အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁) - အရွက်သူခိုး ကျိုးရီ
ကျိုးရီ မျက်မှောင်ကြုတ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“တစ်ခုခုတော့ မှားနေပြီ”
ကျိုးရီသည် ၎င်းအတွင်း၌ ပုန်းကွယ်နေသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
မင်ဟွမ်ကျမ်းစာမှ ခွဲထွက်လာသော ဤကျင့်စဉ်ငယ်များသည် ကျင့်ကြံသူများကို မင်ဟွမ်ကျမ်းစာ ကျင့်ကြံခြင်းအတွက် ပိုမိုအထောက်အကူဖြစ်စေမည့် စွမ်းအင်စက်ကွင်းတစ်ခုကို ဖန်တီးနိုင်စေသည်။
ဤသည်မှာ မင်ဟွမ်ကျမ်းစာကို သူ စတင်လေ့လာစဉ်က တွေးခဲ့သည့်အတိုင်းပင်။ အခြားသူများ ကျင့်ကြံရန်အတွက် ကျင့်စဉ်အချို့ကို ဖန်တီးပေးပြီးနောက် အကျိုးအမြတ်များကို ရိတ်သိမ်းယူခြင်းပင်။
ကျင်းဧကရာဇ်သည် တာ့ချန်၏ နိုင်ငံတော်အင်အားကို မြှင့်တင်လိုရုံသာမက ဤနည်းလမ်းကို အသုံးပြု၍ ကိုယ့်ခွန်အားကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန် ရည်ရွယ်ထားပုံရသည်။
ကျင်းဧကရာဇ်၏ လက်ရှိ ကျင့်ကြံမှုမှာ သူတော်စင်အဆင့်သာ ရှိသေးပြီး မြေကမ္ဘာအင်မော်တယ်အဆင့်နှင့် များစွာ ကွာဝေးနေသေးသည်။ ထို့ကြောင့် မင်ဧကရာဇ်၏ အသိစိတ်လွှမ်းမိုးခြင်းကို ခံရဦးမည်မဟုတ်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ခန္ဓာကိုယ်လုယူခြင်း မခံရသေးပေ။
ထို့ကြောင့် ဤအရာမှာ သူ့ကိုယ်ပိုင်အကြံအစည်သာ ဖြစ်ရမည်။
“ဒီကောင်လေးက တကယ်ကို ကြောက်စရာကောင်းတာပဲ။ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက မြင့်မားလွန်းတယ်”
သူ အဆင့်ကျော်ဖြတ်စဉ်က အလင်းတန်းတစ်ခုသာ ထွက်ပေါ်ခဲ့သဖြင့် သူ၏ခန္ဓာကိုယ်မှာ နတ်ဘုရားခန္ဓာကိုယ်မျှသာ ဖြစ်ကြောင်း ညွှန်ပြနေသော်လည်း သူ၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ ကောင်းကင်ကိုပင် အံတုနိုင်လောက်အောင် အံ့မခန်းဖြစ်နေပေသည်။
ယခင်က စာသားမဲ့ကျောက်စာတိုင်မှ မင်ဟွမ်ကျမ်းစာကို သူ နားလည်သဘောပေါက်နိုင်ခဲ့သည်မှာ မဆန်းတော့ချေ။
ထိုက်ကျုံးဧကရာဇ်၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသော ဝမ်ဧကရာဇ်သည်လည်း အရည်အချင်းရှိသူများကို အဆက်မပြတ်စုဆောင်းကာ တာ့ချန်နှင့် ယှဉ်ပြိုင်နေခဲ့သည်။
သူ့ဦးလေး ၄ ဖြစ်သူ၏ ဧကရာဇ်သွေးမျိုးဆက်ကို တိုက်ရိုက် လာရောက်ရှင်းလင်းခြင်း မပြုခဲ့ပေ။ သူသည်လည်း ဤနည်းလမ်းကို အသုံးပြုပြီး ကိုယ့်ခွန်အားကို မြှင့်တင်ကာ တစ်ချက်တည်းနှင့် အပြတ်ရှင်းမည့် နည်းဗျူဟာကို အသုံးပြုလိုခြင်းများလော။
ကျိုးရီ မျက်လုံးများ မှေးကျဉ်းကာ စဉ်းစားလိုက်သည်။
ကျိုးရီသည် ဝမ်ဧကရာဇ်၏ အတွေးများကို ကြိုတင်ခန့်မှန်းမိနေပြီဖြစ်သည်။
ဤလူများမှာ တကယ်ကို မြေခွေးအိုကြီးများ ဖြစ်ကြပြီး တစ်ယောက်ထက်တစ်ယောက်က ပိုမို ပါးနပ် ကောက်ကျစ်လှပေသည်။
သို့သော် ကံမကောင်းသည်မှာ ခွန်အားများကို ဤသို့ မြှင့်တင်ခြင်းအားဖြင့် မင်ဧကရာဇ်၏အသိစိတ်က သူတို့ကို ပိုမို လျင်မြန်စွာ ဝါးမျိုသွားလိမ့်မည်ဆိုသည်ကို သူတို့ မသိရှိကြခြင်းပင်။
သူတို့၏ အစီအစဉ်များနှင့် တွက်ချက်မှုများ အားလုံး နောက်ဆုံးတွင် အခြားသူအတွက် အကျိုးအမြတ် ဖြစ်သွားပေလိမ့်မည်။
‘နှမြောစရာကောင်းလိုက်တာ’
သို့သော် သူတို့ဖန်တီးခဲ့သော ကျင့်စဉ်များမှာ မင်ဟွမ်ကျမ်းစာမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူကိုယ်တိုင်မှာလည်း မင်ဟွမ်ကျမ်းစာကို ကျင့်ကြံနေသူဖြစ်သည်။
သူတို့၏ ကျင့်စဉ်များမှာ အတူတူပင် ဖြစ်နေသောကြောင့် မင်ဟွမ်ကျမ်းစာမှ ဆင်းသက်လာသော ကျင့်စဉ်များနှင့် ကျင့်ကြံသူများထံမှ ရရှိလာမည့် အကျိုးအမြတ်များကို သူတို့ကဲ့သို့ သူပါ စုပ်ယူနိုင်မည်မဟုတ်လော။
ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် ကျိုးရီသည် မျက်လုံးမှိတ်ကာ မင်ဟွမ်ကျမ်းစာကို ချက်ချင်း အသက်သွင်းလိုက်သည်။
‘ငါထင်တဲ့အတိုင်းပဲ'
သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤလူများ ကျင့်ကြံနေစဉ်အတွင်း ရရှိလာသော အကျိုးအမြတ်များကို သူ အမှန်တကယ် စုပ်ယူနိုင်စွမ်း ရှိနေလေသည်။
‘ဟားဟား... ကျင်းဧကရာဇ်နဲ့ ဝမ်ဧကရာဇ်တို့က ရေသွယ်ပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနေကြချိန်မှာ ငါက ဘေးကနေ သူတို့စိုက်ထားတာတွေကို ခိုးယူနေတာပဲ'
တကယ်ကို စကားလုံးတွေနှင့် ဖော်ပြ၍မရနိုင်အောင် ကောင်းမွန်လှပေသည်။
အရေးကြီးသည်မှာ သူတို့၏ ကျင့်ကြံမှုမှာ သူ့လောက် မြင့်မားမည်မဟုတ်သလို ကျင့်ကြံမှုအမြန်နှုန်းကလည်း သူ့လောက် မြန်ဆန်မည်မဟုတ်ပေ။
ထို့ကြောင့် ဤနည်းလမ်းဖြင့် သူက သူတို့ထက် ပိုမိုစုပ်ယူနိုင်ပြီး သူတို့ကမူ အနည်းငယ်မျှသာ ရရှိပေလိမ့်မည်။
‘ငါက မြေရှင်ကြီးဖြစ်သွားပြီး ဧကရာဇ်နှစ်ပါးက ငါ့ရဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ လယ်သမားတွေ ဖြစ်သွားပြီလား'
‘သူတော်ကောင်းစိတ်ရှိတဲ့ လူတစ်ယောက်သာဆိုရင် အပြစ်ရှိစိတ်နဲ့တင် သေလောက်တယ် မဟုတ်ဘူးလား'
“ငါ့မှာ သူတော်ကောင်းစိတ် မရှိလို့ တော်သေးတာပေါ့”
သူ ခပ်ဟဟ ရယ်မောလိုက်သည်။
အောင်ပွဲခံပြီးနောက် ရှင်းဟွာစားသောက်ဆိုင်သို့ ထွက်ခွာရန် အချိန်ကျရောက်လာလေပြီ။
နန်းတော်အတွင်း၌။
ကျင်းဧကရာဇ်သည် သူတော်စင်မလေးကျင်းယန်ကို နန်းတော်အပြင်ဘက်သို့ လိုက်လံပို့ဆောင်ပေးနေသည်။
“လွန်ခဲ့တဲ့ တစ်လအတွင်းမှာ စီနီယာအစ်မတော်ကျင်းယန်ရဲ့ အကူအညီကြောင့် ကျွန်တော့်ရဲ့ မူဝါဒတွေကို ဒီလောက်ချောချောမွေ့မွေ့ အကောင်အထည်ဖော်နိုင်ခဲ့တာပါ”
သူတော်စင်မလေးကျင်းယန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။
“ဂျူနီယာမောင်လေး ... နင်က သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ၊ နင်က ငါတို့ ထျန်းကျီဂိုဏ်းထဲကို ရောက်လာပြီလေ၊ အခု ငါတို့က မိသားစုတစ်ခုတည်း ဖြစ်နေပြီဆိုတော့ နင့်ရဲ့ အလုပ်က ငါတို့ရဲ့ အလုပ်ပဲပေါ့။ မိသားစုအချင်းချင်း ဘာလို့များ ခွဲခြားပြောဆိုနေရမှာလဲ”
ကျင်းဧကရာဇ် ခေါင်းညိတ်ပြလိုက်သည်။
“အချိန်လည်း လင့်နေပြီဆိုတော့ ကျွန်တော်ပြန်ပါတော့မယ်၊ စီနီယာအစ်မတော်လည်း စောစော အနားယူဦး”
စကားဆုံးသည်နှင့် ကျင်းဧကရာဇ် လှည့်ထွက်သွားလေသည်။
ထွက်ခွာသွားသော ကျင်းဧကရာဇ်၏ ကျောပြင်ကို ကြည့်ရင်း ရွှီလီနန်သည် အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့သည်။
“သူတော်စင်မလေးကျင်းယန် ... ဒီကောင်လေးက ရည်မှန်းချက် ကြီးလွန်းတယ်၊ ငါတို့ ထျန်းကျီဂိုဏ်းထဲကို တကယ်စိတ်နှစ်ပြီး ဝင်လာတာ မဟုတ်ဘူး”
“အကြီးအကဲလည်း အဲဒါကို မြင်တယ်ပေါ့”
“သေချာတာပေါ့။ သူ့က ကျင့်ကြံရာမှာ တကယ်ကို ထူးခြားပြောင်မြောက်ပေမယ့် သူ တကယ်သစ္စာရှိတာက သူ့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ တာ့ချန်ရဲ့ အခြေခံအုတ်မြစ်ကိုပဲ”
“နတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့ အမြင်က နိုင်ငံငယ်လေးတစ်ခုမှာပဲ ကန့်သတ်ခံထားရတာ၊ အရမ်းအမြင်ကျဉ်းလွန်းတယ်၊ အနာဂတ်မှာ သူက သူတော်စင်မလေးလောက်တောင် တိုးတက်လာမှာ မဟုတ်ဘူး”
“အဲဒါကို ကျွန်မ သိထားပါတယ်”
သူတော်စင်မလေးကျင်းယန်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။
“ကျွန်မတို့ရဲ့ တာအိုလမ်းစဥ်တွေက မတူဘူးဆိုတော့ ပူးပေါင်းလို့မရဘူး၊ သူက ကျွန်မတို့ ထျန်းကျီဂိုဏ်းကို အသုံးချပြီး တာ့ချန်ကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ။ ကျွန်မကရော သူ့ကို ဘာလို့ ပြန်အသုံးမချရမှာလဲ”
“ယဇ်ပူဇော်ခြင်းနည်းလမ်းက အန္တရာယ်များလွန်းတယ်၊ ပြီးတော့ ငါတို့ ထျန်းကျီဂိုဏ်းရဲ့ ကံကြမ္မာကိုလည်း ထိခိုက်စေလိမ့်မယ်နော်”
“သက်တမ်းကိုတော့ အကန့်အသတ်မရှိ လောင်ကျွမ်းပစ်လို့ မရဘူးလေ၊ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ကံကြမ္မာနဲ့ဆိုရင်တော့ တွန်းအားပေးလို့ရတယ်၊ တာ့ချန်မှာ ပုန်းအောင်းနေတဲ့ အဲဒီသူတော်စင်ခန္ဓာကိုယ်ကို ရှာဖွေဖို့ ကျွန်မ သူ့ကို အသုံးချချင်တယ်”
“အဲဒီမတိုင်ခင်တော့ သူ့အလိုကျ လိုက်လျောပေးထားလိုက်ပါဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့အတွက် တကယ်ဆုံးရှုံးသွားမှာမှ မဟုတ်တာ”
“ဪ... ဒါကြောင့်ကိုး”
ရွှီလီနန်၏ မျက်လုံးများ တောက်ပသွားသည်။
ကျင်းဧကရာဇ်သည် ကျင်းယန်နန်းဆောင်မှ ထွက်ခွာလာပြီးနောက် သူ့နန်းဆောင်သို့ အလျင်အမြန် ပြန်လာကာ တံခါးပိတ်ကျင့်ကြံမှုကို စတင်လေတော့သည်။
“တာ့ချန်က လူတိုင်းကို တစ်ပြိုင်နက်တည်း ကျင့်ကြံခွင့်ပြုလိုက်တာက ငါ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို သေချာပေါက် မြင့်တက်လာစေလိမ့်မယ်။ အဲဒီအချိန်ကျရင် မြေကမ္ဘာအင်မော်တယ်အဆင့်ကို ခဏလေးနဲ့ ကျော်ဖြတ်ဝင်ရောက်နိုင်မှာပဲ”
“ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းလည်း ရလာလိမ့်မယ်”
သူ့မျက်ဝန်းထဲတွင် ရည်မှန်းချက်ကြီးမားသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
“ငါသာ မြေကမ္ဘာအင်မော်တယ်အဆင့် အထက်က အဆင့်ကို ရောက်သွားခဲ့ရင် ထျန်းကျီဂိုဏ်းရဲ့ ထိန်းချုပ်မှုကနေ လုံးဝရုန်းထွက်နိုင်ပြီး တာ့ချန်တစ်ခုလုံးကို အထွတ်အထိပ် ရောက်တဲ့အထိ ဦးဆောင်သွားနိုင်လိမ့်မယ်”
သူ မျက်လုံးမှိတ်ကာ မင်ဟွမ်ကျမ်းစာကို စတင် လည်ပတ်လိုက်သည်။
မကြာမီမှာပင် သူ့ထံသို့ ပျံသန်းလာသော မရေမတွက်နိုင်သည့် မှေးမှိန်သော စွမ်းအင်စီးကြောင်းများကို သူ ခံစားလိုက်ရ၏။
တစ်ခုချင်းစီက အားနည်းလွန်းသော်လည်း စုဆောင်းမိသွားသောအခါ အတော်လေး များပြားလာခဲ့သည်။
အချိန်သိပ်မကြာမီမှာပင် ကျင်းဧကရာဇ် မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး သူ၏ မျက်ခုံးများကြားတွင် တွေဝေရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“တစ်ခုခုတော့ မှားနေပြီ။ စုပ်ယူလိုက်တဲ့ စွမ်းအင်က ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ။ တစ်လတောင် ကြာနေပြီလေ၊ ဒီလူတွေ ဘယ်လောက်ပဲ နှေးနေပါစေ သူတို့ရဲ့ ခွန်အားက အနည်းနဲ့အများတော့ တိုးတက်လာသင့်တယ်”
ခေတ္တရပ်နားလိုက်ပြီးနောက် သူ လက်သီးဆုပ်ကာ အေးစက်စက် နှာမှုတ်လိုက်သည်။
“သူတို့က တကယ်ကို အသုံးမကျတဲ့ လူအုပ်ကြီးပဲ။ သူတို့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ ပါရမီက အရမ်းနိမ့်ကျနေလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ကျင့်ကြံမှုက ဒီလောက်နှေးကွေးနေတာ”
ကျင်းဧကရာဇ်သည် ဤကိစ္စကို ဆက်လက် တွေးတောမနေတော့ပေ။
ဤအရာမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့သည် လူတစ်ဦး၏ တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုကို ကန့်သတ်ထားလေသည်။
ဤလောကရှိ လူအများစုမှာ သာမန်မျှသာ ဖြစ်ကြပြီး လူတိုင်း သူ့လောက် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေမည်မဟုတ်ပေ။
‘ဟူး... အဲဒီလိုဆိုမှတော့ ငါလည်း တစ်ဆင့်ပြီးတစ်ဆင့်ပဲ သွားရတော့မှာပေါ့'
မည်သို့ပင်ဖြစ်စေ သူတို့ ပိုမိုအစွမ်းထက်အောင် ကျင့်ကြံလာနိုင်သရွေ့ သူတို့ဖန်တီးလိုက်သော စွမ်းအင်စက်ကွင်းမှာလည်း ပိုမို အားကောင်းလာမည်သာ။
‘နည်းနည်းလေး ထပ်ပြီးသည်းခံလိုက်ရုံပါပဲ၊ မကြာခင် ရောက်လာတော့မှာပါ’
သူ၏ ကျင့်ကြံခြင်းအဆင့် နေ့စဉ်နှင့်အမျှ တိုးတက်လာမည့်နေ့ရက်များ မလွဲမသွေ ရောက်ရှိလာပေလိမ့်မည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့လေပြီ။
ဤနှစ်အနည်းငယ်အတွင်း တာ့ချန်၏ အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီဖြစ်သည်။
ထို့အပြင် နိုင်ငံတော်၏ အင်အားမှာလည်း တစ်နေ့တခြား မြင့်တက်လာနေသည်။
နှောင်းပိုင်းဖြစ်တည်မှုအဆင့်နှင့် မွေးရာပါအဆင့်ကျင့်ကြံသူများသည် နွေဦးမိုးရွာပြီးနောက် ထွက်ပေါ်လာသော မျှစ်တက်လေးများကဲ့သို့ အလျှိုလျှို ပေါ်ထွက်လာကြပြီး ဤနိုင်ငံအတွက် စံသတ်မှတ်ချက်တစ်ခုအဖြစ် လျင်မြန်စွာ ဖြစ်လာခဲ့သည်။
သိုင်းသခင်အဆင့်ကျင့်ကြံသူ အတော်များများပင် ပေါ်ထွက်လာခဲ့သည်။
ထိုမျှသာမက သိုင်းသူတော်စင်အသစ်နှစ်ပါးပင် မွေးဖွားလာခဲ့သေး၏။
နှောင်းပိုင်းဖြစ်တည်မှုအဆင့်နှင့် မွေးရာပါအဆင့် ကျင့်ကြံသူများ အလွန်အမင်း များပြားလာခြင်းမှာ ကျင်းဧကရာဇ်နှင့် ဝမ်ဧကရာဇ်တို့ကြောင့် ဖြစ်သည်။
သူတို့သည် ကျင့်ကြံရန်နှင့် ခွန်အားမြှင့်တင်ရန် ပိုမိုလွယ်ကူသော ကျင့်စဉ်အသစ်များကို လျှို့ဝှက်စွာ ဖြန့်ဝေပေးခဲ့ကြလေ၏။
သို့သော် သိုင်းသခင်နှင့် သိုင်းသူတော်စင်အဆင့်များအတွက်မူ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့ လိုအပ်ပေသည်။
ထို့အပြင် အရေးကြီးဆုံး အချက်တစ်ချက်လည်း ရှိနေသေးသည်။ ကောင်းကင်နှင့် မြေကြီး၏ ၀ိညာဉ်စွမ်းအင်ပင်။
လက်ရှိ တာ့ချန်ရှိ ကောင်းကင်နှင့် မြေကြီး၏ ၀ိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ယခင်ကထက် အဆနှစ်ဆယ်ခန့်အထိ တိုးတက်လာခဲ့ပြီဖြစ်သည်။
အခုနောက်ပိုင်း တိုးတက်မှုက သိသိသာသာ ကြီးမားခြင်း မရှိတော့သော်လည်း တဖြည်းဖြည်းချင်းတော့ ဆက်လက်တိုးတက်နေဆဲဖြစ်သည်။
အကြောင်းရင်း အမျိုးမျိုးကြောင့် ကျိုးရီ၏ ခွန်အားမှာလည်း နေ့စဉ်နှင့်အမျှ တိုးတက်လာနေသည်။
သူ၏ စိတ်အာရုံမှာ တစ်နေ့တခြား ပိုမိုတည်ငြိမ်လာကြောင်း ခံစားနေရပြီး သူ၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကိုလည်း အာရုံခံလာနိုင်ခဲ့သည်။
အစပိုင်းတွင် သဘာဝတရား၏ စွမ်းအားများနှင့် ဆက်သွယ်နိုင်ရုံမျှသာ ရှိခဲ့သော်လည်း ယခုအခါ ၎င်းကို ထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုနက်ရှိုင်းလာခဲ့ပြီဖြစ်သည်။
ထိုခံစားချက်မှာ အလွန်ဆန်းကြယ်လှသည်။ သူ၏ စကားတစ်ခွန်း သို့မဟုတ် စိတ်အာရုံတစ်ချက်ဖြင့် သဘာဝတရားကြီးက လုံးဝမခုခံနိုင်ဘဲ မလွဲမသွေ နာခံရတော့မည့်အလား ဖြစ်နေပေသည်။