← Chapters

Hayrin-Irasu: The Goddess of Sorcery

Vol. 1 Ch. 29.1-Epilogue

Hayrin-Irasu: The Goddess of Sorcery

Vol. 1 Ch. 29.1-Epilogue

ကျောက်သားလွင်ပြင်ကြီး တစ်ခုတွင်ဖြစ်သည် ။ ဤမီးခိုးနက်ရောင် လွင်ပြင်ကြီး၌ ကျောက်မှုန်များ ၊ ကျောက်ခဲစများနှင့် စက်ဝိုင်းသဏ္ဌာန်ချိုင့်ခွက်ကြီးများသာ ပြည့်နှက်နေ၍ သစ်ပင်ဟူ၍ တစ်ပင်မျှမရှိ ။ လေထုလည်းမရှိသောကြောင့် အသံလည်းနတ္ထိ ။

ထိုကဲ့သို့လေထု ဗလာကျင်းနေခြင်းကြောင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေရုံမျှမက ကောင်းကင်ယံက အာကာတစ်ခွင် ကမ္ဗလာပြင်ကြီးမှာလည်း ပို၍ပင်နက်မှောင်နေပြီး ၊ ကြယ်တာရာများကလည်း သာ၍ပင် တောက်ပြောင်နေသကဲ့သို့ ၊ ခရမ်းရောင်နှင့် အဖြူဝါရောင် ရောစပ်ထားသော နဂါးငွေ့တန်းလက်တံ (Carina - Sagittarius Arm) ကြီးမှာလည်း ကဲ၍ပင် ထင်းထနေလေသည် ။ ယင်းလက်တံကြီးကို ကြည့်ရသည်ကား အာကာသထဲ၌ မြွေကြီးတစ်ကောင် ဖြတ်လှဲနေသည့်အလား ၊ ဤမြွေကြီးထဲသို့ ကြယ်ပွင့်လေးများ နစ်ဝင်ကြသည့်အလား ဟုပင် အတွေးဘဝင်တို့ ယိုးမှားရလေသည် ။

ဤသည်ကား ဗုဒ္ဓဟူးဂြိုဟ် (Mercury Planet) ၏ ညဉ့်သဘာဝ ။ ဆိတ်ငြိမ်မှောင်မိုက်မှုတို့၏ သင်္ကေတ ။ သေမျိုးတို့၏ မရဏ ။

ကြယ်ရောင်လေးများဖြင့် ဆမ်းထားသော ဗုဒ္ဓဟူးဂြိုဟ်၏ ကျောက်သား လွင်ပြင်ကြီးပေါ်တွင် ဧရာမသတ္တဝါကြီးတစ်ကောင်ရှိနေသည် ။ ၎င်းကြီးသည် မြွေကဲ့သို့သော ရှည်မျောမျော ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားပြီး ၊ အလွန်တရာမျှ ကြီးမားလှသည့်အလျောက် ယင်းကြီးရစ်ခွေနေပုံမှာ တောင်ကြီးတစ်တောင် တည်နေသည့်အလား အမြင်မှားသွားနိုင်၏ ။

နက်ပြာရောင်သန်းနေသော အကြေးခွံများမှာလည်း ကြယ်ရောင်မှိန်မှိန်အောက်၌ပင် အရောင်လဲ့ချင်နေသယောင် ။ ၎င်းကြီး၏ မြွေခန္ဓာကိုယ်တစ်လျှောက်၌ လျှပ်စီးလှိုင်းများ ဖြတ်ပြေးနေကြသဖြင့် လျှပ်တစ်ခါလက်လေတိုင်း ဘေးနားကအကြေးခွံများကပါ ပြိုးခနဲ ပြက်ခနဲ ဖြစ်ကုန်လေပြီး၊ အဆိုပါ သတ္တဝါကြီး၏လည်တိုင်က ငွေမင်ရောင် လည်ဆံမွေးရှည်ကြီးများမှာလည်း လျှပ်စီးလှိုင်းများနှင့်အတူ လွင့်ပျံနေလေသည်။

အနှီလည်ဆံမွေးများကြားမှ ဦးချိုကြီးနှစ်ချောင်းမှာလည်း နောက်ပြန်ထိုးထွက်နေကြပြီး ၊ နှုတ်သီးရှည်ကာ အစွယ်ငေါနေသည့် ဦးခေါင်းကြီးမှာမူ အချိန်နှင့်အမျှ လှုပ်တစ်ခါ ယမ်းတစ်လှည့်နှင့် ဘေးဘီကို စူးစမ်းလျက် ရှိနေလေရာ ၊ ထိုသို့ ဦးခေါင်းခါယမ်းသွားသည့်အခါတိုင်း နဂါးကြီး၏နှာခေါင်းမှ အဖြူရောင်ရေမှုန်ရေမွှားများလည်း ပြုံထွက်လာသည့်အလျောက် ဗုဒ္ဓဟူးဂြိုဟ်၌ တိမ်မရှိလင့်ကစား အနှီနေရာဝယ် တိမ်ထုများမှာ ပေါ်လာလိုက် ၊ ပြန့်ကျဲသွားလိုက်နှင့် သံသရာလည်နေလေတော့သည် ။

၎င်းကြီးကား မိုးကြိုးမုန်တိုင်းနဂါး ဇရီယမ်းနော့ဒ် (Zreanord, The Thunderstorm Dragon) ။

https://mmxianxia.com/wp-content/uploads/2026/05/IMG_8367.webp

ယင်းကြီး၏ မြွေခန္ဓာပေါ်တွင်မူ မိန်းမပျိုတစ်ယောက်ရပ်နေလေပြီး ၊ သူ(မ)သည် ရွှေသားပန်းခက်ပန်းနွယ်များနှင့် ဖွဲ့သီထားသော မြစိမ်းရောင်ရုံလွှာကို ဆင်ယင်ထားသည်သာမက မိုးထက်ယံက အာကာသနှင့်အပြိုင် မှောင်ဝင်းနေသော ကေသာတို့ကို ကျောပြင်၌ဖြန့်ချထား၍ လည်းကောင်း ၊ ဦးထိပ်က ဆံထုံးငယ်လေး၌ ရွှေဆံထိုးနှစ်ချောင်းကို အပြိုင်ထိုး၍ လည်းကောင်း ၊ လောင်မီးတောက်များ အလျှံညီးနေသော ဇာမဏီငှက်ကို ပခုံးတော်၌ နားစေ၍လည်းကောင်း နတ်ဘုရားမတို့၏ မဟာအဆင်တန်ဆာအပြည့်အားဆင်ယင်ထားလျက် ငွေရောင်မှော်တောင်ဝှေးကို ကိုင်ထားလျက်ဖြင့် ကောင်းကင်ကိုမော့ကြည့်နေလေသည် ။

သူ(မ)သည်ကား ပထဝီ ၊ တေဇော ၊ အာပေါ ၊ ဝါယောတည်းဟူသော မဟာဘူတအာနုဘော်အား လူပြည်အားဆောင်ကြဉ်းလျက် သေမျိုးများကို မှော်ပညာပေးသနားတော်မူခဲ့သော မှော်မဟီ နတ်ဘုရားမ ဟေရင်းအီရစု (Hayrin - Irasu: The Goddess of Sorcery) ပင်။

https://mmxianxia.com/wp-content/uploads/2026/05/IMG_8418.webp

ကောင်းကင်ယံက တစ်စုံတစ်ခုကို သူ(မ)စောင့်မျှော်နေ၏ ။ အနှီဂြိုဟ်မှာ နေဟု သေမျိုးများက ခေါ်ကြသည့် Yellow Dwarf G-Type ကြယ်လေး၏ အနီးဆုံး၌ လှည့်ပတ်နေသဖြင့် နေ့အခါဝယ် သတ္တုများပင် အရည်ပျော်ကျသည်အထိ ပူပြင်းပြီး ၊ အပူကိုဖမ်းပေးထားမည့် လေထုမရှိ ၊ Exosphere ပါးပါးလေးသာရှိသည့်အလျောက် ယခုကဲ့သို့ညအခါတွင်လည်း အပူချိန်မှာ အနုတ်ရာချီထွက်သည်အထိ အေးလေရာ ၊ သူ(မ)မှာ ခန္ဓာကိုယ်မှ ရောင်ခြည်တော် ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လျက် နဂါးကြီးကို စောင့်ရှောက်ထားရသည် ။ နဂါးတစ်ကောင်မှာ လေမရှိသော ပတ်ဝန်းကျင်တွင် နေနိုင်သော်လည်း အပူမရှိပါက သေပေလိမ့်မည် ။

ဤဂြိုဟ်ကား ရိုဒီးနီးယားကမ္ဘာဂြိုဟ်၏ ၃၈% မျှသော မြေဆွဲအား (Gravity) သာရှိသည့်အတွက် သူ(မ)တစ်ကိုယ်လုံး ပေါ့ပါးနေပြီး ရိုဒီးနီးယား ကမ္ဘာ လူ့လောကကို ပြန်မရောက်သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာသွားပါသနည်းဟု တွေးတောမိနေကြိုက် ၊ ကောင်းကင်က ကြယ်များအားလုံး ကွယ်သွား၍ သူ(မ)၏ အထက်၌ အိုက်ကရက်(စ်)မဟာ ယာဉ်ပျံကြီး စိုက်ရောက်လာလေလျှင် မြစိမ်းရောင် ဇာပဝါပါးလျလျအောက်က အနီရင့်ရောင်နှုတ်ခမ်းပါးမှာ အနည်းငယ်မျှ ကော့သွားလေ၏ ။

ထိုစဉ် မဟာယာဉ်ပျံကြီးပေါ်မှ တိုက်တစ်ခေါင်မျှ ကြီးမားသော ယန္တရားဓားကြီးတစ်ချောင်း ပြုတ်ကျလာ၍ ဗုဒ္ဓဟူးဂြိုဟ်၏ ကျောက်သားလွင်ပြင်ကြီးပေါ်သို့ ထိုးစိုက်သွားရာတွင် ၊ မြေဆွဲအားသိမ်ငယ်လှသောကြောင့် ဓားဦးနှင့်တိုက်မိရာမှ လွင့်စဉ်သွားသော ကျောက်မှုန်များမှာ အနှေးပြကွက်သဖွယ် အောက်ပြန်ကျနေကြလေ၏ ။ မြေဆွဲအားနည်းလေတိုင်း ဤမျှထိ စည်းမဲ့ဘောင်မဲ့ ကခုန်နေရပါသလော ။

ယင်းနောက် ဤဓားကြီးအနားသို့ ဧရာမယန္တရားရုပ်ကြီးတစ်ရုပ် ခုန်ဆင်းလာလေတော့သည် ။ ယင်းယန္တရားရုပ်ကြီး၏ တစ်ကိုယ်လုံးအား အာမန်တီတိုက် ချပ်ဝတ်များနှင့် ကာရံထား၏ ။ လူသားသဏ္ဌာန် ခြေနှစ်ဖက် ၊ လက်နှစ်ဖက်ပါရှိသည့်ပြင် ခေါက်နိုင်ဖြန့်နိုင်သော ၊ ဂျက်အင်ဂျင်များနှင့် ပနံရနေသော အတောင်ပံကြီးခြောက်ခု ကိုလည်း ပိုင်ဆိုင်ထား၏ ။ ၎င်းကြီးကို ဂျန်းနစစ် (Genesis) ဟုခေါ်၍ ဤသည်ကား သူ(မ)တို့ နတ်မျိုးနွယ်တို့၏ စစ်ပွဲသုံး အဆောင်အယောင်။

https://mmxianxia.com/wp-content/uploads/2026/05/1CC7FDCA-2D37-4FC1-950B-526D6839B8E1.webp

ဗုဒ္ဓဟူးဂြိုဟ်၌ လေမရှိ ။ ထို့ကြောင့် အသံလှိုင်းနှင့် စကားပြော၍မရ ။ ထို့ရကား ဟေရင်းအီရစုမှာ ဓားကြီးရှေ့၌ လက်ပိုက်လျက်ရပ်နေသော အနှီဂျန်းနစစ် ယန္တရားရုပ်ကြီးကို သိင်္ဂီအက္ခရာမျက်ဝန်းတော် တို့ဖြင့်စူးစိုက်ကြည့်ရှုလျက် သူ(မ)၏ခန္ဓာတော်မှ သတင်းအချက်အလက်ပါသော လျှပ်စီးသံလိုက်စက်ကွင်းလှိုင်း (Electromagnetic Wave) တစ်ခုကို ထုတ်လွှတ်လိုက်လေသည် ။

“သည်လောက်ထိ ဓလေ့ထုံးတမ်းကျ နှုတ်ဆက်ဖို့လိုသလား ။ သေနာပတိချုပ် ဆက်လက်(စ်)မို့(စ်) (Celesmos)”

ထိုအခါ မျက်နှာချင်းဆိုင် ယန္တရားရုပ်ကြီးထံမှ လျှပ်စီးသံလိုက်စက်ကွင်းတစ်ခု ဖြာထွက်လာ၏ ။

“ဟေရင်းအီရစု … မင်းရဲ့ အိုတိုရူရားမက်(စ်) (Oltruramus) ကို စောင့်ကြပ်ရမဲ့ နေ့တွေ ပြီးဆုံးခဲ့ပြီ ။ ငါတို့ ဟီဇာမီဆိုင်းရက်(စ်) (Hezamasiax) ကို အနံ့ခံမိထားတယ် ။ သို့ပေမဲ့ ပထမဆုံး ကြားထဲက ဝင်ရှုပ်နေတဲ့ ရာဗလွန်ကို နင်းခြေပစ်ရလိမ့်မယ်”

ချင်း၏စကားကြောင့် သူ(မ)သည် ညာဘက်သို့ လှည့်ကြည့်လတ်သရော် ၊ ကျောက်သားလွင်ပြင်ကြီးပေါ်၌ သိင်္ဂီအက္ခရာမျက်ဝန်းတော်၏ မြင်ကွင်းတစ်ခုလုံး ပြည့်နှက်နေသည်အထိ ကြီးမားကျယ်ပြန့်လှသော မျှော်စင်သဏ္ဌာန် အရာကြီးတစ်ခုကို တွေ့လိုက်ရလေသည်။

ယင်းကြီးမှာ မိုးထိပ်ထိတိုင် လိမ်ခွေထိုးတက်နေလျက် အာကာသအတွင်းထိပင် ဖောက်ထွက်နေပြီး ၊ ထိုမှော်စင်ကြီးမှာ အထပ်ထပ်ဆင့်ကာ လိမ်ခွေနေကြ၍ မည်မျှပင် အပေါ်မော့ကြည့်စေကာမူ ဤအရာကြီး၏ ပုံသဏ္ဌာန်ကို ခြုံငုံလျက် မြင်နိုင်လိမ့်မည်မဟုတ်ဘဲ ၊ မြင့်မားလွန်း ၊ ကြီးကျယ်လွန်းလှသဖြင့် တောင်တမျှကြီးမားသော မြွေနဂါးကြီးနှင့် နဂါး၏ နှုတ်သီးပေါ်၌ ရပ်နေသော သူ(မ)တို့ပင်လျှင် ၎င်းကြီးနှင့်ယှဉ်သော် ဖိနပ်အောက်ရောက်နေသည့် ကျောက်စရစ်ခဲတစ်လုံးနှယ် သေးငယ်သွားရသကဲ့သို့ ၊ နီရင် (Nirin) စိုက်ပျိုးသော မဟာသစ်ပင်ကြီးများပင် အဆိုပါအရာကြီး၏ အောက်၌ရောက်နေပါက လောင်းရိပ်မိသော သစ်ခြောက်ပင်လေးများအလား ဝပ်တွားသွားရပေလိမ့်မည် ။

ယင်းကြီးကား အနက်ရောင်အတိပြီး၍ မျက်နှာပြင်ပေါ်၌လည်း ယန္တရားအချွန်အတက်များမှာ မဟာဆန်စွာ ထိုးထွက်နေကြလေသည် ။ ဤသည်ကား အိုတိုရူရားမက်(စ်) (Oltruramus) ။ သူ(မ)တို့ နတ်မျိုးနွယ်၏ အသက်သွေးကြောမ ။

https://mmxianxia.com/wp-content/uploads/2026/05/IMG_3862.webp

ယင်းနောက် သူ(မ)က တန်နားဘရက်(စ်) အင်ပါယာ၏ နတ်ဦးသျှောင်ဘက်သို့ ပြန်လှည့်၍

“အမတော်ရဲ့ တန်ခိုးတွေကော သာလို့မျှထွားလာရဲ့လား”

“အပရိမာဏ အသူတစ်ရာဒီပ ညီမျှခြင်း (Luminous Abyss Equation) ကို ရှင်းနိုင်သွားရင် အခြေအနေတွေ အများကြီး ပြောင်းလဲသွားလိမ့်မယ် ။ အခုကား မင်း၏ သုညတ အာနုဘော် (Void Force) ကို အံတုနိုင်တဲ့ သက်ရှိ ၊ သက်မဲ့တစ်ခုတလေမျှ မပေါ်ထွန်းသေးဘူး ။ အဘယ်လဲ ဟေရင်းအီရစု … နှစ်နှစ်ရာဆိုသည့် အချိန်ကား သင့်အတွက် မလောက်ငသေးဘူးလော”

အကြင်လျှပ်စီးသံလိုက်လှိုင်းကား မာထန်လွန်းလှ၏ ။ လှိုင်းအလျား (Wavelength) တိုလွန်းလှသည် ။ သေနာပတိချုပ်ကား မပြောင်းလဲသေးပါချေ ။ သို့ပေသော်ငြား ဤသည်မှာ အချိန်ကျနေပြီ ဖြစ်သည့်အားလျော်စွာ သူ(မ)မှာ ခေါင်းညိတ်လိုက်လေ၏ ။

“အပရိမာဏ အသူတစ်ရာဒီပ ညီမျှခြင်းကို ရှင်းနိုင်သည်အထိ မဟာမိတ်ဖွဲ့တာပေါ့ … သေနာပတိချုပ်”

ဟူသော သတင်းအချက်အလက် ပို့လွှတ်လိုက်သည်နှင့် သူ(မ)ရှေ့က ဂျန်းနစစ် ယန္တရားရုပ်ကြီးမှာ ၎င်း၏ရှေ့က ဓားကြီးကို ဆုပ်ကိုင်လိုက်လေရာ ၊ ယင်း၏အတောင်ပံ ခြောက်ချောင်းရှိ ဂျက်အင်ဂျင်ကြီးများထံမှ ပန်းထွက်နေသော မီးပွါးတို့မှာ အပြာရောင်မှ အနီရောင်သို့ကူးလူးလာကြလေသည်။

တစ်ချိန်တည်းမှာပင် သူ(မ)၏ ဇရီယမ်းနော့ဒ် နဂါးကြီးမှာလည်း ခွေနေရာမှ ပြေလျော့လာပြီးနောက် ယင်း၏ခန္ဓာကိုယ်ကြီးတစ်ခုလုံး လူးလွန့်လိုက်သည့်အခါ ၊ ချင်း၏ခန္ဓာတစ်ခုလုံးမှာ လျှပ်စီးလှိုင်းများဖြင့် စတင်လွှမ်းခြုံလာလေပြီး ၊ ဤသည်တို့နှင့်အတူ သူ(မ)တို့ နှစ်ဘက်လုံးကြားက ကျောက်မှုန် ကျောက်သားများမှာ အနှေးပြကွက်များအလား စတင်ပျံဝဲလာကြလေ၏ ။ ထို့နောက် ဖုန်မှုန့်များလည်း လူးတက်လာ၏။ ယင်းနောက် နှစ်ဖက်လုံးက ရောင်ဝါများလည်း အားပြိုင်လာ၏။ ၎င်းနောက် သဘောတူညီမှုကား ရရှိလေပြီ ။

https://mmxianxia.com/wp-content/uploads/2026/05/IMG_8067.webp

ထို့နောက်သေနာပတိချုပ်ထံမှ နောက်ဆုံး လျှပ်စီးသံလိုက်စက်ကွင်းတစ်ခု ထွက်ပေါ်လာ၏ ။

“တန်နားဘရက်(စ်)က ကြိုဆိုပါတယ် အာ့(စ်) အော်စမန်ရီးနက်(စ်) (Arx - Osmunrenus) ရဲ့ ထိပ်ခေါင်”

သို့သော်အသံကား လားလားမျှထွက်မလာ ။ ဟေရင်းအီရစုမှာ နောက်ဆုံးအနေနှင့် ကောင်းကင်ကို မော့ကြည့်လေလျှင် ဝေဟင်၌ စူးလက်နေသော ကြယ်များကြား၌ အဝါဖန့်ရောင် ထိန်နေသော ကြယ်လေးတစ်လုံးမှာ သူ(မ)၏ အာရုံတော်အတွင်းဝယ် ထင်းရင်းနေလေပြီး ၊ ဤသည်ကား အမှန်စင်စစ် ကြယ်မဟုတ်ဘဲ Yellow Dwarf G Type ကြယ် (နေ) ၏ အလင်းကို ရောင်ပြန်ဟပ်နေသည့် သောကြာဂြိုဟ် (Venus Planet) လေးသာ ဖြစ်လေသည် ။ သူ(မ)သည် အနှီဂြိုဟ်လေးကို စိုက်ကြည့်နေလျက်

“အမတော် … နှမတော်တို့ ထိပ်တိုက်တွေ့ကြပြီပေါ့”

ဟု စိတ်တွင်း ရေရွတ်မိသည့်အခါ ၊ လက်၌ဆုပ်ကိုင်ထားသော မှော်တောင်ဝှေးကို ခပ်တင်းတင်းညှစ်မိရုံမျှမက ခန္ဓာတော်မှ ဖြာထွက်နေသော လျှပ်စီးသံလိုက်စက်ကွင်းတို့၏ ပြင်းအားမှာလည်း ကျတစ်ဖုံ ၊ တက်တစ်မျိုး ဖြစ်လာလေတော့သည် ။ ဗုဒ္ဓဟူးဂြိုဟ် (Mercury Planet) တစ်ဂြိုဟ်လုံးကား လုံးဝ ဥဿုံ အလုံးစုံ ဆိတ်ငြိမ်နေဆဲ ။ ။

************

ကျွန်တော်ချက်ပြုတ်တာကို ကြိုက်ကြရဲ့လားဗျ ။

All Chapters