အခန်း (၈၉၃-၈၉၅)
Vol. 64 Ch. 893-895
အခန်း (၈၉၃) ဓားဆန္ဒများ ထိပ်တိုက်တွေ့ခြင်း…
ဘန်း
အနီရင့်ရောင် မီးကန့်လန့်ကာက လေထဲသို့ ပျံတက်သွားပြီး လူရိပ်တစ်ခုကို အတွင်းသို့ ဆွဲငင်ယူဆောင်သွားသည်။ ရုတ်တရက်ဆိုသလို မီးကန့်လန့်ကာအတွင်းမှ အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
"မိုးကြိုးနတ်ဘုရားကိုယ်ပွား …"
"သုံးရောင်ခြယ်စက်ကွင်း…"
တောက်လောင်နေသော မီးတောက်များထဲသို့ ကျရောက်သွားချိန်တွင် လီလော့ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီးများ ချက်ချင်း ပေါ်ပေါက်လာပြီး မိုးကြိုးနတ်ဘုရားကိုယ်ပွားဖြင့် မိမိကိုယ်ကိုယ် အားဖြည့်ရန် အချိန်မဆွဲခဲ့ပေ။
ထို့အပြင် ခန္ဓာကိုယ်ပတ်လည်တွင် သုံးရောင်ခြယ်စက်ကွင်းများ တစ်ပြိုင်နက်တည်း ပေါ်လာပြီး ခိုင်မာသော အကာအကွယ်အလွှာတစ်ခုအဖြစ် အဆက်မပြတ် လှည့်ပတ်နေသည်။ သို့သော်လည်း အကာအကွယ်အားလုံးမှာ ဤနေရာတွင် အသုံးမဝင်သလောက်ပင် ဖြစ်နေသည်။
အနီရင့်ရောင် မီးတောက်များ ဒေါသတကြီး လောင်ကျွမ်းနေစဉ် သုံးရောင်ခြယ်စက်ကွင်းများသည် ခဏတာမျှသာ ကြံ့ကြံ့ခံနိုင်ပြီးနောက် စတင်အရည်ပျော်သွားတော့သည်။ နောက်တစ်ခဏတွင် အရေပြားပေါ်၌ အပေါ်ယံ မီးလောင်ဒဏ်ရာများ စတင်ဖြစ်ပေါ်လာသည်။ နာကျင်မှုက ခန္ဓာကိုယ်ကို ထိုးဖောက်ကာ နှလုံးသားနှင့် ဝိညာဉ်၏ နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်သွားသည်။
ထို့အပြင် မီးတောက်များအတွင်းမှ အလွန်ထက်မြက်ပြီး ကြမ်းတမ်းသော ဓားစွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအင်က မီးလောင်နေသော အရေပြားပေါ်မှ ဖြတ်သန်းစီးဆင်းသွားချိန်တွင် အသွေးအသားကို လှီးဖြတ်ကာ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ဝင်ရောက်သွားသည်။ ထိုပြင်းထန်သော နာကျင်မှုမှာ ဘယ်သူ့ကိုမဆို မျက်ရည်ကျစေရန် လုံလောက်ပေသည်။
အခုမှသာ လီလော့သည် လီလင်းကျင်း ဖြတ်သန်းနေရသည့် နာကျင်မှုကို အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။
ချစ်လှစွာသောအဘိုးက တကယ်ကို ရက်စက်လွန်းတယ်.. ဘာမှမပြောဘဲ ချက်ချင်း ပစ်ထည့်လိုက်တာပဲ
သူ ငိုချင်စိတ်ပေါက်နေသော်လည်း ထိုသို့လုပ်ခြင်းက အပိုဖြစ်မည်ကို သိနေသည်။ ပြောစရာစကားလည်း မရှိတော့ပေ။ သူလုပ်နိုင်သမျှမှာ မိမိ၏ ပဲ့တင်ထပ်သံစွမ်းအင်အားလုံးကို ထုတ်ယူကာ ရှိသမျှအရာအားလုံးဖြင့် အကာအကွယ်ပေးထားပြီး ဤပုံသွင်းမှုကို ခန္ဓာကိုယ်က အနည်းငယ်မျှ ပိုမိုခံနိုင်ရည်ရှိရန် မျှော်လင့်ရုံသာဖြစ်သည်။
သို့သော်လည်း မီးတောက်များမှာ ကောင်းကင်မှ မိုးရွာသကဲ့သို့ ဆက်လက်ကျဆင်းနေပြီး သူ့ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေကာ ကျန်ရှိနေသော ဓားစွမ်းအင်များက အသားများကို လှီးဖြတ်နေသည်။ထို့ကြောင် စိတ်ထဲတွင် ပြင်းထန်သော နာကျင်မှုများဖြင့်သာ ပြည့်နှက်နေသည်။ အံကြိတ်ပြီး ဤစမ်းသပ်မှုကို အောင့်အီးသည်းခံရန် ဆုံးဖြတ်ပြီး အချိန်တိုလေးအတွင်းမှာပင် ဆက်ပြီး သည်းခံရန် လက်လျှော့လိုက်တော့သည်။
ထိုအစား အသားကုန် အော်ဟစ်လိုက်တော့သည်။ ၎င်းမှာ အသက်ရှင်သန်မှုအတွက် ဖြစ်သလို၊ အော်ဟစ်လိုက်ခြင်းက နာကျင်မှုကို လျော့ပါးစေမည်ဟု ယူဆပုံရသည်။
ဤသို့ အချိန်အတော်ကြာ ဖြစ်ပွားပြီးနောက်တွင် အနီရင့်ရောင် မီးတောက်များမှာ ခဏတာမျှ အရှိန်လျော့သွားသည့်အတွက် လီလော့အတွက် ပထမဆုံးအကြိမ် အသက်ရှူချောင်သွားခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မလှမ်းမကမ်းမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဝမ်းကွဲမောင်လေး လီလော့၊ ငါနဲ့ နည်းနည်းလောက် ဝေးဝေးမှာ နေပေးလို့ ရမလား…မင်းရဲ့ ရူးသွပ်သလို အော်ဟစ်သံတွေက... အာရုံနောက်စေတယ်"
မြေပြင်ပေါ်တွင် မှောက်လျက်လဲနေသော လီလော့မှာ ခဏတာ မှင်သက်သွားသည်။ သူ ခက်ခဲစွာ ထရပ်လိုက်ပြီး အသံလာရာဆီသို့ လျှောက်သွားလိုက်သည်။ ခဏအကြာတွင် ချိုင့်ခွက်လေးတစ်ခုထဲ၌ လှပသော လူရိပ်လေးတစ်ခု တင်ပျဉ်ခွေ ထိုင်နေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ အခြားသူမဟုတ်ဘဲ လီလင်းကျင်း ပင်ဖြစ်သည်။
သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး နှင်းကဲ့သို့ ဖြူစင်သော အသားအရေပေါ်တွင် မီးလောင်ဒဏ်ရာများ ပြည့်နှက်နေသည်။ သူမသည်လည်း ပြန်လည်သက်သာလာစေရန် သူမ၏ ပဲ့တင်ထပ်သံစွမ်းအင်ကို အသုံးပြုနေရသည်။
သူမက မော့ကြည့်လိုက်ပြီး အပေါ်တွင် ရပ်နေသော လီလော့ကို မြင်သောအခါ နောက်ပြောင်သည့်လေသံဖြင့် မေးလိုက်သည်။
"ဝမ်းကွဲမောင်လေး လီလော့၊ မင်းလည်း ကမ္ဘာခြားသက်ရှိတွေရဲ့ တိုက်စားမှုကို ခံလိုက်ရလို့လား..အဲဒါကြောင့် ဒီထဲကို ပစ်ချခံလိုက်ရတာလား…”
လီလော့က အနည်းငယ် ပြုံးလိုက်ပြီး ယုံကြည်မှုရှိရှိ ပြန်ဖြေသည်။
"ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန္ဒအရ ကျင့်ကြံဖို့အတွက် ဒီထဲကို ဝင်လာခဲ့တာပါ…”
ထိုစကားကို ကြားသောအခါ လီလင်းကျင်း၏ လှပသော မျက်လုံးများ ကျယ်သွားပြီး အနည်းငယ် အထင်ကြီးသည့်ဟန်ဖြင့်….
"ဝမ်းကွဲမောင်လေး လီလော့၊ မင်း တကယ်ကို သန်မာတာပဲ… ငါကတော့ မခံစားနိုင်ဘူး.. အမြန်ဆုံး ထွက်ချင်နေတာ၊ ဒါပေမဲ့ မင်းကတော့ ဒီထဲကို ကိုယ်တိုင်ဝင်လာဖို့ ရွေးချယ်ခဲ့တာပေါ့"
သူမ ဤသို့ပြောချိန်တွင် သူမ၏ မျက်လုံးအစုံ၏ နက်ရှိုင်းသောနေရာ၌ ရယ်မြူးနေသည့် အရိပ်အယောင်တစ်ခု ဖုံးကွယ်နေသည်။ လီလော့ပြောတာကို သူမ တကယ်ယုံသလား၊ မယုံဘူးလား ဆိုသည်မှာတော့ မသေချာပေ။
လီလော့က လက်ဝှေ့ယမ်းပြပြီး ….
"ဒီ မီးနဂါးဓားစွမ်းအင်လေးက ကျွန်တော့်အတွက် ဘာမှမဟုတ်ပါဘူး… ကျွန်တော် ထင်ထားတာထက်တောင် ပိုပြီး အားနည်းနေသေးတယ်….”
သူ စကားပြောပြီးသည်နှင့် ကောင်းကင်ယံထက်မှ နဂါးဟိန်းသံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် ဥက္ကာခဲတစ်ခု ကျဆင်းလာသကဲ့သို့ အနီရင့်ရောင် မီးတောက်ဘောလုံးတစ်ခုက သူ့ထံသို့ တည့်တည့် ကျဆင်းလာသည်။
ဤရုတ်တရက် ကျဆင်းလာသော မီးတောက်ဘောလုံး သူ့အပေါ် ကျရောက်လာချိန်တွင် လီလော့သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လိုက်ပြီး အံကြိတ်ကာ ပြင်းထန်သော နာကျင်မှုကို အောင့်ခံလိုက်သည်။ ထူးဆန်းသည်မှာ သူသည် နာကျင်မှုအစား အေးစိမ့်သော လေတစ်ချက် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသလို ခံစားလိုက်ရသဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင် သူ့ မျက်နှာအမူအရာ အေးခဲသွားတော့သည်။
မီးတောက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းရန် မကြိုးစားခဲ့ပေ။ ယင်းအစား ၎င်းတို့သည် အဝတ်အစားများကိုသာ ပြာကျစေခဲ့ပြီး အတွင်းခံဘောင်းဘီတစ်ထည်တည်းနှင့် ဗလာကျင်းနေစေခဲ့သည်။
ယခုအခါ သူသည် အဝတ်အစား လုံးဝမရှိသလောက်ဖြင့် မြင့်မားသော မြေပြင်ပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ ၎င်းမှာ တကယ်ကို မျက်စိကျစရာ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
"အဘိုး... လျှောက်မလုပ်ပါနဲ့.."
လီလော့က ကောင်းကင်ယံသို့ အော်ဟစ်လိုက်ရင်း အိတ်ဆောင် စက်လုံးထဲမှ အဝတ်အစား အသစ်တစ်စုံကို အလျင်အမြန် ထုတ်လိုက်သည်။
ထို့နောက် ခဏတာမျှ စကားမပြောနိုင်လောက်အောင် ဖြစ်နေပုံရသော လီလင်းကျင်းကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"ဝမ်းကွဲအစ်မ လင်းကျင်း၊ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်.."
လီလင်းကျင်းသည် မကြာမီမှာပင် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီး မည်သည့် ခံစားချက်မျှ မပြပေ။ သူမက အေးဆေးသော မျက်နှာပေးဖြင့် မှတ်ချက်ချလိုက်သည်။
"ဝမ်းကွဲမောင်လေး လီလော့၊ မင်းရဲ့ ခန္ဓာကိုယ်က မဆိုးဘူးပဲ"
ထိုမှတ်ချက်ကို ကြားသောအခါ လီလော့မှာ ဆက်ပြီး မနေနိုင်တော့ဘဲ ထွက်ပြေးသွားတော့သည်။
လီလင်းကျင်း၏ သေးငယ်သော ခန္ဓာကိုယ်လေးက သူ လှည့်ထွက်ပြေးသွားသည်ကို မြင်မှသာ အနည်းငယ် ပြေလျော့သွားသည်။ ထိုအခါမှသာ သူမသည် အနည်းငယ် ပူရှိန်းရှိန်း ဖြစ်နေသော သူမ၏ နားရွက်များကို ဖွဖွလေး ပွတ်သပ်ရင်း သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူ့ရဲ့ ခန္ဓာကိုယ်က တကယ်လည်း မဆိုးပါဘူး"
ဤရှက်စရာကောင်းသော ဖြစ်ရပ်ပြီးနောက်တွင် လီလော့သည် လီလင်းကျင်းကို ထပ်မံ၍ မနှောင့်ယှက်ရဲတော့ပေ။ အနီရင့်ရောင် မီးတောက်များ၏ အညှာအတာမဲ့ ကင်မြှိုက်မှုကို သည်းခံရင်း သူတို့ အချင်းချင်း ခွဲနေခဲ့ကြသည်။
သူတို့ ဖြတ်သန်းရသော နာကျင်မှုမှာ စိတ်ကူးယဉ်နိုင်စရာမရှိအောင် ပြင်းထန်လှသည်။
အကြိမ်ပေါင်းများ ခံစားပြီးနောက်
ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဟုပင် ထင်မိခဲ့သည်။ အသိစိတ် စတင်ဝေဝါးလာသော်လည်း စိတ်ဆန္ဒဖြင့် တွန်းလှန်ကာ သည်းခံခဲ့သည်။
သူ အရှုံးပေးမည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် အဝေးမှ လီလင်းကျင်း၏ နာကျင်မှုကြောင့် တိုးညှင်းသော ညည်းသံများကို သူ ကြားနေရသည်။ သူမပင်လျှင် ဤနာကျင်မှုကို ခံနိုင်ရည်ရှိနေပါက သူမအား ရှုံးနိမ့်စရာ အကြောင်းမရှိပေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ခန္ဓာကိုယ်မှာ ထုံကျင်လာသည်ကို ခံစားလိုက်ရသည် တစ်ကိုယ်လုံးရှိ အသားစိုင်များမှာ မည်သည့် ခံစားချက်မျှ မရှိတော့သလိုပင်။
သို့သော်လည်း ဤအခြေအနေတွင် ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော နောက်ထပ် ပဟေဠိဆန်သည့် စွမ်းအင်တစ်ခုကို သူ ခံစားလိုက်ရသည်။
သူ အာရုံစိုက်လိုက်သောအခါ ၎င်းကို မှတ်မိသွားသည်။
ဆူပွက်ကာ ပူလောင်နေသော ဓားဆန္ဒတစ်ခု...
၎င်းမှာ သူ့ခန္ဓာကိုယ်အတွင်း ကျန်ရစ်နေသော မီးနဂါးဓားစွမ်းအင် ဖြစ်သည်။
ဤအခိုက်အတန့်မှာပင် သူသည် ဉာဏ်အလင်းပွင့်သွားပြီး စိတ်ကူးတစ်ခု ခေါင်းထဲသို့ ဖြတ်ပြေးသွားသည်။
သူသည် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို
အသက်သွင်းလိုက်ပြီး စကြဝဠာဓားဆန္ဒထဲသို့ ချက်ချင်း နစ်မြုပ်လိုက်သည်။
သူ စကြဝဠာဓားဆန္ဒထဲသို့ နစ်မြုပ်သွားချိန်တွင် ဓားဆန္ဒ အမျှင်တစ်ခုမှာ တစ်ခုခု၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပုံရသည်။ ပုံမှန်အားဖြင့် ဤသို့လုပ်ရန် အားထုတ်မှုများစွာ လိုအပ်သော်လည်း၊ ဤတစ်ကြိမ်တွင်မူ အားစိုက်စရာမလိုဘဲ ပေါ်ထွက်လာခဲ့သဖြင့် လီလော့ အလွန်ဝမ်းသာသွားသည်။
စကြဝဠာဓားဆန္ဒသည် သူ့ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော အဆင့်မြင့် မီးနဂါးဓားစွမ်းအင်၏ ဆွဲဆောင်မှုကို ခံလိုက်ရခြင်းများလား။
၎င်းမှာ အလွန်ဖြစ်နိုင်ချေရှိသည်။ ဘာပဲဖြစ်ဖြစ် ၎င်းတို့နှစ်ခုလုံးမှာ တောဘုရင်များကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ တစ်ဦးက အခြားတစ်ဦး၏ နယ်မြေထဲသို့ ခြေချလာပါက ကျန်တစ်ဦးမှာ ၎င်းကို ကာကွယ်ရန် သေချာပေါက် ထွက်လာမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် လီလော့မှာ ဤအရာမှ အမှန်တကယ် အကျိုးကျေးဇူး ရရှိသွားခြင်း ဖြစ်သည်။
စကြဝဠာဓားဆန္ဒ အမျှင်လေး ပေါ်လာသောအခါ လီလော့က ၎င်းကို အလျင်အမြန် စုဆောင်းပြီး ပြည့်စုံသော စကြဝဠာဓားဆန္ဒတစ်ခု ဖြစ်လာရန် ပေါင်းစပ်လိုက်သည်။
နာရီဝက်အတွင်းမှာပင် ယခင်က ရက်ပေါင်းများစွာ ကြာမြင့်အောင် လုပ်ဆောင်ခဲ့ရသော အရာကို အောင်မြင်အောင် လုပ်နိုင်ခဲ့သဖြင့်
လီလော့မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
အခြားအရာအားလုံးကို ဂရုမစိုက်တော့ဘဲ စကြဝဠာဓားဆန္ဒကို စုဆောင်းရန်အတွက်သာ လုံးဝ အာရုံစိုက်လိုက်တော့သည်။
ဤသို့ဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့ပြီး
သူ့ခန္ဓာကိုယ်ပေါ်၌ ပြင်းထန်သော နာကျင်မှုတစ်ခု လွှမ်းမိုးလာသည်အထိ သူ မရပ်တန့်ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူ့ ခန္ဓာကိုယ်မှာ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သူသာ ထပ်ပြီး ရှေ့ဆက်နေပါက လုံးဝ ပြိုလဲသွားပေလိမ့်မည်။
သက်ပြင်းတစ်ချက် ချလိုက်ရုံမှတစ်ပါး လီလော့ ဘာမှမတတ်နိုင်တော့ပေ။
မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ့ပတ်ဝန်းကျင်မှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ သူသည် ရေကန်ဘေးရှိ နားနေဆောင်ထဲသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
တစ်နည်းနည်းဖြင့် သူသည် ပထမဆုံးအကြိမ် မီးကန့်လန့်ကာဖြင့် ပုံသွင်းခြင်းကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။
အခန်း (၈၉၄) - အဆီအနှစ် ရရှိခြင်း
လီလော့သည် မီးကန့်လန့်ကာနယ်မြေမှ ပြန်ရောက်လာသည်နှင့် သူ့ရှေ့မှ လီကျင်းဇယ်၏ အသံကို ကြားလိုက်ရသည်။
"ဒီကောင်လေး... မီးနဂါးဓားစွမ်းအင်ကို သုံးပြီး စကြဝဠာဓားဆန္ဒကို ဆွဲဆောင်လို့ရမှန်း တကယ် သတိထားမိသွားတာပဲ…"
သူ ခေါင်းမော့ကြည့်လိုက်တော့ နားနေဆောင်ဘေးတွင် ငါးမျှားနေရင်း သူ့ကို စိတ်ဝင်တစား ကြည့်နေသော အဘိုးဖြစ်သူကို တွေ့လိုက်ရသည်။ လီကျင်းဇယ်၏ စကားကို ကြားသောအခါ လီလော့၏ မျက်နှာတွင် ဝမ်းသာအားရမှုများ ပြည့်နှက်သွားသည်။ စကြဝဠာဓားဆန္ဒ ပေါ်ထွက်လာခြင်းမှာ တကယ်ကို မထင်မှတ်ထားသော ဆုလာဘ်တစ်ခုပင် ဖြစ်သည်။ နှစ်နာရီဟူသော အချိန်တိုလေးအတွင်းမှာပင် သူသည် ပုံမှန်အခြေအနေ၌ ရက်ပေါင်းများစွာ ကြိုးစားမှရမည့်အရာများကို စုဆောင်းနိုင်ခဲ့သည်။
ယခင်က စကြဝဠာဓားဆန္ဒ စုစုပေါင်း ငါးမျှင်ကိုသာ စုဆောင်းနိုင်ခဲ့သည်။ သို့သော် ထိုအတွက် တစ်လလုံးလုံး ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ရခြင်း ဖြစ်သည်။ ယခုမူ နှစ်နာရီအတွင်းမှာတင် နှစ်မျှင်ကို စုဆောင်းနိုင်ခဲ့သည်။ ၎င်းမှာ တကယ်ကို ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခုပင် ဖြစ်သည်။
ဤအရှိန်အတိုင်းဆိုလျှင် သူ မကြာမီမှာပင် လုံလောက်သော စကြဝဠာဓားဆန္ဒကို ရရှိတော့မည်ဖြစ်သည်။ ထိုအခါကျလျှင် နဂါးစွယ်အဆီအနှစ်တစ်ခု ရရှိရန်သာ လိုတော့မည်။ ပစ္စည်းပြည့်စုံသည်နှင့် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို စတင်ကျင့်ကြံနိုင်မည် ဖြစ်သည်။
သာလွန်အဆင့်မြို့စားအဆင့်ကျင့်စဉ်ကို အသုံးပြုရမည့်အကြောင်း စဉ်းစားမိရုံဖြင့် စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရသည်။
သူသာ ၎င်းကို ကျွမ်းကျင်သွားပါက အကြီးမားဆုံးသော သေစေနိုင်သည့် တိုက်ကွက် ဖြစ်လာပေလိမ့်မည်။
ထိုအချိန်မှာပင် သူ့ဘေးနား၌ နောက်ထပ် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ လီလင်းကျင်းလည်း မီးကန့်လန့်ကာထဲမှ ကန်ထုတ်ခံလိုက်ရပုံရသည်။
သူမ၏ အရေပြားပေါ်တွင် မီးလောင်ဒဏ်ရာများ ပြည့်နှက်နေပြီး သနားစရာကောင်းသော အသွင် ဖြစ်နေသည်။ သူမ၏ ခန္ဓာကိုယ်မှ အပူရှိန်အငွေ့အသက်များ ထွက်ပေါ်နေဆဲဖြစ်ရာ ဆူပွက်နေသော ဆီအိုးထဲမှ အခုတင် ဆယ်ယူထားသည့် ပုစွန်ကြော်တစ်ကောင်နှင့်ပင် တူနေတော့သည်။
"အဆင်ပြေရဲ့လား"ဟု လီလော့က စိုးရိမ်တကြီး မေးလိုက်သည်။
သူမမှာ သူနှင့်နှိုင်းယှဉ်လျှင် အခြေအနေ ပိုဆိုးပုံရသည်။ သူမရှိရာဘက်မှ နဂါးမီးဓားစွမ်းအင်မှာ ပို၍ ပြင်းထန်သောကြောင့် ဖြစ်နိုင်သည်။
တုန်တုန်ယင်ယင်နှင့် မတ်တပ်ရပ်နေသော သူမ၏ သေးငယ်သည့် ခန္ဓာကိုယ်လေးထဲတွင် မီးဓားစွမ်းအင် အကြွင်းအကျန်များ ရှိနေဆဲဖြစ်သည်။ ပြင်းထန်သော နာကျင်မှုက သူမ၏ တစ်ကိုယ်လုံးကို ထိုးဖောက်နေသော်လည်းရှိသမျှ အားအင်ဖြင့် အောင့်အီးသည်းခံနေသည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း လီလော့ကို ကြည့်ကာ အားတင်းပြုံးပြလိုက်သည်။
"အဆင်.. အဆင်ပြေပါတယ်.”
လီကျင်းဇယ်က သူမကို တစ်ချက်ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်ထဲက ကမ္ဘာခြားသက်ရှိတော့ အနည်းငယ် အားနည်းသွားပြီပဲ.. မီးနဂါးဓားစွမ်းအင်က ထိရောက်မှုရှိတယ်လို့ ပြောရမှာပဲ…ဒါပေမဲ့ ဝိညာဉ်စားအစစ်အမှန်နတ်ဆိုးက မင်းရဲ့ ဝိညာဉ်နဲ့ ရောယှက်နေတာ အရမ်းကြာနေပြီဆိုတော့ ဒါကို နောက်ထပ် အကြိမ်အနည်းငယ် လုပ်ဖို့ လိုအပ်ဦးမယ်"
"နောက်တစ်လအတွင်းမှာ မင်းကို မီးနဂါးဓားစွမ်းအင်ထဲမှာ နေ့တိုင်း စိမ်ပေးရလိမ့်မယ်…အဲဒါဆိုရင်တော့ ဝိညာဉ်စားအစစ်အမှန်နတ်ဆိုးကို အပြီးတိုင် ဖယ်ရှားပစ်နိုင်လောက်ပါတယ်"
လီလင်းကျင်းက အံကို တင်းတင်းကြိတ်ကာ….
"ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်ကြီး..ကျွန်မ သေချာပေါက် သည်းခံပါ့မယ်.."ဟု ပြန်ဖြေရှာသည်။
လီကျင်းဇယ်က အနည်းငယ် ခေါင်းညိတ်ပြသည်။ မီးကန့်လန့်ကာအတွင်းရှိ သူမ၏ စွမ်းဆောင်ရည်ကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ သူမ၏ စိတ်ပိုင်းဖြတ်မှုနှင့် ကြံ့ကြံ့ခံနိုင်ရည်မှာ နဂါးကလန်ငါးခု၏ အစောင့်တပ်ငါးခုရှိ အခြားမည်သည့် ပါရမီရှင်ထက်မဆို များစွာ သာလွန်နေသည်။
နောက်တစ်ခဏတွင် သူက လီလော့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"နဂါးခေါင်းဆောင် ပြိုင်ပွဲအတွက် နောက်ထပ် တစ်လပဲ ကျန်တော့တယ်… ဒီအချိန်အတွင်းမှာ မင်း နေ့တိုင်း နှစ်နာရီ အချိန်ပေးပြီး ဒီမှာ လာကျင့်ကြံလို့ ရတယ်… မင်းက နတ်ဆိုးခန္ဓာအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ၊ အခြေခံကလည်း ခိုင်မာနေပြီဆိုတော့ အခု နတ်ဆိုးကြယ်စွမ်းအင်ါကို ကျင့်ကြံဖို့ စဉ်းစားလို့ ရပြီ"
ယခုတစ်ကြိမ်တွင်မူ လီလော့သည် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ သဘောတူလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤနည်းလမ်းဖြင့် ကျင့်ကြံခြင်းက သူ ထင်ထားသည်ထက် ပို၍ အကျိုးရှိသောကြောင့်ဖြစ်သည်။ နတ်ဆိုးကြယ်စွမ်းအင်ကို သန့်စင်နိုင်ရုံသာမက ဤနေရာတွင် စကြဝဠာဓားဆန္ဒကိုလည်း ပိုမိုမြန်ဆန်သောနှုန်းဖြင့် စုဆောင်းနိုင်သည်။ ၎င်းမှာ သံသယဖြစ်စရာမလိုဘဲ အချိန်ကို အထိရောက်ဆုံး အသုံးပြုခြင်းပင် ဖြစ်သည်။
ခန္ဓာကိုယ်က မည်မျှပင် နာကျင်မှုကို ခံစားရပါစေ ရရှိမည့် အကျိုးကျေးဇူးများက ထိုပေးဆပ်မှုနှင့် တန်ပေသည်။
မည်သို့ပင်ဆိုစေ ဤအခွင့်အရေးသည် မည်မျှ ရှားပါးပြီး အဖိုးတန်ကြောင်း သူ နားလည်ပါသည်။ မိမိ၏ ကျင့်ကြံမှုအတွက် ဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ဦးထံမှ အကူအညီရယူရန်မှာ ထင်သလောက် မလွယ်ကူပေ။
သူတို့နှစ်ဦး၏ လက်ရှိအခြေအနေကို ကြည့်ရင်း လီကျင်းဇယ်က လက်ချောင်းကို တစ်ချက်ခါလိုက်ရာ အလင်းလုံးနှစ်လုံးက လီလော့နှင့် လီလင်းကျင်းထံသို့ ပျံသန်းသွားသည်။ အလင်းလုံးတစ်ခုစီ၏ အတွင်း၌ အလွန်အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် ကျောက်စိမ်းပုလင်း တစ်လုံးစီ ပါရှိသည်။ အမှန်တကယ်ပင် ၎င်းတို့ပတ်ဝန်းကျင်ရှိ လေထုမှာ ခဏတာ အေးခဲသွားသယောင် ရှိသည်။
"ငါ့ရဲ့ မီးနဂါးဓားစွမ်းအင်က အရမ်းကို လွှမ်းမိုးနိုင်စွမ်းရှိတယ်… အဲဒီထဲမှာ စိမ်ပြီးတဲ့နောက် မင်းတို့ ခန္ဓာကိုယ်ထဲမှာ ဓားစွမ်းအင် အကြွင်းအကျန်တွေ ရှိနေလိမ့်မယ်.. အဲဒါက တဖြည်းဖြည်းနဲ့ မီးအဆိပ်တစ်မျိုး ဖြစ်လာလိမ့်မယ်… အဲဒါကို အချိန်ကြာမြင့်စွာ စုပုံခွင့်ပြုထားမယ်ဆိုရင် နောက်ပိုင်း ကျင့်ကြံတဲ့အခါမှာ ထိန်းချုပ်မရဖြစ်လာပြီး တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားစေနိုင်တယ်… ဒီကျောက်စိမ်းပုလင်းတွေထဲမှာ အေးစိမ့်အဆီအနှစ်ရည်တွေပါတယ်..ပြန်ရောက်တဲ့အခါ ကျင့်ကြံရင်းနဲ့ အဲဒါကို အရေပြားပေါ်မှာ လိမ်းပေးပါ.. အဲဒါက မင်းတို့ ခန္ဓာကိုယ်ထဲက ကျန်နေတဲ့ မီးနဂါးဓားစွမ်းအင်တွေကို အရည်ပျော်သွားအောင် ကူညီပေးလိမ့်မယ်"
လီလော့နှင့် လီလင်းကျင်းတို့သည် နဂါးမီးဓားစွမ်းအင်၏ ကြောက်မက်ဖွယ် နောက်ဆက်တွဲ ဆိုးကျိုးများကို ကြားလိုက်ရသောအခါ ကျောရိုးတစ်လျှောက် စိမ့်သွားကာ ကျောက်စိမ်းပုလင်းများကို အလျင်အမြန် လက်ခံလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်ကြီး အဘိုးရဲ့ ကျေးဇူးကို ကျွန်မ နှလုံးသားထဲမှာ အမြဲ မှတ်သားထားပါ့မယ်" ဟု လီလင်းကျင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
သူကိုယ်တိုင် သူမ၏ ဝိညာဉ်စားအစစ်အမှန်နတ်ဆိုးကို ဖယ်ရှားပေးရုံသာမက နောက်ဆက်တွဲဆိုးကျိုးများအတွက်ပါ ဆေးဝါးများ ပြင်ဆင်ပေးထားခြင်းက အတော်ရုံကျေးဇူးမဟုတ်ပေ။ ဤသည်မှာ မြို့စားအဆင့်တစ်ဦးပင် ရရှိနိုင်ခဲသော ကုသမှုမျိုး ဖြစ်သည်။
လီကျင်းဇယ်က သူမကို နောက်တစ်ကြိမ် ကြည့်ကာ…. "ငါ့မြေးက မင်းကို ကာကွယ်မယ်လို့ ပြောထားမှတော့ ငါလည်း သူ့ကို မျက်နှာသာပေးရမှာပေါ့"
ဤစကားဖြင့် သူသည် သူမ၏ ကျေးဇူးတင်မှုကို လီလော့ထံသို့ လမ်းကြောင်းလွှဲပေးလိုက်ခြင်း ဖြစ်သည်။
လီလင်းကျင်းက ဤအချက်ကို ကောင်းစွာ နားလည်သဖြင့် လီလော့ဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
"ဝမ်းကွဲမောင်လေး လီလော့ရဲ့ ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး..နောင်ကျရင် မောင်လေး လိုအပ်တာမှန်သမျှကို အစ်မ သေချာပေါက် ကူညီပါ့မယ်"
လီလော့က ကူကယ်ရာမဲ့စွာ ပြုံးရင်း…
"ကျွန်တော်က ကတိအတိုင်း လုပ်တာပါပဲ..ပြီးတော့ နဂါးစွယ်ကလန်မှာ နောက်ထပ် ထိပ်တန်း ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာတာကို မြင်ချင်နေတာလည်း ပါတာပေါ့"
ထိုအခါ လီလင်းကျင်း၏ မျက်ခုံးလေးများ ပြေလျော့သွားပြီး တောက်ပကာ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်သည်။
" ဒီလောက်အထိ အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝမ်းကွဲမောင်လေး.. လီလော့… မောင်လေးရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင် ကြိုးစားပါ့မယ်"
ဤနေရာတွင် လီကျင်းဇယ်က ငါးမျှားခြင်းလုပ်ငန်းသို့ ပြန်သွားရင်း သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
လီလော့နှင့် လီလင်းကျင်းတို့လည်း သူ့ကို ထပ်မံ၍ မနှောင့်ယှက်တော့ဘဲ ယဉ်ကျေးစွာ နှုတ်ဆက်ကာ ထွက်ခွာခဲ့ကြသည်။
အပြင်ဘက်တွင် လီရုန်ယွင့်နှင့် လီဖုန်းတို့က စောင့်ဆိုင်းနေကြသည်။ လီလင်းကျင်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဒဏ်ရာများ မရှိသည်ကို မြင်မှသာ သူတို့နှစ်ဦး စိတ်အေးသွားကြသည်။ လီကျင်းဇယ်က လီလင်းကျင်းကို နေ့တိုင်း မီးနဂါးဓားစွမ်းအင် ပုံသွင်းမှုအတွက် ပြန်လာရန် ညွှန်ကြားလိုက်သည်ကို ကြားသောအခါ သူတို့ ပို၍ပင် သက်ပြင်းချနိုင်သွားကြသည်။
ကလန်ခေါင်းဆောင်၏ ကိုယ်တိုင်ကိုယ်ကျ ကူညီမှုဖြင့် လီလင်းကျင်းမှာ မကြာမီ လုံးဝ ဥဿုံ ပျောက်ကင်းတော့မည်ပုံ ရသည်။
တစ်ချိန်တည်းမှာပင် လီရုန်ယွင့်က လီလော့ကို နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူသာ မရှိလျှင် ကလန်ခေါင်းဆောင်က ဤကိစ္စကို ကိုယ်တိုင် ပါဝင်ကူညီပေးရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဖြစ်နိုင်ခြေ အရှိဆုံးမှာ ဤကိစ္စကို တိတ်တဆိတ်သာ သိမ်းဆည်းထားလိုက်မည် ဖြစ်သည်။ သို့သော် နောင်တွင် နဂါးစွယ်ကလန်၏ စည်းကမ်းထိန်းသိမ်းရေးဌာနက သတိထားမိသွားပါက သေချာပေါက် ပြဿနာတက်ပေလိမ့်မည်။
လီလော့က ယဉ်ကျေးစွာ ပြန်လည်တုံ့ပြန်ပြီး မနက်ဖြန် ပြန်ဆုံမည့်အချိန်ကို သတ်မှတ်လိုက်သည်။ ထို့နောက် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်နှင့်အတူ ထိုနေရာမှ ထွက်ခွာခဲ့သည်။
နောက်ပိုင်းရက်များတွင် လီလော့သည် ကိုယ်ပိုင်ကျင့်ကြံမှုများနှင့် အစိမ်းရောင်နယ်သာတံခွန်နှင့်အတူ နတ်ဆိုးလိုဏ်ဂူ စူးစမ်းလေ့လာမှုများ ပြီးဆုံးသည်နှင့် ရေကန်ဘေးရှိ မဏ္ဍပ်သို့ သွားကာ လီလင်းကျင်းနှင့်အတူ မီးနဂါးဓားစွမ်းအင်ကန့်လန့်ကာပုံသွင်းမှုကို ခံယူလေ့ရှိသည်။
၎င်းမှာ ငရဲခန်းတစ်ခုကဲ့သို့ ဆိုးရွားလှသော နှိပ်စက်မှု ဖြစ်နေသော်လည်း ရရှိမည့် ဆုလာဘ်များကြောင့် လီလော့မှာ စိတ်ဓာတ်တက်ကြွနေခဲ့သည်။
နတ်ဆိုးကြယ်စွမ်းအင်ကို သန့်စင်ရန်မှာ အချိန်ပိုလိုအပ်သော်လည်း သူ စုဆောင်းရရှိသည့် စကြဝဠာဓားဆန္ဒ ပမာဏမှာ နေ့စဉ်နှင့်အမျှ တည်ငြိမ်စွာ တိုးပွားလာခဲ့သည်။ ၎င်းမှာ သူ သည်းခံခဲ့ရသော ပြင်းထန်သည့် နာကျင်မှုမှ ရရှိသည့် သိသာထင်ရှားသော အကျိုးကျေးဇူးတစ်ခုပင် ဖြစ်သည်။
ဆယ်ရက်ဟူသော အချိန်တိုအတွင်းမှာပင် လီလော့သည် စကြဝဠာဓားဆန္ဒ စုစုပေါင်း အမျှင် ငါးဆယ်ကို စုဆောင်းနိုင်ခဲ့သည်။
ပထမဆုံးသော နဂါးစွယ်ဓားကို ပုံသွင်းရန်အတွက် ဤမျှလောက်ဆိုလျှင် လုံလောက်ပြီဟု သူ ခံစားရသည်။ ယခုအခါ သူ ရယူရန် ကျန်နေသည်မှာ နဂါးစွယ်အဆီအနှစ်တစ်ခုသာပင်။
မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နေ့တွင် စိတ်ရှည်မှုအတွက် အကျိုးကျေးဇူး ရရှိခဲ့သည်။
သူ ရေကန်ဘေးရှိ ကျောက်မဏ္ဍပ်သို့ ရောက်လာသောအခါ လီကျင်းဇယ်က ပစ္စည်းတစ်ခုကို သူ့ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။ ၎င်းမှာ အရိုးနှင့် အစွယ်များဖြင့် ပြုလုပ်ထားပုံရသော ခွက်တစ်ခု ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် စွမ်းအင်သင်္ကေတများ လှည့်ပတ်နေပြီး ခွက်၏ အဝကို ပိတ်ဆို့ထားသည်။
လီလော့မှာ ဘာဖြစ်နိုင်သည်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ သူ ခွက်အတွင်းပိုင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ရာ ပဟေဠိဆန်သော ရွှေရောင်အရည် နှစ်စက်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် သက်ဝင်လှုပ်ရှားစွာ ကူးခတ်နေသော ရွှေရောင် ငါးလေး နှစ်ကောင်နှင့်ပင် တူနေသည်။ အံ့ဩဖွယ်ကောင်းသော သက်စောင့်အားအင်နှင့် ပဟေဠိဆန်သော စွမ်းအင်လှိုင်းများ ခွက်ထဲမှ ထွက်ပေါ်နေပြီး နဂါးဟိန်းသံကိုပင် မှေးမှိန်စွာ ကြားနေရသည်။
လီကျင်းဇယ်က စိတ်လှုပ်ရှားနေသော လီလော့ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးရင်း…"မင်းရဲ့ လျှို့ဝှက်ကျင့်စဉ်က အတော်လေး ထိရောက်သားပဲ.. နဂါးစွယ် ငါးချောင်းထဲကနေ နဂါးစွယ်အဆီအနှစ် နှစ်စက် ထုတ်ယူနိုင်ခဲ့တယ်"
သို့သော် ဤသို့သော အံ့မခန်း ရလဒ်များကို ရရှိရန်အတွက် လျှို့ဝှက်ကျင့်စဉ်ရှိ ပါဝင်ပစ္စည်းအချို့ကို ပို၍ အဆင့်မြင့်သော ပစ္စည်းများဖြင့် အစားထိုး အသုံးပြုခဲ့ကြောင်း၊ ထို့ကြောင့်လည်း နဂါးစွယ်အဆီအနှစ် နှစ်စက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းကိုမူ သူ ထည့်မပြောခဲ့ပေ။
ဤအခိုက်အတန့်တွင် လီလော့၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ခွက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး နှလုံးခုန်သံမှာလည်း မြန်ဆန်နေခဲ့သည်။
နောက်ဆုံးတော့ သူ နဂါးစွယ်အဆီအနှစ်ကို ရရှိခဲ့ပြီ။ အခုဆိုရင် သူ အလွန်တရာ အလိုရှိနေတဲ့ အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို စတင် ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
အခန်း (၈၉၅) ကောင်းကင်ဘုံကျောင်း ကြာပန်း…
"မင်း အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ စတင်ကျင့်ကြံတော့မယ်ဆိုရင်၊ ငါ့စိတ်ထဲမှာ နေရာကောင်းတစ်ခု ရှိတယ်" ဟု လီကျင်းဇယ်က စိတ်လှုပ်ရှားနေသော လီလော့ကို ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူက လီလင်းကျင်းကို မီးကန့်လန့်ကာထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။
သူ စကားပြောပြီးသောအခါ၊ လီလော့၏ တုံ့ပြန်မှုကို မစောင့်တော့ပေ။ ရေကန်၏ မျက်နှာပြင်ပေါ်သို့ လျှောက်သွားလိုက်သည်။ တစ်လှမ်းပြီးတစ်လှမ်း၊ အလယ်ဗဟိုဆီသို့ သူ လျှောက်သွားလေသည်။
"အို.."
လီကျင်းဇယ်၏ စကားကို ကြားသည်နှင့်တပြိုင်နက် လီလော့၏ မျက်လုံးများ လင်းလက်သွားသည်။ သူ့ အဘိုး ပြောနေသော နေရာသည် ကျင့်ကြံမှုအတွက် တကယ်ကို အကျိုးရှိမည်မှာ သေချာသည်။ထို့ကြောင့် အချိန်မဆွဲတော့ဘဲ၊ လီကျင်းဇယ်နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။ ရေကန်မျက်နှာပြင်ပေါ်တွင် သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းနှင့်အတူ ရေလှိုင်းလေးများ ပြန့်ထွက်သွားသည်။ မကြာမီတွင် သူတို့ အလယ်ဗဟိုသို့ ရောက်ရှိသွားကြသည်။
ဤနေရာအရောက်တွင် လီကျင်းဇယ်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ၊ ရေကန်ထဲမှ ရေများ လေထဲသို့ မြင့်တက်လာသည်။ ၎င်းတို့သည် လီလော့နှင့် သူ့ကို လွှမ်းခြုံထားသော ရေပူပေါင်းများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းနောက်၊ ရေပူပေါင်းများက ရေကန်ထဲသို့ ပြန်လည်ကျဆင်းသွားပြီး အောက်သို့ ငုပ်လျှိုးသွားကြသည်။
သူတို့ ရေအောက်သို့ ဆင်းသွားစဉ်၊ ရေကန်၏ နက်ရှိုင်းသော ရေပြင်ပတ်လည်တွင် ပဟေဠိဆန်သော အလင်းတန်းများ ကခုန်နေသည်ကို လီလော့ သတိပြုမိလိုက်သည်။ ၎င်းမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော အကာအကွယ် စက်ကွင်းတစ်ခုနှင့် တူပြီး၊ ၎င်း၏ အလယ်ဗဟိုမှ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအင် လှိုင်းများ ထွက်ပေါ်နေသည်။
၎င်းမှာ လီကျင်းဇယ် နေ့စဉ် ကျင့်ကြံမှုအတွက် အသုံးပြုသော လျှို့ဝှက်နေရာတစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။
ရေငုပ်ခြင်းက အချိန်သိပ်မကြာခဲ့ပေ။ မိနစ်နှစ်မိနစ်ခန့် အကြာတွင်၊ ရေကန်အောက်ခြေမှ မြင့်မြတ်သောအလင်းတန်းတစ်ခု ထွက်ပေါ်နေသည်ကို လီလော့ မြင်လိုက်ရသည်။ ၎င်းသည် လူတစ်ယောက်၏ တစ်ကိုယ်လုံးကို ထိုးဖောက်သွားသကဲ့သို့ ညှို့ငင်ဖမ်းစားနိုင်သော ခံစားချက်တစ်ခုကို ဖန်တီးပေးသည်။
ထိုအလင်းရောင် အနီးသို့ ရောက်သွားသောအခါ၊ ၎င်းသည် မည်သည့်အရာဖြစ်ကြောင်း လီလော့ နောက်ဆုံးတော့ သဘောပေါက်သွားသည်။
၎င်းမှာ အနက်ရောင် ရွှေကြာပန်းခုံတစ်ခုဖြစ်သည်။
ထိုင်ခုံသည် အကျယ် ပေဆယ်ဂဏန်းခန့်ရှိပြီး အလယ်တွင် အခင်းတစ်ခု ပါရှိသည်။ အလင်းရောင်သည် ၎င်းထံမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး၊ အနီးသို့ ချဉ်းကပ်လာသူ မည်သူ့ကိုမဆို တိုက်ရိုက် ထိုးဖောက်သွားသည်။
ဤအခိုက်အတန့်တွင် လီကျင်းဇယ်က လက်ညိုးညွှန်ပြီး ကြာပန်းခုံဆီသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ထိုအခါ ၎င်းပတ်လည်ရှိ အလင်းရောင် အကာအကွယ်အလွှာ အနည်းငယ် စတင်အက်ကွဲလာပြီးနောက်၊ သူတို့နှစ်ဦး အက်ကွဲကြောင်းထဲမှတစ်ဆင့် ဝင်ရောက်သွားကြသည်။
"ဒါက ကောင်းကင် ကျောင်းတော် ကြာပန်းလို့ လူသိများတဲ့ ငါ့ရဲ့ ကျင့်ကြံရာနေရာပဲ… အဲဒါက အလွန်တရာ ရှားပါးတဲ့ ကျင့်ကြံခြင်းဆိုင်ရာ ရတနာတစ်ခုပဲ… လွန်ခဲ့တဲ့ အချိန်အတော်ကြာက ရှေးဟောင်းအကြွင်းအကျန် တစ်ခုထဲကို ငါဝင်သွားပြီး အတွင်းကနေ ဒါကို ရယူနိုင်ခဲ့တာ.. ဒါလေးရဖို့အတွက် ဘုရင် (Kings) တော်တော်များများနဲ့ ငါ့အသက်ကို ရင်းပြီး တိုက်ခိုက်ခဲ့ရတယ်.. ကံကောင်းစွာနဲ့ပဲ ငါ အနိုင်ရပြီး ဒီအဖိုးတန် ပစ္စည်းကို ရခဲ့တာပေါ့…ဒါက ဘုရင်အဆင့်ကျင့်ကြံမှုအတွက်တောင် အလွန်တရာ အကျိုးရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးပြီ၊ ပြီးတော့ အခြား ကလန်ခေါင်းဆောင် လေးယောက်က ဒါကို သိသွားတဲ့အခါ အလွန်အမင်း မနာလို ဖြစ်ခဲ့ကြတယ်" ဟု လီကျင်းဇယ်က ရယ်မောရင်း ရှင်းပြလိုက်သည်။
လီလော့ တိတ်တဆိတ် အံ့အားသင့်သွားခဲ့ရသည်။ ဘုရင်များဆိုသည်မှာ ဤကမ္ဘာရှိ အစာကွင်းဆက်၏ ထိပ်ဆုံးနားသို့ ရောက်နေကြပြီဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိသွားသူတိုင်းသည် နာမည်ကြီးပြီး လွှမ်းမိုးမှုရှိကာ အဆုံးအစမရှိသော စည်းစိမ်ချမ်းသာများ ရှိကြသည်။ သူတို့ကိုယ်တိုင်ပင် လိုချင်တပ်မက်သော ရတနာတစ်ခုဆိုလျှင်၊ ၎င်းသည် အဖိုးတန် ရတနာများကြားတွင်ပင် အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"ဒါက တကယ်ကို မှော်ဆန်တဲ့ ရတနာတစ်ခုပဲ၊ အထူးသဖြင့် ကြာပန်းရဲ့ အလယ်ဗဟိုမှာ မင်း ထိုင်မယ်ဆိုရင်ပေါ့… ကြာဖူးတွေထဲက တစ်ခုကို လောင်ကျွမ်းစေနိုင်ရက် ဉာဏ်အလင်းပွင့်တဲ့ အလွန်ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုကို မင်း ရောက်သွားလိမ့်မယ်… ငါကတော့ အဲဒါကို ဉာဏ်အလင်းပွင့်ကန်ရဲ့ နှလုံးသားလို့ ခေါ်တယ်…ဒီအခြေအနေမှာ၊ လူတစ်ယောက်ရဲ့ ခံယူနိုင်စွမ်းတွေ ကြီးမားစွာ တိုးတက်လာပြီး ကျင့်ကြံစဉ်အတွင်း ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ အတားအဆီးများစွာကို အလွယ်တကူ ဖြေရှင်းနိုင်တယ်… မင်းက သာမန် မြို့စားအဆင့် ကျင့်စဉ်တစ်ခုကိုပဲ ကျင့်ကြံနေတာဆိုရင် မင်းကို ငါ ဒီကို ခေါ်လာခဲ့မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒါက အတော်လေး နှမြောစရာ ကောင်းတယ်လေ…"
ဤနေရာအရောက်တွင် လီကျင်းဇယ်က ခေတ္တရပ်လိုက်ပြီး လီလော့ကို တစ်ချက်ကြည့်လိုက်သည်။
"ဒါပေမယ့် အဲဒါက အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ
ဆိုရင်တော့ တန်ပါတယ်….”
ဤအရာအားလုံးကို ကြားလိုက်ရသောအခါ လီလော့မှာ သွားရည်ကျမတတ်ပင်။ ဘုရင်များပင် လုယက်တိုက်ခိုက်ကြသော အဖိုးတန် ရတနာတစ်ခုပီသပါပေသည်။
သူ့ရှေ့ရှိ ဤရတနာသည် လူများကို အကောင်းဆုံး မြို့စားအဆင့် ကျင့်စဉ်များ ကျင့်ကြံရန် အမှန်တကယ် ကူညီပေးနိုင်သည်။
အချို့သော အဆင့်မြင့် မြို့စားအဆင့် ကျင့်စဉ်များသည် ကျင့်ကြံရန် အလွန်တရာ ခက်ခဲလှသည်။ လီလော့သည် ယေဘုယျအားဖြင့် ပဲ့တင်ထပ်သံ ကျင့်စဉ်များကို နားလည်နိုင်စွမ်းရှိသည်ဟု သူကိုယ်သူ အလွန်ယုံကြည်မှုရှိသော်လည်း၊ အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို
လေ့လာနေစဉ်အတွင်း ဖြေရှင်းမရနိုင်သော အတားအဆီး အများအပြားနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ကောင်းကင် ကျောင်းတော် ကြာပန်းသည် ဤပြဿနာများကို ဖြေရှင်းရာတွင် သူ့ကို ကူညီပေးနိုင်ပါက၊ ၎င်းသည် ဤမြို့စားအဆင့် ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန် အခွင့်အလမ်းများ သေချာပေါက် တိုးလာစေမည်ဖြစ်သည်။
"ထိုင်လိုက်ပါ"
လီကျင်းဇယ်က ခုံကို ညွှန်ပြလိုက်တော့
လီလော့ လက်မတွန့်ခဲ့ပေ။ သူက အလျင်အမြန် ရှေ့သို့တိုးကာ ထိုနေရာတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ကြာပန်းခုံမှ အေးမြသော လေပြေတစ်ခု သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ချက်ချင်း သူ ခံစားလိုက်ရသည်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ ချက်ချင်း တည်ငြိမ်သွားပြီး၊ အနှောင့်အယှက် အမျိုးမျိုးက အရိပ်အယောင်မရှိ ပျောက်ကွယ်သွားသည်။
ဤအခြေအနေကို သူ ချက်ချင်း သဘောကျသွားသည်။ မည်သို့ပင်ဆိုစေ၊ သာမန် နေ့စဉ် ကျင့်ကြံမှုများတွင် ဤကဲ့သို့ တည်ငြိမ်ပြီး အေးချမ်းသော စိတ်အခြေအနေမျိုး တစ်လလျှင် တစ်ကြိမ်ပင် ဖြစ်ပေါ်လာမည် မဟုတ်ပေ။
"အို၊ ဟုတ်သားပဲ…အဘိုး၊ အရင်က ကျွန်တော် အဘိုးကို မေးထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းထူးများ ရှိလား.."
လီလော့က မြှောက်ပင့်သော အပြုံးဖြင့် မေးလိုက်ပြီး ကျင့်ကြံမှုကို ချက်ချင်း မစတင်ခဲ့ပေ။
"မြို့စားအဆင့် ကျင့်စဉ်အတုလို့ ခေါ်တဲ့ အရာတွေကို ဆိုလိုတာလား…"
လီကျင်းဇယ်က စိတ်ဝင်စားမှုဖြင့် ပြန်ဖြေတော့
လီလော့က ခေါင်းညိတ်လိုက်သည်။ မြို့စားအဆင့် ကျင့်စဉ် အတုများဆိုသည်မှာ အစစ်အမှန် မြို့စားအဆင့် ကျင့်စဉ်များ၏ အားနည်းပြီး မပြည့်စုံသော ပုံစံများနှင့် တူသည်။ သို့သော်လည်း၊ ၎င်းတို့သည် စွမ်းအားအချို့ကို ပိုင်ဆိုင်ထားပြီး အဆင့်မြင့် နဂါးစစ်သူကြီးအဆင့်ပဲ့တင်ထပ်သံ ကျင့်စဉ် အများစုထက် ပို၍ သန်မာနေဆဲဖြစ်သည်။
မြို့စားအဆင့် ကျင့်စဉ်များကို ကျင့်ကြံရန် အဆင်သင့် မဖြစ်သေးသူ အများအပြားသည် မြို့စားအဆင့် ကျင့်စဉ် အတုများကို ယာယီဖြေရှင်းနည်းတစ်ခုအဖြစ် အသုံးပြုကြသည်။ ဥပမာအားဖြင့် စွန်းတာ့ရှန် အသုံးပြုခဲ့သော မိစ္ဆာမျောက်ဝံ၏ ဆန္ဒသည် တိတိကျကျ ပြောရလျှင် မြို့စားအဆင့် ကျင့်စဉ် အတု တစ်ခုသာ ဖြစ်သည်။
"မင်းရဲ့ ပဲ့တင်ထပ်သံတွေနဲ့ဆို မင်းမှာရှိတဲ့ အားသာချက်ကို အပြည့်အဝ အသုံးချဖို့ မင်း စီစဉ်နေတာပဲ… မြို့စားအဆင့် ကျင့်စဉ် အတုတွေကို လွယ်လွယ်ကူကူ ကျင့်ကြံပြီးတဲ့နောက်၊ တစ်ခုနဲ့တစ်ခု တွဲဖက် အသုံးပြုလို့ရတဲ့ အားသာချက်ကို ယူပြီး မင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို မြှင့်တင်ဖို့ပေါ့..ဟုတ်တယ်မလား..ကောင်လေး.."
လီကျင်းဇယ်က လီလော့၏ အစီအစဉ်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်ကာ မေးလိုက်သည်။ မည်သို့ပင်ဆိုစေ၊ သူသည် ကြီးမားကျယ်ပြန့်သော အတွေ့အကြုံများကို ပိုင်ဆိုင်ထားရာ ဤအရာက အံ့သြစရာ မဟုတ်ပေ။
"အဘိုး၊ အဘိုးက တကယ်ကို ဉာဏ်ကောင်းတာပဲ" ဟု လီလော့က လက်မထောင်ပြရင်း ပြန်ဖြေသည်။
အမှန်တကယ်တော့ ၎င်းမှာ တွေ့ရခဲသော အကြံဉာဏ်တစ်ခု မဟုတ်ပေ။ လီလော့သည် ပဲ့တင်ထပ်သံသခင်အဆင့်တွင် ရှိနေစဉ်က၊ အဆင့်နိမ့် ပဲ့တင်ထပ်သံ ကျင့်စဉ်များစွာကို သင်ယူခဲ့ပြီး ၎င်းတို့ကို ပေါင်းစပ်ခြင်းဖြင့် တွဲဖက် အသုံးပြုလို့ရသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ကာ၊ အဆင့်မြင့် ပဲ့တင်ထပ်သံ ကျင့်စဉ်တစ်ခုထက် မညံ့သော စွမ်းအားတစ်ခုကို ရရှိနိုင်ခဲ့သည်။ ယခုအခါ သူသည် အဆင့်နိမ့် ပဲ့တင်ထပ်သံ ကျင့်စဉ်များအစား မြို့စားအဆင့် ကျင့်စဉ် အတုများကို အသုံးပြု၍ ထိုအတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။
"အဲဒါက ကောင်းတဲ့ အတွေးတစ်ခုပဲ… မြို့စားအဆင့် ကျင့်စဉ် အတုတွေကို ကျင့်ကြံဖို့ မင်းရဲ့ ပဲ့တင်ထပ်သံတွေကို အသုံးပြုမယ်ဆိုရင်၊ ကောင်းကောင်း အသုံးချနိုင်ရင် အချို့သော ပေါင်းစည်းအဆင့် မြို့စားအဆင့် ကျင့်စဉ်တွေရဲ့ စွမ်းအားကို ရရှိနိုင်တယ်..ဒါ့အပြင်၊ အစစ်အမှန် မြို့စားအဆင့် ကျင့်စဉ်တစ်ခုနဲ့ နှိုင်းယှဉ်ရင် မင်းရဲ့ ပဲ့တင်ထပ်သံစွမ်းအင်အပေါ် ဝန်ပိမှု နည်းပါးလိမ့်မယ်" ဟု လီကျင်းဇယ်က အနည်းငယ် ခေါင်းညိတ်ပြီး မြေးဖြစ်သူ၏ အကြံဉာဏ်ကို သဘောတူလိုက်သည်။
"မင်းရဲ့ ပဲ့တင်ထပ်သံတွေနဲ့ဆို မင်းသွားမယ့် လမ်းကြောင်းက နဝမအဆင့် ပဲ့တင်ထပ်သံ ပါရမီရှင်တွေရဲ့ လမ်းကြောင်းနဲ့ သေချာပေါက် ကွာခြားလိမ့်မယ်.. သူတို့က နယ်ပယ်တစ်ခုတည်းမှာ အကောင်းဆုံးဖြစ်ဖို့ ရည်ရွယ်နေချိန်မှာ၊ မင်းကတော့ လမ်းကြောင်းများစွာကနေတစ်ဆင့် တိုးတက်ဖို့ ရည်ရွယ်နေလိမ့်မယ်…"
အစစ်အမှန် မြို့စားအဆင့် ကျင့်စဉ် တစ်ခုအတွက်မူ၊ ပေါင်းစည်းအဆင့် ကျင့်စဉ်များပင် ဖြစ်စေကာမူ လီလော့အတွက် ကျင့်ကြံရန် အလွန်တရာ ခက်ခဲနေဆဲဖြစ်သည်။ ထိုသို့ပြုလုပ်ရန် စွမ်းအင်နှင့် အချိန် အများအပြားကို အသုံးပြုရမည်ဖြစ်ပြီး၊ ၎င်းတို့ထဲမှ တစ်ခုခုကို သူ အောင်မြင်သွားခြင်းကပင် အံ့ဖွယ်တစ်ခု ဖြစ်နေပြီဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင်၊ အချိန်တိုအတွင်း ပိုမိုနားလည်နိုင်ရန် စွမ်းအား မလုံလောက်သေးပေ။ ထို့အပြင်၊ သူ အောင်မြင်သွားခဲ့လျှင်တောင် မြို့စားအဆင့် ကျင့်စဉ် တစ်ခုစီကို အပြည့်အဝ အသုံးပြုရန် သူ့ ခန္ဓာကိုယ်ထဲတွင် ပဲ့တင်ထပ်သံစွမ်းအင် လုံလုံလောက်လောက် မရှိသေးပေ။
ထို့ကြောင့် လီလော့က မြို့စားအဆင့် ကျင့်စဉ် အတုများကို အစားထိုး အသုံးပြုရန် တွေးတောနေခြင်းဖြစ်သည်။ ၎င်းသည် တကယ်ကို မဆိုးသော အကြံဉာဏ်တစ်ခုဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လီကျင်းဇယ်က အင်္ကျီလက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ ထိုအခါသေးငယ်သော အလင်းတန်းများ ထွက်လာပြီး သူတို့အရှေ့တွင် ဝဲပျံနေသည်။အလင်းတန်းများ
ဒါဇင်နှင့်ချီ၍ ရှိနေပြီး၊ တစ်ခုစီတွင် အနည်းငယ် ကွဲပြားသော အရောင်ရှိသည့် ပေလိပ်တစ်ခုစီ ပါဝင်သည်။
"တိတိကျကျ ပြောရရင် မြို့စားအဆင့် ကျင့်စဉ် အတုတွေက မြို့စားအဆင့် ကျင့်စဉ်တွေလို့ မသတ်မှတ်ဘူး… ဒါကြောင့်၊ ရှာဖွေဖို့ မင်းကို ငါ ကူညီတာက စည်းမျဉ်းတွေကို ချိုးဖောက်ရာ မရောက်ဘူး" ဟု လီကျင်းဇယ်က တိုးတိုးလေး ရယ်မောလိုက်သည်။
"လေ့လာဖို့ ဒီမြို့စားအဆင့် ကျင့်စဉ် အတုတွေကို မင်း ယူသွားလို့ရတယ်.. မင်း တတ်နိုင်သမျှ မြို့စားအဆင့် ကျင့်စဉ် အတုတွေ အများကြီး ကျင့်ကြံဖို့ ဒီအဖိုးတန် အခွင့်အရေးကို အသုံးပြုဖို့ မင်း တွေးနေတယ်ဆိုတာ ငါ သိပါတယ်..ဟားး ဟားး မင်းရဲ့ အရင်းအမြစ်တွေကို လုံးဝ အလဟဿ မဖြစ်စေဘူးပဲ…”
ထင်ရှားသည်မှာ လီလော့သည် ဤကျင့်စဉ်များကို ကျင့်ကြံရာတွင် ကူညီပေးရန် ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသား အခြေအနေကို အပြည့်အဝ အသုံးချရန် တွေးတောနေခြင်းဖြစ်သည်။ ယခု ကျင့်စဉ်များကို တောင်းဆိုခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။
အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ ကျင့်ကြံနေစဉ်အတွင်း၊ သူကိုယ်သူ တိုးတက်စေရန်နှင့် မကြာမီ ကျင်းပမည့် နဂါးခေါင်းဆောင် ပြိုင်ပွဲအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ရန် မြို့စားအဆင့် ကျင့်စဉ်အတု အနည်းငယ်ကိုလည်း သူ ကျင့်ကြံနိုင်သည်။ထို့ကြောင့် ပေလိပ်များစွာကို ဝမ်းသာအားရ လက်ခံလိုက်သည်။
အကြီးအကဲသည် တကယ်ကို ကလန်ခေါင်းဆောင် ပီသပါပေသည်။ ဤမြို့စားအဆင့် ကျင့်စဉ် အတုများသည် အစစ်အမှန် မြို့စားအဆင့် ကျင့်စဉ်တစ်ခုထက် တန်ဖိုးနည်းသော်လည်း၊ ၎င်းတို့သည် အလွန်တရာ အဖိုးတန်သော ပစ္စည်းများ ဖြစ်နေဆဲဖြစ်သည်။ ယခုလို ဒါဇင်နှင့်ချီ၍ ချက်ချင်း ထုတ်ပေးနိုင်သူ အနည်းငယ်သာ ရှိသည်။
"ကျေးဇူးတင်ပါတယ် အဘိုး" ဟု လီလော့က တကယ်ကို ရိုးသားစွာ ပြောလိုက်သည်။
လီကျင်းဇယ်သည် မူဝါဒကို တင်းကျပ်စွာ လိုက်နာသူ တစ်ဦးအဖြစ် လူသိများသော်လည်း၊ တစ်ခါတစ်ရံတွင် အနည်းငယ် ခေါင်းမာသည်ဟုလည်း ဆိုနိုင်သည်။ တစ်ခါတစ်ရံတွင် သူသည် လီကျင်းထောင်နှင့် လီဖုန်းယီတို့လို ဂျူနီယာများအပေါ်တွင်ပင် အတော်လေး ကြမ်းတမ်းနိုင်သည်။ သို့သော်လည်း လီလော့ ပြုလုပ်သည့် မည်သည့် တောင်းဆိုမှုကိုမဆို ဖြည့်ဆည်းပေးရန် အမြဲတမ်း အတတ်နိုင်ဆုံး ကြိုးစားလိမ့်မည်။
ဥပမာအားဖြင့် နဂါးစွယ်ကလန် တစ်ခုလုံးတွင် လီလော့နှင့် သူကိုယ်တိုင်မှလွဲ၍ ကောင်းကင် ကျောင်းတော်ကြာပန်းကို ခံစားခွင့်ရမည့်သူ မည်သူမျှ မရှိပေ။
ဤအခိုက်အတန့်တွင် လီကျင်းဇယ်က လက်များကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ၊ လက်ချောင်းများမှ ပဲ့တင်ထပ်သံစွမ်းအင် ရောင်ခြည်တစ်ခု ထွက်သွားသည်။ ဤတစ်ကြိမ်တွင် ၎င်းသည် ကြာပန်းခုံ၏ အောက်ခြေသို့ တည့်တည့် ဝင်ရောက်သွားသည်။ထိုအခါ
လီလော့၏ အရှေ့ ငါးပေခန့်အကွာ အောက်ခြေမှ အလင်းစက်တစ်ခု ထွက်ပေါ်လာသည်။ ခဏအကြာတွင် ၎င်းသည် အရှည် ဆယ်ပေခန့်ရှိသော ကြာဖူးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုကြာဖူးကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရသည်။ ပဟေဠိဆန်သော အလင်းရောင်များက ၎င်းကို လှည့်ပတ်နေပြီး၊ မှေးမှိန်သော မွှေးရနံ့တစ်ခုက လေထဲတွင် ပြည့်နှက်နေသည်။
လီကျင်းဇယ် မီးပွားတစ်ခုကို ပစ်လွှတ်လိုက်တော့ ကြာဖူးပေါ်သို့ တည့်တည့် ကျရောက်သွားသည်။ ၎င်းသည် ချက်ချင်း စတင်လောင်ကျွမ်းလာပြီး၊ ရွှေရောင်အလင်းတန်း အမျှင်များစွာ ပါဝင်သော အစိမ်းရောင် မီးခိုးငွေ့တစ်များအဖြစ်
အထက်သို့ စတင် မြင့်တက်လာသည်။ ထို့နောက် ထိုမီးခိုးငွေ့များက အသက်ရှိသော သက်ရှိတစ်ကောင်ကဲ့သို့ လီလော့ကို လွှမ်းခြုံသွားလေတော့သည်။
တစ်ချိန်တည်းမှာပင်၊ သူ့ စိတ်ထဲတွင် အနှောင့်အယှက်အားလုံး ကင်းစင်သွားပြီး အတွေးများ ပိုမို ချောမွေ့မြန်ဆန်စွာ စတင်စီးဆင်းလာကြောင်း ခံစားလိုက်ရသည်။ အလားတူပင် ပြင်ပကမ္ဘာသည် သူ့အတွက် အရှိန်နှေးသွားသလိုပင်။
မျက်တောင်တစ်ခတ်အတွင်း၊ အရာများစွာကို သဘောပေါက်သွားပုံရပြီး၊ ဆူပွက်နေသော ရေထဲမှ ပူဖောင်းများကဲ့သို့ ဉာဏ်အလင်းများ သူ့ နှလုံးသားထဲမှ ပေါက်ကွဲထွက်လာသည်။
ဤအရာသည် ဉာဏ်အလင်းပွင့်ကန်၏ နှလုံးသားအခြေအနေဟု ခေါ်ဆိုသောအရာဖြစ်ကြောင်း ထင်ရှားသည်။
"ကြာဖူးရဲ့ လောင်ကျွမ်းမှုက လဝက်လောက် ကြာလိမ့်မယ်… ဒီအချိန်အတွင်းမှာ မင်း ဒီမှာ တိတ်တဆိတ် ထိုင်ပြီး ကြိုးကြိုးစားစား ကျင့်ကြံလို့ရတယ်" ဟု လီကျင်းဇယ်က ရှင်းပြလိုက်သည်။
လီလော့သည် မွှေးပျံ့သော လေကို အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ ချက်ချင်း စိတ်ကြည်လင်သွားသည်။ လီကျင်းဇယ်ကို သူ ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ မြို့စားအဆင့် ကျင့်စဉ် အတု ပေလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ထို့နောက် ပဲ့တင်ထပ်သံစွမ်းအင်ကို ၎င်းထဲသို့ စီးဆင်းစေလိုက်ရာ၊ များပြားလှသော သတင်းအချက်အလက်များ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ့ စိတ်ထဲသို့ ဝင်ရောက်လာသည်။
သူသည် မြို့စားအဆင့် ကျင့်စဉ် အတု အနည်းငယ်ကို ဦးစွာ လေ့လာရန် စီစဉ်ထားသည်။ ဤအခြေအနေနှင့် အသားကျသွားသည်နှင့် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါကို အမှန်တကယ် စတင်ကျင့်ကြံမည်ဖြစ်သည်။
မြေးဖြစ်သူ လေ့ကျင့်မှု စတင်လိုက်သည်ကို မြင်သောအခါ လီကျင်းဇယ်က သူ့ကို ထပ်မံ၍ မနှောင့်ယှက်တော့ပေ။
"ကောင်လေး…ဒီမှာ ကြာဖူးတစ်ဖူး ကြီးထွားလာဖို့ နှစ်တစ်ရာ ကြာတယ်.. အခု သိပ်မကျန်တော့ဘူး… အဲဒီကနေ မင်း ဘယ်လောက် ရနိုင်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်…"
အကယ်၍ အခြားဘုရင်များသာ ဤအကြောင်းကို သိသွားပါက လီလော့လို နတ်ဆိုးခန္ဓာအဆင့်ကျင့်ကြံသူတစ်ဦးအပေါ် ဤမျှ အဖိုးတန်သော အရင်းအမြစ်ကို ဖြုန်းတီးပစ်သည့်အတွက် သူ့ကို သေချာပေါက် ဒေါသထွက်ကြမည်မှာ သံသယဖြစ်စရာမလိုပေ။ သို့သော်လည်း လီကျင်းဇယ်က ၎င်းကို လုံးဝ ဂရုမစိုက်ပေ။
သူ့ရှေ့ရှိ လူငယ်လေးကို စိုက်ကြည့်နေစဉ်၊ လီတိုင်ရွှမ်၏ ကြီးမြတ်သော ပုံရိပ်က သူ့ မျက်လုံးထဲတွင် လီလော့၏ ပုံရိပ်နှင့် ရောယှက်သွားပုံရသည်။ ပုံမှန်အားဖြင့် လေးနက်ပြီး တင်းမာသော မျက်နှာအမူအရာသည်လည်း အနည်းငယ် ပို၍ ညင်သာလာသလိုပင်။
"စိတ်မပူပါနဲ့ ငါ့ရဲ့ တတိယမြောက် ကောင်လေး... ဒီကောင်လေးကို ငါတို့ဆီ ပြန်ပို့ဖို့ မင်း ရွေးချယ်ခဲ့မှတော့၊ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ သူ့ကို မထိခိုက်စေအောင် ငါ သေချာပေါက် လုပ်ပေးမယ်…သမိုင်းနောက်တကြိမ်
ထပ်ပြီး မကျော့စေရဘူး"
လီကျင်းဇယ်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ရေကန်ထဲမှ တဖြည်းဖြည်း ထွက်ခွာသွားလေတော့သည်။