အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) - ရှေးဟောင်းစစ်မြေပြင်၊ ပျက်စီးယိုယွင်းနေသော နယ်မြေ
သွေးဖီးနစ်နတ်ဘုရားနန်းတော်။ တံခါးပိတ် ကျင့်ကြံနေသော လူတစ်ယောက်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ “ခွေးကောင်... ငါ့မြေးကို ဘယ်သူက သတ်ရဲတာလဲ။ သေချင်နေတာပဲ” စကားဆုံးသည်နှင့် လက်မြှောက်ကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။ လက်သီးအလင်းတန်းမှာ နဂါးတစ်ကောင်ပမာ ကောင်းကင်ယံကို ဆုတ်ဖြဲပြီး တိမ်တိုက်များကို ပိုင်းဖြတ်ကာ တာ့ချန်ရှိရာ အရပ်သို့ တိုးဝင်သွားတော့သည်။ ဤတိုက်ကွက်ကို ထုတ်ဖော်အပြီးတွင် သူကိုယ်တိုင်လည်း ထိုအရပ်ဆီသို့ တစ်ပြိုင်နက်တည်း ပျံသန်းထွက်ခွာသွားသည်။ ထိုတိုက်ကွက်မှာ ဒေသတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားပြီး သူရောက်လာသည်အထိ ပြိုင်ဘက်ကို ယာယီတားဆီးထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သွေးဖီးနစ်နတ်ဘုရားနန်းတော်အတွင်းရှိ ရေတွက်၍မရနိုင်သော အကြီးအကဲများနှင့် တပည့်များသည် ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြပြီး အံ့သြတကြီး ရေရွတ်လိုက်ကြသည်။ “ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ အကြီးအကဲဖူမင်က ရုတ်တရက်ကြီး လှုပ်ရှားရတာလဲ” “သခင်ကြီးက တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား၊ ဘယ်သူကများ သူ့ကို ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလာရလောက်တဲ့အထိ ဆွပေးလိုက်တာလဲ” “ အချိန်တိုအတွင်းမှာ အကြီးအကဲဖူမင် ထပ်ပြီး တိုးတက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အကောင်းဆုံးပဲ၊ ဒါက ငါတို့ သွေးဖီးနစ်နတ်ဘုရားနန်းတော်အတွက် တကယ်ကို ကောင်းချီးတစ်ခုပဲ” တာ့ချန်၊ ချူပြည်နယ်တွင်။ ကျိုးရီသည် အတွေးတစ်ချက်ဖြင့် လေထဲတွင် လွင့်စင်သွားသော သွေးချီစွမ်းအင်များနှင့် ကျင့်ကြံခြင်းများကို စုပ်ယူလိုက်ပြီး တစ်ချိန်တည်းမှာပင် မှတ်ဉာဏ်များကိုလည်း ရယူလိုက်သည်။ [ငါတို့ သွေးဖီးနစ်နတ်ဘုရားနန်းတော်က ကောင်းကင်နတ်ဘုရားနန်းတော်ကို အကြိမ်ကြိမ် အနိုင်ယူခဲ့ပြီးပြီ။ ငါတို့သာ သူတို့ကို ဝါးမျိုပြီး ငါတို့ရဲ့ အင်အားကို ထပ်ပြီး ကြီးထွားလာအောင် လုပ်နိုင်မယ်ဆိုရင် ငါတို့က ယန်ဟွမ်နယ်ပယ်ထဲမှာ အစွမ်းအထက်ဆုံး နတ်ဘုရားနန်းတော် ဖြစ်လာလိမ့်မယ်] [အဲဒီ ရွှေရောင်မျက်လုံး ကျောက်စိမ်းကြက်က တကယ်ကို ထူးခြားလွန်းတယ်။ ဒါပေမဲ့ သီရိတောင်ပေါ်မှာ ဘယ်လိုလုပ် ပေါ်လာတာလဲ၊ သီရိတောင်အောက်မှာ တစ်ခုခုများ ရှိနေနိုင်မလား။ ပြန်ရောက်ရင်တော့ ဒီအကြောင်းကို အကြီးအကဲတွေဆီ မဖြစ်မနေ သွားပြောပြရမယ်] [ထျန်းကျီဂိုဏ်းရဲ့ သူတော်စင်မလေးက ပြိုင်ဘက်ကင်းလောက်အောင် လှပတယ်လို့ ကြားဖူးတယ်။ ကောင်းကင်နတ်ဘုရားနန်းတော် ဖျက်ဆီးခံရပြီးတာနဲ့ အဲဒီထျန်းကျီဂိုဏ်းက သူတော်စင်မလေးကို ဆံပင်ကကိုင်ပြီး ငါ့ရှေ့မှာ ဒူးထောက်ခိုင်းရမယ်၊ ဟီးဟီးဟီး...] ကျိုးရီသည် သိုင်းသခင် အတော်များများအား ချက်ချင်းသတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသောအခါ အားခွန် ရင်ထဲတွင် အလွန်အမင်းဝမ်းသာသွားသည်။ ကျိုးရီနှင့် စကားပြောရန် ချဉ်းကပ်သွားမည့်ဆဲဆဲမှာပင် ကျိုးရီ၏ မျက်နှာအမူအရာ တင်းမာသွားပြီး အဝေးတစ်နေရာဆီသို့ လှမ်းကြည့်နေသည်ကို သတိပြုမိလိုက်သည်။ “သခင်လေး... ဘာဖြစ်လို့လဲ” “တစ်ယောက်ယောက်လာနေတယ်” မြေကမ္ဘာအင်မော်တယ်အဆင့်သည် သဘာဝနိယာမများကို အာရုံခံနိုင်စွမ်းရှိပြီး မဟာအရှင်သခင်အဆင့်ကမူ ဤစွမ်းရည်ကို အဆပေါင်းများစွာ ပိုမိုအားကောင်းလာစေသည်။ မိုင်တစ်သိန်းကျော် အကွာအဝေးမှပင် ထိုအရပ်ဆီမှ ကြီးမားသော သတ်ဖြတ်လိုစိတ်များ တိုးဝင်လာသည်ကို ကျိုးရီ အာရုံခံမိနေသည်။ ကျိုးရီ မင်ဧကရာဇ်ဓားကို တိုက်ရိုက် ထုတ်ယူလိုက်သည်။ မင်ဧကရာဇ်ဓား ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အားခွန်မှာ ချက်ချင်းပင် ထိန်းမရသိမ်းမရ တုန်ယင်လာတော့သည်။ “ဘုရားရေ... ကြောက်စရာကောင်းလိုက်တဲ့ အငွေ့အသက်ကြီး၊ ဒါက... ဒါက နတ်ဘုရားလက်နက်ပဲ။ သခင်လေးဆီမှာ နတ်ဘုရားလက်နက်တောင် ရှိနေတာလား” ကျိုးရီ၏ စွမ်းအားကို သူ စိတ်ကူးမယဉ်နိုင်တော့ချေ။ ကျိုးရီသည် အမြဲတမ်း အစွမ်းထက်နေခဲ့ပြီး ရှုထောင့်အသစ်တစ်ခုကို မြင်ရတိုင်း သူ့ရင်ထဲရှိ လေးစားမှုနှင့် ကြောက်ရွံ့မှုများက ပို၍ တိုးပွားလာခဲ့သည်။ ကျိုးရီသည် မင်ဧကရာဇ်ဓားကို ကိုင်ဆောင်ကာ ထိုအရပ်ဆီသို့ တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။ ၎င်းသည် သာမန်ဆန်လွန်းသော ဓားချက်တစ်ခုမျှသာ။ သို့သော် သူ့ခွန်အားနှင့် နတ်ဘုရားလက်နက်၏ ပံ့ပိုးမှုကြောင့် ဤဓားချက်မှာ အင်မတန် အစွမ်းထက်သွားလေသည်။ ထိုဓားချက်က ကောင်းကင်နှင့် မြေကြီးကို ဆုတ်ဖြဲသွားပြီး လိပ်တက်လာသော တိမ်တိုက်ထူကြီးများကို ခွဲထုတ်သွားသည်။ ဓားချက်ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကောင်းကင်ကြီးမှာ ဆေးကြောထားသကဲ့သို့ ပြာလဲ့သွားလေ၏။ ၎င်း၏ လမ်းကြောင်းပေါ်ရှိ မည်သည့်သက်ရှိသတ္တဝါမဆို ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အစအနလေးတစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။ ဓားအလင်းတန်းမှာ မိုင်တစ်သိန်းကျော်အထိ ဆန့်ထွက်သွားပြီး အရှိန်မှာလည်း လျှပ်စီးထက်ပင် အဆပေါင်းများစွာ သာလွန်နေသည်။
သွေးဖီးနစ်နတ်ဘုရားနန်းတော်သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားတော့သည်။ အကြီးအကဲဖူမင်၏ လက်သီးအလင်းတန်းမှာ နန်းတော်၏ နယ်နိမိတ်အတွင်းမှ ထွက်ခွာသွားရုံမျှသာ ရှိသေးသော်လည်း ရက်ရက်စက်စက် ချေမွခံလိုက်ရသည်။
ဓားအလင်းတန်း၏ အရှိန်အဟုန်မှာ အနည်းငယ်မျှ လျော့ကျသွားခြင်းမရှိဘဲ ဖူမင်ဆီသို့ တိုက်ရိုက် ကျဆင်းလာတော့သည်။ “မဟုတ်ဘူး...” ဖူမင် အလွန်အမင်း ထိတ်လန့်သွားသည်။ ထိုအချိန်မှာပင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်တစ်ခုက သွေးဖီးနစ်နတ်ဘုရားနန်းတော်အတွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။ “ရဲတင်းလှချည်လား၊ ငါ့နယ်မြေအတွင်းမှာတင် ငါ့ရဲ့ သွေးဖီးနစ်နတ်ဘုရားနန်းတော်က အကြီးအကဲကို တိုက်ရဲတယ်ပေါ့၊ ငါ့ရဲ့ သွေးဖီးနစ်နတ်ဘုရားနန်းတော်မှာ အသုံးကျတဲ့လူမရှိဘူးလို့ မင်း တကယ်ထင်နေတာလား” စကားဆုံးသည်နှင့် ထိုစွမ်းအားကြီးက ကျိုးရီ၏ ဓားအလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သို့သော် ထိုနှစ်ခု ရိုက်ခတ်သွားပြီး ခဏအကြာမှာပင် ကျိုးရီ၏ ဓားအလင်းတန်းက ထိုစွမ်းအားကြီးကို စက္ကူတစ်ရွက်ပမာ ဆုတ်ဖြဲပစ်လိုက်ပြီးနောက် ဖူမင်၏ ခန္ဓာကိုယ်ကိုပါ ဝါးမျိုသွားလေတော့သည်။ “ဝုန်း...” ဓားအလင်းတန်း၏ အရှိန်အဟုန်မှာ နည်းနည်းလေးပင် မလျော့ကျသွားပဲ နောက်ဆုံးတွင် မီးတောက်တောင်ထွတ်ကို ကျော်ဖြတ်သွားကာ မီတာတစ်သောင်းမြင့်သော တောင်ကြီးကို အမှုန့်ကြိတ်ပစ်လိုက်သည်။ “ဝုန်း... ဝုန်း...” မြေပြင်တစ်ခုလုံး တုန်လှုပ်သွားစေသော မြေငလျင်များနှင့်အတူ လူတိုင်းနီးပါး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ “ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားကြီးပဲ၊ ဒီလောက် ကြီးကျယ်မြင့်မြတ်တဲ့ တည်ရှိမှုက ဘယ်သူများလဲ” “အရမ်းကြောက်စရာကောင်းလွန်းတယ်၊ နန်းတော်သခင် ဝင်ပါတာတောင် အဲဒီဓားချက်ကို မတားဆီးနိုင်ခဲ့ဘူး” “ဘုရားရေ... ဒါက မဟာအရှင်သခင်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ချက်ဆိုတာ သေချာတယ်။ ကောင်းကင်နတ်ဘုရားနန်းတော်က ကျင့်ကြံသူများ ဖြစ်နေမလား” “ခွေးကောင်တွေ၊ သောက်ခွေး ကောင်းကင်နတ်ဘုရားနန်းတော်... မဟာအရှင်သခင်အဆင့် ကျင့်ကြံသူကို တိုက်ရိုက် စေလွှတ်လိုက်တယ်ပေါ့၊ ယုတ်မာပြီး အရှက်မရှိတဲ့ကောင်တွေ၊ သိုင်းလောကရဲ့ ကျင့်ဝတ်တွေကို လုံးဝဂရုမစိုက်ကြဘူးပဲ” တာ့ချန်၊
ချူပြည်နယ်တွင်။
ကျိုးရီသည် မင်ဧကရာဇ်ဓားကို ဓားအိမ်အတွင်း ပြန်လည်သိမ်းဆည်းလိုက်သည်။
သူ၏ အငွေ့အသက်များကို ရုတ်တရက် ရုပ်သိမ်းလိုက်ရာ သာမန် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပါ ဖုံးကွယ်လိုက်သည်။
“သေချင်နေတာပဲ” သူ့တိုက်ကွက်အား တစ်စုံတစ်ယောက်က လာရောက်ပိတ်ဆို့သည်ကို သူ အာရုံခံမိလိုက်လေသည်။ ကံမကောင်းစွာဖြင့် အဆင့်တူအတွင်း၌ သူ့ခွန်အားမှာ တစ်ဖက်လူထက် အမြဲတမ်း ပိုမိုအားကောင်းနေခဲ့သည်။
ထို့အပြင် ဤတစ်ကြိမ်တွင် နတ်ဘုရားလက်နက်ဖြစ်သော မင်ဧကရာဇ်ဓားကိုပါ အသုံးပြုခဲ့သေးသည်။ ထိုနှစ်ခု ပေါင်းစပ်လိုက်သောအခါ မဟာအရှင်သခင်တစ်ပါးပင်လျှင် အလွယ်တကူ ခုခံနိုင်မည်မဟုတ်ပေ။ အောက်ဘက်ရှိ မှင်သက်နေသော အားခွန်ကို ကြည့်ရင်း ကျိုးရီသည် လက်တစ်ချက် ဝှေ့ယမ်းကာ သူ့ကို မြို့တော်ရှိ ခြံဝင်းငယ်လေးထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။ “ကျစ်... သခင်လေးက တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်လွန်းတာပဲ” “မင်းလည်း မဆိုးပါဘူး၊ သိုင်းသခင် အတော်များများ လိုက်ဖမ်းတာကိုတောင် မိုင်တစ်သိန်းအထိ တောင့်ခံနိုင်သေးတာပဲ” အားခွန် သိုင်းသခင်အဆင့်သို့ ကျော်ဖြတ်ဝင်ရောက်သွားပြီဖြစ်ကြောင်း ကျိုးရီ သတိပြုမိလိုက်၏။ ၎င်းမှာ တကယ်ပင် အထင်ကြီးစရာ ကောင်းလှသည်။ သာမန်အခြေအနေမျိုးတွင် မဟာတာအို အင်မော်တယ်ဘူးသီးအတွင်း၌ အဆင့်ကျော်ဖြတ်ခြင်းက ပိုမိုမြန်ဆန်သည်။
သို့သော် အားခွန် အပြင်ရောက်နေခဲ့သော်လည်း သူ့အဆင့်မှာ မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းရှိ နတ်ဆိုးများထက် အနည်းငယ် ပိုမိုအားကောင်းနေခဲ့သည်။ ဤသည်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းနေပေသည်။ မည်သို့ပင်ဆိုစေ မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းရှိ နတ်ဆိုးများ၏ ပျမ်းမျှခွန်အားမှာ လက်ရှိတွင် လူသားမျိုးနွယ်၏ မွေးရာပါအဆင့် အထွတ်အထိပ်နှင့်သာ ညီမျှနေသေးသည် မဟုတ်ပါလား။ အားခွန်က ရှင်းပြလာသည်။ “ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဒီနှစ်တွေအတွင်းမှာ မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရတဲ့ ကံကောင်းမှုတွေ အများကြီး ရှိခဲ့ပါတယ်၊ အပြင်ရောက်ပြီးတာနဲ့ အရင်ဆုံး သက်တမ်းသုံးထောင်ရှိတဲ့ ဂျင်ဆင်းမြစ်တစ်ခုကို ရှာတွေ့ခဲ့ပြီး အထဲက အနှစ်သာရတွေကို စုပ်ယူနိုင်ခဲ့တယ်"
“အဲဒီနောက်မှာ အင်းဆက်တောင်ကြားတစ်ခုကို ထပ်တွေ့ပြီး အဲဒီအထဲက အင်းဆက်တွေအားလုံးကို စားလိုက်တာကြောင့် ကျွန်တော့်ရဲ့ ကျင့်ကြံမှုတွေ ဆက်တိုက်ထိုးတက်သွားခဲ့တယ်၊ နောက်ပိုင်းမှာ ဖီးနစ်ငှက်ရဲ့ ရုပ်ကြွင်းတချို့ကိုပါ ရှာတွေ့ခဲ့ပြီး အဲဒီထဲက ဖီးနစ်ငှက်ရဲ့ အစစ်အမှန်သွေးနှစ်စက်ကို ထုတ်ယူနိုင်ခဲ့တယ်...” ကျိုးရီ နားထောင်ရင်း အံ့အားသင့်သွားရသည်။ အခြားနတ်ဆိုးများ အပြင်ထွက်လျှင် သတင်းအချက်အလက်များ ရှာဖွေကြသော်လည်း သူ အပြင်ထွက်သောအခါ အတွေ့အကြုံအမှတ်များကိုသာ ကောက်ယူနေသည်ဟု အဘယ်ကြောင့် ခံစားနေရသနည်း။ ဤမျှလောက်အထိ ကောင်းမွန်သော ကံကြမ္မာမှာ ကောင်းကင်ကြီးကိုယ်တိုင်က သူ့အလိုကို ဖြည့်စည်းပေးရန် လိုက်လံ ဖမ်းဆီးနေသကဲ့သို့ပင်။ “အားခွန်... ငါ့ကို ကတိပေးပါ၊ နောင်ကျရင် မင်း လမ်းဘေးဈေးသည်တွေရှေ့က ဖြတ်သွားရင် ဆိုင်မှာ တန်ဖိုးမရှိဘူးလို့ ထင်ရတဲ့ ပစ္စည်းတွေကို သေချာပေါက်၀ယ်ရမယ်နော်၊ သိလား” အားခွန် အနည်းငယ်လန့်သွားပြီး အကြောင်းရင်းကို သေချာနားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဆိုစေ သခင်လေးပြောသမျှ မှန်ရမည်သာ။ “ဒါနဲ့ သခင်လေး၊ သခင်လေးက ကျွန်တော့်ကို အပြင်ကအခြေအနေတွေကို စုံစမ်းဖို့ လွှတ်လိုက်တာ၊ ကျွန်တော် အကုန်သိလာခဲ့ပြီ၊ လက်ရှိ သွေးဖီးနစ်နတ်ဘုရားနန်းတော်နဲ့ ကောင်းကင်နတ်ဘုရားနန်းတော်တို့ စစ်ပွဲဖြစ်နေကြတယ်"
“နတ်ဘုရားနန်းတော်နှစ်ခု အပြင်းအထန် တိုက်ခိုက်နေကြတာဆိုတော့ တာ့ချန်ကိုပါ ထိခိုက်လာမှာကို စိုးရိမ်မိတယ်” “အဲဒါကို ငါသိပြီးသားပါ။ သီရိတောင်အကြောင်း ပြောပြစမ်း။ မဟာကမ္ဘာက သီရိတောင်မှာ ပစ္စည်းကောင်း တစ်ခုခုများ တွေ့ခဲ့ရသေးလား” ယခုလေးတင် သူ စုပ်ယူခဲ့သော မှတ်ဉာဏ်များမှတစ်ဆင့် ဤအချက်ကို ကျိုးရီ ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။ “ကျစ်...” အားခွန်မှာ ကြက်သီးမွေးညင်းများ ထပ်မံ ထောင်တက်လာတော့သည်။ ‘ဒီကိစ္စကိုတောင် သခင်လေးက သိနေတာလား၊ ကြောက်စရာကောင်းလွန်းတယ်’အခြားကိစ္စများကိုမူ သခင်လေး အနေဖြင့် အခြားသူများထံမှ သိနိုင်ကြောင်း သူ နားလည်ထားသည်။ သို့သော် သီရိတောင်နှင့် ပတ်သက်သည့် ကိစ္စကိုမူ သူတစ်ဦးတည်းသာ သိထားခြင်းဖြစ်သည်။ ကြည့်ရသည်မှာ အနာဂတ်တွင် သူသည် သခင်လေးထ၌မှ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်တော့ပေ။ ထိုသို့မှမဟုတ်ပါက သင်္ဂြိုဟ်ရန်နေရာပင် ရှိမည်မဟုတ်ချေ။ “သီရိတောင်အကြောင်း သခင်လေးသိနေမယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး၊ သီရိတောင်အောက်မှာ ပျက်စီးယိုယွင်းနေတဲ့ ရှေးဟောင်းစစ်မြေပြင်တစ်ခုကို ကျွန်တော်ရှာတွေ့ခဲ့တယ်”