← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂) - နယ်ပယ်တစ်ခု၏ အရှင်သခင်

မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ကျိုးရီ သိလိုက်သည်။ သူ ထပ်မံ၍ အဆင့်တက်တော့ပေမည်။

သူ့ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံ၊ ကျားဟိန်းသံများ ထွက်ပေါ်လာသည်နှင့်အတူ သူ၏ခွန်အားများမှာ ဆယ်ဆထက်မက ချက်ချင်းတိုးတက်လာသည်ကို ကျိုးရီ ခံစားလိုက်ရသည်။

ဤအချိန်တွင် သူသည် မြေကမ္ဘာအင်မော်တယ်အဆင့်အထက်ရှိ မဟာအရှင်သခင်အဆင့်သို့ လုံးဝ ကျော်ဖြတ်ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

မဟာအရှင်သခင်ဆိုသည်မှာ နယ်ပယ်တစ်ခု၏ အရှင်သခင်ကို ဆိုလိုသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် လောကတစ်ခုလုံးကို လွတ်လွတ်လပ်လပ် သွားလာနိုင်သော ကျင့်ကြံသူတစ်ဦးပင်။

ဤ ‘နယ်ပယ်’ ဆိုသည်မှာ တာ့ချန်ကဲ့သို့သော နယ်မြေတစ်ခုကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ စစ်မှန်သော နယ်ပယ်တစ်ခုကို ဆိုလိုခြင်းဖြစ်သည်။

ရှေးဆိုရိုးစကားရှိသည် မဟုတ်ပါလား၊ ‘မဟာလွင်ပြင်ကြီးတွင် နယ်မြေသုံးထောင် ရှိပြီး နယ်မြေတစ်ခုတွင် နယ်ပယ်သုံးထောင် ရှိသည်’ ဟူ၍။

တာ့ချန်ဖြစ်စေ၊ ဂိုဏ်းကြီးလေးခုဖြစ်စေ၊ သို့မဟုတ် ထျန်းကျီဂိုဏ်း ပင်ဖြစ်စေ အားလုံးသည် နယ်ပယ်တစ်ခုတည်းအတွင်း၌ ပါဝင်ကြသည်။

ထျန်းကျီဂိုဏ်းအထက်ရှိ အစွမ်းထက်အဖွဲ့အစည်းများကိုသာ နယ်ပယ်တစ်ခုအတွင်းရှိ ထိပ်တန်းတည်ရှိမှုများအဖြစ် မှတ်ယူနိုင်ပေသည်။

ထိုကဲ့သို့သော တည်ရှိမှုများတွင် မဟာအရှင်သခင်အဆင့်ရှိ ကျင့်ကြံသူများ ရှိနေနိုင်ပေသည်။

ကျိုးရီသည် ယခုအခါ မဟာအရှင်သခင်များ၏ အဆင့်အတန်းသို့ ဝင်ရောက်သွားပြီဖြစ်ရာ နယ်ပယ်အတွင်းရှိ ထိပ်တန်းကျင့်ကြံသူတစ်ဦးအဖြစ် မှတ်ယူနိုင်နေပြီဖြစ်သည်။

“ကောင်းကင်နဲ့ မြေကြီးကို ဖြတ်တောက်ခြင်း ကျင့်စဉ်ကို ငါ စောစောဖန်တီးထားခဲ့လို့ တော်သေးတယ်။ အဲဒီလိုမှ မဟုတ်ရင် ဒီတစ်ခါ ဖြစ်လာတဲ့ ကောင်းကင်ဖြစ်စဉ်က တာ့ချန်ကို ကျော်လွန်ပြီး အပြင်လောကကိုပါ ရောက်သွားလောက်တယ်”

“အဲဒီလိုသာ ဖြစ်ခဲ့ရင် လူဘယ်နှစ်ယောက်လောက် တုန်လှုပ်သွားမလဲဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး”

မည်သို့ပင်ဆိုစေ အဆင့်ကျော်ဖြတ်ခြင်းသည် ကောင်းမွန်သော အရာတစ်ခုသာ ဖြစ်သည်။

‘ဟဲဟဲ’

ယခုမှစ၍ ဤလောကကြီးတွင် သူ့ကို ခြိမ်းခြောက်နိုင်သူ အရေအတွက်မှာ ထပ်မံ၍ သိသိသာသာ လျော့ကျသွားခဲ့ပြန်လေပြီ။

ထိုအချိန်မှာပင် သူ၏ နတ်ဘုရားအာရုံက မရည်ရွယ်ဘဲ အပြင်သို့ ဖြန့်ကျက်သွားရာ တစ်စုံတစ်ခုကို တွေ့ရှိလိုက်ရသည်။

ထိုအရာကြောင့် မျက်လုံးများ ချက်ချင်းကျဉ်းမြောင်းသွားပြီး အေးစက်စက် အလင်းရောင်များ တောက်ပလာတော့သည်။

“မင်းတို့ ရဲတင်းလှချည်လား၊ ဒီအရှင်သခင်ရဲ့ လူတွေကို ထိရဲတယ်ပေါ့၊ သေချင်နေတာပဲ”

ကျိုးရီ အသံဆုံးသည်နှင့်တစ်ပြိုင်နက် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင် တာ့ချန်အတွင်းရှိ ချူပြည်နယ်၏ လူသူကင်းမဲ့သော တောင်တန်းများထဲတွင် လူရိပ်အချို့သည် လင်းယုန်နှာခေါင်းနှင့် လူငယ်တစ်ဦးကို လိုက်လံဖမ်းဆီးနေကြသည်။

“သူခိုးကောင်... ထွက်ပြေးဖို့မစဉ်းစားနဲ့။ ဒီနေ့ မင်း လွတ်မှာမဟုတ်ဘူး။ အခုချက်ချင်း အေးအေးဆေးဆေး အရှုံးပေးလိုက်စမ်း”

လင်းယုန်နှာခေါင်းနှင့် လူငယ်က သူတို့ကို ဂရုမစိုက်ဘဲ တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် သူ့အမြန်နှုန်းကိုသာ တိုးမြှင့်လိုက်သည်။

“ရောက်တော့မယ်။ တာ့ချန်မြို့တော်ကို ရောက်ပြီး သခင်လေးရဲ့ အကာအကွယ်ကို ရပြီဆိုတာနဲ့ ဒီခွေးကောင်တွေကို ငါဂရုစိုက်ဖို့ မလိုတော့ဘူး”

“မင်းကို ရပ်ခိုင်းနေတာ မကြားဘူးလား၊ တိရစ္ဆာန်ကောင်”

လိုက်လံဖမ်းဆီးသူများထဲမှ တစ်ဦးက သံမဏိဖြင့် သွန်းလုပ်ထားပြီး အစီအရင်သင်္ကေတများ ထွင်းထုထားသော အထူးမြားတစ်စင်းကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆွဲထုတ်လိုက်သည်။

“သေလိုက်စမ်း”

မြားကို အသက်သွင်းလိုက်သည်နှင့် ၎င်းအပေါ်ရှိ အစီအရင်သင်္ကေတများ လင်းလက်လာပြီး ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လင်းယုန်နှာခေါင်းနှင့် လူငယ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်သွားတော့သည်။

“မကောင်းတော့ဘူး”

အနောက်ဘက်မှ လျင်မြန်စွာ ချဉ်းကပ်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသောအခါ လူငယ်မှာ ပေါ့ပေါ့ဆဆ မနေရဲတော့ချေ။

သူသည် ပျံသန်းနေရာမှ ချက်ချင်း ရပ်တန့်ကာ နောက်လှည့်လိုက်ပြီး ခုခံရန် ခွန်အားအားလုံးကို စုစည်းလိုက်သည်။

ဝုန်း...

မြားက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး အနောက်သို့ လွင့်စင်သွားသည်။

သူသည် တောင်ကြီးတစ်လုံးကို ဖောက်ထွင်းသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားကာ အနီးအနားရှိ စမ်းချောင်းများနှင့် ရေကန်များမှ ရေများပင် ထိုအထဲသို့ စီးဝင်သွားကြသည်။

ထိုမြားတစ်စင်း၏ စွမ်းအားမှာ ကြီးမားလွန်းလှပြီး လူငယ်၏ ပခုံးတစ်ဝက်ကို တိုက်ရိုက်ဆုတ်ဖြဲပစ်ကာ သူ၏ မူလအသွင်ဖြစ်သော တစ်ကိုယ်လုံး မီးတောက်များကဲ့သို့ နီရဲရဲ အမွေးအတောင်များရှိသည့် ရွှေရောင်မျက်လုံး ကျောက်စိမ်းကြက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

သို့သော် ယခုအခါ သူ့ကို ရွှေရောင်မျက်လုံး ကျောက်စိမ်းကြက်ဟု ခေါ်ဆိုရန် မသင့်တော်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အရွယ်အစားမှာ မီတာတစ်ရာကျော်ရှိပြီး အတောင်ပံများကို ဖြန့်လိုက်ပါက မီတာနှစ်ရာကျော်အထိ ရှည်လျားနေလေပြီ။

ရွှေရောင်ခြေသည်းများက တောင်ထွတ်တစ်ခုကိုပင် အလွယ်တကူ ခြေမွပစ်နိုင်စွမ်း ရှိပေသည်။

မြားချက်ကြောင့် အတောင်ပံတစ်ဝက်မှာ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။

အနောက်မှ လူရိပ်များက အမီလိုက်လာကြပြီး သူ၏ လေးဘက်လေးလံတွင် ရပ်တန့်ကာ သူ၏ ထွက်ပေါက်အားလုံးကို လုံးဝ ပိတ်ဆို့လိုက်ကြသည်။

လိုက်လံဖမ်းဆီးသူများ၏ မျက်နှာများပေါ်တွင် ကြမ်းကြုတ်မှုများနှင့် အောင်ပွဲခံသည့် အရိပ်အယောင်များ ပေါ်ထွက်နေသည်။

“ပြေးလေ။ ခုနက အရမ်းတွေ ပြေးနေတာ မဟုတ်ဘူးလား။ အခု ဘာလို့ ဆက်မပြေးတော့တာလဲ”

“ညီအစ်ကိုမုချန်... ရွှေရောင်မျက်လုံး ကျောက်စိမ်းကြက်ကို ဖမ်းမိတာက မင်းရဲ့ ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ”

“မဟုတ်ပါဘူး၊ ညီအစ်ကိုအားလုံးရဲ့ အကူအညီ‌တွေကြောင့် ဒီသားရဲကို ဖမ်းနိုင်ခဲ့တာပါ”

“လက်ရှိမှာ ငါတို့ သွေးဖီးနစ်နတ်ဘုရားနန်းတော်က အခြေအနေကောင်းနေတယ်၊ ကောင်းကင်နတ်ဘုရားနန်းတော်ကို တိုက်ခိုက်တဲ့နေရာမှာ အောင်ပွဲသတင်းတွေ ဆက်တိုက်ရနေတာပဲ”

“နောက်လဆိုရင် ဂိုဏ်းသဘာပတိကြီးက အကြီးအကဲများကောင်စီထဲကို ဝင်မယ့်နေ့ပဲ၊ ကြက်ဖဆိုတာ ကြီးကျယ်တဲ့အနာဂတ်ကို ကိုယ်စားပြုတယ်၊ ဒီသားရဲကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးလိုက်ရင်…. ဟဲဟဲ… ဒီထက်ကောင်းတာဘာရှိဦးမလဲ”

“အဲဒါကို အခုလောလောဆယ် မေ့ထားလိုက်အုံး၊ ဒီသားရဲက အတောင်ပံတစ်ဖက်ပဲ ဒဏ်ရာရထားတာ၊ သူ့မှာ ခွန်အားတွေ ကျန်နေသေးတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးကြပါ ညီအစ်ကိုတို့၊ ဒါမှ သူ့ကို ဖမ်းနိုင်မှာ။ အနာဂတ်ကျရင် ညီအကိုတို့ကို သေချာပေါက် ဆုချပါ့မယ်”

“ကောင်းပြီ”

လူစုက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ သူတို့၏ ခန္ဓာကိုယ်များမှ ကောင်းကင်ယံရှိ နေမင်းကဲ့သို့ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

“ယား...”

လူတစ်ယောက်က အော်ဟစ်လိုက်ပြီး အားလုံး အတူတကွ တိုက်ခိုက်လိုက်ကြသည်။

နဂါးတစ်ကောင်ပမာ ဓားအလင်းတန်းများ၊ မိုးခြိမ်းသံများပမာ ဓားအရှိန်အဝါများနှင့် လက်သီးအလင်းတန်းများ ထွက်ပေါ်လာသည်။

သူတို့အားလုံးမှာ သိုင်းသခင်အဆင့် ကျင့်ကြံသူများဖြစ်ကြောင်း သိသာထင်ရှားလှသည်။

လင်းလက်တောက်ပနေသော သိုင်းကွက်အမြောက်အမြား တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး အောက်ဘက်ရှိ ရွှေရောင်မျက်လုံး ကျောက်စိမ်းကြက်ဆီသို့ တိုက်ရိုက် ထိုးဆင်းသွားတော့သည်။

“ဒီနေ့က အားခွန်ရဲ့ သေနေ့ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သခင်လေးကို ငါ သူတို့လက်ချက်နဲ့ သေသွားတယ်ဆိုတာ မသိလိုက်စေနိုင်တာကတော့ ရင်နာစရာပဲ”

အားခွန်က မျက်လုံးမှိတ်လိုက်ပြီး သေမင်း ကျရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။

သို့သော် သူ့နားထဲတွင် ပြင်းထန်သော ပေါက်ကွဲသံကြီးများကို ကြားလိုက်ရသော်လည်း မည်သည့်နာကျင်မှုကိုမျှ မခံစားလိုက်ရချေ။

“ဒါက”

သူ မျက်လုံးဖွင့်လိုက်ရာ မျက်၀န်းများ ချက်ချင်းကျုံ့ဝင်သွားပြီးနောက် ဝမ်းသာပျော်ရွှင်မှုများက လွှမ်းမိုးသွားတော့သည်။

“သခင်လေး”

သူ့အထက်တွင် ရပ်နေသူမှာ အခြားသူမဟုတ်၊ ကျိုးရီပင် ဖြစ်သည်။

ဤအချိန်တွင် ကျိုးရီသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တိုက်ကွက်တစ်ခုမျှပင် မပြုလုပ်ခဲ့ပေ။

ထိုလူများ၏ သိုင်းပညာရပ်များကို သူ့အပေါ်သို့ ကျရောက်ခွင့်ပြုထားသော်လည်း တိုက်ခိုက်မှုအားလုံး လမ်းကြောင်းလွဲသွားပြီး သူ့ကို အနည်းငယ်မျှပင် ထိခိုက်စေခြင်းမရှိခဲ့ပေ။

“အဲဒီမှာ ခဏနေဦး။ သူတို့ကို ငါ ရှင်းပြီးတဲ့အထိ စောင့်နေ”

ကျိုးရီသည် လက်တစ်ချက် ဖျတ်ခနဲ တောက်လိုက်ရာ ဆေးတစ်လုံးက အားခွန်း၏ ပါးစပ်ထဲသို့ ဝင်ရောက်သွား၏။

ထို့နောက် သူ ကောင်းကင်ယံသို့ ပျံတက်သွားသည်။

ဤလှုပ်ရှားမှုလေးကြောင့် သူ့ခန္ဓာကိုယ်ပတ်လည်မှ စွမ်းအားများထွက်ပေါ်လာပြီး ဖုန်မှုန့်များနှင့် မီးခိုးများ လုံးဝ လွင့်စင်သွားလေသည်။

အထက်ရှိ လူများမှာ လွန်ခဲ့သော စက္ကန့်အနည်းငယ်က အောင်ပွဲခံနေခဲ့ကြသော်လည်း ဖုန်မှုန့်များ ကင်းစင်သွားပြီး ကျိုးရီကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားကြလေ၏။

“အစွမ်းထက်ရန်သူပဲ၊ သူ့ရဲ့ အဆင့်ကို ငါ လုံးဝ အာရုံခံလို့မရဘူး”

“ဒီလူက အနည်းဆုံးတော့ သိုင်းသူတော်စင်အဆင့်အထက်မှာ ရှိတဲ့ တည်ရှိမှုတစ်ခုပဲ”

“ဒီကမ္ဘာငယ်လေးမှာ ဒီလိုအစွမ်းထက်တဲ့ ကျင့်ကြံသူ ရှိနေမယ်လို့ ဘယ်သူထင်မှာလဲ”

သူတို့သည် အံ့အားသင့်မှုများကြားမှ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ကြပြီး ကျိုးရီကို လက်ယှက်အရိုအသေပေးကာ ပြောလိုက်ကြသည်။

“ဒီနေရာက စီနီယာ တိတ်တဆိတ်ကျင့်ကြံနေတဲ့ နေရာမှန်း ကျွန်တော်တို့ မသိခဲ့ဘူး၊ အနှောင့်အယှက် ပေးမိတဲ့အတွက် စီနီယာ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

“မင်းတို့က ငါ့ကြက်ကို သတ်ချင်နေတာတောင် ငါ့ရဲ့ ခွင့်လွှတ်မှုကို မျှော်လင့်နေသေးတယ်လား၊ ရယ်စရာကောင်းလိုက်တာ”

ကျိုးရီ သူတို့ကို တစ်ချက်မျှသာ ဝေ့ကြည့်လိုက်သည်။ လူစုမှာ သေမင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး လူတစ်ယောက်မှလွဲ၍ ကျန်သူများအားလုံး ချက်ချင်းပင် သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားကြလေသည်။

ထိုလူတစ်ယောက် အသက်ရှင်ကျန်ရစ်ခဲ့ရသည့် အကြောင်းရင်းမှာ သူဝတ်ဆင်ထားသော ရတနာတစ်ခုကြောင့်ဖြစ်သည်။

၎င်းက သူ့ခန္ဓာကိုယ်ပတ်လည်တွင် အစိမ်းရင့်ရောင် အကာအကွယ်တစ်ခုကို ဖန်တီးပေးပြီး ကျိုးရီ၏ အကြည့်ဖြင့် သတ်ဖြတ်ခြင်းမှ ရှောင်လွှဲနိုင်ခဲ့သည်။

“အို...”

ကျိုးရီ အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ ခွန်အား တစ်ထောင်ပုံတစ်ပုံကိုသာ အသုံးပြုခဲ့သော်လည်း သူသည် မဟာအရှင်သခင်အဆင့်သို့ ဝင်ရောက်နေသော ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။

ဤရတနာက သူ့အကြည့်ကို ခံနိုင်ခြင်းမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပေသည်။

ထိုသူမှာ အကြောက်လွန်ပြီး ဝိညာဉ်လွင့်မတတ် ဖြစ်နေပြီဖြစ်သည်။ ထိုသူသည် အလျင်အမြန် ဒူးထောက်ချလိုက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်တော့သည်။

“စီနီယာ... အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်တို့ တကယ်ကို မသိခဲ့လို့ စီနီယာ့ကို စော်ကားမိတာပါ။ ကျွန်တော်က သွေးဖီးနစ်နတ်ဘုရားနန်းတော်ရဲ့ မီးတောက်တောင်ထွတ်က အကြီးအကဲဖူမင်ရဲ့ မြေးပါ”

“ကျွန်တော့် အဘိုးက သိုင်းသူတော်စင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ပါ၊ စီနီယာ့အနေနဲ့ ကျွန်တော့်အဘိုးမျက်နှာကို ထောက်ပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်”

“မင်းမေကြီးတော်ကိုပဲ ချမ်းသာပေးလိုက်”

ကျိုးရီ လက်သီးတစ်ချက် ထိုးချလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူ့ခွန်အား ၁ ရာခိုင်နှုန်းကို အသုံးပြုလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ကြီး အရောင်ပြောင်းသွားပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ လက်သီးအလင်းတန်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရင့်ရောင်အတားအဆီးကို ချေမွပစ်လိုက်ပြီး ထိုသူမှာမူ ပေါက်ကွဲထွက်သွားကာ ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားလေတော့သည်။

All Chapters