ချင်လာလိမ့်မယ်နော်…."
ထိုအခါ လီလော့က ရုတ်တရက် ခါးသီးသော မျက်နှာထားဖြင့်….
"အစ်မ၊ ကျွန်တော့်ကို မကျီဆယ်ပါနဲ့တော့… အစ်မကို အစေခံအဖြစ် ထားဖို့ ကျွန်တော် သတ္တိမရှိပါဘူး…. အစ်မက အရမ်း ထူးချွန်လွန်းတယ်…နောင်ကျရင် ကျွန်တော့်ရဲ့ စေ့စပ်ထားတဲ့သူကို ရှင်းမပြနိုင်မှာကို ကျွန်တော် စိုးရိမ်တယ်"
ထိုအခါ စူးစမ်းလိုသော အမူအရာဖြင့် လီလင်းကျင်းက မေးလိုက်သည်။
"မင်းမှာ တကယ်ပဲ စေ့စပ်ထားတဲ့သူ ရှိတာလား"
လီလော့က ခေါင်းညိတ်လိုက်ပြီး… …
"အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘယ်လိုလုပ် လိမ်ပြောရဲမှာလဲ…"
ပြန်စဉ်းစားကြည့်တော့၊ ကျန်းချင်းအာ ထွက်သွားတုန်းက သူတို့ရဲ့ စေ့စပ်မှုကို ဖျက်သိမ်းခဲ့သလိုပဲ…အတိအကျပြောရရင် သူမက သူ့ရဲ့ စေ့စပ်ထားတဲ့သူ မဟုတ်တော့ဘူးလား။
ထိုအကြောင်း သူ တွေးမိလိုက်တဲ့အခါ၊ သူ့လက်ထဲက လက်ဖက်ရည်က မချိုတော့သလို ခံစားလိုက်ရသည်။
စက္ကူတစ်ရွက် မရှိရုံနဲ့ သူတို့အချင်းချင်း အပေါ်ထားတဲ့ ခံစားချက်တွေက ပြောင်းလဲသွားမှာ မဟုတ်ပေမယ့်..မရှိပြန်တော့လဲ နည်းနည်းတော့ တစ်မျိုးကြီး ဖြစ်နေသေးတယ်….
လီလော့ စိတ်ထဲမှာ သက်ပြင်းတစ်ချက် ချလိုက်သည်။ အရင် စေ့စပ်မှုကို ဖျက်သိမ်းပြီးတဲ့နောက် ကျန်းချင်းအာနှင့် စေ့စပ်မှုအသစ်တစ်ခုကို ပြန်လည်သတ်မှတ်စေချင်ခဲ့သည်။သို့ပေမယ့် ကျန်းချင်းအာက 'အလင်းနှလုံးသား' ကို ယစ်ပူဇော်လိုက်တာကြောင့် ဒီလို သေးငယ်တဲ့ ကိစ္စတွေကို သူ သဘာဝကျကျ မေ့သွားခဲ့ခြင်းပင်။
"မင်းက ပြင်ပနတ်ဘုရားတိုက်ကြီးက လာတာ မဟုတ်ဘူးလား ဒါဆို မင်းရဲ့ စေ့စပ်ထားတဲ့သူကလည်း အဲဒီကပဲလား…"
လီလင်းကျင်းက စူးစမ်းလိုစိတ်ဖြင့် ဆက်မေးတော့ လီလော့က ခေါင်းညိတ်လိုက်သည်။
လီလင်းကျင်းက နောက်တစ်ကြိမ် ရယ်မောလိုက်ပြီး ….
"ဝမ်းကွဲမောင်လေး လီလော့က ငါ့ကို တကယ် အထင်ကြီးသွားစေတာပဲ…အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးကို ရောက်လာပြီးတဲ့ နောက်မှာတောင်၊ မင်းရဲ့ ချစ်သူဟောင်းကို သတိရနေတုန်းပဲကိုး… မင်းသာ ဆန္ဒရှိမယ်ဆိုရင် နဂါးစွယ်ကလန်မှာ မင်းရွေးချယ်ဖို့ အထက်တန်းလွှာ မိန်းကလေးတွေ အများကြီး ရှိပါတယ်…"
"အဲဒီလို ကျွန်တော် တစ်ခါမှ မခံစားဖူးဘူး"
လီလင်းကျင်းက ခေါင်းညိတ်ကာ အင်မတန် စိတ်ဝင်စားနေသော အမူအရာဖြင့်…
"ဒါပေမယ့် မင်း အဲဒီလို မတွေးဘူးဆိုရင်တောင်၊ မင်းရဲ့ ပါရမီနဲ့ နောက်ခံကြောင့် အနာဂတ်မှာ မူလကောင်းကင် နတ်ဘုရားတိုက်ကြီးရဲ့ ထိပ်တန်း လူပျိုကြီးတွေထဲက တစ်ယောက် မင်း သေချာပေါက် ဖြစ်လာလိမ့်မယ်… အချိန်တန်ရင် မင်းကို ချစ်မိသွားမယ့် ပြိုင်ဘက်ကင်း အလှလေးတွေ အများကြီး ရှိလာလိမ့်မယ်…အဲဒီအခါကျရင် မင်းရဲ့ ချစ်သူဟောင်းကို မင်း လွမ်းနေဦးမလား မသိဘူး… ဒါပေမယ့် သူမထက် ပိုလှတဲ့ ပြိုင်ဘက်တွေ အများကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ သူမ ဘယ်လိုခံစားရမလဲ…"
ထိုသို့ ကြားသောအခါ လီလော့ အနည်းငယ် အံ့အားသင့်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ပိုလှတဲ့ ပြိုင်ဘက်တွေ။ဒါဆို သူမ ဘယ်လို ခံစားရမလဲ။
ငန်းဝတုတ်က ဒီလိုကိစ္စတွေကို တကယ်ပဲ တွေးနေပါ့မလား။
လီလော့၏ တုံ့ပြန်မှုကို မြင်သောအခါ၊ လီလင်းကျင်းက စကားမပြောနိုင်တော့သလို ဟန်ဆောင်ကာ ထပ်မံ၍ စူးစမ်းမမေးမြန်းတော့ပေ။ သူမက လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ သူမကိုယ်တိုင်အတွက် တစ်ခွက် ငှဲ့လိုက်သည်။
အချိန်အနည်းငယ် အကြာတွင်၊ လီလော့ ထိုကိစ္စကို ဆက်မတွေးတော့ပေ။
နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည့် မိန်းကလေးကို သူ ကြည့်လိုက်သောအခါ၊ လီလင်းကျင်း၏ စိတ်နေသဘောထားက အနည်းငယ် မိစ္ဆာဆန်လာသလို သူ ခံစားလိုက်ရသည်။
ဒါက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးနဲ့ ရောထွေးသွားတဲ့ ရလဒ်ဖြစ်ရမယ်…
ဒါပေမယ့် ပြောရရင်၊ အဲဒါက သူမကို နည်းနည်း ပိုပြီး ဆွဲဆောင်မှု ရှိသွားစေသလိုပဲ….
လီလော့က ခေါင်းယမ်းလိုက်ပြီး ဆက်မတွေးတော့ပေ။ထို့နောက် စကားလမ်းကြောင်း ပြန်ပြောင်းကာ၊ မှေးမှိန်နေသော နဂါးစွယ် ငါးချောင်းကို ပုတ်လိုက်သည်။
"ဝမ်းကွဲအစ်မ လင်းကျင်း၊ ကျွန်တော် နဂါးစွယ်အဆီအနှစ်ကို လိုချင်ရင် ဘာလို့ ကိုယ်တိုင်မလုပ်ဖို့ အစ်မက ပြောတာလဲ"
အခန်း (၈၈၅) - အဆီအနှစ် ထုတ်ယူခြင်း လျှို့ဝှက်ကျင့်စဉ်
လီလော့၏ မေးခွန်းကို ကြားသောအခါ လီလင်းကျင်းက ချိုသာစွာ ပြုံးလိုက်သည်။ ထို့နောက် သူမက သူမ၏ သွယ်လျသော လက်ချောင်းလေးကို မြှောက်ကာ နဂါးစွယ် ငါးချောင်းကို ညွှန်ပြရင်း ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲဒီအထဲမှာ နဂါးစွယ်အဆီအနှစ်တစ်စက်လေးမှ မရှိလို့ပဲ…”
လီလော့က မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ပြီး မမေးဘဲ မနေနိုင်တော့ပေ။
"အစ်မက ဘယ်လိုသိတာလဲ။ နဂါးစွယ်အဆီအနှစ်ကို အစ်မက အာရုံခံနိုင်လို့လား"
၎င်းသည် ခွန်အားကြီးပြီး အင်အားတောင့်တင်းသော မြို့စားအဆင့်များပင် မလုပ်နိုင်သော အရာမဟုတ်ပါလား။
"ငါ တကယ်ပဲ အာရုံခံနိုင်ပါတယ်… ဒါပေမဲ့ ဒါက အရမ်းကို စိတ္တဇဆန်တဲ့ ခံစားချက်မျိုးပဲ… နောက်ဆုံးမှာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ သိပ်မသေချာဘူး" ဟု လီလင်းကျင်းက သူမ၏ ဖြူဖွေးသန့်စင်သော သွားများကို ဖော်ပြရင်း ပြောလိုက်သည်။ထို့နောက် သူမ၏ ခေါင်းကို လီလော့ဘက်သို့ အနည်းငယ် လှည့်ကာ….
"ဝမ်းကွဲမောင်လေး လီလော့၊ မင်း တစ်ချက်လောက် စမ်းကြည့်ပါလား… နဂါးစွယ်တွေထဲက တစ်ချောင်းကို အဆီအနှစ် ထုတ်ကြည့်ပြီး ငါ့ခံစားချက် မှန်မမှန် စမ်းကြည့်ပါလား…”
ဤအရာက လီလော့ကို တကယ်ပဲ ခက်ခဲသော အခြေအနေသို့ ရောက်သွားစေသည်။ ဤနဂါးစွယ်များသည် သူ့အတွက် တကယ်ကို အဖိုးတန်သဖြင့် ယခု ဘာလုပ်ရမည်ကို သူ မဆုံးဖြတ်နိုင်တော့ပေ။ ၎င်းတို့ကို ရရှိရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရပြီး၊ ၎င်းတို့သည် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို ကျင့်ကြံရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ ဤအခွင့်အရေးကိုသာ သူ လွတ်သွားပါက၊ နဂါးခေါင်းဆောင် ပြိုင်ပွဲမတိုင်မီ အဆိုပါ ကျင့်စဉ်ကို သူ ကျွမ်းကျင်နိုင်မည် မဟုတ်ပေ။ ထင်ရှားသည်မှာ၊ ဤအရာက သူ့အတွက် သတင်းကောင်း ဖြစ်မည်မဟုတ်ပေ။
သေချာသည်ကတော့၊ သူသည် လောင်းကြေးတစ်ခုပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်သည်။ လီလင်းကျင်း၏ ခံစားချက်သာ မှားယွင်းနေပါက၊ ကံကောင်းသွားပြီး ဤနဂါးစွယ် ငါးချောင်းထဲမှ တစ်ချောင်းမှ နဂါးစွယ်အဆီအနှစ် တစ်စက်ကို ထုတ်ယူနိုင်ပေလိမ့်မည်။
ခေတ္တမျှ စဉ်းစားပြီးနောက်၊ လီလော့က လီလင်းကျင်း၏ ခံစားချက်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး လောင်းကြေးထပ်လိုစိတ်ကို ဖိနှိပ်ထားလိုက်သည်။
"ဝမ်းကွဲအစ်မ လင်းကျင်း၊ ကျွန်တော့်ကို ဒါလေးလာပြောဖို့ သက်သက်တော့ ဒီအထိ လာခဲ့တာ မဟုတ်ဘူးမလား…"
လီလော့က သူမ၏ လှပသော မျက်နှာပေါ်ရှိ ဝဲပျံနေသော မိစ္ဆာအငွေ့အသက်ကို စိုက်ကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။
သူမ၏ လက်ဖက်ရည်ခွက်ကို ကစားရင်း၊ လီလင်းကျင်းက အနည်းငယ် ပြုံးကာ ပြန်ဖြေသည်က…
"မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ… ဒီနဂါးစွယ်တွေထဲမှာ နဂါးစွယ်အဆီအနှစ် မပါသေးပေမယ့်.. ဝိညာဉ်ပစ္စည်းတွေနဲ့ ရောစပ်လိုက်ရင် အဆီအနှစ်ကို မွေးဖွားလာစေနိုင်တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ငါ့ဆီမှာ ရှိတယ်.. အောင်မြင်နိုင်ခြေက သိပ်မများပေမယ့်၊ မင်းသာ ကံကောင်းရင် ဒီနဂါးစွယ် ငါးချောင်းထဲကနေ နဂါးစွယ်အဆီအနှစ် တစ်စက် ရဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. "
ထိုစကားကို ကြားသောအခါ လီလော့ အံ့အားသင့်သွားသည်။
"ဒီလို လျှို့ဝှက်ကျင့်စဉ်မျိုး ရှိတာလား… အစ်မက အဲဒီအကြောင်း ဘယ်လိုလုပ် သိတာလဲ…"
လီလင်းကျင်းက အနည်းငယ် သက်ပြင်းချလိုက်ကာ…
"ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို မင်း မေ့သွားပြီလား.. သူ့ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ပါရမီရှင်ဆိုတာ ငါတစ်ယောက်တည်း မဟုတ်ဘူးလေ… တခြား ပါရမီရှင်တွေရဲ့ မှတ်ဉာဏ်တွေကိုလည်း သူက မျိုချထားတာ.. ငါက သူနဲ့ ရောထွေးသွားပြီဆိုတော့… ဒီမှတ်ဉာဏ်တွေကလည်း ငါ့ဟာ ဖြစ်လာတာပေါ့…အဲဒီလိုနဲ့ ဒီလျှို့ဝှက်ကျင့်စဉ်အကြောင်းကို ငါ သိလာတာပဲ.."
လီလော့ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။သူမ ပြောနေသည်များသာ မှန်ကန်ပါက၊ သူမ၏ ဗဟုသုတသည် မြို့စားအများစုထက် များစွာ သာလွန်နေပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင်၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို သူမ လွှဲပြောင်းရယူလိုက်ခြင်းက အဆိုးထဲက အကောင်းပင် ဖြစ်သည်။
"အဲ့လို လုပ်ဖို့အတွက် ဘာသတ်မှတ်ချက်တွေ ရှိလဲ…"
လီလော့က ခေတ္တမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာ မေးလိုက်သည်။
"မင်း ငါ့ကို မင်းရဲ့ အစေခံအဖြစ် လက်ခံလိုက်ဖို့လိုမျိုးပေါ့…"
လီလင်းကျင်းကလည်း သူ့ကို စနောက်ရင်း ရယ်မောလိုက်သည်။
"ကျေးဇူးပြုပြီး လေးလေးနက်နက် ပြောပါ ဝမ်းကွဲအစ်မ လင်းကျင်းရယ်…"
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် အလားအလာများကို ပို၍ပို၍ ပြသနေခဲ့သည်။ ယခုဆိုလျှင်၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး စားသုံးထားသော ပါရမီရှင်အားလုံးထံမှ မှတ်ဉာဏ်များနှင့် ဗဟုသုတများကိုပင် သူမ ရရှိနေပြီဖြစ်သည်။ ယင်းက လီလော့ကိုယ်တိုင်ပင် သူမကို အစေခံအဖြစ် ထားရှိရန် သင့်တော်တော့သလို မခံစားရကြောင်း ဆိုလိုခြင်းဖြစ်သည်။
အရေးအကြီးဆုံးမှာ... လီလော့ ထိုသို့မလုပ်ရဲခြင်းပင်။
ဤသို့ဖြစ်ရခြင်းမှာ လီလင်းကျင်း လက်ရှိရောက်ရှိနေသော ထူးခြားသည့် အခြေအနေကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး တစ်နေ့နေ့တွင် ပြန်ရောက်လာပြီး သူ့ကို ယိုယွင်းပျက်စီးစေမည်ဆိုပါက၊ ၎င်းမှာ လုံးဝ ဘေးအန္တရာယ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
ဤမျှကြီးမားသော အန္တရာယ်မျိုးရှိနေသဖြင့် လီလော့ သူမကို ဘယ်လိုလုပ် လက်ခံရဲမည်နည်း….
လီလော့၏ တုံ့ပြန်မှုကို ကြားသောအခါ လီလင်းကျင်းလည်း သက်ပြင်းချလိုက်သည်။ထို့နောက် သူမ၏ အပြုံးပျောက်ကွယ်သွားပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ငါ့ကို ကတိတစ်ခု ပေးစေချင်တယ်…"
"ဘာကတိလဲ.."
"ငါ့အသက်ကို ကာကွယ်ပေးဖို့…"
၊"ဝမ်းကွဲအစ်မ လင်းကျင်း…. နဂါးစွယ်တောင်တန်းကိုသွားဖို့ အစ်မ အန္တရာယ် မကင်းဘူးလို့ ခံစားနေရတာလား….”
"သေချာတာပေါ့…. ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက တကယ်ကို ပဟေဠိဆန်တယ်… အခု ငါက သူနဲ့ ရောထွေးသွားပြီဆိုတော့…ကလန်ခေါင်းဆောင် ကိုယ်တိုင်တောင် ငါတို့ကို အပြည့်အဝ ခွဲခြားပေးနိုင်ချင်မှ ပေးနိုင်လိမ့်မယ်.. အဲဒီအခြေအနေမျိုးမှာ အလွယ်ကူဆုံးနဲ့ အတိုက်ရိုက်ဆုံး အဖြေကတော့ သူနဲ့အတူ ငါ့ကိုပါ ရှင်းလင်းပစ်ဖို့ပဲ ဖြစ်လိမ့်မယ်…"
"အနောက်ဘက်ဒေသ လီမိသားစုက နဂါးစွယ်ကလန်မှာ အလွန်လေးစားခံရတဲ့ မိသားစုတစ်ခု မဟုတ်ဘူး. .. ငါတို့မှာ အစိမ်းရောင်နယ်သာတံခွန်ရဲ့ တတိယမြောက် ခန်းမသခင်ဖြစ်တဲ့ ငါ့အဒေါ် တစ်ယောက်တည်းပဲ ရှိတာ… ဒါပေမဲ့၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးနဲ့အတူ ငါ့ကိုပါ ရှင်းလင်းပစ်သင့်သလားဆိုတာ မဲခွဲဆုံးဖြတ်ရတဲ့အထိ ဖြစ်လာခဲ့ရင် ဒီရာထူးလောက်နဲ့ တခြားသူတွေကို လွှမ်းမိုးဖို့ မလုံလောက်ဘူး… အများဆုံးဖြစ်နိုင်ခြေကတော့၊ အဲဒီအချိန်ကျရင် ဘယ်သူကမှ ငါ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး…"
လီလော့က သူမ၏ ရှင်းပြချက်ကို အပြည့်အဝ တည်ငြိမ်မှုဖြင့် နားထောင်နေခဲ့သည်။ သူ အနည်းငယ် အံ့အားသင့်သွားသည်ကိုလည်းဝန်ခံရမည်။ သူမ၏ စိတ်သည် တကယ်ကို နက်ရှိုင်းပြီး တည်ငြိမ်လှသည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ယိုယွင်းပျက်စီးစေမှုကြားမှ သူမ အသိစိတ်ကို ထိန်းသိမ်းထားနိုင်ရုံသာမက ၎င်းအပေါ် ပြန်လည် အသာစီးရယူနိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
"ကျွန်တော် အစ်မကို ကာကွယ်ပေးနိုင်မယ်လို့ အစ်မ တကယ်ပဲ ထင်နေတာလား.."
"ကလန်ခေါင်းဆောင်က အမြဲတမ်း လေးနက်ပြီး တရားမျှတတယ်…ဒါပေမဲ့၊ သူ့ရဲ့မြေးဖြစ်တဲ့ မင်းနဲ့ပတ်သက်လာရင် သူ့ရင်ထဲမှာ နောင်တတချို့ ခံစားနေရတယ်…နဂါးစွယ်ကလန်ထဲမှာ သူ့စိတ်ကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးရှိတဲ့ သူတစ်ယောက်ရှိမယ်ဆိုရင်၊ အဲဒါက သေချာပေါက် မင်းပဲ ဖြစ်လိမ့်မယ်"
" ဒီအချက်ကိုပါ အသုံးချတာ အစ်မက တကယ်ကို ကောက်ကျစ်တာပဲ"
"ငါ အသက်ရှင်ချင်ရုံ သက်သက်ပါ… အဲဒါ ဘာမှားနေလို့လဲ…”
လီလင်းကျင်းက ပြောရင်း သူမ၏ လက်သီးကို ရုတ်တရက် ဆုပ်လိုက်တော့ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းပြီး သွယ်လျသော လက်မောင်းများပေါ်တွင် သွေးကြောများ စတင်ပေါ်လာပြီး သူမက လီလော့ကို တိုက်ရိုက် ကြည့်လိုက်သည်။
"ငါ ဒီလိုဖြစ်ချင်တယ်လို့ မင်း ထင်နေတာလား ၊ ငါ့ထဲမှာ ကမ္ဘာခြားသက်ရှိ တစ်ကောင် ရှိနေတယ်ဆိုတာ သိရင် ဘယ်သူမဆို ရွံရှာမှာပဲ…ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာ ရှိလို့လား… ဒါက ငါ ရှင်သန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ…”
လီလင်းကျင်း မည်မျှ ခံစားချက် ပြင်းထန်သွားသည်ကို မြင်သောအခါ လီလော့ အနည်းငယ် အံ့အားသင့်သွားသည်။ သူ့စကားများက ဤမျှ ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဘယ်သူက မျှော်လင့်ထားမည်နည်း။
ယခင်က သူတို့ အပြန်အလှန် ဆက်သွယ်မှုများတွင် သူမသည် အမြဲတမ်း တည်ငြိမ်နေခဲ့သည်။ သို့သော်လည်း၊ လီလော့ သူမကို ကိုယ်ချင်းစာနိုင်ပါသည်။ သူမသည် အပြင်ပန်း၌ သန်မာပြီး ကြံ့ခိုင်သော အသွင်အပြင်ရှိသော်လည်း၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကြောင့် ထိခိုက်ခံစားနေရသည်မှာ အမှန်ပင်။
လီလော့က ခေတ္တမျှ စဉ်းစားပြီးနောက် အသံနက်ကြီးဖြင့် ပြန်ဖြေလိုက်သည်။
"အစ်မ မမှားပါဘူး… အမှန်တကယ်တော့ ကျွန်တော် အစ်မကို လေးစားပါတယ်.. ဒါ အမှန်ပါပဲ…ကျွန်တော် တွေ့ဖူးသမျှ လူငယ်မျိုးဆက် ပါရမီရှင်တွေထဲမှာ၊ အစ်မနဲ့ နှိုင်းယှဉ်နိုင်တဲ့သူ သိပ်မရှိပါဘူး…”
ထိုစကားကို ကြားသောအခါ၊ လီလင်းကျင်းက လီလော့၏ မျက်လုံးကို စူးရှစွာ ကြည့်လိုက်သော်လည်း သူက သူမ၏ အကြည့်ကို မရှောင်ဖယ်ခဲ့ပေ။ သူ့မျက်လုံးများထဲရှိ ရိုးသားမှုကို မြင်သောအခါ သူမ တဖြည်းဖြည်း တည်ငြိမ်သွားသည်။
"အရမ်း စိတ်လှုပ်ရှားသွားတဲ့အတွက် တောင်းပန်ပါတယ်…."
"အဲဒီအတွက် စိတ်မပူပါနဲ့…အစ်မ ဒါကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်… ဘာပဲဖြစ်ဖြစ်၊ အခက်ခဲဆုံး အပိုင်းကို အစ်မ ဖြတ်ကျော်ပြီးပြီပဲ… စိုးရိမ်စရာ ဘာရှိတော့လို့လဲ.."
လီလင်းကျင်းက သူမ၏ နှုတ်ခမ်းနီနီလေးများကို ဖွဖွကိုက်ရင်း …
"မင်းရဲ့ ဆုတောင်းချက်တွေ ပြည့်ဝပါစေလို့ မျှော်လင့်ရတာပေါ့…"
ဤနေရာအရောက်တွင် လီလော့က စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက်…
"နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး… အစ်မက ကျွန်တော်နဲ့အတူ လာမှာဆိုတော့၊ အစ်မရဲ့ လုံခြုံရေးအတွက် ကျွန်တော် တာဝန်ယူပါ့မယ်…အစ်မရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး လုံးဝ ဝါးမြိုမသွားသရွေ့ အစ်မကို ကျွန်တော့်ရဲ့ အကောင်းဆုံး စွမ်းရည်တွေနဲ့ ကာကွယ်ပေးဖို့ ကျွန်တော် ကတိပေးနိုင်ပါတယ်… ဘာပဲဖြစ်ဖြစ်၊ အစ်မက နဂါးစွယ်ကလန်က ပါရမီရှင်တစ်ယောက်ပဲလေ…အစ်မရဲ့ ထူးခြားပြောင်မြောက်တဲ့ အလားအလာတွေနဲ့ဆိုရင်၊ အနာဂတ်မှာ မြို့စားတစ်ပါးတောင် ဖြစ်လာနိုင်တယ်… အစ်မလို လူမျိုးကို လွယ်လွယ်ကူကူ ဆုံးရှုံးလိုက်ရတာက ကျွန်တော်တို့ နဂါးစွယ်ကလန်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မယ်…”
လီလင်းကျင်းက လီလော့ကို ငေးမောစွာ စိုက်ကြည့်နေလေ၏။
လီလော့က သူမ၏ အကြည့်ကြောင့် အနည်းငယ် ရှက်ရွံ့လာပြီး …
"ဝမ်းကွဲအစ်မ လင်းကျင်း… အဲဒီလိုပြောရတာ မကောင်းပေမယ့် ကျွန်တော်က အရမ်းကို ဆွဲဆောင်မှုရှိတယ် ဆိုပေမယ့်၊ အစ်မကိုယ်အစ်မ နည်းနည်းတော့ ထိန်းဖို့ လိုလိမ့်မယ်… ဒါမှမဟုတ်ရင်၊ ကျွန်တော့်ရဲ့ စေ့စပ်ထားတဲ့သူက ဒီအကြောင်း သိသွားရင် အစ်မကို အလွတ်ပေးမှာ မဟုတ်ဘူးနော်…"
ထိုစကားကို ကြားသောအခါ လီလင်းကျင်းက မျက်လုံးလှန်လိုက်သည်။
"အခုတော့ မင်းက ငါ့ရဲ့ ပြိုင်ဆိုင်လိုစိတ်ကို နှိုးဆွလိုက်ပြီပဲ.. နောင်ကျရင် သူမနဲ့ တွေ့ခဲ့ရင်၊ သူမဆီက အကြံဉာဏ်တချို့ တောင်းရလိမ့်မယ်.."
နောက်တစ်ခဏတွင်၊ သူမက ကျောက်စိမ်းကဲ့သို့ လက်များကို ဆန့်ထုတ်လိုက်ရာ ပေလိပ်တစ်ခု ပေါ်လာပြီး ၎င်းကို လီလော့ထံ ကမ်းပေးလိုက်သည်။
"ဒါက ငါ ပြောနေတဲ့ လျှို့ဝှက်ကျင့်စဉ်ပဲ…"
လီလော့ကလည်း ၎င်းကို အလျင်အမြန် ဖွင့်လိုက်သည်။ ပေလိပ်ပေါ်တွင် အပြည့်အဝ မခြောက်သေးသော မှင်များဖြင့် ရေးသားထားသည့် လှပသော စာလုံးများ ပြည့်နှက်နေသဖြင့် မကြာသေးမီကမှ ရေးသားထားကြောင်း ထင်ရှားသည်။ ၎င်းကို ဖတ်ပြီးနောက်၊ လီလော့က အသေးစိတ်အချက်အလက်များကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ခါးသီးစွာ ရယ်မောလျက် ပြောလိုက်သည်။
"ဒါက တကယ်ကောင်းတဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပါပဲ။ ဒါပေမဲ့၊ ဝိညာဉ်ပစ္စည်း အမျိုးမျိုးအပြင် ဘုရင်အဆင့် အကူအညီပေးမယ့်သူ လိုအပ်လိမ့်မယ်..."
"ဒါက တခြားသူတွေအတွက် ခက်ခဲတဲ့ သတ်မှတ်ချက်တစ်ခုဆိုပေမယ့် မင်းအတွက်တော့ ပြဿနာ မဖြစ်လောက်ဘူးမလား.."
"အင်း… အကြီးအကဲကို နောက်တစ်ကြိမ် ဒုက္ခပေးရတော့မယ့်ပုံပဲ…"
လီလင်းကျင်းထံမှ ဤလျှို့ဝှက်ကျင့်စဉ်နှင့်အတူ၊ ယခုအခါ နဂါးစွယ်အဆီအနှစ်ကို ရရှိရန် အခွင့်အလမ်း ပိုများလာပြီဖြစ်သည်။ ထိုသို့ ဖြစ်လာပါက၊ နောက်ဆုံးတွင် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို ကျင့်ကြံနိုင်တော့မည်ဖြစ်သည်။
ထို့နောက် သူတို့နှစ်ဦးသည် အချိန်အနည်းငယ် ကြာအောင် ပျော်ရွှင်စွာ စကားပြောဆိုပြီးနောက် လီလင်းကျင်းက မတ်တပ်ရပ်ကာ ထွက်ခွာသွားလေသည်။
စင်္ကြံလမ်းတစ်လျှောက် သူမ၏ ကိုယ်ပိုင်အခန်းထဲသို့ ပြန်သွားစဉ် သူမကို ခိုးကြည့်နေသည့် အကြည့်များစွာ ရှိနေသည်။ သူမ တံခါးကို ပိတ်လိုက်သောအခါ၊ သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးက တံခါးကို မှီချလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
သူမ၏ ညာဖက်လက်ကို မြှောက်ကာ ဖြူဖျော့သော လက်ဖဝါးထဲသို့ ကြည့်လိုက်တော့ အလယ်တွင် ထူးဆန်းသော အနက်ရောင်အလင်းတန်းတစ်ခုက ပိုးကောင်တစ်ကောင်ကဲ့သို့ တွန့်လိမ်လှုပ်ရှားနေသည်။
အနက်ရောင်အလင်းတန်း လီလင်းကျင်း၏ မျက်နှာပေါ်သို့ ထိုးကျလာသောအခါ၊ သူမ၏ မျက်လုံးများ အနည်းငယ် မှောင်မိုက်သွားပြီး တီးတိုးရေးရွတ်လိုက်သည်။
"ဝမ်းကွဲမောင် လီလော့… မင်းရဲ့စကားတည်ဖို့ မျှော်လင့်ပါတယ်...အဲဒီလိုမှ မဟုတ်ရင်... သေမယ့်အချိန်ကို ငါ အေးအေးဆေးဆေး ထိုင်စောင့်နေမှာ မဟုတ်ဘူး…အသေအကြေ တိုက်ပွဲဝင်ပြီးမှ နောက်ဆုံးတော့ ငါ အသက်ရှင်ခွင့် တစ်ခါရခဲ့ပြီ.. ဘာပဲဖြစ်ဖြစ်.. တခြားသူတွေ ဒါကို ဖြတ်တောက်ပစ်တာကို ငါ ခွင့်ပြုမှာ မဟုတ်ဘူး…”
အခန်း (၈၈၆) ဉီးလေးပေါင် နှင့် စကားပြောခြင်း..
ရက်များစွာ ကြာပြီးနောက်၊ တံခွန်လေးခုအဖွဲ့သားများ နဂါးစွယ်တောင်တန်းသို့ ပြန်လည်ရောက်ရှိလာကြသည်။
လီလော့၊ လီဖုန်းယီနှင့် အခြားနှစ်ဦးတို့က သူတို့၏ တံခွန်အဖွဲ့သားများကို လူစုမခွဲခင် တာဝန် ပြီးမြောက်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့ကြသည်။ အမှောင်နယ်မြေသို့ ခရီးစဉ်သည် တစ်လနီးပါး အချိန်ယူခဲ့ရပြီး ရေတွက်၍မရနိုင်သော အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည်။ လူတိုင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ၊ သူတို့ကို အချိန်အတိုင်းအတာတစ်ခုအထိ အနားယူခွင့်ပေးရန် အချိန်ကျရောက်ပြီဖြစ်သည်။
ထို့နောက် လီလော့က အခြားသော တံခွန်ကိုင် သုံးဦးကို နှုတ်ဆက်ပြီးနောက် လီလင်းကျင်းနှင့် လီဖုန်းတို့ကို အစိမ်းရောင်နယ်သာတောင်ထွတ်ဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
သူတို့ရောက်ရှိသွားသောအခါ၊ ရင်းနှီးသော လူရိပ်တစ်ခု သူတို့ကို စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။
ထိုသူက လီရုန်ယွင့် ပင်ဖြစ်သည်။
"အဒေါ်ယွင့်…"
လီလော့ သူမကို လှမ်းကြည့်လိုက်တော့သူမက သူတို့ဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်။ အပြန်လမ်းတွင်၊ သူသည် လီလင်းကျင်း ပြန်လည်ကျန်းမာလာကြောင်း သူမကို ကြိုတင် သတင်းပို့ထားခဲ့သည်။
လီရုန်ယွင့်က လီလင်းကျင်းကို သမီးအရင်းတစ်ယောက်လို ချစ်ခင်ယုယခဲ့သူဖြစ်သည်။ အစိမ်းရောင်နယ်သာတံခွန်၏ ကိစ္စရပ်များကို စီမံခန့်ခွဲရာတွင် အလုပ်များနေသော်လည်း လီလင်းကျင်း ပြန်လည်ကျန်းမာလာစေရန် ဝိညာဉ်ဆေးဝါးများ ရယူနိုင်ရန်အတွက် ကြီးမားသော အားထုတ်မှုများစွာကို ပြုလုပ်ခဲ့သည်။ ယခု ရုတ်တရက် လီလင်းကျင်း ပြန်လည်ကျန်းမာလာသည့် သတင်းကို ကြားလိုက်ရသောအခါ၊ သူမရင်ထဲတွင် အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
လီလော့လည်း ဤအချက်ကို သိရှိထားသဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။
သူ့အနောက်တွင် ရှိနေသော လီလင်းကျင်းက လီရုန်ယွင့် အလျင်အမြန် ချဉ်းကပ်လာသည်ကို ကြည့်နေစဉ်၊ သူမ၏ မျက်လုံးများ နီရဲလာပြီး အက်ကွဲသော အသံဖြင့်…..
"အဒေါ်..."
သူမလည်း အလားတူပင် လီရုန်ယွင့်ဆီသို့ အလျင်အမြန် လျှောက်သွားကာ သူမ၏ ရင်ခွင်ထဲသို့ တည့်တည့် ဝင်ရောက်သွားလေသည်။
လီရုန်ယွင့်မှာလည်း မျက်ရည်များ ဝဲနေပြီး လီလင်းကျင်း၏ ခေါင်းကို အဆက်မပြတ် ပွတ်သပ်ပေးရင်း….
"ကောင်းကင်ကြီးက သမီးကို သနားသွားပြီပဲ…သမီး နောက်ဆုံးတော့ ပြန်ကောင်းလာပြီ… ဒီနှစ်တွေက အဒေါ်အတွက် အင်မတန်နာကျင်စရာ ကောင်းခဲ့တယ်.. "
လီလင်းကျင်းက လီရုန်ယွင့်၏ ခါးကို တင်းကျပ်စွာ ဖက်ထားပြီး သူမ၏ မျက်နှာကို အဒေါ်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ဖွက်ထားကာ မျက်ရည်များ ကျဆင်းလာသည်။
"အဒေါ်၊ သမီး အဒေါ့်ကို အရမ်းလွမ်းနေခဲ့တာ…"
ဤမြင်ကွင်းကို မြင်သောအခါ လီဖုန်းပင်လျှင် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိသည်။
လီလော့လည်း ချွင်းချက်မဟုတ်ပေ၊ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူတို့နှစ်ဦးကို ခံစားချက်များ ဖွင့်ထုတ်ခွင့်ပေးထားလိုက်သည်။ အချိန်အတော်ကြာပြီးနောက်၊ လီရုန်ယွင့်က သူမ၏ မျက်လုံးထောင့်များကို သုတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။
"လီလော့…မင်းက တကယ်ကို ငါ့မိသားစုရဲ့ ကံကောင်းစေတဲ့ ကြယ်လေးပဲ…အနောက်ဘက်မြို့တော်ကို ရိုးရိုးလေး သွားလိုက်ရုံနဲ့ သူ့ကို ပြန်ကောင်းလာအောင် မင်း ကူညီပေးနိုင်ခဲ့တယ်.. "
လီလော့လည်း ဘယ်လိုပြန်ပြောရမှန်း အတိအကျ မသိပေ။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးနှင့် ပတ်သက်သည့် အခြေအနေကို သူမအား မရှင်းပြရသေးသော်လည်း၊ လက်ရှိတွင် သူမ အလွန် ပျော်ရွှင်နေသည်။ သူမ၏ ပျော်ရွှင်မှုကို သူ မဖျက်ဆီးချင်ပေ၊ ကြည့်ရသလောက်ဆို အကျိုးအကြောင်း ပြောပြရန် အချိန်စောလွန်းသေးသည်လည်း ဖြစ်နိုင်သည်။
လီလော့က လီလင်းကျင်းကို လှမ်းကြည့်လိုက်သည်။ ဤအခြေအနေသည် ထာဝရ ဖုံးကွယ်ထား၍ ရနိုင်မည့် အရာတစ်ခု မဟုတ်ပေ။ ထိုသတင်းကို လီရုန်ယွင့်ထံ မည်သို့ ပြောပြမည်ဆိုသည်မှာ လုံးဝကွဲပြားခြားနားသော ကိစ္စရပ်တစ်ခုဖြစ်ပြီး၊ လင်းကျင်း၏ လက်ထဲတွင် လွှဲအပ်ထားဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
"အဒေါ်ယွင့်.. ဝမ်းကွဲအစ်မ လင်းကျင်းနဲ့ မြို့တော်ဝန် လီဖုန်းကို အနားယူဖို့ တစ်နေရာရာကို ခေါ်သွားပေးပါလား… မနက်ဖြန်... သူတို့ အကြီးအကဲနဲ့ တွေ့ရဖို့ ရှိတယ်"
"ကလန်ခေါင်းဆောင်နဲ့ တွေ့ရမယ်…"
လီလော့က ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ လက်ကို ဝှေ့ယမ်းကာ ကိုယ်ပိုင်အိမ်ဆီသို့ ထွက်သွားသဖြင့် လီရုန်ယွင့်တယောက် ဇဝေဇဝါဖြစ်ကာ ကျန်ရစ်ခဲ့သည်။
လီလော့ ထွက်သွားပြီးနောက်၊ လီလင်းကျင်းက လီရုန်ယွင့်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အတင်းအကျပ် ပြုံးပြလိုက်သည်။
"အဒေါ်. သွားကြစို့..ဘာတွေဖြစ်ခဲ့လဲ ဆိုတာ အဒေါ့်ကို သမီး ရှင်းပြပါ့မယ်…”
လီလော့ အိမ်သို့ ပြန်လည်ရောက်ရှိလာသောအခါ၊ သူ့အရှေ့တွင် ရင်းနှီးသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူ့တွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်ရှိနေသော အဆီပြန်နေသည့် မျက်နှာတစ်ခု ရှိသည်။ သူ့ဘေးတွင်ရှိနေသော တောက်ပနေသော ဝက်ခုတ်ဓားကြီး တစ်လက်ကလည်း ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
နွားသိုးကြီးပေါင်ပေါင်….
"ဉီးလေးပေါင်… ဒီနေ့ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ…"
လက်ရှိတွင် နွားသိုးကြီးပေါင်ပေါင်သည် ခြံဝင်းထဲတွင် ထိုင်ကာ အရသာရှိသော အစားအစာများ ပြည့်နှက်နေသည့် စားပွဲရှေ့၌ စားသောက်နေသည်။ လီလော့၏ အသံကို ကြားသောအခါ၊ သူက ခေါင်းမော့လာပြီး ပြုံးရွှင်စွာဖြင့်…
"ဒီကောင်လေး. မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ.. ဒီကို လာခဲ့…မင်းရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို အားဖြည့်ဖို့အတွက် အားတိုးဆေးတွေနဲ့ ဆေးဖက်ဝင် အစားအစာတွေ အများကြီး ငါ ပြင်ဆင်ထားတယ်…"
လီလော့ ပြုံးပြီး ထိုင်လိုက်ကာ အစားအစာများ အပြည့်တင်ထားသော စားပွဲကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဉီးလေးပေါင်ရဲ့ လက်ရာကို ကိုယ်တိုင် မြည်းစမ်းခွင့် မရတာ အတော်ကြာပြီနော်.. နဂါးစွယ်ကလန်က လော့လန်အိမ်တော်ထက် ပိုအင်အားကြီးကောင်း ကြီးနိုင်ပေမယ့်၊ အစားအသောက်ပိုင်းမှာတော့ လုံးဝကို မယှဉ်နိုင်ဘူး.. "
ထိုသို့ပြောပြီးနောက် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ အစားအစာများကို အငမ်းမရ စတင်စားသောက်လေတော့သည်။
နွားသိုးကြီးပေါင်ပေါင်မှာ အလွန် ဂုဏ်ယူသွားပြီး အပြုံးကို မရပ်တန့်နိုင်တော့ဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလေသည်။
"ဒါက အမှန်တရားပဲလေ.. လော့လန်အိမ်တော်က လူတွေထက် ပိုသန်မာတဲ့ ကျွမ်းကျင်သူတွေ ဒီမှာ အများကြီး ရှိနိုင်ပေမယ့်၊ ဟင်းလျာတွေ ချက်ပြုတ်တဲ့ နေရာမှာတော့ ငါနဲ့ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိသလောက်ပဲလို့ ငါထင်တယ်.."
လီလော့က ထောက်ခံသည့်အနေဖြင့် သူ့ကို လက်မထောင်ပြလိုက်သည်။
ထို့နောက် နွားသိုးကြီးပေါင်ပေါင်က ဝိုင်တစ်ခွက် ကမ်းပေးရင်း လီလော့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါ့အတွက် ဆေးရဖို့ မင်း အန္တရာယ်တွေ အများကြီး ဖြတ်သန်းခဲ့ရတယ်… မင်း ငါ့ကို စောစောကတည်းက ပြောသင့်တာ.. မင်းနဲ့အတူ ငါ လိုက်ခဲ့မှာပေါ့.."
ရုတ်တရက်ဆန်သော စကားများကြောင့် လီလော့ အံ့အားသင့်သွားပြီး…
"ဦးလေးက ဘယ်လိုသိတာလဲ.."
"မင်း ရက်အတော်ကြာ ပျောက်နေတော့၊ ငါ စိတ်ပူလာပြီး လီရုန်ယွင့်ကို သွားရှာတာပေါ့" ဟု နွားသိုးကြီးပေါင်ပေါင်က ပြန်ဖြေသည်။
"စိတ်မပူပါနဲ့ ဉီးလေးပေါင်..အားကိုးလို့မရတဲ့ကျွန်တော့် မိဘတွေက ချင်းအာနဲ့ ကျွန်တော့်အတွက် ရှုပ်ထွေးတဲ့ ပြဿနာကြီး ချန်ထားရစ်ခဲ့တာလေ… ဦးလေးရဲ့ အဆက်မပြတ် ကာကွယ်စောင့်ရှောက်မှုသာ မရှိခဲ့ရင်၊ လော့လန်အိမ်တော် ရှင်သန်နိုင်ခဲ့မှာ မဟုတ်ဘူး…ဒီကျေးဇူးကို ကျွန်တော့် နှလုံးသားထဲမှာ ထွင်းထုထားပါတယ်… အရင်က ဦးလေးကို ပြန်ပေးဆပ်ဖို့ ကျွန်တော့်မှာ စွမ်းအား မရှိခဲ့ဘူး၊ ဒါပေမဲ့ အခု ကျွန်တော် နဂါးစွယ်ကလန်မှာ ရောက်နေပြီဆိုတော့၊ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ ဦးလေး ပြန်လည်ကျန်းမာလာဖို့က ကျွန်တော့်အတွက် အရေးအကြီးဆုံးပါပဲ… ဒါက ကျွန်တော့် မိဘတွေတောင် သဘောတူမယ့် အရာတစ်ခုလို့ ကျွန်တော် ထင်တယ်"
"သူတို့ကို အားကိုးလို့မရမှတော့၊ သားတစ်ယောက်အနေနဲ့ ကျွန်တော်ကပဲ အကောင်းဆုံး ကြိုးစားပြီး ဉီးလေးပေါင် အတွက် အဖြေတစ်ခုကို စိတ်ရောကိုယ်ပါ ရှာဖွေပေးရမှာပေါ့.."
ဤစိတ်ရင်းမှန်သော စကားများကို ကြားရသောအခါ၊ နွားသိုးကြီးပေါင်ပေါင်က တောက်ပသော အပြုံးတစ်ခုကို ပြသလိုက်သည်။ သူ ဘာမှထပ်မပြောတော့ဘဲ၊ လီလော့၏ ပန်းကန်ထဲသို့ အစားအစာများ ထပ်ထည့်ပေးလိုက်သည်။ထ်ိုအချိန်တွင် သူ့ရဲ့ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်တွင် နွေးထွေးမှု အရိပ်အယောင်လေးတစ်ခုကို မြင်တွေ့နိုင်သည်။
"ဦးလေးရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့အခါ၊ ဦးလေး အစိမ်းရောင်နယ်သာတံခွန်ရဲ့ခန်းမသခင် ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်.. သေချာတာပေါ့၊ ဦးလေး ဝန်ထုတ်ဝန်ပိုး မဖြစ်ချင်ဘူးဆိုရင်လည်း၊ ဦးလေး လွတ်လွတ်လပ်လပ် ထွက်သွားပြီး မိတ်ဆွေဟောင်းတချို့ကို သွားရှာလို့ ရပါတယ်… ဦးလေးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် အပြည့်အဝ လေးစားပါတယ်"
နွားသိုးကြီးပေါင်ပေါင်က ခေါင်းညိတ်လိုက်ပြီး…
" ငါဖြေရှင်းချင်တဲ့ အတိတ်က ကိစ္စတချို့တော့ ရှိပါတယ်..ဒါပေမဲ့.. အလျင်စလို လုပ်စရာ မလိုပါဘူး…အစိမ်းရောင်နယ်သာတံခွန်မှာ အချိန်အတိုင်းအတာတစ်ခုအထိ နေပြီး မင်းကို ကူညီပေးတာ ပိုအဆင်ပြေပါတယ်.. မင်း ခန်းမကို ထိန်းချုပ်နိုင်သွားတဲ့အခါမှ ထွက်သွားလည်း နောက်ကျမှာ မဟုတ်ပါဘူး…"
ထို့နောက် ပေါင်ပေါင်က ဘာမှ ထပ်မပြောတော့ဘဲ လက်ကို ဆန့်ထုတ်လိုက်ရာ၊ ပဟေဠိဆန်သော မှော်သလင်းကျောက်တစ်ခု ပေါ်လာပြီး၊ အခန်းတွင်၌ လောကသဘာဝစွမ်းအင်များကို ချက်ချင်း မြင့်တက်လာစေသည်။
ထိုသလင်းကျောက်က မှော်ဆန်သော ဆွဲဆောင်မှု တစ်မျိုးကို ထုတ်လွှတ်နေပြီး၊ ၎င်းကို ကြည့်ရှုသူတိုင်း နက်ရှိုင်းသော တပ်မက်မှုကို သဘာဝကျကျ ခံစားရမည်ဖြစ်သည်။
"အရင်က မင်း ငါ့ကို ဒီနတ်ဘုရားအရာကို အပ်နှံခဲ့တယ်…အခုငါက မကြာခင်ဆေးကုသမှုခံယူရတော့မှာ ဆိုတော့၊ ဒါကို မင်းဆီ ပြန်ပေးပါမယ်"
လီလော့ ဘာမှ မပြောသေးဘဲ နတ်ဘုရားအရာကို ငေးမောကြည့်နေမိသည်။ ၎င်းသည် မြို့စားများအားလုံး အဆုံးအစမရှိ လိုချင်တပ်မက်သော အရာတစ်ခုဖြစ်သည်။ ယခင်က သူတို့ ရှပြည်ထောင်စုတွင် ရှိနေစဉ်၊ မြို့စားတိုင်းက ဤအရာကို လိုချင်တပ်မက်ခဲ့ကြပြီး၊ ၎င်း တည်ရှိနေခြင်းကပင် လော့လန်အိမ်တော်ကို အန္တရာယ် ကျရောက်စေခဲ့သည်။
တစ်ဖက်တွင်မူ၊ နွားသိုးကြီးပေါင်ပေါင်က ၎င်းကို သူ့ထံ အလွန်လိုလိုလားလား ပြန်လည်ပေးအပ်ခဲ့သည်။
"ဉီးလေးပေါင်… ရိုးရိုးသားသား ပြောရရင်၊ ဒီပစ္စည်းက ကျွန်တော့်အတွက် သိပ်ပြီး အသုံးမဝင်ဘူး"
"အခုတော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ အနာဂတ်မှာ အသုံးဝင်လာလိမ့်မယ်…ငါက နှစ်ပေါင်းများစွာ အားနည်းနေခဲ့တာဆိုတော့ မင်း ဒါကို ငါ့ကိုပေးခဲ့ရင်တောင် ရတနာတစ်ခုကို အလဟဿ ဖြုန်းတီးပစ်သလို ဖြစ်သွားလိမ့်မယ်…"
"မင်းရဲ့ မိဘတွေက ဒါကို လွန်ခဲ့တဲ့ နှစ်အတော်ကြာက ရှေးဟောင်းအကြွင်းအကျန်တစ်ခုကနေ ရခဲ့တာဆိုတော့၊ ဒါက မင်းပိုင်ဆိုင်သင့်တယ်.. ဒါပေမဲ့၊ ဒါကို မင်းကိုယ်ပေါ်မှာ သိမ်းမထားဖို့ ငါ အကြံပြုချင်တယ်… ဒီအရာက ဘယ်မြို့စားအတွက်မဆို ဆွဲဆောင်မှုရှိတဲ့ အရာတစ်ခုဖြစ်ပြီး၊ သိမ်းထားမယ်ဆိုရင် မင်းကို အန္တရာယ် ဖြစ်စေလိမ့်မယ်…"
လီလော့က နွားသိုးကြီးပေါင်ပေါင်၏ အမူအရာကို ကြည့်ပြီး ရည်ရွယ်ချက်များကို နားလည်သွားသည်။ထို့ကြောင့် အဆိုပါပစ္စည်းကို ဂရုတစိုက် လက်ခံရယူပြီး သေချာစွာ သိမ်းဆည်းလိုက်သည်။
နွားသိုးကြီးပေါင်ပေါင် ပြောသည့်အတိုင်း အဆိုပါပစ္စည်းသည် တကယ်ကို အဖိုးတန်လွန်းလှပြီး၊ အထူးသဖြင့် ဘုရင်အဆင့်သို့ ရောက်ရှိရန် အလားအလာရှိသော မြို့စားများပင် ၎င်း၏အရှေ့တွင် တုန်လှုပ်သွားမည်ဖြစ်သည်။ အကယ်၍ သူတို့သာ ဤအကြောင်းကို သိသွားပါက၊ မကောင်းသော ရည်ရွယ်ချက်များကို ရှောင်လွှဲရန် ခက်ခဲမည်ဖြစ်သဖြင့်၊ ထိုအရာကို သူနှင့်အတူ သိမ်းထား၍ လုံးဝ မရနိုင်ပေ။
အလျင်အမြန် စဉ်းစားလိုက်ပြီးနောက်၊ အဆိုပါပစ္စည်းကို သိမ်းဆည်းပေးရန် လီကျင်းဇယ်ကို တောင်းဆိုရန် ဆုံးဖြတ်လိုက်သည်။လီကျင်းဇယ်က သူ့ရဲ့ အဘိုးဖြစ်ပြီး ဘုရင်တစ်ပါးဖြစ်သောကြောင့် ထိုအရာကို လိုချင်တပ်မက်မည် မဟုတ်ပေ။ထို့အပြင် နွားသိုးကြီးပေါင်ပေါင်၏ အခြေအနေကို စုံစမ်းစစ်ဆေးပြီးနောက်တွင် ထိုအရာကို တည်ရှိနေကြောင်းကို သဘာဝကျကျ သိရှိသွားမည်ဖြစ်သည်။
"ဒါကြောင့်မလို့များ ကျွန်တော့် မိဘတွေ ရှေးဟောင်းအကြွင်းအကျန်ထဲမှာ ချင်ကောင်းကင်ဧကရာဇ် ကလန်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရတာလား"
နတ်ဘုရားအရာသည် ထိပ်တန်းအဆင့် ရတနာတစ်ခု ဖြစ်သော်လည်း၊ ချင်ကောင်းကင်ဧကရာဇ် ကလန်သည်လည်း အလွန် ထူးခြားပြောင်မြောက်သူများ ဖြစ်ကြသည်။ ကောင်းကင်ဧကရာဇ် အင်အားစု နှစ်ခု စစ်ပွဲဖြစ်လုနီးပါး အခြေအနေရောက်သွားခြင်းသည် ဤအရာကြောင့် ဖြစ်နိုင်ခြေ မရှိပေ။
"အဲဒီတုန်းက အခြေအနေက အလွန် ရှုပ်ထွေးတယ်…အဲဒီ အဖွဲ့နှစ်ဖွဲ့က ရန်ငြိုးတွေ အရမ်းများနေခဲ့တာ... နတ်ဘုရားအရာက စစ်ပွဲ ဖြစ်ပေါ်စေလောက်တဲ့ ညှို့ငင်ဖမ်းစားနိုင်တဲ့ ဆန္ဒမျိုး မရှိပါဘူး….”
နွားသိုးကြီးပေါင်ပေါင်က သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်ပြီးနောက် အသံနိမ့်နိမ့်ဖြင့် ဆက်ပြောပြန်သည်။
"မင်းရဲ့ မိဘတွေက ပိုပြီးကောင်းတဲ့ အံ့မခန်းရတနာတစ်ခုကို ရခဲ့တယ်လို့ ငါထင်တယ်… အဲဒါက ဘာလဲဆိုတာကိုတော့၊ သူတို့နှစ်ယောက်ကလွဲရင် တခြားဘယ်သူမှ သိမှာမဟုတ်ဘူး… ချင်ကောင်းကင်ဧကရာဇ် ကလန်ကလည်း အဲဒီလိုပဲ ခံစားရလို့ သူတို့ကို အညှာအတာမရှိ လိုက်လံတိုက်ခိုက်ခဲ့တာ ဖြစ်လိမ့်မယ်…"
ထိုအခါ လီလော့ စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ တန်ဖိုးအားဖြင့် နတ်ဘုရားအရာထက်ပင် သာလွန်နိုင်သည့် မည်သည့်အရာကို ရှေးဟောင်းအကြွင်းအကျန်ထဲတွင် သူ့ မိဘများ ရရှိခဲ့သနည်း။
နှလုံးသားထဲမှာ တုန်ယင်သွားသော်လည်း၊ လီလော့က ဤခံစားချက်ကို ခိုင်မာစွာ ဖိနှိပ်ထားလိုက်သည်။ သူက နွားသိုးကြီးပေါင်ပေါင်ကို လှမ်းကြည့်လိုက်ပြီး၊ ဤကိစ္စကို ထပ်မံ မဆွေးနွေးတော့ပေ။
ထိုအစား၊ အစားအစာများကို ဆက်လက်၍ အငမ်းမရ စားသောက်နေခဲ့သည်။ ထပ်မစားနိုင်တော့သည့်အချိန်တွင် ဗိုက်ကို ကျေနပ်သော အမူအရာဖြင့် ပုတ်ကာ ကုလားထိုင်ပေါ်တွင် မှီချလိုက်သည်။
"ဉီးလေးပေါင်၊ လော့လန်အိမ်တော်မှာတုန်းက အချိန်တွေကို ကျွန်တော် ပြန်သတိရမိတယ်..."
တဖြည်းဖြည်း မြင့်တက်လာသော လမင်းကြီးကို ကြည့်ရင်း လီလော့ သက်သောင့်သက်သာ ခေါင်းမော့လိုက်သည်။ နဂါးစွယ်တောင်ရှိ အခြေအနေများက လော့လန်အိမ်တော်တွင် သူ စိတ်ကူးယဉ်ဖူးသမျှ အရာအားလုံးထက် များစွာ သာလွန်သော်လည်း၊ သူ့ နှလုံးသားကတော့ သူ့ရဲ့အိမ်ဟု ခေါ်ဆိုခဲ့သော ထိုစံအိမ်ငယ်လေးကို ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။ ၎င်းက သူ့ကို အခြား မည်သည့်အရာကမှ မပေးနိုင်သော နှစ်သိမ့်မှုတစ်မျိုးကို ပေးစွမ်းသည်။
နွားသိုးကြီးပေါင်ပေါင်လည်း အလားတူပင် သက်ပြင်းချလိုက်ပြီးနောက် ပြုံးလိုက်သည်။
"ဌာနချုပ်က ကမ္ဘာခြားသက်ရှိတွေ ပေါက်ဖွားရာနေရာ ဖြစ်သွားတာ တကယ်ကို နှမြောစရာပဲ…"
သူ့အပေါ် အနက်ရှိုင်းဆုံး အထင်အမြင် ကျန်ရစ်စေခဲ့သော လူတစ်ယောက်အကြောင်းကို တွေးမိလိုက်သောအခါ လီလော့၏အကြည့်များမှာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်သွားသည်။
ရှန်ကျင်းရှောင်ဆိုသည့် ကျိန်စာသင့်မယ့် သားရဲကောင်ကြောင့်သာ လော့လန်အိမ်တော် ပြိုလဲရခြင်းနှင့် အစ်မ ချင်းအာ သူမ၏ 'အလင်းနှလုံးသား'ကို ယဇ်ပူဇော်ရသည်အထိ တွန်းအားပေးခံရကာ သူတို့နှစ်ဦးကို လမ်းခွဲစေခဲ့ခြင်းဖြစ်သည်။
ဤရန်ငြိုးသည် သူ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထွင်းထုထားပြီးဖြစ်သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် လှပသော အမျိုးသမီးအကြောင်း တွေးကာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
“အစ်မ ချင်းအာ… ရှေးဟောင်းကောလိပ်မှာ အစ်မ အဆင်ပြေရဲ့လား…”