← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇) ကောင်းမိသားစု နေထိုင်ရာသို့ ပြန်ရောက်ခြင်း

ကျိုးယွမ်တို့ သုံးဦးသည် တစ်လမ်းလုံး ပျံသန်းလာကြပြီး ကျဲ့ယွင်ဇီမှာမူ အနည်းငယ် မျက်မှောင်ကြုတ်နေလေ၏။

"သခင်လေး... ခုနက နည်းနည်းလေး လွန်သွားတယ်များ ထင်မိလား... ဘာပဲဖြစ်ဖြစ် ချိုက်မင်က ပထမသခင်လေးနားက လူပဲလေ... ပထမသခင်လေး သိသွားရင်တော့ လက်လွှတ်ခံမှာ မဟုတ်ဘူး..."

ကျိုးယွမ်သည် တည်ငြိမ်စွာ ကြည့်နေပြီးနောက် ပြောဆိုလိုက်လေ၏။

"ငါ ဒီတစ်ခေါက် ပြန်လာတာ သတင်းအချက်အလက် စုံစမ်းဖို့အတွက်ဆိုတော့ အရင်တုန်းကလို လုပ်နေလို့ မရတော့ဘူး..."

"ဒါကြောင့် နောက်ကွယ်ကနေ အရှေ့ကို ထွက်လာမှ ပိုပြီး သိနိုင်မှာပေါ့..."

"အဲ့ဒီ ကောင်းယန် ကိုတော့ အခွင့်အရေးရရင် သတ်ပစ်လိုက်မယ်... မူလကိုယ်ပိုင်ရှင်အတွက် ကလဲ့စားချေပေးလိုက်တဲ့သဘောပေါ့..."

ဤစကားကို ကြားချိန်၌ ကျဲ့ယွင်ဇီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလေ၏။

"ပထမသခင်လေးကို သတ်ဖို့က မလွယ်ဘူး... သူ့ဘေးမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်ရှိတဲ့ သက်တော်စောင့်တစ်ယောက် ရှိနေတယ်..."

"ဒါကြောင့် ဒီကိစ္စကို သေချာ စဉ်းစားရမယ်... သခင်လေး... စိတ်လိုက်မာန်ပါမလုပ်နဲ့..."

ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလျက် ပြောဆိုလိုက်လေ၏။

"စိတ်မပူပါနဲ့... ဒီကိစ္စတွေကို ငါ သိပါတယ်... သူ့ကို လူတိုင်းရှေ့မှာ သေအောင်လုပ်ပြမယ်... ဘယ်သူမှ ငါ့ကို သံသယမဖြစ်စေရဘူးလို့ အာမခံတယ်..."

ဤစကားကို ကြားချိန်၌ ကျဲ့ယွင်ဇီ ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။

စေလွှတ်ခြင်းခံရသူများသည် အပ်တစ်ထောင်နယ်မြေမှ လက်ရွေးစင်များဖြစ်ကြောင်း ကျဲ့ယွင်ဇီ ရှင်းလင်းစွာ သိရှိထားပေသည်။

သူသည် စုန်းဟူနယ်မြေတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သော်လည်း သူ၏ အဓိက တာဝန်မှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်သာ ဖြစ်ပေသည်။

"ဒါနဲ့ လောင်ကျဲ့... ကောင်းမိသားစု နေထိုင်ရာနေရာကို ဘယ်လောက် ဝေးသေးလဲ..."

ကျဲ့ယွင်ဇီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေ၏။

"သခင်လေး... မိုင်တစ်ရာလောက်ပဲ ဝေးတော့တယ်... သိပ်မကြာခင် ရောက်တော့မှာပါ..."

ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီးနောက် စကားမပြောတော့ဘဲ သူတို့ သုံးဦးသည် ရှေ့သို့ ဆက်လက် ပျံသန်းသွားကြလေသည်။

မိုင်သုံးဆယ်ကျော်ခန့် ပျံသန်းပြီးနောက် ကောင်းမိသားစု၏ ကင်းလှည့်တပ်ဖွဲ့ဝင် အချို့နှင့် ထပ်မံ ကြုံတွေ့ရပြန်သည်။

ထိုအဖွဲ့သည် ကျိုးယွမ်တို့ သုံးဦးကို မြင်သောအခါ အတော်လေး အံ့အားသင့်သွားကြသော်လည်း ရှေ့သို့ တက်လာကာ လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်ကြလေ၏။

"တတိယသခင်လေးကို ဂါရဝပြုပါတယ်..."

ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီး အနည်းငယ်မျှ ရပ်တန့်မနေဘဲ လူအနည်းငယ်ကို ကျော်ဖြတ်ကာ တိုက်ရိုက် ပျံသန်းသွားလေ၏။

ကျိုးယွမ်တို့ သုံးဦး ပျောက်ကွယ်သွားသည်ကို မြင်သောအခါ လူတစ်ယောက်က ပြောဆိုလိုက်လေသည်။

"ခေါင်းဆောင်... ဘာလို့ သူ့ကို ဂရုစိုက်နေရတာလဲ..."

ခေါင်းဆောင်ဖြစ်သူသည် ဤစကားကို ကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"အနာဂတ်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်...တတိယသခင်လေးက ဘယ်လိုပဲဖြစ်ဖြစ် သူ့နာမည်က ’ကောင်း’ ပဲ... မင်းက မင်းရဲ့ အဆင့်အတန်းနဲ့ တတိယသခင်လေးကို ကျော်ဖြတ်နိုင်မယ်လို့ ထင်နေတာလား..."

စောစောက စကားပြောခဲ့သောသူသည် ထိုစကားကို ကြားသောအခါ သူ၏ မျက်နှာမှာ ချက်ချင်း ခရမ်းရောင် သန်းသွားပြီး မြေကြီးထဲသို့ တိုးဝင်သွားချင်စိတ် ပေါက်သွားလေတော့သည်။

ကျိုးယွမ်သည် သူ၏ နောက်ကွယ်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သဘာဝကျကျ မသိခဲ့ချေ။ သိလျှင်လည်း သူ ဂရုစိုက်မည် မဟုတ်ပေ။

သူ၏ ရည်ရွယ်ချက်မှာ စုန်းဟူနယ်မြေ၏ သတင်းများကို စုံစမ်းရန်ဖြစ်ပြီး ကောင်းမိသားစုအတွင်း ပြဿနာရှာခြင်းမှာ ပထမအဆင့်မျှသာ ဖြစ်ပေသည်။

ထို့နောက် လမ်းတစ်လျှောက်တွင် လူအများအပြားနှင့် ကြုံတွေ့ခဲ့ရပြီး ရှေ့သို့ ရောက်လေလေ ကြုံတွေ့ရသူများ၏ ကျင့်ကြံမှုအဆင့် ပိုမြင့်လေလေ ဖြစ်ပေသည်။

မကြာမီ သူတို့သည် ကောယာတောင်ရှိ အလွန်ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားကြပြီး ယာယီ အဆောက်အအုံတန်းလျားကြီးတစ်ခုကို တွေ့လိုက်ရလေသည်။

ယာယီ ဖြစ်သော်လည်း သစ်သားစစ်စစ်များဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ကျိုးယွမ်တို့ သုံးဦး ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဘိုးအိုတစ်ဦးနှင့် ဆုံတွေ့လိုက်ရပြီး ထိုအဘိုးအို၏ ခန္ဓာကိုယ်မှ ကောင်းကင်တံခါး အလယ်အလတ်အဆင့် ဖိအားများ ထွက်ပေါ်နေလေ၏။

"သခင်လေး... အဲ့ဒါ ကောင်းမိသားစုရဲ့ မဟာအကြီးအကဲ ကောင်းကျန်းကျွန်း ပဲ... ဒီတစ်ခေါက် ကောင်းမိသားစုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်..."

ကျဲ့ယွင်ဇီက ကျိုးယွမ်ကို အလျင်အမြန် အသံလွှင့်ကာ ပြောဆိုလိုက်လေ၏။

တကယ်တမ်းတွင် ကျိုးယွမ်သည် ကောင်းမိသားစု၏ နာမည်ကြီး ပုဂ္ဂိုလ်အချို့၏ ရုပ်သွင်များကို မှတ်တမ်းတင်ကျောက်တုံးများမှတစ်ဆင့် ကြာမြင့်စွာကတည်းက မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ကျဲ့ယွင်ဇီက သတိမပေးလျှင်လည်း သူ အမှားလုပ်မည် မဟုတ်ချေ။

ကျိုးယွမ်သည် ကျဲ့ယွင်ဇီ၏ ရှင်းပြချက်မှတစ်ဆင့် ကောင်းဖေးသည် သာမန်အားဖြင့် မဟာအကြီးအကဲအပေါ် အလွန် သာမန်သာ ဆက်ဆံလေ့ရှိကြောင်း သိထားပေသည်။

မဟာအကြီးအကဲကလည်း ကောင်းဖေးအပေါ် ထိုနည်းတူပင် ဖြစ်သည်။

ကောင်းကျန်းကျွန်းသည် ကျိုးယွမ်တို့ သုံးဦးကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားလေ၏။

"မဟာအကြီးအကဲကို ဂါရဝပြုပါတယ်..."

ကျိုးယွမ်က တာဝန်ကျေရုံမျှသာ လက်နှစ်ဖက်ယှက်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

ကောင်းကျန်းကျွန်း၏ မျက်မှောင်များ ပိုမို တွန့်ကွေးသွားပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။

" ဒီရက်ပိုင်း မင်း ဘယ်တွေ သွားနေတာလဲ..."

ကျိုးယွမ်သည် တည်ငြိမ်သော အမူအရာဖြင့် ရှိနေသည်။ ဤမေးခွန်းအတွက် ကျဲ့ယွင်ဇီနှင့် ကြိုတင် တိုင်ပင်ထားပြီး ဖြစ်သည်။

"ကောယာတောင်တဝိုက် သွားလာရင်းနဲ့ လွန်ခဲ့တဲ့ နှစ်ရက်က အပ်တစ်ထောင်နယ်မြေက သူလျှိုတစ်ယောက်နဲ့ ကြုံလို့ သတ်ပစ်လိုက်တယ်..."

ကျိုးယွမ်က ပြောဆိုပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ လူတစ်ယောက်၏ ခေါင်းနှင့် ခါးဆွဲတိုကင်ပြားတစ်ခု သူ၏ သိုလှောင်လက်စွပ်ထဲမှ ထွက်ကျလာလေ၏။

ဤခေါင်းနှင့် ခါးဆွဲတိုကင်ပြား နှစ်ခုလုံးကို ကျဲ့ယွင်ဇီက ပြင်ဆင်ထားခြင်းဖြစ်ပြီး ခါးဆွဲတိုကင်ပြားမှာ ထာဝရသက်တံကျောင်းတော်မှ ဖြစ်ပေသည်။

ကောင်းကျန်းကျွန်းက ဝိညာဉ်အာရုံဖြင့် ခါးဆွဲတိုကင်ပြားကို စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ ဘာမျှ ထပ်မပြောတော့ချေ။

ကျိုးယွမ်သည် တစ်ဖက်လူက ဘာမျှ ထပ်မပြောသည်ကို မြင်သောအခါ ဂရုမစိုက်တော့ဘဲ အထဲသို့ တိုက်ရိုက် ဝင်သွားလေ၏။ ခေါင်းနှင့် ခါးဆွဲတိုကင်ပြားကိုလည်း သူ ပြန်မသိမ်းခဲ့ချေ။

ကျိုးယွမ်၏ ဤလုပ်ရပ်သည် ကောင်းဖေးနှင့် အလွန် ဆင်တူလှပေသည်။

ကောင်းကျန်းကျွန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် မီးလုံးတစ်လုံး ပျံထွက်လာကာ ခေါင်းကို ပြာအဖြစ် ချက်ချင်း လောင်ကျွမ်းစေလိုက်လေ၏။

မကြာမီ ကျိုးယွမ်သည် အတော်လေး ခေါင်ဖျားသော နေရာတစ်ခုဖြစ်သည့် ကောင်းဖေး၏ နေအိမ်သို့ ရောက်ရှိသွားလေသည်။

ကျဲ့ယွင်ဇီ၏ ရှင်းပြချက်အရ ဤနေရာကို ကောင်းဖေး ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် လူအများအပြားနှင့် အဆက်အသွယ် သိပ်မလုပ်ချင်ပေ။

ရက်အတော်ကြာ မှောင်မိုက်နေခဲ့သော ခြံဝင်းသည် မီးများ ပြန်လည်လင်းထိန်လာရာ ကောင်းမိသားစုဝင် အားလုံးသည် တတိယသခင်လေး ပြန်ရောက်လာပြီဖြစ်ကြောင်း သိရှိသွားကြလေ၏။

ဤနေရာတွင် နေထိုင်သော ကောင်းမိသားစုဝင် အများအပြား ရှိပြီး အနည်းဆုံး လူတစ်ထောင်ခန့် ရှိပေသည်။

သေချာပေါက် ဤသည်မှာ အားလုံးမဟုတ်ဘဲ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။

ကောင်းမိသားစုသည် အဆင့် ၆ ကျင့်ကြံခြင်း အင်အားစု ဖြစ်သည့်အားလျော်စွာ မိသားစုအောက်တွင် မှီခိုနေသော အင်အားစုငယ်များ သဘာဝကျကျ များပြားလှပေသည်။

ဤတစ်ကြိမ် ကောယာတောင်တွင် ဤမျှ ကြီးမားသော ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးကို တွေ့ရှိခဲ့ရာ စုန်းဟူနယ်မြေ တစ်ခုလုံးရှိ အင်အားစုများ အားလုံးက ဝေစုတစ်ခု ရလိုကြပေသည်။

ထို့ကြောင့် ကောင်းမိသားစုကို မှီခိုနေသော အင်အားစုငယ်များစွာက လူများ စေလွှတ်ခဲ့ကြရာ အစအဆုံးဆိုလျှင် လူထောင်ပေါင်းများစွာ ရှိပေသည်။

သို့သော် ဤလူများအားလုံးနီးပါးကို ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်ခံရသည်မှာ ဝမ်းနည်းစရာလည်း ဖြစ်ပေသည်။

အကယ်၍ ဝေစုတစ်ခု ရလိုပါက သူတို့၏ အသက်များဖြင့်သာ လဲလှယ်ရမည် ဖြစ်သည်။

သေချာသည်မှာ ကောင်းမိသားစုသည်လည်း ရှေ့တန်းသို့ လူများ စေလွှတ်ရမည် ဖြစ်သည်။ ဤတစ်ကြိမ်တွင် ကောင်းမိသားစုသည် အကြီးအကဲ အချို့နှင့် ဧည့်သည်တော် အချို့ကို စေလွှတ်ခဲ့လေ၏။

ကျိုးယွမ်သည် အခန်းထဲတွင် ထိုင်နေပြီး အနည်းငယ် သက်ပြင်းချလိုက်မိလေ၏။ ယနေ့ ပထမဆုံး အဆင့်ကို ဖြတ်ကျော်နိုင်ပြီဟု ဆိုရမည်ဖြစ်သည်။

ကျိုးယွမ်၏ ညာဘက်လက်တွင် သိုလှောင်လက်စွပ် တစ်ကွင်း ထပ်တိုးလာပြီး ကောင်းဖေး၏ သိုလှောင်လက်စွပ် ဖြစ်ပေသည်။

ကျိုးယွမ် စစ်ဆေးကြည့်လိုက်ရာ အထဲတွင် များစွာ မရှိချေ။ ကောင်းမိသားစု၏ တတိယသခင်လေး တစ်ယောက်အနေဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းအနည်းငယ်သာ ရှိရာ အလွန် သနားစရာ ကောင်းလှပေသည်။

ကျိုးယွမ်သည် ကောင်းဖေးကို တကယ်တမ်း နားမလည်ချေ။ အခြားမိန်းမမှ မွေးဖွားလာသူ မဟုတ်ပါဘဲလျက် ကောင်းမိသားစုတွင် ဘာကြောင့် မကြိုဆိုခံရသနည်း။

သူ၏ ဖခင်ကလည်း ငယ်ငယ်ကတည်းက သူ့ကို သိပ်မချစ်ခဲ့သဖြင့် အလွန် ထူးဆန်းလှပေသည်။

သို့သော် ခဏအကြာတွင် ကျိုးယွမ်သည် ဤအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ အများကြီးလည်း မတွေးချင်တော့ချေ။

ကျိုးယွမ်အတွက် မနက်ဖြန်သည် အရေးကြီးဆုံးဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားပေသည်။ သူသည် ကောင်းမိသားစုဝင် အချို့နှင့် တွေ့ဆုံရမည်ဖြစ်ပြီး သူ တကယ့် ကောင်းသခင်လေးအဖြစ် စတင်မည့် ပထမဆုံးနေ့လည်း ဖြစ်ပေသည်။

လူတိုင်း၏ စိတ်ထဲရှိ တတိယသခင်လေး၏ ပုံရိပ်ကို ပြောင်းလဲပစ်ချင်လေသည်။

ထို့ကြောင့် မနက်ဖြန်မှစ၍ အရင်ကထက် များစွာ ပိုမိုသန်မာသော တတိယသခင်လေးတစ်ယောက် လူတိုင်းရှေ့တွင် ပေါ်လာရမည် ဖြစ်ပေသည်။

ကျိုးယွမ် ပြန်ရောက်ပြီး မကြာမီမှာပင် မီတာ ရာပေါင်းများစွာ ကွာဝေးသော အိမ်တစ်အိမ်ရှိ အဘိုးအိုတစ်ဦးသည် ကောင်းယန်အား သတင်းပို့နေကြောင်း သူ မသိခဲ့ချေ။

ဤအဘိုးအို၏ အမည်မှာ ကောင်းချုံးကျင်း ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံမှုရှိကာ ကောင်းယန်၏ အစောင့်အရှောက် ဖြစ်ပေသည်။

"အကြီးအကဲကောင်း... ခင်ဗျား တတိယကောင်ရဲ့ သတင်းကို အပ်တစ်ထောင်နယ်မြေဘက်ဆီ မပေါက်ကြားစေခဲ့ဘူးလား..."

ကောင်းယန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်လေ၏။

ကောင်းချုံးကျင်းသည် ဤစကားကို ကြားသောအခါ အလျင်အမြန် ခေါင်းခါလိုက်ပြီး ပြောဆိုလေ၏။

"သခင်လေး... ကျွန်တော် သတင်းပေးလိုက်ပါတယ်... အဲ့ဒီကောင်လေး ကံကောင်းလို့ လွတ်သွားတာ ဖြစ်နိုင်ပါတယ်..."

ကောင်းယန် ဤစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလေ၏။

"သူ ဒီတစ်ကြိမ် ကံကောင်းပေမဲ့ စစ်ပွဲက အခုမှ စတင်တာလေ... အခွင့်အရေးတွေ ရှိပါသေးတယ်..."

ကောင်းချုံးကျင်း ဤစကားကို ကြားသောအခါ အလျင်အမြန် ပြောဆိုလေ၏။

"သခင်လေး စိတ်မပူပါနဲ့... နောက်တစ်ခေါက်ကျရင် ပြဿနာ ကင်းသွားအောင် ကျွန်တော် ကိုယ်တိုင် လှုပ်ရှားပါ့မယ်..."

ကောင်းယန် ခေါင်းညိတ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလေ၏။

"ဒီကိစ္စအတွက် စိတ်မပူပါနဲ့... အဖေကလည်း ဒီကိစ္စကို စုံစမ်းမှာ မဟုတ်ပါဘူး..."

ကောင်းချုံးကျင်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ဘာမျှ ဆက်မပြောတော့ချေ။

အခန်း (၂၀၈) ပဋိပက္ခနှင့် ပြဿနာ (အပိုင်း ၁)

နောက်တစ်နေ့ နံနက်စောစောတွင် ကျိုးယွမ် ထလေ၏။

ကောင်းမိသားစုတွင် ရက်အနည်းငယ်ကြာတိုင်း နံနက်ခင်း လေ့ကျင့်ရေး ပြုလုပ်လေ့ရှိပြီး ယနေ့သည် နံနက်ခင်း လေ့ကျင့်ရေး စတင်မည့် အချိန်နှင့် ကွက်တိ ဖြစ်နေပေသည်။

နံနက်ခင်း လေ့ကျင့်ရေးဆိုသည်မှာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ဆွေးနွေးသည့် အစည်းအဝေးဖြစ်ပြီး ပါဝင်သူတိုင်း မိမိတို့၏ အမြင်များကို ထုတ်ဖော်ပြောဆိုနိုင်ပေသည်။

ယခင်က ဤကဲ့သို့သော အစည်းအဝေးများကို ကောင်းဖေးက ဘယ်သောအခါကမျှ မတက်ရောက်ခဲ့ကြောင်း ကောင်းမိသားစုဝင်တိုင်း သိကြပေသည်။

နံနက်ခင်း လေ့ကျင့်ရေးကို အစည်းအဝေးခန်းမတွင် ကျင်းပလေ၏။

ကျိုးယွမ် ရောက်ရှိလာချိန်တွင် နေရာရှိ လူအများအပြားမှာ အနည်းငယ် အံ့အားသင့်သွားကြလေသည်။

ကျိုးယွမ်သည် အခန်းတွင်းသို့ ဝေ့ကြည့်လိုက်ရာ နေရာတွင် စုစုပေါင်း လူ ၇ ဦး ရှိနေပြီး၊ မဖိတ်ခေါ်ဘဲ ရောက်လာသော သူနှင့်ဆိုလျှင် စုစုပေါင်း ၈ ဦး ရှိပေသည်။

ဤလူများကို ကျိုးယွမ်သည် မှတ်တမ်းတင်ကျောက်တုံးမှတစ်ဆင့် မြင်တွေ့ဖူးပြီးဖြစ်ရာ သူတို့ကို ကြည့်လိုက်သည်နှင့် ချက်ချင်းပင် တစ်ဦးချင်းစီ ခွဲခြားသိရှိနိုင်လေ၏။

အဓိက နေရာတွင် ထိုင်နေသူမှာ မဟာအကြီးအကဲ ကောင်းကျန်းကျွန်း ဖြစ်သည်။ ဘယ်ဘက် ပထမဆုံးနေရာတွင် ထိုင်နေသော အသက် ၂၇ သို့မဟုတ် ၂၈ နှစ်အရွယ် အမျိုးသားမှာ ကောင်းယန် ပင် ဖြစ်သည်။

သူ့နောက်တွင်ရှိသော လူအနည်းငယ်မှာ တတိယအကြီးအကဲ ကောင်းဝူဖိန်၊ ပဉ္စမအကြီးအကဲ ကောင်းတာဟိုင် တို့ဖြစ်ပြီး သူတို့နှစ်ဦးစလုံးမှာ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှု ရှိကြလေ၏။

ထို့အပြင် အပြင်စည်းအကြီးအကဲ ကောင်းချုံးကျင်း လည်း ရှိနေပြီး ဤသူမှာ ကောင်းယန်၏ အစောင့်အရှောက်ဖြစ်ကာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် ရှိလေသည်။

ကျန်ရှိနေသော အခြား ဧည့်သည်တော် အကြီးအကဲ နှစ်ဦးမှာ ချင်ယန်ယွီ နှင့် ကျိုးစု တို့ဖြစ်ပြီး သူတို့နှစ်ဦးစလုံးမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှု ရှိကြလေ၏။

ကျိုးယွမ် ဝင်လာသည်ကို မြင်သောအခါ ကောင်းကျန်းကျွန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမျှ မပြောခဲ့ချေ။

ကောင်းဖေးသည် ကောင်းမိသားစု၏ တရားဝင်သားဖြစ်ရာ နံနက်ခင်း လေ့ကျင့်ရေးတွင် ပါဝင်ခွင့် ရှိပေသည်။

ကောင်းယန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"တတိယညီလေး... မင်းမှာကိစ္စရှိရင် နံနက်ခင်း လေ့ကျင့်ရေး ပြီးမှ ပြောပါ... အခုတော့ ပြန်ထွက်သွားလိုက်ဦး..."

ကျိုးယွမ်က ကောင်းယန်ကို ခံစားချက်ကင်းမဲ့စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကျန်းကျွန်းကို လက်နှစ်ဖက်ယှက်ကာ ပြောဆိုလိုက်လေ၏။

"မဟာအကြီးအကဲနဲ့ အကြီးအကဲအားလုံးကို ဂါရဝပြုပါတယ်..."

ကျိုးယွမ်သည် စကားပြောပြီးနောက် ကောင်းယန်ကို တစ်ချက်မျှ ထပ်မကြည့်တော့ဘဲ ဘေးရှိ ကုလားထိုင်တစ်ခုတွင် တိုက်ရိုက် ထိုင်လိုက်လေတော့သည်။

ကောင်းယန် မျက်မှောင်ကြုတ်သွားပြီး သူ၏ မျက်နှာပေါ်တွင် ဒေါသများ ချက်ချင်း ထွက်ပေါ်လာလေ၏။

"ကောင်းဖေး... မင်း အပြင်ထွက်သွားစမ်း... ဒီနေရာက မင်း ကြိုက်သလို လာလို့ရတဲ့နေရာ မဟုတ်ဘူး..."

ကောင်းယန်က အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် တတိယညီလေး ဟုပင် မခေါ်တော့ချေ။

ကျိုးယွမ်က ကောင်းယန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် မဟာအကြီးအကဲ ကောင်းကျန်းကျွန်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"မဟာအကြီးအကဲ... ကောင်းမိသားစုရဲ့ ဘိုးဘေးတွေရဲ့ သွန်သင်ချက်အရ တရားဝင်သားတွေက နံနက်ခင်း လေ့ကျင့်ရေးမှာ ပါဝင်ခွင့်ရှိတယ်လို့ ကျွန်တော် မှတ်မိနေတယ်... မှန်တယ် မဟုတ်လား..."

ကောင်းကျန်းကျွန်းသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"အဲ့ဒါက အမှန်ပဲ... တရားဝင်သားက အမှားမလုပ်သရွေ့ ပါဝင်ခွင့် ရှိတယ်..."

ကျိုးယွမ် ဤစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလေ၏။

"ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ..."

ကျိုးယွမ်က ကောင်းယန်ကို တိုက်ရိုက် ပိတ်ပြောလိုက်သဖြင့် ကောင်းယန်၏ မျက်နှာမှာ အလွန် ဆိုးရွားသွားသော်လည်း မဟာအကြီးအကဲက ဘာမျှ ထပ်မပြောတော့ချေ။

ထို့ပြင် ကောင်းမိသားစုသည် ဘိုးဘေးများ၏ သွန်သင်ချက်ကို လူပုံအလယ်တွင် မချိုးဖောက်ရဲချေ။ မဟုတ်ပါက မျိုးနွယ်စုဝင်များက သေချာပေါက် သဘောတူမည် မဟုတ်ပေ။

ကောင်းချုံးကျင်းသည် ကျိုးယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမျှ ထပ်မပြောခဲ့ချေ။

တတိယအကြီးအကဲ ကောင်းဝူဖိန်၊ ပဉ္စမအကြီးအကဲ ကောင်းတာဟိုင်၊ ဧည့်သည်တော် အကြီးအကဲ ချင်ယန်ယွီ၊ ကျိုးစု တို့ လေးဦးကလည်း ကျိုးယွမ်ကို တစ်ချက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာကြလေ၏။

"မဟာအကြီးအကဲ... မနေ့ညကမှ ကျွန်တော် သိလိုက်ရတာက ကောင်းဖေး ပြန်လာတဲ့လမ်းမှာ ချိုက်မင်ရဲ့ လက်နဲ့ခြေတွေကို ချိုးပစ်ပြီး ချိုက်မင်ရဲ့ ကျင့်ကြံမှုကို အသုံးမကျဖြစ်အောင် ဖျက်ဆီးပစ်ခဲ့တယ်တဲ့..."

"မူလကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို သီးသန့် သွားရှာမလို့ပဲ... ဒါပေမဲ့ သူ ဒီနေ့ ရောက်နေပြီဆိုတော့ မဟာအကြီးအကဲပဲ ဆုံးဖြတ်ပေးပါ..."

ကောင်းယန်က အေးစက်သော အမူအရာဖြင့် ပြောဆိုလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လွင်နေလေ၏။

ကောင်းချုံးကျင်းကလည်း ဤအခိုက်အတန့်တွင် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"မဟာအကြီးအကဲ... ဂိုဏ်းတွင်း စည်းမျဉ်းတွေအရ ဂိုဏ်းသားတွေကို ထိခိုက်နစ်နာအောင် လုပ်တဲ့သူတိုင်း ကျင့်ကြံမှုကို ဖျက်ဆီးပြီး ကောင်းမိသားစုကနေ နှင်ထုတ်ခံရမယ်..."

ခန်းမထဲရှိ လူတိုင်းသည် ကိစ္စပြီးသွားပြီဟု မူလက ထင်ခဲ့ကြသော်လည်း ထပ်မံ လှိုင်းထန်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြရာ သူတို့၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြလေ၏။

ကျိုးယွမ်သည် စိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်မိလေ၏။ ယနေ့တွင် ဤကိစ္စကို သေချာပေါက် ပြောဆိုလာမည်ကို သူ ကြိုသိထားပြီး ဖြစ်ပေသည်။

ကောင်းကျန်းကျွန်းသည် ကျိုးယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏ အမူအရာ တည်ငြိမ်နေသည်ကို မြင်သောအခါ မေးမြန်းလိုက်လေ၏။

"ကောင်းဖေး... မနေ့က ဖြစ်ခဲ့တဲ့ကိစ္စကို မင်း ဘယ်လို ရှင်းပြမလဲ..."

ကောင်းကျန်းကျွန်း၏ စကားကို ကြားချိန်၌ ကောင်းယန်နှင့် ကောင်းချုံးကျင်းတို့ အနည်းငယ် မျက်မှောင်ကြုတ်သွားကြပြီးနောက်မှ သတိရသွားကြလေ၏။

ဤမဟာအကြီးအကဲသည် ကောင်းမိသားစု သွေးသားစစ်စစ် မဟုတ်သူများအပေါ် ခံစစ်စိတ်ဓာတ် အလွန်ပြင်းထန်ကြောင်းကို သဘောပေါက်လာသည်။

ကောင်းကျန်းကျွန်းက တစ်ခါက "ငါ့ ကောင်းမိသားစုက လူမဟုတ်တဲ့သူတွေမှာ ကောင်းမွန်တဲ့ ရည်ရွှယ်ချက် မရှိကြဘူး" ဟု ပြောဖူးလေ၏။

ကျိုးယွမ်၏ အကြည့်များသည် ခန်းမထဲရှိ လူများအပေါ်သို့ ကျရောက်သွားလေ၏။

တတိယအကြီးအကဲ ကောင်းဝူဖိန်၏ အမူအရာမှာ ခံစားချက်ကင်းမဲ့နေပြီး ကောင်းယန်ဘက်သို့ ယိမ်းယိုင်နေပုံရပေသည်။

ကျဲ့ယွင်ဇီ၏ ရှင်းပြချက်အရ ပဉ္စမအကြီးအကဲ ကောင်းတာဟိုင်သည် ပါးနပ်ပြီး မည်သူကမျှ သူ ဘာတွေးနေသည်ကို မသိနိုင်ချေ။

ဧည့်သည်တော် အကြီးအကဲ ချင်ယန်ယွီ၊ ကျိုးစု တို့သည် ကောင်းမိသားစုတွင် အဆင့်အတန်းမရှိသဖြင့် အများကြီး မစဉ်းစားကြချေ။

သူတို့ကို သူ့ဘက်ပါအောင် ကြိုးပမ်းရမည် ဖြစ်သည်။

ကောင်းချုံးကျင်းမှာမူ ကောင်းယန်၏ သစ္စာခံတစ်ဦးဖြစ်ပြီး အစောင့်အရှောက်လည်း ဖြစ်ပေသည်။

ဤမဟာအကြီးအကဲနှင့် ပတ်သက်၍မူ သူသည် ဘယ်သောအခါကမျှ သူ၏ ရပ်တည်ချက်ကို မဖော်ပြခဲ့ချေ။ သူ၏ ရပ်တည်ချက်ကို ဖော်ပြရန်လည်း မလိုအပ်ပေ။

သူ၏ ကျင့်ကြံမှုကြောင့် အနာဂတ်တွင် ကောင်းမိသားစု၏ ခေါင်းဆောင် မည်သူဖြစ်လာစေကာမူ သူ့ကို မှီခိုရမည်သာ ဖြစ်သည်။

ကျိုးယွမ်သည် မဟာအကြီးအကဲကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"မဟာအကြီးအကဲ... မနေ့က ဖြစ်ခဲ့တဲ့ကိစ္စက ကျွန်တော်ပဲ ချိုက်မင်ကို အသုံးမကျဖြစ်အောင် ဖျက်ဆီးခဲ့တာပါ... ဒီလူက တစ်ယောက်ယောက်ရဲ့ ခွေးဖြစ်နေတာကို အားကိုးပြီး ကျွန်တော့်ကို တွေ့တာတောင် အရိုအသေမပေးတဲ့အပြင် ကျွန်တော့်ကိုတောင် နာမည်ပြောခိုင်းသေးတယ်... သူ့ရဲ့ ဟန်ပန်က ဒီနေရာမှာရှိတဲ့ အကြီးအကဲတွေထက်တောင် ပိုမြင့်နေသေးတယ်…”

"ကျွန်တော်က ဒီလို ရိုင်းစိုင်းတဲ့ ခွေးမျိုးကို အလိုမလိုက်နိုင်ဘူး... ဒါကြောင့် သူ့ကို အသုံးမကျအောင် ဖျက်ဆီးပစ်လိုက်တာပဲ..."

ကျိုးယွမ်၏ စကားများမှာ အလွန် ရိုင်းစိုင်းလှပေသည်။ ကောင်းယန်သည် 'တစ်ယောက်ယောက်ရဲ့ ခွေး' နှင့် 'ရိုင်းစိုင်းတဲ့ ခွေး' ကဲ့သို့သော စကားလုံးများကို ကြားသောအခါ သူ၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားလေ၏။

"ကောင်းဖေး... မင်း သွေးထိုးမစွပ်စွဲနဲ့... မနေ့က ငါ တခြားလူတွေကို မေးကြည့်ပြီးပြီ... သူတို့က မင်း ရောက်ရောက်ချင်းမှာပဲ လက်ဆင်ကန်းတိုက်ခိုက်ခဲ့တာလို့ ပြောကြတယ်... သိသိသာသာကို မင်းက လက်စားချေဖို့ ရည်ရွယ်ခဲ့တာပဲ..."

ကောင်းယန်က မှုန်ကုပ်ကုပ် မျက်နှာဖြင့် ပြောဆိုလိုက်လေ၏။

ကျိုးယွမ်က ကောင်းယန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေသည်။

"တကယ်လား... အဲ့ဒီသက်သေတွေကို ခေါ်လိုက်လေ... မျက်နှာချင်းဆိုင် ဖြေရှင်းကြတာပေါ့..."

ဤစကားကို ကြားချိန်၌ ကောင်းယန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာလေ၏။ သူလိုချင်သည်မှာ ကောင်းဖေး၏ ဤစကားပင် ဖြစ်သည်။

"မဟာအကြီးအကဲ... ဒီဟာက ကောင်းဖေး အဆိုပြုတာပါ... မဟာအကြီးအကဲ ခွင့်ပြုပေးပါ..."

ကောင်းယန်သည် စိတ်ထဲမှ တွေးလိုက်လေ၏။

‘ ကောင်းဖေး... ဒါက မင်းဘာသာ သေတွင်းတူးတာပဲ... ခဏနေရင် မင်း ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ ငါတို့ ကြည့်ကြတာပေါ့

မင်းရဲ့ ကျင့်ကြံမှုကို မဖျက်ဆီးနိုင်ရင်တောင် မင်းကို မိသားစုဆီ ပြန်ပို့ပြီး ဒီစစ်ပွဲမှာ ပါဝင်ခွင့် မရအောင် လုပ်နိုင်တယ်'

ကောင်းကျန်းကျွန်းသည် ကောင်းယန်နှင့် ကောင်းဖေးကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"ခွင့်ပြုတယ်..."

ကောင်းကျန်းကျွန်း၏ သဘောတူညီချက်ကို ကြားသောအခါ ကောင်းချုံးကျင်းသည် မတ်တပ်ရပ်၍ ထွက်သွားပြီး မကြာမီ လူအနည်းငယ်ကို ခေါ်ဆောင်လာလေ၏။

လက်နှစ်ဖက် ကျိုးပဲ့ပြီး ဒန်တျန် ဖျက်ဆီးခံထားရသော ချိုက်မင်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။

ချိုက်မင်၏ ကြေကွဲဖွယ် အခြေအနေကို မြင်သောအခါ ကောင်းဝူဖိန်၊ ကောင်းတာဟိုင် နှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားကြသော်လည်း မည်သည့်အရာမျှ မပြောခဲ့ကြချေ။

ကောင်းကျန်းကျွန်းသည် ထိုလူများကို တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေ၏။

"မနေ့က ဖြစ်ခဲ့တဲ့ကိစ္စတွေကို တစ်ခုချင်းစီ ပြောပြစမ်း... အကယ်၍ မင်းတို့ ဖုံးကွယ်ဖို့ ဒါမှမဟုတ် တမင်လိမ်ညာဖို့ ကြိုးစားရင် တွေ့တာနဲ့ တိုက်ရိုက် သတ်ပစ်မယ်... ကြားလား..."

ထိုလူအနည်းငယ်သည် ဤစကားကို ကြားသောအခါ သူတို့၏ မျက်နှာများတွင် ထိတ်လန့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း ကောင်းယန်၏ ရက်စက်သော အကြည့်ကို မြင်သောအခါ သူတို့ အလျင်အမြန် ခေါင်းညိတ်လိုက်ကြလေ၏။

"မဟာအကြီးအကဲ... ကျွန်တော်က မနေ့က တတိယသခင်လေးကို တွေ့တော့ ရိုရိုသေသေ ရှေ့တက်ပြီး အရိုအသေပေးခဲ့ပါတယ်... တတိယသခင်လေးက သူ့ဘေးနားက သက်တော်စောင့် ဟူယုံးဟွေ့ ကို တိုက်ရိုက် အမိန့်ပေးပြီး ကျွန်တော် သတိမထားမိခင်မှာပဲ ကျွန်တော့်လက်တွေကို ဖြတ်ပြီး ဒန်တျန်ကို ဖျက်ဆီးပစ်ခဲ့တာပါ..."

"မဟာအကြီးအကဲ... ကျွန်တော့်အတွက် တရားမျှတအောင် လုပ်ပေးပါ... ဟူယုံးဟွေ့ ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ..."

ချိုက်မင်သည် စကားပြောပြီးနောက် မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။

ကျန်ရှိနေသော လူများသည်လည်း ဤအခိုက်အတန့်တွင် သွားကို ကြိတ်ကာ တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလိုက်ကြလေ၏။

"မဟာအကြီးအကဲ... ချိုက်မင် ပြောတာ အမှန်ပါပဲ... မနေ့က ကျွန်တော်တို့ လူအနည်းငယ်လည်း ဘေးမှာ ရှိနေခဲ့ပြီး ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ... ချိုက်မင်ရဲ့ သိုလှောင်လက်စွပ်ကိုတောင် တတိယသခင်လေးက ယူသွားခဲ့တာပါ..."

ထိုလူအနည်းငယ်သည် စကားပြောပြီးနောက် သူတို့၏ မျက်လုံးများထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်ကြလေ၏။

All Chapters