← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) ဤအရာကို ကျွန်ုပ်တို့ စောင့်ရှောက်မည်

ထိုအချိန် လီကျားရွာတွင်မူ ခမ်းနားထည်ဝါသော သံမဏိကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် ကြက်ခြံဘေး၌ ကျဲ့ဖန့် ကုန်တင်ကားအချို့၏ နောက်ခန်းများကို ဖွင့်လှစ်ထားပြီးဖြစ်လေသည်။

အစွန်းအထင်းကင်းစင်နေသော အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ဆင်ထားသည့် ယန်ကျန့်ဝမ်သည် ကုန်တင်ကားဘေးတွင် ယုံကြည်မှုအပြည့်ဖြင့် ရပ်လျက် အလုပ်သမားအချို့ကို ညွှန်ကြားနေ၏။

အလုပ်သမားများသည် ကုန်တင်ကားပေါ်မှ သပ်ရပ်စွာ စီရီထားသော ကတ်ထူပုံးများကို ဂရုတစိုက် ချနေကြသည်။ ထိုပုံးများတွင် လေဝင်လေထွက်ပေါက်များပါရှိပြီး အထဲမှ သွက်လက်တက်ကြွနေသည့် တကျီကျီ အသံတိုးတိုးလေးများက တဆက်တည်း ထွက်ပေါ်နေလေသည်။

အလုပ်သမားတစ်ယောက်က ကတ်ထူပုံးတစ်ပုံးကို ဖွင့်လိုက်သောအခါ အထဲတွင် အမွေးနုဝါဝါလေးများ ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရ၏။ ကြက်ပေါက်စလေးများသည် အားအင်ပြည့်ဝနေပြီး အရွယ်အစားအားဖြင့်လည်း အားလုံးနီးပါး တူညီကြကာ အလွန်တက်ကြွနေကြလေသည်။ ပုံးထဲတွင် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်လျက် ခုန်ပေါက်နေကြပုံထောက်လျှင် ၎င်းတို့မှာ ထိပ်တန်းအရည်အသွေးရှိသော မျိုးစိတ်များဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။

လီကျားရွာ၏ ရွာလူကြီးဖြစ်သော လီမင်သည် လက်ထဲတွင် သံဖြူအသံချဲ့စက်ကို ကိုင်ဆောင်ထားသည်။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး များပြားလှစွာသော လူအုပ်ကြီးကို အသံကုန်ခြစ်၍ အော်ဟစ်လိုက်လေသည်။

"ရွာသူရွာသားတို့... အားလုံးပဲ မြင်ကြရဲ့လား... အဲ့ဒါက ပညာရှင်ယန်က ပြည်နယ် မျိုးကြက်မွေးမြူရေးခြံကနေ တို့ဆီကို အထူးတလည် သယ်လာပေးတဲ့ အမွေးဖြူကြက်တွေပဲ... ဒီကြက်အမျိုးအစားက ကြီးထွားနှုန်းမြန်ပြီး ဥလည်း အများကြီးဥတယ်... မြို့ပေါ်မှာ အရမ်းကို ဝယ်လိုအားကောင်းတဲ့ မျိုးစိတ်တွေပဲ..."

လီကျားရွာမှ ရွာသူရွာသားများမှာ လုံးဝကို စိတ်လှုပ်ရှား ဝမ်းသာသွားကြတော့သည်။

"အမွေးဖြူကြက်တွေတဲ့... ပြည်နယ်မြို့တော်ကလာတဲ့ ကြက်ပေါက်လေးတွေဟ..."

"ဘုရားရေ... အများကြီးပဲ... သောင်းနဲ့ချီပြီး ရှိလောက်တယ်..."

"ပညာရှင်ယန်ကတော့ အရှင်လတ်လတ် ဘုရားလောင်းပဲ... တို့လီကျားရွာတော့ ချမ်းသာတော့မှာပဲ..."

ရွာသူရွာသားများ၏ မျက်လုံးများသည် ထောင်သောင်းမက များပြားလှပြီး လှုပ်ရှားသွားလာနေသည့် သတ္တဝါလေးများကို ကြည့်ကာ အရောင်တလက်လက် တောက်နေကြသည်။ ၎င်းတို့သည် ငွေစက္ကူအထပ်လိုက်ကြီးများနှင့် မွှေးကြိုင်လှသော ကြက်ပေါင်ကြော်များကို မျက်စိရှေ့တွင် မြင်ယောင်နေကြသည့်အလားပင်။

အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြသော ခွန်အားဗလပြည့်စုံသည့် လူငယ်အချို့သည် ရှေ့သို့ ပြေးထွက်သွားကြပြီး ယန်ကျန့်ဝမ်ကို ကုန်တင်ကားပေါ်မှနေ၍ စကားတစ်ခွန်းမျှမဆိုဘဲ ဆွဲခေါ်ကာ လေထဲသို့ မြင့်တက်သွားအောင် မြှောက်တင်လိုက်ကြတော့သည်။

"ပညာရှင်ယန် သက်တော်ရာကျော် ရှည်ပါစေ..."

သူရဲကောင်းတစ်ဦးကဲ့သို့ ကြိုဆိုခံရပြီးနောက်တွင် ရွာသူရွာသားများက ယန်ကျန့်ဝမ်ကို အောက်သို့ ပြန်ချပေးလိုက်ကြလေသည်။ သူက ဖရိုဖရဲဖြစ်သွားသော အင်္ကျီအဖြူကို သပ်ရပ်အောင် ပြန်လုပ်လိုက်ပြီး အောင်ပွဲခံနေသည့် လူအုပ်ကြီးကို ကျော်လွန်ကာ မလှမ်းမကမ်းရှိ ချင်းရွှေရွာဘက်ဆီသို့ အထင်သေးသော အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူ၏ နှုတ်ခမ်းထက်တွင် အောင်နိုင်သူတစ်ဦး၏ အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။

မြင်ကွင်းကို လိုက်ပါကြည့်ရှုနေကြသော ချင်းရွှေရွာမှ ရွာသူရွာသားများ၏ မျက်နှာပေါ်ရှိ အမူအရာများမှာမူ သိပ်ကြည့်ကောင်းလှသည် မဟုတ်ပေ။

မိမိတို့၏ ကိုယ်ပိုင်ကြက်ခြံရှေ့တွင် ဖြစ်တည်နေခဲ့သော ဝမ်းသာပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များမှာ သူတစ်ပါးကြက်ခြံမှ စည်ကားသိုက်မြိုက်နေသော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရေခဲရေတစ်ပုံးဖြင့် အလောင်းခံလိုက်ရသည့်အလား ချက်ချင်းပင် ငြိမ်းသက်သွားရလေတော့သည်။ တခြားသူများက ငွေအစစ်ဖြင့် ဝယ်ယူထားသော ကြက်ပေါက်လေးများ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထောင်သောင်းမက များပြားလှပြီး တကျီကျီ အော်ဟစ်နေကြသည့် အသံလေးများက ကြားရသူတို့၏ နှလုံးသားကို အရည်ပျော်သွားစေနိုင်လောက်အောင်ပင်။ ထို့နောက် မိမိတို့၏ ဟောင်းနွမ်းပျက်စီးနေသော သံပုံးကြီးကို ပြန်တွေးကြည့်မိလိုက်သည်။ တဝီဝီ မြည်နေသော အသံမှလွဲ၍ ကြက်မွေးတစ်ပင်ကိုမျှ မမြင်ရချေ။

ရွာသူရွာသားများ၏ မျက်နှာထက်မှ အပြုံးများမှာ တဖြည်းဖြည်း တောင့်တင်းသွားပြီး နောက်ဆုံးတွင် ပြင်းထန်လှသော စိုးရိမ်ပူပန်မှုနှင့် သံသယများအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။ လူအုပ်ကြီးထဲမှ တီးတိုးရေရွတ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။

"ဒုက္ခပါပဲ... သူတို့က စပြီး မွေးနေကြပြီ..."

"ငါတို့ဟာက... တကယ်ရော အဆင်ပြေပါ့မလား..."

"သွားပါပြီ... ဘေးရွာမှာတော့ ငါတို့ မျက်နှာပျက်ရပြီ..."

ဝမ်ကွေ့ရှန်းသည် လူအုပ်ကြီး၏ အရှေ့ဘက်သို့ တိုးထွက်လာခဲ့ပြီး သူမ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်နေလေသည်။ သူမသည် တက်ကြွနေသော ကြက်ပေါက်လေးများကို စိုက်ကြည့်နေမိပြီးနောက် မိမိတို့ရွာမှ တိတ်ဆိတ်နေသော ကြက်ခြံကို ပြန်လည်တွေးတောမိလိုက်သည်။ သူမ၏မျက်နှာမှာ ပြာနှမ်းသွားပြီး နှုတ်ခမ်းများ တုန်ယင်လာကာ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဟထွက်နိုင်တော့ချေ။

ရုတ်တရက် အမြီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ သူမသည် အော်ဟစ်လိုက်ပြီး လူအုပ်ကြီးကို တိုးဝှေ့ကာ မိမိ၏ခြံဝင်းဆီသို့ အရူးတစ်ယောက်လို ပြေးသွားတော့သည်။ သူမသည် အိမ်သို့ ပြေးဝင်သွားပြီး ထင်းခွဲနေသော ရွှီဖူကွေ့၏ လက်မောင်းကို လှမ်းဆွဲကာ စူးရှသောအသံဖြင့် ငိုယိုအော်ဟစ်လိုက်လေသည်။

"သွားပါပြီ... ရွှီဖူကွေ့... တို့တွေ အလိမ်ခံလိုက်ရပြီ... အကုန်လုံး ပြီးသွားပါပြီ..."

ရွှီဖူကွေ့မှာ သူမ ဆောင့်ဆွဲလှုပ်ရမ်းမှုကြောင့် ခေါင်းမူးသွားပြီး လက်ထဲမှ ပုဆိန်ပင် လွတ်ကျသွားလေသည်။

"မင်း ဘာတွေဖြစ်နေပြန်တာလဲ..."

"ငါကပဲ ရူးနေတာလား..."

ဝမ်ကွေ့ရှန်းက မျက်ရည် နှပ်ချေးများ သွန်ချကာ လီကျားရွာရှိရာဘက်သို့ လက်ညှိုးထိုးပြရင်း ငိုယိုအော်ဟစ်လိုက်သည်။

"ပညာရှင်ယန်ရဲ့ ကြက်တွေ အကုန်ရောက်လာပြီ... ထောင်နဲ့ချီပြီးတော့တောင်... အရှင်လတ်လတ်တွေနော်... ငါတို့တွေကရော ဘာလဲ... အဲ့ဒီ အတိုအစအစုတ်ပလုတ်ကြီးကနေ ဥတွေ ထွက်လာမယ့်အချိန်ကို ထိုင်စောင့်နေရတုန်းပဲ... အဲ့ဒီချန်ရှင်းက လူလိမ်... အစတည်းက သူ့နောက်ကို မလိုက်ခဲ့သင့်တာ..."

သူမက ရင်ဘတ်ကိုထုကာ အော်ဟစ်ငိုယိုနေလေသည်။

"ငါ ထွက်မယ်... ငါ ထွက်ချင်တယ်... အခုချက်ချင်း ပညာရှင်ယန်ကို သွားရှာပြီး ငါတို့ကို လက်ခံပေးဖို့ ဒူးထောက် တောင်းဆိုမယ်... ဆက်နေနေရင် ငါတို့တွေ ဟင်းရည်တောင် သောက်ရတော့မှာ မဟုတ်ဘူး..."

"မင်း..."

ရွှီဖူကွေ့မှာ သူမ၏ စိုက်ကြည့်မှုကြောင့် ခေါင်းမူးသွားပြီး သူမ ပြောထွက်လာသော ရိုင်းစိုင်းသည့်စကားများကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ဒေါသများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

"ပါးစပ်ပိတ်ထားစမ်း..."

သူက ဝမ်ကွေ့ရှန်းကို ရုတ်တရက် ဆောင့်တွန်းလိုက်ပြီး သူ၏ မျက်လုံးများ နီရဲလာကာ ဟိန်းဟောက်လိုက်လေသည်။ ဝမ်ကွေ့ရှန်းမှာ တွန်းခံလိုက်ရသော အရှိန်ကြောင့် ဖင်ထိုင်လျက် လဲကျသွားပြီး လုံးဝကို ကြောင်အသွားတော့သည်။ သူမသည် ရွှီဖူကွေ့နှင့် လက်ထပ်ပေါင်းသင်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုလို သူမအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်ရဲသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ရွှီဖူကွေ့၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ကျေးရွာကော်မတီ၏ ကြက်ခြံရှိရာဘက်သို့ လက်ညှိုးထိုးကာ သူ၏ အသံမှာ အက်ကွဲနေသော်လည်း အလွန်အမင်း ပြတ်သားနေလေသည်။

"ငါ ချန်ရှင်းကို ယုံတယ်... သူ ဖြစ်နိုင်တယ်လို့ ပြောရင် သေချာပေါက် ဖြစ်နိုင်ရမယ်..."

ထိုသို့ပြောပြီးနောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ဝမ်ကွေ့ရှန်း၏ ငိုယိုရစ်သိုင်းနေမှုများကို လျစ်လျူရှုလျက် သူမကို မြေပြင်ပေါ်မှ ဆွဲထူလိုက်ပြီး ကြက်ခြံဆီသို့ ဆွဲခေါ်သွားတော့သည်။

ကြက်ခြံရှေ့တွင်မူ အုတ်အော်သောင်းတင်းဖြစ်နေမှုများကို သွားရောက်မကြည့်ရှုခဲ့ကြသော ရွာသူရွာသားအချို့ စုဝေးနေကြသော်လည်း သူတို့သည်လည်း ထပ်တူထပ်မျှ စိုးရိမ်ပူပန်နေကြလေသည်။ ရွှီဖူကွေ့က ဝမ်ကွေ့ရှန်းကို ဆွဲခေါ်လာသည်ကို မြင်သောအခါ သူတို့အားလုံး အံ့သြမှင်တက်သွားကြသည်။

ရွှီဖူကွေ့သည် စကားတစ်ခွန်းမျှ မဆိုဘဲ ကြက်ခြံထဲသို့ ပြေးဝင်သွားကာ ထောင့်နားမှ ခုံပုလေးနှစ်လုံးကို သယ်ဆောင်လာပြီး ဧရာမ သားဖောက်စက်ကြီးရှေ့တွင် ခပ်ကြမ်းကြမ်း ချလိုက်လေသည်။ သူက ရုန်းကန်နေဆဲဖြစ်သော ဝမ်ကွေ့ရှန်းကို ခုံတစ်လုံးပေါ်တွင် အတင်းဖိထိုင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း တံခါးစောင့်နတ်မင်းတစ်ပါးကဲ့သို့ ကျန်ခုံတစ်လုံးပေါ်တွင် ထိုင်ချလိုက်သည်။

သူက နီရဲနေသော မျက်လုံးများကို မော့ကာ တံခါးဝတွင် အံ့သြမှင်တက်နေကြသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ဩရှသောအသံဖြင့် ကြေညာလိုက်လေသည်။

"ကြက်ပေါက်လေးတွေ မပေါက်လာမချင်း ငါနဲ့ ငါ့မိန်းမ ဒီမှာပဲအိပ်မယ်... ဘယ်ကောင်က ဒီမှာလာပြီး အရမ်းကာရောစကားတွေပြောပြီး စိတ်ဓာတ်ကျအောင် လာလုပ်ရဲလဲ ကြည့်ရသေးတာပေါ့..."

ဤစကားများကြောင့် လူတိုင်း ကြက်သေ သေသွားကြတော့သည်။

ထိုအချိန်မှာပင် လီကျားရွာမှ ရွာသူရွာသားအချို့က လက်နောက်ပစ်လျက် အေးအေးလူလူ လျှောက်လာကြရာ သူတို့မှာ ပြဇာတ်လာကြည့်ကြသည်မှာ ထင်ရှားလှပေသည်။

"ဟေး... အစ်ကိုဖူကွေ့... ခင်ဗျား ဘာတွေ လုပ်နေတာလဲ..."

သူတို့ထဲမှ တစ်ယောက်က သရော်လိုက်သည်။

"ဘာလဲ... ခင်ဗျားက ကြက်ဥအတွက် အသုဘ လိုက်ပို့မလို့လား... ဒါမှမဟုတ် သံတုံးကြီးအတွက် အစောင့်အကြပ် လုပ်ပေးနေတာလား..."

နောက်တစ်ယောက်ကလည်း စိုးရိမ်ဟန်ဆောင်ကာ အကြံပေးသည့်နှယ် ဝင်ပြောလာလေသည်။

"ဖူကွေ့ရာ... မိုက်မဲမနေစမ်းပါနဲ့... ချန်ရှင်းနောက်ကို အဆုံးထိ လိုက်နေရင် မင်းမှာရှိတာတွေပါ အကုန်ပြောင်သွားလိမ့်မယ်..."

"ဟုတ်တယ် ဟုတ်တယ်... ငါတို့ရွာကို ကြည့်စမ်းပါဦး... ကြက်ပေါက်လေးတွေက ဘယ်လောက်တောင် ကောင်းလိုက်လဲ... မင်းက ပုံးအလွတ်ကြီးနဲ့ အဲ့ဒီမှာ ထိုင်နေတော့ရော ဘာထူးမှာမို့လဲ..."

"မင်းရဲ့အရာကြီးကနေ ကြက်ပေါက်လေးတစ်ကောင် ထွက်လာနိုင်ရင် ငါ့ခေါင်းကို ဖြုတ်ပြီး ဘောလုံးလို ကန်ခိုင်းမယ်... ငါပေးတဲ့ အကြံကို ယူလိုက်ပါ... အခု ပညာရှင်ယန်ဆီသွားပြီး တောင်းပန်လိုက်ရင် အချိန်မနှောင်းသေးပါဘူး... မင်းက အစတည်းက လီကျားရွာကပဲလေ... သူက မင်းကို ထမင်းတစ်လုပ်တော့ စားခွင့်ပေးမှာ သေချာပါတယ်..."

စေတနာယောင်ဆောင်ထားသော အကြံပေးစကားများကို ကြားရပြီး ပတ်ဝန်းကျင်ရှိလူများ၏ မောက်မာနေသော မျက်နှာများကို မြင်ရသောအခါ ဝမ်ကွေ့ရှန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်ကာ လက်မြှောက်အရှုံးပေးချင်စိတ် ပေါက်လာတော့သည်။

ရွှီဖူကွေ့၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူက အံကြိတ်လျက် တစ်လုံးချင်း အတင်း ညှစ်ထုတ်ပြောဆိုလိုက်လေသည်။

"ထွက်သွား... ထွက်သွားကြစမ်း..."

သူ၏ အော်ဟစ်သံတွင် ကြမ်းတမ်းပြီး အသက်ကိုပင် ပဓာနမထားတော့သည့် ဆုံးဖြတ်ချက်မျိုး ပါဝင်နေလေသည်။ လီကျားရွာမှ ရွာသူရွာသားများမှာ သူ၏ အကြောက်အလန့်ကင်းသော အပြုအမူကြောင့် လန့်ဖြန့်သွားကြသည်။ သူတို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး ကျိန်ဆဲကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြလေသည်။

"ဒါတော့ ရူးနေတာပဲ... လုံးဝကို ရူးနေတာ..."

"စောင့်ကြည့်နေလိုက်... မင်းတို့ ငိုရမယ့်အလှည့် ရောက်လာလိမ့်မယ်..."

ရွှီဖူကွေ့က သူတို့ကို လျစ်လျူရှုလိုက်ပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သားဖောက်စက်ရှေ့တွင် ခါးမတ်မတ်ထားကာ ထိုင်နေလိုက်လေသည်။

ခင်ပွန်းဖြစ်သူ၏ ထူးထူးခြားခြား ခိုင်မာနေသော ဘေးတိုက်မျက်နှာပြင်နှင့် ပတ်ဝန်းကျင်ရှိ လူများ၏ ရှုပ်ထွေးနေသော အကြည့်များကို ကြည့်ရင်း ဝမ်ကွေ့ရှန်းမှာ စိတ်အနှောင့်အယှက်ဖြစ်ကာ ဒေါသလည်း ထွက်မိပြီး နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်၌ နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုများသာ ကျန်ရစ်နေခဲ့တော့သည်။ သူမက ခုံတန်းလျားပေါ်သို့ အရုပ်ကြိုးပြတ် ကျသွားပြီး အကြိမ်ကြိမ် ရေရွတ်နေမိလေသည်။

"သွားပါပြီ... အကုန်လုံး ပြီးသွားပါပြီ... လုံးဝကို ပြီးဆုံးသွားပါပြီ..."

မလှမ်းမကမ်းရှိ အိမ်ခေါင်မိုးစွန်းအောက်တွင်မူ ချန်လောင်ကန်းက အိတ်ကပ်ထဲ လက်နှိုက်လျက် ရပ်နေပြီး သူ၏ မိတ်ဆွေဟောင်းအချို့နှင့်အတူ ဤမြင်ကွင်းကို အဝေးမှ စောင့်ကြည့်နေကာ သူ၏ နှုတ်ခမ်းထက်တွင် အထင်သေးလှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်ပေါက်နေလေသည်။

"ဟွန့်... ရွှီဖူကွေ့ကတော့ အဲ့ဒီချန်ရှင်းရဲ့ လက်ပါးစေလုပ်ဖို့ အသေအချာကို ဆုံးဖြတ်ထားပုံရတယ်..."

"ပြင်ပလူတစ်ယောက်အတွက်နဲ့ ကိုယ့်ရွာကလူတွေကိုတောင် ပြဿနာရှာတယ်ဆိုတော့ သေချာပေါက် ရူးနေတာပဲဖြစ်ရမယ်..."

ချန်ရှင်းအပေါ် အထင်မကြီးကြသော သူ၏ဘေးမှ သက်ကြီးရွယ်အိုအချို့ကလည်း ခေါင်းရမ်းကာ သက်ပြင်းချလိုက်ကြပြီး ရွှီဖူကွေ့မှာ မှောင်မိုက်သောလမ်းသို့သွားရန် အခိုင်အမာ ဆုံးဖြတ်ထားသည်ဟု ခံစားနေကြရလေသည်။

All Chapters