အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အခန်း (၂၀၁) ဟွမ်ကျန်းမြို့သို့ ရောက်ရှိခြင်း
မိုင်ထောင်ချီ ရှည်လျားသော ကောယာတောင်သည် စုန်းဟူနယ်မြေနှင့် အပ်တစ်ထောင်နယ်မြေကြားရှိ သဘာဝအတားအဆီးတစ်ခု ဖြစ်ပေ၏။
ဤနေရာရှိ တောအုပ်သည် အလွန်ထူထပ်ပြီး မိစ္ဆာသားရဲများ မရေမတွက်နိုင်အောင် ရှိလေသည်။ မူလက နယ်မြေနှစ်ခုကြားရှိ စူးစမ်းရှာဖွေရာ နေရာတစ်ခုဖြစ်ပြီး လေလွင့်ကျင့်ကြံသူများစွာ၏ စီးပွားရေးရင်းမြစ်လည်း ဖြစ်ပေ၏။
သို့သော် လွန်ခဲ့သော တစ်နှစ်ခန့်က ဤနေရာ၏ ငြိမ်းချမ်းမှုသည် ပျက်စီးသွားခဲ့လေသည်။
လေလွင့်ကျင့်ကြံသူတစ်ဦးသည် မိစ္ဆာသားရဲတစ်ကောင်၏ လိုက်လံတိုက်ခိုက်မှုကြောင့် ဂူတစ်ခုအတွင်းသို့ ပိတ်မိသွားခဲ့၏။
အသက်ရှင်သန်ရန်အတွက် သူသည် ဂူအတွင်း၌ ရူးသွပ်စွာ ထွက်ပြေးခဲ့ရလေသည်။
ထိုလူ၏ ကံကြမ္မာသည် အလွန်ကောင်းမွန်လှပေ၏။
သူ သေမသွားခဲ့သည့်အပြင် မြေအောက်ရှိ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုလူသည် ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကို တွေ့ရှိပြီးနောက် ၃ ရက်တိုင်တိုင် တူးဖော်ခဲ့ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သောင်းချီ ယူဆောင်သွားခဲ့လေ၏။
ဆိုရိုးစကားရှိသည့်အတိုင်း ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံသူတစ်ဦး၏ ခွန်အားပင် ဖြစ်သည်။
ဝိညာဉ်ကျောက်တုံးများကို ရရှိပြီးနောက် အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူလေးသည် မာနထောင်လွှားလာခဲ့လေ၏။
သူသည် အလွန် ရက်ရောလာရုံသာမက လောင်းကစားရုံများသို့ မကြာခဏ ဝင်ထွက်ကာ ဝိညာဉ်ကျောက်တုံး သောင်းချီ ရှုံးသော်လည်း မျက်မှောင်တစ်ချက် မကုတ်ခဲ့ချေ။
နောက်ဆုံးတွင် ထိုလေလွင့်ကျင့်ကြံသူသည် လူအများအပြား၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီး သူ၏ နိဂုံးမှာ သဘာဝကျကျပင် အလွန် ဆိုးရွားလှပေ၏။ သူ၏ ခြေလက်များ အချိုးခံရပြီး ဒန်တျန်မှာလည်း ဖျက်ဆီးခံလိုက်ရလေသည်။
သူသည် အဆုံးအစမရှိသော ညှဉ်းပန်းနှိပ်စက်မှုများကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး သတ္တုတွင်း၏ အမှန်တရားကို ဖွင့်ဟဝန်ခံလိုက်ရလေတော့၏။
ထိုကြောင့် လူတစ်စုသည် ကောယာတောင်ဆီသို့ ချက်ချင်း အလုအယက် ထွက်ခွာသွားကြလေသည်။
သဘာဝကျကျပင် ဤကိစ္စကို ဖုံးကွယ်ထား၍ မရနိုင်ချေ။
အပ်တစ်ထောင်နယ်မြေနှင့် စုန်းဟူနယ်မြေမှ ဂိုဏ်းကြီးများသည် သတင်းကို သိရှိသွားပြီးနောက် သူတို့၏ ဂိုဏ်းများသို့ ချက်ချင်း သတင်းပို့ခဲ့ကြလေ၏။
ထို့ကြောင့် စုံစမ်းထောက်လှမ်းရန် လူများ ပိုမို ရောက်ရှိလာကြပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ရှိ မိစ္ဆာအိုကြီးပင်လျှင် ထွက်ပေါ်လာခဲ့လေသည်။
နောက်ဆုံးတွင် ကောက်ချက်ချနိုင်ခဲ့၏။ ကောယာတောင်သည် ဧရာမ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီး ဖြစ်ပေသည်။
ဤအခိုက်အတန့်တွင် အပ်တစ်ထောင်နယ်မြေနှင့် စုန်းဟူနယ်မြေ နှစ်ခုလုံး ပွက်လောရိုက်သွားပြီး ဝိညာဉ်ကျောက်တုံး သတ္တုတွင်းသည် နယ်မြေနှစ်ခုကြား အဓိက ယှဉ်ပြိုင်လုယူရာ နေရာ ဖြစ်လာခဲ့လေ၏။
စုန်းဟူနယ်မြေ၏ လှုပ်ရှားမှုမှာ လျင်မြန်လှပေသည်။ သူတို့သည် မဟာမိတ်အဖွဲ့ကို ချက်ချင်း ဖွဲ့စည်းလိုက်ပြီး အပ်တစ်ထောင်နယ်မြေဘက်မှ တုံ့ပြန်မှု မလုပ်နိုင်မီမှာပင် စစ်ကြေညာကာ ကောယာတောင်ရှိ အပ်တစ်ထောင်နယ်မြေမှ လူများကို အကုန်အစင် သတ်ဖြတ်ပစ်ခဲ့ကြလေ၏။
နယ်မြေစစ်ပွဲကြီး စတင်ဖြစ်ပွားလာလေပြီ။
အပ်တစ်ထောင်နယ်မြေသည် ခြေတစ်လှမ်း နောက်ကျသွားသော်လည်း သူတို့၏ အင်အားမှာ စုန်းဟူနယ်မြေလောက် အားနည်းခြင်း မရှိချေ။
ထို့ကြောင့် အဆင့် ၇ ကျင့်ကြံခြင်း အင်အားစုကြီး ၃ ခုဖြစ်သော တာဖုန်းကုန်သွယ်ရေးအဖွဲ့၊ နှလုံးသားချိတ်ပိတ်ခြင်းဂိုဏ်း နှင့် လင်ရှောင်ခန်းမ တို့က ဦးဆောင်ကာ အဆင့် ၆ အင်အားစုကြီး ၆ ခုဖြစ်သော အရိပ်လမင်းတောင်ကြား၊ သံသရာဗိမာန်၊ ထာဝရသက်တံကျောင်းတော်၊ နဂါးသတ်ဖြတ်ခြင်းဂိုဏ်း၊ ထောင်ချီထင်ယောင်ထင်မှားဂိုဏ်း နှင့် တန်ဖူအကယ်ဒမီ တို့အပြင် မရေမတွက်နိုင်သော အဆင့် ၅၊ ၄၊ ၃ အင်အားစုများ ပူးပေါင်း၍ တိုက်ပွဲဝင်ရန် ထွက်ပေါ်လာခဲ့ကြလေ၏။
ဤသို့ဖြင့် အပ်တစ်ထောင်နယ်မြေမှ ကျင့်ကြံသူ တပ်ဖွဲ့ပေါင်း သောင်းချီ၍ နယ်စပ်သို့ ရောက်ရှိလာကြလေသည်။
သို့သော် နှစ်ဖက်တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားပြီးနောက် အပ်တစ်ထောင်နယ်မြေသည် အရေးနိမ့်သွားခဲ့၏။ ကောယာတောင် တစ်ခုလုံးသည် စုန်းဟူနယ်မြေ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီး စစ်မီးသည် အပ်တစ်ထောင်နယ်မြေအတွင်းသို့ ကူးစက်လာခဲ့လေပြီ။
ကျိုးယွမ်တို့ ရောက်ရှိလာချိန်တွင် လေထု၏ လေးလံမှုကို သူတို့ ရှင်းလင်းစွာ ခံစားလိုက်ရလေ၏။
ယခုတစ်ကြိမ် အပ်တစ်ထောင်နယ်မြေ၏ ခေါင်းဆောင်မှာ တာဖုန်းကုန်သွယ်ရေးအဖွဲ့မှ ဘိုးဘေး ရှန်ပါထူ ဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ ကောင်းကင်ပြီးပြည့်စုံခြင်း အလယ်အလတ်အဆင့် ဖြစ်ပေသည်။
သို့သော် စုန်းဟူနယ်မြေဘက်တွင်လည်း တူညီသော ကောင်းကင်ပြီးပြည့်စုံခြင်း အလယ်အလတ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ရှိနေသဖြင့် ပြိုင်ဘက်ကို မခြိမ်းခြောက်နိုင်ချေ။
လူ တစ်သိန်းခန့်ရှိသော အပ်တစ်ထောင်နယ်မြေ မဟာမိတ်အဖွဲ့အတွက် မှော်အဆောင်ဆရာအသင်းမှ လူဒါဇင်ပေါင်းများစွာ ရောက်ရှိလာခြင်းမှာ ရေကန်ထဲသို့ ရေတစ်ခွက် လောင်းထည့်လိုက်သကဲ့သို့သာ ဖြစ်ပေ၏။
လှိုင်းဂယက် အနည်းငယ် ထသွားပြီးနောက် ချက်ချင်းပင် မူလအတိုင်း ပြန်လည် ငြိမ်သက်သွားလေသည်။
ဝမ်ပင်းသည် ကျင့်ကြံသူ အမြောက်အမြား ဤမျှလောက် စုရုံးနေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ရာ အလွန် စိတ်လှုပ်ရှားနေပြီး သတင်းများ စုံစမ်းရန် ချက်ချင်း ထွက်သွားလေ၏။
ကျိုးယွမ်တို့ ရှိနေသောနေရာမှာ ကောယာတောင်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသော ဟွမ်ကျန်းမြို့ ဖြစ်ပေသည်။ ဤနေရာသည် အပ်တစ်ထောင်နယ်မြေမှ ကျင့်ကြံသူ တစ်သိန်း၏ အခြေစိုက်စခန်း ဖြစ်လာခဲ့လေပြီ။
ကျုံးခယ်ချီသည် ရောက်ရောက်ချင်းမှာပင် ခေါ်ဆောင်ခြင်း ခံလိုက်ရလေ၏။ အဆင့် ၆ မှော်အဆောင်ဆရာတစ်ဦးအနေဖြင့် သူသည် စစ်မြေပြင်တွင် အရေးပါသော ရာထူးတစ်ခုရှိပြီး သဘာဝကျကျပင် ဘိုးဘေး ရှန်ပါထူ၏ တန်ဖိုးထားမှုကို ခံရလေသည်။
"စီနီယာအစ်ကိုကျိုး... ကျွန်တော် ပြန်ရောက်ပြီ..."
ကျိုးယွမ် နေရာချထားပြီး တစ်နာရီခန့် အကြာတွင် ဝမ်ပင်းသည် ကျိုးယွမ်၏ ရှေ့သို့ ပြုံးဖြီးဖြီး မျက်နှာဖြင့် ရောက်ရှိလာလေ၏။
ကျိုးယွမ်သည် ယခုတစ်ကြိမ်တွင် သူ့ကို နှင်မလွှတ်ခဲ့ချေ။ သူကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို သိချင်နေပေသည်။
"ဝမ်ပင်း... မင်း သတင်းတစ်ခုခု ရခဲ့လား..."
ဝမ်ပင်းက ပြုံးလျက် ပြောဆိုလိုက်လေ၏။
"စီနီယာအစ်ကိုကျိုး... သတင်းစုံစမ်းတာက ကျွန်တော့်ရဲ့ အထူးကျွမ်းကျင်မှုပါပဲ... ဒီတစ်ခါတော့ တကယ့်ကို သတင်းတွေ အများကြီး ရခဲ့တယ်ဗျ..."
ကျိုးယွမ်သည် စကားဖြတ်မပြောဘဲ ဝမ်ပင်းကို ဆက်ပြောခွင့် ပြုလိုက်သည်။
"စီနီယာအစ်ကိုကျိုး... အခြေအနေက နည်းနည်း ဆိုးနေတယ်... ကောယာတောင် တစ်ခုလုံးက စုန်းဟူနယ်မြေရဲ့ သိမ်းပိုက်ခံလိုက်ရပြီ... ပြီးတော့ သူတို့က ကောယာတောင်ပေါ်မှာ ဝင်္ကပါတွေ အများကြီး ချထားတယ်..."
"လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဘက်က ကောယာတောင်ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ တစ်ဖက်လူရဲ့ ခံစစ်ကို မဖောက်နိုင်ခဲ့ဘူး..."
"လွန်ခဲ့တဲ့ ၃ ရက်ကပဲ လူသောင်းချီ ပါဝင်တဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့သေးတယ်... အဲ့ဒီမှာ ငါတို့ဘက်က လူထောင်ချီ သေဆုံးသွားလို့ ယာယီ ဆုတ်ခွာခဲ့ရတယ်..."
"စုန်းဟူနယ်မြေဘက်မှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ အဆင့်မြင့် ဝင်္ကပါဆရာတချို့ ပေါ်လာလို့ ငါတို့ဘက်က အထိနာခဲ့တာပဲ..."
ဤစကားကို ကြားချိန်၌ ကျိုးယွမ်သည် အနည်းငယ် တုန်လှုပ်သွားရလေ၏။ အဆင့်မြင့် ဝင်္ကပါဆရာများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ မည်သို့ မသိဘဲ နေမည်နည်း။
ချင်ယောင်အတွက် သင့်လျော်သော ခန္ဓာကိုယ်တစ်ခု မရှာတွေ့သေးသည်မှာ နှမြောစရာပင်။ မဟုတ်ပါက ချင်ယောင်သာ ရှင်သန်လာပါက တစ်ဖက်လူ၏ အဆင့် ၆ ဝင်္ကပါဆရာများသည် အများကြီး ဒုက္ခပေးနိုင်မည် မဟုတ်ချေ။
"နောက်ထပ် ဘာတွေ သိရသေးလဲ..."
ကျိုးယွမ်၏ အမေးကို ကြားသောအခါ ဝမ်ပင်း၏ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် မသာယာသော အပြုံးတစ်ခု ပေါ်လာလေ၏။
"စီနီယာအစ်ကိုကျိုး... တာဖုန်းကုန်သွယ်ရေးအဖွဲ့က စီနီယာအစ်မချွီ လည်း ဒီကို ရောက်နေတယ်... ခုနကပဲ သူမနဲ့ ဆုံခဲ့တာ... သူမက အစ်ကို့အကြောင်းတောင် မေးသွားသေးတယ်..."
ဤစကားကို ကြားချိန်၌ ကျိုးယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။ သူသည် ဤကာလတစ်လျှောက်လုံး မှော်အဆောင်များ ရေးဆွဲနေခဲ့သော်လည်း တာဖုန်းကုန်သွယ်ရေးအဖွဲ့၏ အကြောင်းကိုမူ ကြားသိခဲ့ရပေ၏။
လျိုကျုံးယောင်သည် ယဲ့ဖိန်အား ကလဲ့စားချေရန် တာဖုန်းကုန်သွယ်ရေးအဖွဲ့မှ ကိုယ်တိုင် ထွက်ခွာသွားခဲ့သော်လည်း ဇာတ်လမ်းဆန်သော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။
ယဲ့ဖိန်က လျိုကျုံးယောင်ကို မည်သို့ ဖျောင်းဖျလိုက်သည် မသိချေ။ လျိုကျုံးယောင်သည် တာဖုန်းကုန်သွယ်ရေးအဖွဲ့သို့ ပြန်လာပြီး လျိုရူယန်ကို ခေါ်ဆောင်သွားကာ တာဖုန်းကုန်သွယ်ရေးအဖွဲ့မှ အရင်းအမြစ် များစွာကိုလည်း ယူဆောင်သွားခဲ့လေ၏။
ထို့နောက် လျိုကျုံးယောင်သည် ယဲ့ဖိန်၊ လျိုရူယန်တို့နှင့်အတူ အပ်တစ်ထောင်နယ်မြေမှ ထွက်ခွာသွားပြီး အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။
ဤကိစ္စက တာဖုန်းကုန်သွယ်ရေးအဖွဲ့မှ လူများကို အလွန်အမင်း မယုံနိုင်အောင် ဖြစ်စေခဲ့၏။ မဟာအကြီးအကဲ ကိုယ်တိုင်က တာဖုန်းကုန်သွယ်ရေးအဖွဲ့ကို သစ္စာဖောက်သွားသဖြင့် ဂိုဏ်းချုပ် ချွီပုချွန်းမှာ ဒေါသထွက်လွန်း၍ သွေးပင်အန်ခဲ့ရလေသည်။
ကျိုးယွမ်သည် ဤသတင်းကို ကြားပြီးနောက် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ ဤယဲ့ဖိန်သည် တကယ်ကို သတ်၍မသေနိုင်သော ပိုးဟပ်တစ်ကောင်ဖြစ်ပြီး ကံကြမ္မာသားတော် ဖြစ်လာရန် ထိုက်တန်ပေသည်။
သူ၏ လှည့်စားနိုင်စွမ်းမှာ လုံးဝ ပထမတန်းစားပင်။ လျိုကျုံးယောင်ပင်လျှင် သူ၏ သုံးလက်မရှည်သော လျှာကို မခုခံနိုင်ခဲ့ချေ။
ယခု ဝမ်ပင်းက ချွီယန်ရန်အကြောင်း ပြောသည်ကို ကြားသောအခါ ကျိုးယွမ် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်လေ၏။
"သူမက ဘာတွေ မေးလို့လဲ..."
ဝမ်ပင်း အတော်လေး ဆွံ့အသွားရလေသည်။ ဤစီနီယာအစ်ကိုကျိုးက ယောက်ျားတွေကိုများ သဘောကျနေတာလား။
စီနီယာအစ်မချွီသည် ရှားပါးလှပသော မိန်းမချောတစ်ဦး ဖြစ်ပါလျက် သူက ဘာကြောင့် ဤကဲ့သို့ စိတ်မဝင်စားသလို တုံ့ပြန်နေရတာလဲ။
"စီနီယာအစ်ကိုကျိုး... စီနီယာအစ်မချွီက အစ်ကိုနဲ့ အဖွဲ့ဖွဲ့ပြီး ရန်သူတွေကို သတ်ချင်တယ်လို့ ပြောတယ်..."
ဤစကားကို ကြားချိန်၌ ကျိုးယွမ် အနည်းငယ် မှင်တက်သွားပြီးနောက် မေးမြန်းလိုက်လေ၏။
"အဖွဲ့ဖွဲ့တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ..."
ဝမ်ပင်းက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေသည်။
"စီနီယာအစ်ကိုကျိုး... အဖွဲ့ဖွဲ့တယ်ဆိုတာက အဖွဲ့ဖွဲ့တာပေါ့..."
"ကျင့်ကြံသူတွေက စစ်တပ်နဲ့ မတူဘူးလေ... လူတစ်သိန်းလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒါကြောင့် မတူညီတဲ့ အဖွဲ့ငယ်လေးတွေ ဖွဲ့စည်းဖို့ လိုအပ်တယ်..."
"လူ ၅ ယောက်အဖွဲ့၊ ၁၀ ယောက်အဖွဲ့ ကနေ လူ ၁၀၀ အဖွဲ့အထိ ရှိတယ်လို့ ကျွန်တော် သတင်းရထားတယ်..."
"စစ်မြေပြင်ကို ရောက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်ပြီးတော့ အချင်းချင်းရဲ့ ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သလို ရန်သူကိုလည်း ပိုကောင်းကောင်း သတ်နိုင်တယ်..."
"ဘာပဲဖြစ်ဖြစ် စုန်းဟူနယ်မြေဘက်မှာလည်း အဖွဲ့တွေ ရှိနေတာပဲ... အကယ်၍ တစ်ယောက်တည်း ထွက်သွားပြီး တစ်ဖက်လူရဲ့ အဖွဲ့နဲ့ ဆုံရင် ဒုက္ခရောက်လိမ့်မယ်..."
ဝမ်ပင်း၏ ရှင်းပြချက်ကို ကြားချိန်၌ ဘာတွေဖြစ်နေသလဲဆိုတာကို ကျိုးယွမ် ချက်ချင်း သဘောပေါက်သွားလေ၏။
‘ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး... သေချာတာကတော့ အစောပိုင်း အဆင့်မှာပဲပေါ့... နောက်ပိုင်းကျရင်တော့ သူတို့နဲ့ အဖွဲ့မဖွဲ့ချင်တော့ဘူး…’
သူ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်များကို သူ သိသည်။ တစ်ဖက်လူ၏ အဖွဲ့ငယ်တစ်ခုနှင့် ကြုံတွေ့ရလျှင်ပင် သူ မကြောက်ချေ။
သို့သော် စုန်းဟူနယ်မြေ၏ အခြေအနေကို စုံစမ်းရန်အတွက် အစောပိုင်းကာလတွင် အဖွဲ့ဖွဲ့ရန် အလွန် လိုအပ်ပေသည်။
အခန်း (၂၀၂) သူလျှိုကို ရှာဖွေတွေ့ရှိခြင်း
"သွားစို့... အပြင်ထွက်ပြီး လမ်းလျှောက်ကြည့်ကြတာပေါ့..."
ဤကိစ္စကို စဉ်းစားပြီးနောက် ကျိုးယွမ်သည် အပြင်ထွက်၍ အခြေအနေကို လေ့လာရန် ဆုံးဖြတ်လိုက်လေ၏။
ဝမ်ပင်းက သူ့ကို လိမ်မည်မဟုတ်ဟု ယုံကြည်သော်လည်း အခြေအနေကို ရှင်းလင်းစွာ နားလည်ရန် လိုအပ်ပေသည်။
ဤစကားကို ကြားချိန်၌ ဝမ်ပင်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီးနောက် ကျိုးယွမ်၏ နောက်မှ လိုက်ပါသွားလေ၏။
ဟွမ်ကျန်းမြို့သည် အလွန် စည်ကားနေလေသည်။
မူလက လူ ၃, ၄ သောင်းခန့်သာ နေထိုင်သော နယ်စပ်မြို့ငယ်လေး ဖြစ်သော်လည်း ယခုအခါ ကျင့်ကြံသူ တစ်သိန်းကျော် စုဝေးရောက်ရှိနေသဖြင့် ဟွမ်ကျန်းမြို့ တစ်ခုလုံး ပြည့်ကျပ်နေပေ၏။
"လာကြည့်ကြပါ... လာကြည့်ကြပါ... အဆင့် ၃ အဆင့်မြင့် မီးအဆောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းတည်းနဲ့ ရပါမယ်... ဝယ်သင့်ပါတယ်နော်..."
"မိတ်ဆွေ ကျင့်ကြံသူတို့ လာကြည့်လှည့်ပါ... ဒီမှာ ကောင်းမွန်တဲ့ မှော်လက်နက်တွေ၊ ဝိညာဉ်လက်နက်တွေ ရှိတယ်... ခင်ဗျားတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆ တိုးစေမှာပါ..."
"အရှုံးခံပြီး ရောင်းပေးနေတာပါ... လုံးဝ မလိမ်ပါဘူး... မိတ်ဆွေတို့ ဈေးစစ်ရဲရင် ကျွန်တော် ရောင်းရဲတယ်... ဖြတ်သွားရင်းနဲ့ လက်လွတ်မခံကြနဲ့နော်..."
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ တည်းပါ... ၁၀၀ တည်းနဲ့ ရွှေအမြုတေ အထွတ်အထိပ်အဆင့်ရဲ့ တိုက်ခိုက်မှု တစ်ကြိမ်ကို ကာကွယ်ပေးနိုင်တဲ့ မီးတောက်ဒိုင်းကာကို ရပါမယ်... ဝယ်လို့ အရှုံးမရှိစေရဘူး... လုံးဝ အလိမ်မခံရစေရဘူး... အကယ်၍ အသုံးမဝင်ရင် ကျွန်တော့်ဆီ ပြန်လာခဲ့ပါ... အသစ်နဲ့ လဲပေးပါ့မယ်..."
ပတ်ဝန်းကျင်မှ အမျိုးမျိုးသော အော်ဟစ်ရောင်းချသံများကို ကြားရသောအခါ ကျိုးယွမ် အနည်းငယ် ဆွံ့အသွားရလေ၏။
ယခုကတည်းက ဤလောက်တောင် ပြိုင်ဆိုင်မှု ပြင်းထန်နေပြီလား။
အထူးသဖြင့် နောက်ဆုံးတစ်ယောက်က သေချာပေါက် လူလိမ်ပင်။
လူတွေက တကယ်ပဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ သုံးပြီး မီးတောက်ဒိုင်းကာကို ဝယ်ကြမှာလား။
‘ရွှေအမြုတေ အထွတ်အထိပ်အဆင့်ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို မတားဆီးနိုင်ရင် အကျိုးဆက်က သေဆုံးဖို့ပဲ... လျော်ကြေးပေးမယ် ဆိုတာက အဓိပ္ပာယ်မရှိတဲ့ စကားပဲ…’
"မိတ်ဆွေ... ခင်ဗျားရဲ့ မီးတောက်ဒိုင်းကာက တကယ်ပဲ ရွှေအမြုတေ အထွတ်အထိပ်အဆင့်ရဲ့ တိုက်ခိုက်မှု တစ်ကြိမ်ကို တားဆီးနိုင်တာလား..."
ကျိုးယွမ်သည် ဈေးဆိုင်ရှေ့တွင် ရပ်ကာ ပြုံးလျက် မေးမြန်းလိုက်လေ၏။
ဈေးဆိုင်ကို အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ခင်းကျင်းထားခြင်း ဖြစ်သည်။ ကျိုးယွမ်က အသက်ငယ်ရွယ်သည်ကို မြင်သောအခါ သူ၏ မျက်လုံးများ အရောင်လက်သွားလေသည်။
"မိတ်ဆွေလေး စိတ်ချပါ... ကျွန်တော် မီးတောက်ဒိုင်းကာ ရာနဲ့ချီ ရောင်းခဲ့ပြီးပြီ... အခုအချိန်အထိ ဘယ်သူမှ ကျွန်တော့်ဆီ လာပြီး မကောင်းပြောတာ မရှိသေးဘူး…”
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ပါ... ဝယ်လို့ အရှုံးမရှိစေရဘူး... လုံးဝ အလိမ်မခံရစေရဘူး... လက်လွတ်မခံနဲ့နော်..."
ဈေးရောင်းနေသော အမျိုးသားက သူ၏ မီးတောက်ဒိုင်းကာအကြောင်းကို စိတ်အားထက်သန်သော အမူအရာဖြင့် အလျင်အမြန် ထပ်မံ ကြွားလုံးထုတ်လေ၏။
"စီနီယာအစ်ကိုကျိုး... ဒီဒိုင်းကာက အသုံးမဝင်လောက်ဘူး ထင်တယ်နော်..."
ဝမ်ပင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရလေသည်။ ကျိုးယွမ် ဘာကြောင့် ဤအရာကို ကြည့်နေမှန်း သူ နားမလည်ချေ။ တစ်ချက်ကြည့်ရုံဖြင့် လိမ်နေမှန်း သိသာလှပေသည်။
ကျိုးယွမ်က ဝမ်ပင်းကို ခေါင်းခါပြလိုက်ပြီးနောက် ပြုံးလျက် ပြောဆိုလိုက်လေ၏။
"မိတ်ဆွေ... မီးတောက်ဒိုင်းကာကို ဘယ်လိုသုံးရမလဲဆိုတာ ကျွန်တော်တို့ကို ပြလို့ရမလား..."
ထိုအမျိုးသားက ဤစကားကို ကြားသောအခါ အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး မီးတောက်ဒိုင်းကာကို ကောက်ကိုင်လိုက်လေသည်။
သူ၏ ဝိညာဉ်စွမ်းအင်များ ဝင်ရောက်သွားသည်နှင့် မီးတောက်ဒိုင်းကာ ချက်ချင်း အသက်ဝင်လာပြီး သူ၏ ရှေ့တွင် ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာ၏။
ရိုးရိုးသားသား ပြောရလျှင် ကြည့်ရသည်မှာ မဆိုးလှချေ။
ဤအခိုက်အတန့်တွင် ကျိုးယွမ်၏ ခန္ဓာကိုယ်မှ ရွှေအမြုတေ အထွတ်အထိပ်အဆင့် အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ အမျိုးသား တုံ့ပြန်မှု မလုပ်နိုင်မီမှာပင် လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ မီးတောက်ဒိုင်းကာသည် ချက်ချင်း ကွဲအက်သွားပြီး ထိုအမျိုးသား၏ ရင်ဘတ်ကို ကျိုးယွမ်၏ လက်သီးက ထိမှန်သွားလေ၏။
သူ၏ ပါးစပ်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် အမြောက်ဆံတစ်လုံးကဲ့သို့ နောက်သို့ လွင့်စင်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာလေသည်။
ရုတ်တရက် ဖြစ်ပျက်သွားသော မြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း မှင်တက်သွားကြပြီး ကျိုးယွမ်ကို အံ့အားသင့်စွာ ဝိုင်းကြည့်နေကြလေ၏။
"ဘန်း" ခနဲ အသံနှင့်အတူ ထိုအမျိုးသားသည် မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ ကျပန်းကျသွားပြီး မြေကြီးတွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွားလေသည်။
ထိုသူ၏ ကျင့်ကြံမှုမှာ ရွှေအမြုတေ နှောင်းပိုင်းအဆင့် ဖြစ်ပြီး ယခုအခါ ကျိုးယွမ်ကို ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်နေလေ၏။
"မိတ်ဆွေ... ခင်ဗျားပဲ ဒီဒိုင်းကာက ရွှေအမြုတေ အထွတ်အထိပ်အဆင့်ရဲ့ တိုက်ခိုက်မှုကို တစ်ကြိမ် တားဆီးနိုင်တယ်လို့ ပြောခဲ့တာလေ... ကျွန်တော်က ဝယ်ချင်တော့ ခင်ဗျားပြောတဲ့စကား မှန်မမှန် သဘာဝကျကျ စမ်းသပ်ကြည့်ရမှာပေါ့..."
"ဒါပေမဲ့ ခင်ဗျားက ရိုးသားမှု မရှိဘူး... လုံးဝ မတားဆီးနိုင်ဘူးပဲ... အကယ်၍ တစ်ယောက်ယောက်က ဒီဒိုင်းကာကိုဝယ်ပြီး စစ်မြေပြင်မှာ အသက်ကယ်ဖို့ သုံးမယ်ဆိုရင် အများကြီး ဒုက္ခရောက်လိမ့်မယ်..."
"ခင်ဗျားက ပစ္စည်းရောင်းနေတာ မဟုတ်ဘူး... လူသတ်နေတာပဲ..."
ကျိုးယွမ်၏ စကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများအားလုံး ခေါင်းညိတ် ထောက်ခံလာကြပြီး မူလက ထိုသူကို သနားနေသူများပင်လျှင် သူတို့၏ သဘောထားများ ပြောင်းလဲသွားကြလေ၏။
" ဒီမိတ်ဆွေ ပြောတာ မှန်တယ်... သူက ပိုက်ဆံအတွက် လူသတ်နေတာပဲ... ဒီလိုလူမျိုးက တကယ် သတ်ပစ်ဖို့ ထိုက်တန်တယ်..."
"ဒီလူက စုန်းဟူနယ်မြေက လူဖြစ်ဖို့ များတယ်... မဟုတ်ရင် ဒီလို ယုတ်မာတဲ့ အလုပ်မျိုး လုပ်ဖို့ မဖြစ်နိုင်ဘူး..."
"သူ့ကို ဖမ်းပြီး စစ်ကြောမေးမြန်းကြည့်ရအောင်... တကယ်လို့ မဖြစ်နိုင်ရင် ဝိညာဉ်ကို တိုက်ရိုက် ရှာဖွေလိုက်..."
"ကျွန်တော့်ရဲ့ စီနီယာအစ်ကိုလည်း သိပ်မကြာခင်ကမှ မီးတောက်ဒိုင်းကာကို ဝယ်ခဲ့တာ... ဒါပေမဲ့ သူ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တယ်... အဲ့ဒါက ပစ္စည်း မကောင်းလို့ ဖြစ်ရမယ် ထင်တယ်..."
ပတ်ဝန်းကျင်ရှိ လူအများအပြားသည် ကျိုးယွမ်၏ စကားကို ကြားပြီးနောက် သဘောတူလာကြရာ ထိုအမျိုးသားသည် အချိန်တိုလေးအတွင်းမှာပင် လမ်းဘေးကြွက်တစ်ကောင်ကဲ့သို့ အများမုန်းတီးသူ ဖြစ်သွားလေ၏။
ကျိုးယွမ်သည် အလုပ်မရှိ၍ လုပ်နေခြင်း မဟုတ်ချေ။ သူသည် အလုပ်မရှိချိန်တွင် ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ်ကို အသုံးပြု၍ လူအချို့၏ ၅ ရက်စာ အနာဂတ်ကို ကျပန်း တွက်ချက်ဖတ်ရှုခဲ့ခြင်း ဖြစ်သည်။
ဤလူမှလွဲ၍ ကျန်သူများအားလုံးမှာ ပုံမှန်ပင် ဖြစ်ပေသည်။
"ယနေ့တွင် စွန်းယန် သည် မီးတောက်ဒိုင်းကာ ၇ ခုကို ရောင်းချခဲ့ပြီး တစ်ချိန်တည်းမှာပင် အပ်တစ်ထောင်နယ်မြေ၏ တိုက်ခိုက်မှုလှိုင်းသစ် စတင်တော့မည့် သတင်းကို စုံစမ်းရယူခဲ့သည်..."
"ဒုတိယနေ့တွင် စွန်းယန် သတင်းများ ပေးပို့ခဲ့သည်..."
"တတိယနေ့တွင် စွန်းယန် သည် တန်ဖူအကယ်ဒမီ တပည့်များ၏ အဆောင်သို့ ခိုးဝင်ကာ သူ၏ ညီဝမ်းကွဲဖြစ်သူ တန်ဖူအကယ်ဒမီမှ စွန်းကွမ် နှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာ စုန်းဟူနယ်မြေမှ လူများ ဖြစ်ကြသည်..."
"စတုတ္ထနေ့တွင် စွန်းယန် သည် လေလွင့်ကျင့်ကြံသူ တစ်အုပ်နှင့်အတူ ယခုနေရာမှ တိတ်တဆိတ် ထွက်ခွာသွားပြီး၊ လေလွင့်ကျင့်ကြံသူများကို ကြိုတင်စီစဉ်ထားသော ဝင်္ကပါထဲသို့ လှည့်စားခေါ်ဆောင်ကာ အားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်…”
"ပဉ္စမနေ့တွင် စွန်းယန် ပြန်လည်ရောက်ရှိလာပြီး သတင်းအချက်အလက်များ ရှာဖွေရန် ဆက်လက် ပုန်းအောင်းနေခဲ့သည်..."
ကျိုးယွမ်သည် မူလက ပေါ့ပေါ့ပါးပါး ကြည့်ခဲ့ခြင်းဖြစ်သော်လည်း ဤကဲ့သို့ အကျိုးအမြတ်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ထို့ပြင် တန်ဖူအကယ်ဒမီကိုပါ ပတ်သက်နေလေ၏။
ကျိုးယွမ်က အနည်းငယ် စိတ်ဝင်စားစရာကောင်းသည်ဟု ထင်သဖြင့် တိုက်ရိုက် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
အရိပ်ခန်းမမှ လူများလည်း ရောက်လာသလားဆိုသည်ကို သူ ကြည့်ချင်နေလေ၏။
ကျိုးယွမ်သည် အရိပ်ခန်းမနှင့် တန်ဖူအကယ်ဒမီမှ လူများအပေါ် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသဖြင့် ဤလူအားလုံးကို သတ်ပစ်ရမည်ကို သူ ဝန်လေးနေမည် မဟုတ်ချေ။
သေချာသည်မှာ ယခုအခါ စစ်ပွဲကြီး နီးကပ်နေပြီဖြစ်ရာ ကျိုးယွမ် ချက်ချင်း လှုပ်ရှားမည် မဟုတ်ချေ။
တန်ဖူအကယ်ဒမီ တစ်ခုလုံးတွင် ပြဿနာရှိနေသလား သို့မဟုတ် လူအနည်းငယ်သာ ပြဿနာရှိနေသလား ဆိုသည်ကို သူ စောင့်ကြည့်ချင်ပေသည်။
အကယ်၍ တန်ဖူအကယ်ဒမီ တစ်ခုလုံး ပြဿနာရှိနေပါက ပို၍ပင် ပျော်စရာကောင်းလိမ့်မည်။
ဤအခိုက်အတန့်တွင် လူအုပ်ထဲမှနေ၍ ကျင်းဝူရှင်း နှင့် ချင်ယီ တို့သည် ကျိုးယွမ်၏ အနီးသို့ ရောက်ရှိလာကြလေသည်။
ကျင်းဝူရှင်းသည် အဝေးတွင် သွေးများ အန်နေသော ပုံရိပ်ကို ကြည့်လိုက်ပြီးနောက် ကျိုးယွမ်ကို မေးမြန်းလိုက်၏။
" ဒီလူက ပြဿနာရှိလို့လား..."
ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။
"သူ့ကို ဖမ်းပြီး စစ်ဆေးပြီးမေးမြန်းလိုက်ရင် သိသွားမှာပါ..."
ဤစကားကို ကြားချိန်၌ ကျင်းဝူရှင်း၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ လူအနည်းငယ် ချက်ချင်း ရှေ့သို့ တက်လာပြီး ထိုသူကို ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။
အချိန်တိုလေးအတွင်းမှာပင် လူတစ်ဦးသည် ကျင်းဝူရှင်း၏ ရှေ့သို့ ရောက်လာပြီး ကျင်းဝူရှင်း၏ နားထဲသို့ တီးတိုး စကားအနည်းငယ် ပြောဆိုလိုက်လေ၏။
ကျင်းဝူရှင်းသည် နားထောင်လေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်ပြီး၊ ထိုလူကို နောက်ဆုတ်သွားစေပြီးနောက် ကျိုးယွမ်ကို ပြောဆိုလိုက်လေသည်။
"ကျိုးယွမ်... မင်း ဘယ်လိုများ သိခဲ့တာလဲ..."
ကျိုးယွမ် အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေ၏။
"ဒါက လျှို့ဝှက်ချက်ပဲ... မင်းကို ငါ ပြောပြလို့ မရဘူး..."
ဤစကားကို ကြားချိန်၌ ကျင်းဝူရှင်း ဆွံ့အသွားရပြီးနောက် ပြုံးလျက် ပြောဆိုလိုက်လေသည်။
" ဒီရက်ပိုင်း ငါ မင်းကို စောင့်နေခဲ့တာ... အခု ငါတို့ အဖွဲ့ဖွဲ့လို့ ရသွားပြီ..."
ကျိုးယွမ် အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေ၏။
"နောက်ထပ် ဘယ်သူတွေ ပါသေးလဲ... သာမန်လူတွေဆိုရင်တော့ ငါ မလိုချင်ဘူးနော်..."
ကျင်းဝူရှင်းက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေသည်။
"အားလုံးက အသိတွေချည်းပါပဲ... ထန်ချန်၊ တန်ကျင်းကျင်း နဲ့ ချွီယန်ရန် တို့ရယ်... ပြီးတော့ ငါတို့ သုံးယောက်ရယ်ပေါ့... သေချာတာကတော့ မင်း ခေါ်လာချင်တဲ့သူ ရှိရင်လည်း အတူတူ ခေါ်လာခဲ့လို့ ရပါတယ်..."
ကျိုးယွမ်၏ အနီးတွင် ရပ်နေသော ဝမ်ပင်းသည် ကျင်းဝူရှင်းကို သဘာဝကျကျ သိရှိထားသဖြင့် ဝင်ရောက်စွက်ဖက်ရန် မရဲဝံ့ခဲ့ချေ။
ယခု ကျင်းဝူရှင်း၏ စကားကို ကြားသောအခါ သူသည် ကျိုးယွမ်ကို မျှော်လင့်တကြီးဖြင့် လှမ်းကြည့်လိုက်လေ၏။ သူ၏ အမူအရာမှာ ပြောစရာပင် မလိုတော့ချေ။