Interlude: Scarlet & Obsidian
Vol. 1 Ch. 28
မဲနယ်ရောင်လွှမ်းနေသော သတ္တုခန်းမကြီးအတွင်း၌ ဖြစ်သည် ။ နင်းဘက်(စ်)ပန်းကန်ပြားပျံ အတွင်းမှ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်သည့်အခါ၊ သူ၏အောက်၌ အမည်းရောင် ယန္တရားအိမ်ငယ်လေးများနှင့် အမိုးချွန်ရဲတိုက်များမှာ မီးဖြူများနှင့် မီးပြာများ ထွန်းလင်းကာ တောက်ပလျက် ရှိနေကြပြီး၊ ရှေ့တည့်တည့်တွင်မူ မျှော်စင်ကြီးနှစ်ခုမှာ တိမ်လွှာ၊ တိမ်လိပ်များကြားဝယ် ထိုးထောင်နေလေသည်။
ဤမျှော်စင်ကြီးကား သူတို့အားလုံးကို အုပ်မိုးထားသည်ထိ မြင့်ထည်လှသည့်ပြင်၊ ယင်းတို့နှစ်ခုလုံးအား မြွေသဏ္ဌာန် ယန္တရားကြီးနှစ်ကောင်က ကြောင်လိမ်လှေကားသဖွယ် ရစ်ပတ် တွယ်ကပ်ထားလေသည်။
ကြည့်နေလျက်မှာပင် တချို့သော တိုက်တာများမှာ နိမ့်ဝင်သွားသယောင် ၊ တလေသော အဆောက်အဦးများမှာ မြင့်တက်လာသယောင် စသည်ဖြင့် ရွေ့လျားကူးလူးလာကြသည့်ပြင် ၊ ဧရာမမျှော်စင်ကြီးအား ရစ်ခွေထားသော မြွေယန္တရားကြီးများမှာလည်း စတင်လှုပ်ရှားလာလတ်သရော် ၊ ၎င်းတို့ထံမှ ပေါ်ပေါက်လာသော တဒိန်းဒိန်း တကျီကျီမြည်သံများမှာ ယာဉ်ပျံအတွင်းသို့ပင် ထိုးဖောက်ချင်းနင်းနေလေပြီး ၊ ဤကဲ့သို့သော ရွေ့လျားမှုကြောင့် အိမ်ရာ ရဲတိုက်များကြား၌ လွင့်မျောနေကြသော တိမ်လွှာများမှာလည်း အမြွှာမြွှာပြတ်ကာ လွင့်စဉ်ကုန်ကြလေရာ ၊ ဤသည်ကား မြို့ဟုခေါ်နိုင်လင့်ကစား မြို့မဟုတ်သည့် အိုက်ကရက်(စ်) မဟာယာဉ်ပျံကြီး၏ ညဉ့်သန်းခေါင်ယံ ရှုခင်းပေသာတည်း ။ ဝေဟင်ယံ၏ မောက်မာမှုများအတွင်းက တစ်စိတ်တစ်ဒေသသာတည်း။
https://mmxianxia.com/wp-content/uploads/2026/05/IMG_2521-1.webp
ဤသို့ဖြင့် တဒင်္ဂမျှအကြာဝယ် လီယိုနာ့ဒ်တို့ စီးနင်းလာကြသော နင်းဘက်(စ်)ယာဉ်ပျံမှာ အောက်သို့နိမ့်ဆင်းသွားပြီးနောက် ရဲတိုက်ကြီးများကြားက ယန္တရားလမ်းမကြီးပေါ်၌ ရပ်တန့်ပေးသဖြင့် သူ ၊ ဟက်(စ်)တန်နှင့် ဆိုရင်း(န်)တို့မှာ ပန်းကန်ပြားပျံပေါ်မှ ဆင်းကြ၍ ၊ ပြောင်ချောနေသော သတ္တုသား အနက်ရောင် လမ်းမကြီးပေါ်သို့ဆင်းကြလေသည်။
၎င်းနောက် ဘေးဘီကိုဝှေ့ကာ အကဲခတ်လေသော် အနှီနေရာက အိမ်ပုများ ၊ ရဲတိုက်များအားလုံးမှာ အာဇာဂါနာက ဗိသုကာနှင့် ဆင်ပေသော်ငြား ကျောက်တုံးများနှင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ ၊ ယန္တရားများ၊ သတ္တုနက်များနှင့်သာ ဖွဲ့တည်ထားသည်ကို သတိပြုမိလေ၏ ။
ဤသည်တွင် ပတ်ဝန်းကျင်မှာ စိုထိုင်းအေးစိမ့်နေသည့်အလျောက် အနွေးထည်ပါမလာသော လီယိုနာ့ဒ်မှာ တုန်ယင်လာပြီး တစ်ကိုယ်လုံးက ကြွက်သားများကိုသာ တင်းထားလျက် အအေးဒဏ်ကို အံတုနေရလေသည် ။ မှော်ကျောင်းသားလေး ဟက်(စ်)တန်ကမူ အစိမ်းရောင် စလွယ်ကို ကိုင်ဆုပ်နေလျက် ၊ ပါးစပ်အဟောင်းသား ဖြစ်နေလျက်
“ဟား … လောကမှာ ကျုပ်အဖေရဲ့ အိမ်တော်ကို ကြီးလှပြီထင်နေတာ ။ ဒါကြီးကတော့ ကြီးတဲ့ပြင် ဆန်းလည်းဆန်းသဗျို့ ။ ကျုပ်တို့ အခုကောင်းကင်ပေါ်မှာ ရောက်နေတယ်ဆိုတာကို ယုံတောင်မယုံနိုင်သေးဘူး”
“တော်စမ်းပါ သေးအိုးရယ် … ဟိုမှာ လီယိုနာ့ဒ်ကြီး ဘာအင်္ကျီပိုမျှ မပါတာ ချမ်းနေပြီ ။ ဝင်ကြစို့”
ဆိုရင်း(န်)က မီးခိုးရောင် ဝတ်ရုံကြီး၏ အနားစများအား ဆွဲစုထားကာ ထိုသို့ဆို၍ ၊ သူ(မ)ရှေ့၌ ဝေ့သိုင်းလာသော တိမ်လွှာလေးအား လက်နှင့်ခါထုတ်ပစ်လိုက်ပြီးနောက် အရာရာအားလုံးနှင့် အသားကျနေသည့်အလား ဘေးနားက အိမ်ပုလေးဆီသို့ ဝင်ရောက်သွားလေလျှင် သူလည်း သူ(မ)၏ကျောပြင်ကိုသာ ငေးနေမိတော့သည် ။
မှန်ပါသည် ။ ဤနေရာ ၊ ဤအသံ ၊ ဤအအေးဒဏ်တို့နှင့်သာမက ၊ ကောင်းကင်ယံထက်က လတ်ဆတ်လှသော လေနုအေးနံ့နှင့် ယင်းတို့ကြားက ရောပါလာသော ခါးသက်သက် ရှိန်းစူးစူး အာခရီလီယမ်နံ့တို့နှင့်ပင် သူလည်း အသားကျခဲ့ဖူးသည် ။ တစ်ပါးသူ၏ အံ့ဖွယ်ကိုပင် ဂရုမမူမိသည်ထိ နေခဲ့ဖူးသည် ။ ယခုတွင်ကား အသားပြန်ကျရပါပေဦးမည် ။ ယင်းသို့ဖြင့် သူတို့အားလုံး အိမ်ငယ်လေးအတွင်း ဝင်ရောက်လာကြ၏ ။ နတ်ဘုရားမအား ဖူးမြော်ရန် စောင့်ဆိုင်းရဦးမည် မဟုတ်ပါလား ။
*******
အကြင်အိမ်လေးမှာ ပေနှစ်ဆယ်ဝန်းကျင်မျှ ကျယ်ဝန်း၏။ နံရံ ၊ ကြမ်းပြင်နှင့် မျက်နှာကြက်အားလုံးကို ယန္တရားသတ္တုများဖြင့် ပြုလုပ်ထား၍ ၊ ပရိဘောဂများကိုမူ မိုယာအနှစ်သားဖြင့်ပြုလုပ်ထားသည့်အလျောက် မိုယာသားနံ့ထူထူ ပျစ်ပျစ်လေးမှာ တစ်ခန်းလုံးသင်းနေသည်သာမက ၊ ပြတင်းပေါက်များကိုလည်း ခန်းဆီးစ အနက်များဖြင့် ကာထားသောကြောင့် လှပမှုထက် ၊ လက်တွေ့ဆန်မှုကို ဦးစားပေးသော အခန်းတွင်းဒီဇိုင်း ဖြစ်လေသည် ။ သူသဘောကျမိသည် ။
အချိန်ကား ညကြီးနှစ်နာရီ ။ ထို့ကြောင့် အခန်းတွင်းကိုလည်း သလင်းတုံးပျံလေး နှစ်တုံးဖြင့် အမှောင်ခွင်းထားရပြီး၊ ထိုအခိုက်မှာပင် ဆိုရင်း(န်)မှာ မျက်တောင်လေးများကို ပုတ်ကာ ၊ ခတ်ကာနှင့် ဟက်(စ်)တန်ကို လှည့်ကြည့်လာ၍
“ငါအခုထိ မယုံနိုင်သေးဘူး ။ Her Divinity က ငါတို့ကိုပါ ခေါ်တယ်ဆိုတာကို ။ အထူးသဖြင့် ဟက်(စ်)တန် … နင်”
“အို … Her Divinity က ကျွန်တော်မျိုးရဲ့ မှော်ပညာစွမ်းကို မြင်မိပြီးနောက်ပိုင်းမှာ မနောတော် ယိမ်းယိုင်မိလို့ နေမှာပေါ့ ။ သိတယ်မလား ကျောက်ရိုင်းတစ်ခု တောက်ပြောင်မယ် ၊ မပြောင်ဘူးဆိုတာ နတ်ဘုရားမရဲ့ ဘုန်းတော်လောက်နှင့်မှ သိနိုင်တာကိုး”
“ဒီမှာသေးအိုး … နင်သေးပေါက်ချထားတဲ့ ပိရမစ်တော်ကို ဖန်ဆင်းထားတာက Her Divinity ရဲ့ မိခင် ၊ မယ်တော်နော်”
ဤစကားကြောင့် ဟက်(စ်)တန်၏ မျက်နှာတစ်ခုလုံးရှုံ့မဲ့သွားတော့သည် ။ ကောင်းကင်နတ်ဘုရားမ လူနာလက်(စ်)ကာ ၊ ရိုဒီးနီးယား၏ ကောင်းကင်နှင့် ရာသီဥတုများမှာ သူ(မ)၏ စိတ်အလိုတိုင်းကျ ဖြစ်သည်ဟု ဆိုကြသဖြင့် လယ်သမားများနှင့် စိုက်ပျိုးရေးလူတန်းစားများ၏ ကိုးကွယ်မှုကို အများဆုံးခံယူရသော နတ်ဘုရားမ ။
နတ်ဘုရားမ မေဟန်ဟီရစုနှင့် နတ်ဦးသျှောင် ဇီရိုးမက်(စ်)၏ သမီးတော်ဖြစ်သည့်အားလျော်စွာ လူ့ပြည်၌ နတ်ဘုရားမ ဖြစ်သကဲ့သို့ နတ်ပြည်တွင်လည်း ရာဗလွန် အင်ပါယာ၏ အိမ်ရှေ့စံမင်းသမီး ဖြစ်သောကြောင့် သူ(မ)ပွင့်သည်မှာ ဆယ်နှစ်သာ ရှိသေးလင့်ကစား၊ နတ်များကြား သက်တော်အငယ်ဆုံး နတ်ဘုရားမဖြစ်ပေသော်ငြား၊ ဘုန်းတန်ခိုးတော်မှာ ထွားလှလေသည် ။
ဒဏ္ဍာရီနှင့် ပြောစကားများအရ သူ(မ)၏ ဝိညာဉ်တော်မှာ တခြားနတ်ဘုရားများနှင့်အတူ လားစူးဒက်(စ်)ဘုံမှ အတူတူလွတ်မြောက်ခဲ့စေကာမူ၊ ခန္ဓာတော်ကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကမှ ရရှိခဲ့ခြင်းဖြစ်ပြီး ၊ ပွင့်ပုံမှာလည်း ရမထာသိင်္ဂီ နတ်ဘုရားမ၏ လပေါ်၌ ငိုကြွေးမှုမှ ကျဆင်းလာသောမျက်ရည်တို့မှာ ကမ္ဘာပေါ်သို့ “ခ” ၍ ၊ ကောင်းကင်ထက်ဝယ် သန္ဓေတည်သည်ဟု ဆိုကြလေသည် ။ မည်သို့ပင်ဆိုစေကာမူ Her Divinity ကိုယ်တော်တိုင် နတ်ပြည်မှ ဆင်းလာသည်ဆိုသည်ကား လက်ရှိအခြေအနေတို့မှာ အစွန်းဆုံးထိ ရောက်ရှိနေခြင်းကို အတိုင်းသား ပေါ်လွင်စေသည် ။
ထိုအခိုက် အခန်းတွင်းသို့ မာတိုရိုဝင်လာပြီး ၊ ချင်း၏လက်အတွင်းတွင် ဖဲသားဖြင့်ထုပ်ထားသော အထုပ်ကြီးနှစ်ထုပ် ပါလာသဖြင့် သူ့မျက်လုံးများမှာ မုန့်မျှော်နေသော ကလေးငယ်ပမာ ဝင်းလက်သွားရတော့သည် ။ ထိုနှစ်ထုပ်ကို သူစိတ်မဝင်စား ။ သူသိလိုသည်က ၎င်းထံမှ သတင်းအချက်အလက် ။
“မာတိုရို … မိုယာဝုထ် အခြေအနေဘယ်လိုရှိလဲ”
“ဟူး … ကိုယ့်လူ ။ ခင်ဗျားဟာက သွေးရိုးသားရိုး မဟုတ်ဘူးဗျ ။ ဓာတ်မတည့်တာကတော့ ဟုတ်တယ် ။ ဒါပေမဲ့ဖြစ်တာက ခင်ဗျားတို့ရွာမှာ စိုက်ထားတဲ့ မိုယာပင်တွေရဲ့ ပင်စည်တွေမှာ အမျိုးအမည်မသိတဲ့ သစ်စေးလိုလို ဘာလိုလို အရည်တွေကို ထိမိတာကနေဖြစ်တာ”
“ဘာ … သစ်စေးလို အရည်”
ထိုအခါ မာတိုရိုက ဖဲသားဖြင့်ရစ်ပတ်ထားသော အထုပ်ကြီး နှစ်ထုပ်ကို စားပွဲပေါ်တင်လိုက်၍
“သတင်းကောင်းနှင့် သတင်းဆိုးရှိတယ် ။ ဘယ်ဟာအရင်နားထောင်ချင်လဲ”
“သတင်းဆိုး ပြောကြည့်ကွာ”
“ခင်ဗျားရွာကိစ္စက ဆေးနှင့်မရဘူး ။ ဘယ်ဆေးသောက်သောက် Symptomatic ပဲရမယ် ။ Causes ကိုဖြတ်ဖို့ အဲသည်အပင်တွေပေါ်က အစေးတွေကို ရှင်းထုတ်ပစ်ရမယ် ။ ပိုဆိုးတာက ကျုပ်လိုက်ကြည့်သလောက် ခင်ဗျားတို့ရွာမှာတင် မဟုတ်ဘူး … ရွာနှင့်အဆက် ဟိုးတောထဲက အပင်တွေထိပါ ဒီထူးဆန်းတဲ့အရာတွေ ပေနေကြတာ ။ ဘာတွေလဲ … ကျုပ်အခုထိ မသိသေးဘူး”
သူ့ရင်တွင်းလေးသွား၍ ပခုံးနှစ်ဖက်လုံး တင်းရင်းလာသည် ။ ယခုအခါ လက်စားချေမည့်ကိစ္စမှာ အဓိကဖြစ်သော်လည်း တစ်နှစ်နီးပါးမျှ အလုပ်အတူတူလုပ်ခဲ့၍ ကိုယ့်အပေါ် ကောင်းခဲ့သူများ ဤမျှထိဒုက္ခရောက်နေသည်ကိုမြင်လေသော် ၊ တာဝန်မကင်းသည့် ခံစားချက်တစ်ခုက နှလုံးအိမ်မှာ လာထစ်နေ၏ ။
“သတင်းကောင်းကကော”
“သတင်းကောင်းကတော့ အဲဟာတွေကို ရေနှင့်ဆေးချလို့ရတယ် ။ ဒါပေမဲ့ တောကြီးတစ်လျှောက် အကုန်ပြောင်ဖို့ဆိုရင်တော့ လူပေါင်းသောင်းချီတဲ့အင်အားနှင့် ဝိုင်းဆေးမှရလိမ့်မယ်”
ဟုဆိုသည့်အတွက် သူတို့နှစ်ယောက်လုံး ငြိမ်သက်သွားလေတော့သည် ။ ဤသည်ကား ပြောသကဲ့သို့ မလွယ်ကူသည့်ကိစ္စ ။ မာတိုရိုပင် မခွဲခြားနိုင်သော ၊ တောတစ်လျှောက်လုံးထိ ပျံ့နှံ့နေသော အရာဟူသည်ကား သွေးရိုးသားရိုး ပေါ့ပေါ့တန်တန်တွေးရမည့် အရာမဟုတ်ချေ ။
“ပြီးတော့ တစ်ခုရှိသေးတယ် ။ ပြောသင့်လား … မပြောသင့်လားတောင်မသိ”
“အလိုဗျာ အဆွေဝါယောန ။ ခင်ဗျားက ဒါမျိုးကြီး စကားခံမှတော့ ကျုပ်တို့က သိချင်ကောပေါ့ ။ ပြောမှာဖြင့်သာ ပြောစမ်းပါ …”
ဟက်(စ်)တန်၏ ဆော်ဩစကားကြောင့် အကြင်ပိုးကောင်မှာ လက်လေးဖက်လုံးကို ပိုက်ထားလျက် ၊ ကော်ဇောနက်ခင်းထားသော ကြမ်းပြင်ကို ငုံ့ကြည့်နေလျက် ၊ အင်တာနာများလည်း ယမ်းလျက် တဒင်္ဂမျှငြိမ်နေပြီး
“ရွာထဲက ဒါမီယာနိုင်နိုင်ပေးလို့ သတိပြန်လည်လာတဲ့သူတွေ … အားလုံး … တူညီတဲ့ တံလျှပ်တွေ မြင်ကြတယ်လို့ပြောတယ် ။ ပလ္လင်အကြီးကြီးပေါ်မှာ ခါးတစ်ပိုင်းပြတ်နေတဲ့ ဖုတ်ကောင်ရုပ်တုကြီးကို မြင်ကြတာ ။ တိုက်တစ်ခေါင်စာလောက်ကြီးတဲ့ ဖုတ်ကောင်ကြီး”
“ဟမ် …”
“ဘာ …”
ခေါင်းတုံးမလေး၏ မျက်လုံးလေးများ ဝိုင်းစက်သွား၍ သူကမူ မျက်မှောင်ကြုတ်သွားရလေပြီ ။
“ဟုတ်တယ် ကိုယ့်လူ … ခင်ဗျားကြားလိုက်တဲ့ အတိုင်းပဲ ။ အဲလူတွေ ဒီတိုင်းထိုင်ပြီး မိုယာပင်တွေကို ငေးနေရာကနေ သူတို့မျက်လုံးထဲမှာ ပလ္လင်ကြီးနှင့် ဖုတ်ကောင်ပုံကြီး ပေါ်လာတယ်တဲ့ ။ မျက်တောင်တစ်ချက်ခတ်လိုက်တော့ ပြန်ပျောက်သွားတယ် ။ ပြီးတော့ ညနေစာစားဖို့ ဟင်းခွက်ကိုကြည့်နေရင်း အဲပုံရိပ်ကြီး ဖျက်ခနဲပေါ်လာတာတွေကော ။ ကျုပ်လည်းအစက သိပ်ဂရုမစိုက်ပေမဲ့ အဲလိုတံလျှပ် မြင်တဲ့သူတွေက အလွန်အကြူးယားခဲ့တဲ့သူ အားလုံးပဲ”
ဟုဆိုပြီးနောက် ၎င်း၏ အစွယ်များပိတ်သွားလေပြီ ။ သူလည်း သက်ပြင်းကို အသံမထွက်မိစေရန် ကျိတ်သာချလိုက်တော့သည် ။ မိုယာဝုထ်က ပြဿနာမှာလည်း လိုက်လေလေ ၊ ပိုနက်လာလေလေ ဖြစ်နေပြန်ပြီ ။ သို့စေကာမူ သူ့အတွက်ဤအမှုကို ဆက်ရှင်းရန် အချိန်မရှိတော့ဟု တွေးနေကြိုက် ဟက်(စ်)တန်က
“နေပါဦး … ဒီအထုပ်ကြီးတွေကကော ဘာတွေလဲ”
“မင်းတို့သူရဲကောင်းကြီးကို ပေးလိုက်တဲ့ လက်ဆောင်တွေပေါ့ကွာ ။ တစ်ခုကို လေဒီ လီလီယာနာက ပေးတာ ။ နောက်တစ်ခုကို လေဒီ ဆယ်ဖီးနီးက ပေးတာ”
“ဟယ် … လီယိုနာ့ဒ်ကြီး စန်းပွင့်ချက်ပဲ ။ လောကမှာ ပြည့်ကြီးတန်ဆာ နှစ်ယောက်ပဲရှိတာ နှစ်ယောက်လုံးဆီက လက်ဆောင်ရတယ် ။ သုံးယောက်ရှိရင် သုံးခုရမယ်နှင့်တူတယ် ။ ဖွင့်ကြည့်စမ်းပါ … ဖွင့်ကြည့်စမ်းပါ … သူတို့တွေက ဘာတွေပေးတာတုံး … ကြည့်ရအောင်”
“မလုပ်ပါနှင့် လေဒီအော်ရကယ် ရ ။ မကြည့်သင့်တာတွေ ပါလာရင်ဒုက္ခ”
“ဒါမျိုးတွေ ငါတို့ကြား မရှိခဲ့ပါဘူးကွာ ။ ရတယ်ကြည့်”
ဟုသူက ခွင့်ပေးလိုက်သောအခါမှ ဆိုရင်း(န်)မှာ လေဒီ လီလီယာနာပေးသော အနက်ရောင် ဖဲသားဖြင့်ပတ်ထားသော အထုပ်ကြီးကို ဖွင့်လိုက်သည့်အခါ ၊ အမည်းရောင် သစ်သားသေတ္တာလေးတစ်ခု ပေါ်လာ၍ ထိုသစ်သားသေတ္တာလေးကို ဆက်ဖွင့်သရော် ၊ အတွင်းဝယ် အဖြူရောင် အန်သရယ် ပန်းကြီးတစ်ပွင့်သာ တွေ့ရသဖြင့် ခေါင်းတုံးမလေး မျက်မှောင်ကုတ်သွားလေပြီ ။
“ဟမ် … ပန်းကို ဒါမျိုးကြီး တကူးတက လက်ဆောင်ပေးဖို့ လိုလို့လား ။ ဘာပန်းမို့လို့လဲ … ရိုးရိုးအန်သရယ်ပါပဲ”
ဟုဆိုနေလျက်ပင် ပန်းပွင့်ကြီး၏ အရိုးတံကို ကိုင်မလိုက်လေရာ ၊ သူ(မ)၏လက်အတွင်း၌ ထိုအရိုးတံသာ ပါလာပြီး ကျန်သော ပန်းပွင့်ချပ်များမှာ သေတ္တာအတွင်းတွင်သာ ပြတ်ကျန်သွားသောကြောင့် ၊ ဆိုရင်း(န်)မှာ “ဟယ်” ဟုတီတိုးရေရွတ်၍ ပန်းပွင့်ချပ်များကိုလည်း လက်ညှိုး လက်မဖြင့် ဆွဲမကြည့်လိုက်လျှင် ၊ ထိုပန်းပွင့်၏ ပွင့်ချပ်တစ်ချပ်နှင့်တစ်ချပ်အား အပ်ချည်ကြိုးများဖြင့် သီထားသည်ကို တွေ့လိုက်ရတော့သည် ။
“ဟော့တော် … ပန်းပွင့်တစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ စုတ်ပြီး အပ်ချည်ကြိုးတွေနှင့် ပြန်ချုပ်ထားတာပဲ ။ ဒါလက်ဆောင်မဟုတ်ဘူး … သတင်းစကားပဲ ။ လီယိုနာ့ဒ်ကြီး … နင် လေဒီ လီလီယာနာကို ဘာတွေများ သွားလုပ်ခဲ့တာလဲ ။ ဟိုက သိပ်ပျော်တဲ့ပုံတော့ မပေါ်ဘူးနော်”
သူ့မျက်နှာ ထိန်းမရအောင် ပျက်သွားလေပြီ ။ ခြေထောက်တို့မှာလည်း ဂနာမငြိမ်ဘဲ ဘယ်ဘက်ခြေခုံကို ညာဘက် ခြေချောင်းများဖြင့် ပွတ်နေမိသည့်ပြင် အကြည့်တို့ကိုလည်း ပန်းပွင့်မှ လွှဲထားမိလေသည် ။
အကြည့်လွှဲပေသော်ငြား လေဒီ လီလီယာနာက သူ့ကို ဖိတ်စာပေးခဲ့သည့် အခိုက်အတန့် ၊ ဇိုက်(ခ်)က အကြင်ဖိတ်စာကို နမ်းရှုပ်နေသည့် အခိုက်အတန့်နှင့် သွေးအိုင်တွင်း ဇိုက်(ခ်) ဒူးထောက်နေသော အခိုက်အတန့်တို့ကို မြင်ယောင်လာသောကြောင့် မျက်လုံးမှိတ်လျက် ခေါင်းကို ယမ်းပစ်လိုက်ရလေသည် ။ လေဒီ လီလီယာနာကိစ္စသည်ကား ရာနှုန်းပြည့် သူ့အမှား ။ သူ့အပြုအမူမှာ သူ(မ)ကို အကြီးအကျယ်အရှက်ရစေပြီး ဇိုက်(ခ်)ကိုလည်း သေစေခဲ့သည် မဟုတ်ပါလား ။
“ဟာ … တော်ပါ ။ အဲသည်လေဒီက သိပ်မဟန်ပါဘူး ။ ကျုပ်အဖေကိုလည်းငြင်း … တပ်မှူးကိုလည်းငြင်း … အခုလည်း ဘာတွေလာပေးနေမှန်းမသိဘူး ။ လေဒီ ဆယ်ဖီးနီးဟာ ကြည့်ရအောင်”
ဟုဆို၍ ဟက်(စ်)တန်က အနီရောင်ဖဲစကို ဖွင့်ချလိုက်သည်တွင် ၊ မဟော်ဂနီရောင် သေတ္တာလေးမှာ လှစ်ခနဲပေါ်လာ၍ ၊ အနှီသေတ္တာလေးမှာလည်း လေဒီ လီလီယာနာ၏ သေတ္တာနှင့် အရွယ်အစားအတူတူပင်ဖြစ်သည် ။
“နောက်ထပ်ပန်းပွင့်တော့ မဟုတ်တန်ရာပါဘူး ။ မှန်းစမ်း”
ဟုဆိုပြီးနောက် သေတ္တာကို ဖွင့်လိုက်သည့်အခါ ၊ အတွင်း၌ လေးထောင့်သဏ္ဌာန် ခေါက်ထားသော အနက်ရောင်အင်္ကျီ နှစ်ထည်တိတိ ပေါ်ပေါက်လာသသဖြင့် ဟက်(စ်)တန်က ထိုအင်္ကျီများကို ဖြန့်ချကြည့်လေရာ ၊ ယင်းတို့မှာ ယန္တရားချပ်ဝတ်အောက်ဝယ် အခံအနေနှင့်ဝတ်ရသော ဝတ်စုံများဖြစ်နေလေ၏။
သူလည်းမနေနိုင်တော့ဘဲ အနှီအဝတ်အထည်များကို ကိုင်ကြည့်ရာ၌ ၊၎င်းတို့ကား သူဝတ်ဖူးသော ဝတ်စုံများထက် ပိုထူသည့်ပြင် ပခုံးနှင့် ခြေသလုံးနေရာများတွင်လည်း ရေမြှုပ်ဖော့ပါးလေးများကိုပါ ထည့်သွင်းပေးထားသည့်အလျောက် သုန်မှုန်နေသော သူ့မျက်နှာပင် ပြုံးယောင်ပြန်သန်းလာတော့သည် ။
“ဟ … လေဒီ ဆယ်ဖီးနီးကတော့ သူရဲကောင်းကြီးကို တကယ်လက်ဆောင်ပေးတာပဲ ။ ဒါပေမဲ့ ဆန်ဒရာ လို့ထိုးထားတယ် ။ ဘာလို့ တံဆိပ်ကောင်းထဲက မပေးဘဲ ၊ အခုမှပေါ်တဲ့ တံဆိပ်ကိုပေးရတာလဲ”
ထိုအခါ ဆိုရင်း(န်)ကလည်း အင်္ကျီကို ကိုင်ကြည့်၍
“ဆန်ဒရာကို သိတယ်လေ ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဝတ်ရုံလေးတစ်ထည်ဝယ်ဖူးတယ် … ချုပ်ရိုး ၊ ချုပ်သားတွေ ညံ့ချက် ။ ဒီဇိုင်းကလည်း တုံးသေး ။ အခုဘာမျှ မဆိုင်တော့ပါလား … ကြည့်စမ်း ချွေးစုပ်အောင် နှစ်ထပ်ခံချုပ်ထားပြီးတော့ … ဒဏ်ဖြစ်နိုင်မဲ့နေရာတွေမှာပါ ဖော့အခံတွေ ထည့်ပေးထားသေးတယ် ။ ဒါမျိုးကို တပ်ထဲမှာတောင်မသုံးဘူး ။ ကြည့်ရတာ ဒီတံဆိပ်ကို ပြန်တောင်ဝယ်ကြည့်မှနှင့်တူတယ်”
“ဘာပဲပြောပြော ဒီလေဒီက ခေါင်းသာနည်းနည်းထိသွားတာ ။ ပိရမစ်ထဲမှာ သူရဲကောင်းကြီး နောက်လိုက်ပြီးတော့ ဘာလိုအပ်သလဲ သိသွားတဲ့ပုံပဲ ။ အခုဒီဝတ်စုံနှင့် တပ်မှူးရဲ့ ချပ်ဝတ်ကို တွဲဝတ်လို့ရပြီဗျ”
ဟုဆို၍ ဟက်(စ်)တန်မှာ အခန်းထောင့်သို့ လက်ညှိုးညွှန်ပြလေပြီး၊ ဤနေရာ၌ ငွေရောင်ယန္တရားချပ်ဝတ် တစ်စုံသည်ကား မတ်မတ်မားမား။ မြင်သည်နှင့် ရင်ဝကို မီးခဲနှင့်တို့လိုက်သဖွယ်။ ဤသည်ကား ဇိုက်(ခ်)၏ ယန္တရားချပ်ဝတ်ဖြစ်၏။ ၎င်းကျဆုံးသွားသည့်အခါ ထိုချပ်ဝတ်ကို သူ၏လက်ဗွေနှင့်မှလွဲ၍ ကျန်သောသူများ ဖွင့်မရတော့သောကြောင့် ဒီးဟက်(စ်)မှာ သူ့ကို ဤချပ်ဝတ်အား ယူရန်ပြောထားခြင်းဖြစ်သည် ။
ချပ်ဝတ်မှာကား တွေ့ခါစကသကဲ့သို့ တင့်တယ်မနေတော့ ။ တိုက်ပွဲကြီးတစ်ခုကို ကျော်ဖြတ်လာခဲ့ရသည့်အလျောက် အာမန်တီတိုက် ချပ်ဝတ်ပြားများပေါ်၌ တန်ဆာဆင်ထားကြသော ရွှေရောင် နဂါးရုပ်နှင့် ကနုတ်ပန်းများအားလုံးနီးပါးမှာ ပျက်စီးနေကြသည့်ပြင် ၊ ချပ်ဝတ်သတ္တုပြားအောက်က ကြွက်သားတုကြီးများတွင်လည်း အလျားလိုက် လက်သည်းရာကြီးများက အစင်းလိုက်ထကာ ပွင့်ထွက်နေကြသေးသည် ။
ဤသည်ကိုကြည့်လျက် အာဇာဂါနာဆေးရုံတွင်း အလောင်း၏ ဦးခေါင်းခွံကို မဖွင့်မီ ဟေဆွန်ဓားကို ထုတ်ခိုင်းစဉ်က ဖြစ်ရပ်များကိုလည်း ပြန်လည်မြင်ယောင်လာသည်နှင့်အတူ
“တစ်ခါခေါင်းဆောင် ၊ တစ်သက်လုံးခေါင်းဆောင်ပါဗျာ”
ဟူသော ယင်း၏စကားသံကိုလည်း ကြားယောင်လာသဖြင့် လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်မိလေလျှင် ၊ ကျောက်လမ်းမကို ထိုးထားသော လက်ဆစ်များက ပြန်လည်ကိုက်ခဲလာ၏ ။ ဤကြိုက် ဆိုရင်း(န်)မှာလည်း အနှီချပ်ဝတ်ကြီးကိုငေးနေ၍
“တော်တော်ကြီး ပြန်ပြင်ယူရမှာပဲ … ဟို ပါရာဂွန်ကြီးပြောအရဆို ပျက်စီးသွားတဲ့ ကြွက်သားတုတွေကိုလည်း နောက်ဆုံးပေါ်တွေနှင့် အစားထိုးမယ်တဲ့ ။ ဒါပေမဲ့ … ဘယ်လောက် အစားထိုးထိုး သူ့အငွေ့အသက်တွေက ပျောက်ဦးမှာ မဟုတ်ဘူး”
ဟုဆိုပြီးနောက် သူ(မ)မှာ ခေါင်းငိုက်စိုက်ကျသွားတော့သည် ။ အောက်နှုတ်ခမ်းကို ဖိကိုက်ကာ ၊ လက်မထိပ်လေးများ ရဲလာသည်အထိလည်း လက်သီးကို ညှစ်ဆုပ်နေလေ၏ ။
လေဒီ ဆယ်ဖီးနီး ချုပ်ပေးသော အောက်ခံဝတ်စုံ ၊ ကိုယ့်ကြောင့် ကျဆုံးသွားခဲ့သောတပည့်၏ ယန္တရားချပ်ဝတ် ၊ ထို့နောက် နှမနှင့်အတူရခဲ့သောလက်ကျိုး ။ သူ့တစ်ကိုယ်လုံး အရှုံးများနှင့်ပြည့်နှက်နေပြီး သူဆင်မြန်းရမည့် အဆင်တန်ဆာကပင် အရှုံးသမားတစ်ယောက်၏ အမှတ်သညာများ ။ ကြိုက်ပါသည် ။ ထိုအရှုံးများကို ကျေကျေနပ်နပ်ကြီး ဆင်မြန်းလျက် အမှောင်ဆုံးလမ်းကို အဆုံးထိပင် လျှောက်လှမ်းရပေလတ္တံ့။
ထိုအခိုက်၌ ဟက်(စ်)တန်ကမူ မဟာ်ဂနီရောင် သေတ္တာလေးကို ဆက်နှိုက်နေရာမှ သူ့ဘက်လှည့်လာ၍
“သူရဲကောင်းကြီး မပြီးသေးဘူးဗျ ။ ဒီမှာကျန်သေးတယ်”
ဟုဆိုပြီးနောက် သူ့လက်တွင်းသို့ သုံးမြှောင့်သဏ္ဌာန် အနီရောင် မီယော့ယန္တရားလေးကို ထည့်ပေးလေသည် ။ ထိုယန္တရားလေးကို ဖွင့်ကြည့်လိုက်ရာ သုံးမြှောင့်တုံးထိပ်၌ သုံးဖက်မြင် ဟိုလိုဂရမ်တစ်ခုထွက်လာပြီးနောက် ယင်းအတွင်းဝယ် စာကြောင်းဆယ်ကြောင်းမျှ ရှိနေလေ၏ ။ ဤအခါ ၎င်းက မျက်လုံးပြူးသွားလျက်
“ဟ … မေယုတံတျာတေး ဆယ်ပုဒ်ပါလား ။ ဒီတေးသံနာမည်တွေ တစ်ခါမျှ မကြားဖူးဘူး ။ အဟား … လေဒီ ဆယ်ဖီးနီးက လူထုထဲကို မဖြန့်တဲ့ ကိုယ်ပိုင်သီချင်းတွေပါ လက်ဆောင်ပေးတာပဲ ။ ပိရမစ်ထဲမှာလည်း သူရဲကောင်းကြီးစကားပဲ နားထောင်ခဲ့တာ ဟဲဟဲ”
ဟုဆိုလာသောအခါမှ သူသည်လည်း လက်ဖဝါးပေါ်က မီယော့လေးကို စိုက်ကြည့်နေမိလျက် ၊ သာမန်အချိန်ဆိုပါက ကိုယ်အားပေးသော တေးသံရှင်က ကိုယ့်အတွက် အထူးသီချင်းလက်ဆောင်ပေးသည်ကို ဂုဏ်ယူဝင့်ကြွားမိလောက်မည်ပေသော်ငြား ယခုအခါတွင်မူ ရူးနေပါလျက်နှင့် ဤမျှထိလုပ်ပေးသော သူ(မ)မျက်နှာကိုသာ မြင်ယောင်ကာ ကော်ဇောနက်ခင်းထားသော ကြမ်းပြင်ကိုသာ အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေမိတော့သည် ။ ထိုစဉ် မာတိုရိုက
“ကဲကိုယ့်လူ နတ်ဘုရားမကို ဖူးမြော်ရတော့မယ် … အဆင်သင့်ပဲလား ။ ခင်ဗျား ပြန်လာရင် ကောင်းကင် နတ်ဘုရားမရဲ့ ရူပါရုံကို မဖူးခဲ့ရရင်တောင် အနည်းဆုံးတော့ Her Divinity ရဲ့ ကျက်သရေတော်ကိုတော့ ပြန်ပြောပြလှည့်ဦး”
ဟု စကားပြန်စလိုက်သည်တွင် ၊ ဟက်(စ်)တန်ကလည်း
“ဟူး … နတ်သမီး အဆင့်တောင်မဟုတ်ဘူး ။ နတ်ဘုရားမတဲ့လား … ရိုဒီးနီးယားက တိမ်တိုက်တိုင်းဟာ အန္တလိက္ခ နတ်ကလျာရဲ့ မျက်လုံးတွေဆိုပဲ … ခင်ဗျားကို အားကျသလို ခင်ဗျားအစား လန့်တောင်လာပြီ ။ ကျုပ်ဘဝမှာ နတ်ဆိုတာ တစ်ခါမျှမမြင်ဖူးဘူးဗျ ။ လေဒီအော်ရကယ်လည်း ရမထာသိင်္ဂီ နတ်မိမယ် မေဟန်ဟီရစုကို ဖူးဘူးတယ်မလား ။ ရူပါရုံဘယ်လို သဏ္ဌာန်ရှိသလဲ ပြောစမ်းပါဦးဗျာ”
စကားဆုံးသရော် ခေါင်းငိုက်စိုက်ကျနေသော ခေါင်းတုံးမလေးမှာ တုန်တက်သွားလေ၏ ။
“အို … မပြောရဲပါဘူး … ငါပြောလိုက်ရင် နတ်ဘုရားမရဲ့ ဘုန်းတော်ညှိုးနွမ်းသွားလိမ့်မယ် ။ လီယိုနာ့ဒ်ကြီးကတော့ … အေးဆေးမလား ။ နင်က စစ်နတ်ဘုရားရဲ့လက်အောက်မှာ နှစ်ချီခစားလာရတာ”
သူခေါင်းကို အသာညိတ်၍ အိမ်လေးတွင်းမှ ထွက်ခွါရန် ခြေလှမ်းမည်အပြု ၊ သူ(မ)၏ အသံမှာနောက်ကျောမှ ထပ်မံထွက်ပေါ်လာလေသည် ။
“စကားမစပ် … နင့်မျက်လုံးထဲမှာ ငါကြားဖူးထားတဲ့ အရိပ်တွေကို ပြန်တွေ့နေရပြီ ။ နင်တကယ်ကြီးပဲ … အဲသည်ဘက်ကို ပြန်သွားတော့မှာလား ။ ငါတို့တွေ တွေ့စကလိုလေးပဲ ပြန်မနေနိုင်တော့ဘူးလား”
ဟုဆိုသဖြင့် သူသည် ခေတ္တမျှတန့်သွားသော်လည်း သူ(မ)ကို မည်သည့်စကားမျှဆက်မဆိုတော့ဘဲ ရှေ့တည့်တည့်ကိုသာ ဆက်လက်လျှောက်လှမ်းလာလေသည် ။ ပျော့ညံ့သွားစေနိုင်သော စကားများကို နားထောင်နေရန် အချိန်မရှိ ။ နတ်ဘုရားမကို ဖူးမြော်ရန် အချိန်ကားကျရောက်လာလေပြီ ။ ။