← Chapters

အခန်း (၅၅၅-၅၅၆)

Vol. 51 Ch. 555-556

အခန်း (၅၅၅-၅၅၆)

Vol. 51 Ch. 555-556

အပိုင်း (၅၅၅)

​တာအိုဆရာကြီး ယွီရွှီက မိုယုယန်ကို တစ်ချက်ကြည့်လိုက်ပြီး အနီးနားရှိ မတ်စောက်လှသော တောင်ထိပ်တစ်ခုကို လက်ညှိုးထိုးပြကာ - “မိန်းကလေးမို... ငါတို့ ဟိုဘက်မှာ သွားပြီး တိုက်ခိုက်ကြတာပေါ့” ဟု ဆိုလိုက်သည်။

​ “ကောင်းပြီလေ” မိုယုယန်က လေထဲသို့ ခုန်ပျံတက်လိုက်ပြီး ပေပေါင်းထောင်ချီ ဝေးကွာသော မတ်ဇောက်လှသည့် တောင်ထိပ်ပေါ်သို့ တစ်ချက်တည်းဖြင့် ရောက်ရှိသွားတော့သည်။

​ တာအိုဆရာကြီး ယွီရွှီသည်လည်း လိုက်လံခုန်ပျံကာ အခြားတောင်ထိပ်တစ်ခုပေါ်သို့ သက်ဆင်းလိုက်သည်။

​ သူတို့နှစ်ဦးသည် ပေပေါင်းရာချီခန့် ကွာဝေးသော တောင်ထိပ်နှစ်ခုပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြသည်။

​ မိုယုယန်က သူမ၏ နတ်ဓားကို ဆွဲထုတ်လိုက်ပြီး ကိုယ်ဖော့သိုင်းကို အသုံးပြုကာ တာအိုဆရာကြီး ယွီရွှီထံသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားသည်။

​ သူမလက်ထဲမှ ဓားသည် အေးစက်လှသော ဓားချီများကို ထုတ်လွှတ်လျက် အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလိုက်လေသည်။

​ “သိုင်းကွက်ကတော့ အထင်ကြီးစရာပဲ” တာအိုဆရာကြီး ယွီရွှီသည်လည်း အနည်းငယ်မျှ မပေါ့ဆရဲဘဲ အနောက်သို့ ရှောင်တိမ်း ခုန်ဆုတ်လိုက်သည်။

​ “ဝုန်း”

​ သူ အစောပိုင်းက ရပ်နေခဲ့သော တောင်ထိပ်ကလေးမှာ ပြိုပျက်သွားခဲ့ရသည်။

​ “ငါ့ရဲ့ နောက်ထပ်ဓားတစ်ချက်ကို ခံစားကြည့်စမ်း”

​ မိုယုယန်က အခွင့်အရေးကို လက်မလွှတ်ဘဲ ထပ်ကြပ်မကွာ ဖိအားပေး တိုက်ခိုက်လာသည်။ သူမ၏ ဓားအရှိန်အဝါမှာ သမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့ ကြီးမားကျယ်ပြန့်လှပြီး လကွယ်ညတွင် ကြယ်တံခွန် ဖြတ်သန်းသွားသကဲ့သို့ လျင်မြန်စွာဖြင့် ထိုးနှက်လိုက်ပြန်သည်။

​တာအိုဆရာကြီး ယွီရွှီမှာ ရန်သူ့ဓား၏ ထက်မြက်လှသော အရှိန်အဟုန်ကို ထိတ်တိုက် ရင်ဆိုင်ခြင်းမပြုဘဲ ယာယီအားဖြင့် ထပ်မံရှောင်တိမ်းလိုက်ရပြန်သည်။

​ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် အကွက်ပေါင်း ဒါဇင်ကျော်ကို အပြန်အလှန် လဲလှယ်ပြီးဖြစ်ရာ ဘေးမှ စောင့်ကြည့်နေကြသော တာအိုဂိုဏ်းသားများမှာ ရင်သပ်ရှုမောဖြစ်ကာ အားပေးအော်ဟစ်နေကြတော့သည်။

​ “ဒီမိန်းမက ဒီလောက်အထိ အစွမ်းထက်ပြီး ဦးလေးတော် ယွီရွှီကို အနောက်ဆုတ်သွားအောင် ဖိအားပေးနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး”

​ “ဟေ့... သူ ဘယ်လောက်ပဲ တော်တော်၊ ငါတို့ ဦးလေးတော်ထက်တော့ သာနိုင်မှာ မဟုတ်ပါဘူး”

​ “အဲဒီမိန်းမက ကောင်းကင်အဆင့်ကို အခုမှ ချိုးဖျက်ရောက်ရှိတာလေ၊ ငါ့တို့ ဦးလေးတော်ကတော့ ဒီအဆင့်မှာ ကျင်လည်လာတာ ဆယ်စုနှစ်ချီနေပြီ။ ဘယ်သူက ပိုသန်မာလဲဆိုတာ ထင်ရှားနေတာပဲ။ ဦးလေးတော်က အကွက်ကို ချောင်းနေတာ၊ ခဏနေရင် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိမ့်မယ်”

​ “ဟုတ်သားပဲ၊ အဲဒါ အဓိပ္ပာယ်ရှိတယ်”

​ ဓားအဖိုးအို၏ ဘေးတွင် ရပ်နေသည်မှာ ဓားအဖိုးအိုကို ဧည့်ခံနေသော တာအိုဆရာကြီး ယွီမင် ဖြစ်ပြီး သူသည်လည်း ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

​ သူက ဓားအဖိုးအိုကို မေးလိုက်သည် - “မိတ်ဆွေ... ဒီတိုက်ပွဲအပေါ် ဘယ်လိုထင်လဲ”

​ ဓားအဖိုးအိုက ပြုံးလျက် - “သိုင်းကွက်အတွေ့အကြုံအရ ဆိုရင်တော့ မိုယုယန်ဟာ ယွီရွှီကို မမှီသေးဘူး။ ချီစွမ်းအားချင်း ယှဉ်ရင်လည်း မမှီသေးဘူး။ ဒါပေမဲ့... ဒါက အသေအလဲ တိုက်ရမယ့် တိုက်ပွဲဆိုရင်တော့ တာအိုဆရာကြီး ယွီရွှီဟာ သူမရဲ့ ပြိုင်ဘက် မဟုတ်ဘူး”

​ “အိုး... ဘာဖြစ်လို့လဲ” တာအိုဆရာကြီး ယွီမင်မှာ ဇဝေဇဝါ ဖြစ်သွားသည်။

​ “ဆက်ကြည့်လိုက်ပါ၊ မကြာခင် သိရပါလိမ့်မယ်” ဓားအဖိုးအိုက နက်နဲသော အပြုံးဖြင့် ဆိုလိုက်သည်။

​ မျက်တောင်တစ်ခတ်အတွင်းမှာပင် အကွက်ပေါင်း (၃၀၀) ခန့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ ယခုအခါ နှစ်ဖက်စလုံးမှာ အစွမ်းကုန် တိုက်ခိုက်နေကြပြီ ဖြစ်သည်။ တာအိုဆရာကြီး ယွီရွှီသည် မိုယုယန်၏ တိုက်ကွက်များကို တဖြည်းဖြည်း နားလည်လာပြီး သူ၏ နက်နဲလှသော ကျင့်ကြံခြင်း စွမ်းအားဖြင့် မိုယုယန်ကို ခုခံကာကွယ်ရုံ သက်သက်သာ ရှိတော့သည့် အခြေအနေသို့ ရောက်အောင် တွန်းပို့လိုက်သည်။

​ ကျောက်လှေကားထစ်များပေါ်တွင် ရပ်နေကြသော တာအိုဆရာငယ်လေးများမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။

​ “ဦးလေးတော်... အားစိုက်ထား….။ အဲဒီအတိုင်းပဲ... အောင်ပွဲက လက်တစ်ကမ်းမှာပဲ ရှိတော့တယ်”

​ “နည်းနည်းလောက် ထပ်ကြိုးစားပြီး အဲဒီမိန်းမကို နှိမ်နှင်းပစ်လိုက်ပါ”

​ “ကျွန်တော်တို့ တာအိုဂိုဏ်းရဲ့ စွမ်းအားကို သူမ သိသွားအောင် ပြလိုက်ပါ”

​ တာအိုဆရာကြီး ယွီမင်က ဓားအဖိုးအိုကို ထပ်မံမေးမြန်းလိုက်သည် - “မိတ်ဆွေ... ခုနက အမြင်အတိုင်းပဲလား”

​ ဓားအဖိုးအိုက ပြုံးလျက်ပင် - “သေချာတာပေါ့”

​ တာအိုဆရာကြီး ယွီမင်မှာ စိတ်ရှုပ်ထွေးသွားပြီး - “ဒါပေမဲ့ မိုယုယန်က ရှုံးတော့မယ့် အခြေအနေ ရောက်နေပြီလေ၊ မိတ်ဆွေက ဘာလို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေရတာလဲ”

​ ဓားအဖိုးအိုက ရယ်မောကာ - “ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်ုပ်ရဲ့ ဆရာသခင် ပြောခဲ့တဲ့ စကားမို့လို့ပဲ”

​ “မိတ်ဆွေရဲ့ ဆရာသခင်? မဟာရှ ဧကရာဇ်မင်းမြတ်လား” တာအိုဆရာကြီး ယွီမင်မှာ ဆွံ့အသွားသည်။

​ ဓားအဖိုးအိုက ခေါင်းညိတ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် - “မှန်တာပေါ့... ဆရာ မိန့်ကြားခဲ့တဲ့ စကားမှန်သမျှ ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး။ ဒါကြောင့် နောက်ဆုံး အောင်ပွဲက ယုယန်ရဲ့ လက်ထဲကို ရောက်မယ်ဆိုတာကို ကျွန်ုပ် အမြဲတမ်း ယုံကြည်တယ်”

​ “ဒါဆိုရင်လည်း စောင့်ကြည့်ကြသေးတာပေါ့”

​ သူတို့နှစ်ဦးသည် တိုက်ပွဲဆီသို့ အာရုံပြန်စိုက်လိုက်ကြသည်။

​ နောက်ထပ် အကွက်ပေါင်း (၁၀၀) ခန့် ကုန်ဆုံးသွားပြီးနောက် မိုယုယန်၏ အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။

​ ထိုအချိန်တွင် တာအိုဆရာကြီး ယွီရွှီက အခွင့်ကောင်းတစ်ခုကို ရှာတွေ့သွားပြီး ရန်သူ့ဓားကို ညှပ်ဆွဲကိုင်လိုက်ကာ ပြုံးလျက် - “မင်း ရှုံးနိမ့်သွားခဲ့ပြီ၊ ဒီလောက်နဲ့တင် ရပ်လိုက်ကြစို့လား” ဟု ဆိုလိုက်သည်။

​ “မပြီးသေးဘူး... အခုမှ တကယ်စမှာ”

​ လူတိုင်းကို အံ့အားသင့်စေသည်မှာ မိုယုယန်က သူမ၏ လက်ရှိဓားကို စွန့်ပစ်လိုက်ပြီး ခါးကြားဆီသို့ ရုတ်တရက် လက်လှမ်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုနေရာတွင် သာမန်မျက်စိဖြင့် ကြည့်ရုံမျှဖြင့် သတိမထားမိနိုင်သော အခြားဓားတစ်လက် ရှိနေသည်။

​ “ကောင်းကင်သတ် ဓားထုတ်သိုင်း”

​ “ချွင်…”

​ ကြောက်မက်ဖွယ်ကောင်းလှသော ဓားချီတန်း တစ်ခုသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာဖြင့် ဝှေ့ယမ်း ထွက်ပေါ်လာသည်။

​ တာအိုဆရာကြီး ယွီရွှီသည် ထိုဓားချီထံမှ သေတွင်းသို့ ရောက်ရှိသွားနိုင်လောက်သည့် အန္တရာယ်ကို အာရုံခံမိလိုက်သည်။ သူသည် ချက်ချင်းပင် လက်ထဲရှိ သူ၏ လက်နက်ဖြင့် ကာကွယ်လိုက်တော့သည်။

​ ချက်ချင်းဆိုသလိုပင် တောင်ထိပ်အချို့ ပြိုကျပျက်စီးသွားပြီး တာအိုဆရာကြီး ယွီရွှီမှာ ပြင်းထန်လှသော အင်အားကြောင့် လွင့်စင်ထွက်သွားကာ သွေးများ အန်ထွက်လာခဲ့တော့သည်။

​ “ဦးလေးတော် ယွီရွှီ”

​ “ဆရာတူညီလေး”

​ လူတိုင်းက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်ကြသည်။

​ “ဘာမှမဖြစ်ဘူး... အားလုံးပဲ စိုးရိမ်မလွန်ကြပါနဲ့”

​ ထိုအချိန်တွင် တာအိုဆရာကြီး ယွီရွှီသည် တောင်ထိပ်ပေါ်၌ ပြန်လည်မတ်တတ်ရပ်နိုင်ခဲ့သည်။ သို့သော်လည်း သူ၏ ပုံစံမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဆံပင်များ ဖရိုဖရဲဖြစ်ကာ ဝတ်ရုံမှာလည်း နေရာအနှံ့ စုတ်ပြဲပြီး သွေးကွက်များ စွန်းထင်နေသည်။ မျက်နှာမှာ ဖြူလျော်နေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူ၏ လက်နက်မှာမူ ထိုထိပ်တိုက်တွေ့မှုတွင် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

​ သူသည် လေးနက်လှသော မျက်နှာအမူအရာဖြင့် - “ဒါက... နတ်ဘုရားအဆင့် သိုင်းပညာပဲ” ဟု ရေရွတ်လိုက်သည်။

​ ထို့နောက် မိုယုယန်၏ လက်ထဲမှ ဓားကို ကြည့်ကာ အံ့ဩတကြီးဖြင့် - “ဒါက... နတ်ဓားပဲ” ဟု ထပ်မံဆိုလိုက်ပြန်သည်။

​ သူက အသက်ကို ဝဝရှူကာ အာရုံပြန်စုစည်းပြီး - “မိန်းကလေးမို... တကယ့်ကို ပါးနပ်တဲ့ အစီအစဉ်ပဲ”

​ ရှင်းလင်းလှသည်မှာ မိုယုယန်သည် အားနည်းချင်ယောင်ဆောင်ပြီး ရန်သူ့ဘက်က ပေါ့ဆသွားမည့်အချိန်ကို စောင့်ဆိုင်းကာမှ နတ်ဘုရားအဆင့် သိုင်းပညာနှင့် နတ်ဓားကို ရုတ်တရက် အသုံးပြု၍ သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

​ မိုယုယန်က တည်ငြိမ်စွာဖြင့် - “ငါ စောစောက ပြောခဲ့သားပဲ... တိုက်ပွဲက အခုမှ တကယ်စမှာလို့။ ငါ့ရဲ့ ဒီဓားချက်ကို ထပ်ပြီး ခံစားကြည့်စမ်း”

​ တိုက်ပွဲက ဆက်လက် ပြင်းထန်လာခဲ့သည်။

​ ယခုအခါတွင်မူ နတ်ဓား၏ စွမ်းအားကြောင့် မိုယုယန်၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အပြန်အလှန်အားဖြင့် တာအိုဆရာကြီး ယွီရွှီမှာ ဒဏ်ရာရထားပြီး လက်နက်လည်း ဆုံးရှုံးသွားခဲ့ရသဖြင့် သူ၏ အင်အားမှာ များစွာ လျော့နည်းသွားခဲ့ရသည်။

​ ဤသို့ အတက်နှင့်အကျ ဖြစ်သွားပြီးနောက် မိုယုယန်၏ ခွန်အားမှာ တာအိုဆရာကြီး ယွီရွှီထက် ကျော်လွန်သွားခဲ့ပြီး သူ့ကို အကျပ်အတည်းဖြစ်စေသည့် အခြေအနေသို့ ရောက်အောင် ဖိအားပေးနိုင်ခဲ့သည်။

​ အကွက်ပေါင်း ရာချီ ကုန်ဆုံးသွားတိုင်း သူ၏ မျက်နှာမှာ ပိုမို ဖြူလျော်လာပြီး သွေးများ ထပ်မံ အန်ထွက်လာခဲ့သည်။

​ တာအိုဂိုဏ်း၏ တပည့်များမှာ သူ၏အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြတော့သည်။

​ ဓားအဖိုးအိုက ပြုံးလိုက်ပြီး - “မိတ်ဆွေ... ကျွန်ုပ် ပြောတာ မမှားဘူးမလား”

​ တာအိုဆရာကြီး ယွီမင်မှာမူ ပြန်လည်ပြောဆိုရန် စကားလုံး မရှိတော့ဘဲ ကွင်းပြင်ထဲရှိ သူ၏ ဆရာတူညီလေးကိုသာ စိုးရိမ်တကြီးဖြင့် ကြည့်ရှုနေတော့သည်။

အပိုင်း (၅၅၆)

​ထိုအချိန်တွင် တာအိုဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာမှ ထက်မြက်လှသော နတ်ဓားတစ်လက် ပျံသန်းထွက်ပေါ်လာပြီး တာအိုဆရာကြီး ယွီရွှီ၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။

​ ဤဓားကို ရရှိသွားပြီးနောက် သူသည် ကျားရိုင်းကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားကာ အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်ပြီး မိုယုယန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင် တိုက်ခိုက်လေတော့သည်။

​ ဒါက အငြင်းပွားစရာမလိုဘဲ တာအိုဂိုဏ်းမှ စီနီယာကြီးတစ်ဦးက ကွယ်ရာကနေ ကူညီပံ့ပိုးပေးလိုက်တဲ့ နတ်ဓားတစ်လက် ဖြစ်သည်မှာ သေချာလှပေသည်။

​ “ဦးလေးတော်... အဲဒီအတိုင်းပဲ တိုက်...”

​ “ငါပြောသားပဲ... ငါတို့ ဦးလေးတော်က လွယ်လွယ်နဲ့ မရှုံးနိုင်ပါဘူးလို့”

​ “အဲဒီမိန်းမက သူ့လက်နက်ရဲ့ အားသာချက်ကိုပဲ အမှီပြုနေတာ၊ အခုတော့ ငါတို့ ဦးလေးတော်မှာလည်း နတ်ဓားရှိသွားပြီဆိုတော့ သူမကို ကြောက်စရာမလိုတော့ဘူး”

​ “ဦးလေးတော်... မုချနိုင်ရမယ်...။ အဲဒီမိန်းမကို နိုင်အောင် တိုက်ပစ်လိုက်ပါ......”

​ တာအိုဂိုဏ်း၏ တာအိုတပည့်ငယ်များမှာ စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ အော်ဟစ် အားပေးကြတော့သည်။

​ တာအိုဆရာကြီး ယွီမင်က ပြုံးလိုက်ပြီး - “မိတ်ဆွေ... အခုထိပဲ ငါ့ရဲ့ ဆရာတူညီလေး ရှုံးလိမ့်မယ်လို့ ယုံကြည်နေတုန်းပဲလား”

​ ဓားအဖိုးအိုကမူ တည်ငြိမ်စွာဖြင့်ပင် - “သေချာတာပေါ့”

​ “ဒါဆိုရင်လည်း ဆက်ပြီး စောင့်ကြည့်ကြသေးတာပေါ့”

​ မျက်တောင်တစ်ခတ်အတွင်းမှာပင် အကွက်ပေါင်း (၁၀၀၀) ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ နှစ်ဦးစလုံးသည် မိမိတို့၏ အစွမ်းထက်လှသော သိုင်းကွက်များနှင့် လျှို့ဝှက်သိုင်းပညာရပ်မျိုးစုံကို ထုတ်ဖော်အသုံးပြုနေကြရာ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိကာ အလွန်ပြင်းထန်နေတော့သည်။

​ ဒါက မိုယုယန်အတွက် ကောင်းကင်အဆင့်သို့ ချိုးဖျက်ရောက်ရှိပြီးနောက်ပိုင်း ပထမဦးဆုံး တိုက်ပွဲဖြစ်သလို သူမ၏ သက်တမ်းတစ်လျှောက် အကောင်းဆုံး အထွတ်အထိပ် တိုက်ပွဲလည်း ဖြစ်သည်။

​ တာအိုဆရာကြီး ယွီရွှီနှင့် နှိုင်းယှဉ်ပါက သူမက အသက်အရွယ်လည်း ငယ်ရွယ်ပြီး အဆင့်အတန်းလည်း ပိုနိမ့်သည်။ သို့ဖြစ်ရာ ရှုံးနိမ့်သွားခဲ့လျှင်ပင် သိက္ခာကျစရာမရှိသဖြင့် သူမ၏ စိတ်ထဲတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ ရှိမနေပေ။

​ သူမသည် မိမိ၏ ခွန်အားအားလုံးကို ပုံအောကာ အစွမ်းကုန် တိုက်ခိုက်နိုင်ပြီး တိုက်ပွဲကြာလေ ပိုမိုသန်မာလာလေဖြစ်ရာ မိမိ၏ စွမ်းဆောင်ရည်ထက် ၁၂၀ ရာခိုင်နှုန်းခန့်အထိ ပိုမိုထုတ်ဖော်နိုင်နေသည်။

​ သို့သော် တာအိုဆရာကြီး ယွီရွှီအတွက်မူ ထိုသို့မဟုတ်ပေ။

​ သူသည် ဂိုဏ်း၏ စီနီယာ ဝါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ မျိုးဆက်သစ်လူငယ်တစ်ဦးကို ရှုံးနိမ့်သွားပါက မျက်နှာပျက်စရာ ဖြစ်ပေလိမ့်မည်။

​ ထို့အပြင် သူသည် တာအိုဂိုဏ်း၏ ဂုဏ်သိက္ခာ မျက်နှာစာ တစ်ခုလည်း ဖြစ်သည်။

​ မိမိ၏ ဂိုဏ်းတံခါးဝရှေ့တွင် လာရောက်စိန်ခေါ်မှုကို ခံရပြီးမှ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက တစ်ဂိုဏ်းလုံးအတွက် အရှက်ရစရာ ဖြစ်သွားမည်ဖြစ်ပြီး တစ်လောကလုံး၏ လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။

​ ထို့ကြောင့် သူသည် လုံးဝ ရှုံးနိမ့်၍မဖြစ်ပေ။

​ ဤသို့ဖြင့် သူ၏ စိတ်ထဲတွင် လေးလံလှသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားရသဖြင့် တိုက်ခိုက်ရာတွင် မသိစိတ်က ထိန်းချုပ်ကန့်သတ်ထားသကဲ့သို့ ဖြစ်နေသည်။

​ သူသည် အစွမ်းကုန် ကြိုးစားနေသော်လည်း မိမိ၏ စွမ်းအား ၉၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်ဖော်နိုင်တော့သည်။

​ တစ်ဖက်က အသာစီးရလာပြီး အခြားတစ်ဖက်က နောက်ကျကျန်ခဲ့ရာ တာအိုဆရာကြီး ယွီရွှီသည် မိုယုယန်ကို မယှဉ်နိုင်တော့ဘဲ တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။

​ “အာရုဏ်ဦး နေမင်း ဓားသိုင်း...”

​ မိုယုယန်က သူမ၏ သီးသန့်ဓားကွက်ကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။

​ မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ထိုဓားချက်သည် တာအိုဆရာကြီး ယွီရွှီ၏ ရှေ့မှောက်သို့ ရုတ်တရက် ထိုးနှက်ဝင်ရောက်လာသည်။ ကောင်းကင်မလင်းမီ မှောင်မိုက်ခြင်းကို ဖြိုခွဲကာ ထွက်ပေါ်လာသော နေဝန်းနီကြီးကဲ့သို့ပင် ဖျက်ဆီးခြင်းအင်အားစုများကို သယ်ဆောင်လာခဲ့သည်။

​ တာအိုဆရာကြီး ယွီရွှီမှာ ကပျာကယာ ကာကွယ်လိုက်ရသော်လည်း ၎င်းက ဒဏ်ရာဟောင်းကို ပိုမိုဆိုးရွားသွားစေကာ ဒဏ်ရာပေါ် ဒဏ်ရာဆင့်သွားခဲ့ရသည်။

​ သူ၏ ခွန်အားများ ကုန်ခန်းလုနီးပါး ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းလာကာ သွေးတစ်လုတ်ပင် အန်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။

​ မိုယုယန်က အခွင့်ကောင်းကို လက်မလွှတ်ဘဲ ဆက်တိုက် ဖိအားပေး တိုက်ခိုက်လိုက်သည်။

​ “ တောက်ပသော နေမင်း ဓားသိုင်း...”

​ ဤဓားကွက်မှာ မွန်းတည့်ချိန် နေမင်းကဲ့သို့ ပြင်းပြတောက်လောင်လှပြီး အလွန်အမင်း ပြင်းထန်စွမ်းလှသော ယန်စွမ်းအားကို သယ်ဆောင်လျက် အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းချလိုက်ခြင်း ဖြစ်သည်။

​ တာအိုဆရာကြီး ယွီရွှီမှာ အလန့်တကြားဖြင့် ထပ်မံ ကာကွယ်လိုက်ရပြန်သည်။

​ ထိုပြင်းထန်လှသော စွမ်းအင်ကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများကို ထပ်မံ မနှိမ်နှင်းနိုင်တော့ဘဲ သွေးတစ်လုတ် ပြင်းထန်စွာ အန်ထွက်လာခဲ့တော့သည်။

​ မိုယုယန်က ပြိုင်ဘက်ကို အနားယူခွင့်မပေးဘဲ အသာစီးရမှုကို ပိုမိုကျယ်ပြန့်စေရန် သူမ၏ သီးသန့်ဓားကွက်များကို ဆက်တိုက် ထုတ်ဖော်တော့သည်။

​ “ကောင်းကင်ဖြိုခွဲ ဓားသိုင်း...”

​ ဓားချက်တစ်ခုပြီးတစ်ခု ဆက်တိုက် ကျရောက်လာရာ တစ်ချက်ထက်တစ်ချက် ပိုမိုကြောက်မက်ဖွယ် ကောင်းပြီး ရက်စက်လှပေသည်။

​ တာအိုဆရာကြီး ယွီရွှီမှာ အလူးအလဲ ခံစားနေရပြီး သွေးများအန်ရင်း ကာကွယ်နေရရှာရာ အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းနေပြီဖြစ်သည်။

​ “ဦးလေးတော်...” တာအိုဆရာလေးများက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်ကြသည်။

​ “အားလုံး တိတ်တိတ်နေစမ်း...။ မင်းတို့ သိုင်းဦးလေးက အသက်နဲ့လဲပြီး တိုက်ခိုက်နေတာ။ သူ့ကို အာရုံမနောက်စေနဲ့၊ မနှောင့်ယှက်ကြနဲ့...” တာအိုဆရာကြီး ယွီမင်က ပြတ်ပြတ်သားသား တားမြစ်လိုက်သည်။

​ လူတိုင်း တိတ်ဆိတ်သွားကြသော်လည်း သူတို့၏ မျက်နှာများတွင်မူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

​ ဓားအဖိုးအိုကမူ ပြုံးလျက် အေးအေးလူလူ ဆိုလိုက်သည် - “မိတ်ဆွေကြီး... ငါပြောတာ မမှားဘူးမလား။ မင်းရဲ့ ဆရာတူညီလေးကတော့ ရှုံးဖို့ သေချာသွားပြီ”

​ “ကောက်ချက်ချဖို့ စောပါသေးတယ်၊ အရှုံးအနိုင်က မပေါ်သေးဘူး...” တာအိုဆရာကြီး ယွီမင်က ဇွတ်မှိတ်၍ ငြင်းဆိုလိုက်သည်။

​ “ငါ့အမြင်အရတော့ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမယ့်အချိန်အတွင်းမှာတင် ဒီတိုက်ပွဲရဲ့ ရလဒ်က အလိုလို ပေါ်လာလိမ့်မယ်” ဓားအဖိုးအိုက သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း ဆိုလိုက်သည်။

​ အမွှေးတိုင်တစ်တိုင်စာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

​ ဓားအဖိုးအို ပြောခဲ့သည့်အတိုင်းပင် ဒဏ်ရာများ တစ်ခုပြီးတစ်ခု ထပ်ဆင့်လာမှုကြောင့် တာအိုဆရာကြီး ယွီရွှီ၏ အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားလာခဲ့ပြီး သူ၏ စွမ်းအားများမှာလည်း မလုံလောက်တော့ပေ။

​ ထိပ်တိုက်တွေ့ဆုံမှုတစ်ခုတွင် သူသည် မိုယုယန်၏ တိုက်ကွက်ကြောင့် မြေပြင်ပေါ်သို့ လွင့်စင်ကျသွားခဲ့ပြီး ခြေလက်အင်္ဂါအားလုံး ကျိုးပဲ့သွားခဲ့ရသည်။ ထို့နောက် အပေါ်မှ ကျရောက်လာတော့မည့် ဓားချက်ကို မော့ကြည့်ရင်း သူ၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိတော့သည် - “ငါ့ဘဝကတော့ ဒီမှာပဲ အဆုံးသတ်ပြီပေါ့...”

​ သို့သော် ထိုအခိုက်အတန့်တွင် ဓားချက်က ကျရောက်မလာခဲ့ပေ။

​ နူးညံ့ပြီး အိုမင်းလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည် - “တော်လောက်ပြီ... သူ ရှုံးနိမ့်သွားခဲ့ပြီပဲ”

​ မိုယုယန်က သူမ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူမ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော တာအိုအဖိုးအိုကို ကြည့်ကာ နှာခေါင်းရှုံ့လျက် - “သူ ရှုံးသွားရုံနဲ့ အရာအားလုံးက ပြီးပျောက်သွားရောလား။ သူက ကျွန်မရဲ့ အသက်ကို ရန်ရှာခဲ့ဖူးတာကို ရှင်တို့ သိသင့်တယ်။ အဲဒီတုန်းက ကျွန်မသာ ကံမကောင်းခဲ့ရင် အခုချိန်မှာ အရိုးစုတစ်ခု ဖြစ်နေလောက်ပြီ...” ဟု ဆိုလိုက်သည်။

​ သူမ၏ရှေ့မှ တာအိုအဖိုးအိုမှာ တာအိုဂိုဏ်း၏ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်ပြီး ‘ရွှမ်ရွှီ’ ဟု လူသိများသူ ဖြစ်သည်။

​ “ရန်ကို ရန်နဲ့တုံ့ပြန်ရင် ဘယ်တော့မှ ပြီးဆုံးမှာလဲ...” တာအိုဆရာကြီး ရွှမ်ရွှီက ထပ်မံ ဖျောင်းဖျလိုက်သည်။

​ “ပညာရှိတွေလည်း ပြောခဲ့ဖူးသားပဲ... ‘ကျေးဇူးကို ကျေးဇူးနဲ့ဆပ်၊ ရန်ကြွေးကို တရားမျှတမှုနဲ့ ချေဖျက်’ ရမယ်တဲ့...” မိုယုယန်က အေးစက်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။

​ အခြေအနေမှာ ထပ်မံ၍ တင်းမာသွားခဲ့ပြန်သည်။

​ ထိုအချိန်တွင် ဓားအဖိုးအိုက ဒေါသတကြီးဖြင့် ကြားဖြတ်ပြောဆိုလိုက်သည် - “ဒီတိုက်ပွဲက ပုဂ္ဂိုလ်ရေး အာဃာတဖြစ်ပြီး အရှုံးအနိုင်၊ အသေအကြေကို တိုက်ခိုက်ကြတာပဲ။ ပြင်ပလူတွေ ဝင်မစွက်ဖက်ကြေးလို့ ခုနတင်ကပဲ သဘောတူထားကြတာ မဟုတ်ဘူးလား။ မင်းတို့ တာအိုဂိုဏ်းက တကယ့်ကို ကတိမတည်တဲ့ လူတွေပဲ...”

​ တာအိုဂိုဏ်းသားများမှာ ဘာမှပြန်မပြောနိုင်တော့ဘဲ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားကြတော့သည်။

​ တာအိုဆရာကြီး ရွှမ်ရွှီ တစ်ဦးတည်းသာ တည်ငြိမ်စွာဖြင့် - “မှန်ပါတယ်... ငါတို့ တာအိုဂိုဏ်းက မလျော်မကန် ပြုမူမိတာပါ။ ဒါပေမဲ့ ယွီရွှီက ငါတို့ဂိုဏ်းသားတစ်ဦး ဖြစ်သလို၊ မိန်းကလေးမိုနဲ့ ဖြစ်ခဲ့တဲ့ ရန်ငြိုးကလည်း တစ်ဂိုဏ်းလုံးကြောင့် ဖြစ်လာခဲ့ရတာ။ ဒါကြောင့် သူ သေသွားမယ့် အရေးကိုတော့ ငါတို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး”

​ “ဒါဆိုရင်... မင်းတို့က ငါတို့ မဟာရှနိုင်ငံတော်ကို ပြစ်မှားစော်ကားရမှာ မကြောက်ဘူးပေါ့လေ...”

​ ဓားအဖိုးအိုက လှောင်ပြောင်လိုက်ပြီး - “တာအိုဂိုဏ်းက နှစ်ပေါင်းထောင်ချီ သမိုင်းအစဉ်အလာရှိတဲ့ သိုင်းလောက အဖွဲ့အစည်းကြီးပီပီ နာမည်နဲ့လိုက်အောင်ကို မာနကြီးပြီး ငါတို့ မဟာရှနိုင်ငံတော်ကိုတောင် မျက်စိထဲ မထည့်တာပဲ...”

​ “မိတ်ဆွေ ဓားအဖိုးအို... မင်း စကားက လွန်လှချည်လား။ အခုခေတ်ရဲ့ အကြီးကျယ်ဆုံး မဟာအင်ပါယာကြီးတစ်ခုရဲ့ အရှင်သခင်ဖြစ်တဲ့ မဟာရှဧကရာဇ်မင်းမြတ်ဟာ လောကရဲ့ နံပါတ်တစ် နတ်ဓားကို ပိုင်ဆိုင်ထားပြီး သူ၏ အရှိန်အဟုန်က ကောင်းကင်ယံကိုတောင် တုန်လှုပ်စေတာပဲ။ ငါတို့ တာအိုဂိုဏ်းက ဘယ်လိုလုပ်ပြီး မလေးမခန့် လုပ်ရဲပါ့မလဲ။ ဒီလိုပဲ လုပ်ကြတာပေါ့...”

​ တာအိုဆရာကြီး ရွှမ်ရွှီက ကျောက်စိမ်းပုလင်းငယ် တစ်ခုကို ထုတ်ယူလိုက်ပြီး - “ဒီပုလင်းထဲမှာ ငါတို့ တာအိုဂိုဏ်းရဲ့ ထူးခြားဆန်းပြားလှတဲ့ နတ်ဆေးလုံးတွေဖြစ်တဲ့ ‘နတ်နဂါးရိုးတွင်းခြင်ဆီ ဆေးလုံး’ တွေ ရှိတယ်။ စုစုပေါင်း သုံးလုံးရှိပြီး တစ်လုံးချင်းစီက အသက်တစ်ချောင်းစာ တန်ဖိုးရှိတယ်။ ဒါကို လျော်ကြေးအဖြစ် ပေးရင်တော့ လုံလောက်ပြီမလား...” ဟု ဆိုလိုက်သည်။

All Chapters