← Chapters

အခန်း (၅၅၃-၅၅၄)

Vol. 51 Ch. 553-554

အခန်း (၅၅၃-၅၅၄)

Vol. 51 Ch. 553-554

အပိုင်း (၅၅၃)

နိုင်ငံအသီးသီးမှ ပေးပို့လာသော လက်နက်ချ စာလွှာပုံကြီးကို ကြည့်ရင်း လင်းပိုင်ဖန်တစ်ယောက် မှင်သက်အံ့အားသင့်နေမိတော့သည်။

​ ‘F**k... ငါ့တပ်တွေ တုပ်တုပ်မျှတောင် မလှုပ်ရသေးဘူး၊ မင်းတို့ဆီက လက်နက်ချစာလွှာတွေက ရောက်လာကြပြီပေါ့လေ’

​ တစ်နိုင်ငံမှမကျန် အကုန်လုံးက ဦးအောင် လက်နက်ချလိုက်ကြသည့်အတွက် လင်းပိုင်ဖန်မှာ စိတ်ထွက်ပေါက်ရှာပြီး စစ်တိုက်ခွင့်ပင် မရတော့ဘဲ ဖြစ်နေရသည်။ ဒါဟာ တကယ်ကို လွန်လွန်းလှသည်။

​ သူ၏ရှေ့မှ နိုင်ငံပေါင်းစုံက သံတမန်များကို ကြည့်ကာ လင်းပိုင်ဖန်က ခက်ခက်ခဲခဲပင် ဆိုလိုက်ရသည်။

“ဒါကတော့ ငါကိုယ်တော်ကို တကယ် အကျပ်ရိုက်စေတာပဲ။ စစ်သည်တော်တွေနဲ့ ရိက္ခာတွေအားလုံးကိုလည်း အသင့်ပြင်ပြီးပြီ၊ နောက်နှစ်ရက်နေရင် ချီတက်တော့မလို့ကို အခုတော့ မင်းတို့အားလုံးက လက်နက်ချလိုက်ကြပြီပေါ့လေ”

​ “မင်းတို့ကတော့ အေးအေးဆေးဆေး ဖြစ်သွားပေမဲ့ ငါကိုယ်တော်ကတော့ စိတ်မသက်မသာ ဖြစ်ရပြီ။ တိုက်ရမလို၊ မတိုက်ရမလိုနဲ့ ဒီလို အနေရခက်တဲ့ အခြေအနေမျိုးကို တစ်ကမ္ဘာလုံးက ကြည့်ပြီး ငါကိုယ်တော်ရဲ့ စစ်ပြင်ဆင်မှုတွေကို ရယ်မောကြတော့မှာပဲ။ ပြောစမ်း... မင်းတို့ ငါ့ကို တမင်တကာ အရှက်ခွဲနေကြတာလား”

​ သံတမန်များမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး - “အရှင်မင်းကြီး... ဒေါသကို ငြိမ်းတော်မူပါဘုရား၊ ကျွန်တော်မျိုးတို့မှာ အဲဒီလို ရည်ရွယ်ချက် လုံးဝမရှိပါဘူး”

​ လင်းပိုင်ဖန်က “ဒါဆိုရင်... ဒီလက်နက်ချစာလွှာတွေကို ငါပြန်ပေးလိုက်မယ်၊ ပြီးရင် ငါတို့ ကောင်းကောင်းမွန်မွန် တိုက်ခိုက်ကြတာပေါ့၊ ဘယ်လိုလဲ”

​ သံတမန်များမှာ ပို၍ပင် ကြောက်လန့်သွားကြပြီး - “အရှင်မင်းကြီး... အဲဒီလိုတော့ လုံးဝ မလုပ်လိုက်ပါနဲ့”

​ “ဟူး...” လင်းပိုင်ဖန်က သက်ပြင်းအရှည်ကြီး ချလိုက်သည်။

​ စစ်တပ်အင်အား မသုံးရဘဲ နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တကယ့်တိုက်ပွဲ မရှိသည့်အတွက် သူ၏ စိတ်ထဲတွင် တစ်ခုခု လိုအပ်နေသလို ခံစားနေရသည်။ စိတ်လှုပ်ရှားစရာ အနည်းငယ်တော့ လိုအပ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် လက်နက်ချစာလွှာများထဲမှ အပြစ်ရှာရန် ဆုံးဖြတ်လိုက်တော့သည်။

​ “ဟမ်... ဒီ 'မဟာလု' အင်ပါယာရဲ့ စာလွှာက ရေးထားတာ တော်တော်ညံ့တာပဲ၊ လုံးဝကို စိတ်ရင်းမပါဘူး။ ဒါက စစ်တိုက်ဖို့ စိန်ခေါ်နေသလိုပဲ”

​ မဟာလု အင်ပါယာမှ သံတမန်က ချက်ချင်းပင် ထရပ်လိုက်ပြီး ကြောက်လန့်တုန်ရီနေသော အသံဖြင့် - “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ရဲ့ လက်နက်ချစာလွှာဟာ အစစ်မှန်ဆုံး စိတ်ရင်းနဲ့ ခက်ခက်ခဲခဲ ရေးထားရတာပါဘုရား”

​ “ဘယ်လိုကြောင့်လဲ” လင်းပိုင်ဖန်က မေးမြန်းလိုက်သည်။

​ “အဲဒီအချိန်တုန်းက ကျွန်တော်မျိုးတို့ရဲ့ ဧကရာဇ်က လက်နက်ချဖို့ သဘောမတူခဲ့ပါဘူး။ အဲဒါကြောင့် နန်းတွင်းအမတ်တွေအားလုံး စုပေါင်းပြီး နန်းတွင်းအာဏာသိမ်းမှုကို ချက်ချင်းလုပ်ခဲ့ကြပါတယ်။ ဧကရာဇ်ကို အကျဉ်းချပြီး သုံးရက်တိုင်တိုင် အစာငတ်ခံထားခဲ့ပါတယ်။ သူက စာတစ်လုံးရေးမှ ကျွန်တော်မျိုးတို့က ထမင်းတစ်လုပ် ကျွေးခဲ့တာပါ။ ဒီလက်နက်ချစာလွှာက အဲဒီလို နည်းလမ်းနဲ့ ရရှိလာတာပါ”

​ “ဒီစာလွှာထဲက စာလုံးတိုင်းမှာ ကျွန်တော်မျိုးတို့ ဧကရာဇ်ရဲ့ သွေးနဲ့မျက်ရည်တွေ၊ ပြီးတော့ အမတ်တွေရဲ့ ပြင်းပြတဲ့ မျှော်လင့်ချက်တွေ ကိန်းအောင်းနေပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက်မှာ စိတ်ရင်းအပါဆုံး လက်နက်ချစာလွှာဆိုတာ လုံးဝကို သံသယဖြစ်စရာ မလိုပါဘူး”

​ လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး - “ဪ... ဒါကြောင့်ကိုး၊ ဒီစာလုံးတွေက ဆာလောင်မွတ်သိပ်ပြီး ရေးထားသလိုမျိုး တုန်ရီနေတာပဲ။ မင်းတို့ရဲ့ 'မဟာလု' က တကယ်ကို စိတ်ရင်းရှိတာပဲ၊ ငါကိုယ်တော် လက်ခံလိုက်မယ်”

​ “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်” မဟာလု သံတမန်မှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

​ ထိုစဉ် လင်းပိုင်ဖန်က နောက်ထပ် စာလွှာတစ်ခုကို ကောက်ကိုင်လိုက်ပြီး မကျေမနပ်ဖြင့် - “ဒီ 'မဟာထျန်း' အင်ပါယာက စာလွှာက တွန့်ကြေနေတဲ့အပြင် အနံ့အသက်ကလည်း မကောင်းဘူး။ မင်းတို့က ငါ့ကို တမင်သက်သက် ရန်စဖို့ ဒီလိုစာလွှာမျိုး ပေးတာလား”

​ “အရှင်မင်းကြီး... ဒါဟာ အထင်လွဲမှုပါ” မဟာထျန်း သံတမန်က ထရပ်လိုက်သည်။

​ လင်းပိုင်ဖန်က ဒေါသတကြီးဖြင့် - “အထင်လွဲတာ ဟုတ်လား။ ဒီစာလွှာကို ကြည့်စမ်း၊ တွန့်လည်း တွန့်နေတယ်၊ အနံ့ကလည်း ဆိုးနေတယ် မဟုတ်လား”

​ “အရှင်မင်းကြီး မသိသေးလို့ပါ” မဟာထျန်း သံတမန်က ခါးသီးစွာ ပြုံးလျက် လျှောက်တင်လိုက်သည်။

“ကျွန်တော်မျိုးတို့ ဧကရာဇ်ကလည်း အစက သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ စစ်ဘက်နဲ့ အရပ်ဘက် အရာရှိတွေအားလုံးက ငိုယိုတောင်းပန်ပြီး စစ်တပ်ကပါ ပုန်ကန်ဖို့ ပြင်တဲ့အခါကျမှ သူက မျက်ရည်စက်လက်နဲ့ ဒီစာလွှာကို ရေးပေးခဲ့တာပါ။ စာရွက်ပေါ်က အရေးအကြောင်းတွေနဲ့ အနံ့အသက်တွေဆိုတာ ဧကရာဇ်ရဲ့ မျက်ရည်တွေ စာရွက်မှာ စိုရွှဲသွားရာက ဖြစ်လာတာပါဘုရား”

​ လင်းပိုင်ဖန်က ကိုယ်ချင်းစာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး - “အင်း... ဒါကြောင့်ကိုး၊ ဒီစာလွှာထဲမှာ ဝမ်းနည်းမှုနဲ့ အားကိုးရာမဲ့မှုတွေကို ငါကိုယ်တော် ခံစားနေရတာ။ ဒါဟာ တကယ်ကို ခါးသီးတဲ့ မျက်ရည်တွေနဲ့ ရေးထိုးထားတဲ့ စာရွက်ပဲ။ ဒီစာလွှာက အရမ်းကို စိတ်ရင်းပါပေတယ်။ ငါကိုယ်တော် လက်ခံလိုက်မယ်”

​ “ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး” မဟာထျန်း သံတမန်မှာ အလွန်ဝမ်းမြောက်သွားတော့သည်။

​ ခဏအကြာတွင် လင်းပိုင်ဖန်က နောက်ထပ် အားမရစရာ လက်နက်ချစာလွှာတစ်ခုကို ရွေးထုတ်လိုက်ပြန်သည်။

​ “ဒီ 'မဟာယု' နိုင်ငံက စာလွှာကို ကြည့်စမ်း၊ စိတ်ရင်း လုံးဝမပါဘူး။ ငါကိုယ်တော် အမိန့်ထုတ်ပြန်လိုက်တယ်၊ မဟာယုကို တိုက်ခိုက်ကြ”

​ မဟာယုနိုင်ငံမှ သံတမန်က အပြေးအလွှား ထရပ်လိုက်ပြီး - “ဒီစာလွှာကလည်း အဆင်ပြေရမှာပါ၊ အရှင်မင်းကြီး ဘာကြောင့် စိတ်ဆိုးရတာလဲဘုရား”

​ “အဆင်ပြေတယ် ဟုတ်လား၊ ပြဿနာအကြီးကြီး ရှိနေတာ”

လင်းပိုင်ဖန်က အော်ဟစ်လိုက်သည် - “ဒီစာလွှာကို ကြည့်စမ်း၊ စာလုံးတိုင်းက တက်ကြွပြီး ပျော်ရွှင်နေသလိုပဲ။ ဖော်ပြလို့မရတဲ့ ပျော်ရွှင်မှုတွေ လွှမ်းနေတယ်၊ နယ်မြေဆုံးရှုံးသွားတဲ့ သူတစ်ယောက်ရဲ့ အမူအရာမျိုး လုံးဝမရှိဘူး။ ဒါဟာ တစ်ခုခုကို ဖုံးကွယ်ထားတဲ့ မကောင်းတဲ့ ရည်ရွယ်ချက် ရှိရမယ်။ ဒါဟာ လက်နက်ချဟန် ဆောင်နေတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် မင်းတို့နိုင်ငံကို မတိုက်ရင် ဘယ်သူ့ကို သွားတိုက်ရမှာလဲ”

​ “အရှင်မင်းကြီး... အထင်လွဲနေတာပါ”

မဟာယု သံတမန်က ရယ်လျက် - “ကျွန်တော်မျိုးတို့ရဲ့ အရှင်မင်းကြီးက မဟာရှကို အားကျနေခဲ့တာ ကြာပါပြီ။ အခုလို မဟာရှအောက်ကို ရောက်တော့မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာနေတာကြောင့် ပျော်လွန်းလို့ အိပ်တောင်မပျော်နိုင် ဖြစ်ခဲ့ရပါတယ်။ အဲဒီခံစားချက်တွေက စာရေးတဲ့အခါ ပါဝင်သွားပြီး စာလုံးတွေက အလိုအလျောက် သက်ဝင်ကာ တက်ကြွနေတာပါ။ ကျွန်တော်မျိုးတို့ရဲ့ လက်နက်ချစာလွှာက တခြားနိုင်ငံတွေထက်တောင် ပိုပြီး စိတ်ရင်းပါပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဖိအားပေးခံရလို့ လက်နက်ချတာဖြစ်ပေမဲ့ ကျွန်တော်မျိုးတို့ကတော့ ကိုယ့်သဘောနဲ့ကိုယ် လိုလိုလားလား ဆက်သတာမို့လို့ပါ”

​ လင်းပိုင်ဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး - “ဪ... ငါကိုယ်တော် မင်းကို အထင်လွဲသွားတာပဲ။ ကောင်းပြီ၊ ဒီလက်နက်ချစာလွှာကိုလည်း ငါလက်ခံတယ်”

​ “ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး” မဟာယု သံတမန်မှာလည်း ဝမ်းသာသွားပြန်သည်။

​ လင်းပိုင်ဖန်သည် အပြစ်ရှာရန် ဆက်လက် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုသံတမန်များမှာ စကားပြော အလွန် ကောင်းလွန်းလှသည့်အတွက် သူစိတ်တိုရန် အခွင့်အရေး မရခဲ့ပေ။ ထိုအချိန်တွင် လက်နက်ချစာလွှာ ပုံကြီးထဲ၌ တစ်ခုခု ထူးဆန်းနေသည်ကို လင်းပိုင်ဖန် သတိထားမိသွားသည်။

​ “ ဟမ် ​ဟေးနိုင်ငံက စာလွှာက ဘာလို့ ဒီမှာ ရောက်နေတာလဲ”

​ ဟေးနိုင်ငံမှ သံတမန်က ချက်ချင်းထရပ်ကာ ကျယ်လောင်စွာ လျှောက်တင်လိုက်သည် - “သတင်းပို့ပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ဟေးနိုင်ငံကလည်း မဟာရှထံ လက်နက်ချချင်ပါတယ်”

​ လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့် - “ဒါပေမဲ့ ငါကိုယ်တော် သိရသလောက်တော့ ဟေးနိုင်ငံက မဟာရှနဲ့ နယ်နိမိတ်ချင်းလည်း မထိစပ်ဘူး။ ပြီးတော့ မဟာရှကနေ လီပေါင်း ၁၅၀၀ တောင် ဝေးသေးတာပဲ။ မင်းတို့က ဘယ်သူ့ဆီမှာ လက်နက်ချနေတာလဲ”

​ “တောင်တန်းတွေ မြင့်မားပြီး လမ်းခရီး ဝေးကွာပေမဲ့လည်း ကျွန်တော်မျိုးတို့က မဟာရှရဲ့ လက်အောက်ခံ ဖြစ်ချင်ပါတယ်” ဟု ဟေးနိုင်ငံသံတမန်က ကြွေးကြော်လိုက်သည်။

​ လင်းပိုင်ဖန်က စိတ်လှုပ်ရှားဟန်ဖြင့် - “မင်းတို့ရဲ့ စိတ်ရင်းကို ငါမြင်ပါတယ်။ ဒါပေမဲ့ မင်းတို့ ဒီထက်ပိုပြီး နီးစပ်လာစရာ မလိုပါဘူး။ ငါက နယ်မြေတွေ လိုအပ်နေတာ မှန်ပေမဲ့ နယ်မြေတိုင်းကိုတော့ မယူဘူး။ မင်းတို့ရဲ့ နေရာက ဘယ်လောက်တောင် လူသူကင်းမဲ့ပြီး ခြောက်သွေ့သလဲဆိုရင် ငှက်တွေတောင် အဲဒီကို သွားပြီး ချေးမပါကြဘူး၊ ညစ်ပတ်လွန်းတယ်လို့ သူတို့က ယူဆလို့ပဲ”

​ ဟေးနိုင်ငံ သံတမန်မှာ ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားတော့သည်။

​ နောက်ဆုံးတွင် လင်းပိုင်ဖန်သည် ဟေးနိုင်ငံမှလွဲ၍ ကျန်နိုင်ငံအားလုံးကို စစ်သည်တစ်ယောက်မှ မသုံးရဘဲ သိမ်းပိုက်လိုက်တော့သည်။ လူတိုင်းက ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် လင်းပိုင်ဖန်ကလည်း ရက်ရောစွာဖြင့် ဆုလာဘ်များ ပေးသနားခဲ့သည်။ မင်းဆက်နိုင်ငံများ၏ ဧကရာဇ်များကို 'နယ်စား' ဘွဲ့ပေးကာ စည်းစိမ်များကို ဆက်လက် ထိန်းသိမ်းခွင့်ပြုခဲ့ပြီး၊ ကြီးမြတ်သော နိုင်ငံများ၏ ဧကရာဇ်များကိုမူ မြို့စားဘွဲ့များ အပ်နှင်းခဲ့သည်။ အခြားသော အရာရှိများကိုလည်း ၎င်းတို့၏ အရည်အချင်းအလိုက် ဆက်လက် ခန့်ထားခဲ့သည်။

​ ဤသို့ဖြင့် အင်ပါယာ မြေပုံအတွင်း၌ သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။

အင်ပါယာ မြေပုံ ( စူပါအဆင့် )

​ နယ်မြေအကျယ်အဝန်း: ၃၂.၅ သန်း စတုရန်းလီ (စိုက်ပျိုးနိုင်သောမြေ ၁၈.၂ သန်း စတုရန်းလီ)

​ ပြည်တွင်းအရင်းအမြစ်: ၅.၈၅ ဘီလီယံ (ရွှေတွင်း ၁၄၊ ငွေတွင်း ၂၅၊ ကြေးတွင်း ၄၀၊ သံတွင်း ၇၀...)

​ လူဦးရေ: ၃၆၀ သန်း ( လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၃၂%၊ ဆင်းရဲသား ၆၇%)

​ စစ်အင်အား: ၈.၁ သန်း ( ကောင်းကင်အဆင့် ၇ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၁၆၇ ဦး၊ သာမန် သိုင်းပညာရှင် ၃၈,၆၀၀ ဦး...)

​ စုစုပေါင်းနိုင်ငံတော်အင်အား: ၄၇,၈၀၀ ( နတ်ဘုရား အင်ပါယာအဆင့်သို့ နီးပါး )

​ အချက်အလက်အားလုံးမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ နယ်မြေအကျယ်အဝန်းမှာ ၈ သန်း စတုရန်းလီ တိုးလာခဲ့ပြီး သာမန်နိုင်ငံတစ်ခု၏ အရွယ်အစားနှင့် ညီမျှသည်။ ထို့အပြင် နယ်မြေစုစုပေါင်းသည် ၃၀ သန်း စတုရန်းလီကို ကျော်လွန်သွားကာ လင်းပိုင်ဖန် ယခုနှစ်အစတွင် သတ်မှတ်ထားသော ရည်မှန်းချက်ကို အချိန်မတိုင်မီ ပြည့်မီသွားခဲ့သည်။ ပြည်တွင်းအရင်းအမြစ်များမှာလည်း ငွေတေး ၁.၃ ဘီလီယံနီးပါး တိုးလာခဲ့သည်။

​ လူဦးရေမှာလည်း သန်း ၁၀၀ ကျော် တိုးလာပြီး ၃၆၀ သန်းအထိ ရှိလာခဲ့သော်လည်း မဟာရှတွင် ရိက္ခာများ ပေါများလှသည့်အတွက် ကျွေးမွေးရန် မခက်ခဲပေ။ စစ်အင်အားတွင်လည်း လက်နက်ချခဲ့သော နိုင်ငံများမှ ထူးချွန်သည့် စစ်သည် ၂ သန်းကို မဟာရှစစ်တပ်အတွင်းသို့ ထည့်သွင်းဖွဲ့စည်းခဲ့သည်။

​ ထို့ကြောင့် မဟာရှအင်ပါယာ၏ စုစုပေါင်းအင်အားမှာ ၁၀,၀၀၀ ကျော် တိုးတက်သွားပြီး ၄၀,၀၀၀ ကျော်သို့ တိုက်ရိုက်ရောက်ရှိသွားကာ ၅၀,၀၀၀ အမှတ်အသားသို့ နီးကပ်လာခဲ့သည်။ ဤအဆင့်သည် ယခုအခါ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။

​ “ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာပြီး သင်၏ ခွန်အားများလည်း တစ်ပြိုင်တည်း မြင့်မားလာပြီး 'တို' (တိုက်ခိုက်ခြင်း) စာလုံး၏ လျှို့ဝှက်ချက်ကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်သည်”

​ “ 'တို' စာလုံး၏ လျှို့ဝှက်ချက်သည် ပြင်ပရှိ ကြီးမြတ်သော ကမ္ဘာကြီးတစ်ခု၏ လျှို့ဝှက်ချက် ကိုးခုထဲမှ တစ်ခုဖြစ်ပြီး အဆင့်မြင့်ဆုံး တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သည်။ ၎င်းသည် မည်သည့် နတ်ဘုရားတိုက်ကွက်ကိုမဆို တုပနိုင်ပြီး အဆုံးမဲ့ပြောင်းလဲနိုင်သော အစွမ်းရှိသည်”

​ လင်းပိုင်ဖန်သည် ချက်ချင်းပင် သင်ယူလိုက်သည်။ သူသည် သိုင်းခံပညာများစွာနှင့် နတ်ဘုရား ပညာရပ်များစွာကို ကျွမ်းကျင်ပြီးသားဖြစ်ရာ 'တို' စာလုံး၏ လျှို့ဝှက်ချက်မှာ သူနှင့် အလွန်ကိုက်ညီလှသည်။

​ လင်းပိုင်ဖန်က ကျေနပ်စွာဖြင့် - “နယ်မြေချဲ့ထွင်တာက ခွန်အားတိုးဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ဒီနယ်မြေတွေကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဆိုရင် ငါ့ရဲ့ အင်အားကို ဆက်ပြီး တိုးမြှင့်သွားဦးမယ်”

​ ထိုအချိန်တွင် ပြင်ပလောက၌ နိုင်ငံအသီးသီး လက်နက်ချသည့် သတင်းကြောင့် ဆူညံပွက်လောရိုက်နေတော့သည်။ အချို့က အံ့သြနေကြပြီး အချို့ကလည်း မနာလိုဖြစ်နေကြသည်။

​ “ဘုရားရေ... တစ်နိုင်ငံမှ မကျန်ဘဲ အကုန်လုံး လက်နက်ချလိုက်ကြတာလား”

​ “တိုက်တောင် မတိုက်ရသေးဘူး၊ အကုန်လုံးက အညံ့ခံလိုက်ကြပြီတဲ့လား။ ဒီနိုင်ငံတွေက တစ်ခုထက်တစ်ခု ပိုပြီး ကြောက်တတ်ကြတာပဲ”

​ “မနိုင်မှန်းသိပေမဲ့ အနည်းဆုံးတော့ ခုခံသင့်တာပေါ့။ လုံးဝကို သတ္တိ မရှိကြဘူး”

​ “မဟာရှအင်ပါယာကတော့ ဘာမှမလုပ်ရဘဲ နယ်မြေတွေ အများကြီး ရသွားပြီ။ အခုဆိုရင် နယ်မြေ၊ လူဦးရေနဲ့ အရင်းအမြစ်တွေမှာ မဟာရှက ကမ္ဘာ့နံပါတ်တစ် ဖြစ်သွားပြီ”

​ “သိပ်ပြီးတော့လည်း ဝမ်းသာမနေကြနဲ့ဦး။ သိမ်းပိုက်ဖို့ လွယ်ပေမဲ့ ထိန်းသိမ်းဖို့က ခက်ခဲတယ်။ နယ်မြေ ကျယ်ဝန်းလေ အုပ်ချုပ်ဖို့ ခက်ခဲလေပဲ။ မဟာရှ ဘယ်လောက်ကြာကြာ မာန်တက်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”

အပိုင်း (၅၅၄)

​သူတို့တစ်တွေ မနာလိုဖြစ်နေကြသည်ဖြစ်စေ၊ မဖြစ်နေကြသည်ဖြစ်စေ... ယခုအချိန်တွင် အင်အားစုအားလုံးမှာ ကိုယ့်အရေးကိုယ် ပြန်လည် ထူထောင်နေရချိန် ဖြစ်သဖြင့် မဟာရှအင်ပါယာ၏ ကိစ္စရပ်များထဲ ဝင်ရောက်စွက်ဖက်ရန် စိတ်ကူးပင်မရှိကြချေ။

​ သူတို့ မျှော်လင့်နေကြသည်မှာ မဟာရှအင်ပါယာအနေဖြင့် ကျယ်ပြန့်လွန်းလှသော နယ်မြေနှင့် လူဦးရေဒဏ်ကြောင့် ရှေ့မဆက်နိုင်ဘဲ ဝန်ပိပြီး လဲပြိုသွားရန်သာ ဖြစ်သည်။

​ သို့သော်လည်း သူတို့၏ မျှော်လင့်ချက်များမှာ ပျက်စီးဖို့ရန်သာ ရေစက်ပါလာခဲ့သည်။ ဤကျယ်ပြောလှသော နယ်မြေကြီးမှာ လင်းပိုင်ဖန်၏ လက်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ပြည်သူများ ရှင်သန် ဖွံ့ဖြိုးတိုးတက်ရန် ပိုမိုသင့်တော်ကောင်းမွန်သော မြေကမ္ဘာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

​ ထိုအချိန်တွင် မိုယုယန်သည် လင်းပိုင်ဖန်ထံသို့ လာရောက်ကာ နှုတ်ဆက်စကား ဆိုလေသည်။

​ “အရှင်မင်းကြီး... လွန်ခဲ့တဲ့ အတောအတွင်းတုန်းက ကျွန်မရဲ့ မောင်လေး မိသားစုအတွက် ကလဲ့စားချေဖို့ မဟာလော့ ဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက တာအိုဆရာကြီး ယွီရွှီရဲ့ လက်ချက်နဲ့ သေလုမျောပါး ဖြစ်ခဲ့ရပါသေးတယ်။ အခုတော့ မိစ္ဆာကောင်လည်း ပျက်စီးသွားပြီ၊ ကျွန်မရဲ့ ခွန်အားကလည်း ပြည့်စုံနေပြီမို့လို့ သူနဲ့ စာရင်းဟောင်း သွားရှင်းချင်ပါတယ်”

​ မိုယုယန်၏ လှပသော မျက်ဝန်းတစ်စုံတွင် ပြင်းထန်လှသော နာကျည်းမုန်းတီးမှုများ တောက်လောင်နေသည်။

​ လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး - “ငါ နားလည်ပါတယ်။ ဒါပေမဲ့ မင်း တာအိုဆရာကြီး ယွီရွှီနောက်ကို လိုက်မယ်ဆိုရင် တာအိုဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့် နဲ့ ရင်ဆိုင်ရဖို့ သေချာသလောက်ပဲ။ သူတို့ကတော့ မင်းကို အလွယ်တကူ လှုပ်ရှားခွင့်ပေးမှာ မဟုတ်ဘူး”

​ “သူတို့ ဘယ်လောက်ပဲ အင်အားကြီးပါစေ... ကျွန်မရဲ့ ကလဲ့စားချေချင်တဲ့ စိတ်ဆန္ဒကိုတော့ တားဆီးနိုင်မှာ မဟုတ်ပါဘူး” မိုယုယန်က သူမ၏ နတ်ဓားကို တင်းတင်းဆုပ်ကိုင်ရင်း ဆိုလိုက်သည်။

​ “ဒီလိုလုပ်ကြတာပေါ့... မင်းရဲ့ ခရီးစဉ်မှာ ဓားအဖိုးအိုကိုပါ အဖော်အဖြစ် ထည့်ပေးလိုက်မယ်”

​ လင်းပိုင်ဖန်က ပြုံးလျက် - “ဓားအဖိုးအိုနဲ့ အတူရှိနေတာဟာ ငါတို့ မဟာရှအင်ပါယာရဲ့ ရပ်တည်ချက်ကို ပြသရာရောက်တယ်။ သူ မင်းဘေးမှာ ရှိနေရင် အဲဒီမဟာကောင်းကင်အဆင့်လည်း တွန့်ဆုတ်သွားပြီး ကိစ္စရပ်တွေထဲ အလွန်အကျွံ ဝင်ရောက်စွက်ဖက်ရဲမှာ မဟုတ်တော့ဘူး”

​ မိုယုယန်မှာ အံ့အားသင့်သွားပြီးနောက် စေတနာကို လိုလိုလားလား လက်ခံလိုက်ကာ - “အရှင်မင်းကြီးရဲ့ ဂရုဏာတော်အတွက် ကျေးဇူးတင်လှပါတယ်”

​ ထို့ကြောင့် ဓားအဖိုးအိုနှင့် မိုယုယန်တို့သည် လူသူမနီးသော အရပ်တွင် အခြေချနေထိုင်သည့် တာအိုဆရာကြီး ယွီရွှီကို ရှာဖွေရန် အတူတကွ ထွက်ခွာခဲ့ကြတော့သည်။

​ ငါးရက်ကြာပြီးနောက်... သူတို့သည် ပြန်လည်တည်ဆောက်ဆဲဖြစ်သော တာအိုဂိုဏ်းချုပ် ဌာနချုပ်သို့ ရောက်ရှိလာကြသည်။

​ တောင်ထိပ်သို့ပင် မရောက်သေးမီ မိုယုယန်က အသံကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည် - “ယွီရွှီ... ထွက်ခဲ့စမ်း”

​ သူမ၏ အသံမှာ လီပေါင်းများစွာအထိ ဟိန်းထွက်သွားပြီး တောင်ပေါ်ရှိ တာအိုဆရာအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

​ “ဘယ်သူကများ ဒီလောက်အထိ အတင့်ရဲပြီး လာသောင်းကျန်းနေတာလဲ”

​ “ဒီအသံက ခွန်အား တော်တော်ပြည့်တာပဲ၊ လီပေါင်းများစွာအထိတောင်မှ ကြားနေရတယ်။ ဒီလူဟာ အနည်းဆုံးတော့ အင်ပါယာချီ အထွက်အထိပ်အဆင့် ရှိရမယ်”

​ “ဦးလေးတော် ယွီရွှီကို တိုက်ရိုက်လာပြီး စိန်ခေါ်ရဲတယ်ဆိုတော့ သတ္တိတော့ မနည်းဘူးပဲ”

​ “ငါတို့ရဲ့ ဦးလေးတော် ယွီရွှီက ကောင်းကင်အဆင့်တစ်ဦးပဲ၊ လောကမှာ ယှဉ်နိုင်သူ မရှိသလောက်ပဲ”

​ “ထွက်ကြည့်ကြရအောင်”

​ တာအိုဆရာများသည် ဂိုဏ်းတံခါးဝသို့ အပြေးအလွှား ထွက်လာကြသည်။

​ ၎င်းတို့ထဲတွင် နတ်ဘုရားကဲ့သို့ အရှိန်အဝါမျိုး ရှိပြီး ခရမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦး ပါဝင်သည်။ သူသည် တစ်လှမ်းချင်း တက်လှမ်းလာသော ပုံရိပ်ကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ငုံ့ကြည့်ကာ - “မင်း ရောက်လာပြီပေါ့” လို့ ဆိုလိုက်သည်။

​ ထိုသူကား အခြားသူမဟုတ်၊ တာအိုဆရာကြီး ယွီရွှီပင် ဖြစ်သည်။

​ မိုယုယန် ကောင်းကင်အဆင့် သိုင်းပညာရှင်အဆင့်သို့ ချိုးဖျက်ရောက်ရှိသွားကတည်းက ဤနေ့ရက် ရောက်လာလိမ့်မည်ဟု သူ ကြိုတင်ခံစားမိသော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ၎င်းအပြင် သူမက တာအိုဂိုဏ်း၏ ဌာနချုပ်အထိ တိုက်ရိုက် လာရဲလောက်အောင် သတ္တိကောင်းလိမ့်မည်ဟုလည်း မတွေးမိခဲ့ချေ။

​ ၎င်းတို့၏ တာအိုဂိုဏ်းမှ မဟာ‌ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးက ဤနေရာတွင် သီတင်းသုံးနေသည်ကို လူတိုင်း သိကြသည် မဟုတ်ပါလား။

​ ထိုအချိန်တွင် မိုယုယန်သည် တာအိုဂိုဏ်း၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး မတ်တတ်ရပ်လျက်၊ ရင်းနှီးလှသော တာအိုဆရာကြီးကို နာကျည်းမုန်းတီးမှုတို့ဖြင့် စိုက်ကြည့်ကာ - “ယွီရွှီ... ငါ ရောက်လာပြီ။ အဲဒီတုန်းက မင်းက ငါ့ရဲ့ ရန်ကြွေးကို မချေဖျက်နိုင်အောင် တားဆီးခဲ့ရုံတင်မကဘူး၊ ငါ့ကို သေလုနီးပါးအထိ ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ အဲဒီအချက်ကို ငါ အမြဲတမ်း မှတ်ထားခဲ့တာ။ အခုတော့ ငါလည်း ကောင်းကင်အဆင့်ကို ရောက်နေပြီဆိုတော့ ဒီရန်ကြွေးကို ရှင်းရမယ့်အချိန်ပဲ”

​ “စကားပုံ ရှိသားပဲ... ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာပဲ။ မင်း ကလဲ့စားလာချေတာဟာ သဘာဝကျပြီး တရားမျှတပါတယ်။ ငါ့ဘက်ကတော့ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမဲ့...”

​ တာအိုဆရာကြီး ယွီရွှီက မိုယုယန်၏ ဘေးတွင် ရှိနေသော ဓားအဖိုးအိုကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည် - “မိတ်ဆွေ ဓားအဖိုးအို... မင်းကော ဘာကိစ္စကြောင့် ဒီကို ရောက်လာတာလဲ”

​ ဓားအဖိုးအိုက သူ၏ မှေးစင်းနေသော မျက်ဝန်းများကို ဖွင့်လိုက်ပြီး ပြုံးလျက် - “တာအိုဂိုဏ်းက မိတ်ဆွေအားလုံးကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်ုပ် ဒီကိုလာတာ တခြားရည်ရွယ်ချက် မရှိပါဘူး၊ မိုယုယန်ကို စောင့်ရှောက်ပြီး လိုက်ပါပို့ဆောင်ပေးဖို့ သက်သက်ပါပဲ”

​ “မိုယုယန်ဟာ အခုဆိုရင် ကျွန်ုပ်တို့ မဟာရှအင်ပါယာရဲ့ သိုင်းပညာရှင်ကြီး တစ်ဦး ဖြစ်နေပြီ၊ ကျွန်ုပ်တို့ ဧကရာဇ်မင်းမြတ်က သူမရဲ့ ဘေးကင်းရေးကို အရမ်း စိုးရိမ်တော်မူနေတယ်။ သူမက ဒီကိုလာတာက ကိုယ်ရေးကိုယ်တာ ကလဲ့စားချေဖို့နဲ့ စိတ်ထဲက နောင်တတွေကို ဖြေဖျောက်ဖို့ပါ။ ဒါပေမဲ့ သူမရဲ့ ပြိုင်ဘက်က အင်အားကြီးလွန်းလို့ ဘေးကင်းရေးကို စိုးရိမ်ရတဲ့အတွက် ကျွန်ုပ်ကို အထူးစေလွှတ်ပြီး စောင့်ကြည့်ခိုင်းလိုက်တာပါ။ ဒါက သူမနဲ့ ယွီရွှီကြားက ကိစ္စဖြစ်လို့ လူအုပ်နဲ့ ဝိုင်းတာမျိုး ဒါမှမဟုတ် အနိုင်ကျင့်တာမျိုး မလုပ်ကြဖို့ မျှော်လင့်ပါတယ်”

​ “ရယ်စရာကောင်းလိုက်တာ” ဟု လူငယ် တာအိုဆရာတစ်ဦးက မကျေမနပ်ဖြင့် ဆိုလိုက်သည်။

​ “ကျွန်ုပ်တို့ တာအိုဂိုဏ်းဟာ ဖြောင့်မတ်မှန်ကန်တဲ့ ဂိုဏ်းတစ်ခုဖြစ်လို့ အဲဒီလို လူအုပ်နဲ့ ဝိုင်းတိုက်တာ၊ အားနည်းသူကို နှိပ်စက်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ခင်ဗျားက လူကောင်းကို မိမိရဲ့ စိတ်ပုပ်စိတ်ယုတ်နဲ့ တိုင်းတာနေတာပဲ”

​ ဓားအဖိုးအိုက အပြုံးဖြင့် ပြန်ပြောလိုက်သည် - “အဲဒါကတော့ ပြောရခက်တာပေါ့။ တကယ်လို့များ တာအိုဂိုဏ်းက ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် မတော်တဆ သေဆုံးသွားခဲ့ရင် မင်းတို့တွေ ငြိမ်ငြိမ်ထိုင်နေနိုင်မယ်လို့ ကျွန်ုပ် မယုံကြည်ဘူး”

​ တာအိုဂိုဏ်းသားများ၏ မျက်နှာများ ပျက်သွားကြပြီး - “မင်း...”

​ “အားလုံးပဲ စိတ်အေးအေးထားကြပါ”

​ တာအိုဆရာကြီး ယွီရွှီက လက်ကာပြလိုက်ပြီး တည်ငြိမ်စွာဖြင့် - “ဒီကိစ္စက ငါနဲ့ မိန်းကလေးမိုကြားက ရန်ကြွေးပဲ၊ တာအိုဂိုဏ်း ဒါမှမဟုတ် မဟာရှအင်ပါယာနဲ့ ဘာမှမဆိုင်ဘူး။ ဒါကြောင့် တိုက်ပွဲစရင် ငါ သေသေ ရှင်ရှင် ဘယ်သူမှ ဝင်မစွက်ဖက်ကြနဲ့။ ပြီးတော့ ငါ မတော်တဆ သေဆုံးသွားခဲ့ရင်လည်း မဟာရှအင်ပါယာကို အပြစ်မတင်ကြနဲ့”

​ “ဟုတ်ကဲ့ပါ ဦးလေးတော် ယွီရွှီ” ဟု လူအုပ်ကြီးက ပြန်လည်ဖြေကြားလိုက်သည်။

​ “မိတ်ဆွေက တကယ်ပဲ အကျိုးအကြောင်း သိတတ်တာပဲ”

​ ဓားအဖိုးအိုက ပြုံးလျက် - “ကျွန်ုပ်တို့ မဟာရှဘက်ကလည်း ရှင်းရှင်းလင်းလင်း ပြောပါရစေ... မိုယုယန် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သေသေ ရှင်ရှင် ဤကိစ္စသည် တာအိုဂိုဏ်းနှင့် လုံးဝ သက်ဆိုင်လိမ့်မည် မဟုတ်ပါဘူး”

​ “ဒါဆိုရင်တော့ အကောင်းဆုံးပေါ့” တာအိုဆရာကြီး ယွီရွှီမှာ စိတ်ထဲကနေ သက်ပြင်း ခိုးချလိုက်မိသည်။

​ ယခုအခါ မဟာရှအင်ပါယာနှင့် တာအိုဂိုဏ်း နှစ်ခုစလုံးသည် သိုင်းလောက၌ ထူးခြားသည့် အင်အားစုကြီးများ ဖြစ်ကြသည်။ အကယ်၍ ဤအင်အားစုကြီးနှစ်ခု ထိပ်တိုက်တွေ့ပါက ရလဒ်က မည်သို့ပင်ဖြစ်စေ တာအိုဂိုဏ်းအနေဖြင့် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။ မကြာသေးမီက မိစ္ဆာဘေးဆိုးကြီး ကြုံတွေ့ခဲ့ရပြီးနောက် တာအိုဂိုဏ်းအနေဖြင့် မည်သည့်ဆုံးရှုံးမှုကိုမျှ ထပ်မံ၍ မခံနိုင်တော့ချေ။

​ သဘောတူညီမှု ရရှိသွားပြီးနောက် ဘေးလူများအားလုံး နောက်ဆုတ်ပေးလိုက်ကြရာ ကွင်းပြင်ကျယ်ကြီးထဲတွင် ၎င်းတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

All Chapters