← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃) အဖွဲ့တာဝန်

‘စစ်မြေပြင်မှာ ရန်သူကို သတ်ရင် ဆုလာဘ်တွေ ရမယ်ဆိုတာ သိပြီးသားပဲ…’

ဝမ်ပင်းက သူ့ဘာသာ မစောင့်နိုင်တော့ဘဲ အားကိုးစရာ လူတစ်ယောက်ကို ရှာချင်နေသည်။

"သူ့ကိုပါ အဖွဲ့သားအဖြစ် ထည့်လိုက်..."

ကျိုးယွမ်က ဝမ်ပင်းကို ညွှန်ပြလိုက်ရာ ဝမ်ပင်း ချက်ချင်း ဝမ်းသာသွားလေ၏။

ကျင်းဝူရှင်းက ခေါင်းညိတ်ကာ တိုက်ရိုက် သဘောတူလိုက်သည်။

ဝမ်ပင်း၏ ကျင့်ကြံမှုမှာ ရွှေအမြုတေ နှောင်းပိုင်းအဆင့်သာ ရှိသော်လည်း သူ အလေးထားသည်မှာ ကျိုးယွမ်ကိုသာ ဖြစ်ပေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကျိုး... ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို..."

ဝမ်ပင်းသည် အလျင်အမြန် လက်နှစ်ဖက်ယှက်ကာ ကျိုးယွမ်နှင့် ကျင်းဝူရှင်းကို ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

အဖွဲ့ကို သတ်မှတ်ပြီးနောက် ကျင်းဝူရှင်းနှင့် ကျိုးယွမ်တို့ စကားအနည်းငယ် ပြောဆိုကာ နှုတ်ဆက်ထွက်ခွာသွားကြလေသည်။

ကျင်းဝူရှင်းနှင့် ချင်ယီတို့က စွန်းယန်ကို ခေါ်ဆောင်သွားကြသည်။

ဤကိစ္စကို အထက်လူကြီးများထံ လွှဲပြောင်းပေးရမည်ဖြစ်ပြီး တန်ဖူအကယ်ဒမီနှင့်လည်း ပတ်သက်နေနိုင်သောကြောင့် ဖြစ်သည်။

ကျိုးယွမ်နှင့် ဝမ်ပင်းတို့ လှည့်လည်သွားလာနေကြသော်လည်း ဤနေရာတွင် အရောင်းအဝယ်လုပ်သည့် ပစ္စည်းများစွာ ရှိသော်လည်း မည်သည့်အရာကမျှ သူ၏ မျက်စိကျလောက်စရာ မရှိချေ။

သေချာသည်မှာ လူများအနေဖြင့် အလွန်ကောင်းမွန်သော အရာများကို ထုတ်ရောင်းမည် မဟုတ်ချေ။

သူတို့ လှည့်လည်ကြည့်ရှုသော်လည်း မည်သည့်အရာမျှ မရရှိခဲ့သဖြင့် နေထိုင်ရာသို့ ပြန်လာခဲ့ကြသည်။

သူတို့ ပြန်ရောက်ပြီး မကြာမီ ကျုံးခယ်ချီ ပြန်ရောက်လာပြီး ကျိုးယွမ်ကို ခေါ်ကာ အံ့အားသင့်စွာ ကြည့်နေလေ၏။

သူ အစည်းအဝေးသွားခဲ့ရာ ဘိုးဘေး ရှန်ပါထူက လူတိုင်းရှေ့တွင် ကျိုးယွမ်ကို ချီးကျူးခဲ့ပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာ ဆုချခဲ့သည်။

ကျုံးခယ်ချီမှာလည်း အလွန် အံ့အားသင့်နေပြီး ကျိုးယွမ်အနေဖြင့် စုန်းဟူနယ်မြေမှ သူလျှိုကို မည်သို့ ရှာဖွေတွေ့ရှိခဲ့သနည်းဟု တွေးတောနေမိသည်။

"ကျိုးယွမ်... ဒီဟာက မဟာမိတ်ခေါင်းဆောင်က မင်းကို ဆုချလိုက်တာပဲ..."

ကျုံးခယ်ချီက လက်ကို ဝှေ့ယမ်းလိုက်ရာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာသည် ကျိုးယွမ်၏ ရှေ့တွင် ပေါ်လာပြီး ကျိုးယွမ်၏ မျက်လုံးများကို အရောင်လက်သွားစေလေ၏။

‘ သူလျှိုတစ်ယောက် ဖမ်းမိရုံနဲ့ ဒီလောက် ရက်ရောတဲ့ ဆုလာဘ် ရတယ်ဆိုတော့ ငါ နောက်ထပ် နည်းနည်းလောက် ထပ်ဖမ်းသင့်သလား…’

‘ဘာပဲဖြစ်ဖြစ် ငါ့ဆီမှာ ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ် ရှိနေတာပဲ... တွက်ချက်လိုက်တာနဲ့ တစ်ဖက်လူရဲ့ အမှန်တရားကို ဖုံးကွယ်ထားဖို့ လုံးဝ ခက်ခဲသွားမှာပဲ…’

ကျိုးယွမ်သည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာကို သိမ်းဆည်းလိုက်ပြီးနောက် ကျုံးခယ်ချီကို ပြုံးလျက် လက်နှစ်ဖက်ယှက်ကာ ပြောဆိုလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် အရှင်ကျုံး..."

ကျုံးခယ်ချီက ခေါင်းခါလိုက်ပြီးနောက် ပြုံးလျက် ပြောဆိုလေ၏။

"ဒါက မင်း ရထိုက်တာပါပဲ... မင်းက အဓိက အင်အားစုကြီး ၃ ခုက တပည့်တွေနဲ့ အဖွဲ့ဖွဲ့လိုက်တယ်လို့ ငါ ကြားတယ်..."

ကျိုးယွမ် အနည်းငယ် မှင်တက်သွားရလေသည်။ ဤကိစ္စက ကျုံးခယ်ချီ၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

"ကျွန်တော် အဖွဲ့ဖွဲ့ချင်တယ်လို့ ပြောခဲ့တာ မှန်ပေမဲ့ အတိအကျတော့ မဆုံးဖြတ်ရသေးပါဘူး..."

ကျိုးယွမ်က အမှန်အတိုင်း ပြောပြလိုက်သည်။

ကျုံးခယ်ချီက ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလေ၏။

"ဒီနေ့ အစည်းအဝေးမှာ မဟာမိတ်ခေါင်းဆောင်က ကောယာတောင်ဆီကို အဖွဲ့ ၁၀ ဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်... စုန်းဟူနယ်မြေက အဓိက အင်အားစုတွေရဲ့ အစီအစဉ်တွေကို သွားရောက် စုံစမ်းဖို့ပဲ..."

"တိကျတဲ့ သတင်းအချက်အလက်တွေ ရဖို့အတွက် ဒီတစ်ကြိမ် စေလွှတ်မယ့် အဖွဲ့ ၁၀ ဖွဲ့ကို တာဖုန်းကုန်သွယ်ရေးအဖွဲ့၊ နှလုံးသားချိတ်ပိတ်ခြင်းဂိုဏ်း၊ လင်ရှောင်ခန်းမ၊ အရိပ်လမင်းတောင်ကြား၊ သံသရာဗိမာန်၊ ထာဝရသက်တံကျောင်းတော်၊ နဂါးသတ်ဖြတ်ခြင်းဂိုဏ်း၊ ထောင်ချီထင်ယောင်ထင်မှားဂိုဏ်း၊ တန်ဖူအကယ်ဒမီ နဲ့ ငါတို့ မှော်အဆောင်ဆရာအသင်း တွေကနေ စေလွှတ်မှာပဲ..."

"အခြားတစ်နည်းပြောရရင် မင်းတို့ တစ်ယောက်ချင်းစီက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရမှာဖြစ်လို့ မင်းရဲ့အဖွဲ့က ဖွဲ့စည်းလို့ ရမှာ မဟုတ်တော့ဘူး..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ် မှင်တက်သွားရလေသည်။

ယခုလေးတင် ကျုံးခယ်ချီ ပြောသွားသော အင်အားစု ၁၀ ခုအနက် ပထမ ၃ ခုမှာ အဆင့် ၇ ကျင့်ကြံခြင်း အင်အားစုများဖြစ်ပြီး နောက် ၆ ခုမှာ အဆင့် ၆ အင်အားစုများ ဖြစ်ကြသည်။

မှော်အဆောင်ဆရာအသင်းမှာမူ မည်သည့် အင်အားစု အဆင့်သတ်မှတ်ချက်တွင်မျှ ပါဝင်ခြင်း မရှိချေ။

သို့သော် သူတို့၏ အင်အားမှာ အဆင့် ၇ ကျင့်ကြံခြင်း အင်အားစုများထက် မနိမ့်ကျလှပေ။

ထို့နောက် ကျိုးယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။

သူသည် ယခုမှ ရောက်ရှိလာသူဖြစ်ပြီး ကောယာတောင်၏ အခြေအနေကို ဘာမျှမသိဘဲ သူ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းမှာ မိုက်မဲရာ မကျဘူးလား။

"အရှင်ကျုံး... ကျွန်တော်က ကောယာတောင်ရဲ့ အခြေအနေကို ဘာမှမသိဘဲ ဘယ်လိုလုပ် အဖွဲ့ခေါင်းဆောင် လုပ်လို့ရမှာလဲ..."

ကျုံးခယ်ချီက ကျိုးယွမ် ဤသို့ မေးမည်ကို ကြိုတင်သိရှိနေသကဲ့သို့ အနည်းငယ်မျှ အံ့အားသင့်ခြင်း မရှိချေ။

"ကျိုးယွမ်... ငါ့ကို အရှင်ကျုံးလို့ မခေါ်ပါနဲ့... ဦးလေးကျုံးလို့ပဲ ခေါ်ပါ... ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့ဆရာနဲ့ ရွယ်တူပဲလေ..."

"မင်း ခုနက ပြောတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဟာမိတ်ခေါင်းဆောင်က ကြိုတင်ပြင်ဆင်ထားပြီးပါပြီ..."

"ဒီတစ်ကြိမ် မင်းတို့ အဖွဲ့တိုင်းအတွက် အဲ့ဒီနေရာက အခြေအနေတွေ အားလုံးကို ရင်းနှီးကျွမ်းဝင်တဲ့ လမ်းပြတစ်ယောက်စီ ချထားပေးလိမ့်မယ်..."

"အဖွဲ့တိုင်းမှာ လူ ၃ ယောက်ကနေ ၅ ယောက်အထိ ပါဝင်ရမယ်... မင်း ဘယ်သူ့ကို ရွေးချယ်ချင်လဲ ကြည့်လိုက်... သဘောကျတဲ့သူ ရှိရင် ငါ့ကို ပြောပြ..."

"ပြီးတော့ မင်းတို့က ဒီတစ်ကြိမ် တောင်တက်ရေကူး ထွက်တာ မဟုတ်ဘူး... အန္တရာယ်တွေနဲ့ ကြုံတွေ့ရမှာ လိုက်လံတိုက်ခိုက်ခံရတာတွေတောင် ရှိနိုင်တယ်..."

"ဒါကြောင့် လူရွေးတဲ့အခါ မင်း သေချာ စဉ်းစားရမယ်... မင်းက ခေါင်းဆောင်ဖြစ်တဲ့အတွက် သူတို့ရဲ့ အသက်တွေအတွက် တာဝန်ယူရလိမ့်မယ်..."

ကျုံးခယ်ချီ၏ စကားကို ကြားချိန်၌ ကျိုးယွမ် လုံးဝ ဆွံ့အသွားရလေသည်။ အကယ်၍ ဤသို့သာ လုပ်ရမည်ဆိုလျှင် သူ မည်သူ့ကိုမျှ မရွေးချယ်ချင်တော့ချေ။

သူကိုယ်တိုင် အချိန်မရွေး ထွက်ပြေးနိုင်မည်ဟု ယုံကြည်သော်လည်း နောက်ထပ် လူတစ်ယောက် ပါလာပါက ဒုက္ခရောက်မည်ဖြစ်ပြီး တစ်ဖက်လူ အသက်ရှင်မည်ဟု အာမမခံနိုင်ချေ။

"ဦးလေးကျုံး... မှော်အဆောင်ဆရာအသင်း အပြင်ဘက်က လူတွေကို ရွေးချယ်လို့ ရမလား... လေလွင့်ကျင့်ကြံသူတွေ ဘာတွေဆို ပိုကောင်းမယ်..."

ကျိုးယွမ်က ဤသို့ စီစဉ်နိုင်မနိုင် သိချင်သဖြင့် စမ်းသပ်မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ကျုံးခယ်ချီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေသည်။

"ကျိုးယွမ်... မင်းက ငါတို့ မှော်အဆောင်ဆရာအသင်းက လူတွေကို အထင်သေးနေတာတော့ မဟုတ်ပါဘူးနော်..."

‘ခင်ဗျား ပြောတာ တကယ် မှန်တယ်’ ဟု ကျိုးယွမ် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။

ဤလူများသည် မှော်အဆောင်လမ်းစဉ်တွင်သာ နစ်မြုပ်နေကြပြီး ကျင့်ကြံမှုမှာ သာမန်သာရှိကာ၊ တိုက်ခိုက်ရေး အတွေ့အကြုံ၊ ထွက်ပြေးနိုင်စွမ်းနှင့် သတ်ဖြတ်ခြင်း နည်းလမ်းများတွင်လည်း သာမန်သာ ရှိကြလေသည်။

ဤကဲ့သို့သော လူမျိုးက သူ့ကို နောက်တွဲဆွဲနေမည်မှာ သေချာသော်လည်း ကျိုးယွမ်က ထိုသို့ မပြောရဲချေ။

"ဦးလေးကျုံး... ခင်ဗျားက နောက်နေပြန်ပါပြီ... ကျွန်တော်က မှော်အဆောင်ဆရာအသင်းက လူတွေကို အထင်သေးတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း မှော်အဆောင်ဆရာအသင်းက လူပဲလေ..."

"အဓိကကတော့ ဒီဟာက ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ် ခေါင်းဆောင်လုပ်ရတာဖြစ်လို့ စိတ်ထဲမှာ မလုံမခြုံ ဖြစ်နေလို့ပါ... မှော်အဆောင်ဆရာအသင်းက လူတိုင်းက အသိတွေချည်းပဲဆိုတော့ တစ်ခုခုဖြစ်သွားရင် ကျွန်တော် စိတ်မကောင်းဖြစ်ရလိမ့်မယ်..."

"အကယ်၍ လေလွင့်ကျင့်ကြံသူတွေသာဆိုရင်တော့ ဒီလို စိုးရိမ်စရာ မရှိတော့ဘဲ ကျွန်တော့်ရဲ့ ခြေလက်တွေကို လွတ်လွတ်လပ်လပ် အသုံးချလို့ ရတာပေါ့..."

ကျိုးယွမ်က ပြုံးလျက် ကျုံးခယ်ချီကို ရှင်းပြလိုက်လေ၏။

ဤစကားကို ကြားချိန်၌ ကျုံးခယ်ချီ ခေါင်းညိတ်လိုက်လေသည်။ ကျိုးယွမ်၏ ရှင်းပြချက်မှာ လက်ခံနိုင်စရာ ရှိသည်ဟု သူ ထင်မြင်မိလေ၏။

"မင်းပြောတာ မှန်ပါတယ်... ထားလိုက်ပါတော့... မင်းဘာသာမင်း လူသွားစုလိုက်ပါ... ငါ ဝင်မစွက်ဖက်တော့ဘူး... အဲ့ဒီလမ်းပြအပြင် မင်း အနည်းဆုံး လူတစ်ယောက်တော့ ထပ်ခေါ်ရမယ်... အများဆုံး ၃ ယောက်အထိ ခေါ်လို့ရတယ်..."

"မင်း ဒီကိစ္စကို ဒီနေ့ အပြီးလုပ်ရမယ်... မနက်ဖြန် မနက်ကျရင် မင်းတို့ကို နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကနေတစ်ဆင့် ကောယာတောင်ဆီကို ကျပန်း ပို့ဆောင်ပေးလိမ့်မယ်..."

"မင်းတို့ ဘယ်လို ပြန်လာမလဲဆိုတာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ် သူ၏ စိတ်ထဲတွင် ဆဲဆိုလိုက်မိလေသည်။ သူနှင့် အခြားသူများကို သေတွင်းထဲသို့ တွန်းပို့နေခြင်း ဖြစ်မည်ဟု သူ တွေးလိုက်မိ၏။

သို့သော် ကျိုးယွမ် ဂရုမစိုက်ချေ။ သူ ထွက်ခွာချင်ပါက မည်သူကမျှ သူ့ကို တားဆီးထားနိုင်မည်မဟုတ်ကြောင်း သူ ယုံကြည်လေသည်။

"ကျိုးယွမ်... မင်းကို ပြောပြရဦးမယ်... အကယ်၍ မင်း လေလွင့်ကျင့်ကြံသူတွေကို ခေါ်ချင်ရင် တာဝန်ခန်းမကို တိုက်ရိုက် သွားလိုက်ပါ... အဲ့ဒီမှာ လေလွင့်ကျင့်ကြံသူတွေ စုဝေးလေ့ရှိတယ်..."

"သေချာတာကတော့ မင်းဆီမှာ တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့ အခကြေးငွေတွေ ရှိဖို့တော့ လိုအပ်တယ်..."

"မင်းက တစ်ဖက်လူကို သဘောကျအောင် လုပ်နိုင်သရွေ့ ကောင်းကင်တံခါးအစောပိုင်းအဆင့်ရှိတဲ့ လေလွင့်ကျင့်ကြံသူကိုတောင် ခေါ်လို့ရတယ်..."

ကျုံးခယ်ချီ၏ စကားကို ကြားချိန်၌ ကျိုးယွမ်၏ မျက်လုံးများ အရောင်လက်သွားလေသည်။

ကျုံးခယ်ချီထံမှ တာဝန်ခန်းမ၏ တည်နေရာကို မေးမြန်းပြီးနောက် ဆက်မနေတော့ဘဲ ချက်ချင်း ထွက်ခွာသွားလေတော့သည်။

ဆယ်မိနစ်ခန့်အကြာတွင် ကျိုးယွမ်သည် တာဝန်ခန်းမသို့ ရောက်ရှိသွားလေသည်။

ကျုံးခယ်ချီ ပြောခဲ့သည့်အတိုင်း လေလွင့်ကျင့်ကြံသူများ ရွေးချယ်နိုင်ရန်အတွက် အမျိုးမျိုးသော တာဝန်များကို ဤနေရာတွင် ထုတ်ပြန်ထားလေသည်။

ကျိုးယွမ်သည် လူစုရန် အလျင်မလိုချေ။ တာဝန်ခန်းမမှ ထုတ်ပြန်ထားသော တာဝန်များကို အရင်ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေ၏။

"စုန်းဟူနယ်မြေမှ ချောင်ထျန်းမန်ကို သတ်ရန်... အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှု... ဆုလာဘ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀..."

"စုန်းဟူနယ်မြေမှ ချိုက်ထျန်းစုန်းကို သတ်ရန်... နတ်ဘုရားအသွင်ပြောင်းလဲခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှု... ဆုလာဘ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၆၀၀..."

"အရွက်ကိုးရွက် ကောင်းကင်သီချင်း မြက်ပင်ကို ရှာဖွေရန်... ဆုလာဘ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀..."

တာဝန် ဒါဇင်ပေါင်းများစွာကို ကြည့်ရှုပြီးနောက် ကျိုးယွမ်၏ စိတ်ထဲတွင် သဘောပေါက်သွားလေပြီ။

အခန်း (၂၀၄) အသေခံစစ်သည် ကျဲ့ချင်းဟယ်

ကျိုးယွမ်သည် တာဝန်စားပွဲ၏ အစွန်းဘက်သို့ တိုက်ရိုက်သွားကာ ပိုးသားစနှင့် စုတ်တံကို ယူ၍ စာတစ်ကြောင်း ရေးလိုက်လေ၏။

တာဝန်စားပွဲဘက်မှ အဘိုးအိုတစ်ဦးသည် ကျိုးယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ကျိုးယွမ် ကမ်းပေးလာသော ပိုးသားစကို ကြည့်ကာ မသေချာသော လေသံဖြင့် မေးမြန်းလိုက်လေ၏။

"တကယ်ပဲ ဒီတာဝန်ကို ထုတ်ပြန်မှာလား..."

ကျိုးယွမ် အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေသည်။

"ဟုတ်ပါတယ်..."

အဘိုးအိုက ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလေ၏။

"တာဝန်ထုတ်ပြန်ဖို့အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ပေးသွင်းရပါမယ်..."

ကျိုးယွမ်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ကို ထုတ်ယူကာ အဘိုးအိုထံသို့ ပေးအပ်လိုက်လေသည်။

မကြာမီ တာဝန်ခန်းမတွင် တာဝန်အသစ်တစ်ခု ထွက်ပေါ်လာလေ၏။

ယခုလေးတင် ထုတ်ပြန်လိုက်သော တာဝန်အသစ်ဖြစ်သဖြင့် ကြည့်ရှုသူ အများအပြား ရှိသော်လည်း အပေါ်ရှိ မိတ်ဆက်စာကို မြင်သောအခါ လူအများအပြား ချက်ချင်း ဆွံ့အသွားကြလေသည်။

"အသေခံစစ်သည် တစ်ဦး အလိုရှိသည်... အသေခံရမည်ဖြစ်ပြီး အသက်ရှင်ခွင့် မရှိပါ... လျော်ကြေး အလုံအလောက် ပေးပါမည်..."

တစ်စုံတစ်ယောက်က အပေါ်ရှိ တာဝန်ကို အသံတိုးတိုးဖြင့် ဖတ်ပြလိုက်ပြီးနောက် ချက်ချင်း ခေါင်းခါကာ ထွက်သွားလေ၏။

ကျိုးယွမ်သည် ဘေးတွင် ထိုင်နေပြီး လူတိုင်း ဘာတွေးနေသည်ကို လုံးဝ ဂရုမစိုက်ချေ။

သူသည် ကျန်းထိုက်ကုန်း ငါးမျှားသကဲ့သို့ ဆန္ဒရှိသူများ ငါးစာဟပ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလေသည်။

မကြာမီ ဤတာဝန်အသစ်သည် တစ်ဆင့်စကားတစ်ဆင့်နား ပြန့်နှံ့သွားလေ၏။ ဤကဲ့သို့သော တာဝန်မျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ ဤသည်မှာ တာဝန်မဟုတ်ဘဲ လူ့အသက်ကို ဝယ်ယူနေခြင်းသာ ဖြစ်သည်။

လူအများအပြား မြင်ပြီးနောက် ခေါင်းကို အရုပ်လက်လှည့်သကဲ့သို့ ခါရမ်းသွားကြသည်။

တာဝန်ထမ်းဆောင်ခြင်းက အန္တရာယ်ရှိသည်ကို လူတိုင်း နားလည်နိုင်သော်လည်း သွားရောက် အသေခံရန် မည်သူကမျှ မပျော်ရွှင်ကြချေ။

အချိန်များ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး တစ်နာရီခန့် ကြာသွားလေပြီ။ ကျိုးယွမ်သည်လည်း အရှုံးပေးရန် ပြင်ဆင်လိုက်လေ၏။ ဘာပဲဖြစ်ဖြစ် မှောင်တော့မည် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ကျောဘက်၌ ဓားမရှည်ကို လွယ်ထားသော ခွန်အားကြီးမားသည့် အမျိုးသားတစ်ဦး ပေါ်လာပြီး သူ၏ မျက်လုံးများတွင် ဝမ်းနည်းသည့် အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေ၏။

ထိုခွန်အားကြီးအမျိုးသား၏ မျက်လုံးများသည် တာဝန်ကြော်ငြာသင်ပုန်းပေါ်တွင် အဆက်မပြတ် ရှာဖွေနေပြီးနောက် ကျိုးယွမ် ထုတ်ပြန်ထားသော တာဝန်ရှေ့တွင် ရပ်တန့်သွားလေသည်။

ထိုအမျိုးသား၏ မျက်နှာသည် အဆက်မပြတ် ပြောင်းလဲနေပြီးနောက် သွားကို ကြိတ်ကာ ကျိုးယွမ် ထုတ်ပြန်ထားသော တာဝန်ကို ဖြုတ်ယူလိုက်လေတော့သည်။

ဘေးတွင် ရပ်နေသော ကျိုးယွမ်သည် ထိုခွန်အားကြီးအမျိုးသားကို ကြည့်လိုက်ရာ တစ်ဖက်လူ၏ ကျင့်ကြံမှုမှာ အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ မျှော်လင့်ချက်ထက် အနည်းငယ် သာလွန်နေလေ၏။

"မိတ်ဆွေ... ကျွန်တော် ထုတ်ပြန်ထားတဲ့ တာဝန်ကို တကယ်ပဲ ယူမှာ သေချာရဲ့လား..."

ကျိုးယွမ်သည် ဝမ်းသာသွားသော်လည်း တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။

ထိုခွန်အားကြီးအမျိုးသားသည် ခဏမျှ မှင်တက်သွားပြီးနောက် ကျိုးယွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"လျော်ကြေး အလုံအလောက် ပေးမယ်ဆိုတာ သေချာရဲ့လား..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်လေသည်။

"ခင်ဗျား ဈေးတစ်ခု သတ်မှတ်လိုက်ပါ... ခင်ဗျား ကျေနပ်တဲ့အထိ ကျွန်တော် သဘောတူပေးပါ့မယ်..."

ထိုခွန်အားကြီးအမျိုးသားသည် ဤစကားကို ကြားသောအခါ ခဏမျှ စဉ်းစားပြီးနောက် ပြောဆိုလေ၏။

"ကျွန်တော် အခြေတည်စိတ်ဝိညာဉ်အဆင့် ချိုးဖြတ်ခြင်းဆေးလုံး ၂ လုံး၊ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ၂ လုံး၊ ခြင်ဆီသွေးကြောသန်စွမ်းရေး ဆေးလုံး ၁ လုံး နဲ့ အဆင့် ၄ အားဖြည့်ဆေးလုံး ၁ လုံး လိုအပ်တယ်…”

" ဒီဆေးလုံး ၆ လုံးအပြင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ သောင်း ထပ်လိုချင်သေးတယ်... တစ်ချိန်တည်းမှာပဲ အရေးကြီးတဲ့အချိန်ကျရင် နတ်ဘုရားအသွင်ပြောင်းလဲခြင်း အစောပိုင်းအဆင့်ကို သတ်နိုင်မယ့် အရာတစ်ခုလည်း လိုအပ်တယ်..."

"အကယ်၍ ခင်ဗျားက ဒီအခြေအနေတွေကို ဖြည့်ဆည်းပေးနိုင်ရင် ကျွန်တော့်ရဲ့ အသက်က ခင်ဗျားအတွက်ပဲ... အချိန်မရွေး ယူလို့ရတယ်..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြောဆိုလိုက်လေ၏။

"မိတ်ဆွေ... ခင်ဗျားရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် ဒီပစ္စည်းတွေကို ရှားပါးနေမှာ မဟုတ်ဘူး မဟုတ်လား..."

ထိုခွန်အားကြီးအမျိုးသားသည် ကျိုးယွမ်၏ စကားကို ကြားသောအခါ သက်ပြင်းချလိုက်မိလေ၏။

"လွန်ခဲ့တဲ့ အချိန်အနည်းငယ်က ကျွန်တော် နတ်ဘုရားအသွင်ပြောင်းလဲခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်... အကယ်၍ စီနီယာတစ်ယောက်နဲ့ မတော်တဆ မဆုံခဲ့ရင် ကျွန်တော့်ရဲ့ အသက်တောင် ပျောက်သွားနိုင်တယ်..."

"ဒါပေမဲ့ ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်က တစ်ဖက်လူရဲ့ လုယူတာကို ခံလိုက်ရပြီး ဇနီးသည်လည်း ဒဏ်ရာရသွားခဲ့တယ်..."

"အခု သူမရဲ့ အကြောတွေ ပျက်စီးသွားလို့ ဒဏ်ရာကို ကုသဖို့အတွက် အဆင့် ၄ အားဖြည့်ဆေးလုံး အရေးတကြီး လိုအပ်နေတယ်..."

"အခြေတည်စိတ်ဝိညာဉ်အဆင့် ချိုးဖြတ်ခြင်းဆေးလုံးနဲ့ အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေက ကျွန်တော့် ကလေးတွေအတွက်ပါ... သူတို့က အဆင့်တက်မယ့် အစွန်းကို ရောက်နေကြပြီလေ..."

"ဝိညာဉ်ကျောက်တုံးတွေကတော့ သူတို့အတွက် ကျွန်တော်ချန်ထားခဲ့မယ့် တစ်ခုတည်းသော ပိုင်ဆိုင်မှုပါပဲ..."

ကျိုးယွမ်သည် ထိုအမျိုးသားကို ကြည့်လိုက်ပြီး သူ၏ ဘယ်လက်တွင် မှတ်သားကာ ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ်ကို အသက်သွင်းလိုက်လေ၏။

"ယနေ့တွင် ကျဲ့ချင်းဟယ်သည် အသေခံစစ်သည် တာဝန်ကို ရယူခဲ့ပြီး အရေးတကြီး လိုအပ်နေသော ဆေးလုံးများကို ရရှိကာ သူ၏ ဇနီးသည်ကို ကုသပေးခဲ့သည်..."

"ဒုတိယနေ့တွင် ကျဲ့ချင်းဟယ်သည် မိသားစုကို အသိမပေးဘဲ ကောယာတောင်သို့ သွားရောက်ကာ သူလျှိုတာဝန်ကို စတင်ခဲ့သည်..."

"တတိယနေ့တွင် ကျဲ့ချင်းဟယ်သည် ရန်သူနှင့် ကြုံတွေ့ခဲ့သော်လည်း သူ့အား သတ်ဖြတ်နိုင်ခဲ့သည်..."

"ဆယ့်ငါးရက်မြောက်နေ့တွင် ကျဲ့ချင်းဟယ်သည် ကောယာတောင်၌ နှစ် ၂၀၀ သက်တမ်းရှိ ဆေးဘက်ဝင်အပင် အနည်းငယ်ကို ခူးယူနိုင်ခဲ့သဖြင့် အလွန် ဝမ်းသာနေခဲ့သည်..."

ကျိုးယွမ်သည် ၁၅ ရက်စာ တိုက်ရိုက် တွက်ချက်ဖတ်ရှုလိုက်ပြီးနောက် မည်သည့် မှားယွင်းမှုမျှ မတွေ့ရသဖြင့် ဤကျဲ့ချင်းဟယ်မှာ ယုံကြည်ရသည်ဟု ခံစားလိုက်ရလေ၏။

ကျိုးယွမ်သည် ကျဲ့ချင်းဟယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောဆိုလေ၏။

"တာဝန်စားပွဲကို သွားပြီး မှတ်ပုံတင်လိုက်ပါ... ခင်ဗျားရဲ့ အခြေအနေတွေကို ကျွန်တော် ဖြည့်ဆည်းပေးမယ်... ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာ ခင်ဗျား သိသင့်တယ်နော်..."

ဤစကားကို ကြားချိန်၌ ကျဲ့ချင်းဟယ်သည် သတိကြီးစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ကျိုးယွမ်နှင့်အတူ တာဝန်စားပွဲသို့ လိုက်ပါသွားလေ၏။

တာဝန်စားပွဲတွင် ကျဲ့ချင်းဟယ်အား မှတ်ပုံတင်ပေးလိုက်ပြီး သူတို့နှစ်ဦး၏ အလုပ်ခန့်ထားမှုကို အတည်ပြုလိုက်ကြသည်။

ကျဲ့ချင်းဟယ်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူ၏ အသိစိတ်ပင်လယ်ကို ဖွင့်ပေးလိုက်ပြီး ကျိုးယွမ်ကို သူ၏ ဝိညာဉ်အမှတ်အသား ချန်ထားခွင့် ပြုလိုက်လေ၏။

အသေခံစစ်သည်များကိုသာ ဤသို့ ပြုလုပ်ခွင့်ရှိပြီး အလုပ်ရှင်က တစ်ဖက်လူ၏ အသက်သေဆုံးမှုကို ထိန်းချုပ်ထားနိုင်သည်။ ကျန်သော တာဝန်များတွင် သဘာဝကျကျ ဤသို့ ပြုလုပ်၍ မရချေ။

ကျိုးယွမ်သည် သိုလှောင်လက်စွပ် တစ်ကွင်းကို ကျဲ့ချင်းဟယ်ထံသို့ ပစ်ပေးလိုက်ပြီးနောက် သူနေထိုင်ရာ နေရာကို ပြောပြကာ မနက်ဖြန် မနက်စောစော လာရှာရန် မှာကြားလိုက်လေ၏။

ကျဲ့ချင်းဟယ် ခေါင်းညိတ်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်ရာ သူတောင်းဆိုထားသော အရာများအပြင် အဆင့် ၃ ဆေးလုံး အနည်းငယ်နှင့် အဆင့် ၅ မီးအဆောင် ၂ ခု ပါဝင်နေသည်ကို တွေ့လိုက်ရသဖြင့် ကျိုးယွမ်ကို ပို၍ပင် ကျေးဇူးတင်သွားလေ၏။

ဤအဆင့် ၅ မီးအဆောင် ၂ ခု ရှိနေသဖြင့် အကယ်၍ ထိုနတ်ဘုရားအသွင်ပြောင်းလဲခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူက သူ၏ မိသားစုကို လာရောက် ဒုက္ခပေးရဲပါက သေချာပေါက် သေရမည် ဖြစ်ပေသည်။

ကျဲ့ချင်းဟယ်သည် ကျိုးယွမ်ကို လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးပြီးနောက် ထွက်ခွာသွားလေ၏။ ကျိုးယွမ်လည်း ကျေနပ်စွာဖြင့် သူ၏ နေအိမ်သို့ ပြန်လာခဲ့လေသည်။

ကျိုးယွမ် ပြန်လာသည်ကို မြင်သောအခါ ကျုံးခယ်ချီက ပြုံးလျက် မေးမြန်းလိုက်လေ၏။

"ဘယ်လိုလဲ... ကျေနပ်လောက်တဲ့သူ ရှာတွေ့ခဲ့ရဲ့လား..."

တကယ်တမ်းတွင် ကျုံးခယ်ချီသည် ကျိုးယွမ် ခေါင်းခါပြမည်ကို ကြိုတင်မျှော်လင့်ထားပြီး ကျိုးယွမ်အတွက် လူတစ်ယောက် စီစဉ်ထားပြီး ဖြစ်လေသည်။

ကျိုးယွမ်က ပြုံးလျက် ပြောဆိုလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် ဦးလေးကျုံး... ရှာတွေ့ခဲ့ပါပြီ... မနက်ဖြန် မနက်စောစောကျရင် သူ ဒီနေရာကို လာရှာပါလိမ့်မယ်…”

ကျုံးခယ်ချီ အနည်းငယ် မှင်တက်သွားပြီးနောက် ပြောဆိုလေ၏။

"သူက ယုံကြည်ရရဲ့လား... တကယ်လို့ မယုံရဘူးဆိုရင် မင်းအတွက် တစ်ယောက် စီစဉ်ပေးမယ်လေ..."

ကျိုးယွမ် အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေ၏။

"ဦးလေးကျုံး... သူ့ရဲ့ စိတ်ထဲမှာ ကျွန်တော့်ရဲ့ ဝိညာဉ်အမှတ်အသား ချန်ထားခဲ့ပြီးပြီမို့ စိတ်မပူပါနဲ့..."

ကျိုးယွမ် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျုံးခယ်ချီသည် ဤအခိုက်အတန့်တွင် အလွန်တုန်လှုပ်နေဆဲပင်။

"မင်းက အဖွဲ့ဝင် ရှာနေတာလား၊ အသေခံတပ်သား ရှာနေတာလား... တစ်ဖက်လူရဲ့ အသက်သေဆုံးမှုကို ထိန်းချုပ်ထားဖို့ လိုအပ်တယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ..."

ကျိုးယွမ် ထုတ်ပြန်ခဲ့သည့် တာဝန်မှာ အသေခံစစ်သည်များကို ခေါ်ယူခြင်း ဖြစ်ကြောင်း ကျုံးခယ်ချီ မသိခဲ့ချေ။

ဝမ်ပင်းသည် ကျိုးယွမ်တို့နှင့် အဖွဲ့ဖွဲ့ရန် စိတ်ကူးယဉ်နေဆဲပင်။

ကျိုးယွမ်ကလည်း မည်သည့်အရာကိုမျှ မပြောခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူ နောက်မှ သိသွားမည်သာ ဖြစ်သည်။

သို့သော် ဝမ်ပင်း၏ ကျင့်ကြံမှုဖြင့် မြို့ထဲတွင် နေခြင်းက ပို၍ လုံခြုံပြီး အပြင်ထွက်ပါက အသက်သေဆုံးနိုင်ခြေ အလွန်များပြားလှပေသည်။

နောက်တစ်နေ့ နံနက်တွင် ကျိုးယွမ် စောစောထခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်း ကျဲ့ချင်းဟယ်သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေလေပြီ။

ကျုံးခယ်ချီသည် ကျဲ့ချင်းဟယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောဆိုလေ၏။

"သွားကြစို့... မင်းတို့ကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်..."

ကျိုးယွမ်နှင့် ကျဲ့ချင်းဟယ်တို့ ခေါင်းညိတ်လိုက်ကြပြီးနောက် ကျုံးခယ်ချီ၏ နောက်မှ လိုက်ပါသွားကြလေ၏။

မကြာမီ သူတို့သည် ကြီးမားသော အိမ်ကြီးတစ်လုံး ရှေ့တွင် ရပ်တန့်သွားကြပြီး ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားကြလေသည်။

ခြံဝင်းအတွင်းသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်အာရုံ အမြောက်အမြားသည် သူတို့ဆီသို့ ဝေ့ဝဲလာပြီး ဝိညာဉ်အာရုံတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပါဝင်နေလေ၏။

ကျဲ့ချင်းဟယ်၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။ ထိုအထဲမှ ဝိညာဉ်အာရုံ တစ်ခုစီတိုင်းသည် သူ့ကို အလွယ်တကူ သုတ်သင်ဖျက်ဆီးပစ်ရန် လုံလောက်လှပေသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဤဝိညာဉ်အာရုံများသည် တစ်ချက်မျှသာ ကြည့်ပြီး ပြန်လည် ထွက်ခွာသွားကြသဖြင့် ကျဲ့ချင်းဟယ်ကို သက်ပြင်းချနိုင်စေလေ၏။

ကျဲ့ချင်းဟယ်သည် ကျိုးယွမ်ကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူ၏ အမူအရာမှာ တည်ငြိမ်နေပြီး အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိသည်ကို မြင်သောအခါ သူ၏ စိတ်ထဲတွင် တိတ်တဆိတ် လေးစားသွားမိလေတော့သည်။

All Chapters