အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) ရိုးရာနည်းလမ်း၏ ခိုင်မာသော ယုံကြည်ချက်
နောက်ရက်များတွင် ရွှီဖူကွေ့သည် မိမိပြောထားသည့်အတိုင်းပင် အိမ်ပြန်၍ ထမင်းနှစ်လုပ်စားသည်မှလွဲလျှင် အချိန်ကုန်သမျှကို သားဖောက်စက်ရှေ့၌သာ ကုန်ဆုံးနေလေသည်။
ဝမ်ကွေ့ရှန်းမှာ နှစ်ရက်ခန့် သည်းခံကြည့်သေးသော်လည်း နောက်ဆုံးတွင် မခံနိုင်တော့ချေ။
သူမ ငိုယိုအော်ဟစ်ကာ ဖရိုဖရဲ ဖြစ်နေတော့သည်။ သူမ မိဘအိမ်သို့ ပြန်မည်ဖြစ်ကြောင်းနှင့် ဤသို့သောဘဝမျိုးတွင် ဆက်၍ မနေနိုင်တော့ကြောင်း လူးလိမ့်ကာ ရုန်းရင်းဆန်ခတ် လုပ်လေသည်။
ယခုတစ်ကြိမ်တွင်မူ ရွှီဖူကွေ့မှာ ပြတ်သားနေ၏။ သူ၏ မျက်လုံးများ နီရဲနေသော်လည်း တစ်ခွန်းမျှ ပြန်မပြောချေ။ သူမ ဆူပူအော်ဟစ်နေချိန်၌ သူက ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
နောက်ဆုံးတွင် ဝမ်ကွေ့ရှန်းမှာ အော်ဟစ်ရသည်ကိုပင် ပင်ပန်းလာပြီး ကြောက်ရွံ့စိတ်ဝင်လာသဖြင့် နေ့စဉ်လာရောက်၍ ခဏတာ ထိုင်ပြရုံမှလွဲပြီး ဘာမျှမတတ်နိုင်တော့ပေ။
သားဖောက်စက်သည်ကား အသက်ဝင်လှုပ်ရှားခြင်းမရှိဘဲ ပန်ကာလည်ပတ်သံမှလွဲ၍ အခြားအသံများ တိတ်ဆိတ်နေလေသည်။
ရွာသားများမှာလည်း နေ့စဉ် အလေ့အကျင့်အတိုင်း လာရောက်ကြည့်ရှုကြသည်။
အစပိုင်းတွင် သူတို့သည် သားဖောက်စက်ပတ်လည်၌ ခြေဖျားထောက်ကာ မျှော်လင့်ချက်အပြည့်ဖြင့် လည်ပင်းဆန့်၍ ကြည့်ကြသည်။
တဖြည်းဖြည်းနှင့် လာရောက်သူ နည်းပါးသွားပြီး ကျန်ရှိနေသူများမှာမူ မျှော်လင့်ချက်များ ပျောက်ကွယ်ကာ စိုးရိမ်စိတ်နှင့် စိတ်ပျက်မှုများသာ ကျန်ရှိတော့၏။
"နှစ်ဆယ်ရက်တောင် ရှိသွားပြီမဟုတ်လား... ဘာသံမှလည်း မကြားရပါလား"
"အေးလေ... ငါ့မိန်းမပြောတာတော့ ကြက်မတစ်ကောင်က ဝပ်နေပြီး အချိန်တန်တဲ့အခါ ခွံဆိတ်တဲ့အသံ မကြားရဘူးဆိုရင် အဲ့ဒါ ကြက်ဥပုပ်တွေပဲတဲ့..."
"သေရောပဲ... ဒီတစ်ခါတော့ တကယ် အရှက်ကွဲရတော့မှာပဲ"
ချင်းရွှေရွာရှိ စိုးရိမ်ပူပန်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အိမ်နီးချင်း လီကျားရွာတွင်မူ ပျော်ရွှင်မြူးတူးမှုများဖြင့် ဆူညံနေလေသည်။
နံနက်ခင်းတွင် အသစ်စက်စက် ဂျစ်ကားအချို့က ဖုန်လုံးများ တလူလူထကာ ချင်းရွှေရွာရှိ ကြက်မွေးမြူရေးခြံရှေ့တွင် ရပ်တန့်သွား၏။
ကားတံခါးပွင့်လာပြီး ယန်ကျန့်ဝမ်က အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခန့်ညားစွာ ဆင်းလာသည်။
သူသည် ယနေ့တွင် ကိုယ်တိုင်းချုပ် အနောက်တိုင်းဝတ်စုံအမည်းကို အထူးတလည် ဝတ်ဆင်ထားပြီး ရွှေဘောင်မျက်မှန်မှာ နေရောင်အောက်တွင် တလက်လက် တောက်ပနေ၏။ စုဝမ်နှင့် ခရိုင်မှ တာဝန်ရှိသူအချို့က သူ၏နောက်မှ လိုက်ပါလာကြသည်။
လီကျားရွာမှ ရွာသားများအုပ်စုမှာလည်း ခေါင်းမော့ရင်ကော့ကာ မာန်ပါပါဖြင့် ကားနောက်မှ လိုက်ပါလာကြသည်။
ယန်ကျန့်ဝမ်သည် သူ၏လူများကို ခေါ်ဆောင်ကာ ချင်းရွှေရွာရှိ ကြက်မွေးမြူရေးခြံဆီသို့ ဂုဏ်ယူဝံ့ကြွားစွာ ချီတက်လာသည်။
သူသည် ခေါင်းဆောင်တစ်ယောက် လုပ်ငန်းခွင် စစ်ဆေးသကဲ့သို့ လက်ကိုနောက်ပစ်၍ အုတ်တိုက်ငယ်လေးကို ဦးစွာပတ်ကြည့်လိုက်သည်။ မြေသားနံရံများ၊ သစ်သားတံခါးများနှင့် ပြတင်းပေါက်များကို ကြည့်ရှုစဉ် သူ၏မျက်လုံးထဲတွင် အထင်အမြင်သေးမှုများ ထင်ဟပ်နေ၏။
"တောက်တောက်... ဒီအခြေအနေတွေက တကယ်ကို ကြမ်းတမ်းလွန်းလှပါတယ်"
သူက ခေါင်းခါယမ်းလိုက်ပြီး လူတိုင်းကြားနိုင်လောက်အောင် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
သူသည် ရပ်တန့်လိုက်ပြီး ဝင်းထဲတွင် စိတ်ဓာတ်ကျနေသော ချင်းရွှေရွာသားများ၏ မျက်နှာကို ငုံ့ကြည့်လိုက်သည်။
"ချင်းရွှေရွာသားတို့... ငါ ဒီကိုလာရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ငါ့ရဲ့ အတွေ့အကြုံတွေကို မင်းတို့နဲ့ ဝေမျှပေးချင်လို့ပဲ"
သူသည် လည်ချောင်းရှင်းလိုက်ပြီး မာနထောင်လွှားသည့် အပြုံးဖြင့် ပြောလိုက်သည်။
"ငါတို့ လီကျားရွာက အမွေးဖြူကြက်တွေက ကောင်းကောင်း ကြီးထွားလာနေပြီး ငါပြင်ဆင်ထားတဲ့ အမှတ်(၂) အစာကိုတောင် စားနေပြီ"
“ဒီအတိုင်းဆိုရင် နောက်နှစ်လနေရင် ခရိုင်ကို ပထမဆုံး အသုတ်အနေနဲ့ ကြက်ဥတွေ ပို့နိုင်တော့မှာ ဒါကြောင့် ထုတ်လုပ်မှုဆိုတာ သိပ္ပံနည်းကျမှဖြစ်မယ်၊ သိပ္ပံနည်းကျ မွေးမြူခြင်းကပဲ အောင်မြင်မှုရဲ့ သော့ချက်ပဲ”
သူစကားပြောပြီးသည်နှင့် လီကျားရွာသားများမှာ ဟားတိုက် ရယ်မောကြတော့သည်။
လူငယ်တစ်ယောက်က ကြီးမားလှသော သားဖောက်စက်ကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
"ဟားဟား…ပညာရှင်ယန်က အမှတ်(၂) အစာတောင် ကျွေးနေပြီ၊ မင်းတို့ကြက်တွေကတော့ သံသေတ္တာထဲမှာပဲ အိပ်မက်မက်နေတုန်း..အိပ်မက်ထဲမှာပဲ သေကုန်ကြပြီလား မသိဘူး"
"ဖူး..ဟားဟားဟား."
နောက်ထပ် အားရပါးရ ရယ်မောသံများ ထွက်ပေါ်လာပြန်သည်။
ချင်းရွှေရွာသားများ၏ မျက်နှာမှာမူ အရှက်ရခြင်း၊ ဒေါသထွက်ခြင်းနှင့် စိတ်နာခြင်းတို့ ရောထွေးနေသည်။
သူတို့သည် လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် လက်သည်းများပင် အသားထဲသို့ စိုက်ဝင်လုနီးပါး ဖြစ်နေသော်လည်း တစ်ခွန်းမျှ ပြန်မပြောနိုင်ကြချေ။
သူတို့ပြောသည်မှာ အမှန်ပင်ဖြစ်၏။ သူတို့ကြက်များမှာ အသက်ဝင် ကျန်းမာနေသော်လည်း မိမိတို့ကြက်များမှာမူ သေလားရှင်လားပင် မသိနိုင်သေးပေ။
ယန်ကျန့်ဝမ်သည် ပြိုင်ဘက်ကို ခြေဖြင့်နင်းခြေလိုက်ရသကဲ့သို့ အလွန်အမင်း ကျေနပ်နေသည်။
သူသည် လူအုပ်ကြားထဲမှ တိုးထွက်လာပြီး ကြက်ခြံအောက်ခံခုံတန်းလျားရှေ့သို့ တန်းသွားကာ ချန်ရှင်း၏ရှေ့တွင် ရပ်လိုက်သည်။
ချန်ရှင်းမှာ သစ်သားတိုင်ကို မှီကာ မျက်လုံးများမှိတ်လျက် ငိုက်စိုက်ကျနေပြီး အပြင်ဘက်မှ ဆူညံသံများကို လုံးဝ ဂရုမစိုက်သည့်ပုံစံ ဖြစ်နေသည်။
ယန်ကျန့်ဝမ်သည် အောင်နိုင်သူ၏ အပြုံးဖြင့် သူ့ကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။
"အကြံပေးချန်... ရိုးရာနည်းလမ်းဆိုတာ ရိုးရာနည်းလမ်းပါပဲ၊ စံနှုန်းနဲ့ မမီပါဘူး"
သူ၏ အသံတွင် သနားစရာကောင်းသည်ဟူသော အရိပ်အယောင်များ ပါနေသည်။
"အခုရှုံးနိမ့်ကြောင်း ဝန်ခံရင်လည်း နောက်မကျသေးပါဘူး။ ရွာသားချင်းအတူတူမို့လို့ ငါ ဆုံးဖြတ်ပြီး မင်းတို့ ချင်းရွှေရွာကို ကြက်ပေါက်လေးတွေ နည်းနည်းပေးလိုက်ပါ့မယ်..အားလုံး ဆုံးရှုံးသွားတာကိုတော့ ကြည့်မနေနိုင်ဘူးလေ"
သူသည် ချန်ရှင်း ဒေါသထွက်မည် အငြင်းပွားမည် သို့မဟုတ် အရှက်ရပြီး မျက်နှာပျက်မည်ဟု ထင်မှတ်ထားသည်။
သို့သော် ချန်ရှင်းမှာ မျက်ခွံပင် မပင့်ကြည့်ဘဲ အမူအရာမှာ တည်ငြိမ်နေပြီး အသက်ရှူသံမှာလည်း ပုံမှန်အတိုင်းပင် ဖြစ်သည်။
ယန်ကျန့်ဝမ်မှာ အနိုင်ကျင့်လိုသော ပြိုင်ဘက်တစ်ယောက်မဟုတ်ဘဲ ပုတ်ထုတ်ရတာတောင် ပျင်းစရာကောင်းသည့် ယင်ကောင်တစ်ကောင်သာ ဖြစ်နေသကဲ့သို့ပင်။
ယန်ကျန့်ဝမ်၏ အပြုံးမှာ ရပ်တန့်သွားသည်။
တစ်ဖက်လူ၏ တုံ့ပြန်မှုကြောင့် သူသည် ဝါဂွမ်းကို ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူပြင်ဆင်ထားသမျှ သရော်စကားများနှင့် ဆုံးမစကားများမှာ လည်ချောင်းထဲတွင်ပင် ပြန်မြိုချလိုက်ရသဖြင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။
"ကောင်းတယ်... သိပ်ကောင်းတယ်"
ယန်ကျန့်ဝမ် ဒေါသတကြီး ရယ်မောလိုက်ပြီး စုဝမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ရှောင်ဝမ်... မြင်လား ဒါကိုပဲ သူတို့က အကြံကုန်တယ်လို့ ခေါ်တာ… ပြန်ပြောဖို့တောင် စကားတစ်ခွန်း မထွက်နိုင်တော့ဘူး"
စုဝမ်သည် သူ့ကို လှည့်မကြည့်ဘဲ ကြက်ခြံ၏ အပြင်ဘက်နံရံတစ်လျှောက် ကိုယ့်ဘာသာကိုယ် လမ်းလျှောက် ကြည့်ရှုနေသည်။
ယန်ကျန့်ဝမ် အံ့အားသင့်သွားပြီး ခပ်ထေ့ထေ့ဖြင့်သာ နောက်မှ လိုက်သွားရသည်။
စုဝမ်သည် ဖြည်းညင်းစွာ လမ်းလျှောက်ရင်း အလွန်သေချာစွာ စူးစမ်းကြည့်ရှုသည်။
သူမသည် ကြက်ခြံ၏ ကြမ်းပြင်မှာ လုံးဝညီညာနေခြင်းမဟုတ်ဘဲ မျက်စိဖြင့် သတိမထားမိလောက်အောင် အနည်းငယ် စောင်းနေပြီး နံရံထောင့်ရှိ ရေမြောင်းငယ်ဆီသို့ သွယ်တန်းထားသည်ကို တွေ့ရှိလိုက်သည်။
ထိုဒီဇိုင်းမှာ အလွန်ပင် ဉာဏ်ကောင်းပြီး သန့်ရှင်းရေးလုပ်ရလွယ်ကူသလို ကြမ်းပြင်ကိုလည်း အမြဲတမ်း ခြောက်သွေ့နေစေသည်။
ကြက်ခြံ၏ ဘေးနှစ်ဖက်ရှိ ပြတင်းပေါက်များ၏ ဒီဇိုင်းမှာလည်း အလွန်ပင် ထူးခြားလှသည်။
နေသာသောဘက်တွင် ပြတင်းပေါက်များကို အမြင့်၌ထားရှိပြီး အရိပ်ရသောဘက်တွင်မူ အောက်ဘက်သို့ ပိုမိုနိမ့်ကျစွာ တပ်ဆင်ထားသည်။
ဤသို့ဖြင့် ပြတင်းပေါက်ကို ဖွင့်လိုက်ရုံမျှဖြင့် လေပူတက် လေအေးဆင်း သဘောတရားကို အသုံးပြု၍ သဘာဝအတိုင်း လေဝင်လေထွက် အကောင်းဆုံး ရရှိစေသည်။
သူမသည် ကြက်ခြံ၏ နောက်ဘက်သို့ လှည့်ပတ်ကြည့်ရှုရာ ပိုမိုအံ့အားသင့်သွားသည်။ အဓိက အဆောက်အအုံနောက်တွင် ခြံစည်းရိုးများဖြင့် ပိုင်းခြားထားသော သီးသန့်နေရာများစွာရှိနေပြီး တစ်ခုချင်းစီတွင် ကြက်ခြံထဲသို့ ဝင်နိုင်သည့် တံခါးပေါက်ငယ်များ ရှိနေသည်။
သီးသန့် မွေးမြူရေးဇုန်များနှင့် ရောဂါပိုးမွှားများ ကူးစက်မှုမရှိစေရန် ခွဲခြားထားခြင်း... ဤသည်မှာ ခေတ်သစ် တိရစ္ဆာန်မွေးမြူရေး၏ အဓိက စီမံခန့်ခွဲမှုဆိုင်ရာ အယူအဆများပင်။
သာမန်မျက်စိဖြင့် ကြည့်လျှင် ဤအသေးစိတ်အချက်များမှာ ရိုးရှင်းသည်ဟု ထင်ရပေမည်။
သို့သော် နိုင်ငံရပ်ခြားမှ အဆင့်မြင့် မွေးမြူရေးခြံ ဒီဇိုင်းများကို မြင်ဖူးထားသည့် စုဝမ်၏ မျက်လုံးထဲတွင်မူ ဤအရာများမှာ ဉာဏ်ပညာနှင့် အမြော်အမြင်များဖြင့် တောက်ပနေသည်။
ဤသည်မှာ အကန့်အသတ်ရှိသော အရင်းအမြစ်များကို အကျိုးရှိဆုံးဖြစ်အောင် အသုံးပြုထားခြင်းဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် ယန်ကျန့်ဝမ်၏ တောက်ပနေသော သံမဏိဖွဲ့စည်းပုံဖြင့် ဆောက်ထားသည့် ဖန်လုံအိမ်မှာ ကြည့်ကောင်းပြီး ကုန်ကျစရိတ်ကြီးမားသည်မှလွဲလျှင် ၎င်း၏ အတွင်းပိုင်း အပြင်အဆင်နှင့် လက်တွေ့လုပ်ဆောင်နိုင်မှုတို့မှာ ယခုသူမရှေ့ရှိ မြေသားအိမ်လေးလောက်ပင် မထူးချွန်ချေ။
စုဝမ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် လေးစားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူမသည် ထိုကဲ့သို့ ဉာဏ်ကောင်းသော အစီအစဉ်ကို ရေးဆွဲနိုင်သူ၊ ရွာတစ်ခုလုံး၏ သံသယများနှင့် ပြိုင်ဘက်၏ အရှက်ခွဲမှုကြားတွင်ပင် အလွန်အမင်း တည်ငြိမ်အေးဆေးစွာ နေနိုင်သူတစ်ယောက်သည် မဆင်မခြင် လုပ်တတ်သည့် လူမိုက်မျိုး ဘယ်သောအခါမှ မဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
စုဝမ်၏ အကြည့်များမှာ အိမ်ရှေ့တိုင်ကို မှီနေသော ထိုသူ၏ပုံရိပ်ပေါ်သို့ မသိစိတ်ဖြင့် ပြန်လည် ကျရောက်သွားသည်။
နွေဦးမိုးရေအပြီး ဝါးမျှစ်များကဲ့သို့ သူမ၏ သိလိုစိတ်နှင့် မျှော်လင့်ချက်များမှာ ပိုမိုကြီးထွားလာသည်။
ဤလူ၌ ထိုထက်ပိုသော မထင်မှတ်ထားသည့် အံ့ဩစရာများ နောက်ထပ် ဘယ်လောက်များ ကျန်ရှိနေသေးသနည်း။