အခန်း (၈၈၇-၈၈၉)
Vol. 64 Ch. 887-889
အခန်း (၈၈၇) - ကျန်းချင်းအာ ၏ အဆင့်တက်ခြင်း တိုက်ပွဲ…
နံနက်စောစောအချိန်တွင် ကျန်းချင်းအာ သည် သူမ၏ ကြည်လင်တောက်ပသော ရွှေရောင်မျက်လုံးများကို ဖွင့်လိုက်ပြီး ကုတင်ဘေးရှိ လိုက်ကာများကို ကြည့်လိုက်သည်။
အိပ်ရာမှနိုးလာခါစဖြစ်သော်လည်း သူမ၏မျက်လုံးများတွင် ဂနာမငြိမ်ဖြစ်နေသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။ လက်ရှိတွင်၊ သူမသည် မြင့်မြတ်သောအလင်းတော်ကောလိပ်တွင် ရောက်ရှိနေသည်မှာ နှစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုတိုင် အသားမကျသေးပေ။
မည်သို့ပင်ဆိုစေ လော့လန်အိမ်တော်ရှိ သူမ၏ ကိုယ်ပိုင်အခန်းလေးကို ပို၍ သဘောကျနေဆဲဖြစ်သည်။ ထိုအခန်းလေးမှ ထွက်လိုက်သည်နှင့် လီလော့၏ အခန်းဆီသို့ တိုက်ရိုက်သွားနိုင်သော တံတားတစ်စင်းကို သူမ မြင်တွေ့နိုင်သည်။
လီလော့ကို တွေးမိသောအခါ၊ သူမ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
ထို့နောက် ခေါင်းအုံးအောက်သို့ လက်လျှိုကာ အဝါရောင်သန်းနေသော စာအိတ်အဟောင်းလေး တစ်ခုကို ထုတ်ယူလိုက်သည်။ စာအိတ်ကို အရှေ့တွင် ချထားလိုက်ရာ၊ ၎င်းပေါ်တွင် လှပသော စာလုံးတစ်လုံး ရေးသားထားသည်ကို မြင်တွေ့နိုင်သည်။
ထိမ်းမြားလက်ထပ်ခြင်း…
၎င်းမှာ အတိတ်က သူမ ကိုယ်တိုင်ရေးသားခဲ့သော စေ့စပ်ကြောင်းလမ်းမှု စာချုပ်ဖြစ်သည်။
သို့သော်လည်း ယခုအခါ ၎င်းကို ပယ်ဖျက်လိုက်ပြီဟု သတ်မှတ်ရမည်ဖြစ်သည်။
စာအိတ်ကို စိုက်ကြည့်ရင်း၊ သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် ၎င်း၏ ဘေးဘက်ကို ဖွဖွလေး ခေါက်လိုက်သည်။ထိုစဉ် သူမ၏ ရွှေရောင်မျက်လုံးများ၏ နက်ရှိုင်းသော အတွင်းပိုင်းမှ နက်ရှိုင်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"အဲဒါကို ပယ်ဖျက်လိုက်ပြီပဲ..."
တိုးညှင်းပြီး ပေါ့ပါးသော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် သူမ ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ ပြတင်းပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည်က သူမ၏ ဖြူစင်သန့်ရှင်းသော ညအိပ်ဝတ်စုံနှင့် သိမ်မွေ့လှပသော ခန္ဓာကိုယ်လေးပေါ်သို့ ကျရောက်သွားသည်။ ဝတ်စုံပေါ်တွင် ချည်ထိုးထားသော ဧရာမ ငန်းဖြူကြီး ပုံသဏ္ဌာန်က သူမနှင့် အလွန်လိုက်ဖက်ပြီး ချစ်စရာကောင်းနေသည်။
ထိုဝတ်စုံကို တန်တိုင်လန်ကိုယ်တိုင် ချုပ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
နေရောင်ခြည်က သူမ၏ ညအိပ်ဝတ်စုံပေါ်သို့ ဖြာကျလာသောအခါ၊ မသိမသာပင် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးကို ပိုမို ပေါ်လွင်စေသည်။
ကျန်းချင်းအာက သူမ၏ ဆံပင်များကို ဖွဖွလေး သပ်တင်လိုက်ပြီး လက်ထဲရှိ စေ့စပ်ကြောင်းလမ်းမှု စာချုပ်ကို ပုတ်လိုက်ပြီး….
"နင် တကယ်ကို ရဲတင်းတာပဲ လီလော့… ငါတို့ရဲ့ စေ့စပ်မှုကို နင့်ဘက်က ဖျက်သိမ်းရဲတယ်ပေါ့လေ…. အဲဒီလိုဆိုရင်လည်း၊ ငါတို့ နောက်တစ်ကြိမ် ပြန်မတွေ့မချင်း နင် စိတ်ပူနေလို့ရပါတယ်….ဝဝဖြိုးဖြိုး ငန်းဖြူကြီးမှာ အတောင်ပံတွေ ရှိတယ်လေ လွတ်ထွက်သွားရင် နင် နောင်တရဖို့ နောက်ကျသွားလိမ့်မယ်…"
မျက်ရည်များ ရွှဲနစ်နေသော မျက်နှာဖြင့် လီလော့ ဒူးထောက်ကာ သူမကို မထွက်သွားရန် တောင်းပန်နေပုံကို စိတ်ကူးကြည့်လိုက်သောအခါ၊ နံနက်ခင်းအတွက် သူမ၏ စိတ်အခြေအနေမှာ ရုတ်တရက် လင်းလက်သွားလေတော့သည်။
ထို့နောက် ကုတင်ပေါ်မှဆင်းကာ မျက်နှာသစ်ပြီး၊ တစ်နေ့တာအတွက် ပြင်ဆင်လေတော့သည်။
ထို့နောက် လက်ရှိကောလိပ်၏ အဖြူရောင် ဝတ်စုံကို လှမ်းယူလိုက်သည်။ ၎င်းသည် ရွှေရောင်ကြိုးများဖြင့် သပ်ရပ်စွာ အလှဆင်ထားပြီး ကျောဘက်တွင် ကြီးမားကာ ရင်သပ်ရှုမောဖွယ်ကောင်းသော ရွှေရောင်နေမင်းကြီးပါရှိသည့် အလွန်လှပသော ဝတ်စုံတစ်ခုဖြစ်သည်။ အင်္ကျီ ဝတ်ဆင်ပြီးနောက် စေ့စပ်ကြောင်းလမ်းမှု စာချုပ်ကို သေချာစွာ သိမ်းဆည်းလိုက်သည်။
သူမက ၎င်းကို အိတ်ဆောင်စက်လုံးထဲတွင် မသိမ်းဆည်းဘဲ ကိုယ်နှင့်မကွာအမြဲသိမ်းဆည်းထားသည်။
သူမ၏ ရင်ဘတ်ရှေ့ရှိ စေ့စပ်ကြောင်းလမ်းမှု စာချုပ်ကို ဖိလိုက်သောအခါ၊ လီလော့၏ ပုံရိပ်က သူမ၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ပေါ်လာပြန်သည်။
“ကျောက်ကောင်းကင်ဧကရာဇ် လီကလန်မှာ နင် ဘယ်လိုနေလဲ၊ လီလော့..နင့်ရဲ့ စွမ်းရည်တွေနဲ့ဆိုရင်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် တောက်ပတဲ့ ကြယ်လေးတစ်ပွင့် ဖြစ်လာမယ်ဆိုတာ ငါ ယုံကြည်ပါတယ်…အတူတူ ကြိုးစားကြရအောင်..”
ဤနေရာအရောက်တွင်၊ ကျန်းချင်းအာက အခန်းတံခါးကို တွန်းဖွင့်ကာ သူမ၏ သိမ်မွေ့လှပသော ခန္ဓာကိုယ်လေးပေါ်သို့ နေရောင်ခြည် ဖြာကျနေစဉ် အပြင်သို့ ထွက်လာခဲ့သည်။
ယနေ့ သူမအတွက် အဆင့်တက်ခြင်း တိုက်ပွဲတစ်ခုရှိသည်။မြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်သို့ ရောက်ရှိပြီး မကြာမီမှာပင်၊ သူမသည် နာမည်ကြီး ကောင်းကင်ကြယ်တာရာခန်းမသို့ ဝင်ရောက်နိုင်ခဲ့သည်။
ဤခန်းမသည် ရှေးဟောင်းကောလိပ်များတွင်သာ ရှိသော ခန်းမဖြစ်သည်။ ၎င်းသည် ကြယ်တာရာခရီးရှည်ကောလိပ်ရှိ ကြယ်လေးပွင့် ခန်းမထက်ပင် ပို၍ အဆင့်မြင့်သည်။
ကောင်းကင်ကြယ်တာရာခန်းမသို့ ဝင်ရောက်ရန် အနည်းဆုံး သတ်မှတ်ချက်မှာ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်တွင် ရှိနေရန်ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင်၊ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကောလိပ်၏ အထက်တန်းစား ပါရမီရှင်များအားလုံး ကောင်းကင်ကြယ်တာရာခန်းမတွင် စုဝေးနေကြသည်ဟု ဆိုနိုင်သည်။
အနာဂတ်တွင် ဤအုပ်စုထဲမှ မြို့စားများသေချာပေါက် ပေါ်ထွက်လာပေလိမ့်မည်။ ဘုရင်အဆင့်များ ပေါ်ထွက်လာမည်လား ဆိုသည်ကတော့ လူတစ်ဦးချင်းစီ၏ ကံကြမ္မာအပေါ်တွင် မူတည်ပေလိမ့်မည်။
ကောင်းကင်ကြယ်တာရာခန်းမတွင် အထက်ခန်းမနှင့် အောက်ခန်းမဟူ၍ နှစ်ခု ရှိသည်။
လက်ရှိတွင် ကျန်းချင်းအာသည် အောက်ခန်းမ၌ ရှိနေသည်။ သို့သော်လည်း၊ ယနေ့တွင် သူမက အထက်ခန်းမမှ ကျောင်းသားတစ်ဦးကို စိန်ခေါ်မည်ဖြစ်သည်။ သူမသာ နိုင်ပါက၊ အထက်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
အထက်ခန်းမတွင် စုစုပေါင်း နေရာ ကိုးဆယ့်ကိုး နေရာ ရှိသည်။ ၎င်းတို့ တစ်ခုစီကို နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ရှိသူများက နေရာယူထားပြီး၊ ပိုင်ဆိုင်မှုကိုတော့ ရှုံးထွက်စနစ်ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင်၊ ရရှိနိုင်သောနေရာ အရေအတွက်မှာ အကန့်အသတ်ရှိသည်။ တစ်စုံတစ်ယောက်က ကိုးဆယ့်ကိုးနေရာထဲမှ တနေရာကို ဝင်ရောက်ရန်အတွက် အခြားတစ်ယောက်ကို ကန်ထုတ်ရမည်ဖြစ်သည်။ ယင်းမှာ ယှဉ်ပြိုင်မှု၏ ရက်စက်သော အမှန်တရားပင်ဖြစ်သည်။
ထို့ကြောင့်၊ အဆင့်တက်ခြင်း တိုက်ပွဲသည် ကောလိပ်တွင် အမြဲတမ်း ရေပန်းအစားဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။
ထို့အပြင်၊ ဤအဆင့်တက်ခြင်း တိုက်ပွဲတွင် လွန်ခဲ့သော ခြောက်လအတွင်း အကျော်ကြားဆုံး လူသစ်ဖြစ်သည့် ကျန်းချင်းအာ ပါဝင်နေသည်။
သူမ တိုက်ပွဲနေရာသို့ ရောက်ရှိသွားသောအခါ၊ ပရိသတ်ထိုင်ခုံများတွင် လူအုပ်ကြီးက နေရာယူထားပြီးဖြစ်သည်။
သူမ ဝင်လာသောအခါ၊ ရေတွက်၍မရနိုင်သော စိတ်အားထက်သန်သည့် အကြည့်များက သူမကို စိုက်ကြည့်နေကြသည်။
မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်သည် ဖုံးကွယ်ထားသော ပါရမီရှင်များဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်သည်။ ဤနေရာတွင် ပါရမီရှင် အများအပြား ရှိနေသည်။ အမှန်တကယ်တော့၊ ကောင်းကင်ဧကရာဇ် အင်အားစုများမှ ပါရမီရှင်အချို့ပင် ဤနေရာတွင် လာရောက် လေ့ကျင့်ကြသည်။
မည်သို့ပင်ဆိုစေ၊ ကျန်းချင်းအာသည် လွန်ခဲ့သော ခြောက်လ မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်သို့ ဝင်ရောက်လာကတည်းက လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။
သူမ၏ ဆွဲဆောင်မှုရှိသော အလှအပအပြင်၊ သူမကို ဝန်းရံထားသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက် တစ်ခုလည်း ရှိနေသည်မဟုတ်လော။
သူမ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ကြယ်တာရာခန်းမ၏ အောက်ခန်းမသို့ ဝင်ရောက်နိုင်ခဲ့သည်။ ထို့အပြင်၊ ယနေ့အထိ သူမသည် တိုက်ပွဲတစ်ပွဲမျှ ရှုံးနိမ့်ဖူးခြင်း မရှိဘဲ၊ လူသစ်တစ်ဦးအနေဖြင့် အောက်ခန်းမ၏ ထိပ်ဆုံးသို့ တိုက်ခိုက်ပြီး တက်လှမ်းလာနိုင်ခဲ့သည်။ ၎င်းမှာ အံ့မခန်းကောင်းမွန်သော အောင်မြင်မှုတစ်ခုဖြစ်သည်။
နှစ်ဝက်ထက်နည်းသော အချိန်အတွင်းမှာပင် အဆင့်တက်ခြင်း တိုက်ပွဲတွင် ပါဝင်နေပြီဖြစ်သည်။
၎င်းသည် ကျောင်းသမိုင်းတွင် မကြုံစဖူးသော စံချိန်တစ်ခု မဟုတ်သော်ငြား၊ တကယ်ကို ရှားပါးသော အဖြစ်အပျက်တစ်ခုတော့ ဖြစ်သည်။
စည်ကားသိုက်မြိုက်နေသော လေထုကြားတွင်၊ လူတိုင်း၏ တောက်လောင်နေသော အကြည့်များအောက်၌ ကျန်းချင်းအာက တိုက်ပွဲကွင်းပြင်သို့ ခြေချလိုက်သည်။ ဤအခိုက်အတန့်တွင်၊ စင်မြင့်ပေါ်ရှိ ဆရာတစ်ဦးက သူမကို မေးလိုက်သည်။
"ကျန်းချင်းအာ၊ အဆင့်တက်ခြင်း တိုက်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလား.."
"ဟုတ်ကဲ့ပါ" ဟု ကျန်းချင်းအာ က တည်ငြိမ်ပြီး ခိုင်မာသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ဘယ်သူ့ကို စိန်ခေါ်ချင်လဲ…"
"အထက်ခန်းမက အမှတ် ၉၆ နေရာ၊ စီနီယာ လုကျင်းကွမ်းကိုပါ…"
၎င်းမှာ လူအများစုအတွက် အံ့အားသင့်စရာ ရွေးချယ်မှု မဟုတ်ပေ။ မည်သို့ပင်ဆိုစေ၊ အောက်ခြေအဆင့်များရှိ ပြိုင်ဘက်ကို ရွေးချယ်ပါက အောင်မြင်ရန် အခွင့်အလမ်း ပိုများသည်။
ဤအချိန်တွင်၊ ကွင်းအတွင်းရှိ မြင့်မားသော စင်မြင့်ပေါ်မှ လူရိပ်တစ်ခု ခုန်ထွက်လာသည်။ ဖမ်းစားနိုင်သော ဝင်ရောက်လာမှုနှင့်အတူ၊ သူသည် အလယ်ဗဟိုရှိ တိုက်ပွဲကွင်းပြင်ပေါ်သို့ ဆင်းသက်လာသည်။ သူ့ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော ပဲ့တင်ထပ်သံစွမ်းအင်များ ထွက်ပေါ်လာပြီး၊ သူ့ပတ်လည်ရှိ လေဟာနယ်ပင် စတင်တုန်ခါလာသည်။
၎င်းမှာ အထက်ခန်းမ၏ အမှတ် ၉၆ နေရာဖြစ်သော လုကျင်းကွမ်း ဖြစ်သည်။ သူသည် ကျန်းချင်းအာ ရွေးချယ်လိုက်သော ပြိုင်ဘက်ဖြစ်သည်။
လုကျင်းကွမ်းတွင် အရပ်ရှည်ပြီးဖြောင့်မတ်သော ကိုယ်ခန္ဓာရှိကာ၊ အတော်လေး ချောမောသော အသွင်အပြင်ရှိသည်။ထို့အပြင် ထူးခြားစွာ ထက်မြက်သော အငွေ့အသက်ကိုလည်း ထုတ်လွှတ်နေသည်။
သူ စင်မြင့်ပေါ်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ လူအုပ်ကြီးက စတင် အော်ဟစ်အားပေးကြသဖြင့် မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်တွင် သူ အတော်လေး နာမည်ကြီးကြောင်း ထင်ရှားသည်။
မည်သို့ပင်ဆိုစေ လုကျင်းကွမ်းသည် အထက်ခန်းမသို့ ဝင်ရောက်နိုင်ရန် တကယ်ကို ပါရမီပါရမည်ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ယောက်တွင် ပရိသတ်များ ရှိနေမည်မှာ သဘာဝပင်ဖြစ်သည်။
လုကျင်းကွမ်းက ကျန်းချင်းအာကို ရွှင်လန်းစွာ ပြုံးပြပြီး…
"ညီမလေးကျန်း အစ်ကို့ကို ရွေးချယ်လိမ့်မယ်လ်ို့ ဘယ်သူက ထင်မှာလဲ… ဟားဟား… ဒီပွဲမှာ ငါ ရှုံးသွားရင်တောင်…ဒီနေ့ရက်လေးက သာယာနေဦးမှာပါ…"
ကျန်းချင်းအာက ခေါင်းအနည်းငယ် ယမ်းကာ ပြန်ဖြေလိုက်သည်။
"ဘာလို့လဲဆိုတော့ ရှင်က အောက်ခြေအဆင့်တွေထဲမှာ သတ္တု ပဲ့တင်ထပ်သံစွမ်းအင်ရှိတဲ့ တစ်ဦးတည်းသော လူဖြစ်နေလို့ပဲ…"
ထိုစကားကို ကြားသောအခါ လုကျင်းကွမ်း အနည်းငယ် မှင်သက်သွားသည်။
"ငါ့မှာ သတ္တု ပဲ့တင်ထပ်သံစွမ်းအင် ရှိတော့ရော ဘာဖြစ်လဲ.." ဟု သူက အံ့အားသင့်စွာ မေးလိုက်သည်။
သို့သော်လည်း၊ ကျန်းချင်းအာက ပြန်မဖြေပေ။
တစ်ချိန်တည်းမှာပင်၊ အဝေးရှိ မြင့်မားသော စင်မြင့်ပေါ်မှ အခြား ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ညီအစ်ကိုလု.. ညီမလေးကျန်းက လူသစ်ပါ.. သိပ်အပြင်းအထန် မလုပ်ပါနဲ့..မဟုတ်ရင် အထက်ခန်းမက ငါတို့အတွက် ကြည့်မကောင်း ဖြစ်သွားလိမ့်မယ်…"
ထိုအခါ ပရိသတ်၏ အာရုံစိုက်မှုနှင့် အကြည့်များက စကားပြောလိုက်သူဆီသို့ ရောက်ရှိသွားသည်။ လူငယ်တစ်ဦးက စင်မြင့်ပေါ်တွင် လက်နောက်ပစ်ကာ အပြုံးတစ်ခုဖြင့် ရပ်နေသည်။
ဤလူငယ်တွင် မီးကဲ့သို့ နီရဲနေသော ဖရိုဖရဲ ဆံပင်ရှည်များရှိပြီး၊ လွှမ်းမိုးနိုင်သော အငွေ့အသက်တစ်ခုက သူ့ကို ဝန်းရံထားသည်။ သူ စကားပြောလိုက်သောအခါ၊ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအင်များ စီးဆင်းသွားပြီး သူ့ပတ်လည်ရှိ လေထုမှာ အပူရှိန်ကြောင့် တုန်ခါသွားပုံရသည်။
ပရိသတ်များက အနီရောင်ဆံပင်နှင့် လူငယ်ကို သတိပြုမိသွားသောအခါ၊ သူတို့အကြားတွင် တိုးညှင်းသော တီးတိုးပြောသံများ စတင်ထွက်ပေါ်လာသည်။
"အဲဒါ... စီနီယာ ဝေ့ချုံလော့ မလား.."
"ရှူးတိုးတိုး သူက ကောလိပ်ရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေထဲက တစ်ယောက်ပဲ.. သူက ကောင်းကင်ကြယ်တာရာခန်းမရဲ့ အထက်ခန်းမမှာ ထိပ်တန်း ဆယ်ယောက်စာရင်းဝင်တယ်… ဒီမှာ ပညာသင်နေတာ နှစ်အတော်ကြာပြီဖြစ်လို့၊ သူက ငါတို့ကျောင်းရဲ့ စီနီယာ တစ်ယောက်ပဲ.."
"လွန်ခဲ့တဲ့ သုံးလလောက်က သူနဲ့ စီနီယာ ကျန်းတို့ မတော်တဆ ဆုံခဲ့ကြတယ်လို့ ငါ ကြားတယ်…စီနီယာကျန်းရဲ့ ရင်သပ်ရှုမောဖွယ် အလှအပကြောင့် သူ ဖမ်းစားခံလိုက်ရပြီး စီနီယာကျန်းနဲ့ နီးစပ်ဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားခဲ့တယ်…ဒါပေမဲ့၊ နောက်ဆုံးမှာတော့ အဆင်မပြေခဲ့ဘူး ထင်တယ်…"
"သူက အခုရှေ့ထွက်လာပြီး စီနီယာ ကျန်း နေရာရအောင် ကူညီပေးဖို့ ကြိုးစားနေတာလား.."
"ဟီးဟီး.. တကယ်ကို ဆွဲဆောင်မှုရှိတဲ့ လူပဲ…သူ့အကြည့်တွေက ငါ့အပေါ်မှာသာ ဆိုရင် သိပ်ကောင်းမှာပဲ..."
တိုက်ပွဲကွင်းပြင်ရှိ လုကျင်းကွမ်းက လူငယ်ကို မော့ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့်….
“နောင်တော်ဝေ့..ကျေးဇူးပြုပြီး ငါ့ကို ဖိအားမပေးပါနဲ့… ဒီက ညီမလေးကျန်း က သာမန် ပြိုင်ဘက် မဟုတ်ဘူး…"
သူတို့အချင်းချင်း စကားပြောနေကြစဉ်၊ ကျန်းချင်းအာ၏ မျက်နှာမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေခဲ့သည်။ မြင့်မားသော စင်မြင့်ပေါ်သို့ မော့ကြည့်ရန်ပင် သူမ ခေါင်းမမော့ခဲ့ပေ။ ကွင်းအတွင်း ဒိုင်လူကြီးကိုသာ သူမ စိုက်ကြည့်နေခဲ့သည်။
"ဆရာ၊ ကျွန်မတို့ စလို့ရပြီလား.."
ထိုအမေးကို ကြားသောအခါ ဆရာက ခေါင်းညိတ်လိုက်ပြီး ပရိသတ်များထံမှ စည်ကားသိုက်မြိုက်သော အော်ဟစ်အားပေးသံများကြားတွင်၊ တိုက်ပွဲစတင်ကြောင်း ကြေညာလိုက်သည်။
သူ စကားပြောပြီးသည်နှင့်တပြိုင်နက်၊ လုကျင်းကွမ်းက လက်ဟန်သင်္ကေတများကို ဦးစွာ စတင်ဖန်တီးလိုက်သည်။
နောက်တစ်ခဏတွင်၊ ပဲ့တင်ထပ်သံစွမ်းအင်များက မည်သည့် ထိန်းချုပ်မှုမျှမရှိဘဲ မြင့်တက်လာသည်။
အလွန်ထက်မြက်သော ရွှေရောင်အလင်းတန်း ပဲ့တင်ထပ်သံစွမ်းအင်များ လေထဲတွင် အကောင်အထည် ပေါ်လာပြီး ပေထောင်ပေါင်းများစွာ ရှည်လျားသည့် ဧရာမ ရွှေရောင်ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ဓားထဲရှိ သတ္တု ပဲ့တင်ထပ်သံစွမ်းအင်များက ဒီရေလှိုင်းများကဲ့သို့ ၎င်းအတွင်း စီးဆင်းနေပြီး အလွန်တရာ ထက်မြက်လှပုံရသည်။
ကြောက်မက်ဖွယ်ကောင်းလောက်အောင် လွှမ်းမိုးနိုင်သော အငွေ့အသက်တစ်ခု ရွှေရောင်ဓားကြီးထံမှ ထွက်ပေါ်လာပြီး လေထဲတွင် ကျယ်ပြန့်သွားကာ၊ ကွင်းတစ်ခုလုံးကို ပြိုင်ဘက်ကင်းသော ထက်မြက်မှုဖြင့် ပြည့်နှက်သွားစေသည်။
ဤအရာသည် နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်၏ အမှတ်အသားဖြစ်သည်။ထိုအဆင့်သို့ ရောက်ရှိပြီးသူများသာ သူတို့၏ ပဲ့တင်ထပ်သံစွမ်းအင်များကို အလွန်စွမ်းအားကြီးပြီး သေစေနိုင်လောက်သော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတစ်ခုအဖြစ်သို့ စုစည်းနိုင်စွမ်း ရှိကြသည်။
လုကျင်းကွမ်းက နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့် စွမ်းအားများကို ထုတ်ယူလိုက်သောအခါ၊ ကျန်းချင်းအာ ၏ အနောက်ဘက်မှ အဆုံးအစမရှိ ပဟေဠိဆန်သော မြင့်မြတ်သည့် အလင်းတန်း ရောင်ခြည်တစ်ခု တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်လာသည်။
နောက်တစ်ခဏတွင်၊ ၎င်းသည် မှောင်မိုက်သော နေရာတိုင်းကို တောက်ပစွာ လင်းထိန်စေမည့် ကြီးမားသော ရွှေရောင် နေမင်းကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
မည်သို့ပင်ဆိုစေ၊ သူမ၏ ရွှေရောင်နေမင်းက လုကျင်းကွမ်းထံမှ ရွှေရောင်ဓားကြီးနှင့် နှိုင်းယှဉ်ပါက ပို၍ ပုံရိပ်ယောင်ဆန်ပုံရသည်။
ဘာကြောင့်လဲဆိုတော့ ကျန်းချင်းအာက နှောင်းပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့် သို့ အမှန်တကယ် မရောက်ရှိသေးသောကြောင့်ဖြစ်သည်။ထိုအဆင့်သို့ရောက်ရန် တစ်လှမ်းသာ လိုတော့သည့်ပုံ ပေါ်သည်။
မည်သို့ပင်ဆိုစေ၊ ဤအရာက ပရိသတ်အများအပြားကို အံ့အားသင့် မှင်သက်သွားစေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ကျန်းချင်းအာ သည် လွန်ခဲ့သော နှစ်ဝက်ခန့်ကမှ အစောပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ အဆင့်တက်ခဲ့ခြင်းဖြစ်သည်။ ခြောက်လသာ ကြာမြင့်သေးသည့် အချိန်အတွင်းမှာပင်၊ သူမသည် နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ ထိုးဖောက်ဝင်ရောက်တော့မည့် လက္ခဏာများကို ပြသနေပြီဖြစ်သည်။
ဤမျှ မြန်ဆန်သော တိုးတက်မှုနှုန်းသည် မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်တွင်ပင် အံ့မခန်း အောင်မြင်မှုတစ်ခုဖြစ်သည်။
သို့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုကျင်းကွမ်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ညီမလေးကျန်း၊ မင်းရဲ့ စိန်ခေါ်မှုက အရမ်းလောကြီးလွန်းသွားပုံရတယ်… မင်းသာ အချိန်အနည်းငယ် ထပ်စောင့်ခဲ့မယ်ဆိုရင်၊ မင်းရဲ့ တိုးတက်မှုနှုန်းနဲ့ဆို မကြာခင် နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကို သေချာပေါက် ရောက်နိုင်မှာပဲ… အဲဒီလိုဆိုရင် မင်းမှာ အောင်မြင်နိုင်ချေ ပိုများသွားမှာပေါ့…"
"ကျွန်မ အဆင့်ချိုးဖျက်နိုင်တဲ့အထိသာ စောင့်ခဲ့မယ်ဆိုရင်၊ ဒီတိုက်ပွဲက ရှင်နဲ့ ဘာမှဆိုင်တော့မှာ မဟုတ်ဘူး…"
လုကျင်းကွမ်းမှာ သူမ၏ အဖြေကြောင့် အံ့အားသင့်သွားပြီး ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိသည်။ ဤညီမငယ်လေးသည် လှပရုံသာမက၊ ဤမျှလောက် မာနကြီးသော လူတစ်ယောက်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"ဒါဆိုရင်လည်း မင်းရဲ့ စွမ်းရည်တွေကို ငါ မြည်းစမ်းကြည့်ပါရစေဦး…"
လုကျင်းကွမ်းက တခြားဘာမှ ထပ်မပြောတော့ဘဲ အကြည့်များ ရုတ်တရက် ထက်ရှသွားသည်။
ကောင်းကင်ကြယ်တာရာခန်းမ၏ အထက်ခန်းမရှိ နေရာတစ်ခုကို ရယူထားသူတစ်ဦးအနေဖြင့် သူသည်လည်း ပါရမီပါသူ တစ်ဦးဖြစ်သည်။ အကယ်၍ ဤကောလိပ်၏ အပြင်ဘက်တွင်သာဆိုပါက သူ့ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်သော ပြိုင်ဘက်များကို အနိုင်ယူနိုင်သည့် ပါရမီရှင်တစ်ဦး သေချာပေါက်ဖြစ်သည်။
ယခုအခါ၊ သူ့အဆင့်ထက် နိမ့်သူတစ်ဦး၏ အနိုင်ယူခြင်းကို ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရချေပြီ။သူသည်
အခြားတစ်ယောက်အတွက် နင်းတက်စရာ လှေကားထစ်တစ်ခု ဖြစ်မသွားချင်ပေ။
ထို့ကြောင့် လက်ဝန်သင်္ကေတကို ပြောင်းလဲလိုက်သည်။ထိုအခါ ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်သော ပဲ့တင်ထပ်သံစွမ်းအင်များ အရပ်မျက်နှာ အားလုံးသို့ လေထုကို ထိုးဖောက်သွားသည်။ နောက်တစ်ခဏတွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“မြို့စားအဆင့် ကျင့်စဉ်…အင်ပါယာခံတပ် ဓားအလင်းတန်း ..”
ဤအခိုက်အတန့်တွင် ကောလိပ်မှ အကြီးအကဲများလည်း ကွင်းကို ဝန်းရံထားသော မြင့်မားသည့် စင်မြင့်များပေါ်မှ ငုံ့ကြည့်နေကြလေသည်။
အခန်း (၈၈၈) ပြိုင်ဘက်ကင်းသော သန့်စင်ခြင်း စွမ်းအား…
ထက်မြက်ပြီး ကြီးမားသော ရွှေရောင်ဓားအလင်းတန်း ကောင်းကင်ယံမှ ကျဆင်းလာသောအခါ၊ ဤလွှမ်းမိုးနိုင်သော အငွေ့အသက်ကို မြင်တွေ့လိုက်ရသဖြင့် ကောင်းကင်ကြယ်တာရာခန်းမ၏ အထက်ခန်းမ အဖွဲ့ဝင်အချို့ အံ့အားသင့်သွားကြသည်။
ကြယ်လေးပွင့်ခန်းမမှ ပရိသတ်များမှာ ပို၍ပင် မှင်သက်သွားကြသည်။
လုကျင်းကွမ်း၏ ဤတိုက်ခိုက်မှုနှင့်အတူ၊ သူ အထက်ခန်းမသို့ မည်သို့ ဝင်ရောက်နိုင်ခဲ့သည်ကို လူတိုင်း မြင်တွေ့နိုင်သည်။
ထို့အပြင်၊ လုကျင်းကွမ်းသည် ပြိုင်ဘက်ကို တုံ့ပြန်တိုက်ခိုက်ရန် မည်သည့်အခွင့်အရေးမျှ ပေးမည်မဟုတ်ပေ။ထို့ကြောင့်လည်း အစကတည်းက သေစေနိုင်သော လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ခြင်းဖြစ်သည်။
နှစ်များတစ်လျှောက်၊ သူ့ရဲ့ ယခုလိုတစ်ချက်တည်းသော တိုက်ခိုက်မှုကြောင့် လူများစွာ ရှုံးနိမ့်ခဲ့ရဖူးသည်။
အားလုံး အံ့အားသင့်စွာ ကြည့်နေစဉ်၊ ကျန်းချင်းအာက သူမ၏ လှပပြီး ဆွဲဆောင်မှုရှိသော မျက်နှာကို မော့လိုက်ပြီး ရွှေရောင်မျက်လုံးများဖြင့် ကျဆင်းလာသော ဓားအလင်းတန်းကို စူးစိုက်ကြည့်နေသည်။
မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်တွင် သူမ ကုန်ဆုံးခဲ့သော ခြောက်လတာကာလအတွင်း၊ ထူးချွန်ပြောင်မြောက်သော ပါရမီရှင်များစွာကို သူမ မြင်တွေ့ခဲ့ရသည်။ သူတို့သာ ကြယ်တာရာခရီးရှည် ကောလိပ်တွင် ရှိနေခဲ့ပါက၊ ကုန်းရှန်ကျွင်း၊ မင်းသမီးကြီးတို့နှင့် နှိုင်းယှဉ်လျှင် သေချာပေါက် များစွာ သာလွန်နေပေလိမ့်မည်။
ဥပမာအားဖြင့်၊ လုကျင်းကွမ်းသည် ဤနေရာရှိ အထက်ခန်းမတွင် အောက်ခြေအဆင့် လူတစ်ဦးသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း၊ ပြင်ပနတ်ဘုရားတိုက်ကြီးရှိ အတွေ့အကြုံရင့် နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ကျင့်ကြံသူ အများအပြားကတော့ သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
ကောင်းကင်ကြယ်တာရာ ခန်းမရှိ လူတိုင်းသည် အထက်ခန်းမတွင်ဖြစ်စေ၊ အောက်ခန်းမတွင်ဖြစ်စေ သူတို့၏ ကိုယ်ပိုင်အဆင့်ထက် ပိုမြင့်သော ပြိုင်ဘက်များကို အနိုင်ယူနိုင်စွမ်းရှိသည့် ပါရမီရှင်များ ဖြစ်ကြသည်။
ဤအချက်က မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်က သက်တမ်းအရင့်ဆုံး ကောလိပ်အဖြစ် အချိန်၏ စမ်းသပ်မှုများကို ခံနိုင်ရည်ရှိရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
ကျန်းချင်းအာက သူမ၏ သွယ်လျသော ကျောက်စိမ်းသဖွယ်လက်များကို မြှောက်လိုက်သောအခါ၊ တောက်ပသော အလင်းပဲ့တင်ထပ်သံ စွမ်းအင်များ ဒီရေလှိုင်းတစ်ခုကဲ့သို့ မြင့်တက်လာသည်။ထို့နောက် သူမ၏နောက်တွင် သူမ၏ ပုံတူတစ်ခု ပေါ်လာပြီး၊ လောကသဘာဝ အလင်းစွမ်းအင်များ အဆုံးအစမရှိ စီးဆင်းလာသည်။
“နဝမအဆင့် အလင်းပဲ့တင်ထပ်သံ၊ အလင်းတမာန်တော်.. “
ဤအရာသည် နဝမအဆင့် ပဲ့တင်ထပ်သံ ကျင့်ကြံသူတစ်ဦး၏ အမှတ်အသားဖြစ်သည်။ ၎င်းနှင့်အတူ၊ လောကသဘာဝ စွမ်းအင်များက အသုံးပြုသူထံသို့ အဆုံးအစမရှိ စီးဝင်လာမည်ဖြစ်ပြီး၊ ကျင့်ကြံသူကို တိုက်ပွဲအတွင်း ထူးခြားသော ခံနိုင်ရည်ကို ပေးစွမ်းသည်။
ထို့အပြင်၊ နဝမအဆင့် ဝိညာဉ်ကိုယ်ပွားသည် လူတစ်ဦး၏ ပဲ့တင်ထပ်သံ ကျင့်စဉ်များ၏ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။ အလင်းဝိညာဉ် ကိုယ်ပွား ထွက်ပေါ်လာမှုနှင့်အတူ၊ ကျန်းချင်းအာ သည် သူမ၏ သွယ်လျသော လက်ချောင်းကို ရှေ့သို့ ညွှန်ပြလိုက်သည်။
ထိုအခါ အလင်းစွမ်းအင်များ သူမ၏ လက်ချောင်းထိပ်တွင် စုစည်းသွားပြီးနောက် အပြင်ဘက်သို့ လွင့်မျောသွားသည်။ ၎င်းသည် သူမ၏ လက်ချောင်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကြမ်းတမ်းသော မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး၊ အလင်းစွမ်းအင်များက သန့်ရှင်းသော အလင်းမီးတောက် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မီးတောက်များ လေထဲသို့ ပျံတက်သွားပြီး နောက်တစ်ခဏတွင် ကြည်လင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး၊ အလင်းမီးတောက်က ဖီးနစ်ငှက် တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဖီးနစ်ငှက်၏ ခန္ဓာကိုယ်က ကျန်းချင်းအာ ယခုလေးတင် ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး၊ ၎င်းပတ်လည်ရှိ လောကသဘာဝ စွမ်းအင်အားလုံးကို အသန့်စင်ဆုံး အလင်းစွမ်းအင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
*"မြို့စားအဆင့် ကျင့်စဉ် …တောက်ပသော မီးတောက် ဖီးနစ်"
ဖီးနစ်ငှက်က အော်ဟစ်သံတစ်ခု ထုတ်လွှတ်လိုက်ပြီးနောက် ကျဆင်းလာသော ဓားအလင်းတန်းဆီသို့ တည့်တည့် ပျံသန်းသွားသည်။ ၎င်းတို့နှစ်ခု ထိပ်တိုက်တွေ့သွားသောအခါ၊ စွမ်းအင်မုန်တိုင်းတစ်ခုက လေဆင်နှာမောင်းတစ်ခုကဲ့သို့ တိုက်ခတ်သွားပြီး မီးပွားများ အရပ်မျက်နှာ အားလုံးသို့ လွင့်စင်ထွက်သွားသည်။
ကံကောင်းစွာဖြင့်၊ စွမ်းအင်လှိုင်းများကို ထိန်းချုပ်ထားနိုင်သော အကာအကွယ် စွမ်းအင်တစ်ခု ကွင်းပတ်လည်တွင် ရှိနေသည်။ တိုက်မိမှုမှ ဒေါသတကြီး စွမ်းအင်မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျောင်းသား ပရိသတ်အများအပြား အံ့အားသင့်သွားကြသည်။
သို့သော်ငြားလည်း သူတို့အရှေ့တွင် ဖြစ်ပွားနေသော ပြင်းထန်သည့် တိုက်ပွဲဆီသို့သာ စူးစိုက်ကြည့်နေကြသည်။
စွမ်းအင်နှစ်ခုက တစ်ခုနှင့်တစ်ခု ဆက်လက်၍ တိုက်စားကာ ဖျက်ဆီးနေကြပြီး အဆုံးတွင်၊ ဖီးနစ်ငှက် က အရိပ်အယောင်မရှိ ပျောက်ကွယ်သွားပြီး၊ ရွှေရောင် ဓားအလင်းတန်းမှာလည်း သိသိသာသာ အားနည်းသွားသည်။
ကျန်းချင်းအာထံသို့ ဓားအလင်းတန်း
ရောက်ရှိသွားသောအခါ၊ သူမ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အကာအကွယ် ပဲ့တင်ထပ်သံစွမ်းအင် အလွှာကိုပင် မဖောက်ထွင်းနိုင်တော့ပေ။
ဤမြင်ကွင်းကို သူတို့ မြင်တွေ့လိုက်ရသောအခါ၊ လူအုပ်ကြီးတခုလုံး စိတ်လှုပ်ရှားစွာဖြင့် ပေါက်ကွဲထွက်သွားကြသည်။
လုကျင်းကွမ်း၏ တိုက်ခိုက်မှုကို ကျန်းချင်းအာ တားဆီးနိုင်ခဲ့သည်။
အရေးကြီးသော အချက်တစ်ခုမှာ လုကျင်းကွမ်းသည် နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ နက်ရှိုင်းစွာ ရောက်ရှိနေပြီဖြစ်ပြီး၊ ကျန်းချင်းအာမှာမူ အစောပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေခြင်းဖြစ်သည်။
အစောပိုင်းက ဝေ့ချုံလုံ၏ စကားများကြောင့် ကျန်းချင်းအာကို အခွင့်အရေး ပေးလိုက်ခြင်းများပေလော။
လူအုပ်ကြားတွင် တီးတိုးစကားပြောသံများ ဆက်လက်ထွက်ပေါ်နေစဉ်၊ လုကျင်းကွမ်း၏အကြည့်များ စတင် လေးနက်လာသည်။ သူ လုံးဝ လက်မတွန့်ခဲ့ကြောင်းကို သူသာလျှင် အသိဆုံးပင်။
"မင်းရဲ့ နဝမအဆင့် အလင်းပဲ့တင်ထပ်သံက တကယ်ကို ကြောက်စရာကောင်းတာပဲ.. အဲဒါက အဆင့်မြင့် နဝမအဆင့်လား ဒါမှမဟုတ် အဆင့်နိမ့်နဝမအဆင့်လား…"
လုကျင်းကွမ်း ဤစကားများကို သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်စဉ်၊ အကြည့်များ ပိုမို ထက်ရှလာသည်။
သူ့ပတ်လည်ရှိ လေထုမှာလည်း ပိုမို သိပ်သည်းလာသည်။ အထက်ခန်းမမှ လူတစ်ယောက်အနေဖြင့်၊ သူသည်လည်း ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ဦးဖြစ်သည်။ နဝမအဆင့် ပဲ့တင်ထပ်သံများက သန်မာသော်လည်း၊ ၎င်းတို့သည် ရှုံးနိမ့်ခြင်း မရှိနိုင်သောအရာတော့ မဟုတ်ပေ။
ဤအခိုက်အတန့်တွင် လုကျင်းကွမ်း လက်ခုပ်တီးလိုက်တော့ လက်ဖဝါးများကြားတွင် သေးငယ်သော ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုအလင်းတန်းနှင့်ထိလိုက်သည်နှင့် သူ့လက်ဖဝါးကို အလွန်ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ခုတ်ရှသွားသည်။
လတ်ဆတ်သော သွေးများ ချက်ချင်း ယိုစီးကျလာပြီး ရွှေရောင်အလင်းတန်းနှင့် ရောနှောသွားသည်။ နောက်တစ်ခဏတွင်၊ အလင်းတန်းက လက်ဖဝါးမှ ထွက်ခွာသွားပြီး သူ့ပတ်လည်ရှိ ပဲ့တင်ထပ်သံစွမ်းအင်များ မြင့်တက်လာသည်။
လူအုပ်ကြီး၏ အကြည့်များရှေ့တွင်ပင်၊ ရွှေရောင်အလင်းတန်းက တောက်ပသော ရွှေရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ထိုရွှေရောင်ဓား အနည်းငယ် တုန်ခါသွားပြီး၊ ၎င်း၏ ဓားသွားပေါ်တွင် ပါးလွှာသော အက်ကွဲကြောင်း သုံးခု ဖြစ်ပေါ်လာပြီး အက်ကွဲကြောင်း တစ်ခုစီမှ ရွှေရောင်အလင်းတန်းများ စတင် စီးဆင်းလာသည်။
အဝေးမှကြည့်လျှင်၊ ဓားပေါ်တွင် ဒေါင်လိုက် မျက်လုံးသုံးလုံး ရှိနေသလိုပင်ထင်ရသည်။
ထိုပဟေဠိဆန်သော မျက်လုံးများ၌ အဆုံးအစမရှိသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ဤအရာကို မြင်လိုက်ရသည်နှင့်တပြိုင်နက် မြင့်မားသော စင်မြင့်ပေါ်ရှိ ကောင်းကင်ကြယ်တာရာခန်းမ အဖွဲ့ဝင် အများအပြား၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားကြသည်။
သံသယဖြစ်စရာမလိုဘဲ၊ ၎င်းမှာ လုကျင်းကွမ်းကို နာမည်ကြီးလာစေခဲ့သော တိုက်ကွက်ပင် ဖြစ်သည်။
သူသည် လေထဲတွင် ဝဲပျံနေရင်း ကျန်းချင်းအာ ကို ငုံ့ကြည့်လိုက်ကာ…
"ညီမလေးကျန်း၊ ဒီတိုက်ခိုက်မှုကို မင်း ခံနိုင်ရည်ရှိရင်၊ ငါ့နေရာကို မင်းဆီ လိုလိုလားလား ပေးအပ်ပါ့မယ်" ဟု ဆ်ိုရင်း လက်ထဲရှိ ဓားသင်္ကေတကို ဖိနှိပ်နေသည်။
"မြို့စားအဆင့် ကျင့်စဉ်.. အင်ပါယာခံတပ် ဓားအလင်းတန်းရဲ့ မျက်လုံးသုံးလုံး ကောင်းကင်ဓား"
လုကျင်းကွမ်း လက်ညိုး ညွှန်လိုက်သည်နှင့် မျက်လုံးသုံးလုံး ကောင်းကင်ဓားက ရုတ်တရက် ထိတ်လန့်ဖွယ်ကောင်းသော ဓားအော်သံတစ်ခုကို ထုတ်လွှတ်ကာ လေဟာနယ်ကို ထိုးဖောက်သွားသော ကြီးမားခွန်အားကြီးသည့် ရွှေရောင်နဂါးတစ်ကောင်သဖွယ် ကျန်းချင်းအာထံသို့ တိုက်ရိုက် ပိုင်းချလိုက်လေသည်။
ကျန်းချင်းအာကလည်း လေထုကို ခုတ်ပိုင်းလာသော ရွှေရောင်ဓားကို စိုက်ကြည့်နေသည်။ မျက်လုံးသုံးလုံး ကောင်းကင်ဓားကို တိုက်ရိုက် ရင်ဆိုင်ရသဖြင့် သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို သူမ ခံစားနိုင်သည်။ ထင်ရှားသည်မှာ၊ သူမ၏ ပြိုင်ဘက်သည် သာမန်လူ မဟုတ်ပေ။
သို့သော်လည်း တိုက်ခိုက်မှုကြောင့် နောက်မတွန့်ဘဲ တည်ငြိမ်စွာ ပြန်ဖြေသည်။
"ရှင် အရှုံးပေးဖို့ မလိုပါဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ပဲ ရှင့်ဆီကနေ ယူပါ့မယ်…"
သူမ၏ သွယ်လျသော ကျောက်စိမ်းကဲ့သို့ လက်ချောင်းများဖြင့် ဒဏ္ဍာရီဆန်သော လက်ဟန်သင်္ကေတများကို အလျင်အမြန် ဖန်တီးလိုက်ပြီး၊ သူမ၏ လက်များပတ်လည်တွင် မျက်စိကျိန်းလောက်သော တောက်ပမှုတစ်ခု ပေါ်လာသည်။ထိုအခါ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေသည် အလွန်သန့်စင်ပြီး စင်ကြယ်လွန်းသဖြင့် အခြားသူများ သူမကို မထိရဲလောက်အောင်ပင် ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင်၊ ကျန်းချင်းအာ၏ အနောက်တွင် နောက်ထပ် ဒဏ္ဍာရီဆန်သော ပုံရိပ်တစ်ခု ပေါ်လာသည်။ ဤအရာက လူတိုင်းကို အငိုက်မိသွားစေသည်။
၎င်းမှာ နောက်ထပ် နဝမအဆင့် အလင်းဝိညာဉ် ကိုယ်ပွားတစ်ခု ဖြစ်သည်။
ယခုအခါ ကျန်းချင်းအာ ၏ အနောက်တွင် အလင်းဝိညာဉ် ကိုယ်ပွား နှစ်ခု ရှိနေသဖြင့်၊ ထိုနေရာတစ်ဝိုက်ရှိ လောကသဘာဝ အလင်းစွမ်းအင်များသည် အလွန်အားကောင်းသော ရေဝဲတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသကဲ့သို့ ရုတ်တရက် အပြင်းအထန် ဝင်ရောက်လာကြသည်။
ကြီးမားလှသော စွမ်းအင်များကို အလင်းဝိညာဉ် ကိုယ်ပွား နှစ်ခုက ထပ်မံသန့်စင်ပြီးနောက် ကျန်းချင်းအာ ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ၊ သူမ၏ ပဲ့တင်ထပ်သံစွမ်းအင်များကို အံ့မခန်းနှုန်းဖြင့် မြင့်တက်သွားစေသည်။
"အဲဒါ ဘာကြီးလဲ…”
"နဝမအဆင့် အလင်းပဲ့တင်ထပ်သံ နှစ်ခုတောင်လား….”
"ဘုရားရေ.. အလင်းရောင်ကြောင့် ငါ့မျက်လုံးတွေ ကန်းတော့မယ်…”
"ဘယ်လို ကြောက်စရာကောင်းတဲ့ ပါရမီမျိုးလဲ.. ဒီလိုလူမျိုးကို ရှေးဟောင်းကောလိပ်ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းမှာတောင် အကြိမ်အနည်းငယ်လောက်ပဲ တွေ့ဖူးလောက်တယ်…"
"ဒီအကြောင်း ငါ အရင်က ကြားဖူးပေမဲ့၊ ညီမလေးကျန်းဆီကနေ အခုလို ကိုယ်တိုင်မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ…"
"ဒါကြောင့်မလို့ တတိယကျောင်းအုပ်ကြီးက သူ့ကို ဒီလောက် အထင်ကြီးနေတာကိုး…
ဘာလို့လဲဆိုတော့ သာမန် နဝမအဆင့် အလင်းပဲ့တင်ထပ်သံ တစ်ခုတည်းဆိုရင် ကျောင်းအုပ် ကိုယ်တိုင် တောင်းဆိုမှာ မဟုတ်ဘူးလေ… ဒါပေမဲ့… နဝမအဆင့် အလင်းပဲ့တင်ထပ်သံ နှစ်ခု ဆိုတာကတော့ လုံးဝ ကွဲပြားခြားနားတဲ့ ကိစ္စပဲ…"
သူတို့ရှေ့တွင် ဖြစ်ပေါ်နေသော သမိုင်းဝင် အဖြစ်အပျက်ကို လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသဖြင့် ပရိသတ်များကြားတွင် အံ့အားသင့်စွာ ပြောဆိုနေသံများ ဆက်လက် ထွက်ပေါ်နေသည်။ ၎င်းမှာ ရှေးဟောင်းကောလိပ်တစ်ခုတွင်ပင် တကယ်ကို ရှားပါးသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။
ဤနေရာတွင် စုဝေးနေသော ပါရမီရှင်များအားလုံးနှင့်အတူ၊ ပဲ့တင်ထပ်သံ နှစ်ခုပိုင်ဆိုင်သော ကျင့်ကြံသူများသည်ပင် ရှားပါးသည်ဟု မသတ်မှတ်နိုင်ပေ။ အလားတူပင်၊ နဝမအဆင့် ပဲ့တင်ထပ်သံတစ်ခုကလည်း အံ့အားသင့်မှု အနည်းငယ်ကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။
မြို့စားအဆင့်သို့ မရောက်မီ နဝမအဆင့် အလင်းပဲ့တင်ထပ်သံနှစ်ခု ပိုင်ဆိုင်ထားသူ တစ်ယောက်သူ…..
ဤမျှ ရှားပါးသော အရာတစ်ခုကို သူတို့ထဲမှ အများစု ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
လူတိုင်း အံ့အားသင့်နေကြစဉ်၊ ကျန်းချင်းအာ၏ ကြည်လင်သော မျက်နှာတွင် မည်သည့် ပြောင်းလဲမှု လက္ခဏာမျှ မပြသပေ။ သူမသည် ပြင်ပမှ အနှောင့်အယှက်အားလုံးကို လုံးဝ ပိတ်ဆို့ထားပြီး တတိယကျောင်းအုပ်ကြီး သူမကို သင်ပေးခဲ့သော ဤမြို့စားအဆင့် ကျင့်စဉ်ကို အောင်မြင်စွာ အသက်သွင်းရန် သူမ၏ ပဲ့တင်ထပ်သံစွမ်းအင် အားလုံးကို လမ်းကြောင်းပြောင်းပေးရန်သာ အာရုံစိုက်နေသည်။
“မြို့စားအဆင့် ကျင့်စဉ်၊ သန့်စင်သော အလင်းကမ္ဘာ သင်္ကေတ …."
သူမ၏ တိုးညှင်းပြီး ညင်သာသော အသံနှင့်အတူ၊ လက်များကို ဆန့်ထုတ်လိုက်ရာ၊ စုစည်းနေသော သန့်ရှင်းသည့် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ တစ်ခဏတာမျှ၊ နေရာတစ်ခုလုံးနှင့် လူတိုင်း၏ အမြင်အာရုံသည် သန့်ရှင်းသော အလင်းတန်း၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် ဘာမှမြင်နိုင်တော့ပေ။
အမှန်တကယ်တော့၊ သန့်ရှင်းသော အလင်းတန်းနှင့် ထိတွေ့လိုက်ရသောအခါ လူအများစုသည် သူတို့၏ နှလုံးသားထဲတွင် စိတ်မသက်မသာ ဖြစ်မှုတစ်ခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းတွင် အလွန် စုစည်းနေသော သန့်စင်ခြင်း စွမ်းအားများ ပါဝင်နေသည်။
ဤအရာသည် အလင်းပဲ့တင်ထပ်သံများ၏ အမှတ်အသား လက္ခဏာဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့နှင့် ကိုက်ညီမှုမရှိသော မည်သည့်အရာကိုမဆို သန့်စင်ပစ်မည်ဖြစ်သည်။
သူမ၏ အလင်းပဲ့တင်ထပ်သံ စွမ်းအင်၏ သန့်စင်မှုနှင့် ကြည်လင်မှုကို မြင်တွေ့ရသဖြင့် လူအများအပြား အံ့အားသင့်သွားကြသည်။ အဆုံးစွန်အားဖြင့် ၎င်းသည် နဝမအဆင့် အလင်းပဲ့တင်ထပ်သံ နှစ်ခုဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။
တောက်ပသော အလင်းတန်းများ လေထဲတွင် ပြည့်နှက်နေပြီး အလင်းသင်္ကေတ ထွက်ပေါ်လာသောအခါ မျက်လုံးသုံးလုံး ကောင်းကင်ဓားနှင့် ထိပ်တိုက်တွေ့သွားသည်ကို ပရိသတ်အများအပြား စောင့်ကြည့်နေကြသည်။
သို့သော်လည်း၊ ဤတစ်ကြိမ်တွင် တိုက်မိမှုမှ နားကွဲမတတ် ဆူညံသံများ ထွက်မလာပေ။ ၎င်းတို့နှစ်ခု ထိတွေ့သွားသောအခါ၊ အလွန်အမင်း စုစည်းနေသော သန့်စင်ခြင်း စွမ်းအားများ လေထုထဲသို့ စိမ့်ဝင်သွားပြီး သတ္တု ပဲ့တင်ထပ်သံစွမ်းအင်ရှိ ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်သော စွမ်းအားများသည် ဘာမှမရှိသည့် အခြေအနေသို့ ပျောက်ကွယ်သွားသည်။
မျက်လုံးသုံးလုံး ကောင်းကင်ဓားသည် ဓားသွား၏ ထိပ်ဖျားမှစ၍၊တဖြည်းဖြည်း လေထဲတွင် ပျောက်ကွယ်သွားသည်။
၎င်းမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော သန့်စင်မှု အတိုင်းအတာတစ်ခုဖြစ်သည်။ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ပရိသတ်အများအပြား၏ နှလုံးသားထဲတွင် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
အလင်းသင်္ကေတက လေထဲတွင် ဆက်လက် ရွေ့လျားသွားပြီး ခဏအကြာတွင် လုကျင်းကွမ်း၏ အရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။
လုကျင်းကွမ်းတယောက် သူ့အရှေ့ရှိ သင်္ကေတကို စိုက်ကြည့်နေစဉ်၊ အလင်းပဲ့တင်ထပ်သံ စွမ်းအင်များက သူ့ ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအင်ကို အလျင်အမြန် တိုက်စားနေကြောင်း ခံစားလိုက်ရသည်။
အောက်ဘက်ရှိ ဆွဲဆောင်မှုရှိသော လူရိပ်လေးကို ကြည့်ရင်း၊ သူက ခါးသီးစွာ ရယ်မောလိုက်ပြီး လက်နှစ်ဖက်စလုံးကို မြှောက်လိုက်ပြီး… ….
"ညီမလေးကျန်း.. မင်း နိုင်သွားပါပြီ…"
အခန်း (၈၈၉) အားလုံး အသုံးမကျဘူး…
လုကျင်းကွမ်း အရှုံးပေးလိုက်သည်နှင့်တပြိုင်နက် ပရိသတ်များထံမှ အားပေးသံများ ပေါက်ကွဲထွက်သွားကြသည်။ လူအများစုမှာ တိုက်ပွဲကွင်းပြင်မှ လောကဓမ္မတာနှင့်မတူသော အလှပိုင်ရှင်လေးကို အံ့အားသင့် မှင်သက်စွာဖြင့် ငေးမောကြည့်နေကြသည်။
မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်မှ ကျောင်းသားတစ်ဦး မိမိထက် ပိုမိုသန်မာသော ပြိုင်ဘက်ကို အနိုင်ယူခြင်းမှာ တွေ့ရခဲသော အရာမဟုတ်ပေ။ မည်သို့ပင်ဆိုစေ၊ ဤနေရာရှိ ကျောင်းသားများသည် နတ်ဘုရားတိုက်ကြီး တစ်ခွင်ရှိ မတူညီသော ဒေသများမှ စုစည်းလာသော ပါရမီရှင်များ ဖြစ်ကြသည်။ အခြားရှုထောင့်မှ ကြည့်လျှင်၊ ၎င်းသည် ကောင်းကင်ဧကရာဇ် အင်အားစုများတွင် တွေ့ရသည့် စံနှုန်းများထက်ပင် ပိုမိုတင်းကျပ်သော ရွေးချယ်မှု စံနှုန်းများ ရှိနေသည်။
ထို့အပြင်၊ မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်သည် ကောလိပ်သမဂ္ဂကို တည်ထောင်သူများထဲမှ တစ်ခုဖြစ်ရာ၊ သူတို့၏ အခြေခံအုတ်မြစ်သည် သဘာဝကျကျပင် ခိုင်မာတောင့်တင်းသည်။ အကယ်၍ သူတို့၏ ကျောင်းသားများထဲမှ တစ်ဦးဦးကို အပြင်ဘက်တွင် ထားရှိမည်ဆိုပါက၊ သူတို့သည် ပိုမြင့်သောအဆင့်ရှိ ပြိုင်ဘက်များကို အနိုင်ယူနိုင်သည့် စွမ်းရည်ကို သေချာပေါက် ပိုင်ဆိုင်ထားပေလိမ့်မည်။
သို့သော်လည်း... ၎င်းမှာ ကောလိပ်ပြင်ပရှိ လူများနှင့် နှိုင်းယှဉ်ချက်သာ ဖြစ်သည်။ ကောလိပ်မှ ပြိုင်ဘက်တစ်ဦးနှင့် ယှဉ်ပြိုင်ရမည်ဆိုပါက ၎င်းသည် လွယ်ကူသော အလုပ်တစ်ခု ဖြစ်တော့မည် မဟုတ်ပေ။
အထူးသဖြင့်၊ ကောင်းကင်ကြယ်တာရာ ခန်းမသည် မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်မှ အသန်မာဆုံး ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းတွင် ကျောင်း၏ အစစ်အမှန် ကျွမ်းကျင်သူများ ရှိနေပြီး၊ ၎င်းအတွင်းသို့ ဝင်ရောက်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။
မည်သို့ပင်ဆိုစေ ဤနေရာရှိ မည်သူကများ ကောင်းကင်ဘုံ ပါရမီရှင်တစ်ယောက် မဟုတ်ဘဲ နေမည်နည်း။
ထို့ကြောင့်၊ လူအများအပြားမှာ ကျန်းချင်းအာ၏ အောင်ပွဲကို တကယ်ပဲ မှင်သက်သွားကြပြီး ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။
ယခုမှစ၍ ကျန်းချင်းအာသည် ကောင်းကင်ကြယ်တာရာ ခန်းမ၏ အောက်ခန်းမမှ အထက်ခန်းမသို့ ကူးပြောင်းသွားမည်ဖြစ်သည်။ ၎င်းသည် ရူးသွပ်လောက်အောင် မြန်ဆန်သော တိုးတက်မှုနှုန်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့လိုက်ရသောအခါ မြင့်မားသော စင်မြင့်ပေါ်ရှိ ပါရမီရှင် ကျောင်းသားများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ယခင်တိုက်ပွဲမှတစ်ဆင့်၊ ညီမငယ် ကျန်း တွင် မည်မျှ ပါရမီနှင့် အလားအလာများ ရှိနေကြောင်း ထင်ရှားနေသည်။ သူမ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် အထက်ခန်းမရှိ ငြိမ်းချမ်းသော နေ့ရက်များ စတင် ပြောင်းလဲသွားတော့မည်ပုံ ပေါ်သည်။
သူမ၏ ထူးခြားပြောင်မြောက်သော ပါရမီနှင့်ဆိုလျှင်၊ သူမသည် အမှတ် ၉၆ နေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် ကျေနပ်နေမည် မဟုတ်ကြောင်း သူတို့ သိထားကြသည်။
ကွင်းပြင်ထဲတွင်မူ၊ ကျန်းချင်းအာက ထွက်ခွာရန် လှည့်မထွက်မီ တိုက်ပွဲအတွက် လုကျင်းကွမ်းကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
စည်ကားနေသော ကွင်းပြင်မှ သူမ ထွက်ခွာတော့မည့်ဆဲဆဲတွင်၊ လူတစ်ယောက်က မြင့်မားသော စင်မြင့်ပေါ်မှ ခုန်ဆင်းလာပြီး လျှပ်တစ်ပြက်အတွင်း ကျန်းချင်းအာ၏ အရှေ့တွင် ပေါ်လာသည်။
၎င်းမှာ အခြားသူမဟုတ်ဘဲ၊ အစောပိုင်းက လုကျင်းကွမ်းနှင့် စကားပြောခဲ့သော ဝေ့ချုံလော့ပင် ဖြစ်သည်။
မီးတောက်ကဲ့သို့သော ဆံပင်များက တကယ်ကို ထင်ရှားနေပြီး တောင်းတင်းခိုင်မာသော ကိုယ်ခန္ဓာမှ လွှမ်းမိုးနိုင်သော အငွေ့အသက်ကို ထုတ်လွှတ်နေသဖြင့် ပရိသတ်များကြားမှ ဂျူနီယာ မိန်းကလေးများစွာမှာ စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေကြသည်။
မည်သို့ပင်ဆိုစေ၊ သူသည် ဤဂုဏ်သိက္ခာကြီးမားသော ရှေးဟောင်းကောလိပ်ရှိ ထိပ်တန်းကျောင်းသား ဆယ်ဦးထဲမှ တစ်ဦးဖြစ်ရာ၊ ၎င်းက သူသည် ကျောင်းတစ်ကျောင်းလုံးတွင် အထူးချွန်ဆုံး ကျောင်းသားများထဲမှ တစ်ဦးဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
ဝေ့ချုံလော့က ….
"အထက်ခန်းမကို ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ညီမလေးကျန်း…"
ကျန်းချင်းအာက သူ့ကို တစ်ချက်ကြည့်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့်သာ မေးလိုက်သည်။
"စီနီယာ ဝေ့၊ ကျွန်မဆီက တစ်ခုခု လိုချင်လို့လား…”
"မင်း အခု အထက်ခန်းမကို အဆင့်တက်သွားပြီဆိုတော့၊ မကြာခင် ကျင်းပမယ့် မြေရိုင်းဝိညာဉ်လွင်ပြင် လေ့ကျင့်ရေးအတွက် အချိန်ကိုက်ပဲ… မင်း စိတ်မရှိဘူးဆိုရင်၊ ငါတို့ အဲဒီအတွက် အဖွဲ့တစ်ခု ဖွဲ့လို့ရတယ်… ငါ့မှာ ကြီးမားတဲ့ အားသာချက်တော့ မရှိပေမယ့်၊အတွေ့အကြုံရှိတယ်။ အဲဒီမှာ ငါ အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးပြီး၊ ငါ့အဖွဲ့က အမြဲတမ်းများပြားတဲ့ ဆုလာဘ်တွေနဲ့ ပြန်လာနိုင်ခဲ့တယ်…"
ဝေ့ချုံလော့က အလွန် ပွင့်လင်းစွာဖြင့် ဘာကိုမှ မဖုံးကွယ်ဘဲ၊ အတွေးများကို လူမြင်ကွင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
သူ ကျန်းချင်းအာကို စိတ်ဝင်စားနေကြောင်း မည်သူမဆို သိနိုင်ပေသည်။သူမနှင့် နီးသပ်ရန် ဤအခွင့်အရေးကို အသုံးချနေခြင်းဖြစ်သည်။ သို့သော်လည်း၊ ၎င်းသည် မည်သူမဆို ငြင်းပယ်ရန် ခက်ခဲသော ဆွဲဆောင်မှုရှိသည့် ကမ်းလှမ်းချက်တစ်ခု ဖြစ်ကြောင်းကို သူတို့ မငြင်းဆိုနိုင်ပေ။
ကျောင်းသား အများအပြားမှာ ကျန်းချင်းအာ၏ ဆွဲဆောင်မှုရှိပြီး လှပသော မျက်နှာလေးကို မနာလိုမှုများ အပြည့်ဖြင့်သာ ကြည့်ရှုနိုင်ခဲ့သည်။
ကောလိပ်တွင် အလှလေးအသစ်တစ်ယောက် ရောက်လာခဲ့သော်လည်း၊ ဤစီနီယာက သူမကို မျက်စိကျနေခဲ့ပြီဖြစ်သည်။
သို့တိုင်အောင်၊ မနာလိုဖြစ်နေသော်လည်း မကျေနပ်သည့် လက္ခဏာ တစ်စုံတစ်ရာကို သူတို့ မပြသရဲကြပေ။
မည်သို့ပင်ဆိုစေ၊ ဝေ့ချုံလော့၏ စွမ်းအားကို သံသယဖြစ်စရာ မလိုပေ။
ကျန်းချင်းအာကတော့ တည်ငြိမ်နေပြီး ကမ်းလှမ်းမှုကြောင့် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင် လုံးဝမပြပေ။
"စီနီယာဝေ့ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်… ဒါပေမယ့်၊ ကျွန်မက တစ်ယောက်တည်း အလုပ်လုပ်ရတာကို ပိုသဘောကျတယ်…"
လူမြင်ကွင်းတွင် သူမ၏ ငြင်းပယ်ခြင်းကို ခံရသော်လည်း၊ ဝေ့ချုံလော့၏ မျက်နှာထား မပြောင်းလဲသွားသလို သူမကို ဆက်လက် နှောင့်ယှက်ခြင်းလည်း မရှိပေ။
"စိတ်မပူပါနဲ့ ညီမလေးကျန်း… မင်း အကူအညီ လိုအပ်လာရင် အချိန်မရွေး ငါ့ဆီ လာခဲ့ပါ… ငါက အဆင့်အမြင့်ဆုံး ကျောင်းသား မဟုတ်ပေမယ့်၊ မင်းကို ငါ့ရဲ့ အကောင်းဆုံး စွမ်းရည်တွေနဲ့ သေချာပေါက် ကူညီပေးပါ့မယ်…"
ထို့နောက် သူက ရိုးသားသော လေသံဖြင့် ဆက်ပြောပြန်သည်။
"ဒါနဲ့ စကားမစပ်၊ မင်းက နှောင်းပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကို မရောက်သေးဘူးဆိုတော့ အနာဂတ်မှာ မင်း လေ့ကျင့်ရေး ဒါမှမဟုတ် လက်ရည်စမ်းဖို့ အကူအညီ လိုအပ်ရင်၊ မင်းအတွက် ငါ အမြဲတမ်း အသင့်ရှိပါတယ်…အဲဒီနည်းလမ်းနဲ့ ငါတို့ နှစ်ယောက်စလုံး တိုးတက်လာနိုင်တာပေါ့…”
ဤကဲ့သို့ ပြုမူပုံနှင့် ပွင့်လင်းမှုက ပရိသတ်များထဲမှ ကျောင်းသူအများအပြား၏ နှလုံးသားများကို နောက်တစ်ကြိမ် ဖမ်းစားနိုင်ခဲ့သည်။ ကျန်းချင်းအာက မာနကြီးလွန်းသည်ဟု သူတို့ ခံစားနေကြရပြီ။
စီနီယာ ဝေ့ချုံလော့က သူမအတွက် အောက်ကျို့ပေးခဲ့ပြီးဖြစ်သော်လည်း၊ သူမသည် သူ့ကို လက်ခံရန် ဆန္ဒမရှိပေ။
ကျန်းချင်းအာကတော့ သူတို့ တန်ဖိုးထားသော အရာများကို လုံးဝ စိတ်မဝင်စားသလိုပင်။
တစ်ချိန်တည်းမှာပင်၊ ကျောင်းသား အများအပြားက တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ ဝေ့ချုံလော့က ဤကိစ္စတွင် တကယ်ကို တော်လှသည်။သူ့ရုပ်ရည်နှင့် စွမ်းရည်များကြောင့်၊ အသစ်တက်လာသော စီနီယာကျန်း သည် အစောကြီးမဟုတ်လျှင်တောင် နောက်ပိုင်းမှာ သူ့ကို သေချာပေါက် ချစ်မိသွားလိမ့်မည်ဟု သူတို့ ခန့်မှန်းနေကြပြီ။
ကျောင်းသားများ ဤသို့ တွေးနေကြစဉ်၊ ကျန်းချင်းအာ၏ မျက်လုံးများမှာ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ သူမက ဝေ့ချုံလော့ကို တည့်တည့် စိုက်ကြည့်နေသည်။ သံသယဖြစ်စရာမလိုဘဲ၊ သူသည် အဘက်ဘက်မှ ကြည့်လျှင် အထူးချွန်ဆုံးသူအဖြစ် သတ်မှတ်ခံရသည်။ သူသည် လူငယ်မျိုးဆက်တွင် ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦးဖြစ်သည်မှာ သေချာသည်။ထို့အပြင် ကုန်းရှန်ကျွင်း ထက်ပင် ပို၍ ဆွဲဆောင်မှုရှိနေသည်။
ဝမ်းနည်းစရာမှာ၊ ဤအရာများအနက် မည်သည့်အရာကမျှ သူမ၏ နှလုံးသားကို လှုပ်ခတ်ရန် မလုံလောက်ပေ။
သူမသည် မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်သို့ ကျင့်ကြံရန် လာခဲ့ခြင်းဖြစ်သည် လီလော့ကို သွားရှာနိုင်ရန် မြို့စားအဆင့်သို့ တတ်နိုင်သမျှ မြန်မြန် ရောက်ချင်ရုံသာဆန္ဒရှိသဖြင့် အခြားသော ပျင်းစရာကောင်းသည့် အရာအားလုံးကို သူမ လုံးဝ စိတ်မဝင်စားပေ။
မည်သို့ပင်ဆိုစေ၊ ဝေ့ချုံလော့ကတော့ ကျန်းချင်းအာ၏ ပဟေဠိဆန်သော ရွှေရောင်မျက်လုံးများကို ကြည့်လိုက်ရသဖြင့် အတော်လေး ပျော်ရွှင်နေသည်။ ဤမျှလောက် ကြိုးစားအားထုတ်ပြီးနောက်၊ နောက်ဆုံးတော့ ဤအလှလေး သူ့ကို သတိထားမိလာအောင် လုပ်နိုင်ခဲ့ပြီဖြစ်သည်။
"စီနီယာ ဝေ့…"
ကျန်းချင်းအာက သူမ၏ တည်ငြိမ်သော အသံဖြင့် စတင်လိုက်တော့…
"ညီမလေးကျန်း ငါ ဘယ်လို ကူညီပေးရမလဲ ပြောပါ…”
"ကျွန်မမှာ စေ့စပ်ထားတဲ့သူ ရှိပြီးသားပါ…"
ဤစကားများကို ကြားလိုက်ရသောအခါ ဝေ့ချုံလော့၏ မျက်နှာပေါ်ရှိ အပြုံးမှာ တစ်ခဏမျှ အေးခဲသွားသည်။
ပတ်ဝန်းကျင်ရှိ တီးတိုးစကားပြောသံများ ရုတ်တရက် ရပ်တန့်သွားပြီး လူတိုင်းက ကျန်းချင်းအာကို လှည့်ကြည့်ကြပြီး
သူတို့အားလုံးက သူမကို အံ့အားသင့်သော မျက်နှာများဖြင့် စိုက်ကြည့်နေကြသည်။
ဤမျှ ရုတ်တရက်ဆန်သော သတင်းစကား သူမ၏ ပါးစပ်မှ ထွက်လာလိမ့်မည်ဟု သူတို့ထဲမှ မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ဝေ့ချုံလော့က စက္ကန့်အနည်းငယ်ခန့် မှင်သက်သွားပြီးနောက် ခိုင်မာသော စိတ်နှလုံးဖြင့် အခြေအနေကို ပြန်လည်ထိန်းချုပ်လိုက်ကာ ….
"မင်းကို ငါ မနှောင့်ယှက်အောင်လို့ မင်း စဉ်းစားထားတဲ့ အကြောင်းပြချက် တစ်ခုလား…အဲဒီလိုဆိုရင်တော့၊ အဲဒီအတွက် ငါ တကယ် တောင်းပန်ပါတယ်…"
ကျန်းချင်းအာက ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်တော့ သူမ၏ တည်ငြိမ်လေးနက်သော အကြည့်များက ဝေ့ချုံလော့၏ မျက်နှာပေါ်ရှိ အပြုံးကို ဖယ်ရှားပစ်လိုက်သည်။
အဆုံးတွင်၊ သူက ခေတ္တမျှ စဉ်းစားပြီးနောက် ….
"ညီမလေး ကျန်း၊ မင်းရဲ့စကားတွေက အမှန်ဖြစ်စေ၊ အမှားဖြစ်စေ အရေးမကြီးပါဘူး.. ငါ လက်လျှော့မှာ မဟုတ်ဘူး… ပြီးတော့... ငါ မှတ်မိတာ မမှားဘူးဆိုရင် မင်းက ပြင်ပနတ်ဘုရားတိုက်ကြီးက လာတာ မဟုတ်လား.. အဲဒါက မင်းရဲ့ စေ့စပ်ထားတဲ့သူဆိုတဲ့ လူကလည်း ပြင်ပနတ်ဘုရားတိုက်ကြီးကပဲလို့ ဆိုလိုတာလား.."
"ရှင် ပြောတာ မှန်ပါတယ်။ ကျွန်မတို့ နှစ်ယောက်စလုံး ပြင်ပနတ်ဘုရားတိုက်ကြီးက လာတာပါ.. ဒါပေမယ့် အဲဒါက ကျွန်မအတွက် အရေးမကြီးပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မ အမြင်မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ တခြားယောကျ်ားတွေ အားလုံးက..."
သူမက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ကွင်းပြင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ဤနေရာသို့ ရောက်နေသူတိုင်းမှာ ထူးခြားပြောင်မြောက်သူများ ဖြစ်ကြသည်။ သူတို့ထဲမှ အချို့မှာ အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးတွင်တွင်ပင် နာမည်ရနေသူများ ဖြစ်သည်။
အဆုံးတွင်၊ သူမက ခံစားချက်ကင်းမဲ့သော လေသံဖြင့် သူမ၏ စကားကို ဆက်လက် အဆုံးသတ်လိုက်သည်။
"အသုံးမကျဘူး."
ထိုသို့ပြောပြီးနောက်၊ ဝေ့ချုံလော့၏ ရှုံ့မဲ့သွားသော မျက်နှာထား သို့မဟုတ် လူအုပ်ကြီး၏ စည်ကားသော တီးတိုးပြောဆိုသံများကို ကြည့်ရန် သူမ ဂရုမစိုက်တော့ပေ။ သူမ၏ ခြေလှမ်းများကို မှန်မှန်လှမ်းကာ၊ ဝေ့ချုံလော့ကို ကျော်ဖြတ်ပြီး ကွင်းပြင်ထဲမှ ထွက်ခွာသွားလေသည်။
သူမ ထွက်သွားစဉ် ပရိသတ်များ ပိုမို ဆူညံလာကြောင်း သူမ သိနိုင်ပေသည်။ သံသယဖြစ်စရာမလိုဘဲ၊ သူမ၏ စကားများကြောင့် သူတို့ ထိခိုက်ခံစားသွားရသည်။
ဤတုံ့ပြန်မှုကို မြင်သောအခါ သူမ၏ နှုတ်ခမ်းနီနီလေးများ အနည်းငယ် ကွေးညွှတ်သွားသည်။
“လီလော့၊ နင့်အတွက် ငါ ရန်စတွေ အများကြီး ပျိုးပေးခဲ့တယ်…မြင့်မြတ်သောအလင်းတော် ရှေးဟောင်းကောလိပ်က လူရမ်းကားတွေဆီမှာ အရိုက်မခံချင်ရင် ကျောက်ကောင်းကင်ဧကရာဇ် လီကလန်မှာ ပိုပြီး ကြိုးစားပေးပါ….ဒါပေမယ့် နင် တကယ်ပဲ သူတို့ကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့... ငါ ရှိသေးတယ်လေ…”